" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, September 27, 2011

ဝါတွင်းဝါပ မြတ်ဗုဒ္ဓ၏ ဓမ္မခရီး

မြတ်ဗုဒ္ဓသည် သမ္မာသမ္ဗောဓိဥာဏ်တော်ကို ဖြည်းဆည်းတော်မူခဲ့သော ပါရမီတော်အဟုန်တွေကြောင့် ဗုဒ္ဓဂယာမြေမြတ်မဟာရှိ ဗောဓိပင်နှင့်ရွှေပလ္လင်၌ ရရှိတော်မူခဲ့သည်။ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူလာခြင်းသည် ကမ္ဘာသူကမ္ဘာသားတို့၏ ကောင်းကျိုးချမ်းသာအတွက်သာ ပွင့်ပေါ်တော်မူခဲ့၏။ သို့သော်မြတ်ဗုဒ္ဓသည် သမ္မာသမ္ဗောဓိဥာဏ်တော်ရရှိရာ ဗောဓိပင်နှင့်ရွှေပလ္လင်တော်ကို ကပ်ငြိတွယ်တာနေတော်မမူဘဲ ၄၉ ရက်ခန့်လောက်သာ ယင်းပတ်ဝန်းကျင်၌ သီတင်းသုံးတော်မူလျက် သတ္တဝါအများ ချမ်းသာစီးပွား အကျိုးများမည့်နေရာများသို့သာလျှင် ဓမ္မခရီးဆက်ခဲ့ရပေသည်။

မြတ်ဗုဒ္ဓ၏ ပထမဦးဆုံး ဓမ္မခရီးကား ပဉ္စဝဂ္ဂီရဟန်း၅ ပါးတို့အား ဓမ္မစကြာတရားဦးဟောရန် ရှေးဟောင်းဗာရာဏသီမြို့အနီး ယခုခေတ် ဆာရနတ်ခေါ်သော ဣသိပတန မိဂဒါဝုန် တောရိပ်မြုံအရပ်ပင်ဖြစ်သည်။ ပဉ္စဝဂ္ဂီရဟန်း၅ပါးတို့သည် ဓမ္မစကြာနှင့် အနတ္တလက္ခဏဒေသနာတော်များ ကြားနာခွင့်ရကြ၍ ဝိမုတ္တိအရသာကို သောက်သုံးနိုင်ခဲ့ကြပေသည်။ ထိုရဟန်းတို့သည် မြတ်မြတ်ဗုဒ္ဓ၏ ဓမ္မခရီးကြောင့် ပထမဆုံး အနှစ်နှစ် အလလက သူတို့ရှာဖွေနေကြသည့် ဓမ္မကို ခံစားသိနားလည်သူများ ဖြစ်ကြပေသည်။

ထို့နောက်ဗာရာဏသီမြို့သား ယသသူဌေးသားလည်း လောကီကာမဂုဏ်စည်းစိမ်အမျိုးမျိုး ခံစားနေရသော်လည်း စိတ်ချမ်းသာမှုရှာမတွေ့နိုင်ဖြစ်နေသဖြင့် ရှင်တော်ဗုဒ္ဓထံရောက်လာပြန်သည်။ ယသသည်လည်း မြတ်ဗုဒ္ဓ၏ တရားရေအေး အမြိုက်ဆေးကို သောက်သုံးရလေသောကြောင့် ဘဝလွပ်မြောက်မှုချမ်းသာကို ရရှိခဲ့ပြန်၏။

ထို့အပြင် ယသ၏အခြားသူငယ်ချင်းလေးယောက်အုပ်စုသည်လည်း ယသအကြောင်းကြားသိရ၍ မြတ်ဗုဒ္ဓထံ ရောက်လာပြန်ကြ၏။ ထိုသူငယ်ချင်းလေးယောက်တို့သည် သူတို့၏ဘဝရည်မှန်းချက်ပန်းတိုင် ဘဝလွတ်မြောက်မှု ရရှိခဲ့ပြန်၏။ ယသနှင့်ယင်းသူငယ်ချင်းလေးယောက်တို့၏ ဘဝငြိမ်းချမ်းမှုရရှိကြသည်ဆိုသည့် ဂုဏ်သီတင်းသည် အခြားသူငယ်ချင်းအယောက်၅၀ အကြားမှာရိုက်ခတ်လျက်ရှိ၏။ ထိုကြောင့်သူငယ်ချင်း ၅၀ တို့သည်လည်း မြတ်ဗုဒ္ဓထံ စိတ်နှလုံးချမ်းသာမှုအတွက် ရောက်ရှိလာကြခြင်းဖြစ်သည်။ ထိုသူငယ်ချင်း ၅၀ တို့သည်လည်း ဝိမုတ္တိရသခံစားကြရကုန်၏။ စင်စစ်ကား ယသ အပါအဝင် ယင်းသူငယ်ချင်း၅၅ ယောက်တို့သည် အတိတ်ဘဝတွေတုန်းက အုပ်စုဖွဲ့ကာ ယခုခောတ်ခေါ် ဗြဟ္မစိုရ် နာရေးအသင်းတည်ထောင်လျှက် အားကိုးရာမဲ့သေသူတွေ ကိုယ်ဝန်ဆောင်နှင့် သေဆုံးသွာသည့်အမျိုးသမီးအလောင်းတွေကို မီးသဂြိုဟ်ပေးကာ အသုဘသညာများ သူတို့သန္တာန်၌ရရှိခဲ့ကြသောကြောင့် ကချေသည်တွေ ရှု့၍မညီးချစ်ဇနီးတွေအလယ်မှာ ကာမဂုဏ်စည်းစိမ်အပြည့်ခံစားရလင့်ကစား စိတ်မပျော်ရွှင်နိုင်ကြဘဲ စိတ်ချမ်းသာရာ ရှာဖွေကြခြင်းဖြစ်သည်။ ယင်းအတိတ်ဘဝက နာရေးကူညီခဲ့မှု ကုသိုလ်အထောက်အပံ့ အသုဘသညာများကြောင့်ပင် တရားထူမြန်မြန်ရကြလေသည်။ သူငယ်ချင်းအားလုံး မြတ်ဗုဒ္ဓထံတော်မှာ ရဟန်းပြုခဲ့ကြလေသည်။

မြတ်ဗုဒ္ဓသည် ပထမဝါတော်ကို ဣသိပတနမိဂဒါဝုန်တော နန္ဒိယသူဌေးဆောက်လုပ်လှူဒါန်းသော ကျောင်းတော်မှာ ဝါဆိုဝါကပ်တော်မူရင်း အရည်ချင်းပြည့်ဝသည့် အားလုံးရဟန္တချည်းဖြစ်သည့် ရဟန်းတော်၆၀ကို သံဃအဖွဲ့အစည်းကြီးအတွက် အောင်မြင်စွာဓမ္မခရီးဆက်နိုင်ခဲ့သည်။ ခေတ်စကားနှင့်ဆိုလျှင် အောင်မြင်စွာ ဓမ္မနည်းလမ်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ သုညာဂါရေ အဘိရမန္တိ တထာဂတာ ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓသည် တောမှာပင် ဖွားမြင်တော်မူ၊ တောမှာပင် ဘုရားဖြစ်၊ တောမှာပင် တရားဟော၊ တောမှာပင် ပရိနိဗ္ဗာန်စံတော်မူ၍ တောမှာပင်ပျော်မွေ့တော်မူလင့်ကစား မြတ်ဗုဒ္ဓကိုယ်တော်တိုင် လူအများအကျိုးကျေးဇူးများသည့် နေရာများ၌သာ သီတင်းသုံးတော်မူခဲ့သည်။

နှစ်စဉ်ဝါတွင်းသုံးလပတ်လုံး တစ်နေရာတည်းတွင် သီတင်းသုံးဝါဆိုဝါကပ်တော်မူသော်လည်း များသောအားဖြင့် ရာဇဂြိုဟ် သာဝတ္ထိ ကဲ့သို့သောမြို့ကြီးများအနီး၌ သာသနာတော်ကို အားပေးချီးမြှောက်ကြသော ရှင်ဘုရားများ မိဖုရားများ သူဌေးသူကြွယ် မြို့သူမြို့သားများ ဆောက်လုပ်လှူဒါန်းသော ကျောင်းအရာမ်များ၌သာ သီတင်းသုံးတော်မူလေ့ရှိသည်။ မြို့နေလူစု အများစုအတွက် ကောင်းကျိုးချမ်းသာကိုပြုသော အစအလယ်အဆုံး ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံသော မြတ်ဓမ္မကို ဟောကြားတော်မူသည်။ ဝါတွင်းကာလ ကုန်ဆုံးသည့်နောက် မြို့ရွာနိဂုံးအနှံ့ ဓမ္မဒေသနာခရီးလှည့်လည်လျှက် လူ့လောကအကျိုးကို အနားတမ်းဆောင်ရွက်တော်မူခဲ့သည်။

မြတ်ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်ကို လျှောက်လှမ်းနေကြသည့် ရဟန်းတော်တို့သည်လည်း လူသူဆိတ်သုဉ်းသည့် တောရိပ်မြိုင်တစ်ခုခုတွင်အမြဲနေပြီး မိမိတို့ဘဝတစ်လျှောက်လုံး ဘယ်မှာကုန်ဆုံးကျော်လွန်နိုင်ကြမည်နည်း။ ထိုရဟန်းတော်တို့သည် လူ့လောကကြီးထဲမှာ ထဲထဲဝင်ဝင်နေပြီး လူ့လောက၏ကောင်းကျိုးများကို ဓမ္မနည်းလမ်းဖြင့် သည်ပိုးရွက်ဆောင်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပေသည်။ယင်းရည်မှန်းချက်ကို အစကနဦး ရဟန်း၆၀ တို့သည် ထားရှိခဲ့ကြပါသည်။ ယင်းရည်မှန်းချက်သည် အနာဂတ်သာသနာပြုပုဂ္ဂိုလ်များအတွက် မီးရှူးတန်ဆောင်အလင်းရောင်ပင်ဖြစ်လေသည်။

ဝါတွင်းကာလ ကုန်ဆုံးချိန်တွင် မြတ်ဗုဒ္ဓက ရဟန်း၆၀တို့အား သာသနာပြု ဓမ္မခရီးဆက်ရန်မိန့်တော်မူသည်။ စရထ ဘိက္ခဝေ စာရိကံ- ရဟန်းတို့ ဓမ္မခရီးထွက်ချိန်တိုင်ပြီ။ မာ ဧကေန ဒွေ အဂမိတ္ထ- တစ်နေရာစီသွားကြ၊ တစ်နေရာတည်းကို ရဟန်း၂ပါး ၃ပါး ပေါင်းပြီးအတူမသွားကြနဲ့။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဒေသေထ ဓမ္မံ- လူအပေါင်းစည်းပွားချမ်းသာဖို့ နေရာပေါင်းများစွာ ဓမ္မရောင်ခြည်ထွန်းလင်းစေရန် လှည့်လည်တရားဟောကြ။ ယင်းလမ်းညွှန်ချက်သည် ယနေ့တိုင်အောင်ပင် သာသနာပြုပုဂ္ဂိုလ်များအတွက် အားပေးလှုံ့ဆော်မှုပင်ဖြစ်ခဲ့သည်။ ဤစကားတော်သည် သီတင်းကျွတ်နေ့မြတ်မှာ မြတ်ဗုဒ္ဓ၏ မင်္ဂလာအပေါင်းနှင့်ခညောင်းပြီး အးပေးလှုံ့ဆော်မှုအပြည့်အဝရှိသည့် မြင့်မြတ်သောသတိပေးစကား လမ်းညွှန်ချက်ပင်ဖြစ်တော့သည်။

အမှန်စင်စစ်အားဖြင့် မြတ်ဗုဒ္ဓ၏လမ်းညွှန်ချက် တရားနည်းလမ်းကို အခြေခံလျက် မိမိတို့ကိုယ်တိုင် ဒုက္ခမှလွတ်ငြိမ်းချမ်းသာမှု ဘဝလွတ်မြောက်မှုကို ရရှိထားသောပုဂ္ဂိုလ်တို့သည် လူသားတို့၏အကျိုးကို ဆောင်ရွက်လိုသည့် ပရဟိတစိတ်ဓာတ် ကရုဏာတော်မြတ်ကို ဘယ်မှာ ဥပေက္ခာပြုနိုင်ကြပါမည်နည်း။ မိမိတို့ကိုယ်တိုင် လွတ်ငြိမ်းချမ်းသာအောင်လုပ်ပြီး လူသူကင်းရာ ဆိပ်ငြိမ်ရာအရပ်၌ ယင်းလွတ်ငြိမ်းချမ်းသာကို တစ်ကိုယ်တည်းခံစားရင်း ကြွင်းကျန်သည့်ဘဝတစ်လျှောက်လုံး နေသွားဖို့ရန်မှာ မဖြစ်နိုင်ပေ။ မြတ်ဗုဒ္ဓကိုယ်တိုင်ပင် ယင်းကဲ့သို့ ပြုလုပ်တော်မမူခဲ့ပေ။ သမ္မာသမ္ဗောဓိဥာဏ်ကို ရရှိပြီး ရက်သတ္တပတ် ၇ ပတ်လောက်သာ ဝိမုတ္တိသုခကိုခံစားတော်မူရင်း တစ်ပါးတည်းသီတင်းသုံးတော်မူခဲ့၏။ ထိုမှနောက်ပိုင်းကာလ၌ကား လောကလူသားတို့၏ ကောင်းကျိုးအတွက် ဓမ္မခရီးလှည့်လည်တော်မူခဲ့၏။ ဓမ္မခရီးလှည့်လည်ရင်း နောက်ဆုံးဘဝခရီးအချိန်ကလေးမှာပင် ရပ်နားသည်မရှိ ဒုက္ခမျိုးစုံဖိစီးနှိပ်စက်ခံနေကြရသည့် သတ္တဝါတို့၏ ဒုက္ခအဝဝကို ဖယ်ရှားပစ်နိုင်ရန် ဓမ္မရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့၏

တဆက်တည်းအတွေးတစ်ခု စဉ်းစားမိသည်မှာ ယနေ့ခေတ် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားလျှက်ရှိကြကုန်သော မြန်မာနွယ်ဖွားရဟန်းတော်များသည်လည်း မိမိတို့ပညာသင်ကြားခဲ့ရာ တက္ကသိုလ်လောက်တွင်သာ ဘဝတစ်လျှောက်အချိန်မကုန်လွန်ဘဲ လူသားတို့၏ကောင်းကျိုးကိုဆောင်ရွက်လိုသည့် ပရဟိတစိတ်ဓာတ်များဖြင့် လူ့လောကထဲတွင် ထဲထဲဝင်ဝင်ရှိပြီး တစ်ထောင့်တစ်နေရာက ဗဟုဇနဟိတ ဗဟုဇနသုခ လောကလူသားတို့၏ ကောင်းကျိုးချမ်းသာအတွက် ပါဝင်ကူညီဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည်။ မြတ်ဗုဒ္ဓချမှတ်ခဲ့သည့် နည်းလမ်းအတိုင်း တရားရေအေးအမြိုက်ဆေးများကို တိုက်ကြွေးကြမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် ဂိုဏ်းအသီးသီးမှ၊ ဘာသာတရားအသီးသီးမှ၊ အယူအဆအသီးသီးမှ၊ အမျိုးဇာတ်အသီးသီးမှ၊ အလုပ်အကိုင် ရာထူးဌာနန္တရအသီးသီးမှ၊ မြို့ရွာအရပ်ဒေသအသီးသီးမှ ကွဲပြားခြားနားသော အလွှာပေါင်းစုံမှ ရောက်ရှိလာသော လူသားများကို ခွဲခြားမှုမရှိဘဲ တရားရေအေးတိုက်ကြွေးတော်မူခဲ့သည်သာ။ ဥပမာ မာဂဓတိုင်းဘုရင် ဗိမ္ဗိသာရ၊ ကောသလတိုင်းဘုရင် ပသေနဒီကောသလ တို့ကဲ့သို့သော ရှင်ဘုရင်များ။ ခေမာမိဖုရား မလ္လိကာမိဖုရား သာမာဝတီမိဖုရားကဲ့သို့သော မဟေသီမိဖုရားခေါင်ကြီးများ။ မဟာကပ္ပိန ပုက္ကုသာတိကဲ့သို့သော ရှင်ဘုရင်ဘဝမှ ရဟန်းပြုလာသောပုဂ္ဂိုလ်များ၊ သီဟစစ်သူကြီး ဗန္ဓုလစစ်သူကြီးကဲ့သို့သော စစ်သေနာပတိချုပ်ကြီးများ။ ကစ္စာယနကဲ့သို့သော ဘုရင့်ပုရောဟိတ်များ။ ဆရာဇီဝကကဲ့သို့သော ဘုရင့်သမားတော်ကြီးများ။ အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့သော ဇာတ်မြင့်ပုဏ္ဏားများ။ အနာထပိဏ်သူဌေး ဝိသာခါတို့ကဲ့သို့သော စေတနာရှင် သဒ္ဓါရှင်များ။ ခုဇုတ္တရာကဲ့သို့သော ကျွန်မလေးများ။ ကုဌနူနာရောဂါသည် သုပ္ပဗုဒ္ဓကဲ့သို့သော ဘုန်းတောင်းယာစကာများ။ သုနိတကဲ့သို့သော ပန်းမှိုက်သွန် မစင်ဘင်ကျုံးသမားများ။ အမ္ဗပါလီ သီရိမာတို့ကဲ့သို့သော ပြည့်တန်ဆာများ။ ဗာဟိယဒါရုစီရိယကဲ့သို့သော ပရဗိုဇ်များ။ ဥရုဝေလကဿပကဲ့သို့သော ဆံကျစ်ရသေ့များ။ သီလဝကဲ့သို့သော သူတော်ကောင်းများ။ အဂုင်္လိမာလ တမ္ဗဒါဌိကတို့ကဲ့သို့သော လူသတ်သမားများ စသည်ဖြင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား အမျိုးဇာတိ ရာထူးဌာနန္တရ အဆင့်တန်း အနည်းငယ်မျှ မခွဲခြားပဲ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သည်။ မြတ်ဗုဒ္ဓထံရောက်ရှိလာကြကုန်သော အလွှာပေါင်းစုံမှ အမျိုးသမီး အမျိုးသားအားလုံးတို့သည် မြတ်ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ရပ်တရားများကို အပြည့်အဝကျင့်ကြံလိုက်နာကာ မြတ်ဗုဒ္ဓ၏ဓမ္မရေလျဉ်တွင် နစ်မြှပ်သက်ဝင်ကြလေတော့သတည်း။


မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ ခု တော်သလင်းလကွယ် အင်္ဂါနေ့

၂၇-၀၉-၂၀၁၁

ကျန်းမာချမ်းသာကြပါစေ။

Thursday, September 22, 2011

စာဖတ်ကြရာဝယ်

ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည့်သာတည်း။

နားမှာမဝင်၊ မသိမြင်က၊ သမင်ကျွဲနွား၊ တောင်သူလားသို့၊ မပွားပညာ၊ မလိမ္မာဘဲ၊ မိစ္ဆာစိတ်ရိုင်း၊ ထူထိုင်းမှိုင်းသည်၊ ရိုင်းစိုင်းတောင်သူ၊ မိလက္ခူနှင့်၊ တူလိမ့်မည်။ (ရှင်မဟာရဌသာရ)။

မြန်မာပြက္ခဒိန်အလို ယနေ့(၁၃၇၃၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်) သည် စာရေးသူ၏ အသက်၃၈ နှစ်ပြည့်လေပြီ။ အင်္ဂလိပ်ပြက္ခဒိန်လိုဆိုရင် မနေ့က(၂၁-၀၉-၂၀၁၁) ပင် အသက် ၃၈ နှစ် တင်းတင်း ပြည့်ခဲ့လေသည်။ မွေးနေ့ကုသိုလ်အဖြစ် နာလန္ဒာတက္ကသိုလ်မှ သီတင်းသုံးဖော် ၁၇ ပါးခန့်တို့အား နေ့ဆွမ်းဆက်ကပ်ဖြစ်ခဲ့သည်။ ကြက်သားဟင်း ငါးပိချက်နှင့် မျှစ်နှင့်ချဉ်ပေါင်ရွက်ရောသည့် ချဉ်ရည်ဟင်းတို့နှင့် ဆက်ကပ်ဖြစ်ခဲ့သည်။ ပထမအစီစဉ်ကတော့ ငါးကြော်ချက်ဖြင့် ဆက်ကပ်ရန် စိတ်ကူးထားသော်လည်း တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ပုံမှန်တက္ကသိုလ်ဂိတ်ပေါက် နံနက်တိုင်း လာရောင်းသည့် ငါးသည်မလာသောကြောင့်ပင် ကြက်သားဟင်းနှင့် အစားထိုးစီစဉ်လိုက်ပေသည်။

စီစဉ်ချက်ပြုတ်သူမှာတော့ စာရေးသူ၏ တပည့်ဦးဇင်းလေး အရှင်ဇနက(ထားဝယ်)ပင်ဖြစ်ပါသည်။ စာရေးသူ နာလန္ဒာသံဃာတော်များ သို့မဟုတ် နာလန္ဒာသို့ ဘုရားဖူး မိမိနှင့်စပ်လျဉ်း၍ ရောက်လာသည့် ဧည့်သည်အာဂန္တုများအား ဆွမ်းကပ်ချင်တိုင်း အရှင်ဇနက အရှင်အာနန္ဒာတို့ကိုပင် အားကိုးရပါသည်။ ထိုဦးဇင်းလေးများသည် ဆွမ်းကပ်သည့်အခါတိုင်း မမောနိုင် မပန်းနိုင် ဝိုင်းဝန်းချက်ပြုတ်ပေးကြပါသည်။ ထိုနေ့က နေ့ရော ည ပါ မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် စာရေးသူအနီးအပါးရှိ စာအုပ်စာတမ်းများကို ဖတ်ရှု့နေဖြစ်သည်။

မိမိအနီးနားမှာတော့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊ ဘာသာရေးဆိုင်ရာ မြန်မာစာအုပ်များ လောကီစာအုပ်အနည်းငယ်နှင့် ပိဋကစာအုပ်များ ရှိပေသည်။ ထိုစာအုပ်များကို ဖတ်ရှု့နေရပါသည်။ တစ်ခါတရံတော့ အင်တာနက်မှ စာပေများနှင့် မိမိ၏ အတိုအထွာမှတ်စု ဒိုင်ယာယီစာအုပ်ကလေးကိုလည်း ရိုးအီသည်မရှိ၊ အထပ်ထပ်ဖတ်ဖြစ်သည်။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း ထိုစာလေးများဖြင့် အဖော်သဟဲပြုနေရပါသည်။ စာပေဖတ်ရှု့ခြင်းကြောင့် စာပေဖတ်ဖန်များပါက အင်မတန် စိတ်ရိုင်းဝင်နေသည့် သားမယားပင် လိမ္မာရေးခြား စိတ်ကောင်းထားလာတတ်ပါသည်။ စာပေမဖတ်ပါက အသိပညာ မတိုးပွားရုံသာမက စိတ်ရိုင်းတွေဝင်ကာ မိလက္ခလူရိုင်းတွေနှင့် ဘာမျှခြားနားမည် မဟုတ်ပါ။ ထို့ကြောင့်ပင် အင်းဝစာဆိုအကျော် ရှင်မဟာရဌသာရ က အထက်ပါ လင်္ကာလေးဖြင့် စာဖတ်ကြဖို့ တိုက်တွန်းခဲ့ပေသည်။

မှန်ပါသည်။ စာပေဆိုသည်မှာ မဖတ်သင့်သော စာပေဟူ၍ မရှိ၊ မမှတ်သင့်သော စာပေဟူ၍သာ ရှိသည်ဟု ပညာရှိတို့ဆိုထားကြပါသည်။ စာဖတ်ပြီးသောအခါ ထိုစာအုပ်စာပေထဲမှ မိမိတို့ အသိဥာဏ် အတွေးအခေါ် ဗဟုသုတ ဖြစ်စေမည့် သင်ခန်းစာများကို ရယူနိုင်ဖို့ပင်လိုအပ်ပါသည်။ သိုမှီးသိမ်းထားသင့်သည့် စာအုပ်စာပေများကို စနစ်တကျ ထိမ်းသိမ်း၍ ပစ်ပယ်သင့်သည့် စာအုပ်စာပေများကို အသိဥာဏ်နှင့်ယှဉ်ကာ ပစ်ပယ်ကြရမည်ဖြစ်ပါသည်။ ဤနေရာ၌ ဗေကွန်၏ စာအုပ်စာပေဆိုင်ရာ စာရေးစာဖတ်ခြင်းဆိုင်ရာ အတွေးအမြင်လေးများကို တင်ပြချင်ပါသေးသည်။ အင်မတန်ပင်မှတ်သားစရာကောင်းလှပါသည်။

Reading makes a full man; conference a ready man and writing an exact man(Bacon)။ ဆိုလိုသည်မှာ စာပေကို ဖတ်ရှု့လေ့လာခြင်းက ပြည့်ဝရင့်ကျက်သည့် လူတစ်ယောက်ဖြစ်လာသည်။ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းက (အရာရာကို ရင်ဆိုင်ဖို့) အဆင်သင့်ဖြစ်သည့် လူတစ်ယောက်ဖြစ်လာစေသည်။ စာပေရေးသားပြုစုခြင်းကတော့ တိကျသည့်လူတစ်ယောက် ဖြစ်လာစေသည်ဟု ဗေကွန်က ဆိုထားပါသည်။ နောက်ဆက်လက်ပြီး စာအုပ်တွေကို ဘယ်ပုံဘယ်နည်း ဖတ်သင့်ပုံကို ဆက်လက် အကြံပြုထားပါသည်။ Some books are to be tasted, others to be swallowed and some few to be chewed and digested; that is some books are to be read only in parts; others to be read but curiously; and some few to be read wholly, and with diligence. အချို့စာအုပ်တွေကတော့မြည်းစမ်းကြည့်ဖို့ရန်သာဖြစ်သည်။ တချို့စာအုပ်တွေကတော့ မျိုချရမည်။ အချို့စာအုပ်အနည်းငယ်ကိုတော့ ကျေညက်အောင် ဝါးစားပြီး အစာချေပစ်ရမည်။ တချို့စာအုပ်တွေကိုတော့ အပေါ်ယံကြော တစ်စိတ်တစ်ပိုင်းသာ ဖတ်ရမည်။ တချို့စာအုပ်တွေကို ဖတ်တော့ဖတ်၊ သို့သော်လည်း စိတ်ဝင်တစားပြင်းပြသည့် ဆန္ဒနှင့် မဖတ်ရ၊ တချို့စာအုပ်ကောင်း အနည်းကိုတော့ အပြည့်အဝ အစအဆုံး ဖတ်ရမည်။ လုံးလဝီရိယ ရှိရှိနှင့် အာရုံစူးစိုက်ပြီး ဖတ်ရမည်ဟု ဗေကွန်က ဆိုထားပါသည်။

မည်သည့်စာအုပ်မျိုးကို ပြစ်ပယ်သင့်သည်၊ မည့်သည့်စာအုပ်မျိုးကို ဖတ်သင့်သည် မှတ်သင့်သည် ဆောင်ထားသင့်သည်ကိုတော့ မိမိကိုယ်တိုင်စာဖတ်ဖတ်ပြီး အသိဥာဏ်ဖြင့်ဆုံးဖြတ်သင့်သည်။ အထူးသဖြင့် ဘုန်းတော်ကြီးကျောင်းစာ(လောကုတ္တရာစာပေ) များနှင့် ကင်းဝေးနေကြသော ကလေးသူငယ်များအတွက် အသိဥာဏ်နှင့် စာရိတ္တကို မြှင့်တင်ပေးနိုင်သည့် ရတနာသုံးပါးနှင့် မိဘဆရာသမား လူကြီးသူမများကို ရိုသေလေးစားထိုက်ကြောင်း၊ အနန္တောအနန္တ ငါးပါးတို့၏ ဆိုဆုံးမများကို မှတ်သားနာခံသင့်ကြောင်း၊ လူမိုက်ကို ရှောင် ပညာရှိကို ပေါင်းသင့်ကြောင်း၊ သည်းခံစိတ်ထားပြီး မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ်တရားများ တစ်ဦးအပေါ်တစ်ဦး ထားသင့်ကြောင့်၊ မိမိဘဝကို ပျက်စီးစေတတ်သည့် သေရည်အရက် မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြည်သင့်ကြောင်း၊ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း သူတစ်ပါးကျေးဇူးကို တတ်သိနားလည်သင့်ကြောင်း၊ စသည်ဖြင့် ၃၈ ဖြာ မင်္ဂလာနှင့် စပ်သော လောကုတ္တရာ ယဉ်ကျေးလိမ္မာစာပေများ၊ ဗုဒ္ဓဝင် ဇာတ်နိပါတ်များ ဖတ်ရှု့သင့်ပေသည်။ ထိုစာပေများကို ဖတ်ရှု့ခြင်းဖြင့် ကလေးသူငယ်များသာမက လူကြီးများလည်း အသိဥာဏ်တိုးလာကာ လိုက်နာကျင့်သုံးပါက ပိုမိုအကျိုးများလာနိုင်ပါသည်။

စာအုပ်စာပေတွေထဲမှ သင်ခန်းစာ ယူတတ်လျှင် ယူတတ်သလို အကျိုးများလာနိုင်ပါသည်။ အထူးသဖြင့် လောကီပညာ လောကီစာပေတို့ကို ဖတ်ရှု့လေ့လာခြင်းဖြင့် လောကလူသားများ ကြုံတွေ့နေရသည့် လောကီနှင့်သက်ဆိုင်သည့် ကျယ်ပြန့်လှသည့် လူမှုပြဿနာ အဝဝကို ဖြေရှင်းပေးနိုင်စွမ်းရှိပါသည်။ သို့သော် ထိုလောကီအတတ်ပညာ စာပေများသည် တကယ့်စစ်မှန်သည့် သန္တိသုခကိုတော့ ဆောင်ကျဉ်းပေးနိုင်ဖို့ အင်မတန်ခက်လှပါသည်။ ထိုလောကီပညာ စာပေများ ပြီးပြည့်စေနိုင်ရန် ထိုလောကီစာပေများ အတတ်ပညာများကို ဘာသာရေးတန်ဘိုးထားမှုများဖြင့် ဖြည့်စွက်ပေးသင့်သည်။ ဘာသာရေးတန်ဘိုးထားတတ်မှုမပါလျှင် လောကီနည်းပညာ စာပေ အရပ်ရပ်ထွန်းကာလာသည့်နှင့်အမျှ လူသားတို့သည် ဘဝအဆင်းလမ်းနှင့် ပျက်စီးခြင်းသို့သာ ဦးတည်ရောက်ရှိသွားနိုင်သည်။ တနည်းဆိုရလျှင် လောကီစာပေ လောကီပညာရပ်များကို ကိုယ်ကျင့်တရား စည်းမျဉ်းစည်းကမ်းများနှင့် ဇက်ကြိုးတတ်ပြီး ထိန်းလျှင် ယင်းလောကီစာပေ ပညာရပ်များသည် လူ့ဘဝကို ကောင်းကျိုးချမ်းသာတွေ အပြည့်အဝပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။

အချုပ်ဆိုရသော် မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင်ဖတ် ဆိုသည့်အတိုင်း ဖတ်သင့်ဖတ်ထိုက်သော စာပေများကို ရှာဖွေဖတ်ရှု့သင့်သည်။ ထပ်ကာမနား ပြောပါများက နားကြားအရုံ စွဲမက်ကုန်၏ ဟူသကဲ့သို့ စာပေစကား နေ့တိုင်းကြားနာရပါက လိမ္မာရေးခြား ဗဟုသုတတိုးပွားလာမည်။ စိတ်ဓာတ်မာကျောခက်ထန်သူများလည်း စိတ်ဓာတ်နုညံ့သိမ်မွေ့လာနိုင်သည်။ အလိမ္မာစာမှာ ရှိသည် ဆိုသည့်အတိုင်း စာပေကျေးဇူးကို တန်ဘိုးထားလာတတ်မည်။ စာဖတ်သူအားလုံး အမှောင်ခွင်း အလင်းဆောင်စေနိုင်သည့် စာပေများကို ဖတ်ရှု့လေ့လာမှတ်သားနိုင်ကြပါစေသတည်း။ အကာကိုပြစ် အနှစ်ကိုရှာပြီး ဖတ်တတ်ကြပါစေကုန်သတည်း။ ပညာပြည့်ဝ လှလုံးလှစေသည့် ဗဟုသုတအဖြာဖြာ တိုးစေနိုင်သည့် စာပေများကို ဖတ်ရှု့နိုင်ကြပါစေ။

ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိင်စွာ၏။(မဃဒေဝလင်္ကာ)။


မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ ခု တော်သလင်းလပြည့်ကျော်၁၀ ရက်။

၂၂-၀၉-၂၀၁၁

Tuesday, September 20, 2011

သြဝါဒတေးထပ်(လယ်တီဆရာတော်)

ဇာတ်တော်၌လာသော လက်ပံမြိုင်ငှက်နှင့် ရှားတောငှက် ဥပမာတင်၍

မတူတန်သောသူများကို မတုပထိုက်ကြောင်းနှင့် ၎င်း မောင်သြဇာအား ဆုံးမသော

သြဝါဒတေးထပ်

မတူတန် တုဖက်၊ မှုအချက် မှားရန်၊

လက်ပံမြိုင့် ဌာနစံငယ်၊ အာဂမာန် ပိတ်ဖုံး။

ရှားတောငှက် ဂနိုင်စုံကို၊ မပြိုင်တန် သင်းပြိုင်လို့ရှုံး။

ခုလောက လူ, ရှင်၊ မူအစဉ် လက်သုံး။

ငလက်ပံ ငှက်ထုံး၊ တစ်သက်လုံး စွဲမှီ။

ဆရာကို အခွာစော၊ ငါတကော ကောကြရမည်။

မိသော ဘသော နားမလည်တယ်၊ အသားအရည် သူကကြီးလို့၊

အိုသီးအိမ်သီး တဂုဏ် တသိန်၊ ခွဲတဲ့ရမှ မြိန်။

ကိုယ့်ပမာဏ နှိုင်းမချိန်တယ်၊

အနက်အတိမ် ထောက်ထားပြီဘုလေး။


်(လယ်တီဆရာတော်)

သံဝေဂ တေးထပ်(လယ်တီဆရာတော်)

တပည့် မောင်သြဇာကို ဆုံးမသော

သံဝေဂ တေးထပ်

ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊

နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း။

ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။

အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း။

နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာ ပို။

သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊

နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့ အစဉ်။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်၊

အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။


ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားပြုစုသော လယ်တီ ဒီပနီဝိသောဓကမူ ဂမ္ဘီရ ကဗျာကျမ်း (မြန်မာပြည်စာအုပ်တိုက် ရန်ကုန် သာသနာ ၂၅၃၀၊ ကောဇာ ၁၃၄၈၊ ခရစ်နှစ် ၁၉၈၇ မေလ) ကျမ်းမှ