" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, March 24, 2012

သီတဂူဆရာတော်၏ဆောင်းပါးကောင်းလေးတစ်ပုဒ်


မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းစဉ် တို့တွင် သတ္တ လောကကြီး၏ အခြေအနေကို တစ်နေ့နှင့် တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော် မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီး တစ်ရပ် အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါ တစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိ ကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာ မက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော် မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏ တို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံ ကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကို လိုက်နာ ကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။ ဤသို့မြတ်စွာဘုရားသည် သတ္တဝါလော ကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ် နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ် ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ ဓမ္မကို ဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီဖို့ အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တခြားစီ မဖြစ်ရလေအောင် ဓမ္မနှင့်လူသား တစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက် ပြည့်စုံမည် ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာသာရေး ခေါင်းဆောင်တို့သည် လူ့လောကကြီး အတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည် ဖြစ်ပါသည်။ သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်း ကျအောင် ဦးမဆောင်နိုင်သော ဘာသာရေး ခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှ ရုန်းထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ် မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ် နှိပ်စက်သည်မှာလည်း ယင်းတို့ပင် ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်း ဆေးသည် အဖျားပျောက်ဆေး တို့တွင် အကောင်းဆုံးပင် ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုး ထပ်တိုးစေသည်မှာလည်း ဤဆေးပင် ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်း များစွာကို သတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သော လက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။ ယနေ့ မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာအောင် ကျွန်ုပ်တို့ အားထုတ်ကြရမည် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ လက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရား ရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဋ္ဌေး ရဋ္ဌပါလရဟန်း ပြုခဲ့သည်။ ဘီလျံပေါင်း များစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာ သုခကို မြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါလက ပြန်လှန်၍ မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့ အပေါ်မှာ သင်သည် အဘယ်ကဲ့သို့ မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွား ပျက်သောကြောင့် လည်းကောင်း၊ ဆွေမျိုး ပျက်သောကြောင့် လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေး ပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့တဲ့ လူတွေဟာ ဘာသာရေး ခေါင်းဆောင် ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြတာပဲ''။ တိုင်းပြည်နှင့် လူသားတွေ အတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့် အဓိပ္ပာယ်ကို မင်းကြီးက ဆိုလာသည်။ ဘာသာရေး ခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိ သူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ဤသို့မြင်သည်မှာ အလွန်အရေးမကြီး လှသော်လည်း ကောရဗျ မင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင်မျိုး ရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင် ဖြစ်ပါသည်။ အရှင်ရဌပါလ၏အဖြေမှာ--- ၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလောကကြီး တစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင် အရှင်ရဌပါလက ငါ့ဘဝရဲ့ တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆောက် နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။ ၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင် နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ တဟုန်းဟုန်း တောက်လောင်နေသော မီးကို ငြိမ်းအေးစေဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အိုနာသေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၄။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာ တွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာ အဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက် ပို၍ ပြောဆိုပိုင်ဆိုင်ခွင့် မရှိကြဘူး။ နှစ်တစ်ရာ မပြည့်မီမှာ ထိုပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကြရစမြဲ ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင် ရထားကြစေကာမူ အလိုမပြည့်နိုင်အောင် ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင် ဖြည့်ကြသော်လည်း အလိုကား မပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏ နေရာ၌ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ် အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက် ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ် နိုင်ခဲ့ကြသည့် အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန် အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သော ရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီး ကြားသောအခါ အလွန်ပင် ကျေနပ် နှစ်သက်ခဲ့လေသည်။ ကျေနပ် နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့သည်။ ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေး အကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသော ကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ်နေရေး အခက်အခဲ တွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး မြင်တွေ့နေကြရပြီး ဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေး အကြပ်အတည်း ဘာသာရေး အကြပ်အတည်း ဤသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန် မှီတွယ်၍ နေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ ဖြစ်နေကြရသည်ကို ကြည့်၍ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့ မဖြစ်ရလေအောင် အထူး သတိပြုကြရမည် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ် သင်ကြားပို့ချရေး လုပ်ငန်းများ၊ ကမ္မဋ္ဌာန်း ကျင့်ကြံ အားထုတ်ရေး လုပ်ငန်းများကို ယနေ့ခေတ်၌ နှစ်ဆတိုး ကြိုးစား၍ လုပ်ဆောင်ကြရမည် ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီး စွပ်စွဲသလို အစွပ်စွဲ မခံကြရလေအောင် ကြိုးစားကြရမည် ဖြစ်ပေသည်။ ကောရဗျ မင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့ အပေါ် အထင်အမြင် သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှု ရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည် ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသော ကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက် ပေးနိုင်ကြဖို့ အားထုတ်ကြရမည် ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင် တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သော အထူး အားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ဤ သည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင် ဖြစ်ပါသတည်း။ ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် '' Jealousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆိုလိုပါသည်။ သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., Litt. သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။

REF: သီတဂူဆရာတော်၏ဆောင်းပါးကောင်းလေးတစ်ပုဒ်

Posted by ခမ်းမင်းဦး to FOREVER FRIENDS ထာဝရသူငယ်ချင်းများ on မတ် 24, 2012 at 9:24pm

အမျှ ဘာကြောင့်ယူရတယ်

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။

အမျှဘာကြောင့် ယူရတယ်
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို
ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ်
လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့
လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့
မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့
တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ်
သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့
တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ်
တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။
မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။
ဒီကဗျာလေးထဲကပဲ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ
ငါတို့ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။
ဒီထဲကတချို့ကတော့ ဖတ်ပြီးကောင်းဖတ်ပြီးဖြစ်လိမ့်မယ်။
အဲဒီဆောင်းပါးထဲမှာတော့ အသက်အရွယ်လေးတော်တော်ရလာတော့ ဇရာဆို တဲ့လက်နဲ့
ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာကျင်မှု (ဗျာဓိ) သံစဉ်ထွက်လာတဲ့အကြောင်းကို
ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့
ပတ်သတ်တဲ့တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့
အနည်းအကျဉ်းချဲ့ပြီးတွေးဖြစ်ခဲ့တယ်။

အဲဒီလိုတွေးခဲ့တဲ့အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့အကြောင်းအရာနဲ့
ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာနည်း နည်းပြောပြချင်ပါတယ်။

ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ
မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေတယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ
တော်တော်ကြီးတဲ့ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန်ပြောလို့
ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ
အလေးချိန်ရှိတယ်လို့ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက်
မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟု ထောင့်ကဓမ္မာရုံထဲမှာ
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။ ရွာကျောင်းမှာ
အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။

ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါအဝင်
ကျောင်းမှာရှိတဲ့ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။ ဝတ်မ တက်မီမှာ
အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကိုထိုးနှက်တယ်။
ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်က အထိ ကြားရတယ်။

အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက
ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲက ဘုရားတရားဝါသနာထုံတဲ့ လူကြီး
သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။
အိမ်မှာရှိတဲ့သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့
တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ်ပြုလုပ်ဖို့
အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။

နောက်တစ်နာရီလောက်နေလို့ ဘုရားဝတ်တက်ပြီးချိန်မှာတော့ အလှည့်ကျတဲ့
ကိုရင်ကြီးတစ်ပါးပါးက ဖြစ်စေ၊ ကျောင်းသားကြီးတစ်ဦးဦးက ဖြစ်စေ၊ အမျှ
အမျှ အမျှ ယူတော်မူကြပါကုန်လောလို့ အသံကျယ်ကျယ်နဲ့ အမျှဝေရတယ်။ အခြားသော
ကျောင်းသားကြီးတစ်ဦးကတော့ အမျှတစ်ခါဝေပြီးတိုင်း ခေါင်းလောင်းကြီးကို
ထိုးနှက်တယ်။ အဲဒီလို ညဦးယံမှာ ဒုတိယအကြိမ်ထိုးတဲ့
ခေါင်းလောင်းသံကိုကြားပြီဆိုလျင် တော့ ကျောင်းကသံဃာတော်များနဲ့
ကျောင်းသားတွေဝတ်တက်ပြီးလို့ အမျှဝေနေပြီဆိုတာ ကြားသူများကသိထားကြတယ်။
ဒါကြောင့် ခေါင်းလောင်းသံကိုကြားတဲ့သူများက သာဓု သာဓု သာဓု လို့
ကြားရာအရပ်ကနေ ကျောင်းဆီမှန်းမျှော်ကာ သာဓုခေါ်ကြတယ်။

အဲဒီလိုအလေ့အကျင့်ဟာ လူကြီးတွေပါမက ကစားနေတဲ့ကစားဝိုင်းက
ကလေးတွေအထိတောင်သက်ရောက်လို့ တလင်းပြင်မှာ စုပေါင်းက စားနေလျင်တောင်
ကစားတာကိုခဏရပ်လို့ သာဓုခေါ်ကြတယ်။ လူကြီးမိဘများ ကလည်း
ကိုယ့်ရဲ့သားသမီးတွေ မြေးတွေကို သာဓုခေါ်ဖို့ တိုက်တွန်းကြတယ်။
လူတွေတွင်မ က ကျောင်းမှာရှိတဲ့ခွေးတွေ၊ ရပ်ရွာထဲရှိ ခွေးတွေလည်း အော်ကြ
အူကြတယ်။ အခြားအချိန်မှာ ခွေးတွေအူတာကို သိပ်သဘော မကျကျပေမယ့် ဒီအချိန်
ခွေးတွေအော်တာအူတာကိုတော့ ခွေးတွေသာဓုခေါ် တာပဲလို့ လက်ခံနားလည်ပြီး
ဝမ်းမြောက်ကျေနပ်ကြတယ်။ ဒါက တောရွာဓလေ့ ချစ်စရာလေးတစ်ခုပေါ့။

ဒီမှာ ဘာတွေ့ရလဲဆိုတော့ ကောင်းမှုကောင်းရာလုပ်တဲ့သူတွေရဲ့လုပ်ငန်းကို
ကိုယ်ကိုတိုင်မလုပ်နိုင်တောင် ကျေနပ်တတ်ရမယ်။ အားပေး တတ်ရမယ်။
ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်ရမယ်။ သာဓုအနုမောဒနာ ခေါ်တတ်ရ မယ်ဆိုတဲ့
ဓလေ့ကောင်းတစ်ခုကိုပါ။ ဒီကတဆင့်တက်ကာ
သူများတွေကောင်းမှုကောင်းရာပြုလုပ်နေတာကို အတုယူပြီး ကိုယ်ကိုတိုင်လည်း
သူတို့လိုပဲ ကောင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုတဲ့ အသိမျိုးကို
ဖြစ်စေနိုင်တယ်။

အဲဒီလို သူများတွေရဲ့ကောင်းတဲ့လုပ်ရပ်တွေကို အားပေးလိုတဲ့စိတ်ထား၊
ကိုယ်တိုင်လည်း ကောင်းတဲ့အလုပ်တွေကိုလုပ်လိုတဲ့စိတ်ထား တွေထွန်းကားလာပါမှ
ကိုယ်နေထိုင်တဲ့လူ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့လောကကြီး
ပိုမိုတိုးတက်လာမယ်။ ဒါကြောင့် ကောင်းတဲ့လုပ် ရပ်ဆိုလျင် အားပေးရမယ်။
ကူညီရမယ်။ ဖျက်လိုဖျက်ဆီး မလုပ်ရဘူး။ ကောင်းတဲ့လုပ်ရပ်ကို
ဖျက်လိုဖျက်ဆီးလုပ်တဲ့သူရဲ့သန္တာန်မှာ ဘယ် လိုမှ သူတော်ကောင်းစိတ်ဓာတ်
မကိန်းတည်နိုင်ဘူး။

နောက်ပြီး ကဗျာလေးထဲမှာ “အမျှ ဘာကြောင့်ယူရတယ်။ ကုသိုလ်ရဖို့ကွယ်” တဲ့။
ဒီတော့ ကုသိုလ်ရဖို့ရန်အတွက် ကုသိုလ်ကောင်းမှုပြု လုပ်ကြသူ၊
သာသာသာသနာအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ သက်ရှိကမ္ဘာလောကသားတွေနဲ့
သက်မဲ့ကမ္ဘာလောကကြီးအတွက် ကောင်းရာကောင်းကြောင်း လုပ်ဆောင်ကြတဲ့သူတွေရဲ့
လုပ်ရပ်အားလုံးအပေါ်မှာ ကြည်နူးဝမ်းသာဖြစ်နိုင်ရမယ်။ သူလုပ်တာပဲ။ ငါလုပ်တာ
မှမဟုတ်တာဆိုပြီး မနာလိုစိတ်ထားမထားရဘူး။ ဒါဟာ အရေးကြီးပါတယ်။

နောက်ပြီး “ကုသိုလ်သည် ဘယ်မှာလဲ။ ခေါင်းလောင်းထိုးနေဆဲ” တဲ့။ ခု ဒီမှာ
သင်တန်းတွေကိုအပင်ပန်းခံကာ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေနဲ့
ငွေကြေးတွေကိုရင်းနှီးမြှပ်နှံကာ ဦးဆောင်ပြုလုပ်ကြတယ်။

ခုလိုသင်တန်းတွေဖွင့်လှစ်နေတဲ့အကြောင်းကိုလည်း အများတကာတွေ သိ
အောင်ကြေငြာအသိပေးနေတယ်။ ကြားသိသူတွေ သင်တန်းကို ကိုယ်တိုင်တက်ရောက်ပြီး
ကုသိုလ်အမျှတွေရယူနိင်ကြပါစေ။ ကိုယ်တိုင်မ တက်ရောက်နိုင်လည်း
အင်တာနက်ကနေတိတ်ခွေတွေကတဆင့် နာကြားနိုင်ကြပါစေ။ တတ်အားသမျှ
လှူးဒါန်းမှုတွေပြုလုပ်ကာ ကု သိုလ်ပါဝင်နိုင်ကြပါစေဆိုပြီး
ကုသိုလ်ယူနိုင်ခွင့်လမ်းတွေကိုဖွင့်လှစ်ပေးနေကြတယ်။ ဒါကို
သာဓုခေါ်နိုင်မယ့်သူတွေအတွက်တော့ ကုသိုလ် တွေရကြမှာ မလွဲပါဘူး။

ဒီတော့ ခုလိုသင်တန်းမှ ဦးဆောင်ဝေယျာဝစ္စပြုလုပ်ကြေသူတွေဟာ
ခေါင်းလောင်းထိုးနေတဲ့ ကုသိုလ်အမျှရကြပါစေရယ်လို့ ပေးဝေနေတဲ့
ကုသိုလ်သည်တွေဖြစ်ကြပါတယ်။

သို့ပေမယ့် အထူးသတိထားရမှာက ခုလို ကုသိုလ်အမျှပေးဝေနေသူတွေဆီက
ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အရာတွေ၊ ကုသိုလ်သံတွေကို သာ
ထွက်ပေါ်ပြန့်နှံ့စေဖို့လိုပါတယ်။ ကုသိုလ်အမျှပေးဝေနေတယ်ဆိုပြီး
အချင်းချင်းမသင့်တင့် မညီညွတ်ဖြစ်တယ်ဆိုတဲ့အသံတွေ၊ မတ ရားအလုပ်တွေ
လုပ်နေတယ်ဆိုတဲ့အသံတွေကို ဖြန့်ဝေ ပေးသလိုမျိုးဖြစ်ခဲ့မယ်ဆိုလျင်တော့
ဒီအသင်းကိုမှီပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ကုသိုလ်ရနိုင်မယ်မဟုတ်ပေဘူး။
အသင်းကို ဦးဆောင်နေသူတွေကလည်း ကုသိုလ်သည်တွေဖြစ်နိုင်မယ်မဟုတ်ပေဘူး။
အကုသိုလ်သည် တွေသာ ဖြစ်ပေလိမ့်မယ်။

ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးတွေကို
ကောင်းမှုတွေမျှဝေနိုင်အောင် ဖြည့်ဆည်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။
ကိုယ့်ဆီမှာရှိနေတဲ့ ကောင်းမှုကောင်းရာတွေကို ကိုယ်တစ်ယောက်တည်း
သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ သူတစ်ပါးကိုမျှဝေနိုင်တဲ့စိတ်ထားတွေ
မွေးမြူနိုင် ကြပါစေ။ ကုသိုလ်အမျှကိုသာပေးဝေနေတဲ့
ခေါင်းလောင်းထိုးနေသူတွေဖြစ်နိုင်ကြပါစေ။ ကုသိုလ်သည်တွေသာ ဖြစ်ကြပါစေ။
အကုသိုလ် သည်တွေမဖြစ်ကြပါစေနဲ့။

နောက်ပြီး သူတစ်ပါးတွေရဲ့ကောင်းမှုကောင်းရာလုပ်ငန်းစဉ်တွေကို
ကြည်နူးကျေနပ်စွာ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင် တဲ့သူတွေ
ဖြစ်ကြပါစေ။ ကုသိုလ်ဝယ်သူတွေသာ ဖြစ်ကြပါစေ။ အကုသိုလ်ဝယ်သူတွေလည်း
မဖြစ်ကြပါစေနဲ့။ မုဒိတာစိတ်ထား အပြည့်အဝ ထားနိုင်တဲ့သူတွေဖြစ်ကြပါစေလို့
တိုက်တွန်းစကားဆိုရင်း နိဂုမ်းချုပ်ပါတယ်။

မှတ်ချက်။ ။ သြဝါဒအချိန်က ငါးမိနစ်ခန့်သာသတ်မှတ်ပေးထားလို့
မပြောနိုင်ခဲ့တဲ့ငယ်စဉ်က ရပ်ဓလေ့ရွာဓလေ့ ခေါင်းလောင်းထိုးကာ အမျှ
ဝေတဲ့အကြောင်းကို အနည်းငယ်ထပ်ဖြည့်လိုက်ပါတယ်။


အရှင်ဉာဏိကာဘိဝံသ၏ ဆောင်းပါးကို ပြန်လည် မျှဝေအပ်ပါသည်

Wednesday, March 21, 2012

ယမုနာ ခရီးသည်


သူတော်ကောင်းတရားကို မသိနားမလည်ကုန်သော လူမိုက်တို့အား

သံသရာခရီးသည် ရှည်လျှား၏ (ဓမ္မပဒ)

(၁)

သန့်ရှင်းကြည်လင်စင်ကြယ်လှသော ယမုနာမြစ်ရေသည် တသွင်သွင် စီးဆင်းလျှက်ရှိသည်။ ညိမ့်ညိမ့်ညောင်းညောင်းဖြင့် သာယာပျော့ပြောင်းစွာ စီးဆင်းနေ၏။ ယမုနာမြစ်ရေတို့သည် မပြတ်မစဲ အမြဲ စီးဆင်းနေကြသကဲ့သို့ ယမုနာခရီးသည်တို့သည်လည်း စမ်းတ၀ါးဝါးဖြင့် မရပ်မနား ခရီးသွားနေကြ၏။ ရှည်လျှားလှသည့် သံသရာခရီးဝယ် ခန္ဓာဝန်ထုပ်ကို ထမ်းပြီး မနေမနား သွားနေကြခြင်းဖြစ်၏။

(၂)

ယမုနာမြစ်၏ လက်ယာဖက်ကမ်းပေါ်တွင် တည်ရှိသည့် ကောဆမ်(kosam) ရွာကလေးသို့ ကျွန်ုပ်တို့ အလည်ရောက်ခဲ့ကြသည်။ အလဟာဗာဒ်(Allahabad)မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ(၄၀)ခန့် အကွာတွင် တည်ရှိသည်။ ရွာသူရွာသားအများစုမှာ ဆင်းရဲကြပြီး တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ယခုအခါ သေးသိမ်သည့် ရွာငယ်လေးတစ်ရွာ ဖြစ်နေသော်လည်း အတိတ်သမိုင်းကို တူးဖော်ကြည့်သော် ကောသမ္ဗီမြို့တော်ကြီး၏နေရာဖြစ်၏။

မြို့တော်ဟောင်းနေရာသည် ပတ်လည်လေးမိုင်ခန့် ကျယ်ဝန်းပြီး စက်ဝိုင်းပုံသဏ္ဍာန် တည်ရှိသည်။ မြို့ရိုးတံတိုင်းများကို တူးဖော်ခြင်းမပြုသဖြင့် တောင်ကုန်းလေးများက မြို့ကို ပတ်လည်ဝိုင်းရံထားကြသည်။ အသောကမင်းကြီး စိုက်ထူခဲ့သော ကျောက်တိုင်ကြီးကို မားမားမတ်မတ် တွေ့မြင်ရသည်။ မြို့တော်ဟောင်းနေရာဖြစ်၍ မြေတလင်းညီညာပြေပြစ်မှု မရှိဘဲ တစ်ချို့နေရာများတွင် မို့မောက်ကာ တောင်ကုန်းပြင်ဖြစ်နေပြီး တစ်ချို့နေရာများမှာ ချိုမ့်ဝှမ်းကြီးများဖြစ်နေကြသည်။

ဘုရားရှင်လက်ထက်တော်က ကောသမ္ဗီမြို့သည် ကန္တိတိုင်းတွင် ပါဝင်ခဲ့ပြီး မြို့တော် ကြီး(၆)မြို့တွင် တစ်မြို့အဖြစ် ပါဝင်ခဲ့သည်။ ကောသလတိုင်းနှင့် မာဂဓတိုင်းတို့မှ ၀င်ရောက်လာသည့် လူနှင့်ကုန်ပစ္စည်းများ သိုလှောင်ရာ ဌာနကြီးဖြစ်သည်။

သာသနာတော်တွင် သက်တော်(၁၆၀)အသက်ရှည်၍ အနာကင်းခြင်း ကျန်းမာခြင်း နှင့်ပြည့်စုံသည့် နေရာတွင် အမြတ်ဆုံး အသာဆုံး ဟု ဧတဒဂ်ရရှိသော အရှင်ဗာကုလမထေရ်၊ ပိဋကတ်သုံးပုံဆောင်နိုင်၍ ဗဟုဿုတ ဓမ္မကထိက ဧတဒဂ်ရ ခုဇုတ္တရာ အမျိုးသမီး၊ ပရန္တပမင်း၊ ဥတေနမင်းတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည်။

ဘုရားရှင်သည် ကောသမ္ဗီမြို့၌ အရှင်ဆန္နကို အကြောင်းပြုကာ သိက္ခာပုဒ်(၆)ပုဒ်၊ အရှင်သာဂတနှင့် ရဟန်းများကို အကြောင်းပြုကာ တစ်ပုဒ်စီဖြင့် စုစုပေါင်း ၀ိနည်း သိက္ခာပုဒ်(၈)ပုဒ်တို့ကို ပညတ်ခဲ့သည်။ ယင်းအပြင် ရှင်ရာဟုလာကို အကြောင်းပြုကာ သဟသေယျ အနုပညတ်နှင့် အရှင်ဆန္နကို အကြောင်းပြုကာ အာပတ်ကို မရှု့စား၊မကုစားခြင်းတို့ကြောင့် နှင်ထုတ်ရမည့်ကံတို့ကိုလည်း ပညတ်ခဲ့သည်။

ကျွန်ုပ်တို့သည် ဦးစွာ ဃောသိတာရုံကျောင်းတော်ရာကို ၀င်ရောက်ကြည်ညိုကြသည်။ ဘုရားရှင် န၀မမြောက် ၀ါကပ်ခဲ့သည့် ကျောင်းတော်ကြီးဖြစ်သည်။ သားသားနားနား ခန့်ခန့်ညားညား မရှိတော့သော်လည်း ကြီးကျယ်ခဲ့သော ကျောင်းတော်ကြီး၏ အပိုင်းအစများက အထင်ကရ ကျန်ရှိနေသေးသည်။ ကျောင်းတော်ကြီးကို ဖူးမျှော်ရင်း မှတ်ခဲ့ဘူးသည့် လွန်ခဲ့သည့် နှစ်ထောင် ငါးရာကျော်က ကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပုံရိပ်အချို့တို့ကို ပြည်လည်ကာ အမှတ်ရနေမိလေ၏။

ကောသမ္ဗီမြို့၌ ဃောသိတာရုံကျောင်း ကုက္ကုဋာရုံကျောင်း ပါဝါရိကာရုံကျောင်း ဗဒရိကာရုံကျောင်း ဟူ၍ ထင်ရှားသည့် ကျောင်းတော်ကြီး(၄)ကျောင်းရှိခဲ့သည်။ ကျောင်းဒါယကာ များဖြစ်ကြသော ဃောသကသူဋ္ဌေး ကုက္ကုဋသူဋ္ဌေး ပါဝါရိကသူဋ္ဌေး တို့သည် မိတ်ဆွေရင်းချာများ ဖြစ်ကြပြီး ဆရာရသေ့တို့၏ လမ်းညွှန်မှုဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော် မူသော ဘုရားရှင်ကို သွားရောက်ဖူးမျှော်ကာ သောတာပန်တို့ ဖြစ်ခဲ့ကြသည်။ ထိုသူဋ္ဌေး သုံးယောက်တို့သည် ဘုရားရှင်ကို ကောသမ္ဗီသို့ ပင့်ဖိတ်ပြီး ကျောင်းဆောက်လှူဒါန်းခဲ့ကြသည်။ ဘုရားရှင်သည် ယင်းကျောင်းတို့၌ အကြိမ်များစွာ ကြွရောက်သီတင်းသုံးတော်မူခဲ့လေသည်။

ဃောသိတာရုံ ကျောင်းဒါယကာကြီး ဃောသက သူဋ္ဌေးသည် ကောသမ္ဗီပြည် ပြည့်တန်ဆာမ တစ်ဦး၏ သားဖြစ်သည် ၊ မွေးကင်းစ အရွယ်ကပင် အမှိုက်ပုံ၌ စွန့်ပစ်ခြင်းခံရသည်။ ကောသမ္ဗီ သူဋ္ဌေးကြီးတစ်ဦးသည် “ငါ့အားသမီးမွေးပါက ဒီကလေးနှင့် ပေးစားမည်၊ သားမွေးပါက ဒီကလေးကို သတ်ပြစ်မည်”ဟူသော စိတ်ကူးဖြင့် ကောက်ရသူ၏အထံမှ သူဋ္ဌေးဇာတာပါသော ကလေးကို အသပြာတစ်ထောင်ဖြင့် ၀ယ်ယူခဲ့သည်။ သူဋ္ဌေးကြီး၏ အမျိုးသမီးတွင် သားမွေးသဖြင့် ဃောသကသူဋ္ဌေးလောင်းကလေးကို ခုနှစ်ကြိမ်တိတိ သတ်ခိုင်းခဲ့သည်။ ကုသိုလ်ကံကြီးမားလှသဖြင့် သတ်၍မရနိုင်ဘဲ အမွေများရကာ သူဋ္ဌေးဖြစ်လာခဲ့သည်။ မိမိဘ၀မှန်ကို သိရှိနားလည်သောအခါ ထိန့်လန့်တုန်လှုပ်လျှက် နေ့စဉ် စွန့်ကြဲပေးကမ်း လှူဒါန်းခဲ့ပြီး ဘုရားရှင်နှင့်တွေ့ကာ ကျောင်းဒါယကာကြီးဖြစ်လာခဲ့သည်။

ဤကျောင်းတော်၌ သန့်စင်ရေ ကျန်ခဲ့မှုကို အကြောင်းပြုကာ ကြီးမားသော သံဃာ့ အဓိကရုဏ်းကြီး ဖြစ်ခဲ့သည်။ ဘုရားရှင် ပြောဆိုဆုံးမသော်လည်း မနာယူကြပေ။ ထိုကြောင့် ဘုရားရှင်သည် ကွဲပြားနေသော သံဃာများကို စွန့်ပယ်ကာ ပါလိလေယျကတော၌ တစ်ပါးတည်း ဒသမမြောက် ၀ါကပ်တော်မူခဲ့သည်။

ဘုရားရှင်သည် ဤကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလျှက် သုတ္တန်ပေါင်း (၁၃)သုတ်နှင့် ဇာတ်တော်(၂)ဇာတ်တို့ကို ဟောကြားခဲ့သည်။ ဤကျောင်းတော်၌ပင် အရှင်အာနန္ဒာသည် (၅)သုတ်၊ အရှင်ပိဏ္ဍောလဘာရဒွါဇသည် (၁)သုတ်၊ အရှင်သာရိပုတ္တရာ သည်(၁)သုတ်၊ အရှင်ခေမကသည် (၁)သုတ်၊ မထေရ်မြတ်လေးပါတို့သည် ဆွေးနွေးဖလှယ်ကြကာ (၁)သုတ်တို့ကို ဟောကြားခဲ့ကြသည်။ ၄င်းတို့ကား မိမိရှာဖွေမိသမျှ တင်ပြခြင်းဖြစ်သည်။ များစွာ ကျန်ရှိနိုင်ပေသည်။

အရှင်အာနန္ဒာသည် ဤကျောင်းတော်သို့ ကြိမ်ဖန်များစွာ ကြွရောက်သီတင်းသုံးခဲ့ပြီး အရှင်ဆန္နသည်လည်း ဤကျောင်းတော်၌ အမြဲတစေ သီတင်းသုံးခဲ့လေသည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက်၌ သံဃာ၏ စေခိုင်းမှုကြောင့် အရှင်အာနန္ဒာသည် နောက်ပါအခြံအရံ ရဟန်းငါးရာတို့ဖြင့် ဤကျောင်းတိုက်သို့ ကြွရောက်ခဲ့ပြီး အရှင်ဆန္နကို ဗြဟ္မဒဏ်ပေးခဲ့သည်။ ဗြဟ္မဒဏ်ဟူသည် ”အရှင်ဆန္နသည် ရဟန်းတို့ကို ပြောလိုရာပြောပစေ၊ ရဟန်းတို့သည် မပြောဆိုထိုက် မဆုံးမထိုက်“ဟု ဖြစ်သည်။ အရှင်ဆန္နသည် ဗြဟ္မဒဏ်ကို ရှက်လွန်း၍ မမေ့မလျော့ အားထုတ်ကာ ရဟန္တာဖြစ်ခဲ့လေသည်။

ကျောင်းတော်ရာကို ဖူးမျှော်ကြပြီးနောက်တွင် မြို့တော်ဟောင်းနေရာကို သွားရောက် လေ့လာကြသည်။ အသောကကျောက်တိုင်ကြီးနှင့် မြို့ပြ အဆောက်အဦး အုတ်ခုံရာနေရာတို့ကို တွေ့မြင်ရသည်။ ကျောက်တိုင်အနီးရှိ အဆောက်အဦး အုတ်ခုံရာတို့ကို ကုက္ကုဋာရုံကျောင်းတော်ရာဟု အချို့က ယူဆကြသည်။

ထိုမှတဆင့် ဥတေနမင်းကြီး၏ နန်းတော်ရာနေရာကို သွားရောက်ကြသည်။ မြစ်ကြီးငါးစင်းတွင် တစ်စင်းအပါအ၀င်ဖြစ်သော ယမုနာမြစ်ကမ်းဘေးတွင် တည်ဆောက်ထားသည်။ ယမုနာမြစ်ရေသည် အေးမြသည် ၊ ကြည်လင်သည်၊ သန့်ရှင်းသည်၊ ဂင်္ဂါမြစ်ရေထက်ပင် ပို၍သန့်ရှင်းလတ်ဆတ် သည်ဟုထင်ရသည်။ နန်းတော်ရာအဆောက်အဦးဟောင်းနှစ်ဆောင်တို့ကို တွေ့ရပေသည်။

စောင်းတီး၍ မန္တန်ရွက်ပါက ဆင်များကို ခေါ်နိုင် နှင်နိုင်သော ဥတေနမင်းကြီးနှင့် သာမာဝတီ,မာဂဏ္ဍီ,၀ါသုလဒတ္တာဟူသော မိဘုရားကြီးသုံးဦးတို့ စံမြန်းခဲ့ရာ နန်းတော်ကြီးဖြစ်သည်။ သာမာဝတီသည် မေတ္တာဝိဟာရီ( မေတ္တာဖြင့်နေလေ့ရှိ) ဧတဒဂ်ရ အမျိုးသ္မီးဖြစ်သည်။ ဘဒ္ဒိယမြို့ ဘဒ္ဒ၀တီ သူဋ္ဌေးကြီး၏ သမီးဖြစ်၍ ဃောသကသူဋ္ဌေးကြီး၏ မွေးစားသမီးလည်း ဖြစ်သည်။ ကျွန်မဖြစ်သူ ခုဇုတ္တရာထံမှ တဆင့် မြတ်ဗုဒ္ဓတရားတော်များကို နာယူရ၍ ဘုရားရှင်နှင့်မတွေ့မီကပင် သောတာပန်ဖြစ်နေခဲ့သည်။ ခုဇုတ္တရာအမျိုးသ္မီးမှ သာမာဝတီနှင့် အခြွေအရံတို့အား ဟောကြားသော သုတ္တန်ပေါင်း (၁၁၂)သုတ်ရှိသည်ဟု မှတ်သားရပေသည်။

မာဂဏ္ဍီ၏ မိဘတို့သည် သမက်ရှာဖွေကြရာ မြတ်ဗုဒ္ဓနှင့် တွေ့ကြပြီး သမီးကို ပေးစားကြသည်။ ထိုအခါ ဘုရားရှင်က မိဘတို့၏ အနာဂါမ်ဖြစ်မည့်အရေးကို သိရှိကာ သင်တို့၏သမီးကို ခြေဖျားဖြင့်ပင် ထိခြင်းငှါ အလိုမရှိဟု ဆိုကာ ငြင်းပယ်လိုက်သည်။ ထိုစကားကို ရန်ငြိုးထားသော မာဂဏ္ဍီသည် မိဘုရားကြီးဖြစ်လာသောအခါ ဗုဒ္ဓကို အမျိုးမျိုးသောနည်းတို့ဖြင့် ကလဲ့စားချေရန် ကြိုးစားသည်။ ဘုရားရှင်ကို ကြည်ညိုသော သာမာဝတီနှင့်ရံခြွေတော် ငါးရာတို့ကိုလည်း ဥတေနမင်းကြီးနှင့် နည်းမျိုးစုံသုံးပြီး ဂုံးတိုက်၏၊ လေးဖြင့် ခွင်းကာ သတ်စေသည်။ သတ်ရန်မစွမ်းနိုင်သောအခါ မိမိ၏ဦးလေးအား မီးရှို့ခိုင်းကာ သတ်စေသည်။ မေတ္တာရှင်မလေး သာမာဝတီနှင့် ရံခြွေတော်တို့သည် တရားထူးများရကြလျှက် သေလွန်ခဲ့ကြသည်။ ဖြစ်ရပ်မှန်ကို သိရှိသွားသော ဥတေနမင်းကြီးက မာဂဏ္ဍီနှင့် ဆွေတော်မျိုးတော်တို့အား နန်းရင်ပြင်၌ မီးရှို့ပြီး ညဉ်းပန်းနှိတ်စက်ကာ သတ်စေခဲ့သည်။

ဝါသုလဒတ္တာသည်ကား အ၀န္တိတိုင်း ဥဇ္ဇေနီမြို့ဘုရင် စန္ဒပဇ္ဇောတမင်းကြီး၏ သမီးတော် ဖြစ်သည်။ ဆင်ခေါ်မန္တန် သင်ခိုင်းရာမှ ချစ်ကြိုးသွယ်မိကြပြီး ခိုးယူခဲ့ခြင်းဖြစ်သည်။

ဥတေနမင်း၏ ပုရောဟိတ်သား အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဥတေနမင်းကြီး၏ ဥယျာဉ်တော်၌ နေ့သန့်စင်ခြင်းကို မကြာခဏ ပြုလေ့ရှိသည်။

အခါတပါး ဥတေနမင်းကြီး၏ အခြွေအရံမောင်းမတို့သည် အရှင်အာနန္ဒာအား သင်္ကန်းငါးရာ လှူဒါန်းကြရာ မင်းကြီးသိရှိပြီး စိတ်ဆိုးလေ၏။ အရှင်အာနန္ဒာအား ကဲ့ရဲ့ရှုပ်ချပြီး မေးမြန်း လျှောက်ထားလေရာ အရှင်အာနန္ဒာမှ “သင်္ကန်းတို့ကို အားနဲသော သင်္ကန်းရှိသူတို့နှင့် ခွဲဝေသုံးဆောင်မည်၊ ထိုသင်္ကန်းဟောင်းတို့ကို အပေါ်ခင်း၊ ဘုံလျှိုစွပ်၊ မြေအခင်း၊ ခြေသုတ်ကြိုးဝန်း၊ဖုံသုတ်ဖုံခါ၊ ယင်းအဟောင်းတို့ကို နှုတ်နှုတ်စင်းကာ ညွှန်ဖြင့်နယ်ပြီး နံရံကို လိမ်းကြံမည် “စသည်ဖြင့် သုံးစွဲပုံအဆင့်ဆင့်တို့ကို ရှင်းပြလေ၏။ ထိုအခါ ဥတေနမင်းကြီးသည် နှစ်ခြိုက်ကြည်ညိုပြီး သင်္ကန်းအစုံတစ်ထောင်တို့ကို လှူဒါန်းလေသည်။ ဤသည်တို့သည်ကား သတိရမိသည့် ကောသမ္ဗီနှင့် ပတ်သက်သော အကြောင်းအရာတို့ကို တင်ပြခြင်းဖြစ်ပေသည်။

(၃)

ယမုနာမြစ်ရေသည် မရပ်မနား စီးဆင်းနေသကဲ့သို့ ယမုနာခရီးသည်တို့သည် သံသရာခရီးဝယ် မရပ်မနား သွားနေကြပေ၏။ အချို့သော ခရီးသွားတို့သည် လောဘတော ဒေါသတော မောဟတော တို့ကို ပယ်သတ်ကာ ခရီးရပ်ခဲ့ကြလေပြီ၊ ရှုပ်ထွေးပွေလီသော သံသရာခရီးလမ်းကြမ်းကြီးကို ဖြတ်ခဲ့ကြလေပြီ။

အချို့သော ခရီးသွားတို့သည်ကား လောဘတော ဒေါသတော မောဟတောတို့၌ ပျော်မွေ့ကာ ခရီးဆက်နေကြဆဲဖြစ်၏။ ဘယ်ဆီကိုတမ်း မှန်းဆ၍မရနိုင်သော သံသရာခရီးကြမ်းကြီးကို လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။

ယမုနာမြစ်ကမ်းဘေးသို့ ခေတ္တမျှ အလည်ရောက်ရှိခဲ့သော ကျွန်ုပ်တို့သည်လည်း သံသရာခရီးသွား ယမုနာခရီးသည်တို့ပင် ဖြစ်သည်။ သွားခဲ့ကြပြီးသော ယမုနာခရီးသည်ကြီးတို့က အတုယူစရာ သံဝေဂရစရာ ဖြစ်ရပ်တို့ကို တစီတတန်းကြီး မီးမောင်းထိုး ပြသသွားခဲ့ကြလေပြီ။ ကျွန်ုပ်တို့ရော မည်ကဲ့သို့ ခရီးဆက်ကြမည်နည်း။ မှန်ကန်သော နည်းလမ်းတို့ဖြင့် ကောင်းမွန်စွာ ခရီးဆက်ကြမှ ချောမွေ့ဖြောင့်တန်းသော သံသရာခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြမည်သာ ဧကန်ပင် ဖြစ်ပေတော့သည်။

သိမ်မွေ့ဦး (BHU), India

REF; from the Eleventh Annual Periodical of Myanmar Monk-Student's Welfare Association of India.