" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, February 6, 2014

အပြန်အလှန် အညမညသဘောတရား ၃-1


ထို့ပြင် မိဘဝတ္တရားတွေထဲမှာ “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” ဟူသော ဝတ္တရားသုံးခုသည် အခြေခံအဓိကကျသကဲ့သို့ လင့်ဝတ္တရားတွေထဲမှာလည်း “မထေမဲ့ကင်း၊ မိစ္ဆာမမှား၊ မြတ်နိုးကြင်” ဟူသည့် ဝတ္တရားသုံးက ပိုမိုအဓိကကျပေလိမ့်မည်ဟု ထင်ပါသည်။ လင့်ကျင့်ဝတ်ငါးပါး ရှိပေသည်။ “မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ”(သိင်္ဂါလောဝါဒသုတ်မှ သင်္ဂဇာဆရာတော်ကဗျာ)။ အခြေခံ လူ့ကျင့်ဝတ်တို့ကို အလေးမထားဘဲ မနေသင့်ပေ။ အခြေခံကျသည့် လင့်ဝတ္တရားသုံးခု မကျေပွန်ပါဘဲ ကျန်သည့် ဝတ္တရားများ ဘယ်လောက်ပဲ ကျေပွန်သည်ဆိုဆို ရေသောက်မြစ်မပါဘဲ ရှင်သန်နေရသည့် သစ်ပင်လို ဘယ်သောအခါမှ ဘဝလှလှပပ၊ အိမ်ထောင်တစ်ခု တည်တည်ငြိမ်ငြိမ် လှလှပပ တည်ဆောက်လို့ ရမည် မဟုတ်ပေ။ မိမိတို့ကိုယ်တိုင်ကလည်း ယနေ့ သားသမီးတွေရနေကြပြီဆိုတော့မိဘစိတ်အပြည့်အဝရှိဖို့၊ မြင့်မိုရ်ဦးပိုင်ရှင် ပီသဖို့ အထူးလိုအပ်ပါမည်။


အိမ်ဦးနတ်ဟူသော ဖခင်တစ်ဦးသည် သားသမီးတို့အတွက်သာ မြင့်မိုရ်ဦးဖြစ်သည်မဟုတ်သေး၊ မိမိ၏အိမ်ရှင်မ ဇနီးအတွက်လည်း မှီခိုအားထားရာ “ရွှေတောင်ကြီး” သဖွယ် လင်ကောင်းမယားတိုင်းက အလေးထား မှတ်ယူကြမည်မလွဲပေ။ မိမိဇနီးမယား၏ ရွှေတောင်ကြီးဖြစ်ဖို့အတွက် “အပ်နှင်းဥစ္စာ၊ ဝတ်စားဆင်ယင်” လောက်တင် ပြည့်စုံမည် မဟုတ်ပါပေ။ အရေးကြီးဆုံးကတော့ “မထေမဲ့ကင်း၊ မိစ္ဆာမမှား၊ မြတ်နိုးကြင်” ဟူသည့် လင့်ဝတ္တရား သုံးပါးက ပိုမို အဓိကကြမည်ဟု ထင်မြင်မိပါသည်။  “လူဆိုတာ ငွေရှာနိုင်ရင် ပြီးတာဘဲ၊ ငွေရှိရင် အရာရာပြည့်စုံတာဘဲ” ဟု အများစုထင်မှတ်နေကြသည်ကို  စာရေးသူ မကြာခနလိုလို ဖတ်ဖူး မှတ်သားဖူးသည်။ ထိုစကားသည် လက်တွေ့ မိသားစုဘဝတွင် ငွေရှာနိုင်ရုံ၊ ငွေရှိရုံမျှဖြင့် အိမ်ထောင်မှု သာယာလိမ့်မည်ဟု မထင်ပါ။ 

တစ်ခါက အိမ်ဦးနတ်ခေါ်သည့် ဖခင်တစ်ယောက် ပြောဖူးသည်။ “သူဟာ အိမ်ဦးနတ်ပီသကြောင်း၊ သူ့မိသားစုကိုလည်း တိုက်နဲ့ကားနဲ့ အိမ်တစ်ဆောင် မီးတပြောင် တူတူတန်တန် ထားနိုင်ကြောင်း၊ သူ့သားသမီးတွေကိုလည်း အဆင့်မြင့် ပညာရေးစာသင်ကျောင်းတွေ၊ ကျူးရှင်တွေ၊ တက္ကသိုလ်တွေမှာ ထားနိုင်ကြောင်း၊ သူ့အိမ်ရှင်မက ဒီလို နေ့မအား ညမအား ငွေရှာပေးနိုင်တာတောင် သူ့အပေါ် သဘောထားသေးသိမ်ကြောင်း၊ ဒီလောက်ငွေရှာပေးနိုင်တာတောင် အမြင်မကြည်ဘဲ ပူညံပူညံလုပ်ချင်သေးကြောင်း၊ မိမိမိသားစု ဆိုးကြောင်း၊ သူသာ ကောင်းကြောင်း” များကို သေရည်ကလေး ခပ်တွေတွေဖြင့် ရင်ဖွင့်သလိုလို ကြွားသလိုလို ပြောနေပါသတဲ့။ 

စဉ်းစားကြည့်ပါ။ မိသားစုအပေါ်မှာ သူ့အယူဆ၊ သူ့ခံယူချက်တွေ သူ့ကိုယ်သူ မှန်သည်ဟု ပြောနေသော်လည်း လက်တွေ့ဘဝတွင် နားထောင်သူတွေ၊ ပတ်ဝန်းကျင်ကသူတွေကတော့ ”ငွေရှိမှ အရာရာပြည့်စုံတယ်” ဟူသည့်အယူအဆကို အပြည့်အဝ လက်ခံကြလိမ့်မည် မဟုတ်ပေ။ အိမ်ထောင်ဦးနတ်ခေါ်သည့် ဖခင်သည် အိမ်ရှင်မ၏ မှီရာအားကိုးရာ ရွှေတောင်ကြီးဖြစ်ဖို့အတွက် တနည်းဆိုရသော် လင်ကောင်း အိမ်ဦးနတ်ကောင်း ပီသဖို့အတွက် လင့်ဝတ္တရားတွေထဲမှာ “အပ်နှင်းဥစ္စာ၊ ဝတ်စားဆင်ယင်” ဆိုတာလေးနှင့် ပြည့်စုံလုံလောက်မည် မဟုတ်ပါ။ 

အရေးကြီးဆုံးက “မထေမဲ့ကင်း၊ မိစ္ဆာမမှား၊ မြတ်နိုးကြင်” ဟူသော ဝတ္တရားသုံးပါးက ပိုပြီး အဓိကကျသည်ဟု ဆိုရခြင်းဖြစ်ပါသည်။ “လင်ကောင်းအိမ်ရှင်၊ တရွှင်ရွှင်၊ လင်ဆိုးမယား တဖားဖား” ဆိုသကဲ့သို့ အထူးသဖြင့် အိမ်ဦးနတ်က ခေါင်မိုးမိုးမလုံပါလျှင် အိမ်ထောင်ရေး သာယာစိုပြေဖို့ ခဲယဉ်းပါလိမ့်မည်။ လင်ကောင်းလျှင် အိမ်ထောင်ရေး သာယာစိုပြေမည်။ လင်ဆိုးလျှင် မယားနှင့် သမီးသားများ တဖားဖား ဒုက္ခရောက်ရတတ်သည်။ ထို့အတူ အိမ်ရှင်မသည်လည်း မိမိအမျိုးသားအပေါ် မယားဝတ္တရား ကျေပွန်စွာ အပြန်အလှန် အညမည သဘောတရားများ ဖြည့်ဆည်းရမည်။

မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ
မေ့သားလှ(ဇလဂ္ဂ)

အပြန်အလှန် အညမည သဘောတရား ၂


စံပြမိဘ မြင့်မိုရ်ဦးစိတ်ဓာတ် အပြည့်အဝရှိကြသည့် မိဘတို့ကို သားသမီးတို့ကလည်း ဘယ်သောအခါမှ မိဘတို့၏ ကျေးဇူးတရားကို မမေ့သင့်ကြပေ။ မေတ္တာဖြင့် အရိပ်ပေးနေသည့် ကျေးဇူးရှင် မိဘတို့ကို ကျေးဇူးမကန်းမိကြဖို့၊ မေတ္တာဖြင့်သာ ကျေးဇူးတုံ့ပြန်ဆပ်နိုင်ကြဖို့ အထူးလိုအပ်သည်။ “အရိပ်နေနေ၊ အခက်ချိုးချိုး မလုပ်ရ၊ အရိပ်ကို လိုချင်ရင် အပင်ကိုလည်း ရေလောင်းပေးရသည်” အအေးဓာတ်ပေးနေသည့် မိဘရိပ်ကို ခိုလှုံနေကြသည့် သားသမီးတို့သည့်လည်း မိဘရိပ်ထာဝရ မညှိုးနွမ်းရလေအောင် မေတ္တာရေဓာတ် အဆက်မပြတ် လောင်းပေးဖို့ လိုအပ်သည်။ ရေးလောင်းပေးဟူသည် မိဘတို့က မေတ္တာဖြင့် ဆုံးမသည့် အဆုံးအမတို့ကို လေးစားလိုက်နာခြင်းပင် ဖြစ်သည်။ 

“ဆုံးမနာယူ၊ ကူညီလိုက်နာ၊ အလိမ္မာနှင့်၊ တာဝန်ကျေကာ၊ ပို့မေတ္တာ၊ သွန်းပါရေစင်တွေ” ဟူသည့်အတိုင်း မိဘများဆုံးမမှုကို နာယူခြင်း၊ တတ်စွမ်းသမျှ မိဘတို့ကို ကူညီခြင်း၊ လိမ်လိမ်မာမာနေပြီး သာသမီး ဝတ္တရားများ ကျေပွန်ခြင်း၊ မေတ္တာပို့သခြင်း စသည့် ကျေးဇူးတုံ့ပြန်မှုမျိုးဖြင့် ရေဓာတ် မပြတ်သွန်းလောင်းပေးကြပေလိမ့်မည်။ သားသမီးတို့ လိုက်နာကျင့်ရမည့် ကျင့်ဝတ်ငါးပါးရှိသည်။ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေ မျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဟူသည့်အတိုင်း မိဘနှစ်ပါး အသက်ထင်ရှားရှိစဉ် ကျွေးမွေးစောင့်ရှောက်ရမည်။

 မိဘသေလျှင် စောင့်ရှောက်ချင်သော်လည်း စောင့်ရှောက်ခွင့် ပြုစုခွင့်မရနိုင်ပေ။ အသက်ထင်ရှား ရှိစဉ်ပင် မိဘတို့ကို စောင့်ရှောက်နိုင်ဖို့ အထူးအရေးကြီးပါသည်။ သေမှ ငိုနေ၊ မစောင့်ရှောက် မပြုစုခဲ့ရလေချင်းဟု နောင်တတရား မရသင့်၊ မိဘတို့ အသက်ရှင်စဉ်ကပင် အထူးပြုစုစောင့်ရှောက်ဖို့ မမေ့ပါနှင့်။ မိဘတို့၏ လုပ်ငန်းဆောင်တာများကိုလည်း စီမံပေးရမည်။ မိဘတို့၏ လောကီ လောကုတ္တရာ အမွေတို့ကိုလည်း စနစ်တကျ ဆက်ခံတတ်အောင် ကျင့်သုံးရမည်။
 မိဘများ အသက်ထင်ရှားမရှိခဲ့ကြတော့လျှင် ထိုမိဘများအား ရည်စူး၍ အလှူဒါနများပြုလုပ်ပြီး အမျှအတန်းပေးဝေဖို့ အရေးကြီးပါသည်။ တမလွန်ဘဝမှ မိဘတို့သည် ကုသိုလ်၏ အဖို့အစုကိုသာ ခံစားစံစားနိုင်စွမ်းရှိပေသည်။ ထို့ပြင် မိဘတို့၏ အမျိုးတွင်သာမက မိမိတို့၏ တိုင်းပြည်နှင့် လူမျိုး၊ အမျိုး ဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရမည့်တာဝန်များ ရှိပေသည်။ 

ထိုသားသမီးဝတ္တရားများ ကျေပွန်ပါမှ ဘဝချမ်းသာပေလိမ့်မည်။ ထို့ကြောင့် သားသမီးတို့အနေဖြင့် အလွန်အေးမြလှသည့် မိဘအရိပ်များကို မဖျက်ဆီးပစ်ကြဖို့ အရေးကြီးပါသည်။ “သက်မဲ့အရိပ်ကို ဖျက်ဆီးလျှင် သာမန်ပူရုံသာ ပူပေမည်၊ သက်ရှိမိဘ(ဆရာသမား၊ ရတနာသုံးပါး) အရိပ်တို့ကို ဖျက်ဆီးပါက ပူရုံသာမကတော့ဘဲ လောင်ပါ လောင်တတ်သည်” မိဘအရိပ်ကို ဖျက်မပစ်လျှင် တနည်းဆိုရသော် မိဘတို့အပေါ် ပြုကျင့်ရမည့် သားသမီးတို့ ကျင့်ဝတ်များ လိုက်နာပါလျှင် မိဘအရိပ်၊ အနန္တမေတ္တာအရိပ်တို့သည် မိဘနှစ်ပါး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘယ်သောအခါမှ ဆိတ်သုဉ်းပျောက်ကွယ်သွားရိုး ထုံးစံမရှိပါ။

“ငါဘုရား၏ အဆုံးအမကို မလိုက်နာလျှင် ငါဘုရားကို မြင်နေရသော်လည်း လက်တွေ့ မမြင်သူ ဖြစ်၏။ ငါဘုရား၏ ဆိုဆုံးမမှုများကို လိုက်နာနေသေးသမျှ ငါဘုရားရှင်ကို မျက်မှောက်မမြင်ရသော်လည်း ငါဘုရားရှင်နှင့် အမြဲမြင်တွေ့နေရသူ ဖြစ်၏” ဟု မြတ်ဗုဒ္ဓက ဝက္ကလိအား ဆုံးမသည့် စကားလေးများကို ဝက္ကလိထေရအပါဒါန်မှာ တွေ့မြင်နိုင်ပါသည်။ ထို့အတူပင် သက်ရှိ မိဘနှစ်ပါး မရှိခဲ့သော်လည်း ထိုမိဘတို့၏ အဆုံးအများကို လေးစားလိုက်နာသော သားသမီးတို့မှာတော့ အနန္တမိဘရိပ်တွေအောက်မှာ ထာဝရခိုလှုံနေသူတွေ ဖြစ်ကြပါသည်။ 

မိဘတို့၏ အနန္တမေတ္တာသည် အထည်ကိုယ်ဒြပ် မမြင်တွေ့နိုင်သော်လည်း ခိုလှုံသူတို့မှာ အေးမြစေနိုင်သည့် ဓာတ်သတ္တိကတော့ အနန္တ အပြည့်အဝ ရှိကြပေသည်။ ထို့ကြောင့် ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် တကယ့်လူဖြစ်အောင် မေတ္တာအနန္တတို့ဖြင့် မိမိကို ကြီးမြင့်အောင် အဘက်ဘက်က ပြုစုမွေးမြူ စောင့်ရှောက်ခဲ့သော ကျေးဇူးရှင် မိဘနှစ်ပါးတို့၏ ဂုဏ်ကျေးဇူးကို ဘယ်သောအခါမှ မမေ့ပါနှင့်။

မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ
(မေ့သားလှ-ဇလဂ္ဂ)

အပြန်အလှန် အညမညသဘောတရား 1


မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လေ့လာကြည့်လျှင် အပြန်အလှန် အညမညသဘောတရားများ ဟောကြားထားသည်ကို တွေ့ရပါသည်။ အပြန်အလှန် တာဝန်နှင့်ဝတ္တရားများကို လေးစားလိုက်နာဖို့ မြတ်ဗုဒ္ဓက အထူးတိုက်တွန်းတော်မူခဲ့သည်။ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား စသည်ဖြင့် အပြန်အလှန်ဝတ္တရားများ လေးစားလိုက်နာသင့်ပုံကို သိင်္ဂါလောဝါဒသုတ်တွင် အတိအလင်း ဟောကြားထားခဲ့ပေသည်။ မိဘနှစ်ပါးတို့သည် သားသမီးတို့အပေါ် အလွန်ကျေးဇူးတရားကြီးမားသောကြောင့် “မိဘတို့ကို မြင့်မိုရ်တောင်ဦး မကကျူး” ဟူ၍ပင် ဟောထားခဲ့ပေသည်။ မိဘတို့သည် သားသမီးတို့အပေါ်၌ မိဘဝတ္တရား ကျေပွန်သောကြောင့်သာ မြင့်မိုရ်တောင်ဦးဟု ဆိုချင်ပါသည်။ 

မိဘဝတ္တရားငါးပါးရှိသည်။ “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေးရင်းနှီး၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ”။(သင်္ဂဇာဆရာတော်)။ မိဘဝတ်တရား ငါးပါးတို့တွင် အဓိကအကျဆုံး အချက်သုံးခုမှာ “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” ဟူသော အချက် အများပင်ဖြစ်ပေသည်။ မိဘက ချမ်းသာမှသာလျှင် အရင်းအနှီး၊ လောကီအမွေများ ပေးနိုင်ပေမည်၊ အိမ်ထောင်ပြုပေးရာ၌လည်း သားသမီးတို့၏ စိတ်ဆန္ဒနှင့် များစွာပတ်သက်နေသဖြင့် မိဘကျင့်ဝတ်ထဲ၌ အရေးကြီးသည့် အချက်တော့ မဟုတ်ပေ။ မိဘတို့က ထိုမိဘဝတ္တရားငါးလုံးကို ပြည့်ပေးနိုင်လျှင်တော့ ပိုမိုအဆင်ပြေပါလိမ့်မည်။ မြင့်မိုရ်တောင်ဖြစ်ကြသည့် မိဘတို့ကိုယ်တိုင်ကလည်း သားသမီးတို့အတွက် စံပြဖြစ်ဖို့ အထူးလိုအပ်ပါသည်။ ကိုယ်ကိုတိုင် လက်တွေ့စံပြဖြစ်အောင် ကျင့်သုံးပြနိုင်မှသာ ဆိုဆုံးမခံရသူ သားသမီးများကလည်း တကယ့်ကို လေးစားလိုက်နာကြပေလိမ့်မည်။ 

“ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဟု အမိန့်ဆန်ဆန် အတ္တဆန်ဆန် အပြုအမူ အဆုံးအမမျိုးကို လေးလေးနက်နက် ခံယူလိုက်နာဖို့ ခဲယဉ်းပေလိမ့်မည်။ မိဘများကိုယ်တိုင်က သားသမီးတို့၏ စံပြ၊ မြင့်မိုရ်ဦး စိတ်ဓာတ်များ မထားနိုင်ပါလျှင် မိမိတို့၏ တဖက်သတ်ဆန်သည့် အဆုံးအမများသည် သားသမီးတို့အပေါ်၌ အလွန်ထိရောက်ခဲပါသည်။ မိဘတို့သည် သားသမီးတို့အပေါ်၌ စံပြအဖြစ် “အနန္တ”ဆိုသည့် မေတ္တာဓာတ်တွေ အကန့်အသတ်မရှိ အဆုံးအပိုင်းအခြားမရှိသည့် ဂုဏ်ထူး စွမ်းရှည်ထူးများများ ပိုင်ဆိုင်ထားကြဖို့ အထူးလိုအပ်ပါသည်။

မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ
မေ့သားလှ(ဇလဂ္ဂ)

အပြန်အလှန် အညမညသဘောတရား ၃


မိသားစုဘဝတည်ထောင်ကြရာမှာ ဇနီးမယား၏ မျက်နှာမကြည့်လျှင်တောင် သားသမီးတို့၏ မျက်နှာကို မြင်အောင်ကြည့်ရပါလိမ့်မည်။ သားသမီးတို့၏ ရှေ့ရေးသည် အလွန်အရေးကြီးလှပါသည်။ မိဘ၏ တာဝန်အပြည့်ရှိဖို့၊  မြင့်မိုရ်ဦးအဖြစ်သို့ ရောက်ဖို့သည် အလွန်ရေးကြီးလှသည်။ မိမိ၏ မှားယွင်းသော လုပ်ရပ်ဖြင့် သားသမီးတို့ကို အညွန့်မတုန်းစေသင့်ပါ။ “အဖေဆိုတာ သူကိုယ်တိုင် ချောက်ကမ်းပါးမှာ ကျနေချိန်၊ သို့မဟုတ် ကျဖို့ အလားအလာရှိနေသည့် အချိန်မှာတောင်မှ “သား-သမီး ဆိုတဲ့ အသိ” ခေါင်းထဲဝင်လာချိန်၌ သူ၏ စိတ်ဓာတ်များ မြင့်မိုရ်ဦးဆီသို့ ပြန်တက်သွားမိသည် “ ဟု ခံစားနားလည်ရသည်။

လူတော်တော်များ ကြည့်ဖူးကြသည့် တရုတ်ရုပ်သံ “ပေါင်ချိန် ဇာတ်လမ်း” ပညာပေး အခန်းလေးက မြင့်မိုရ်ဦး ဖြစ်ကြသည့် ဖခင်တို့အနေဖြင့် အလွန်အတုယူစရာ ကောင်းလှသည်။ “မိုက်ခဲ ညီနောင်” ဇာတ်ကွက်လေးပင် ဖြစ်သည်။ တဇောက်ကန်း လူသတ်သမား ဖြစ်သည့် ဇာတ်ကောင်ကို ပေါင်ချိန်တရားရုံးမှာ တရားစစ်ဆေးသည့် ပြကွက်ကလေးပင်။ သူ့မှာ အမွှာညီရယ်၊ ညီရဲ့မိန်းမ ခယ်မရယ်၊ သူ့မိခင်ရယ်၊ သူနဲ့အတူ ခြေသလုံး အိမ်တိုင်ထူ သွားလာရင်း ညားတဲ့ သူ့ကောင်မလေးရယ်ဟု ဇာတ်ကောင်းများ ပါဝင်သည်ထင်ပါ၏။ သူ လူသတ်သမား မိုက်ခဲဖြစ်သွားရခြင်းမှာတော့ တချိန်က သူအဖေ နိုင်ငံ့ရတနာ နိုင်ငံ့တာဝန်ထမ်းဆောင်စဉ် အမှုတစ်ခုမှာ မှားယွင်းစွာ စီရင်မိသည့်အတွက် တဘက်လူ နစ်နာသည်ဆိုကာ ပေါင်ချိန်တရားရုံးက ဖခင်ကို ရာထူးမှချ၊ နယ်နှင်ဒဏ်ပေးခဲ့သောကြောင့် ထိုမှ ထွက်အသွား လမ်းခရီးမှာ သေရှာရသည်၊ မိခင်လည်း မရှေးမနှောင်း သေခဲ့ရသည်။ ဥမမယ် စာမမြောက် ကျန်ရစ်ခဲ့သည့် အမွှာညီအကိုထဲက အကိုကြီး(မိုက်ခဲ)သည် သူ့မိဘများ မတရားအစီရင်ခံ သေဆုံးခဲ့ရသည်ဟု ထင်ပြီး ကလဲ့စားချေလို့သည့် စိတ်ဖြင့် သိုင်းပညာသင်ကာ လိုက်သတ်နေသည်။ သူကိုယ့်သူ သူ၏လုပ်ရပ်များ မှန်ကန်သည် ဟု ယူဆကာ ဆက်လုပ်ကာ မိုက်ရိုင်းနေသည်။

နောက်ဆုံး ပေါင်ချိန်တရားရုံးထိ ရောက်လာသည်။ ပေါင်ချိန်က “မင်းလုပ်ရပ်တွေ မှန်တယ်ဆိုရင် မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား” ဟုမေးလိုက်သည်။ ထိုအခါ သူ့ကောင်မလေး ရောက်လာပြီး သူ့ဝမ်းမှာ သားလေးကိုယ်ဝန်လွယ်ထားရကြောင်းကို ပြောလိုက်တော့မှ ဇာတ်လိုက်ဖြစ်သည့် မိုက်ခဲသည် အရင်က မိမိလုပ်ရပ်တွေ မှန်ကန်သည်ဟု ယူဆသော်လည်း ယခုမှ မှားယွင်းမိကြောင်း ငိုယိုပြီး “မဖြစ်စေရဘူး၊ ငါ့သားဟာ ငါ့လိုလူ ဘယ်တော့မှ မဖြစ်စေရဘူး”ဟု ဟစ်အောင်ငိုကြွေးကာ သူ့သားကို ဖခင်ကောင်းတယောက်ပီသအောင် ပြုစုစောင့်ရှောက်မည်၊ နောက်ဒီလို မှားယွင်းသည့်လုပ်ရပ် သားလေး၏ မျက်နှာကို ထောက်ထားကာ ဘယ်တော့မှ မလုပ်တော့ဟုဆိုသည့် ပညာပေး သင်ခန်းစာလေးကို မှတ်သားသင့်ပေသည်။ အတုယူလိုက်နာ ကျင့်သုံးသင့်ပေသည်။

ဇာတ်လမ်းထဲမှ သူ၏ဇနီးသည်လေးသည်လည်း အတုယူလေးစားစရာပင်။ သူ့ဝါသနာအတိုင်း ခါးပိုက်နှိုက်အလုပ်ကို လုပ်ခဲ့ပါသော်လည်း နောက်ဆုံး သူ့သားလေး၏ မျက်နှာကို သွားမြင်လိုက်တာနှင့် တပြိုင်နက် သူမ၏ ခါးပိုက်နှိုက် အလစ်သုတ်သည့် ဝါသနာကို စွန့်လွှတ်ခဲ့သည်။ သားလေးမျက်နှာကို သွားမြင်တော့ “မဖြစ်ဘူး၊ ငါ ငါ့သားလေးကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင်၊ လူတော်လူကောင်းဖြစ်အောင် ပြုစုရမယ်၊ ဒီလိုမကောင်းတဲ့အလုပ် ငါဆက်မလုပ်တော့ဘူး၊ ခုချိန်ကစပြီး သားလေးရဲ့ ရှေ့ရေးအတွက် စံပြ မိခင်ကောင်း တစ်ယောက်ဖြစ်အောင် ငါနေရမယ်”ဟု ဆုံးဖြတ်ပြီး ခါးပိုက်နှိုက်သည့် လုပ်ရပ်ကို စွှန့်လွှတ်လိုက်ခြင်းသည် အလွန်မှတ်သားစရာပင်။ 

တရားသူကြီး ပေါင်ချိန်နှင့် စကားပြောရာတွင်လည်း ”ကျမ သားလေးကို ကိုယ့်အစွမ်းအစနဲ့ လူတလုံး သူတလုံး ဖြစ်အောင် ပြုစုပျိုးထောင်မယ်၊ နောက် အနှစ် (၂၀) ကျရင် ကျမသားလေး ဘုရင့် စာမေးပွဲ ဖြေဆိုနိုင်စေရမယ်” ဟု ပြောသည့် မိခင်၏ စကားလေးများသည် အလွန်တရာ မှတ်သားထိုက် လေးစားအတုယူထိုက်လှပါသည်။ “တကယ့် မြင့်မိုရ်ဦး စိတ်ဓာတ်အပြည့်အဝရှိသည့် မိခင်ပါလား”ဟု တွေးပြီး လေးစား ချီးကျူးမိပါတော့သည်။ မိမိသားသမီးကို တကယ်ချစ်သည့် မိဘအားလုံး သားသမီးတို့၏ မျက်နှာ ရှေ့ရေးကိုကြည့်ပြီး မြင့်မိုရ်ဦးပီသကြပါစေဟု ဆန္ဒပြုရင်း။


မေတ္တာဖြင့်
ပညာရိပ်သာဆရာတော်
  ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
          ၂၆-၀၁-၂၀၁၄ (ညနေ ၇ နာရီ ရေးပြီး)