" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, May 29, 2012

စခဲ့မိတာပေါ့ 


၁။ မိုင်ပေါင်းသိန်းသန်း၊ ခရီးလမ်း၊ ခြေတစ်လှမ်းက စခဲ့တယ်။
၂။ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံမောက်၊ မိုးတစ်ပေါက်က စခဲ့တယ်။
၃။ စုံမြိုင်တောခွင်၊ စိမ်းစိုလွင်၊ သစ်တစ်ပင်က၊စခဲ့တယ်။
၎။ သိန်းသန်းကုဋေစု၊ ပွားတိုးမှု၊ အရင်းနှီးတစ်ခုက၊ စခဲ့တယ်။
၅။ သောကထောင်စု၊ လွမ်းဆွေးမှု၊ အချစ်တစ်ခုက၊ စခဲ့တယ်။
၆။ သံသရာပြတ်မှု၊ တရားရှု့၊ အသိတစ်ခုက စခဲ့တယ်။
၁။ မိုင်ပေါင်းသိန်းသန်း၊ ခရီးလမ်း၊ ခြေတစ်လှမ်းက စခဲ့တယ်။
မည်သည့်အရာမဆို လောက၌ အစပျိုးမှု ရှိစမြဲပင်။ ဖြစ်ထွန်းကြီးပွားတိုးတက်မှု မှန်မျှ အကြာင်းအရာတစ်ခုက စတင်ခဲ့ရ၏။ မာရသွန်အပြေသမား၊ တောင်တက်သမားတို့သည် မိုင်ပေါင်းများစွာ ခရီးနှင်နိုင်ခဲ့ကြ၏။ သံသရာခရီးသွား ပုထုဇဉ်များတို့သည်လည်း သံသရာခရီး မိုင်ပေါင်း များစွာ မရေတွက်နိုင်အောင် လျှောက်ခဲ့ရသည်။ လျှောက်နေဆဲ၊ သံသရာမပြတ်သေးသမျှ ဆက်လက် မိုင်းပေါင်းများစွာ လျှောက်လှမ်းရပေဦးမည်။ ထိုလျှောက်လှမ်းခဲ့မျှ မိုင်ပေါင်းများစွာသော ခရီးအားလုံး ခြေတစ်လှမ်းက စတင်ခဲ့ခြင်း ဖြစ်၏။ အနောက်တိုင်းဆိုရိုးစကားမှာလည်း Thousands of miles of journey began with one step ဟု ဖတ်ရဖူး၏။ အထက်ပါစကားရပ်လေးများသည် စာဖတ်သူတို့ကိုယ်တိုင် ရှု့ဒေါင့်ပေါင်းစုံက တွေးတောကြံဆကြည့်နိုင်ပါ၏။ အစကောင်းမှ အနှောင်းသေချာ ဆိုသည့် အတိုင်း စမိခဲ့သမျှခြေလှမ်းတိုင်း ခြေတစ်လှမ်းကုဋေတစ်သန်းတန်လျှင်တော့ ပို၍ ကောင်းလှ၏။
 အရာရာမှာ စတင်ခြေလှမ်းနိုင်ဖို့ မိမိကိုယ်ကို ယုံကြည်ချက်တော့ ရှိရမည်ထင်၏။ မိမိက သူတစ်ပါးကို မှီခိုလွန်းသည့်အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု တဖြေးဖြေးလျှော့ပါးလာပြီး ဟိုဟာမလုပ်တတ် ဒီဟာမလုပ်တတ်၊ ဟိုဟာမလုပ်ရဲ၊ ဒီဟာမလုပ်ရဲ ဖြစ်လာပြီး စတင် ခြေလှမ်းဖို့ တွန့်ဆုတ်တတ်ကြ၏။ တစ်ခါတစ်ရံ မိမိစတင်ခြေလှမ်းသည့်အရာသည် ကောင်းသောခြေလှမ်းပင် ဖြစ်လင့်ကစား ဆရာသမား မိဘများက တပည့်သားသမီးများအပေါ် စိတ်မချနိုင်သောကြောင့် မိမိရှေ့လျှောက်ရမည့်ခြေလှမ်းများ ချီတုံချတုံ ဖြစ်ရပြန်သေး၏။ ဤသည်မှာလည်း မိမိကိုယ်ကို ယုံကြည်မှု အားနည်းသောကြောင့်လည်း ဖြစ်နိုင်ပါ၏။
အစဉ်အလာ မိသားစုပုံစံနှင့် ပညာသင်ယူမှုပုံစံစနစ်တို့ကြောင့် ပညာတတ်မြန်မာအများစုသည် အခြားနိုင်ငံများမှ ပညာတတ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိတို့မြန်မာကျောင်းသား ကျောင်းသူများ၏ ရင့်ကျက်မှု(Maturity) သည် အတော်လေး အားနည်းနေသည်ကို ခန့်မှန်းသိနိုင်၏။ ဥပမာ ဘွဲ့ရမြန်မာမိန်းကလေး တစ်ယောက်သည် မြန်မာနိုင်ငံအတွင်းမှာပင် ရန်ကုန်မန္တလေး ခရီးစဉ်လောက်ကိုပင် မိဘဆရာ အုပ်ထိမ်းသူ သို့မဟုတ် အဖော်မွန်ကောင်းကောင်းမပါလျှင် သိပ်ပြီးသွားဖို့ စိတ်ဆန္ဒမရှိပေ။ ခရီးစဉ်မဖြစ်မြောက်လောက်အောင်ပင် ရှိတတ်၏။ အခြားနိုင်ငံက မိန်းကလေးများသည် အထက်တန်းပညာပြီးသည်နှင့် ကျောပိုးအိတ်တစ်လုံးပိုးပြီး ယုံကြည်မှု အပြည့်ဖြင့် တစ်ယောက်တည်းပင် ကမ္ဘာပတ်လေတော့သည်။ ယုံကြည်ချက်အပြည့်ဖြင့်  ခြေလှမ်းပေါင်းများစွာ စတင်လေတော့သည်။ မြန်မာလူမျိုးတို့ကတော့ ယဉ်ကျေးမှုနှင့် အစဉ်လာ၏ လွှမ်းမိုးထားမှုကြောင့် သူများနိုင်ငံကသူများကဲ့သို့ တစ်ယောက်တည်း ကမ္ဘာပတ်ဖို့ ခဲယဉ်းကြပေလိမ့်ဦးမည်။

၂။ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံမောက်၊ မိုးတစ်ပေါက်က စခဲ့တယ်။
အချန်ခါသင့် ရွာသွန်းသည့်မိုးကို သတ္တဝါတို့ အလွန်ချစ်ကြ၏။ အလွန်မျှော်လင့်တောင့်တကြ၏။ မြန်မာ့အမြင်ဖြင့်ကြည့်လျှင် ပိတောက်ရွှေရည်လူးသည့် သင်္ကြန်မိုး၊ သင်္ကြန်လက်ဆေးမိုး၊ ဖက်စွတ်မိုး၊ ကဆုန်ညောင်ရေသွန်းမိုး စသည့်ဖြင့် အချိန်သင့် ရွာသွန်းမည့်မိုးကို မျှော်လင့်ကြ၏။ စာရေးသူတို့ ယခုနေရာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်သည် မိုးမျှော်ခဲ့တာအလွန်ကြာခဲ့လှပေါ့။ ယခုအခါမှာ အပူဒဏ်ပြင်းထန်းလွန်းသောကြောင့် ခန္ဓာကိုယ်အရေဓာတ်ခန်းခြောက်ခြင်း၊ ကိုယ်ခန္ဓာအသားအရေများ အပူလောင်စုပ်မြဲမှုပင် ခံစားရ၏။ မိုးလေးတစ်ပေါက်နှစ်ပေါက် ကျလာရင်တော့ ကောင်းလေရဲ့ဟု မိုးကိုမျှော်လင့်မိ၏။ ဒီအထဲ မိုးလေဝသနှင့် အင်တာနက်အပူချိန်ပြကိရိယာကနေ နေ့စဉ်နဲ့အမျှ အပူချိန်လွန်ကဲနေမှုကို အမြဲသတိပေးနေသောကြောင့် ဘယ်သွားနေရမှန်းတောင် မသိအောင် ဖြစ်မိ၏။ အချို့နိုင်ငံများ၌ မိုးခေါင်သည့်အခါ မိုးအတုပင် ငွေကြေးမြောက်များစွာကုန်ကျခံလျှက် ရွာသွန်းအောင်ပြုလုပ်ကြရ၏။ မိုးမရွာလျှင် ပူပြင်းခြောက်သွေ့မှုဒဏ်ကြောင့် ရေတွင်းရေကန် အင်းအိုင်များခန်းခြောက် လူအများ ဒုက္ခရောက်ကြရ၏။
ကမ္ဘာကြီးတစ်ခုလုံး တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသောကြောင့် မြောက်ဝင်ရိုးစွန်းက ရေခဲပြင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း မြင့်တက်လာနေသည်ဟု ပညာရှင်များက ထပ်ခါတလဲလဲ သတိပေးနေကြ၏။ အိုဇုန်းလွှာ တစ်နေ့တခြား ပိုပါးလာမှု၊ ဖန်လုံအိမ် အာနိသင် ပြင်းသထက်ပြင်းထန်လာမှု၊ ဆူနာမီလို၊ ကက်ထရီနာလို၊ သဘာဝကပ်ဘေးဆိုးကြီးများလည်း ပိုမိုများသထက်များလာ၏။ လူသားတို့ သဘာဝတရားကို မျှတစွာ အသုံးမချမှုကြောင့် လောကကြီး သဘာဝတရား၏ ဒဏ်ခတ်မှုကို ခါးသီးစွာ ခံစားကြရ၏။ အချိန်အခါသင့် မဟုတ်ဘဲလည်း မိုးရွာပြန်၏။ မည်သည့်နေရာမဆို မိုးများလွန်းပြန်လျှင်လည်း ညီးကြရပြန်၏။ ရေတွေကြီး၊ ဆည်တွေကျိုးလို့ မြစ်ချောင်းအင်းအိုင်များ ရေတွေပြည့်လျှံခဲ့၏။ တောင်သူဦးကြီးများ၏ လယ်ယာများ စိုက်ခင်းများ ပျက်စီးခဲ့ကြ၏။ မည်သို့ပင်ဆိုစေ လူသားတို့သည် အချိန်ခါသင့် ရွာသွန်းသည့်မိုးကို မြတ်နိုးကြ၏။ လူသားတို့အား မည်သည့် ဘေးဒုက္ခမှ မပေးသည့် သဘာဝအလျှောက် အင်းအိုင် ချောင်းကန် ရေပြည့်လျှံမောက်အောင် ရွာသွန်းသည့် မိုးတစ်ပေါက်လေးကိုပင် မြတ်နိုးကြပေ၏။ မြတ်ဗုဒ္ဓကတော့ ဥဒဗိန္ဒု နိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ- မိုးရေပေါက်ကျဖန်များက ရေအိုးစရည်းပြည့်နိုင်၏တဲ့။ ထို့ကြောင့် ရေပေါက်ရေစက် ကြိမ်ကြိမ်သက်က၊ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံ၏။ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံမောက်၊ မိုးတစ်ပေါက်က စခဲ့၏။ ဟုဆိုထားခြင်းဖြစ်၏။
၃။ စုံမြိုင်တောခွင်၊ စိမ်းစိုလွင်၊ သစ်တစ်ပင်က၊စခဲ့တယ်။
မြတ်ဗုဒ္ဓသည် ဝီသတိနိပါတ်၊ ဘလ္လာတိယဇာတ်၌ အရိပ်ခြောက်မျိုး၏ အေးချမ်းသာယာ ရှိပုံကို ဟောတော်မူခဲ့။ သစ်ပင်၏ အရိပ်သည် အေးမြချမ်းသာလှ၏။ ကိုင်းရွက်စုံလင် ထိုသစ်ပင်၏ သစ်ပင်အရိပ် ခရီးသွားအိပ်ကြ၊ မှီခိုရ သောကြောင့် အလွန်ကျေးဇူးများလှ အေးမြလှ၏။ ထိုသစ်ပင်၏ အရိပ်ထက် ဆွေမျိုးတို့၏ အရိပ်က သာ၍အေးမြလှ၏။ ဆွေမျိုးအရိပ်က အေးမြလှပုံကို မြတ်ဗုဒ္ဓကိုယ်တိုင် ဝိဋဋူဘမင်းအား ဟောခဲ့၏။ မင်းမဖြစ်ခင်က ရန်ငြိုးအတေးထားခဲ့သော ဝိဋဋူဘသည် သူမင်းဖြစ်လာသောအခါ သာကီဝင်မင်းတို့အား သတ်ရန် စစ်တပ်ဖြင့် ချီတက်လာ၏။ လူမျိုးတုံးသတ်ဖြတ်မည့် စစ်ပွဲကြီးကို မြတ်ဗုဒ္ဓသိမြင်တော်မူသောကြောင့် သာကီဝင်မင်းတို့ နေရာ သက္ကတိုင်းဘက်က အရိပ်အာဝါသ မကောင်းလှသည့် ဇီးပင်ခြေရင်းမှာ မြတ်ဗုဒ္ဓသီတင်းတော်မူလိုက်၏။ ထိုအခြင်းအရာကို ဝိဋဋူဘမြင်လေတော့ ဘာလို့ သက္ကတိုင်းဘက်က အရိပ်မကောင်းတဲ့ ဇီးပင်ရင်းမှာ ထိုင်နေတော်မူတာလဲ၊ ဒီဖက် ကောသလတိုင်းဘက်က အရိပ်အာဝါသကောင်းတဲ့ ညောင်ပင်မှာ သီတင်းသုံးတော်ူပါဟု လျှောက်၏။ မြတ်ဗုဒ္ဓက " သစ်ပင်အရိပ်မကောင်းလည်း ရှိပါစေ၊ ဆွေမျိုးတွေရဲ့ အရိပ်က အလွန်အေးချမ်းပါတယ် " ဟု မိန့်တော်မူသောအခါ မြတ်စွာဘုရားသည် ဆွေမျိုးတို့ကို စောင့်ရှောက်ခြင်းငှာ ဤနေရာသို့ ကြွတော်လာခဲ့သည်ဟု တွေးတောကာ မြတ်ဗုဒ္ဓအား ရှိခိုးဦးချပြီး သာဝတ္ထိမြို့သို့ စစ်တပ်ဖြင့် ပြန်သွား၏။ ၂ ကြိမ်မြောက်အထိ ဤကဲ့သို့ အရိပ်အမြွက်ပြောတော်မူခဲ့၏။ သာကီဝင်မင်းတို့၏ ရှေးအကုသိုလ်ကံကြောင့် ၃ ကြိမ်မြောက်မှာတော့ မြတ်ဗုဒ္ဓက မတားတော့ပေ။ ဝိဋဋူဘက သာကီဝင်ဆွေမျိုးတွေကို သတ်ပစ်လိုက်၏။ သူနှင့်သူ့စစ်တတ်သည်လည်း အစိရဝတီမြစ်ကမ်းမှာ ညအိပ်စခန်းချနေစဉ် ဟိမဝန္တာတောင်ဘက်မှ မိုးပြင်းထန်စွာ ရွာသွားလို့ အဟုန်ပြင်းစွာ စီးဆင်းလာသည့် ရေစီးချောင်းက အစိရဝတီမြစ်ထဲ မျှောပါစေလျှက် အားလုံးအသက်ဆုံးရှုံးခဲ့ကြလေ၏။ မည်သို့ပင်ဆိုစေ အေးမြလှသည့် ဆွေမျိုးအရိပ်များ ဆုံးရှုံးရရှာလေ။
ဆွေမျိုးတို့အရိပ်ထက် မိဘနှစ်ပါးတို့၏ အရိပ်ကပိုမိုအေးမြလှ၏။ နှစ်ပါးမိဘ လိမ္မာကြမူ၊ မိဘအရိပ် သားသမီးအိပ်ကြ အေးမြလှ၏။ ယင်းမိဘအရိပ်ထက် ဆရာသမားများ၏ အရိပ်သည် ပိုမိုချမ်းသာ အေးမြလှပေ၏။ မှန်သောပညာ သင်ပြပါသည့် ဆရာ့အရိပ် တပည့်အိပ်ကြ အေးမြလှ၏။ ဆွေမျိုးမိဘ၊ အရိပ်ရသော်၊ အေးမြသည်ပင်၊ ထို့ထက်လျှင်လည်း၊ ပဲ့ပြင်ဆရာ၊ အရိပ်မှာကား၊ ချမ်းသာပါဘိ၊ လွန်ကဲ၏ ဟု ပညာရှိတို့ ဆိုတော်မူကြ၏။ တရားနှင့်ညီစွာ တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်မင်းတို့၏ ရာဇရိပ်သည်လည်း အေးမြပါ၏။ ပြည်သူ့ဆန္ဒ၊ ဆောင်ရွက်ပြသည့်၊ ရာဇအရိပ်၊ ပြည်သူအိပ်ကြ၊ မှီခိုရ၏ ဟူသကဲ့သို့ တိုင်းသားပြည်သူတို့ ပျော်ရွှင်ချမ်းမြေ့စွာ ရာဇထီးရိပ်မှာ ချွေးသိပ်နေနိင်ကြ၏။ အရိပ်တကာ့အရိပ်တို့တွင် ရတနာသုံးပါး၏ အရိပ်သည် ချမ်းသာအေးမြရာ၌ ပိုမိုအေးမြဆုံးပင်ဖြစ်၏။ သုခဒုက္ခ၊ လမ်းညွှန်ပြသည့်၊ ဓမ္မအရိပ်၊ ယောဂီအိပ်ကြ၊ အေးမြလှ၏ ဟု ဆိုထားပေ၏။
ဘုရားရိပ်တရားရိပ် မဆိုထားနဲ့ သာမန်သစ်ပင်ရိပ်လေးသည်ပင် အလွန်တရာကျေးဇူးများလှ အေးမြလှသောကြောင့် မြတ်ဗုဒ္ဓကိုယ်တော်တိုင်က သစ်ပင်စိုက်ဖို့ရန် အားပေးတိုက်တွန်းတော်မူခဲ့၏။ အာရာမရောပါ ဝနရောပါ၊ ယေဇနာ သေတုကာရကာ စသည်ဖြင့် ဥယျာဉ်ပန်းမာန် ကျောင်းဝင်းခြံနှင့် သစ်ပင်ဝါးပင်များစိုက်ပျိုးဖို့၊ လမ်းတံတားများ တည်ဆောက်ဖို့ လူသားတို့အား တိုက်တွန်းအားပေးတော်မူခဲ့၏။ ဤသည်ကို ထောက်ရှု့ပါလျှင် မြတ်ဗုဒ္ဓက သဘာဝပတ်ဝန်းကျင်ကို တော်တော်လေး စိမ်းလန်းစိုပြေအောင် တိုက်တွန်းခဲ့ပုံရပေ၏။ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း ကမ္ဘာ့နှင့်ချီပြီး လုပ်ရမည့်အရာတွေ မတတ်နိုင်သော်လည်း မိမိတို့ နိုင်ငံ မြို့ပြ ကျေးရွာ မိမိတို့ ပတ်ဝန်းကျင်နားက ဖြေရှင်းလို့ရနိုင်သည့်အရာများကို ကိုယ်တိုင်အားလုံး ပါဝင်ဖြေရှင်းနိုင်ပါမှ သက်သာရာ ရပေလိမ့်မည်။ အနည်းဆုံးလုပ်နိုင်တာကတော့ နိုင်ငံတဝှမ်း အရိပ်ရသစ်ပင်များစိုပျိုးခြင်း၊ မြို့တွင်း မြို့ပြင် စိုက်လို့ရသည့်နေရာ သင့်တော်သည့်နေရာမှန်သမျှ၌ အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း၊ စက်ရုံကြီးတွေ၊ မော်တော်ကားတွေက ထုတ်လွှတ်လိုက်သည့် မီးခိုးများကို ခေတ်မီနည်းပညာများဖြင့် လျော့ပါးသွားအောင်ထိမ်းချုပ်ခြင်း၊ အိမ်တိုင်းအိမ်တိုင်း ဖြစ်နိုင်လျှင် ထင်းမီးသွေးဖြင့် ချက်ပြုတ်မှုကို ပြောင်းလဲကျင့်သုံးခြင်း၊ ဂစ်များကို သုံးခြင်း၊ စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် အချက်များကို ပြုပြင်ဖို့လိုပေလိမ့်မည်။ သို့မှသာ မိမိတို့ နေရာ မိမိတို့နိုင်ငံမှာ သစ်ပင်ဝါးပင်များ စိမ်းလန်းစိုပြေပြီး တောတောင်ရေမြေများ ရေရှည်တည်တံ့နိုင်ပေလိမ့်မည်။ သို့မဟုတ်လျှင် နေကိုသာ အပြစ်တင်ရပြီး မိုးကိုသာ မျှော်လင့်ရသည့်ဖြစ်ရပ်မျိုးသည် ဖွတ်သထက် ညက်ဖို့သာ ဖြစ်ပေလိမ့်မည်။ အထက်ပါဆိုခဲ့သည့်အတိုင်း သစ်ပင်တောတောင်များစိမ်းစိုအောင်လုပ်ခြင်းသည် သစ်တစ်ပင် စိုက်ပျိုးရခြင်းက စတင်အကောင်ထည်ဖော်ဖို့ လိုအပ်ပါလိမ့်မည်။ (သစ်ပင်စိုက်ပျိုးကြပါစို့)။
၎။ သိန်းသန်းကုဋေစု၊ ပွားတိုးမှု၊ အရင်းနှီးတစ်ခုက၊ စခဲ့တယ်။
မိမိကိုယ်တိုင်သန်းသန်းကုဋေချီပြီး မချမ်းသာသော်လည်း ထိုကဲ့သို့ချမ်းသာကြွယ်ဝသူတို့၏ ဘဝကိုလေ့လာသုံးသပ်ကြည့်ပါက ထိုချမ်းသာသူတို့သည် စီးပွားရေးအမြင် မျက်စိရှိခြင်း၊ မိမိအလုပ်ကို ကြိုးစားခြင်း၊ မိမိ၏ ဝင်ငွေထွက်ငွေကို သဟဇာတဖြစ်အောင် သုံးတတ်ခြင်း၊ အလေအလွင့်မဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ ထို့ပြင် စီးပွားဖက် မိတ်ကောင်းဆွေကောင်းများ ရှိခြင်းဟူသည့် အင်္ဂါရပ်များနှင့် ပြည့်စုံကြပေလိမ့်မည်။ ထို့ပြင်အောက်ဖော်ပြပါ ဆရာတော်တို့၏ ဆုံးမစကားများနှင့် ညီညွတ်သောကြောင့် ချမ်းသာသည်လည်း ဖြစ်နိုင်ပါ၏။ အောက်ပါလင်္ကာကို ဖတ်ကြည့်ပါ။
*စေ့စပ်သိပ်သိည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျှက်ပင်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြခုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းတွေ၊ တက်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊နှလုံးမူလျှက်၊ ကြံစည်နက်၍၊ သူထက်လွန်ကဲ၊ကြွယ်စေမင်း။
*လောက၌ပင်၊ ပျားနှင့်ယင်ကို၊ မျက်မြင်ပုံထား၊ မောင်ရှု့စားလော့၊ ပျားကားအုံပြု၊ အရည်စု၍၊ ထားမှုလိမ္မာ၊ နောင်ချမ်းသာ၏။ ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာသောက်စား၊ စုမထား၍၊ ရှာငြားမပြတ်မရငတ်၏။ ဆက်ဆက်မုချ၊အလသဖြင့်၊ ငယ်ကပျင်းသူ၊ ကြီးမူဆင်းရဲ၊ ရစမြဲတည်း။ ဟု ရှေးဆရာတော်ကြီးများက (မန်လည်ဆရာတော်ကြီး) က ဆုံးမတော်မူခဲ့ပေ၏။
စက္ကသုတ္တန်အလိုအရဆိုရလျှင် သမ္ပတ္တိစက်လေးချက်ဖြင့် ပြည့်စုံသောကြောင့် ချမ်းသာကြွယ်ဝပေလိမ့်မည်။ စီပွားတိုးတက်ချင်သူသည် မိမိဘယ်အရပ်မှာပင်မွေးမွေး စီးပွားရေးကောင်းမည့် တိုးတက်မည့်နေရာကို ရွေးချယ်တတ်ဖို့လို၏။ ဤပတိရူပဒေသဝါသစက်(proper location) သင့်လျှော်သည့်နေရာကို ရွေးချယ်ခြင်းသည် စီးပွားရေးအတွက်သာမဟုတ် အခြားကျန်းမာရေးအတွက်လည်း ရာသီဥတုကောင်းသည့်နေရာရွေးချယ်ခြင်း၊ ဆရာဝန် ဆေးရုံများရှိသည့်နေရာများကို ရွေးချယ်တတ်ခြင်းသည်လည်း ပတိရူပဒေသဝါသပင် ဖြစ်ပေ၏။  စီးပွားရေးအတွက် စီးပွားရေးအကြံပေးနိုင်သူ၊ စီးပွားရေးအမြင်ရှိသူ၊ အထောက်ပံ့ပေးနိုင်သူများသည် သပ္ပုရိသူပနိဿယစက်၏ အားကြီးသောအထောက်ပံ့ပင်ဖြစ်ကြ၏။ ပုဗ္ဗေစ ကတပုညတာစက်ဟုခေါ်သည့် ရှေးအတိတ်ကုသိုလ်ကံ၏ ထောက်ပံမှုကြောင့်မိမိလုပ်သမျှ ကြီးချမ်းသာ အောင်မြင်ဖြစ်ထွန်းလာတတ်၏။ နောက်ဆုံး အတ္တသမ္မာပဏိဓိစက်ခေါ်သည့် မိမိစိတ်ကို ကောင်းမွန်စွာပြင်ပြင်နေထိုင်တတ်သောကြောင့် ကံတူအကျိုးပေးကာ ကြီးပွားချမ်းသာလာ၏။ ဓမ္မအရာ၌ ဤအတ္တသမ္မာပဏိဓိစက်သည် ပို၍ပင် ဘဝအတွက် အရေးပါလှ၏။ ရှေ့သမ္ပတ္တိစက်သုံးပါးဖြင့်ပြည့်စုံသော်လည်း နောက်ဆုံး အတ္တသမ္မာပဏိဓိစက်ချို့ယွင်းမှုကြောင့် ဒေဝဒတ်ကဲ့သို့သောပုဂ္ဂိုလ်များသည် ပျက်စီးဆုံးရှုံးရတတ်၏။ စီးပွားရေးကြီးပွားရေးအရာ၌ ထိုကဲ့သို့ သမ္ပတ္တိစက်များဖြင့် ပြည့်စုံသူများသည် သိန်းသန်းကုဋေကြွယ်ဝချမ်းသာတတ်ကြ၏။
ယနေ့ခေတ်လူငယ်များသည် Fly, fly, up to the sky ဆိုသကဲ့သို့ ကြီးပွားချမ်းသာဖို့ ဘဝရည်မှန်းချက် မြင့်သထက်မြင့်ဖို့ အိပ်မက်တွေရဲရဲကြီးမက်ပိုင်ခွင့်ရှိ၏။ ပျံပါ၊ပျံပါ၊ မိုးစွန်ထက်ဖျားရောက်အောင် ပျံပါ။ ရဲရဲဝံ့ဝံ့လုပ်ပါ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ လိုအပ်ပါ၏။ သူများနိုင်ငံမှာဆို ငါတို့လည်း ကြီးပွားချမ်းသာမှာ သေချာတယ်ဟု ငြီးငြူမနေသင့်။  အခြေအနေတို့ အခွင့်အလမ်းတို့ဆိုသည်မှာလည်း အလိုလိုနေရင်းနဲ့ မိမိတို့ အိမ်တံခါးဝ လာရောက်လေ့မရှိ။ ထိုင်စောင့်ယူလို့မရ၊ ကိုယ်တိုင်ဖန်တီးယူရ၏။ မိမိတို့ကြီးပွားချမ်းသာရေးအတွက် မိမိတို့ကိုယ်တိုင် စွန့်စားအားထုတ်ကြရပေလိမ့်မည်။ကိုယ်အားဥာဏ်အား အရင်းနှီးများမြှုပ်နှံခြင်းဖြင့် ကြီးပွားချမ်းသာလာနိုင်၏။ မြတ်စွာဘုရားကတော့ ရွှေငွေရတနာများရင်နှီးမြှပ်နှံခြင်း ( Investment)များသည် ဤဘဝအတွက်သာမက နောက်ဘဝအတွက်ပါ စိတ်ချရသည့်ရင်းနှီးမြှပ်နှံမှုမျိုးမဟုတ်သောကြောင့် စိတ်ချရသည့် အနုဂါမိကရွှေအိုးမြှပ်နှံဖို့ လမ်းညွှန်တော်မူ၏။
သေချာစိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ လိမ္မာပါးနပ်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီးသည် မိမိကိုယ်ပိုင်ပစ္စည်းများကို အသုံးပြုပြီး ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှတ်စိတ်ကို ထိမ်းသိမ်းစောင့်ရှောက်ခြင်း၊  အိနြေ္ဒစောင့်ထိမ်းခြင်း၊ မိမိစိတ်ကလေးကို သမာဓိရအောင် ထိမ်းသိမ်းခြင်း၊ နောက်ဆုံး ပညာဖြင့် ရင်းနှီးမြှပ်နှံမှု ပြုခြင်းတို့ဖြင့် နောင်ဘဝအတွက် သေချာသည့် ရင်းနှီးမြှပ်နှံမှုများကို လမ်းညွှန်တော်မူခဲ့၏။ ထို့ပြင် ဒါနဖြင့် မြှပ်နှံရမည့်နေရာတို့ကိုလည်း ညွှန်ပြတော်မူသေး၏။ ဥပမာ မြတ်ဗုဒ္ဓ၏ မွေတော်ဓာတ်တော်များ ထည့်သွင်းပူဇော်အပ်ရာ စေတီတော်၊  သံဃာတော်။ မိမိကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်၊ ခရီးသွားဧည့်သည်၊ မိခင်ဖခင် ကျေးဇူးရှင်၊ အကိုကြီးအမကြီး တို့၌လည်း ဒါနကောင်းမှုပြုပြီးတော့ ရင်းနှီးမြှပ်နှံလိုက်ခြင်းသည် သေချာသည့် ရင်နှီးမြှပ်နှံမှု တစ်ရပ်ဖြစ်ကြောင်းကို အတိအလင်း ဟောကြားတော်မူခဲ့၏။ မည်သို့ဆိုစေ လောကီလောကုတ္တရာကြီးပွားချမ်းသာဖို့ လိုအပ်ပါ၏။ ဤကဲ့သို့ ကြွယ်ဝချမ်းသာခြင်းသည်လည်း အရင်းနှီးတစ်ခုက စတင်ခဲ့ရပေသည်။
၅။ သောကထောင်စု၊ လွမ်းဆွေးမှု၊ အချစ်တစ်ခုက၊ စခဲ့တယ်။
လောကကြီးမှာ လူသားတို့ နေ့စဉ်နှင့်အမျှ သေဆုံးနေကြ၏။ မိမိဆွေမျိုးသားချင်း မိမိချစ်ခင်သူများ ဆုံးပါးလျှင် ငိုကြွေးကြရပြန်၏။ယင်းသို့သေဆုံးရာဝယ် မိမိဆွေမျိုးမဟုတ်လျှင် သို့မဟုတ် မသက်ဆိုင်သူ ချစ်သူများမဟုတ်လျှင် ကရုဏာသက်ရုံမှတပါး အခြားငိုကြွေးစရာအကြာင်းမရှိပေ။ စိတ်ထဲမှာ သိပ်ပြီးတုန်လှုပ်ခြောက်ခြားမှုပင် မရှိတတ်ကြ။ ဥပမာ ၂၀၀၁ နှစ်က အမေရိကန် ဝေါထရိတ်စင်တာကြီးမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူပေါင်းများစွာသေဆုံးကြရ၏။ ထိုသေဆုံးသူများထဲတွင် မိမိနှင့် ဆွေမျိုးတော်စပ်သူမပါလျှင် သို့မဟုတ် မိမိချစ်ခင်နှစ်သက်မြတ်နိုးသူများမပါလျှင် သနားခြင်းကရုဏာဖြစ်ရုံမှတစ်ပါး ငိုကြွေးပူဆွေးစရာအကြောင်းမရှိပေ။ သို့သော်မိမိချစ်ရသူ တစ်ဦးဦး သေဆုံးလျှင်တော့ ပုထုဇဉ်တို့ ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ပိုဆွေးငိုကြွေးတတ်ကြ၏။ လူသားတို့သည် သောကကင်းဝေးနေနိုင်ရေးအတွက် ပိုက်ဆံရှိလျှင် သောကကင်းလိမ့်မည်၊ သားသမီး ပစ္စည်းဥစ္စာပြည့်စုံလျှင် သောကကင်းလိမ့်မည်ဟု ယူဆထားတတ်ကြ၏။ အမှန်တော့ ဂေါဟိ ဂေါဏာ တပ္ပတိ ဟူသော မြတ်ဗုဒ္ဓစကားတော်ကဲ့သို့ နွားရှိလျှင် နွားကြောင့်ပူပန်ရ၏။ ပိုက်ဆံများများရှိလျှင် သောကပိုများရတတ်၏။ သားသမီးများလေ သောကများလေ ဖြစ်တတ်၏။ တစ်ခါတစ်ရံ လုပ်ငန်းကိုင်ငန်း ပိုမိုတိုးချဲ့လျှင် အလုပ်တွေကြောင့် အခက်ခဲတွေကြောင့် သောကများရတတ်၏။ အတွယ်တာများလေလေ သောကများလေလေဖြစ်၏။ သောက ထောင်စု ပွားတိုးမှု ဘယ်ကစခဲ့သနည်းဟု မေးလျှင် အချစ်တစ်ခုက စခဲ့သည်ဟုပင် ရိုးရိုးလေး ဖြေရပေလိမ့်မည်။ ပိယတော ဇာယတေ သောကော၊ သောကဆိုတဲ့တရားဟာ ချစ်ခြင်းက အစပျိုးလာတာ ဟု မြတ်ဗုဒ္ဓက ဟောတော်မူခဲ့၏။ သောကင်းဝေး နေနိုင်ရေးအတွက် အချစ်လို့ခေါ်သည့် တွယ်တာမှု တဏှာပေမ တတ်နိုင်သမျှ လျှော့နည်းအောင်ကြိုးစားရပေမည်။ တဏှာပေမ အချစ်လျှော့နည်းလေလေ သောကကင်းလေလေ ပင် ဖြစ်ပေတာ့၏။။
၆။ သံသရာပြတ်မှု၊ တရားရှု့၊ အသိတစ်ခုက စခဲ့တယ်။
ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ကား သံသရာပြတ်လျှက် နိဗ္ဗူတာ အမြိုက်စခန်းသို့ တက်လှမ်းဖို့ရန်ပင် ဖြစ်၏ ။ ထိုကဲ့သို့ သံသရာပြတ် ခန္ဓာဇာတ်သိမ်းဖို့ တရားရှု့မှတ်မှု ပြုကြရမည်ဖြစ်၏ ။ တရားရှု့မှတ်မှုသည် အသိဥာဏ်တစ်ခုက စတင်ခဲ့ရ၏။ ဗုဒ္ဓဘာသာ၌ အရေးကြီးဆုံးကား သမ္မာဒိဌိခေါ်သည့် မှန်ကန်သည့် အသိဥာဏ်ပင်ဖြစ်၏။ သံသရာထဲမှာ ဘာကြောင့်ကျင်လည်ရသည်၊ ဘာကြောင့် သံသရာပြတ်အောင်ကြိုးစားအားထုတ်သင့်သည်၊ ဘဝကောင်းအောင် ဘယ်လို နေထိုင်ကျင့်သုံးရမည်၊ ဘဝသံသရာခရီးလျှောက်လှမ်းသည့်အခါ မည်သည့်အရာများက အရေးကြီးဆုံးဖြစ်သနည်း ဆိုတာများကို သိအောင် အဆင့်မြင့် ပညာများအထူးလိုအပ်၏။ အဆင့်မြင့်ပညာဆိုရာ၌ အခြေခံအားဖြင့် ဝိပဿနာပညာပင် ဖြစ်၏။ ဝိပဿနာပညာအခြေခံရလာလျှင် ယောဂီပုဂ္ဂိုလ်သည် ယခင်က တွယ်တာခြင်း မုန်းတီးခြင်းများကိုလည်း စွန့်လွှတ်လာနိုင်၏။ တွယ်တာမှုကို လျှော့ချနိုင်သောကြောင့် သောကလည်း လျှော့ချလာနိုင်၏။ တွယ်တာမှု မရှိလျှင် စိုးရိမ်ပူပန်မှုလည်း မရှိနိုင်ပေ။ ဝိပဿနာအသိဥာဏ်ပညာအဆင့်ထက် ပိုမြင့်သည့် မဂ်ဖိုလ်တရား အသိဥာဏ်များမှာတော့ အထူးပြောဖွယ်မရှိတော့ပေ။ ထိုကဲ့သို့ မဂ်ဖိုလ်များဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ ဘဝသံသရာချုပ်ပြတ် ခရီးဇာတ်သိမ်းခြင်းသည် အသိဥာဏ်တစ်ခုကို အခြေခံလျှက် တရားအားထုတ်မှုက စတင်ခဲ့ပေတော့၏။

မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၃၀-၀၅-၂၀၁၂

Saturday, May 26, 2012

သူငယ်ချင်းကောင်းဆိုတာ


သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review
ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ဒီစာလေးကိုဖတ်ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဆန်းစစ်ကြည့်လို့ ရတာပေါ့နော်။ သူငယ်ချင်းတို အားလုံး ဘ၀မှာ အကောင်းဆုံးသူငယ်ချင်းတွေနဲ့  အမြဲ ဆုံစည်းနိုင်ကြပါစေ လို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

သီလရှင်ဆရာလေး ပေးပို့လိုက်တဲ့ အီးမေးမှ ပြန်လည် မျှဝေလိုက်ပါတယ်။ စာရေးသူ နာမည်ကိုတော့ မသိပါ။

မေတ္တာဖြင့် 
မေ့သားလှ(ဇလဂ္ဂ)

End of messages received while you were offline at 8:24 AM on Wednesday
rupasingi,33 is offline.

Friday, May 18, 2012

ကြိုးစားကြပါစို့


မြတ်ရှင်စော အရဟံပင်

လောကဓံ ဘုံဓလေ့

ကြုံတွေ့ရသေးသောကြောင့်

အများသူငါ လူတကာလည်း

လောကဓံလှိုင်း ရိုက်ပုတ်တိုင်းဝယ်

အဆိုင်းဆိုင်း ဥဒါန်း၊ သမိုင်းအဖြာဖြာ

လောကမှာအမျိုးမျိုး၊ ရာဇဝင်ထိုး၍

မရိုးမတိမ်၊ တန်ခိုးမမှိန်အောင်

ဂုဏ်ရှိန်ထင်ရှား၊ မြတ်စွမ်းအားဖြင့်

ဒို့များကြိုးစားကြစို့။


မေ့သားလှ(ဇလဂ္ဂ)
၁၉-၀၅-၂၀၁၂

Saturday, May 12, 2012

ပညာရှာ ခရီးမှ ရရှိသော ဆောင်ပုဒ်


အခါတစ်ပါး ပညာရှိကြီး ကွန်ဖြူးစီးယပ်နှင့် နောက်ပါတပည့်များ ပညာရှာထွက်ကြ၏။ တစ်ခုသော တောအုပ်အတွင်းရှိ သင်းချိုင်းမြေပုံတစ်ခု၏ အနီး၌ ငိုယိုနေရှာသည့် အမျိုးသမီးတစ်ဦးကို တွေ့သဖြင့် ဆရာကြီးက အကြောင်းစုံကို မေးလေသည်။ အမျိုးသမီးက ပြန်လည်ဖြေကြားရာမှာ ကျွန်မ၏ခင်ပွန်းဖခင်မှာ တောထဲမှာဘဲ ကျားကိုက်လို့ သေခဲ့ရပါသည်။ ကျွန်မခင်ပွန်းသည်လည်း ကျားကိုက်၍ သေခဲ့ရပြန်ပါ၏။ ယခုတစ်ဖန် ကျွန်မ၏ချစ်လှစွာသော သားလေးကိုလည်း ကျားကိုက်သဖြင့် သေပွဲဝင်ရရှာပြန်ပါပြီ။

ထိုကဲ့သို့အမျိုးသမီးက ငိုယိုပြောပြသောအခါ ကွန်ဖြူးစီးယပ် ဆရာကြီးက ဤကဲ့သို့ ကျားရိုင်းသောင်းကျန်း ပေါများသောတော အရပ်ဒေသ၌ အဘယ်ကြောင့်နေထိုင်နေရသနည်း ဟု ထပ်မံမေးသောအခါ ထိုအမျိုးသမီးလေးက "ဤဒေသ၌ လူထုကို နိုင်ထက်ကလူ ညှင်းပန်းနှိပ်စက်သော မင်းဆိုးမင်းညစ် မရှိပါ" ကျားဆိုးထက် မင်းဆိုမင်းမင်းညစ်က ပို၍ဆိုးလှပါ၏ ထို့ကြောင့် ဤနေရာသည် ကျားဆိုးပေါသောအရပ်ပင်ဖြစ်လင့်ကစား ဆက်လက် နေရပါသည်"ဟု ပြောလေ၏။ ဆရာကြီးကလည်း "တပည့်တို့ ကြည့်ကြကုန်လော့ သင်ခန်းစာယူကြကုန်လော့၊ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်သော မင်းဆိုးမင်းညစ်တို့မည်သည် ကျားရိုင်းထက် ပိုမိုဆိုးဝါးလှချေ၏" ဟု ဆောင်ပုဒ်တစ်ပုဒ် ထုတ်ခဲ့လေ၏။

ထို့ကြောင့် ပင်ပရိတ်ကြီးမှာ ရာဇတောဝါ စောရတောဝါ စသည်ဖြင့် မင်းဘေး ခိုးသူဘေးစသည် ဘေးအမျိုးမျိုးရှိသည်တွင် မင်းဆိုးမင်းညစ်၏ ဘေးအန္တရာယ်သည် အဆိုးဆုံးဖြစ်သောကြောင့် ဒေသနာစဉ်တွင် ရာဇတောဝါ ဟု ရှေ့ဆုံးမှထားကာ မြတ်ဗုဒ္ဓထား၍ ဟောတော်မူခဲ့လေရော့သလား ဟု စာရေးသူစဉ်းစားနေမိသည်။
ဗုဒ္ဓစာပေတွေမှာလည်း မြတ်ဗုဒ္ဓက တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့အား မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ပြည်သားတို့အား အုပ်ချုပ်ဖို့ ဟောတော်မူခဲ့၏။ ထို့ပြင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ တရားမစောင့်ပါက အဆင့်ဆင့်အကျင့်ပျက်ပြီး နောက်ဆုံးမိုးလေဝသ ရာသီဥတုများဖောက်ပြန်ကာ အချိန်မတန်ဘဲ ရင့်မှည့်ကြသည့် သစ်သီးဝလံများကို စားသုံးရခြင်းကြောင့် တိုင်းသားပြည်သူတို့ ဘေးအမျိုးမျိုး ရောဂါအမျိုးမျိုး ဖြစ်တတ်ပုံကို အင်္ဂုတ္တရနိကာယ် အဓမ္မိကသုတ်မှာ အသေးစိပ်ဟောတော်မူခဲ့၏။ အဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသအရှင်မြတ်ကြီးကလည်း သူရေးသားပြီးစီးသည့် ကျမ်းများ၏ နောက်ဆုံးနိဂုံးပိုင်းများမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများက တိုင်းသူပြည်သားများကို မိမိရင်ဝယ်သားကဲ့သို့ အုပ်ချုပ်စောင့်ရှောက်ဖို့ ဆုတောင်းလေ့ရှိသည်။ ဥပမာ- ရာဇာ ရက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့သည် မိမိ၏တိုင်းသူပြည်သားများကို မိမိသားရင်းသမီးရင်းကဲ့သို့ တရားသဖြင့် အုပ်ချုပ်နိုင်ပါစေ။ ဟု မကြာခဏဆုတောင်းတာ တွေ့ရတတ်ပေသည်။

တဖန်မြန်မာ့ ရာဇဝင်ကို ပြန်ကြည့်လျှင်လည်း မင်းဆိုးမင်းညစ်များကို ရဟန်းရှင်လူ တိုင်းသားပြည်သူများက မနှစ်မြို့သည်ကို တွေ့နိုင်၏။ ဦးကုလားမဟာရာဇဝင်မှာ နောင်တော်ရင်းကို အဆိပ်ခတ်သတ်ကာ နန်းလုသော ပုဂံပြည် ကုလားကျ နရသူမင်း၏ ရက်စက်ယုတ်မာမှုကြောင့် မင်းဆရာ ပံသုကူမထေရ်ကြီးက ကုလားကျမင်းမျက်နှာကို စေ့စေ့ကြည့်ပြီး "ဟယ် မင်းဆိုးမင်းညစ်၊ လူ့ပြည်တွင် နင့်ထက်ဆိုးဝါး ညစ်ညမ်းသူ မရှိ၊ နင်၏ နိုင်ငံ၌ ငါမနေလိုပြီ"ဟု မိန့်တော်မူကာ သိန်းခိုကျွန်း(သီဟိုဠ်ကျွန်း)သို့ ကြွသွားတော်မူသည်ကို ဖတ်ရှု့လေ့လာရပေသည်။

ဆီးဘန်နီဆရာတော်ကြီးကလည်း ကုန်ဘောင်ခေတ်၏ နောက်ဆုံးမင်းဆက် သီပေါမင်းပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံး အဖိအနှိပ်ခံ သူ့ကျွန်ဘဝသို့ ကျရောက်သောအခါ တစ်ချိန်က ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလာခဲ့ကြသော အဖိနှိပ်ခံ သူ့ကျွန်ဘဝ မြန်မာနိုင်ငံသားတို့၏ လက်တွေ့ဘဝကို ကြည့်ပြီး ရင်ထုမနာဖြစ်ခဲ့၏။ ၎င်းအဖြစ်ဆိုးကို မြင်တွေ့နေရသည့် ဆီးဘန်နီဆရာတော်ကြီးက…
"ထီးသုဉ်း နန်းသုဉ်း၊ ကြငှာန်းသုံး၍၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏" ဟု ရေးဖွဲ့ခဲ့၏။ ထို့ပြင်ဆရာတော်ကြီးသည် နိဗ္ဗာန်မရောက်မီ စပ်ကြား ဖြစ်လေရာ ကျင်လည်ရာဘဝတို့မှာ အောက်ပါဆုတွေကို တောင်းခဲ့လေ၏။
၁။ တရားမကြိုက်၊ အမှားလိုက်၊ မိဘမိုက်နှင့် လွဲစေသော်။
၂။ တရားမကြိုက်၊ အမှားလိုက်၊ မိတ်ဆွေမိုက်နှင့် လွဲစေသော်။
၃။ တရားမကြိုက်၊ အမှားလိုက်၊ ဆရာမိုက်နှင့် လွဲစေသော်။ ဟု ဆုသုံးပါးတောင်းခဲ့လေ၏။ စာရေးသူအနေနဲ့တော့ ထပ်ပြီး ၄။ တရားမကြိုက်၊ အမှားလိုက်၊ မင်းဆိုးမင်းမိုက်နှင့် လွဲစေသော် ဟု ဖြည့်စွက် ဆုတောင်းချင်ပါသည်။ မှန်ပါသည်။ တိုင်းသားပြည်သူတို့သည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ ကောင်းလျှင် ထိုအုပ်ချုပ်သူတို့ကို မိဘသဖွယ် တန်ဘိုးထား မြတ်နိုးကြပေသည်။ တိုင်းပြည်ပြည်သားတိုင်း တရားနှင့်အညီအုပ်ချုပ်သော မင်းကောင်းမင်းမြတ် အစိုးရကောင်းတစ်ရပ် အမြဲ တောင်းတနေပါသည်။

" မင်းကောင်းမင်းမြတ်ရဲ့ဆန္ဒ " ( ကျန်စစ်မင်း)
--------------------------------

* ချစ်သူနှင့်ကွဲကွာ၍ မျက်ရည်ရှိသောသူတို့ကို
မေတ္တာတည်းဟူသော လက်ဖြင့် သုတ်ပစ်လတ္တံ။

* စိတ်နှလုံးမသာသူတို့၏ အညစ်အကြေးတည်း
ဟူသော နှပ်ကို သနားခြင်းတည်းဟူသော ရေဖြင့်
ဆေးကြောလတ္တံ။

* လက်ယာလက်ဖြင့် ထမင်းမုန့်တို့ကို လူအပေါင်း
အား ပေးလတ္တံ။
* လက်ဝဲလက်ဖြင့် အ၀တ်ပုဆိုးတို့ကို ပေးလတ္တံ။

* ခပ်သိမ်းသော လူအပေါင်းတို့ကိုလည်း အမိ၏
ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်လတ္တံ။ "
(ကျန်စစ်မင်း
)
(ကျန်စစ်မင်းကြီးရေးထိုးခဲ့သောရွှေစည်းခုံကျောက်စာမှ
)

ထို့ပြင် အလောင်းစည်းသူမင်းတရားကလည်း"လွတ်လပ်သော ငါသည် နှောင်ကြိုးတဲခံရသူတို့အား လွတ်မြောက်စေအံ့။ ဟု သူ၏မွန်မြတ်သော စိတ်ဓာတ်သည် တိုင်းသားပြည်သူတို့အပေါ် ထင်ဟပ်လျှက် ရှိပေတော့သည်။

နာနာဘာဝလောကတွင် ဖုတ်တစ္ဆေပြိတ္တာတို့သည် ဣတိပိသော ဘဂဝါသံကြားပါက မီးပူသကဲ့သို့ပူလောင်ပြီး မဟာရံတံတိုင်းသို့လွင့်ကာ ဆောင့်မိကြသကဲ့သို့ တိုင်းပြည်အုပ်ချုပ်ကာ ပြည်သူလူထုအပေါ် ရက်စက်ကြသည့် ဘုရင်မင်းတို့သည် လွတ်လပ်ပြီး တရားမျှတမှုကို တောင်းဆိုကြသည့် ပြည်သူလူထု၏ အသံများကို လိုက်လျှောမှုမရှိပါက တချိန်ချိန်တွင် ဒုက္ခလှလှရောက်တတ်ကြပေသည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများသည် ကျန်စစ်သားမင်းကြီး၊ အလောင်းစည်သူမင်းကြီးကဲ့သို့ မြင့်မြတ်သော စိတ်ထား ကျင်နာသောနှလုံးသား တရားမျှတသော လုပ်ပိုင်ခွင့်များဖြင့် တိုင်းသူပြည်သားတို့အပေါ် စီမံအုပ်ချုပ်နိုင်ကြပါစေသတည်း။


မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၁၂-၀၅-၂၀၁၂