" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, April 28, 2011

ထာဝရ လရောင် အသေကြီးနဲ့တော့ ပင်လယ်ကို မမျှားပါနဲ့။

နယ်စည်းမခြား ယနေ့ကမ္ဘာကြီးမှာ

သူကဟိုဘက် ငါကဒီဘက်

သူကတစ်နိုင်ငံ ငါကတစ်နိုင်ငံ

သူကတစ်နေရာ ငါကတစ်နေရာ

နိုင်ငံခြင်းကလည်း မတူ

အရပ်ဒေသချင်းကလည်း မတူ

အချိန်ရာသီကလည်း မတူ

အပေါင်းသင်း မိတ်ဆွေကလည်း မတူ

ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း မတူ

ယဉ်ကျေးမှု နောက်ခံ သမိုင်းကလည်း မတူ

မတူ မတူ မတူ .

သို့သော်

တူနှစ်ကိုယ် မည်မျှဝေးနေပါစေ

နှလုံးသားချင်း ရင်ခုံသံချင်း

သံယောဇဉ်ချင်း ကြည်နူးမှုချင်း

ခံစားမှုချင်း နားလည်မှုချင်း

စာနာမှုချင်း အလိုက်သိမှုချင်း

ထာဝရ မညှိုးမှိန် မေတ္တာစံချိန်ချင်း

နှစ်ကိုယ့်တစ်စိတ် နှစ်အိမ်တစ်အိမ်ချင်း

ချင်းချင်းချင်း ပေါင်းများစွာ

တူနိုင်ပါတယ်။

ဒါပေမဲ့လေ

Online သူငယ်ချင်းတို့ရေ

ညမှောင်မှောင် သန်းခေါင်အချိန်မှာ

ထာဝရ လရောင် အသေကြီးနဲ့တော့

Online ပင်လယ်ကို မမျှားပါနဲ့။

မေ့သားလှ-ဇလဂ္ဂ

၂၉-၀၄-၂၀၁၁

Tuesday, April 26, 2011

ပန်းနှင့်စာပေ

ပန်းမျိုးရယ်စုံ
ငုံရာမှ ဖူး။

အချိန်တန် အရန်သင့်
လန်းပွင့်ဘို့ ဖူး။

ဖြစ်နိုင်သည်မှာ
စာပေနှင့်ဘဝ။

စိတ်ကောင်းအခြေခံ၌
အတွေ့အခြေခံ၌
သတိအခြေခံ၌
အသိအခြေခံ၌
စိတ်ကူးဉာဏ် မွမ်းမံတတ်ပါမှ
ဟပ်မိမည်ပါ့ ။ ။
(ဆရာဇော်ဂျီ)

Saturday, April 23, 2011

ကံကြမ္မာ ဒိုင်လူကြီးက

ရှည်လျားကျယ်ဝန်း

ဘဝဆိုတဲ့ အားကစားကွင်းကြီးထဲမှာ

ကံကြမ္မာဆိုတဲ့ ကွင်းလယ်ဒိုင်လူကြီးက

အကြိမ်ကြိမ်အလီလီ ခရာတတွီတွီနဲ့

ကိလေသာသောင်းကြမ်း သံသရာခရီးသွား

ခပ်ကြမ်းကြမ်းဘော့သမားတွေကို

ပြစ်ဒဏ်ဘော အလီလီ

ပေးခဲ့ပြီဘဲ။

ဒါလဲဘဲ မမှတ်သေးဘူး။

နောက်ထပ် ပင်နယ်တီဘဲ ပေးမလား?

လူကျွံဘောဘဲ ဖမ်းမလား?

ထောင့်ကန်ဘောဘဲ ပေးမလား?

အသည်းရင်ဖို တထိတ်ထိတ်နဲ့ပေါ့။

ကံကြမ္မာ ဒိုင်လူကြီး အစစ်က

သံသရာပွဲစဉ် Final ပွဲမှာတော့

ရှေ့ဆက်ယှဉ်ပြိုင်ဖို့

နာကျင်ချိန် အချိန်ပိုမပေးဘဲ

ပွဲသိမ်းခရာ မှုတ်ချင်မှာပါ။

အဲဒီအချိန်ကြရင်

သံသရာခရီးသွား ဘော့လုံးသမားတွေဟာ

ပန်းတိုင်အသီးသီး

နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့

ဒိုင်းဆုကြီးကို

အမိအရ ဆုပ်ကိုင်နိုင်ကြမှာပါ။

ယခုအခါ သံသရာပွဲစဉ်မှာ

အကြိမ်အခါခါ ရှုံးနေလင့်ကစား

ဒီဘဝ နောက်ဘဝ ဆိုတဲ့

အိမ်ကွင်း အဝေးကွင်း မရွေးဘဲ

သံသရာခရီးသွား အားကစားသမားတွေဟာ

ကိလေသာကို အနိုင်မခံ အရှုံးမပေး

အားမာန်ဇွဲနှင့် ရင်ဆိုင်ရဲရဲ

ယှဉ်ပြိုင်နွှဲနိုင်ဖို့ပါဘဲ။

(ဘဝနောက်ဆုံးပန်းတိုင် ဒိုင်းဖလားဆုကြီးကို ဆွတ်ခူးနိုင်ကြပါစေ။)

မေတ္တာဖြင့်

မေ့သားလှ-ဇလဂ္ဂ

24-04-2011

Tuesday, April 19, 2011

(သားချော့တေး)

သားရေ….
ငိုသံတွေကိုလမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကိုလှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်းမမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံးသီးဖို့ 
အချိန်တွေအများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်းနံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့ သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ်အနိုင်ယူပြီးမှ
မင်းရဲ့သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။
(မိုဃ်းဇော်)

Sunday, April 17, 2011

အမျိုးသားပန်းများ မီးတောက်ကြားမှာ

အမျိုးသားပန်း ပွင့်လန်းဖို့ဆိုတာ

မီးပင်လယ်ထဲ ပန်းပျိုးကြဲသလိုမျိုး

ယခုအနေထားမှာတော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

စိုက်ပျိုးသူနှယ် စိတ်ပျက်ဖွယ်မျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

သို့သော် အောင်ပန်း ဆွတ်လှမ်းမည့် အာဇာနည်တို့ရဲ့

ထာဝရ ယုံကြည်ခိုင်မာ ကျဝန်တာတွေပါ။

ခယောင်းထူပြွမ်း ကျောက်ဆစ်လွှမ်း၍

ရေမိုးမခ မြေဆိုးမျှလို ဖြစ်လင့်ကစား

သူရဲကောင်းတို့၏ တာဝန်ကား

အမျိုးသားပန်း သင်းထုံလန်းရေးပါ။

သူရဲကောင်းတို့မည်သည် အမျိုးသားရေးကို

ဘယ်သောအခါမှ သစ္စာမဖောက် ဒူးမထောက်ဘဲ

မကြောက်မရွံ့ သူတို့၏ အသက်ကိုပင်

စွန့်လွှတ် အနစ်နာ ခံကြသူတွေပါ။

ပြည်သူကို သူတို့ချစ် သူတို့ကို ပြည်သူချစ်

ခောတ်စနစ်၏ အလင်းရောင်

မီးရှူးတန်ဆောင် အစစ်တွေပါ။

သူတို့ဟာ အာဏာမမက် နိုင်ငံ့အတွက်

စေတနာမှန် ထက်သန်ပြင်းပြ

ကြိုးစားကြသည့် အာဂသတ္တိရှင်

နိုင်ငံ့ သားကောင်း သမီးကောင်းတွေပင်။

အော်.. သူတို့ဟာ

အသက်ရှင်ခိုက် လုံ့လစိုက်၍

ထိုက်သင့်ချိန်ခါ ဖူးပွင့်လာမည့်

အမျိုးသားပန်းများ မီးတောက်ကြားမှာ

အားနှင့်မာန်နှင့် မျှော်လင့်နေကြသူတွေပါ။

မြန်မာပြည်မှာ အမျိုးသားပန်းများ ပွင့်လန်းနိုင်ပါစေ။

မြူတိမ်ကင်း၍ လင်းပါစေ။

နှစ်သစ်အချိန်ခါမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မေတ္တာဖြင့်

မေ့သားလှ- ဇလဂ္ဂ

၁၇-၀၄-၂၀၁၁

၁၃၇၃ မြန်မာနှစ်ဆန်းတစ်ရက်နေ့