Friday, February 25, 2011

ဆာလောင်မွတ်သိပ်မှု

(၁) နို့ညှစ်နွားမ မိခင်ထံမှ

နို့မစို့ရရှာတဲ့

တဗူးတဗယ်ဗယ်

အော်နေရှာတဲ့

နွားသူငယ်လေးတွေ

(၂) အရုဏ်ကို ကိုယ်ဝန်ဆောင်ထားတဲ့

မွေးဖွားခါနီး ညတွေ

(၃) နေခြည်ရဲ့ အနမ်းကို

မျှော်လင့်နေတဲ့

ပန်းပွင့်ကလေးတွေ

(၄) အနုပညာဆန်ဆန် သုံးသပ်

ဆေးစက်များဖြင့် ပုံဖော်

ခံစားသူတို့ရဲ့ အကဲဖြတ်မှုကို

စောင်းစားနေတဲ့

ပန်းချီကားတွေ

(၅) အတွေးစိတ်ကူးများဖြင့်

စကားလုံးများကို ပုံဖော်

စာဖတ်သူတို့၏ ခံစားချက်ကို

ညှို့ယူဖမ်းစားနိုင်သည့်

ကဗျာတွေ

(၆) ရေခြားမြေခြား မိခင်ရင်ခွင်နန်းမှ

ခွဲခွာနေကြရတဲ့ အိမ်လွမ်းသူတွေ

(၇) ဘဝတစ်ခုကိုပုံဖော်

ကာရံညီစွာ တည်ဆောက်

တန်ဘိုးရှိစွာ အသုံးချ

လောကကို အလှဆင်မည့်သူတွေ

(၈) ငြိမ်းချမ်းခြင်းကို တည်ဆောက်

အမျိုးသားပန်း သင်းထုံလန်းရေး

ရင်ကြားစေ့ စေ့စပ်ဆွေးနွေးဖို့

အမြဲတန်းဖွင့်ထားတဲ့ တံခါးတွေ

အော်…အားလုံးဟာ

ဆာလောင်မွတ်သိပ်နေကြတာချည်းဘဲလေ။

မေ့သားလှ(ဇလဂ္ဂ)

၂၄-၀၂-၂၀၁၁၁

No comments:

Post a Comment