" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, May 13, 2014

တဏှာနွမ်းကြွေ တောပြုန်းလေသော် (အခန်းဆက်) အဆုံးပိုင်း


တစ်နေ့မှာတော့ ကျွန်မကို မိန်းကလေးက ကနွဲ့ကလျနဲ့ ဖွာကြဲနေသော သူ့ဆံယဉ်စလေးများကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်ပေးဖို့ ပြောလာပါသည်။ ကျွန်မ သူ့ဆံပင်ပျော့ပျော့ ပျောင်းပျောင်းလေးများကို ဘီးနဲ့ခွဲအပေးလိုက်မှာ ငယ်ထိပ်က ဆံပင်ကို ဖြီးလိုက်တော့ “ဟင်…အမာရွတ်ကြီးပါလား။ ဘယ်တုန်းက ထိမိခိုက်မိခဲ့တာလဲ မိန်းကလေးရယ်”ဟု ကရုဏာနဲ့ မေးလိုက်မိပါသည်။ ထိုအခါ မိန်းကလေး၏ လေသံက တင်းမာသွားပြီး“ ဒီအမာရွတ်က အမေနဲ့အဖေ ရန်ဖြစ်ကြရာတွင် ကြားထဲက ကျွန်မမှာ သေရာပါဒဏ်ရာကြီး ဖြစ်ခဲ့ရတာပါ။ ဒီဒဏ်ရာကြီးနဲ့ မွေးကင်းစလေးဖြစ်တဲ့ ကျွန်မကို အမေမပီသတဲ့ အမေက ထားပစ်ခဲ့ပြီး စွန့်ခွါသွားခဲ့တာလေ” ဟု စိတ်နာနာနှင့် မိန်းကလေးက ပြောလိုက်သည်။ အို… အမေမပီသတဲ့ အမေဟုတ်လား။ ကျွန်မ မိုက်ခနဲ ရင်ထဲမှာ နင့်သွားအောင် ခံစားလိုက်ရသည်။ ကျွန်မ စိတ်ရှိလက်ရှိ ငိုရှိုက်မိရင်း   “ဖြစ်ရလေ မိန်းကလေးရယ်၊ ဒါ…ဒါဆို မင်းဟာ ဓားပြကြီးရဲ့ သမီးလေးပေါ့ ဟုတ်လား” ကျွန်မစိတ်တွေ အရမ်းလှုပ်ရှားသွားပြီး အသက်မရှုတမ်း မေးကြည့်လိုက်တော့“ ဟင်…မမဘယ်လိုလုပ် သိတာလည်းဟင်”ဟု မိန်းကလေးက မျက်လုံး အဝိုင်းသားလေးနဲ့ ကျွန်မကို စိုက်ကြည့်ပြီး မေးလိုက်တော့ ကျွန်မ ရူးမတတ်ခံစားလိုက်ရသည်။

                “သမီး အမေဟာ သမီးလေးရဲ့ အမေပါသမီးလေးရယ်။ အမေ့ကိုအထင်မလွဲပါနဲ့၊ အမေလေ သမီးလေးကို အမေ-မပီသနိုင်လောက်အောင် စွန့်ခွါပြေးခဲ့ရတာက အမေ့အသက်ဘေးကြောင့် ထွက်ပြေးခဲ့ရတာပါ သမီးလေးရယ်။ အမေ့ကို ခွင့်လွှတ်ပါနော်။ အမေ တောင်းပန်ပါတယ်” ကျွန်မ မျက်ရည်လည်ရွှဲနှင့် ပြောပြနေတာကို စိုက်ကြည့်နေသော သမီးလေးသည်လည်း တသိမ့်သိမ့် တရှိုက်ရှိုက်ငိုယိုရင်း ကျွန်မကို တအား ဖက်ထားလိုက်သည်။ “အမေ အမေရယ်” ဒီအခိုက်မှာ ကျွန်မနှင့် သမီးလေး နှစ်ယောက်လုံးတို့၏ လင်တော်မောင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာနဲ့ ကြုံသွားပြီး “ဘာဖြစ်နေတာလည်းဗျာ၊ ပြောကြစမ်းပါဦး” ဆိုတော့ ကျွန်မနှင့် သမီးလေးတို့၏ ကံဆိုးလှသည့်အဖြစ်နှင့် (လင်တော်မောင်)သူနဲ့ တစ်လင်တည်းမယား ဖြစ်နေရပုံကို ရှက်ရွံ့စွာ ပြောပြ လိုက်ရပါတော့သည်။ ဒီအခါ သူ(လင်တော်မောင်)က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း“ ကဲ…စိတ်ပင်ပန်းခံပြီး ငိုမနေကြနဲ့၊  ဒီလို တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်တွေ ရှိတတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရဖူးတဲ့သူပါပဲ။ ကျွန်တော်ဟာ ရာဇဂြိုဟ်နဲ့ သာဝတ္ထိသွားတဲ့ လမ်းခုလတ် ဇရပ်ပျက်မှာ စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစနို့စိုကလေးလေးပါတဲ့။ ဘဝတူတွေပါဘဲ။  

               တိုက်တိုက်ဆိုင်ဆိုင် သာဝတ္ထိပြည်က လှည်ကုန်သည်မှူးကတွေ့လို့ မွေးစားခဲ့သောကြောင့်သာ မသေကောင်း မပျောက်ကောင်းလို့ ကံကောင်းထောက်မပြီး လူဖြစ်ခဲ့ရတာပါ” ဟု လင်တော်မောင်က သူ့ဖြစ်အင်ကို စုံလင်စွာ ပြောပြလေတော့သည်။  ဟင်…ကျွန်မရဲ့ ဦးခေါင်းဟာ အိုးထိန်းစက်လို ချာချာလည် သွားရပြန်ပါသည်။ ကျွန်မနှလုံးသားတွေ တဆတ်ဆတ်ခုန်ပြီး ကျွန်မရဲ့ တဆတ်ဆတ်တုန်နေသော  နှုတ်ခမ်းက တုန်တုန်ရီရီ ဆို့နင့်ကြေကွဲစွာနဲ့ “သား…အမေ့ရဲ့သား၊ မင်းဟာ အမေမွေးခဲ့ရာက ပျောက်ဆုံးသွားတဲ့ အမေ့ရဲ့ သားပါကွယ်။ ဆိုးဝါးလှတဲ့ ကံကြမ္မာရယ် တို့-သားအမိကိုမှ ရွေးပြီး နှိပ်စက်လှချည့်လား။ ခုတော့ တို့သားအမိတွေမှာ ကံကြမ္မာရဲ့  လှည့်စားမူကြောင့် ရှင်ကွဲကွဲနေခဲ့ရာက ခုတော့ သားနဲ့အမေ၊ သမီးနဲ့သား၊ တစ်လင်တည်း မယားအဖြစ် ကျော်မကောင်း ကြားမကောင်း ရှက်စရာကောင်းလှပါလား။  

                “အမေ…ညီမလေး” သားရဲ့နှုတ်ဖျားက ဝမ်းနည်းကြေကွဲစွာ ထွက်ပေါ်လာသလို “အမေ…အစ်ကို ကျွန်မတို့…”ဟင်ခနဲ သမီးလေးရဲ့ ရှက်ရွံ့ဝမ်းနည်းစွာ ငိုရှိုက်သံ … ။ ကျွန်မရင်ထုမနာ ရှက်ရွံ့ငိုကြွေးနေရာက လင်းခနဲ အသိတစ်ခု ဝင်လာခဲ့ပါတော့သည်။ ထိုအသိနှင့် အတူ သံဝေဂကြီးစွာရလိုက်ပါသည်။  “သားတို့ သမီးတို့ မငိုကြနဲ့တော့  တကယ်တော့ တို့သားအမိတွေ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ကြရတာဟာ မသိမှုအဝိဇ္ဇာကို အရင်းခံပြီး တပ်မက်မှုတဏှာနဲ့ ကာမဂုဏ်ရေယဉ်ကြောမှာ မျောပါမိခဲ့တဲ့အတွက် ပေါ်ပေါက်ခဲ့ရတဲ့ အပြစ်တွေပါ။ တဏှာ-ကမ္မကိလေ မီးမွှေလို့ ကပ်ခါပူးတော့ အရူးတွေ ဖြစ်ရတာပါ။ တဏှာအိုင်ဗွက် နွမ်အတွင်းသို့ ဇွတ်အတင်းဆင်းပြီး ဝိမရိဏာမ မထိတထိနဲ့ ကလိတိတိ လာဆွတော့ မချိတချိ အနာရလိုက်ကြတာပါ။ သဘာဝအလွန် ရာဂမွှန်တော့ ကာမကျွန်တွေ တဏှာကျွန်တွေ ဖြစ်ကြရတာပါ သားတို့သမီးတို့။ ဒီဒုက္ခ ကာမညွှန်တွင်း အမေတော့ မသက်ဆင်း ချင်တော့ပါဘူး သားတို့ သမီးတို့ရေ။ အမေတော့ ဒီကာမဂုဏ် အာရုံခံစားမှုတွေကို စက်ဆုပ်နေပြီမို့ ဒီအပြစ်တွေမှ လွတ်မြောက်ရာ ငြိမ်းအေးမှုဓမ္မကို ရှာဖွေတော့မယ်၊ ဘိက္ခူနီမအဖြစ်နဲ့ သဗ္ဗညုဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာ ခိုလုံကျင့်ကြံနေထိုင်တော့မယ်၊ အမေ့ကို ခွင့်ပြုကြပါတော့၊ အမေသွားတော့မယ်” ဟု သားနှင့် သမီးကို သီဝေသော မျက်လုံးတွေနှင့် ကြည့်လိုက်ပြီး ထွက်ခွါဖို့ ကျောခိုင်းလိုက်သောအခါ သမီးလေးက…  “သမီးကို ဒီတစ်ခါ ထပ်စွန့်ခွါ သွားဦးမလို့လား အမေရယ်။ သမီးလည်း အမေနဲ့အတူ ဘိက္ခူနီပြုပါရစေ”ဟု ပြောလိုက်သည့် အခါမှာတော့  “အမေနဲ့ ညီမလေးတို့ရေ ငြိမ်းအေးမှုကိုရအောင် ရှာကြပေတော့ ကျွန်တော်လည်း ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာ ဘိက္ခုအဖြစ်နဲ့ ငြိမ်းအေးမှုရအောင် ကျင့်ကြံနေတော့မယ်”ဟု ပြောပြီး သားတော်သည်လည်း ကျောခိုင်း ထွက်ခွာသွားပါတော့သည်။

               လင်တော်မောင် တဆစ်ချိုးဘဝ သားလေးသည် သံဝေဂ ကြီးစွာရလျက် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့လေပြီ။ သားရဟန်းသည် ဂင်္ဂါမြစ်ကမ်း၌ ရဟန်းတရား အားထုတ်ဖို့ ထန်းပင်မှ ကြွေကျသော ထန်းလက်ရွက်သုံးခုတို့ဖြင့် နေစရာ ခနော်နီ ခနော်နဲ့ ကုဋီ-ထမ်းရွက်မိုးကျောင်းလေးကို ဆောက်လုပ်ကာ သီတင်းသုံးနေသည်ကို အစွဲပြု၍ ဂင်္ဂါတိရိယမထေရ်ဟု ထင်းရှား၍ မိခင်မှာလည်း သားရဟန်း၏အမည်ကို အစွဲပြုလျက် ဂင်္ဂါတိရိယမာတာဟု အမည်တွင်ခဲ့ပါသည်။  ညီမလေးသည်လည်း ဘိက္ခုနီ-ရဟန်းဖြစ်သောအခါ ဂင်္ဂါတီရိယထေရဿ မာတုယာ ဓီတာ(ဂင်္ဂါတိရိယမာတာ၏ သမီးတော်)ဟု အမည်တွင်ခဲ့လေသည်။ တကယ်တော့ ပုထုဇဉ်ဘဝတုန်းက ဂင်္ဂါတိရိယသားအမိသုံးယောက်သာမက ပုထုဇဉ်အများစုသည် ငါးပါးအာရုံ ကာမဂုဏ်၌ စုပြုံတိုးဝှေ့ကာ အလွန်ပျော်မွေ့ကြပြီး ဓလေ့စရိုက်အားဖြင့် အချိုကြိုက်ကြသူ ချည်းသာတည်း။
တဏှာရာဂ ပူးဝင်ကြသော်
လောက၌တွင် ပုထုဇဉ်ကား
လိုအင်များစွာ ဆွဲဆောင်ရာသို့
လိုက်ပါသွားရင်း ရှင်သန်ရင်းဖြင့်
သေခြင်းမရောက် သက်မပျောက်ခင်
ဘဝင်ရွှင်လျှက်
ရမ္မက်ကိလေသာ အားကြီးစွာသား
ငါးပါးအာရုံ ကာမဂုဏ်၌
စုပြုံတိုးဝှေ့ လွန်ပျော်မွေ့လျှက်
ဓလေ့စရိုက် အချိုကြိုက်ကြ။
အလိုလိုက်ကာ ဒီဘဝမှာ
အကျနာ မဖြစ်ကြစေဖို့
ခဏတာ အရသာ အချစ်ကိုကွယ်
ယောင်ရမ်းကာ မတိုးကြပါလေနဲ့
ညစ်ကျိုးတွေက ထပ်ဆင့်တိုးဖို့သာပင်
ကြမ္မာရိုင်း မုန်တိုင်းပမာ
ကံဇာတာ ညှိုးရှာခြေရင်ဖြင့်
ကဆုန်စိုင်းလာ မြန်မကြာ
ရောက်လာလိမ့်မယ် စိုးထိတ်စရာ။
တွယ်ငြိကာ ဆွဲဆောင်
တုတ်နှောင်ကာခိုင်မြဲ
တဏှာ မာန စတဲ့ ကြိုးတွေကိုကွယ်
မငြိချင်ကြစမ်းပါနဲ့
နောက်တစ်ခါ ဖောက်ပြားကာ
ထပ်မမှားကြစေဖို့
အရာရာတိုင်းမှာ ဝေဖန်ပိုင်းဖြတ်ကာ
အထပ်ထပ် သတိယှဉ်
တကယ်ပင် ဥာဏ်ဖြင့်ရှူ့
ဘယ်သူမပြု မိမိမှု
အမှားအမှန် ဝေဖန်ရှု့။ မေ့သားလှ (ဇလဂ္ဂ)  (12-09-2010) 
ဂင်္ဂါတိရိယမထေရ်သည် မိမိ၏ဘဝကံကြမ္မာကို အမှားအမှန် အဖန်ဖန် အထပ်ထပ်သုံးသပ်ကာ ပညာဥာဏ်ဖြင့် ဆင်ခြင်ကြည့်နေမိ၏။ မထေရ်သည် သူ၏ ဘဝကံကြမ္မာကို စက်ဆုတ်လှသောကြောင့် အရဟတ္တဖိုလ်မရမချင်း မည်သူတစ်ဦးတယောက်နှင့်မျှ စကားပြောလိုစိတ်မရှိ၊ မည်သူနှင့်မျှ စကားလုံးဝ မပြောတော့အံ့ဟု မိမိစိတ်ကို အဓိဋ္ဌာန်ချလျက် ပထမတစ်နှစ်လုံးလုံး ဂင်္ဂါမြစ်ကမ်းက ထန်းရွက်မိုးကျောင်းလေးမှာ စကားမပြောဘဲ ဝစီပိတ်ကျင့် နေတော်မူသည်။ ဆွမ်းခံသွားချိန်တန်လျှင် ဆွမ်းခံရွာသို့ သွားရောက် ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးသည်။ မည်သူနှင့်မျှ ဆွမ်းခံရွာတွင်လည်း စကားတခွန်းတစ်ပါဒမျှ မပြောချေ။ မထေရ်သည် ပုထုဇဉ်ဘဝဖြစ်နေသေးသဖြင့် မိမိဘဝ ဇာတ်ကြောင်း မေးလာကြလျှင် ဖြေကြားပြောဆိုနေရပါက စိတ်ညစ်စရာချည်း ဖြစ်နေမည်၏။ ထို့ကြောင့် အေးအေးလူလူ ပထမဆုံးတစ်နှစ် လူသူကင်းရာ ဂင်္ဂါမြစ်ကမ်းမှာ ထန်းရွက်မိုးကျောင်းလေး ဆောက်ကာ ပစ္စည်းလေးပါး ရောင့်ရဲ့တင်းတိမ်လျက် ရဟန်းတရားကိုသာ အပြင်းအထန် အားထုတ်တော်မူ၏။
မထေရ်သည် ရဟန်းဖြစ်ပြီး (၂)နှစ်မြောက် ရောက်သောအခါ တစ်ခုသော ဆွမ်းခံရွာမှ လိမ္မာပါးနပ်သော အမျိုးသမီးတစ်ယောက်က “ဒီ မထေရ်ဟာ တကယ်ပင် စကား မပြောတတ်လား၊ အ-များနေတာလား” ဟုတ်မဟုတ်ကို စုံစမ်းလိုသောကြောင့် မထေရ်ဆွမ်းခံ ကြွလာစဉ် သပိတ်ထဲ၌ နို့ရည်တွေ ပြည့်လျှံသွားအောင် လောင်းထည့်လှူလိုက်လေ၏။ ထိုအခါ မထေရ်က “အလံ ဘဂိနီ-နှမ ဒီလောက်ဆို တော်လောက်ပြီ၊ လုံလောက်ပြီ” ဟူသော စကားတစ်ခွန်ဖြင့်သာ တုန့်ပြန်ခဲ့လေ၏။ ဂင်္ဂါမြစ်ကမ်းမှာ သီတင်းသုံးနေစဉ် ရဟန်းဖြစ်ပြီး (၃) နှစ်အတွင်း ရဟန်းတရား ဆက်လက် အပြင်းအထန် အားထုတ်ကာ ရဟန္တာဖြစ်တော်မူခဲ့လေသည်။
အဝိဇ္ဇာအမှောင်ထုမှ ရုန်းထွက်ခဲ့သော သားအမိသုံးဦးလုံးသည် ဤတစ်လံမျှလောက်သော ကိုယ်အတွင်း၌ပင်လျှင် လောကကို လည်းကောင်း၊ လောကက၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ လောက၏ ချုပ်ရာကို လည်းကောင်း၊ လောက၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိမြင်ပြီး အာသဝေါ တရားတို့မှ လွတ်မြောက်ကာ ငြိမ်းအေးရာ အမှန်ဖြစ်သော သန္တိသုခ နိဗ္ဗာနဓာတ်ကို ရရှိခဲ့ကြလေပြီတကား။ ဂင်္ဂါတိရိယမထေရ်၏ ဘဝပုံရိပ်ကို ဗုဒ္ဓအဆုံးအမ ဝေဒနာသံယုတ်၊ အင်္ဂါရသုတ်လာအတိုင်း ခံစားရေးဖွဲ့ကြည့်ရသော်…

မီးပမာလို လောင်ကျွမ်း
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။

ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်၊

အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။

မီးဆယ့်တစ်ဖြာ လောင်ကျွမ်းပါသော
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်ရမှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ) ၁၀-၂၆-၂၀၁၀

               ထို့ပြင် တစ်ခန်းရပ် ဇာတ်လမ်းအဖြစ် ဂင်္ဂါတိရိယမထေရ်ကို အပါဒါန် ပါဠိစာပေ၌ ဥဒကဒါယက မထေရ်ဟုလည်း အမည်တွင်သေးသည်။ မထေရ်လောင်းလျာသည် ပါရမီနုစဉ် ပဒုမုတ္တရ ဘုရားရှင်လက်ထက်က သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားလေး ဖြစ်ခဲ့ပြီး ဘုရားအမှူးရှိသော သံဃာတော်အပေါင်းအား သောက်တော်ရေများ လှူဒါန်းခဲ့ဖူးလေ၏။ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည် စုံချည်ဆန်ချည် ကျင်လည်ရကာ လူ့နတ်ချမ်းသာများ ခံစားစံစားရပြီး နောက်ဆုံးဘဝတွင် ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်က တယောက်သော သူဋ္ဌေး၏ သားဖြစ်ကာ ငယ်နာမည်ကို ဒတ္တဟု ခေါ်ဆိုကြောင်း ဂင်္ဂါတီရိယတ္ထေရဂါထာ ဝဏ္ဏာနာ၌ လာရှိ၏။ သာဝတ္ထိပြည်က သူဋ္ဌေးဆိုသည်မှာလည်း သူ့ကို ဇရပ်တစ်ခုပေါ်တွင် ငိုနေသည်ကို တွေ့သဖြင့် ကောက်ယူမွေးစားထားသော လှည်းကုန်သည် သူဋ္ဌေးဟု ဆိုရမည် ဖြစ်ပေသည်။  

               အရွယ်ရောက်တော့ အထက်ပါဆိုခဲ့ပြီး သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ပါဝင်သည့် စက်ဆုပ်စရာ ကာမဂုဏ်နွံအိုင်ထဲမှာ အမေနှင့်သမီးဖြစ်သော သူတို့သည် သားအရင်း၊ သမီး၏ မောင်အရင်းဖြစ်သူနှင့် တစ်လင်တည်းမယားတွေ ဖြစ်နေကြခြင်း တည်းဟူသော အဂမနီယဋ္ဌာန- ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းမှာ မကြားဝံ့မနာသာ ရှက်ရွံ့စက်ဆုပ်ဖွယ်ရာ မပြုသင့်မပြုထိုက် ကာမပြစ်မှား မလားထိုက်သော အမှုကိစ္စမျိုးကို အဝိဇ္ဇာပိတ်ကာဆိုမှုကြောင့် မသိကြဘဲ ကျူးလွန်မိသဖြင့် နောက်တစ်ဖန် အဖြစ်သနစ်မှန်သိ သတိသံဝေဂရကာ စက်ဆုပ် ရွံရှာစရာ ကောင်းလှသည့် ကာမဂုဏ်တို့၏အပြစ်တွေကို ထိတ်လန့်ရှက်ရွံ့လွန်းလို့ ကာမဂုဏ် နွံအိုင်းထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်မှ ဒီအဖြစ်ဆိုးက လွတ်မြောက်မှာပါ လားဟု သိမြင်ကြပြီး ယုတ်ညံ့သည့် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး မြင့်မြတ်တဲ့ရဟန်းဘောင်ကို ရဟန်းပြုခဲ့ကြပါတော့သည်။ လူသူဝေးရာ ဂင်္ဂါမြစ်ကမ်း ထန်းရွက်မိုးကျောင်းလေး ဆောက်ကာ သုံးနှစ်တိုင်တိုင် ကြိုးစားအားထုတ်မှ အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေသည်။ ရဟန္တာဖြစ်သောအခါ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင့် ဥဒကဒါယကတ္ထေရ အပါဒါန်မှာ ဤကဲ့သို့ ဥဒါန်း ကျူးရင့်တော် မူခဲ့ လေသည်။

၁။ ပဒုမုတ္တရ မြတ်ဗုဒ္ဓ၏ အမြတ်ဆုံးဖြစ်သော သံဃာတော်၌ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သောက်ရေအိုးကို ပြည့်စေခဲ့၏။
၂။ တောင်ထိပ်၌လည်းကောင်း၊ သစ်ပင်ဖျား၌ လည်းကောင်း၊ ကောင်းကင်၌ လည်းကောင်း၊ သို့မဟုတ် မြေပြင်၌လည်းကောင်း သောက်ရေကို အလိုရှိ၏။ ထိုအခါ (ရေသည်) ငါ့အား လျင်မြန်စွာ ဖြစ်လေ၏။ ။
၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ရေ) အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ဒုဂ္ဂတိဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူခဲ့ရခြင်း၏ အကျိုးပေတည်း။
၎။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ အာသဝေါတရား အားလုံးတို့ကို ပယ်နှတ်အပ်ကုန်ပြီ။ “ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့” ငါသည် အာသဝေါတရား မရှိဘဲ နေရ၏။
၅။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏။ ငါသည် မြတ်စွာဘုရားအထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါပေကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပေပြီ။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိဥာဉ်တို့ကိုလည်းကောင်း  မျက်မှောက်ပြုအပ်ပါပေကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ဂင်္ဂါတီရိယမထေရ်ဟူ၍လည်းကောင်း အမည်တွင်သော အရှင်ဥဒကမထေရ်မြတ်သည် အထက်ပါ ဂါထာတို့ကို ဝမ်းမြောက်စွာ ကျူးရင့် မိန့်ဆိုခဲ့လေသည်။
                              
                               ကမ္မာပရာဓ သတ္တာနံ၊ ဝိနာသေ ပစ္စုပဋ္ဌိတေ၊
                               အနယော နယရူပေ၊ ဗုဒ္ဓိပက္ကမျ တိဋ္ဌတိ။

သတ္တဝါတို့သည် ကံကြမ္မာ ညှိုးရှာက ပျက်စီးချိန်တန်ပါလျှင် နည်းလမ်းမဟုတ်သည့် အရာကို နည်းလမ်းမှန်ကန်သည်ဟု ယူဆတတ်ကြကာ သူတို့၏ လုပ်ဆောင်ချက်သည် အသိတရားကို ကျော်လွန်သွား၍(မသိမှုအဝိဇ္ဇာ ဖုံးလွှမ်းသွားကာ) မှောက်မှောက်မှားမှား ကျော်မကောင်း ကြားမကောင်း အဖြစ်အပျက်များ ဖြစ်ပွါးပြီး ရာဇဝင်မှာ စာတင် ကျန်ရစ် တည်ရစ်ခဲ့ပေသည်။  

ဂင်္ဂါတိရိယမထေရ်တို့ မိသားစု သုံးယောက်တို့သည် တကယ့် ကျွတ်တမ်းဝင်ကြရမည့် ပါရမီရှင်တွေ ဖြစ်ကြသည်။ သို့သော် ပျက်စီးချိန်တန်က ဘဝပျက်စီးမှုမျိုးနှင့် လောကဓံ အမျိုးမျိုး ကြုံတွေ့ကာ နောက်ဆုံးမှ အသိတရား ရကြပေသည်။ တစ်ချို့သော သူတို့သည် အသိတရားပင် မရလိုက်ကြဘဲ နောင်တတရားဖြင့်  ဇာတ်လမ်းသွားကာ သံသရာမှာ ဆက်လက်ကျင်လည် ကြရပေသည်။ ဂင်္ဂါတီရိယမထေရ်တို့၏ နှလုံးသားများ အလွန်ဖြူစင် ရိုးသားလှသည်ကို ကြည်ညို မဆုံးဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် သာမန်ပုထုဇဉ်များသာဆိုလျှင် ဤကဲ့သို့ ကျော်မကောင်း ကြားမကောင်း အဖြစ်အပျက်များကို သမိုင်းတွင်ရစ်အောင် ကိုယ်တိုင်ထုတ်ဖော် ပြောကြားဖို့ ဝေးစွ။ သို့သော် မထေရ်မြတ်တို့ မိသားစု သုံးယောက်တို့သည် သစ္စာသိမြင် အရိယာအရှင်များ ဖြစ်သည့်အားလျှော်စွာ သူတို့၏ ပုံရိပ်ကို မကွယ်မဝှက်ဘဲ ကောင်းဆိုးအားလုံးကို ရိုသားပွင့်လင်းစွာ ဖွင့်ဟတင်ပြကာ ဥဒါန်းများပင် ကျူးရင့်တော်မူခဲ့ကြသေးသည်။ အလွန်တရာပင် သူတို့၏ နှလုံးသားမျိုးကို လေးစားကြည်ညိုဖွယ်ကောင်းပေစွ။

ဂင်္ဂါတီရိယမထေရ်၊ မယ်တော်နှင့် ညီမတော်သုံးယောက်တို့၏ သန္တာန်တွင် ကံကိလေသာ အစိုအစေးမရှိတော့ဘဲ သူတို့၏ နှလုံးသားသန္တာန်မှာ အချစ်တဏှာပန်းများ နွမ်းကြွေခဲ့လေပြီ။ ဇာတိဇရာ မရဏစသော ဘေးအန္တရာယ်ပေါများသည့် ကိလေသာတောကြီး တောငယ် အသွယ်သွယ် ပြုန်းတီးကာ အလွန်သာယာ အေးမြလှသည့် အမြိုက်နိဗ္ဗာန်သို့ ပျော်ပျော်ကြီး ဝင်စံခဲ့ကြ လေတော့သည်။

စာဖတ်သူအားလုံး တဏှာပန်းကြွေ ကိလေသာတောများ ပြုန်းတီးနိုင်ကြပါစေ။
တဏှာပန်းကြွေ ကိလေသာတောများ ပြုန်းတီးအောင် ကြိုးစားနိုင်ကြပါစေ။


                                                                                    မေတ္တာဖြင့်
                                                                            ပညာရိပ်သာဆရာတော်
                                                             (သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ
    (မေ့သားလှ-ဇလဂ္ဂ)
  ၁၃-၅-၂၀၁၄(အင်္ဂါနေ့)
၁၃၇၆ခု၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ရေးပြီး၏


တဏှာနွမ်းကြွေ တောပြုန်းလေသော် (အခန်းဆက်) 1


 တုံ့မယူရက်၊ ရှုံးသူဘက်နာ၊ ခံခက်စွာဖြင့် ကျွန်မသည် မောင့်ကို ခွင့်လွှတ်နည်းလည်ပေးဖို့ မောင်နှင့်တွေ့ချင်လွန်းလို့ မောင်-ကုန်ရောင်းသွားရာ ရာဇဂြိုဟ်မြို့ဆီသို့ အားတင်းကာမျှော်မှန်း လျှောက်လှမ်းထွက်လာခဲ့ပြီ မောင်ရေ။ အလိုလေး- ဒုက္ခဒုက္ခ၊ နေကလည်း ပူလွန်းလှချည်ရဲ့၊ သို့သော်လည်း ငါ့အပူမီးက နွေခေါင်ခေါင် နေ့လည်မှာ ခြစ်ခြစ်တောက် ပူလောင်နေသည့် သူရိယနေမင်းကြီး၏ အပူထက်ပင် ပိုပြီး ပူလွန်းလှပါရော့လား။ အဖော်မဲ့ မိန်းမသား ကျွန်မတစ်ယောက်တည်း ရာသီဥတုဒဏ်ကို အံတုရင်း အစာရေစာမဲ့ကာ နွမ်းလျမောပန်းစွာ ခရီးနှင်ခဲ့တာ တော်တော်လေး ခရီးရောက်ခဲ့လေပြီ။ ဟော့…ဟိုရှေ့မှာ ဝေးလံခေါင်သီ လူမရှိ သူမရှိ ခနော်နီခနော်နဲ့ ကျိုးတိုကျဲတဲ ယိမ်းယိုင်ပြိုကျလုမတတ် ကျွန်မဘဝနှင့်တူလှသည့် ဇရပ်လေးအိုလေး တစ်ခုသို့ ကျွန်မရောက်ရှိခဲ့ပြီ။ ပြိုလဲမတတ် ဒယိမ်းဒရိုင် ခြေလှမ်းတို့ဖြင့် ရှိသမျှအင်အားတင်းထားကာ ဇရပ်လေးပေါ်သို့ မနည်းကုတ်ခြစ် တွယ်ဖက်တက်ခဲ့ရသည်။  
ရှာဖွေမတွေ့၊ ပြာဝေမေ့လု၊ တရွေ့ရွေ့လှမ်း၊ မောပန်းစွာဖြင့် ကျွန်မမျက်လုံးတွေလည်း ပြာဝေခဲ့ပြီ။ မောဟိုက်လွန်းလို့ ကိုယ်ခန္ဓာလှဲအချလိုက်မှာ မိုက်ခနဲ သတိလွတ်မတတ် ဖြစ်သွား၏။ ရင်မှာလွယ်ထားရသည့် ကိုယ်ဝန်တစ်ခုလုံး ပေါက်ထွက်သွားမတတ် မချိရင်ကဲ ချွေးသီးချွေးပေါက်တွေကျ နာကျင်စွာဟစ်အော်ညီးညူရင်း မနေနိုင်မထိုင်နိုင် မအောင့်နိုင် မအီးနိုင်တော့ဘဲ ကမ္မဇလေတွေက တွန်းကန်လှုပ်ရှားနေမှုကြောင့် အဖော်မဲ့ အံကြိတ်ပြီး တစ်ယောက်တည်း ဖေးမသူကင်းမဲ့စွာ အာဝေဏိကဒုက္ခကို ခါးစည်းခံရင်း ချစ်စရာ ရွှေအဆင်းနှင့်တူသော သားလေးတစ်ယောက် ဖွားမြင်ခဲ့ရသည်။ ဘဝလှိုင်းဒဏ်၊ ငိုရှိုက်သံများ၊ ငါ့အား လှုပ်ခတ်လေပြီ။ “အူဝဲ၊ အူဝဲ…” စူးခနဲအော်လိုက်သော သား-ကလေးအသံကြောင့် ကျွန်မရင်မှာ တုန်လှုပ်သွားပြီး ကလေးကို ကြည့်လိုက်မိသည်။ အို…အမေ့သားလေး၊ ကျွန်မသားလေး … ရွှေရုပ်လေးနှယ် ချစ်စရာကောင်းလိုက်တာ။ ကျွန်မရင်ထဲမှာ သားရွှေရုပ်ကို တစိမ့်စိမ့်ကြည့်ရင်း “သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းတည့်” ဆိုသကဲ့သို့ သားလေးကို ရင်ခွင်ထဲပွေ့ကာ ကျွန်မတစ်ကိုယ်လုံးလည်း မေတ္တာအကြင်နာ သီတာရေမှာ လွင့်မျောသွားလေတော့၏။ အို… ချစ်လိုက်ရတာ…။ “အူဝဲ၊ အူဝဲ…”  အို မငိုပါနဲ့ သားလေးရယ်၊ နို့ချိုတိုက်ကျွေးလို့လည်း ကောင်းကောင်း မစို့တတ်သေးပါလား၊ အော်… ရေဆာလို့ထင်ပါရဲ့၊ အမေ ရေသွားခတ်လိုက်ဦးမယ်၊ မငိုပါနဲ့ သားလေး၊ လူလေး တိတ်တိတ်နော်” ဟု ပါးစပ်မှ ရေရွတ်ရင်း ကျွန်မ သားလေးကို ရင်လွှမ်းပဝါဖြင့် ထွေးပိုက်ထုတ်ကာ ရေရှာထွက်ခဲ့သည်။   

               ကျွန်မ မရောက်ဖူးသည့် တောကြီးမျက်မဲထဲမှာ ရေရှာရင်း စမ်းတဝါးဝါးနဲ့လျှောက်ခဲ့ရာမှာ ကံအားလျော်စွာ ရေအိုင်လေးတွေ့လို့ ပဒုမ္မာကြာဖက်နဲ့ ကန်တော့လုပ် ရေကို ခပ်ယူခဲ့ပြီး ဇရပ်ဆီပြန်အရောက်မှာ ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရပါတော့သည်။ ဟင်…ကျွန်မသားလေး မတွေ့တော့ပါလား၊ ကျွန်မရင်ထဲ ဗလောင်းဆူသွားပြီး လက်ထဲက ရေထည့်ယူလာခဲ့သည့် ကြာဖက်ရွက်ခွက်ကလေး လွတ်ကျသွားရပါတော့သည်။ အပြေးအလွှား အရူးမီးဝိုင်းသလို ဇရပ်ပေါ်ပြေးတက်ပြီး ကျီးကန်းတောင်းမှောက် ပတ်ချာလည် သားလေးကို ရှာကြည့်တော့လည်း မတွေ့ရတော့ပါဘူး၊ ကျွန်မရင်ထဲ မီးတောက်နေပြီ။  သားလေးရေ… သားလေးရေလို့ တကြော်ကြော် အော်ဟစ်မြည်ကြွေးရင်း သားလေး ဘယ်ပျောက်သွားပါလိမ့်၊ မပြောကောင်း ပြောကောင်း သားရဲတိရစ္ဆာန် ကိုက်ချီသွားတာတော့ မဟုတ်တန်ရာ၊ ကိုက်ချီဆွဲသွားရင်လည်း ကုတ်ရာခြစ်ရာ သွေးစသွေးနလေးတွေတော့ တွေ့ရမယ်။ ခရီးသွားလမ်းလာ တစ်စုံတစ်ယောက်က ခေါ်သွားတာပဲ ဖြစ်ရမယ်ဟု သက်ပြင်းအမျိုးမျိုးချ ဘုရားတကာ လိုက်ရှာနေမိသည်။ တစ်ပူပေါ်တစ်ပူဆင့် ရင်ထဲမှာ အပူဒီဂရီတွေက မြင့်မားလွန်းလှသည်။ ကျွန်မရှိခိုးပါရဲ့၊ ကျွန်မသားလေးကို ခေါ်သွားရင်ပြန်ပေးကြပါရှင်၊ ကျွန်မရင်တွင် နှိုင်းယှဉ်ရမူ ပူလောင်ပြင်ကျယ် မီးတောင်ဝယ်ထက် ကြဲပက်ပန်းပျိုး အားသွန်ကြိုး၍ စိုက်ပျိုးသူနှယ် စိတ်ပျက်ဖွယ်ပင်ပါတကား။ သားရွှေရုပ်လေး မွေးလာတော့ သားမျက်နှာမြင်ရလို့ အားအင်တွေ ပြန်တက်လာတုန်း ခုတဖန် အမေ့သားလေးလည်း ဆုံးရှုံးရတော့မှာပါလား။ ဘုရားဘုရား၊ ဘုရားကယ်တော်မူပါ၊ တရားကယ်တော်မူပါ။ သားကလေးရှာမတွေ့တော့သဖြင့် မြေကြီးပေါ်ထိုင်ချ မြေပြင်တွင်မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုချနေမိသည်။  

               အမှန်မှာ မိခင်သည် သားလေးအတွက် ရေခပ်သွားလို့ ပြန်မရောက်လာသေးခင် ဇရပ်အနီးက ဖြတ်သွားသော လှည်းကုန်သည်တစ်ယောက်က တကြော်ကြော်ငိုနေသည့် ကလေးငယ်အသံကို ကြားရသဖြင့် “မိမိလည်း သားမရှိတာနဲ့ အံကျပဲ၊ ပိုင်ရှင်မဲ့ သားလေးဘဲ ဖြစ်မှာပါ”ဟု နှလုံးပိုက်ကာ ကလေးငယ်ကို ကောက်ယူကာ နို့ထိမ်းထံ အပ်နှံ မွေးမြူစေခဲ့သည်။  သားလေးမတွေ့ရတော့ မိခင်အရင်းဖြစ်သောကျွန်မ ကျွန်မသားလေးကို တောစပ်အနှံ့ တကြော်ကြော်အော်ခေါ် ဟစ်ကြွေးငိုရှိုက်ရင်း သောကလောင်မြိုက်လျက် လင်တော်မောင်ရှိရာ ရာဇဂြိုဟ်သို့ ခရီးဆက် လျှောက်လှမ်းလာခဲ့ရာ တောစပ်ချုံကွယ်တစ်ခုက ဘွားခနဲ့ ထွားထွားကြိုင်းကြိုင်း လူကြမ်းကြီး တစ်ယောက် ရုတ်တရက်ထွက်လာကာ ကျွန်မလက်ကို သူ့လက်ကြမ်းကြီးနဲ့ ဆွဲထားလိုက် ပါတော့သည်။ ဟေး “ဒီမှာသူငယ်မ၊ လူမနီး သူမနီး ဒီတောကြီးမျက်မဲထဲမှာ တကြော်ကြော်နဲ့ သားပျောက် ရှာနေရသလား၊ မင်းလေးနှယ် ကြည့်ရတာ နုနုနယ်နယ် ချောချော လှလှလေးနဲ့ပါလား၊ ဒီမယ် သူငယ်မ… လင်ရှိရင် သားရတာပေါ့ သိလား”ဆိုပြီး ကျွန်မကို အို…ရုန်းကန်နေသည့်ကြားက မုံယိုနေသော ဆင်ရိုင်းတစ်ကောင်နှင့် တူသည့် သူ၏အနိုင်ကျင့်မှုကို မလူးသာမလွန့်သာ ခံစားလိုက် ရပါတော့သည်။

               ယနေ့ခောတ်တွင်လည်း လေယဉ်ပြန်ပေးဆွဲခြင်း၊ ပင်လယ်ဓားပြတိုက်ခံရာတွင် ဓားစာခံအဖြစ် ပါသွားသော အလွန်ချောမောလှပသည့် မိန်းကလေးများသည် ဓားမြဗိုလ်ကြီးများ၏ လက်တွင်းက မလွတ်နိုင်တော့ဟု ဆုံးဖြတ်ချက်ချကာ ထိုပင်လယ်ဓားပြဗိုလ်ကြီးများ၏ ဇနီးမယားများအဖြစ် မတတ်သာသည့်အဆုံး လုံးလုံးလျားလျား ဇနီးမယားအဖြစ် လက်ခံလိုက်ကြရတော့သည်။ ထိုနည်းတူပင် အလိုမတူသဖြင့် တရှုပ်ရှုပ်ငိုရှိုက်နေသည့် ကျွန်မကို ချော့လိုက်ခြောက်လိုက်နဲ့ စွေခနဲ ပွေ့ချီပြီး သူခေါ်ဆောင်ရာသို့  ရုန်းကန်ငိုကြွေးရင်း ကျွန်မ မတတ်သာသည့်အဆုံး အကောင်းဆုံးဟု သဘောပိုက်ကာ လိုက်ပါခဲ့ရပါတော့သည်။ တကယ်တော့ ဒီလူကြမ်းကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတစ်ယောက်ဖြစ်ပြီး သူစိတ်မတွေ့ရင် လူတစ်ယောက်ရဲ့ အသက်ကို ပုရွတ်ဆိတ် တစ်ကောင်လောက်တောင်မှ တန်ဖိုးမထား သတ်တတ်ဖြတ်တတ်တဲ့ သူမျိုး မဟုတ်ပါလား၊ ထို့ကြောင့် ကျွန်မ ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ သူနှင့် မလွန်ဆန်နိုင်ဘဲ နေခဲ့ရပါတော့သည်။  ကျွန်မသည် သူ့သွေးကို ကိုယ်ဝန်ဆောင်ခဲ့ရပြီး အလွန်ချောမော လှပသည့် သမီးလေးတစ်ယောက် မကြာမီ မွေးဖွားခဲ့ရ ပြန်ပါတော့သည်။

               အော်… မကြည်သည့်ရင် သည်ဖြစ်အင် ဘယ်သူပြုတယ်လို့ တွေးရှု့ကာ အဖြေရှာကြည့်လိုက်တော့ ငါ့ကံကြမ္မာကား ရက်စက်လွန်းစွတကားဟု မိမိဘဝကံကြမ္မာကို တွေးမိနေသည်။ တစ်နေ့မှာ ကျွန်မသမီးလေးကို နို့ချိုတိုက်နေတုန်း ကျွန်မသည် လှောင်အိမ်ထဲက ငှက်ငယ်လေးလို ဒီဓားပြကြီး၏ အနိုင်ကျင့်ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရသည့် ဘဝကိုလည်း ကြေကွဲဝမ်းနည်းစွာ တွေးမိပြီး ငိုင်နေမိပါသည်။ ဒီအချိန်မှာ  ကျွန်မကို အနိုင်ကျင့်ပြီး သားမယားအဖြစ် ပြုခဲ့သော ဓားပြကြီးသည် ဘာကို စိတ်အခန့်မသင့် ဖြစ်လာတယ် မသိပါ။ ကလေးနို့တိုက်နေသည့် ကျွန်မကို “ဟဲ့… ကောင်မ၊ နင်ဘယ်လင်ကို ဆွေးပြီးငိုင်နေ မှိုင်နေရတာလဲ” ဆိုပြီး ခြေထောက်နဲ့ ကန်လိုက်တာ ကျွန်မ ဝုန်းခနဲ မှောက်လဲသွားသည်။ ကျွန်မရင်ခွင်ထဲက သမီးလေး၏ ဦးခေါင်းသည် အနားကတိုင်နဲ့ ဆောင့်မိပြီး ခေါင်းဒဏ်ရာမှ သွေးတွေ ဖြာခနဲထွက်ကာ ကြူကြူပါအောင် သမီးလေး ငိုရှာတော့သည်။

ဒါကို အကြင်နာ မေတ္တာတရားကင်းမဲ့ပြီး လူမဆန်သည့် ဓားပြကြီးက လှည့်တောင်မကြည့်ဘဲ ဆဲဆိုကြိမ်းမောင်းပြီး ပြန်ထွက်သွားခဲ့လေသည်။ ကျွန်မငိုရှိုက်ရင်း လူလဲထပြီး သမီးလေးခေါင်းကို ကြည့်လိုက်တော့  ခေါင်းပေါက်သွားတာ နည်းတဲ့ ဒဏ်ရာမဟုတ်ဘူး။ ကျွန်မလည်း မျက်ရည် စက်လက်နဲ့ ကျွန်မသမီးလေးခေါင်းမှ သွေးတွေတိတ်သွားအောင် ကျွန်မ ရင်လွှမ်း တဘက်လေးဖြင့် ပတ်ပေးထားပြီး ငိုရှာနေသည့် သမီးလေးကို ချော့နေတုန်း ဒီလူစိတ်ပျောက်နေသော ဓားပြကြီးက ဆဲဆိုကြိမ်းမောင်းရင်း ကျွန်မတို့သားအမိနှစ်ယေက်ဆီ ပြန်လှည့်လာနေတာကို ခပ်လှမ်းလှမ်းမှ တွေ့လိုက်ရတာမို့ ကျွန်မ ကြောက်အားလန့်အားဖြင့် အသက်လုပြီး ခြေဦးတည့်ရာသို့ ထွက်းပြေးခဲ့ရာ သမီးလေးတယောက်တည်း အဖော်မဲ့စွာ ကျန်ရစ်ခဲ့တော့သည်။  

               ကျွန်မ ဓားပြဗိုလ်ကြီးထံ မပြန်ရဲတော့တာမို့ မချိတင်ကဲ သမီးလေးနဲ့ ခွဲခွါခဲ့ရသည်။ ပုန်းခိုပြေးလွှားခဲ့ရာမှ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ဆိုသလို ကျွန်မရဲ့ဘဝ ကံအကျိုးပေး နုံချာလှပုံကို ရင်နာနာနဲ့ တွေးတောလျှောက်လှမ်းခဲ့ရင်း မောင့်အချစ်ဦး ရှိမယ်ထင်ရာ ရာဇဂြိုဟ်မြို့သို့ ရောက်လာခဲ့ပါတော့သည်။ လင်နှစ်ယောက်ပြောင်း သားသမီးနှစ်ယောက် ရခဲ့သည့်ကျွန်မ မောင့်ကိုလည်း မတွေ့ရဲတော့ပါဘူး။ မောင့်သတင်း စုံစမ်းကြည့်တော့လည်း ရာဇဂြိုဟ်မှာ မရှိတော့ဘဲ သာဝတ္ထိပြန်သွားပြီတဲ့။ မောင်က ကျွန်မကို သစ္စာမဲ့တဲ့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးလို့ပဲ ထင်တော့မှာပါလေ။ ကျွန်မရဲ့ကံကြမ္မာက ဒီလိုဘဲ ဖန်လာခဲ့ပြီကိုး။  ကျွန်မသည် တစ်ကောင်ကြွက်  တစ်ဦးတည်းပေမို့ ဒီရာဇဂြိုဟ်မြို့မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ရင်း နေခဲ့ရပါတော့သည်။ တစ်ဝမ်းတစ်ခါးပေမို့ လုပ်လုပ်စားစားနဲ့ နေခဲ့တာ ဆယ့်ခြောက်နှစ်တောင် ကျော်လာခဲ့ပါပြီ။ ကျွန်မအသက် သုံးဆယ်ကျော်လာပေမယ့် ရှေးကုသိုလ်ကံကြောင့်ထင်ရဲ့ ကျွန်မရုပ်ရည်ကတော့ တင့်တယ်တုန်းဖြစ်ပေသည်။ တစ်သားမွေး တစ်သွေးလှမက နှစ်သားမွေး နှစ်သွေးလှလို့ပင် ဆိုရမလောက်အောင် ကျွန်မလှသွေးကြွယ်လျက်ပင်။ ပုရိသယောကျာ်းတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်တုန်းပင်။ ကျွန်မကို ကမ်းလှမ်းသူတွေ ရှိနေပေမယ့် ကျွန်မအပူမရှာဝံ့တော့ပါဘူး။ ဂဲ(ခဲ) မှန်ဖူးသည့် ငှက်သူငယ်လို ဖြစ်ခဲ့ရပါပြီ။   

               သို့သော် ကျွန်မရဲ့ကံလို့ပဲ ဆိုရလေမလား မသိ။ တစ်နေ့မှာ အမှတ်မထင် ခန့်ညားလှပ ပုရိသ-ပီသ၊ စမတ်ကျသော လုလင်လေးတစ်ယောက်နှင့် တွေ့လိုက်ရပြန်တော့သည်။ ကျွန်မထက် အသက် ထက်ဝက်လောက်ငယ်မယ့် လုလင်ပျိုတစ်ယောက်။ ကျွန်မ ကုန်သည်တွေရဲ့ လှည်းတန်းနား အရောက်မှာ ရှေ့ဆုံးလှည်းပေါ်က ဖျတ်ခနဲ့ ခုန်ဆင်းလိုက်သော လုလင်ပျိုလေးသည် တိုက်တိုက် ဆိုင်ဆိုင် ကျွန်မနဲ့ မျက်နှာချင်းဆိုင် ရပ်မိနေရာက ကျွန်မကို ရွှန်းရွှန်းစားစား စိန်ပွင့်လို တဖျပ်ဖျပ် တောက်နေသည့် သူရဲ့မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ရင်း မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့နဲ့ ဖြစ်နေတာမို့ ကျွန်မ အသက်တောင် အရှူမှားသွားပြီး ရှက်စနိုးနဲ့ ခေါင်းငုံ့ကာ မှင်သက်လျက် ရပ်နေမိသည်။ ဘယ်လောက် ကြာသွားတယ်မသိဘူး။ သူက “မမ”လို့ ချိုလွင်သော အသံဖြင့် ခေါ်လိုက်သောအခါ မှင်တက်မိနေရာက ကျွန်မရင်ဖိုစွာနဲ့ သူ့ကို ကြည့်လိုက်မိသည်။ သူ၏  ရွှန်းလဲ့သော မျက်လုံး အကြည့်သည် ဘယ်လို အဓိပ္ပါယ်ဆောင်သည့်စကားတွေ အများကြီး ပြောနေတယ်ဆိုတာကို ကျွန်မ နှလုံးသားက အလိုလို သိနေခဲ့ပါတော့သည်။

               သူက (သာဝတ္ထိပြည်က) လှည်းကုန်သည်မှူးရဲ့သားတဲ့။ နောက်တော့ သူက ကျွန်မကို လက်ထပ်ခွင့် တောင်းလာသောအခါ ကျွန်မ တွေနေမိသည်။ ငိုင်နေမိသည်။ “မမ”လို့ စိတ်သိပ်မရှည်သည့် လေသံကြားလိုက်တော့ ကျွန်မ ရီဝေနေသော မျက်လုံးများနှင့် သူ့ကိုကြည့်ရင်း “မောင်လေးရယ် မင်းထက် အသက်ထက်ဝက်ကြီးတဲ့ မမကို လက်ထပ်ဖို့ သင့်တော်မယ် မထင်ပါဘူး”လို့ သက်ပြင်း ချရင်း လေးလေးတွဲ့တွဲ့ ပြောလိုက်တော့ “အို…မမကလည်း ချစ်တာ ချစ်တာ ပဓာနပဲ၊ ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့၊ ကဲ- သိပြီလား” ဆိုလာပြန်တော့ ကျွန်မက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။ တယုတယ ထွေးပိုက်လိုက်သည့် သူ့ရင်ခွင်ထဲမှာ ကျွန်မ ပြောမပြတတ်အောင် သာယာကြည်နူး ခဲ့ရပါသည်။

               ဒီလိုနဲ့ သူနဲ့ကျွန်မ မိုးမမြင်လေမမြင် အချစ်မိုးမွှန်နေတုန်းမှာပဲ တစ်နေမှာတော့ သူ့ကို ကျွန်မ၏ ရင်ခွင်ထဲမှ ဆွဲထုတ်ယူနိုင်ခဲ့သူ မိန်းကလေးတစ်ယောက် ပေါ်ပေါက်လာပါတော့သည်။ သူ ကျွန်မကို ပြောတာက အဲဒီ မိန်းကလေးဟာ သိပ်သနားစရာကောင်းလှတယ်၊ သူ့အဖေကို လူဆိုးဓားပြတွေက သတ်ပစ်လိုက်ပြီး သူ့ကိုမတရားပြုကျင့်မယ်အကြံမှာ  ကြောက်အားလန့်အား ထွက်ပြေးလာခဲ့ရ ရှာတာမို့ ဒီအိမ်မှာ မမနဲ့ အတူတူ စောင့်ရှောက်ထားပါရစေတဲ့။  ခဏလောက်တော့ ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ရင်ထဲမှာ နွမ်းလျသွားသည်။ ကျွန်မရင်ထဲ ဗလောင်းဆူသွားပြီး ဟာလာဟင်းလင်းဖြစ်သွားရာမှ စီးကျလာသော မျက်ရည်ကြားက ဝေသီနေသော မျက်လုံးများဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေမိသည်။
                “အို… မိန်းကလေးက တကယ့်အချောလေးပဲ၊ သူတို့နှစ်ယောက် အရွယ်ကလည်း မတိမ်းမယိမ်း မိန်းကလေးက တစ်နှစ်လောက် ငယ်လိမ့်မယ်ထင်တယ်၊ ပျိုမျစ်နုနယ် တင့်တယ်လှသူတွေမို့ လိုက်ဖက်လှပါတယ်၊ တကယ်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းဆိုတာ ကျွန်မ ခံစားသိရှိလိုက်ရပါပြီ၊ ပြီးတော့ မောင်လေးကို ကျွန်မသိပ်ချစ်တယ်၊ ကျွန်မလေ သူ့ကို လင်လိုတစ်မျိုး သားလိုတစ်မည် ခွင့်လွှတ်လိုက်လျောပြီး အချစ်ကြီးချစ်ခဲ့ရတာမို့ သူစိတ်ချမ်းသာမယ်ဆိုရင် ကျွန်မနှလုံးသားကို ဆွဲထုတ်ပေးဆိုရင်တောင် ပေးဝံ့ပါတယ်၊  ပြီးတော့လည်း မိန်းကလေး ကြည့်ရတာလည်း ချစ်စရာလေး။ အို…ကျွန်မသမီးလေးသာရှိရင် ဒီအရွယ်လေးပေမို့ သူတို့ နှစ်ယောက်ကို ကျွန်မ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ်ပါတယ်။ ကျွန်မ သူတို့နှစ်ယောက် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေတာကိုကြည့်ပြီး ကျေနပ်မိပါတယ်”ဟု မိမိကိုယ်ကိုယ် ရင်ထဲက ကြည်ဖြူစွာ လက်ခံမိပါတော့သည်။ သူတို့နှစ်ယောက် ထူးကဲစွာ ချစ်လာကြတော့ ကျွန်မ အလိုလို ဒုတိယနေရာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။

                ကျွန်မတို့ မိန်းမသားနှစ်ယောက် တစ်လင်တည်းနေခဲ့ကြတာ ဘာပြဿနာမျှ မရှိခဲ့ပါဘူး။ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်းပါပဲ။ နှစ်ယောက်စလုံးကလည်း ကျွန်မကို မမလို အမေလို ဆိုးနွဲ့ကြတာလေ၊ ဒင်ကလေးတို့ နှစ်ယောက် ကျွန်မကို အထီကျန်ထားပြီး ခွဲမသွားရင်ဘဲ ကျွန်မ ကျေနပ်နေပါပြီ။ ပေါင်းစပ်ခဲ့ရသည့် ဘဝနှစ်ခု သူနှင့် ထပ်မံ မဝေးဖို့သာ အရေးကြီးပါသည်။ ပေါင်းဖက်လာခဲ့သည့် သံယောဇဉ်က တမျိုး၊ သွေးသားတော်စပ်ခြင်းကြောင့် ဖြစ်ပေါ်လာရသော သံယောဇဉ်ကတမျိုး ကြောင့်လားတော့မသိ၊ ကျွန်မ သူတို့နှစ်ယောက်နှင့် ဖြစ်သမျှ အကောင်းချည်းပင် ဝမ်းမြောက်စွာ လက်ခံပါသည်။ ကျွန်မ သူတို့လေးတွေရဲ့ ကြည်နူးပုံကို ကြည့်ပြီး မျက်ရည်ပွင့်များသည်ပင် ပါးပြင်ပေါ်သို့ အေးဆေးစွာ ခုန်ဆင်းလာပါတော့သည်။ မေတ္တာတွေ စွန့်လွှတ်မှုများစွာဖြင့် ပေးလှူနေသော ဝေဿန္တရာလက်သစ်ပမာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူနေမိတော့သည်။ ပုလဲကိုလိုချင်လျှင် ကမာကောင်၏ ရင်ကိုခွဲရသည်။ ဘဝတစ်ခုလုံးနှင့် ရင်းထားခဲ့ရသော သံယောဇဉ်များစွာ မျက်ရည်စက်များစွာ နာကျင်မှုမြောက်များစွာတို့နှင့် ရင်ဆိုင်ဖြတ်သန်းလာရသော ကျွန်မဘဝ မိမိနှလုံးသားထဲမှ မောင်တစ်ယောက် ခွဲမထုတ်သွားရင် တော်ပါပြီ။ 

(သီတဂူ ) ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

တဏှာနွမ်းကြွေ တောပြုန်းလေသော်


‘‘ဝနံ ဆိန္ဒထ မာ ရုက္ခံ, ဝနတော ဇာယတေ ဘယံ;။
    ဆေတွာ ဝနဉ္စ ဝနထဉ္စ, နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။။  (ဓမ္မပဒ ဂါထာ၂၈၃)။

ရဟန်းတို့ တဏှာတည်းဟူသော-တောကို ခုတ်ဖြတ်ကြကုန်လော့၊ (ပြကတေ့) သစ်ပင်ကို မခုတ်ဖြတ်ကြကုန်လင့်၊ (တဏှာဟူသော) တောကြောင့် (ဇာတိ)စသော ဘေးအန္တရာယ် ဖြစ်၏။ တဏှာဟူသော တောကြီးတောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသော-တောမှ ထွက်မြောက် ကြကုန်လော့။

 ‘‘ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ,။
အဏုမတ္တောပိ နရဿ နာရိသု;။
ပဋိဗဒ္ဓမနောဝ တာဝ သော,။
ဝစ္ဆော ခီရပကောဝ မာတရီ’’တိ။။

နို့မခွါသေးသော နို့စို့နွားငယ်သည် အမိ(နွားမ)သို့ ကပ်နေသကဲ့သို့ ယော်ျားအား မိန်းမတို့၌ အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောကျာ်းသည် ကပ်ငြိသောစိတ် ရှိသည်ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်နေရ၏။ ။ (ဗုဒ္ဓ)။ (ဓမ္မပဒ ဂါထာ၂၈၄)။


“ပုထုဇဉ်ကား၊ ဆုံလည်နွားသို့၊ ငါးပါးအာရုံ၊ ကာမဂုဏ်၌၊ သာယာစုံမက်၊ ရုံးမထွက်ဘဲ၊ ဆက်လက်ကူးမြဲ၊ သံသာဝဲတွင်၊ နစ်ဆဲပေါ်တုံ၊ (ကာမဂုဏ်မှာ) လောကီဘုံမှာ၊ စုံပြုံတိုးဝှေ့၊ လွန်ပျော်မွေ့ခဲ့”။ ။

တကယ်တော့ သာမန်ပုထုဇဉ်များအဖို့ ငါးဖြာအာရုံကာမဂုဏ် ကိလေသာ တဏှာတောကြီးသည် ကြီးမားထူထပ်လှ၏။ အဝိဇ္ဇာတရား၏ ပိတ်ကာထားမှုကြောင့် ယင်းတဏှာတောကြီးသည် ပို၍ ပို၍ပင် ထူထပ် သိပ်သည်း မိုက်မှောင်လွန်းလှ၏။ တဏှာရာဂသည် ကဝေပဉ္စလက်ကဲ့သို့ ဆွဲဆောင်နိုင်၏။ ပုထုဇဉ်တို့အဖို့ မျက်စိလည် လမ်းမှားအောင် လှည့်ဖျားနိုင်၏။ “ပုထုဇဉ်ငတိ၊ မမြင်သိနိုင်၊ တွယ်ငြိဆွဲဆောင်၊ တုတ်နှောင်ခိုင်စွ၊ တဏှာ-ရာဂ သမုဒယဟု၊ များစွာကြိုးများ၊ ရစ်သိုင်းထားလေပြီ”။ ရင်နင့်စရာ ကြေကွဲစရာကောင်းလှသည့် ကံကြမ္မာ၏ သားကောင်းများဖြစ်အောင်၊ ကျော်မကောင်း ကြားမကောင်းအောင်ပင် တစ်ခါတရံ တဏှာရာဂအဝိဇ္ဇာ လက်သည်တရားတွေက ပူးဝင်ကာ ကပ်ရောက် နှိပ်စက်တတ်ကြကုန်၏။ မြတ်ဗုဒ္ဓ လက်ထက်တော်အခါက တဏှာတောထ မသိမှုအဝိဇ္ဇာ၏ ကာဆီးပိတ်ဆို့မှုကြောင့် သားအမိ သုံးယောက်တို့သည် သားနှင့်အမိအမိ နှမနှင့်မောင် တစ်လင်တည်းမယား ဖြစ်မှန်းမသိဖြစ်ခဲ့ဖူးကြ၏။ ဒေသနာမှာ ဖြေဆည်စရာ စကားတစ်ရပ်တော့ ရှိပါ၏။ သံသရာ ကျင်လည်ကြရသော သူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ သားသမီးမဖြစ်ခဲ့ဖူးသူ မရှိချေ။ (သံသာရေ ဝိစရန္တာနံ န ပုတ္တာ န ဓီတာနာမ အတ္ထိ။ (ဇာ၊ဋ္ဌ-၁၊၁၃၁)။ သံသရာတွင် မည်သူမဆို သားနှင့်အမိ၊ အဖနှင့်သမီး အပြန်အလှန် သမီးမယားဇနီးသားလင် ဖြစ်ခဲ့ကြဘူးသည်သာလျှင်တည်း။


မြတ်ဗုဒ္ဓသည် သာဝတ္ထိမြို့တံခါးအနီး ကဏ္ဍသရက်ဖြူပင်မှာ တိတ္ထိတို့ကို နှိပ်နင်းဖို့ ရေမီးအစုံတန်ခိုးပြာဋိဟာ ကိုယ်တိုင် ပြဖို့ကြေညာချက်ထုတ်ပြန်စဉ် ဥပ္ပလဝဏ်ရဟန္တာထေရီမကြီးက ‘ရှင်တော်ဘုရားကိုယ်တိုင် တိတ္ထိတို့ကိုနှိပ်နင်းဖို့ တန်ခိုးကိုယ်တိုင် မပြပါနဲ့၊ အသေးဖွဲကိစ္စလေးပါဘုရား၊ အရှင်ဘုရားခွင့်ပြုရင် တပည့်တော်မ ကိုယ်တိုင် တန်ခိုးပြ နှိပ်နင်းပါမယ်ဘုရား၊ ဒီကိစ္စလောက်ကတော့ ဘုရားရှင်ကိုယ်တိုင် တန်ခိုးပြစရာမလိုပါဘုရား၊ တပည့်တွေနှင့်ပင် ကိစ္စပြီးပါတယ် ဘုရား’ ဟု ရဲဝံ့စွာ လျှောက်ထားဖူး၏။ သီဟနာဒ ခြင်္သေမင်းကဲ့သို့ ရဲဝံ့စွာ လျှောက်ထားသည်ကို အကြောင်းပြု၍ ဇေတဝန်ကျောင်း မြတ်ဗုဒ္ဓက အရိယာသံဃာ ဘိက္ခုဘိက္ခုနီ ပရိတ်သတ်အလယ်မှာ ဣဒ္ဓိမန္တ- အမျိုးသမီး ဘိက္ခုနီတွေထဲမှာ အသာဆုံးအမြတ်ဆုံး အထူးချွန်ဆုံး ဧတဒဂ်ဘွဲ့ကို  ဥပ္ပလဝဏ်ထေရ်ရီအား ပေးအပ်ခဲ့၏။  

ဥပ္ပလဝဏ်ထေရ်ရီသည် ရဟန္တာဖြစ်သည်မှစ၍ ဈာန်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ဖြင့် ဘဝအချိန်လေးများ ကုန်ဆုံးစေရင်း တစ်နေ့တော့  ဥပ္ပလဝဏ်ထေရ်ရီသည် ကာမဂုဏ်အာရုံတို့၏ အပြစ်၊ ညစ်ညူးပုံများကို ဆင်ခြင်နေမိ၏။ “ငါးဖြာအာရုံ၊ ကာမဂုဏ်ကား၊ “တွေ့ကြုံအိပ်မက်”၊ “မီးတွင်းနက်”သို့၊ သံလျက်တစ်မှုန်း၊ “စဥ့်တီတုံး”သို့၊ “ငှါးသုံးပစ္စည်း”၊ “အဆိပ်သီး”သို့၊ “အိုင်ကြီးရွှံဗွက်”၊ “ဓားလက်နက်”သို့၊ “မီးတက်စွဲလောင်”၊ “အိမ်မိုးခေါင်”သို့၊  ထင်ယောင်တူမျှ၊ ကြောက်မက်ဖွယ်၊ ဖြစ်စွတကား”ဟု ဆင်ခြင်နေ၏။ ထိုစဉ်  ဥပ္ပလဝဏ်ထေရ်ရီသည် ဂင်္ဂါတီရိယမထေရ်၏ မယ်တော်၏ သမီး(မထေရ်၏ညီမအရင်း)နှင့် အတူနေစဉ် ဂင်္ဂါတီရိယမထေရ်၏ ညီမ ဘိက္ခုနီရဟန္တာမလေး ကျူးရင့်သည့် သံဝေဂဖြစ်စေသော ဂါထာသုံးပုဒ်ကို ပြန်လည် ကြားယောင်၊ လောကီထုပ္ပတ် လူတို့၏ အရှုပ်ဇာတ်ဖြစ်အင်များကို မြင်ယောင်နေပြီး သံဝေဂယူနေမိ၏။


ဂင်္ဂါတီရိယမထေရ်၏ညီမ ဘိက္ခုနီရဟန္တာမလေး ကျူးရင့်သည့်သံဝေဂတရားများကား
၁။ အော်…မေမေရယ်၊ (မိမိတည်းဟူသော)သမီးရယ်၊ နှစ်ယောက်လုံးတို့ဟာ (အကိုရဲ့) တစ်လင်တည်း မယားတွေ ဖြစ်နေပါရော့လား၊ ထိတ်လန့်တုန်လှုပ်ဖွယ် သံဝေဂဖြစ်လေစွ၊ အံ့သြစရာ ကောင်းလောက်အောင် (မကြားဖူး) မဖြစ်ဖူးတဲ့ ဖြစ်စဉ်ပါဘဲ၊(ဖြစ်စဉ်ကို အောက်မေ့မိတိုင်း) ကြက်သီးမွှေးညှင်း တဖျန်းဖျန်း ထလှချေရဲ့။
၂။ အော်... ငါးဖြာအာရုံ ကာမဂုဏ်တွေဟာ စက်ဆုပ်ရွံစရာကောင်းလှတကား၊ မစင်မကြယ် ရွံစဖွယ်ပါဘဲ၊ ကောင်းရနံ့ဆိုဘာမှမရှိ၊ အန္တရာယ်ဆူးညောင့်တွေနဲ့သာ ပြည့်နက်နေတယ်၊ (အဝိဇ္ဇာပိတ်ကာဆို့ တဏှာတောထ၊ ကာမဂုဏ် အဖျက်တရားတွေကြောင့်) အော်…မေမေရယ်၊ သမီးရယ် နှစ်ယောက်လုံးတို့ဟာ (ကျော်မကောင်း ကြားမကောင်း အကိုရဲ့) တစ်လင်တည်း မယားတွေ ဖြစ်နေပါရော့လား။
၃။ ဟော့…ခုတော့ ငါဟာ ကာမဂုဏ်တွေရဲ့ အပြစ်ကိုမြင်ပြီး ကာမဂုဏ်တို့မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို အေးချမ်းတယ်လို့မြင်ကာ အိမ်ရာတည်ထောင် လူ့ဘောင်မှ စွန့်ခွါပြီး ရာဇဂြိုဟ်ပြည်မှာ ရဟန်းပြုခဲ့လေပြီ၊။ ။ (ထေရီ၊ဋ္ဌ၊၂၀၂)။  
ဥပ္ပလဝဏ်ထေရ်ရီသည် ကာမဂုဏ်ရာဂ တဏှာတောထခဲ့မှုကြောင့် အထက်ပါ ဆွတ်ပျံ့ကြေကွဲဖွယ်ရာ သားအမိသုံးယောက်တို့၏ ဇာတ်လမ်းလေးကို ပိုမိုချဲ့ထွင် မြင်ယောင်ပြီး သံဝေဂတရား ယူနေမိမှာတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် လူသူကင်းမဲ့သော အန္ဓဝန်တောထဲ တစ်ပါးတည်း သီတင်းသုံး နေစဉ်က ရှင်မဥပ္ပလဝဏ်ထေရ်ရီသည် သူမကိုယ်တိုင် အာသဝေါကင်းကွာ ရဟန္တာဖြစ်ခဲ့တာတောင်မှ တဏှာပူးဝင်နေသည့် တဏှာရူး နန္ဒဟူသော လုလင်တစ်ယောက်က သူမ၏ ရုပ်ရည်လှပတင့်တယ်မှုကို လူ့ဘဝတုန်းကပင် စွဲလမ်းသဖြင့် သူမ မြို့တွင်းဆွမ်းခံသွားစဉ် ကုဋင်ညောင်စောင်းအောက် ပုန်းကာ သူမဆွမ်းခံပြန်လာစဉ် ဝှေ့ရမ်းဖက်လျက် မဖွယ်မရာ ကာမအထွတ်ထိပ်သို့ ရောက်အောင် စိတ်တိုင်းကျ ဖျက်ဆီးခံရဖူး၏။ ရဟန္တာဖြစ်၍ ကာမဂုဏ်ကို မသာယာသောကြောင့် အာပတ်တော့မသင့်ပေ။(ဝိ၊၁၊၄၃။)။
            ထေရ်ရီမ တားသည့်ကြားက ကာမအထွတ်ထိပ်သို့ ရောက်အောင် ဗလက္ကာယပြုကျင့် ကျူးလွန်ခဲ့မှုကြောင့် ဤမျှလေးလံသော မကောင်းမှု ဝန်ထုပ်ဝန်ပိုးရှိသူကို မဟာပထဝီမြေကြီးကပင် ထမ်းဆောင်ထားနိုင်ခြင်း မရှိတော့ဘဲ ထိုခဏအတွင်း မြေနှစ်ခြမ်းအက်ကွဲကာ မဟာအဝီစိငရဲ၌ တဏှာရူး နန္ဒလုလင် ကျရောက်ခဲ့ရပေသည်။ ဥပ္ပလဝဏ် ရဟန္တာထေရ်ရီမကြီးကို ဖျက်ဆီးခဲ့သော နန္ဒလုလင်နှင့် စပ်လျဉ်း၍ မြတ်ဗုဒ္ဓက “ချစ်သား ရဟန်းတို့ (ကာမဂုဏ်)အာရုံ နောက်သို့လိုက်သော လူမိုက်သည် မိမိပြုလုပ်အပ်သော အကုသိုလ်၏ အကျိုးကို မခံစားရသေးသမျှ ပျားသကာကဲ့သို့ ချိုမြ၏ဟု မှတ်ထင်နေတတ်၏။ အကုသိုလ်အကျိုးပေးသောအခါ ကြီးမားသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားရလေတော့၏”(ဓမ္မ၊ဋ္ဌ၊၁၊၃၁၂။)ဟု ဟောတော်မူခဲ့ပုံကို တစ်ဘက်မှ မြင်ယောင်ကြားယောင်နေရင်း ဥပ္ပလဝဏ်ထေရ်ရီသည် ကာမဂုဏ်တို့ကို အလွန်စက်ဆုက်ကာ ကာမဂုဏ်အဖျက်ဒဏ် ကောင်းကောင်းခံခဲ့ရသည့် ဂင်္ဂါတိရိယမထေရ်တို့၏ သားအမိသုံးယောက် အကြောင်း ကြေကွဲဖွယ်ဇာတ်လမ်းလေးကို ပိုမို မြင်ယောင် သံဝေဂယူဟန် ရှိပေမည်။  
အကျော်ဒေယျ  သားအမိသုံးယောက်တို့၏ ကြေကွဲစရာ ဇာတ်လမ်းအပြည့်စုံကား ဤသို့ဖြစ်ပေ၏။
သာဝတ္ထိပြည်၌ တစ်ယောက်သော ကုန်သည်၏ ဇနီးမယားလေးသည် ရုပ်ရည်အလွန်အင်မတန် ချောမောလှပ တင့်တယ်၏။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသကဲ့သို့ အရွယ်ရောက်ချိန်မှာ ကုန်သည်နှင့် လက်ထပ်ထိန်းမြားခဲ့၏။ သူမသည် အိမ်ထောင်ရေး သာယာစိုပြေနေသည့် အချိန်၌ ဘဝတစ်သက်၊ တွယ်ပျော်မက်ဖွယ်၊ ညံ့သက်နုရွ၊ အလှအပနှင့်၊ ဘဝခုံမင်၊ သံယောဇဉ်နှင့်၊ ချစ်အကြင်နာ၊ အတွယ်တာတို့ဖြင့် ကာမဂုဏ်ခံစားမှုတွေကို မွတ်သိပ်စွာ သောက်လေသောက်လေ ငတ်မပြေအောင် နှစ်သက်ခုံမင်စွာ ခံစားခဲ့လေ၏။  
နှစ်ကိုယ်တူ ကြည်ဖြူစွာ ညစဉ် အိပ်စက်အနားယူနေကြဖြစ်၏။ တစ်နေ့တော့၊ အမှောင်ထုက ကြီးစိုးထားသဖြင့် နံနက်မိုးမလင်းတတ်သေး။ အိပ်မက်ဆိုး မက်သလိုလိုဖြင့် လန့်နိုးလာကာ သူမသည် ဆတ်ခနဲ မျက်စိဖွင့်ကြည့်မိလိုက်၏။ အိပ်မက်ဘုံမှ၊ နိုးထလာတော့၊ လောကပြတင်း၊ အရုဏ်ကျင်းလေပြီ၊ ဟော..တစ်မနက် ရက်စက်လိုက်လေဘိ။ သူမ ရင်ခုန်စွာ  ကိုယ်ဝန်ရှိကြောင်း ပြောဖို့ လင်တော်မောင့်ဘက်ကို လူးလွန်းကြည့်လိုက်တော့ လင်တော်မောင် မရှိပြီ။ သူမ အိပ်မောကျနေစဉ် လင်တော်မောင်တစ်ယောက် လှည်းပေါ်မှာ ရောင်းကုန်ဘဏ္ဍာတင် ရာဇဂြိုဟ်ဘက်သို့ ကုန်ရောင်းရန် ခရီးနှင်ကာ ထွက်ခဲ့လေပြီ။ ချစ်ဇနီးမှာ ကိုယ်ဝန် လွယ်ထားနေပြီဖြစ်ကြောင်း လင်တော်မောင်  မသိလိုက်ရတော့ပေ။ သူမအတွက် ကိုယ်လေးလက်ဝန် ရှိလာကြောင်း လင်တော်မောင့်ကို ရင်ဖိုလှုက်ရှားစွာ တိုးတိုးလေးပြောဖို့ နောက်ကျခဲ့လေပြီ၊ သူမသည် အိပ်ရာမှ အလူးအလဲထ အိမ်အပြင်ထွက် လင်တော်မောင့်ကို ဟိုရှာဒီရှာ-ရှာကြည့်ပြီး တကြော်ကြော် အော်ကာခေါ်ကြည့်သော်လည်း လင်တော်မောင့်ကို မတွေ့မမှီလိုက်တော့ပြီ။ ဘာလုပ်ရမှန်း မသိတော့ဘဲ ဦးခေါင်းကုတ်ကာ သက်ပြင်းအကြိမ်ကြိမ် ချနေမိတော့သည်။
သူမသည် လင်တော်မောင့်၏ မေတ္တာသစ္စာ ချစ်တာတွေကိုတော့ ဆက်လက်တွေးမိ၏ “မောင်ဟာ တကယ်တော့ ကျွန်မကို ချစ်လို့၊ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို စာနာလို့ မနှိုးရက်တာပါ၊ မောင် ဘယ်တော့မှ ကျွန်မအပေါ် သစ္စာမပျက်ပါဘူး။ မောင့်ကိုတော့ ကျွန်မမှာ ကိုယ်ဝန်ရှိကြောင်း ရင်ခုန်စွာ တိုးတိုးလေး ပြောပြလိုက်ချင်ပါရဲ့၊ အော်…ခုတော့ ကျွန်မမှာ မောင့်ရဲ့ရင်သွေးလေး လွယ်ထားနေရသည်ကို မောင်- သိတောင်မသိခဲ့ပါလား”ဟု သူမကိုယ်သူမ အားမလိုအားမရဖြစ်ကာ တွေးနေမိ၏။ ဝမ်းလည်းဝမ်းနည်းမိလေ၏။ ယူကျုံးမရ ဖြစ်မိ၏။
တဖြေးဖြေး သူမသည် မိန်းမတို့၏ ဓမ္မတာအတိုင်း အာဝေဏိကဒုက္ခ ခံစားရလေပြီ။ အမျိုးသားများမဖြစ် အမျိုးသမီးများသက်သက်သာ ခံစားရသော ဆင်းရဲဒုက္ခငါးမျိုး ဗုဒ္ဓစာပေ၌ လာရှိ၏။။ (၁) တစ်လတစ်ကြိမ် ဥတုပန်းပွင့်ရခြင်းဒုက္ခ၊ (၂) အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျလျှင် လင်နောက်လိုက်ရခြင်းဒုက္ခ၊ (၃) ယောက်ျားခြေရင်း ၀ပ်ဆင်းပြီး ပြုစုရခြင်းဒုက္ခ၊ (၄) ပိုပြီးတော့ဆိုးသည့် ဒုက္ခကတော့ ကိုးလဆယ်လ ကိုယ်ဝန်လွယ်ထားရခြင်းဒုက္ခ၊ (၅) အဆိုးဆုံး ဒုက္ခကတော့ ကိုယ်ဝန်ရင့်လို့ ကလေးမီးဖွားရသည့် ဒုက္ခဟူသော အာဝေဏိကဒုက္ခများ ရှိလေ၏။ ယခုတော့ သူမသည် နဖူးတွေ့ဒူးတွေ့ တအော့အော့ တအန်အန်၊ မစားချင် မအိပ်ချင်၊ ကိုယ်လေးလက်ဝန်ဖြင့် ထိုင်းထိုင်းမှိုင်းမှိုင်း၊ လေးလေးလံလံ၊ တမူးဝေဝေဖြင့် ဒုက္ခကြီးစွာ ခံစားရပြီ။ တစ်နေ့ထက် တစ်နေ့ ရက်လချီလာတော့ ကိုယ်ဝန်ရင့်မာလာလေပြီ။  
ပြဿနာ မိုးမီးတောက်လောင်တော့သည်။ သူမအဖို့ ဘဝခရီးမှာ ကံကြမ္မာညှိုးရှာလေသမျှ၊ ဖိစီးလာ၊ ဝေဒနာတွေက ခွေကာအလီလီ စုံကာရောက်လာကြချေပြီ။ သူမသည် ကံဆိုးမိုးမှောင်ကျ ပထမဦးဆုံး ဘဝမှာ အတိဒုက္ခလှလှ ရောက်ခဲ့ရခြင်းလည်း ဖြစ်သည်။ စိတ်ကူးယဉ် အချစ်အိပ်မက်တစ်ခု ဘဝတစ်ခု ပြိုကွဲပျက်စီးခဲ့ရလေပြီ။ ဘဝနှင့်နှလုံးသားကို စတေးပြီး တည်ဆောက်ခဲ့ရသော စိတ်ကူးယဉ် အိမ်လေးသည် အသံမမြည်ဘဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့ရလေပြီ။ “ဟဲ့-ကောင်မ၊ ဒီမယ် ငါ့သား ခရီးထွက်သွားတာ ကြာပြီ၊ အခု ညီးမှာ ကိုယ်ဝန်ရှိနေပြီ၊ ညီးဟာ ငါ့သား မရှိတုန်း နောက်ကွယ်မှာ အကျင့်တန် ဖောက်ပြန်ယုတ်မာတယ် မဟုတ်တယုတ် လုပ်တယ်ဆိုတာ သိသာပေါ်လွင်နေပြီ၊ ညီး ဘာမှ ငြင်းချက်ထုတ်စရာမလိုဘူး၊ ကိစ္စက ရှင်းနေပြီ၊ ပြီးနေပြီ၊ ငါ့အိမ်မှာ ဒီလိုအိမ်ထောင်ရေး ဖောက်ပြန်တဲ့ ညီးလိုမိန်းမယုတ်ကို ဆက်မထားနိုင်ဘူး၊ အခုချက်ချင်း ငါ့အိမ်ပေါ်မှ ဆင်းသွား” ဟု ယောက္ခမအဖွားကြီး၏ တင်းမားသောမျက်နှာထား၊ စက်ဆုပ်ရွံဖွယ်ရာကောင်းသော စကားတို့ဖြင့် စွပ်စွဲပြောဆိုမှုကို သူမ ခါးသီးစွာ ခံရလေပြီ၊ သူမသည် နားနှစ်ဖက်ထဲ သံရေပူ လောင်းထည့်လိုက်သလို မချိရင်ထဲ ခံစားရလေ၏။ သူမသည် သူမ၏ နားနှစ်ဖက်ကို လက်နှစ်ဘက်ဖြင့် ပိတ်ထားရင်း မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရလေပြီ။ ကျမျက်ရည် ချစ်သက်သေ ဖြစ်ပါစေသတည်းဟု စိတ်ထဲမှာ တိုးတိုးလေး ဆုတောင်းနေရုံမှတပါး အားကိုးရာ အခြားမရှိလေပြီ။  
အကယ်၍ မိမိရင်ထဲ နှလုံးသားထဲ အသည်းထဲမှာ မောင့်အချစ်မျှား စူးဝင်မလာခဲ့လျှင် မိမိဘဝသည် ဤကဲ့သို့ နာကျင်စွာ ခံစားရလိမ့်မည်မဟုတ်၊ အေးချမ်းသာယာမည်ဟု ထင်သည်။ ခုတော့ မိမိဘဝထဲသို့ စွဲဝင်စွာ စူးဝင်ရောက်လာခဲ့ပြီးဖြစ်သော မောင့်အချစ်မျှားတစင်း ရက်ရှည်လများစွာ စူးဝင်လာပြီးမှ ရုတ်တရက် အသိမပေး နှတ်မဆက်ဘဲ ခရီးထွက်ကာသွားတော့ ဆူးတစ်ချောင်းနှတ်ခံရသလို ရင်ထဲနှလုံးထဲမှ ဆွဲနှတ်ခြင်းမျိုး ခံစားရသည်။ ခရီးထွက်သွားတာဖြစ်သော်လည်း ဘယ်တော့ပြန်လာမယ် မသိ၊ ဘာဆက်ဖြစ်ဦးမယ် မသိတော့လေပြီ။ ဟော့…။ ခုတော့ဖြင့် ယောက္ခမအဖွားကြီး၏ ရင့်သီးသော စကားတွေကြောင့် ပို၍ပင် အသည်းတဆတ်ဆတ်နာ သွေးစိမ်းရှင်ရှင် တစက်စက် ယိုစီးကျသည့်နှယ် အသဲလှိုက်ဆူ မီးပူသလို ခံစားရသည်။
အစဉ်မျှော်ယောင်၊ လင်တော်မောင်၊ ပြန်မရောက်ကြာသမို့၊ အကြံပျောက်ခမျာ၊ ပူပုံပန်းလှချည့်၊ (ကွယ်) လွမ်းတမိဆွေး။ တကယ်တော့ ကျွန်မမောင့်ကို အသက်တမျှ ချစ်မြတ်နိုးပါသည်။ မောင် ရုတ်တရက် ကျွန်မကို မပြောဘဲ ခရီးထွက်သွားတာကိုလည်း အပြစ်မမြင်ပါ။ မောင် ကျွန်မထံ ပြန်လာမည်ဟု ထာဝစဉ် မျှော်နေမိပါသည်။ လွမ်းတဆွေးမိပါသည်။  မောင်ကလွဲလို့ ကျွန်မ ဘယ်ယောကျာ်းနှင့်မျှ မဖောက်ပြန်ဖူးပါ။ မှန်ရာကို သစ္စာဆိုရဲပါသည်။ ကျွန်မသည် ရုပ်ရည်လှပ တင့်တယ်မှုကလွဲလို့ အစစအရာရာ မပြည့်စုံ ကံခေခဲ့သူပါ။ သိမ်ငယ်နိမ့်ကျသည့် ကျွန်မဘဝတစ်ခုလုံးကို ယုယကြင်နာစွာ ထွေးပိုက်တတ်သည့် မောင့်ကို ယုံကြည်စွာ ပုံအပ်ထားသူပါ။ ကျွန်မ မောင့်တစ်မျက်နှာကို ကြည့်ပြီး မောင့်အိမ်သို့ လိုက်ခဲ့ရသူပါ။ ကျွန်မကို အသိမပေးဘဲ ရုတ်တရက် ခရီးထွက်သွားသည့် မောင့်ကို အချိန်မီ ကျွန်မကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း မပြောဖြစ်မိလိုက်သည့်အတွက် ကျမတွေးမိတိုင်း မျက်ရည်ကျခဲ့ရသည်။ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မရှု့စိမ့် မမြင်စိမ့်ဖြစ်ပြီး ကျွန်မအပေါ် အထင်လွှဲမှား မယုံကြည်ဘဲ နှိမ့်ချစွာ နေ့စဉ်နဲ့အမျှ ဆက်ဆံပြောဆိုနေသည့် ယောက္ခမအဖွားကြီးကို ကျွန်မအတတ်နိုင်ဆုံး မျက်ရည်ခံထိုးပြီး ခြေသလုံးဖက် အနုအညွှတ် တောင်းပန်ပါသေးသည်။ သို့သော် ကျွန်မကို စက်ဆုပ်ဖွယ်ရာ အယုတ်တမာမ၊ မိန်းမယုတ်ဟု စွပ်စွဲကာ အညှာတာ ကင်းမဲ့စွာ အိမ်မှနှင်ချခံလိုက်ရဖြင့် ကျွန်မသည် အဝတ်တစ်ထည် ကိုယ်တစ်ခု ကိုယ်ဝန်အရင့်အမာ ဗိုက်တစ်လုံးဖြင့် မျက်ရည်ဖြိုင်ဖြိုင်ကျ ဒယိမ်းယရိုင် မလျှောက်ချင်လျှောက်ချင် ဘဝမျိုးဖြင့် အိမ်ပေါ်မှ ဆင်းသက်ခဲ့ရပါတော့သည်။ စွန့်လွှတ်စွန့်စား၊ နှလုံးသားဖြင့်၊ ဘဝခရီးလမ်း၊ ကြမ်းထန်းစွာ၊ ရင်ဆိုင်လျှောက်လှမ်းခဲ့ရသည်။
အော်… ကျွန်မမှာ ခုတော့၊ ရှက်စဖွယ် တစ်ပါးသူတွေသိပြီမို့၊ မျက်နှာငယ် သနားသူ မရှိရှာလေတော့၊ မျက်စိသငယ် နားသငယ် ယောင်ချာချာနဲ့၊ အသည်းဆိုင်မှာ၊ စွဲပိုင်ကာ၊ မြဲခိုင်စွာနဲ့၊ စွဲလျက်ဂဟေ၊ တွဲလက်တွေ မပြုတ်ချင်သော်လည်း၊ ကံအကြောင်းမသာ၊ ပေါင်းဖက်ဖို့ရာ၊ ပြန်ပြောင်းခါ တွေးရင်းတွေးရင်းပင်၊ လွမ်းဖြေမရွှင်၊ နွမ်းကြွေရင် ပူလောင်ပန်းလှချည့်ရဲ့ မောင်တော်ရေ… ကျွန်မ ဘဝဖြစ်အင် မြင်စေချင် သိစေချင်စမ်းပါဘိ နော်။ မပြယ်ချစ်ကြွေး၊ ရစ်နှောင်ထွေးဖက်၊ တွယ်တာယှက်သန်း၊ အကြင်နာလမ်းသို့၊ အလွမ်းပိုကာ၊ လှမ်းလိုပါလည်း၊ ဘဝတစ်သက်၊ အပြန်ခက်မို့၊ တမ်းမက် မရွှင်၊ နွမ်းလျှက်ရင်ဖြင့်၊ ခြေဦးတည့်ရာ မောင်ရှိရာသို့ ထွက်ခဲ့ရလေပြီ။ 

ဘဝကံကြမ္မာရယ် ရက်စက်နိုင်လွန်းလေစွ။ ကိုယ်ဝန်အရင့်အမာ ဆောင်ထားရသည့် မိန်းမသား တစ်ယောက်ဖြစ်သော ကျွန်မ၏ အဖြစ်သနစ်မှန်ကို ဃဂဏနလည်းမသိ နားလည်မပေးနိုင်ကြပါဘဲ အများတကာ၏ ပြက်ရယ်ပြုသည့်စကား၊ မနှစ်သက်စရာ မျက်စောင်း၊ အကြင်နာကင်းမဲ့စွာ လက်ညှိုးထိုးမှုတွေက ကျွန်မရင်မှာ လှံနှင့်ထိုးသလို နာကျင်စွာ ခံစားရပါသည်။ ထိုဘဝဒုက္ခ လောကဓံ အသံတွေ ကဲ့ရဲ့မှုတွေကြားက ဝေးရာသို့ ထွက်သွားတာ အကောင်းဆုံးဟု ဆုံးဖြတ်ကာ လေးလံသော ခြေလှမ်းတို့ဖြင့် ပြေးထွက်ခဲ့ရတော့သည်။ ကျွန်မဘဝသည် သောင်ပြင်မှာ လွှတ်လိုက်သည့် ခွေးတစ်ကောင်လို ထောက်တည်ရာမရ ဖြစ်နေရပါပြီ။ လောကဓံလှိုင်း ရိုက်ပုတ်တိုင်းဝယ် မရေမရာ မဗေဒါနှယ် လွင့်စင်သောင်းကမ်း ပျောက်ခဲ့ရပါပြီ။  


(သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ
 မေ့သားလှ- (ဇလဂ္ဂ)