" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, January 18, 2013

ဖူးတံငုံကင်း၊ သီးနှံဖျင်း



(၁) မျိုးစေ့ မမှန်၊ ပင်မသန်က၊ ဖူးတံငုံကင်း၊ သီးနှံဖျင်း၏ ။
(၂) ဆရာမဟန်၊ အကျင့်တန်က၊ တပည့်ညံ့ဖျင်း၊ ဂုဏ်နံ့ကင်း၏ ။
(၃) မိဘမဟန်၊ အကျင့်တန်က၊ သားသမီးညံ့ဖျင်း၊ အလိမ္မာကင်း၏ ။

ဗာလပုတ္တောပိ ပဏ္ဍိတော၊ ကုလပုတ္တရူပေါ ကော ပဝတ္တတိ သမံ ဘာဝေါ ဟု နီတိဆရာကတော့ ဆိုထားပါသေး၏ ။ ဆရာညံ့ မိဘညံ့တို့မှ တပည့်ကောင်း သားသမီးကောင်းလေးများ တစ်ရာမှာ တစ်ယောက်ဆိုသလို အနည်းငယ် ပေါ်ထွန်းလာတတ်ပါ၏။ ပဲစေ့ နှမ်းစေ့များထဲမှ စုံးပြူးစေ့ တစ်စေ့တလေ ပါတတ်လာသလို ဆရာကောင်း မိဘကောင်းတို့၏ တပည့် သားသမီးများထဲမှလည်း တပည့်ဆိုး သားဆိုးသမီးဆိုးလေးများ စုံးပြူး၍ ပါလာတတ်ပါသေး၏ ။ ဤသည်မှာကား ဓမ္မတာပင် ဖြစ်ပါ၏ ။

သန်မာစည်ကား ကြီးထွားသော သစ်ပင်မှ ဖြစ်သော အပွင့်အသီးတို့သည် ကားကားစွင့်စွင့် ထွားထွားကြိုင်းကြိုင်း ကြီးကြီးမားမား အဆီအနှစ်သြဇာ အရသာပြည့်ဝတတ်သကဲ့သို့ ထို့အတူ ဆရာကောင်း မိဘကောင်းတို့၏ အကျင့်အာစာရ စာရိတ္တသို့ အတုလိုက်ကာ တပည့်ကောင်း သားသမီးကောင်းလေးများ ဖြစ်လာကြပြီး သာသနာ့အလယ် လောကအလယ်တွင် တင့်တယ်ကြကုန်လျက် ဘဝကြီးပွားတိုးတက်လာနိုင်ကြကုန်၏။ ထိုသူတို့သည် သာသနာတော်ကြီးနှင့် လောကကြီး၏ ကောင်းကျိုးများကို အစွမ်းတမံ ဆောင်ရွက်နိုင်စွမ်းရှိကြကုန်၏။


ထို့ကြောင့် ပါရမီအခြေခံ ကောင်းသော တပည့်များ၊ သားသမီးလေးများကို သက်ဆိုင်ရာ ဆရာမိဘတို့က ကျနသေချာစွာ ပြုစုပျိုးထောင်အပ်ကုန်၏။

ပဗ္ဗဇ္ဇာဟိ နာမေသာ ပဋိသန္ဓိဂဟဏသဒိသာ ယထာ မနုဿာ၊ ယတ္ထ ပဋိသန္ဓိံ ဂဏှ န္တိ တေသံယေဝ ကုလာနံ အာစာရံ သိက္ခ န္တိ၊ ဧဝံ ဘိက္ခူပိ (သာမဏေပိ) ယေသံ သန္တိကေ ပဗ္ဗဇ္ဇ န္တိ တေသံယေဝ အာစာရံ ဂဏှ န္တိ။ (သဠာယတနဝဂ္ဂသံယုတ်၊ အာသီသဝဂ္ဂ စတုတ္ထသုတ်)။ ။
*ဧသာ ပဗ္ဗဇ္ဇာနာမ၊ ဤ ရဟန်းပြုခြင်းမည်သည်၊ ပဋိသန္ဓိဂဟဏသဒိသာ၊ အမိဝမ်း၌ ပဋိသန္ဓေယူခြင်းနှင့် တူ၏။ မနုဿာ၊ လူတို့သည်၊ ယတ္ထ ယသ္မိံ ကုလေ၊ အကြင်မျိုးနွယ်၌၊ ပဋိသန္ဓိံ၊ပဋိသန္ဓေကို၊ ဂဏှ န္တိ၊ ယူကြကုန်၏ ။ တေသံယေဝ ကုလာနံ၊ ထိုပဋိသန္ဓေယူရာဖြစ်သော အမျိုးနွယ်တို့၏ သာလျှင်၊ အာစာရံ၊ အလေ့အကျင့် စရိုက်ကို၊ သိက္ခ န္တိယထာ၊ လေ့လာမှတ်သား သင်ကြားအတုယူကြကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဘိက္ခူပိ၊ ရဟန်းတို့သည်လည်းကောင်း၊ သာမဏေရာပိ- သာမဏေတို့သည်လည်းကောင်း၊ ယေသံ၊ အကြင်ဆရာ ဥပဇ္ဈာယ်ရဟန်းတို့၏၊ သန္တိကေ၊ အထံတော်၌၊ ပဗ္ဗဇ္ဇန္တိ၊ ရှင်ရဟန်းပြုကြကုန်၏။ တေသံယေဝ၊ ထိုဆရာ ဥပဇ္ဈာယ်ရဟန်းတို့၏သာလျှင်၊ အာစာရံ၊ အလေ့ကျင့်စရိုက်ကို၊ ဂဏှ န္တိ၊ ယူကြလေကုန်၏။

အထက်ပါစကားများရပ်များကို ထောက်ဆလျှင် ကုသိုလ်ပါရမီထူး ရှိသော တပည့်ရဟန်းလောင်းများဖြစ်ခဲ့လျှင် စာရိတ္တ ခပ်သိုးသိုး ဥပဇ္ဈာယ်ဆရာ ကမ္မဝါစာဆရာမျိုးတို့ဖြင့် ရဟန်းခံမှုကိစ္စ မပြုလုပ်သင့်၊ မလွှဲသာ အရှောင်သာ ပြုလုပ်ခဲ့ရပါလျှင်လည်း ဆရာကောင်းများထံ နောက်ထပ်တဖန် အမြန်သိမ်ထပ် မင်္ဂလာပြုလုပ်ကြသင့်ပေသည်။ ။


ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
18-1-2013