" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, March 27, 2011

ပရဟိတနှင့် မိသားစုထမင်းဝိုင်းလေး

မိသားစု ထမင်းဝိုင်း၌ ထမင်းခူးခတ် ဝေငှပေး ထမင်းဟင်း ထည့်ပေးသူသည် ထမင်းအိုးထဲတွင် ထမင်းဟင်း မကျန်တော့စေကာမူ ထိုပုဂ္ဂိုလ်အတွက် ဘယ်သောအခါမှ ထမင်းမငတ်နိုင်၊ သူသည် ထမင်းဝဝလည်း စားရပါသည်။ အဘယ့်ကြောင့်ဆိုသော် ထမင်းဝိုင်း၌ အတူစားသူများက “ ဒို့မှာ အများကြီးဘဲ၊ များလွန်းပါတယ်၊ နည်းနည်းလောက် ပြန်ယူပါဦး” ဟုဆိုပြီး မိမိထမင်း ပန်းကန်ထဲမှာ ပြန်လည်မျှဝေထည့်ပေးတတ်ကြပါသည်။ အခြားအခြားသူများကလည်း ဤနည်းအတိုင်း ထည့်ပေးလိုက်ကြတော့ မိမိထမင်းပန်းကန်ထဲ၌ အလိုက်သင့် ထမင်းဟင်းများ ထည့်ပြီးသားဖြစ်ပါတော့၏။
ယခင်ကထမင်းဟင်း သူအတွက် မကျန်တော့သော်လည်း ထိုကဲ့သို့သော အခြေအနေများကြောင့် ထမင်းခူးခတ်ပေးသူသည် ထမင်းမငတ်ပါ။ ထမင်းဝဝစားရလေတော့သည်။ ထိုနည်းအတူ ခေတ်၏တောင်းဆိုချက်အရ ရဟန်းရှင်လူတို့သည် ပရဟိတလုပ်ငန်းများကို ကိုယ့်ကျိုးမငဲ့ အများအကျိုးအတွက် ဆောင်ရွက်ကြရာ၌လည်း ဘယ်သောအခါမှ ထမင်းမငတ်နိုင်ပါ။ တနည်းဆိုရသော် ပရဟိတလုပ်ရင်း မိမိအတွက်လည်း ထွန်နောက်ရေပါ ကျွဲကူးရေပါဆိုသကဲ့သို့ အလိုလို ကောင်းကျိုးများဖြစ်ထွန်းမှာ ဧကန်ပင်ဖြစ်ပါသည်။
လူသားတို့သည် ကိုယ့်ကိစ္စလေးပြီးရင် ပြီးတော့တာဘဲဟု သဘောမထားသင့်ကြပါ။ မိမိလူမျိုး မိမိသာသနာ မိမိတိုင်းတိုင်းပြည်ကြီး စည်ပင်သာယာ ထွန်းကားဖို့အတွက် လူတိုင်းမှာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။ မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်အများစု ဖြစ်သည့်အတွက် ဗုဒ္ဓကျင့်စဉ်များကို လိုက်နာသင့်ပေသည်။ ရတနသုတ်ပါဠိတော်၌ ဗုဒ္ဓကျင့်စဉ် စရိယ သုံးပါးလာရှိသည်။ လောကတ္ထစရိယ- လောကအကျိုးကို ဆောင်ရွက်ခြင်း၊ ဥာတတ္ထစရိယ- ဆွေမျိုးတို့အတွက် ဆောင်ရွက်ခြင်းနှင့် ဗုဒ္ဓတ္ထစရိယ- ဘုရားဖြစ်ဖို့ ဆောင်ရွက်ခြင်းဟု သုံးမျိုးရှိပါသည်။ ဥာတတ္ထစရိယ ဆိုရာ၌လည်း မိမိသွေးသားတော်စပ်သူသာမက မြန်မာပြည်သားအားလုံးသည် ဆွေမျိုးချည်းပင်ဖြစ်ပေသည်။ ဟိတောပဒေသ စကားအရဆိုရလျှင်မူ ကမ္ဘာသူကမ္ဘာသား အားလုံးတို့သည် ဆွေမျိုးဟုပင် ဆိုထားကြောင်း တွေ့ရပေသည်။
ဟိတောပဒေသ၌ ဆွေမျိုးသတ်မှတ်ပုံကို အောက်ပါအတိုင်းဆိုထားပါသည်။
“ အယံ နိဇော ပရောဝါတိ ၊ ဂဏနာ လဟုစေတီနံ၊
ဥဒါရစရိတာနံ တု ၊ ဝသုဓေဝ ကုတုမ္ဗကံ” ။
အယံ- ဤသူကား ၊ နိဇော- ကိုယ့်နှင့်ရင်းသူ အတွင်းလူတည်း၊
အယံ-ဤသူကတော့- ပရောဝါ- ကိုယ်မှအပဖြစ်သူ သူစိမ်းလူတည်း။
ဣတိ- ဤသို့၊ ဂဏနာ- သူ့လူကိုယ့်လူ ဟု ခွဲခြားရေတွက်ခြင်းသည်။
လဟုစေတီနံ- စိတ်ထားပေါ့ပျက် မလေးနက်မူ သေးသိမ်သူတို့အား၊ ဟောတိ-ဖြစ်တတ်၏။
ဥဒါရစရိတာနံ တု- စိတ်နေစိတ်ထား မြင့်မားကြသူတို့မူကား၊ ဝသုဓေဝ- ကမ္ဘာဗွေခွင် တမြေပြင်လုံးသည်၊ ကုတုမ္ဗကံ- မိသားစုကြီးအနေ ဖြစ်ရပါပေသတည်း။
ဆိုလိုသည်မှာ စိတ်နေစိတ်ထား သေးသိမ်သူတို့သည် အစိမ်းအကျက်ခွဲခြားတတ်၏။ စိတ်နေသဘောထား မြင့်မားသူတို့သည် တကမ္ဘာလုံး မိမိဆွေမျိုးတွေချည်းဘဲဟု သတ်မှတ်ကြသည်။ ဟိတောပဒေသအတိုင်း ပါရမီနုသေးလို့ တကမ္ဘာလုံးကို ကိုယ့်ဆွေမျိုးတွေဟု မသတ်မှတ်နိုင်သေးရင်တောင် ကိုယ့်ပြည်သူ ကိုယ့်ပြည်သားများကိုတော့ ကိုယ့်ဆွေမျိုးတွေဟု သတ်မှတ်နိုင်ရမည်။ ကိုယ့်ဆွေမျိုးတွေဖြစ်ကြသော ဆင်းရဲနွမ်းပါး တိုင်းသူပြည်သားများအား တတ်နိုင်ရင် ကိုယ်အား ဥာဏ်အား ငွေအားတို့ဖြင့် ကူညီဆောင်ရွက်ပေးရမည်။ ထိုသို့ဆောင်ရွက်မှုမျိုးကို ဥာတတ္ထစရိယဟု ခေါ်ပါသည်။
အစကနဦး ပြောခဲ့သောစကားကို ပြန်ကောက်ရလျှင် အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဟု ကောက်ချက်ချနိုင်သည်။ အပြန်အားဖြင့် သူတစ်ပါးအကျိုး မဆောင်ရွက်လျှင် ကိုယ့်အကျိုးလည်း မရှိနိုင်ပါ။ ကဗျာအလင်္ကာတွေအတွက် အလွန်အရေးကြီးသည့် ရေးနည်းစနစ် ကဗျာအလင်္ကာတို့၏ အကျိုးအပြစ် ဂုဏ်တို့ကို ဖော်ကျူးရာဖြစ်သော သုဗောဓာလင်္ကာရကျမ်းလာ ဂါထာလေးတစ်ပုဒ်ဖြင့် သာဓကထုတ်ပြချင်ပါသည်။
သုဗောဓာလင်္ကာရသော ကျမ်းများကိုရေးသားတော်မူခဲ့သော အရှင်သံဃရက္ခိတ ဆရာတော်ကြီးက
“ သစ္စံ ပုနပိ သစ္စန္တိ ၊ ဘုဇ မုက္ခိပ ဝုစ္စတေ၊
သကတ္ထော နတ္ထိ နတ္ထေဝ ၊ ပရဿတ္ထ မကုဗ္ဗတော” ။
ပရဿတ္ထံ- သူတစ်ပါးအကျိုးကို ၊ အကုဗ္ဗတော- မပြုလုပ်မဆောင်ရွက်သူအဖို့၊ သကတ္ထော- စစ်မှန်တဲ့ကိုယ့်ကျိုးစီးပွားသည်၊ နတ္ထိ-နတ္ထေဝ- မရှိရိုးဧကန်ပင်တည်း၊ သစ္စံ-သူတစ်ပါး အကျိုး မဆောင်ရွက်သောပုဂ္ဂိုလ်မှာ ကိုယ့်ကျိုးမရှိဟူသော စကားသည် မှန်လှပေ၏။ ပုနပိ- မြဲရာသံပတ် ကြပ်ရာသတ်ပင်းဆိုသလို ခိုင်သထက်ခိုင် မြဲသထက်မြဲအောင် တဖန်ထပ်ကျော့ ဆိုလိုက်ပေဦးအံ့။
သစ္စံ- သူတစ်ပါးအကျိုး မဆောင်လျှင့် ကိုယ့်အကျိုးမအောင် ဟူသောစကားသည် မှန်လှပေ၏။ ဣတိ-ဤသို့ ၊ ဘုဇံ- လက်ရုံးလက်မောင်းကို၊ ဥက္ခပ္ပ- အားရပါးရ ဆန့်တန်းမြှောက်ချီလျှက်၊ ဝုစ္စတေ- ရဲရဲသာ ဆိုလိုက်ရာသတည်း။
ယနေ့ခေတ်၌ ခေတ်ကာလ၏ တောင်းဆိုချက်အရ ရဟန်းရော အနုပညာရှင် စာပေပညာရှင်များပါ မကျန် လူတန်းစား အလွှာအသီးသီးက အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေကြသည်ကို ကြားလည်းကြားရ မြင်လည်းမြင်ရသဖြင့် မိမိအနေဖြင့် အတိုင်းမသိ ဝမ်းသာမိလှပါကြောင်း မှတ်တမ်းတင်ရင်း နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါသည်။
“ သူကျိုး ကိုယ့်ကျိုး ထိုနှစ်မျိုး ဖွင့်ဖြိုးနိုင်ပါစေ”


မေတ္တာဖြင့်
မေ့သားလှ-(ဇလဂ္ဂ)
၂၈-၀၃-၂၀၁၁

Friday, March 25, 2011

ရင်မှာကျေနပ် အနေမြတ်ဖို့

လူ့ရွာနေရ တဒင်္ဂတွက်

ရင်မှာကျေနပ် အနေမြတ်ဖို့

စိတ်ဓာတ်ပီတိ လွှမ်းခြုံမိလျက်

ဖြူ၏စိတ်ထား နိမ့်ပါးသူကို

မြှင့်တင်လိုသည့်

နှစ်လိုဖွယ်ရာ စေတနာနှင့်

သန့်စင်ကြင်နာ ကရုဏာဖြင့်

ဤကမ္ဘာကြီး ပိုပြီးအေးမြ ငြိမ်းချမ်းကြစေ။

ငြိမ်းချမ်းယဉ်ကျေး မွှေးလည်းမွှေးစေ။

သာယာထွန်းတောက် ပြန့်ဖြူးဖြောင့်စေ။

ပူဆာမီးတောက် ငြိမ်းအေးပျောက်စေ။

ရာသီမိုးလေ မျှလည်းမျှစေ။

ရုပ်ဝါရှု့အီ မအိုမှီမှာ

ပျိုမြစ်နုသည် မနာမှီမှာ

ချိန်ခါရက်ရှည် မသေမှီမှာ

တည်တည်ကြည်ကြည် မြင့်မြင့်မြတ်မြတ်

စိတ်ထားတတ်လျှက်

ပန်းမြတ်ထွေထွေ ကမ္ဘာမြေဝယ်

ပွင့်လည်းပွင့်စေ ကြိုင်လှိုင်ပါစေ။

ထိုက်သင့်ချိန်ခါ ဖူးပွင့်ပါစေ။

စုံဂနိုင်ခြေ တင့်တယ်ပါစေ။

တင့်တယ်သာမော ဘဝတောမှာ

သူရောငါပါ ခုရောနောင်ပါ

ငြိမ်းချမ်းသာအောင်

မေတ္တာမိုးတွေ ရွာသွန်းပါစေ။

သန့်စင်မွန်မြတ် သည်းခံတတ်ပါစေ။

ရင်မှာကျေနပ် ဖြေတတ်စရာ

တွေ့နိုင်ပါစေ တောင်းဆုခြွေ၏။။

သြော်….

လောကဌာနီ လူတို့ပြည်ဝယ်

စိတ်သည်ပဓာန သဘာဝကြောင့်

ပိယစက္ခု မြတ်နိုးမှုဖြင့်

ကြည့်ရှု့တိုင်းသာ အရာရာသည်

ဘယ်ခါမတိမ်း ဘယ်ခါမယိမ်း

အခါခပ်သိမ်း လှလိမ့်တကား။ ။

မေတ္တာဖြင့် (မေ့သားလှ-ဇလဂ္ဂ)
၂၅-၀၃-၂၀၁၁

မြတ်သာသနာ

မြတ်သာသနာ ကျွန်းလကျာင်္ဝယ်

ရှည်ကြာမြင့်မား ကျင့်တရားနှင့်

ထင်ရှားပေါ်ထွန်းရချေပြီ။

ကြည်အေးနိမိတ် အောင်အတိတ်ငဲ့

သောင်းထိပ်ဇမ္ဘူ ကောင်းမှုတူလိမ့်။

များလူခပင်း သြဘာနှင်းစေ

ပျံ့သင်းလှိုင်လှိုင် ပီတိမြိုင်မို့

မတ်ခိုင်ချမ်းးအေး မွှေးလှပြီ။

ဗုဒ္ဓမြွက်ဆို ဟောမိန့်ကြိုခဲ့

ပင်ကိုယ်နှစ်လုံး တော်ပြောင်းသုံးတည့်

မြတ်ဆုံးနိဗ္ဗာန် စိတ်ရည်သန်လျက်

နာခံကြိုးကုတ် အင်အားထုတ်ခဲ့

ဂုဏ်ပုဒ်ထင်ရှား ကျင့်မြတ်ထားသည်

ပန်းများလန်းပွင့် ဝင့်ချေပြီ။

သြော်

မြတ်သည့်လမ်းမွှေး အမြိုက်ဆေးကို

တိုက်ကျွေးအစဉ် သမ္ပဇဉ်ဖြင့်

ချစ်ခင်မြတ်နိုး သဒ္ဓါတိုးစွာ

ဖြန့်မိုးပြည့်စုံ လောကီဘုံဝယ်

သင်းထုံမွှေးပျံ့ သည်ရနံ့သည်

ခန့်ခန့်တည်ကြည် ကမ္ဗည်းညီမင့်

ပန်းချီမှုန်းသ ပီတိလှသည်

လောကအရာ ပြည့်စေသော်

(မြေလတ် ကျော်လင်းဦး)


စစ်ကိုင်းတောင်ရိုး ကျစာဆရာတော်ကြီး ၇၅ နှစ်ပြည့်

စိန်ရတုအထိမ်းမှတ် မဂ္ဂဇင်း ၂၀၁၀ မှ

Thursday, March 24, 2011

မြတ်မနော

ဘုံဓမ္မတာ သံသရာထပ်

ရှည်ကြာနိမ့်မြင့် အဆင့်ဆင့်ထိ

မျှော်လင့်ရည်တမ်း ကဗျာပန်းကို

လန်းဆန်းကြည်လင် ရှိသည့်တာ။

စိတ်စေတသိက် ကမ္ပည်းနှိပ်လျက်

နိမိတ်ပုံပြု လောကရှု့မြင်

ကောင်းမှုဖြာဖြာ ရတနာမိုး

ရင်မှာအေးမြ ရှိသည့်တာ။

မွန်မြန်သန့်စင် အသိဝင်လိမ့်

ငါပင်အတ္တ ခဝါချငဲ့

သီလမြဲမြံ ကျင့်စဉ်မှန်သာ

သုံးတန်စေတနာ ဖွံ့ဖြိုးသာတည်

လူ့ပြည်အလှ တင့်သည့်တာ။

သြော်.

လောကီနယ်ပယ် ခိုမှီတွယ်ယှက်

ကျင့်ဖွယ်မြင့်မြတ် ဆုံးဖြတ်တတ်စွာ

စိတ်ဓာတ်မတ်ခိုင် ဆန္ဒပိုင်လိမ့်

အားပြိုင်လွန်ဆွဲ ပြုံးပျော်ဆဲလေ

အံ့ဘဲဘနန်း ဘဝလမ်းဝယ်

လျှောက်လှမ်းပီတိ ရှိလိမ့်တကား။

(မောင်ယဉ်ပန်)

စစ်ကိုင်းတောင်ရိုး ကျစာဆရာတော်ကြီး ၇၅ နှစ်ပြည့်

စိန်ရတုအထိမ်းမှတ် မဂ္ဂဇင်း ၂၀၁၀ မှ


သင်သေသွားသော်

သြော်…

လူ့ပြည်လောက လူ့ဘဝကား

အိုရ နာရ သေရ ဦးမည်

မှန်ပေသည်တည့်။

သို့ပြီတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား စာစကားလည်း

ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့် သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

(ဆရာဇော်ဂျီ)

Wednesday, March 23, 2011

ပန်းပန်လျှက်ပါ

ညိုပြာပြာ ၊ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာ ... ဆင်း

ဆင်းရလဲမသက်သာ....

အုန်းလက်ကြွေ ရေဗောလော ၊ မျောစုန်လို့လာ

အဆင်း နဲ့ အလာ ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့ နံဘေး ၊ စောင့်ခဲ့ရသေး

စောင့်ရင်လဲ မသက်သာ ၊ နောက်တစ်ချီ ဒီတစ်လုံးက

ဖုံးလိုက်ပြန်ရာ ၊ မြုပ်လေပေါ့ ပေါ်မလာ

မဗေဒါအလှ တစ်လံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လည်း မသက်သာ.......


ချောင်းအစွယ် မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ

အယက်အကန်ခံလို့ ၊ ဗေဒါပျံ အံကိုခဲ


ပန်း.........ပန်လျှက် ....ပဲ.... ။ ။ ။

( ဆရာဇေါ်ဂျီ )


သူ့မှာတမ်း

သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့်
ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို
ရွာသားရွာသူ၊မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း"..။
"ငယ်ကကြင်မြတ်၊မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်းပြောပါလေ"။

"အမောင်ပြောက်ကျား၊မိဘအားကို
ဘာများမှာခဲ့လိုသနည်း"။
"မွေးသည့်မိခင်၊မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ"။

"အမောင်ပြောက်ကျား၊တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း"။
"ခရီးမတ်တတ်၊လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ"။

ယမ်းငွေ့အူအူ၊တလူလူနှင့်
မေးမြူကြတုန်း၊အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား..။ ။


မင်းသုဝဏ်