" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, August 27, 2013

မိစ္ဆာဝါဒ တည်ထောင်သူများ နှင့် သူတို့၏ ဝါဒ အနှစ်ချုပ် ၅



၆။ သဉ္စယဗေလဋ္ဌပုတ္တ

အမည်ရင်းမှာ သဉ္စယ ဖြစ်သည်။ စုဝေးရာဟု အဓိပ္ပါယ်ရသဖြင့် အတတ်ပညာပေါင်းစုံ စုဝေးရာ, အတတ်ပညာများ ပြည့်စုံသော ဆရာကြီးဟု ဆိုလိုသည်။ ဖခင်မှာ ဗေလဋ္ဌဖြစ်၍ သူ့အား ဗေလဋ္ဌပုတ္တ-ဟု ခေါ်ဝေါ်ကြ၏၊ သဉ္စယ အမည်ရင်းနှင့် ပေါင်းကာ သဉ္စယဗေလဋ္ဌပုတ္တ-ဟု အမည်တွင် သူဖြစ်ပေသည်၊ သဉ္စယမှ သိဉ္စည်းအမည်နှင့် ထင်ရှားသူလည်းဖြစ်ပေသည်၊
သူသည် ပရိဗိုဇ်ပင် ဖြစ်သည်။ ပရိ သမန္တတော ဝဇတီတိ ပရိဗ္ဗာဇကော ဟူသည်နှင့်အနှင့် ပရိဗ္ဗာဇက(ပရိဗိုဇ်)တို့မည်သည် တစ်နေရာတည်း အတည်တကျ မနေဘဲ နေရာအနှံ့ လှည့်လည် သွား နေကြပြီး အယူဝါဒရေးရာများကို ငြင်းခုံဟောပြောနေသူများ ဖြစ်ကြသည်။

လှည့်လည် ဝါဒငြင်းခုံမှုနှင့် ပတ်သက်ပြီး ရှေးတုန်းက မြန်မာပြည်မှာတောင် ရက်ကွက်ထဲ မဏ္ဍာပ်ထဲမှာ အဘိဓမ္မာစကား ငြင်းခုံမှုနှင့်စပ်၍ ရယ်စရာဟာသ သဖွယ်ပင် ပြောစမှတ်ကျန်ရစ်သည်။ ဝိပဿနာသမားရော အဘိဓမ္မာသမားပါ အလှူမဏ္ဍာပ်တကာ လိုက်ပြီး အဘိဓမ္မာစကားများ ငြင်းကြ၊ ခုံကြ၊ တရားစကား ဆွေးနွေးကြ၏။ ထို့ကြောင့် "သောမနဿဂုတ်၊ လဖက်သုပ်၊ ကြက်သွန်လည်း သုပ်၊ အကုန်တုတ်" ဟု ပြောစမှတ်ပင် ပြုထားကြ၏။ တရားစကား ဆွေးနွေးရင်း လက်ဖက်ရည်ဝိုင်းကြီးမှာ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြနဲ့၊ နောက်ပိုင်း တစ်ယောက်သော သူက ငြင်းခုံရင်း ဒေါသဖြစ်လာသောအခါ လက်ဖက်ရည်အိုးနှင့် ထပေါက်သတဲ့၊ တချို့ကလည်း လက်သီးနှင့် ထထိုးသတတ်၊ သူက…ဟေ့…"ဒါ ဝိပဿနာ လက်သီးကွ" တဲ့၊ လက်သီးနှင့် ထိုးတော့ နာသလားဆိုတော့ မနားဘူး၊ အေး မင်း မနာဘူးဆိုရင် မင်း "အနာဂါမ်" ဖြစ်ပြီကွတဲ့။

အစဦးပိုင်းတွင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အပါအ၀င် တပည့်ငါးရာတို့၏ ဆရာကြီး လည်း ဖြစ်သည်။ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့သည် မြတ်ဗုဒ္ဓသာသနာနှင့် မတွေ့ခင်က သိဉ္စည်း၏ အယူဝါဒကို နှစ်ခြိုက်ခဲ့ကြဖူးသည်။ အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် လူဝတ် ကြောင်ဘဝ တုန်းက ပွဲကြည့်ရင်း စဉ်းစားမိကြလေသည်။ လက်ခုပ်တီးလိုက်၊ ဆုချလိုက်၊ ရီလိုက် မောလိုက် ဖြင့် အချိန်ကုန်နေလို့ အကျိုးမရှိပြီ၊ ဤပွဲကြည့်သူတွေအားလုံး နောင် အနှစ်တစ်ရာ အတွင်း အကုန်သေ ကြပေလိမ့်မည်၊ တို့တတွေလည်း သေကြပေလိမ့်မည် ဟု အတွေးလေးဝင်ပြီး ငါတို့ ဒီလိုနေလို့တော့ မဖြစ်တော့ဘူးဟု ဆုံးဖြတ်ကာ မသေရာ အမတ အမြိုက်တရားရှာပေအဲ့ဟု စဉ်းစားပြီးနောက် လူ့ဘောင်ကို စွန့်ခွာ၍ ထွက်လာခဲ့ရာ ယင်း သဉ္စယဗေလဋ္ဌပုတ္တ ဆရာကြီးနှင့် ရှေးဦးစွာ တွေ့ဆုံခဲ့ လေသည်။ သူ့တပည့်ခံယူကာ ဆရာ့အယူဝါဒများကို သင်ယူပြီး နောက်ပိုင်း အရှင် အဿဇိမထေရ်နှင့် တွေ့စဉ် ယေ ဓမ္မာ ဟေတုပ္ပဘာဝါ စသော လေးပါဒရှိ ဂါထာတစ်ပုဒ် သစ္စာလေးပါးတရား အကျဉ်းချုပ် နာကြားခွင့်ရပြီး နှစ်သက်သဘောကျကာ ပရိဗိုဇ်ဘာသာ၊ ပရိဗိုဇ်သာသနာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့ကြပေသည်။
အမရာဝိက္ခေပ၀ါဒ
သဉ္စယဗေလဋ္ဌပုတ္တ အယူဝါဒမှာ အမရာဝိက္ခေပ၀ါဒ-ငါးရှဉ့်ကဲ့သို့ အဖမ်းရခက်သော (၀ါ) မည်သည့်အယူဟု ဖော်ပြရန် ခက်ခဲသောအယူပင် ဖြစ်ပေသည်။ အမရာမည်သော ငါးတစ်မျိုးသည်လည်း အလွန်ချောထွက်နေသဖြင့် အလွန်အဖမ်းရခဲ့၏။ သူ၏ အယူဝဒါသည်လည်း တောင်မရောက် မြောက်မရောက်ဝါဒ ပင်ဖြစ်သည်။ သူသည် ဘဝ၊ လောက၊ မောက္ခနှင့် ပတ်သက်၍ အယူဝါဒတစ်ခုကို တိတိကျကျ မပြောရဲ၊ အကြောင်းမှာ (၁) မုသားကြောက်၍ စကားကို ရှောင်လွှဲပြောဆိုခြင်း၊ (၂) စွဲလမ်းမှု ဥပါဒါန်ကြောက်၍ လွှဲပြောခြင်း၊ (၃) ပညာရှိများ စစ်မေးမည်ကို ကြောက်၍လွှဲပြောခြင်း၊ (၄) ညံ့ဖျင်းထုံအခြင်း အကြောင်းကြောင့် စကားကို ရှောင်လွှဲ တိမ်းရှောင် ခြင်း တို့ဖြစ်သည်။ ခြံစည်းရိုး ခွထိုင်သည့် သူဟုလည်းကောင်း၊ သံသယဝါဒီဟု လည်းကောင်း၊ ခေါ်ဆိုနိုင်သည်။(Speculative Thinker or the founder of doctrine of doubt).
အဇာတသတ်မင်းကြီးကတော့ တိတ္ထိဆရာကြီး ခြောက်ယောက်ထဲမှာ သဉ္စယဗေလဋ္ဌပုတ္တ၏ အယူဝါဒဟာ မရောရာဆုံး ဝါဒ၊ အမိုက်မဲဆုံး ဝါဒဟု မှတ်ချက်ပြုထားသည်ကို တွေ့ရ၏။ မြတ်စွာ ဘုရား မပွင့်ခင်ကတည်းက အထက်ဆိုခဲ့ပြီး ဂိုဏ်းဆရာကြီးတို့၏ ဘာသာဝါဒများ မဂဓတိုင်း၌ ခေတ်စားနေခဲ့ပုံကို သဟမ္ပတိ ဗြဟ္မာကြီး တရားတောင်းခဲ့စဉ်က မြတ်ဗုဒ္ဓအား ထည့်လျှောက်ထားခဲ့ပေသည်။
ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊
ဓမ္မော အသုဒ္ဓေါ သမလေဟိ စိန္တိတော။
အပါပုရေတံ အမတဿ ဒွါရံ၊
သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓံ။
(အရိယပရိယေသနသုတ်(မူလပဏ္ဏာသပါဠိ)၊  ဗြဟ္မယာစနကထာ(ဝိနည်းမဟာဝါ ပါဠိ)။

ဘန္တေ- အို မြတ်စွာဘုရား၊ ပုဗ္ဗေ- ရှင်တော်ဘုရား ထင်ရှားပွင့်ပေါ်တော်မူရာ ကာလမှ ရှေး၌၊ မဂဓေသု- မဂဓတိုင်း၌၊ သမလေဟိ- ရာဂအစရှိသော ကိလေသာ အညစ်နှင့်တကွဖြစ်သော ပုရာဏကဿပ အစရှိသော ဂိုဏ်းဆရာကြီးတို့သည်၊ စိန္တိတော- ဖောက်ဖောက်ပြန်ပြန် တွေးကြံ သတ်မှတ် ပညတ်အပ်ကုန်သော။ အသုဒ္ဓေါ- မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သည့် မိစ္ဆာအယူဝါဒသည် (ဝါ) စင်ကြယ်မှုကို မပေးစွမ်းနိုင်သော မိစ္ဆာအယူဝါဒသည်၊ ပါတုရဟောသိ- ဇမ္ဗူဒိပ်၌ အဆိပ်ရေဖြန်းသကဲ့သို့ ထင်ရှားစွာ ပေါ်ပေါက်နေပါပြီ။ (တွံ- ရှင်တော်ဘုရားသည်)၊ အမတဿ- သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်၏၊ ဧတံ ဒွါရံ- ကဿပဘုရား သာသနာကွယ်သည်မှ စ၍ ပိတ်နေလျက်ရှိသော ထိုအရိယာမဂ်တံခါးကို၊ အပါပုရ(ဝိဝရ)- ဒေသနာတော်ဥာဏ်တည်းဟူသော လက်တော်ဖြင့် ဖွင့်လှစ်တော်မူပါလော့၊ ဝိမလေန- ရာဂအစရှိသော ကိလေသာ မြူအညစ်အကြေး ကင်းဝေးတော်မူသော ရှင်တော်ဘုရားသည်၊ အနုဗုဒ္ဓံ- လျော်စွာ သိတော်မူအပ်သည့် သစ္စာလေးပါး အမှန်တရားကို၊ (ဣမေ သတ္တာ- ဤသတ္တဝါတို့သည်)၊ သုဏန္တု- နာကြားပါစေကုန် ဘုရား။

အသိ အလိမ္မာ၊ ဉာဏ်ပညာတို့၊ လွန်စွာခေါင်းပါး၊ သူတို့အားလျှင်၊ ရှည်လျားဒုက္ခ၊ ရောက်သမျှပင်၊ ပညာ့တံခွန်၊ ဉာဏ်ရည်ချွန်သည့်၊ သူမွန်မြတ်ဖျား၊ ရှင်တို့အားမူ၊ တရားလက်ကိုင်၊ ကျေးဇူးလှိုင်၍၊ ဖြိုင်ဖြိုင်သုခ၊ ကောင်းကျိုးရသည်၊ လောကဓမ္မတာပါတကား”



ဆင်ခြင်စဉ်းစား အသိပွားနိုင်ကြပါစေ။
မေတ္တဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
August 21- 2013 Wed.
(၁၃၇၅ခု ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ရေးပြီး)။

မိစ္ဆာဝါဒ တည်ထောင်သူများ နှင့် သူတို့၏ ဝါဒ အနှစ်ချုပ် ၎



၅။ နိဂဏ္ဌနာဋပုတ္တ
ဂိုဏ်ဆရာကြီး ခြောက်ဦးထဲက မင်းရော ပြည်သူပါ အလေးစားဆုံးခံရသည့် “မဟာဝီရ” ခေါ် “ဂျိန(ဇိန)=ဂျိန်း” ဘာသာရေးခေါင်းဆောင်ကြီး “နိကဏ္ဌ”ပင် ဖြစ်ပါသည်။ သူတို့၏ ဘာသာရေး ကျမ်းစာများအလိုအရ နိဂဏ္ဌသည်လည်း သိဒ္ဓတ္ထ မင်းသားလို ရှင်ဘုရင်၏ သားတစ်ဦပင် ဖြစ်သည်ဟု ဆိုပါသည်။ သူနှင့် သူ၏ဂိုဏ်းသားတို့သည် အထူးသဖြင့် ကမ္မဝါဒကို ပြင်းပြင်းထန်ထန် လက်ခံကျင့်သုံးနေကြသော သူများဖြစ်ကြသည်။။ နိကဏ္ဌ၏ ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်ကို ညှင်းပန်းနှိပ်စက်သည့် အတ္တကိလမထာနုယောဂ အကျင့်ကို သဘောကျသူ အများအပြားပင် ရှိ၏။

နိဂဏ္ဌ= နိ- မရှိ၊ ဂဏ-္ဌအနှောင်အဖွဲ့၊ အထုံးအဖွဲ့၊ နိဂဏ္ဌ= ဟူသည်မှာ မည်သည့် နှောင်ကြိုးမှ မရှိ၊
 "နှောင်ကြိုးမဲ့သူ" ဟု သူ့ကိုယ်သူ ကြေညာထားသူ ဖြစ်၏။ ယုတ်စွဆုံး မိမိဝတ်ထားသည့် အဝတ်အစားပေါ်မှာ တပ်မက်မှု အနှောင်အဖွဲ့မျိုး မရှိတော့ဘူးဟု ယူဆလျှက် လောဘကို ချိုးနှိမ်သည့်အနေဖြင့် သူပိုင်တာဆိုလို့ ဘာပစ္စည်းမျှ မရှိဟုဆိုပြီး ဝတ်လစ်စလစ်နေလေတော့၏။ ဘုရားရှင်လက်ထက်နှင့် ပရိနိဗ္ဗာန်စံပြီး ယနေ့ခေတ်အထိပင် သူ၏ ဝါဒများ ပေါ်ပျူလာဖြစ်သေး၏။ သူသည် နိဂဏ္ဌဂိုဏ်းကြီးကို တည်ထောင်ထားသူလည်းဖြစ်၏။ ယနေ့ခေတ် သူတို့ကို "ဂျိန်း" ဟုလည်း ခေါ်ကြသေး၏။ "ဂျိန်း"  ဆိုသည်မှာ "ဂျိန-Jina" (ဇိန) ဟူသော ပါဠိမှ ဆင်းသက်လာသည့် အောင်မြင်သူ သို့မဟုတ် အောင်တော်မူဘုရားရှင် ဟုဆိုလို၏။ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်အတွင်း ရာဇဂြိုဟ် နာလန္ဒာနေရာတစ်ဝိုက် ဂျိန်းကျောင်းများ အများကြီးရှိပါသေးသည်။ အိန္ဒိယနိုင်ငံ၌ သူ၏အယူဝါဒ ဘာသာတရားကို လိုက်နာသူအများအပြား ရှိသေး၏။

နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ
 နိဂဏ္ဌသည် လေးမျိုးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏၊ စတုယာမ သံဝရ သံဝုတ(လေးဘက်လေးတန်မှ အကုသိုလ်တိုက်ဖျက် ဟန့်တားရေးဟူသော ဝါဒ) ကို ကျင့်သုံးပါသည်။ ဤလောက၌နိဂဏ္ဌသည် (၁) အလုံးစုံသော ရေအေးကို တားမြစ်၏၊ (သဗ္ဗဝါရိ ဝါရိတော)။
(၂) (မကောင်းမှုကို) အလုံးစုံ တားမြစ်၏၊ (သဗ္ဗဝါရိ ယုတ္တော)။
(၃) (မကောင်းမှုကို) အလုံးစုံ တားမြစ်ခြင်းဖြင့် ပယ်ခွါပြီး ဖြစ်၏၊ (သဗ္ဗဝါရိ ဓုတော)။
(မကောင်းမှု ကို) အလုံးစုံတားမြစ်ခြင်းဖြင့် (လွတ်မြောက်ရာကို) တွေ့ပြီးဖြစ်၏၊ (သဗ္ဗဝါရိ ဖုဋော)။ ဤလေးမျိုးသော စောင့်စည်းခြင်းဖြင့်စောင့်စည်းပြီးသော ဤနိဂဏ္ဌနာဋပုတ္တကို အထွတ်အထိပ်သို့ ရောက်သော စိတ်ရှိသူ စောင့်စည်းသော စိတ်ရှိသူ တည်ကြည်သော စိတ်ရှိသူဟု ဆိုအပ်၏''ဟု ပြောဆို ပါသည်။

သူသည် အဟိံသ ဝါဒကိုလည်း(သတ္တဝါတို့ကို မညှင်းပန်း မနှိပ်စက်ခြင်း Non-Violence to others) ကို လက်ခံယုံကြည်ထား၏။ အဟိံသဝါဒနှင့် ကမ္မဝါဒကို လက်ခံကျင့်သုံးရာ၌ နိဂဏ္ဌ၏အကျင့်က အတော့်ကို ကြံပေါက်ကြံစည် ကတ်သီးကတ်သပ် လည်းနိုင်၊  ပြင်းလည်းပြင်းထန်၊ တဖက်စွန်းလည်း ရောက်လွန်းလှ၏။ ဥပမာ ဆိုပါစို့၊ ပါဏာတိပါကံ တစ်ခုရှောင်ဖို့လေးမှာတောင် ရေစိမ်းမှာ ပိုးမွှားပါလို့  ဒီအတိုင်းသောက်ရင် အပြစ်ရှိတယ်ဟု ယူဆသောကြောင့် ရေစိမ်းသောက်ခြင်းကို လုံးဝရှောင်သည်။ သွားတဲ့ ခြေလှမ်း အောက်မှာ ပိုးမွှားတွေ  ကင်းအောင် ခြေလှမ်းတိုင်းမှာ တံမြက်စည်းလှဲပြီးမှ လှမ်းရမည်ဟု ဆို၏။ ဂျိန်းဘုန်းကြီးတို့သည် မြူမှုန်ကလေးများ၌လည်း အသက်ဇီဝ ရှိသည်ဟု ယူဆကြ၏။ မိမိက အသက်ရှုလိုက်လျှင် ထိုမြူမှုန်လေးများ နှာခေါင်းမှဝင်လာပြီး လူ၏ကိုယ်ငွေ့ဖြင့် အသက်ဇီဝ ပျက်စီးလျှင် ပါဏာတိကံထိုက်ကာ သီလကျိုးပေါက်လေတော့၏။ ထို့ကြောင့် ဂျိန်းဘုန်းကြီးတို့သည် ကျန်းမာရေးလိုက်စားလိုခြင်းကြောင့် မဟုတ်ဘဲ မြူမှုန်၌ရှိသော မမြင်နိုင်သည့် ပိုးကောင်လေးများ သေမည်စိုးသောကြောင့် သူတို့၏ နှာခေါင်း၌ အဝတ်စီးထားတတ်ကြ၏။

အထူးသဖြင့် အိန္ဒိယ၌ ဂျိန်းဝါဒကို ကုန်သည် ပွဲစား၊ သူဌေးများသာ ကိုးကွယ်နိုင်ကြပေမည်။ တောင်သူလယ်သမားတို့သည် ထွန်ယက်စိုက်ပျိုးရာဝယ် မြေကို ပေါက်တူးဖြင့် ပေါက်ခြင်းကြောင့် ပိုးမွှားကလေးများ သေကျေသဖြင့် ပါဏာတိပါတ ကံထိုက်လေ၏။ ထို့ကြောင့် တောင်သူ လယ်သမားတို့ ကိုးကွယ်ဖို့ ခက်ခဲလှပေ၏။  နိဂဏ္ဌအလို ပါဏာတိပါတ ကံမှ လွတ်ဖို့ အလွန်ပင် ခက်ခဲလှပေ၏။ မကောင်းမှုကို တားမြစ်ခြင်းဆိုသည့်  ဓမ္မဖြင့်သာ အမြဲထိတွေ့နေစေဖို့အတွက် အဝတ်အရုံ အထိအတွေ့ကိုပါ ရှောင်ကြဉ်၏။ တချို့သော ကျင့်စဉ်၌ သာယာမှု အထိ အတွေ့မဖြစ် အောင်  ဆူးပေါ်မှာသာ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကို ကျင့်သုံး၏။ ရသာရုံခံစားမှု ကင်းအောင် အစား တစ်လုတ် ရေတစ်မှုတ်သာ သုံးဆောင်သည်အထိ မသေရုံ တမယ် စားသောက်၏။  ထို့ကြောင့် သူ၏ ဝါဒသည်လည်း အစွန်းရောက်ဝါဒ ဟုဆိုနိုင်၏။

မိစ္ဆာဝါဒ တည်ထောင်သူ ဂိုဏ်းဆရာကြီး ခြောက်ယောက်တို့တွင် နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒကတော့ အကောင်းဆုံးဝါဒ ဟုဆိုရမည် ဖြစ်၏။ အရှင်မဟာဗုဒ္ဓဃောသ ဆရာကြီးက "ဧတဿ ဝါဒေ ကိဉ္စိ သာသနာနုလောမမ္ပိ အတ္ထိ၊ အသုဒ္ဓလဒ္ဓိတာယ ပန မိစ္ဆာဒိဌိယေဝ ဇာတာ- (သူ၏ အဆုံးအမတွေထဲမှာ မြတ်ဗုဒ္ဓအဆုံးအမများနှင့် ကိုက်ညီတာတွေ ပါသော်လည်း ထာဝရမြဲတဲ့ ဇီဝ ရှိတယ် အတ္တရှိတယ် ဆိုတာကို အခြေခံပြီး ဟောထားလို့ မိစ္ဆာဝါဒ ပါဘဲ) ဟု မှတ်ချက်ပြုတော်မူခဲ့၏။ (နတ်သုဒ္ဓါတမျှ မည်မျှပင် စားသောက်ဖွယ်ရာတွေ ကောင်းကောင်း၊ ယင်းစားဖွယ် သောက်ဖွယ်ကောင်းထဲ၌ မစင်အညစ်အကြေး တစ်စက်ကျသွားလျှင်ပင် မစင်မကြယ် ရွံစဖွယ်ဖြစ်သွားသကဲ့သို့ သူ၏ အယူဝါဒ မည်မျှပင် ကောင်းကောင်း၊ ဗုဒ္ဓဝါဒနှင့် မည်မျှပင် ကိုက်ညီပါစေ၊ မြတ်ဗုဒ္ဓဝါဒကား အနတ္တဝါဒ သူ၏ ဝါဒက အတ္တဝါဒ ဖြစ်သွားသောကြောင့် သူ၏အယူဝါဒ အားလုံး မိစ္ဆာဒိဌိဝါဒ ဖြစ်သွားရပေတော့၏)။

နိဂဏ္ဌနာဋပုတ္တသည်လည်း ဗုဒ္ဓဘာသာ ငါးပါးသီလကဲ့သို့ သူ့တပည့်တို့အား ငါးပါးသော သီလကို ပညတ်ခဲ့ကြောင်း အချို့သော ဂျိန်းစာပေတို့၌ ဖော်ပြထား၏။ ယင်းငါးပါဟူသော်ကား (၁) အဟိံသ=သူတပါးကို မညှင်းဆဲခြင်း (Non-Violence to others)၊ (၂) သစ္စဘာသန= အမှန်တရားကို ပြောဆိုခြင်း (Telling only what is true)၊ (၃) အထေယျ= မခိုးမဝှက်ခြင်း (Not stealling)၊ (၄) ဗြဟ္မစရိယ= မေထုန်ရှောင်ကြဉ်လျှက်  မြတ်သောအကျင့်ကို ကျင့်ခြင်း (Noble practice refraing from sexual intercourse)၊ (၅) အပရိဂ္ဂဟ= ပစ္စည်းပစ္စယ မိမိကိုယ်ပိုင်အတွက် မသိမ်းပိုက် မယူခြင်း (Not taking possession for oneself) တို့ ဖြစ်သည်။
မဇ္ဈိမနိကာယ် စူဠဒုက္ခခန္ဓသုတ်၌ မဟာနာမ်မင်းကြီးလျှောက်ထားမှုနှင့်စပ်၍ နိဂဏ္ဍတို့  ကျင့်စဉ်အကြောင်း သိနိုင်သေး၏။ နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား 'အိုနိဂဏ္ဌတို့ ရှေး၌ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှသည့် ပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့်စောင့်စည်းခြင်း စိတ်ဖြင့်စောင့်စည်းခြင်းသည်ပင် နောင်ဘဝ၌ မကောင်းမှုကံကို မပြုခြင်းဖြစ်၏၊ ဤသို့လျှင် ကံဟောင်းတို့ကို အကျင့်ဖြင့် ဖျက်ဆီးခြင်း, ကံသစ်တို့ကို မပြုခြင်းကြောင့် နောင်ဘဝ၌ မတိုးပွားခြင်းဖြစ်၏၊ နောင်ဘဝ၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခကုန်၏၊ ဆင်းရဲဒုက္ခကုန်ခြင်းကြောင့် ခံစားခြင်းဝေဒနာကုန်၏၊ ဝေဒနာကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့'ဟု ဆို၏။
ဆိုလိုသည်မှာ လူသားတို့မှာ ကံဟောင်းများ ရှိကြ၏။ ထိုအတိတ်ဘဝက ပါလာသည့် ကံဟောင်းများ ကုန်ခန်းအောင် တပအကျင့်၊ အတ္တကိလမထ နုယောဂအကျင့်ကို အပင်ပန်းခံကျင့်ပြီး ကျင့်ရမည်။ ပစ္စုပ္ပန် ကံသစ်များကိုလည်း သံဝရ စောင့်စည်းခြင်းဖြင့် ရှောင်ရမည်။ ခံစားမှု ကုန်အောင်၊ ကံသစ် ကံဟောင်းများ ကုန်အောင်ကျင့်ပြီး နောက်ဆုံး၌ လုံးဝဖြူစင်လှသည့် အတ္တကလေးသာ ကျန်ရှိပြီး Mokkha(Liberation) ဟုခေါ်သည့် လွတ်မြောက်မှု ရှိကြသည် ဟူ၏။

နိဂဏ္ဍတို့  ကျင့်စဉ်များကို မြတ်ဗုဒ္ဓက စူဠဒုက္ခခန္ဓသုတ်၌ အောက်ပါအတိုင်း မှတ်ချက်ပြုတော်မူ။
မဟာနာမ၊် ဤသို့ပြောဆိုသော် ငါဘုရားသည် ထိုနိဂဏ္ဌတို့အား- ''ငါ့သျှင် နိဂဏ္ဌတို့ 'ငါတို့သည် ရှေးက ဖြစ်ဖူးကြကုန်သည်သာ၊ မဖြစ်ဖူးကြကုန်သည် မဟုတ်'ဟု သင်တို့ သိကြကုန်သလော'' ဟုမေးမြန်းခဲ့၏၊ ငါ့သျှင်(ဂေါတမ) မသိကြပါဟု (ပြန်လည် ဖြေဆိုကြကုန်၏)။
 ''ငါ့သျှင် နိဂဏ္ဌတို့ 'ငါတို့သည် ရှေးက မကောင်းမှုကံ့ကို ပြုခဲ့ဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်'ဟု သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏) ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။
''ငါ့သျှင် နိဂဏ္ဌတို့ 'ဤသို့ ဤသို့သော မကောင်းမှုကံကိုပြုခဲ့ကြဖူးကုန်ပြီ'ဟု သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။ ''ငါ့သျှင် နိဂဏ္ဌတို့ 'ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရ ဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည်ကျေပျက်လတ္တံ့'ဟု သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။
''ငါ့သျှင်နိဂဏ္ဌတို့ မျက် မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်းကို ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။
''ငါ့သျှင် နိဂဏ္ဌတို့ 'ဤသို့လျှင် ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာ၊ မဖြစ်ခဲ့ကြဖူးသည်မဟုတ်'ဟု သင်တို့ မသိကြကုန်။ ငါတို့သည် 'ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်ကုန်'ဟု မသိကြကုန်။ 'ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ'ဟု မသိကြကုန်။ 'ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည် ကျေပျက်လတ္တံ့'ဟု မသိကြကုန်။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။ ငါ့သျှင် နိဂဏ္ဌတို့ ဤသို့ဖြစ်သော် လောက၌ကြမ်းတမ်းသူ သွေးစွန်းသောလက်ရှိသူ ကြမ်းကြုတ်သော အမှုရှိသူတို့သည် လူဖြစ်လာကုန်လျက် နိဂဏ္ဌတို့၌ ရှင်ရဟန်းပြုကြလေ ကုန်ယောင် တကား'' ဟု (ပြောခံရပေလိမ့်မည် ဟု) မှတ်ချက်ပြုတော်မူ၏ ။

နိဂဏ္ဌ၏ အဆုံးအမသည် အသိဉာဏ်သဘောတရားရယ်လို့ မပါဘဲ ခန္ဓာကိုယ်ကို ညှင်းပန်းသည့် အကျင့်မျိုးစုံကိုသာ ဟောညွှန်ထားတာဖြစ်သောကြောင့် သူ့ဝါဒကို ယုံကြည်သူအများစုသည်လည်း ဆင်ခြင်တုံတရားနည်းပါးကြသဖြင့် အသိနည်းသလောက် အစွဲနာ အခွါခက်တွေဖြစ်ကြကာ ယခုအထိလည်း မျိုးဆက်တော့ဖြင့် မဆိတ်သုဉ်းသေးပေ။     မြတ်ဗုဒ္ဓပွင့်ပေါ်သည့်အခါ နိဂဏ္ဌတို့ဂိုဏ်းသည် တဖြည်းဖြည်း အင်အားလျော့ပါးလာတာကတော့ အတော်လေး သိသာပါ၏။ တချို့ ဆင်ခြင်တုံရှိကြသည့်ဲ့ သီဟစစ်သူကြီးတို့၊ ဥပါလိသူကြွယ်တို့လို ပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓ၏ တပည့်သားအဖြစ် ခံယူသွားကြသည်ကို မှန်းဆ၍ သိနိုင်ပေသည်။

Monday, August 19, 2013

မိစ္ဆာဝါဒ တည်ထောင်သူများ နှင့် သူတို့၏ ဝါဒ အနှစ်ချုပ် ၃



၃။ အဇိတ ကေသကမ္ဗလ
အဇိတ ဟူသည်မှာ မည်သူမှ သူ့ကို အနိုင်ယူ မရသည့် ပုဂ္ဂိုလ်၊ သူကသာလျှင် အမြဲတမ်း တဖက်သားအပေါ်မှာ အနိုင်ယူချင်သည့် ပုဂ္ဂိုလ်ဟု ဆိုလိုသည်။  ကေသကမ္ဗလ ဟူသည်မှာ လူဆံပင်ဖြင့် ယက်လုပ်ထားသော အဝတ်ဖြစ်သည်။ သူသည် အခြားသော ပူရဏ ကဿပ၊ မက္ခလိ ဂေါသာလတို့ကဲ့သို့ အဝတ်မဝတ်သူတော့ မဟုတ်၊ လူဆံပင်ဖြင့် ရက်လုပ်ထားသည့် အဝတ်ကို ဝတ်ဆင်ထား၏။ အထက်ပါ  ကေသကမ္ဗလသုတ်မှာ ဟောတော်မူခဲ့သည့်အတိုင်း လူဆံပင်ဖြင့် ရက်ထားသည့်အဝတ်သည် ရာသီဥတုပူလျှင် အလွန်ပူပြီး၊ အေးလျှင်လည်း အရမ်းအေး၏။ ရာသီဥတုဒဏ်ကို မကာကွယ်နိုင်၊ အဆင်းလည်း မလှ၊ လူဆံပင်ဆိုတာ လူ့ခန္ဓာ၊ ဦးခေါင်းနှင့် တွဲ၍ ရှိနေလျက်ပင် အမြဲတမ်း ဖီးလိမ်းသုတ်သင် ခေါင်းလျော်ပြီး အမွေးနံ့သာများဖြင့် လိမ်းကျံမှ အနည်းငယ် မကောင်းသည့် အနံ့အသက် ထွက်ခြင်း သက်သာ၏။ ထို့ကြောင့် လူဆံပင်သည် အနံ့လည်း ဆိုး၏။ နုနုညံ့ညံ့လည်း မရှိ။ သူ့ခေတ်သူ့အခါက ဖက်ရှင်တမျိုး၊ စတန့်တမျိုး ထွင်ပြီး ဝတ်တာလည်း ဖြစ်နိုင်ပါ၏။ သူလည်း နောက်ပါ တပည့်များစွာ ရှိသည့် ထင်ရှားကျော်ကြားသည့် အယူဝါဒတစ်ခုကို တည်ထောင်သူ ဆရာကြီးပင် ဖြစ်၏။

 အဇိတ ကေသကမ္ဗလ၏ နတ္ထိကဝါဒ
၁။ ပေးလှူခြင်း(၏အကျိုး)သည် မရှိ၊(နတ္ထိ ဒိန္နံ)၊
၂။ အကြီးအကျယ်ပေးလှူခြင်း (၏အကျိုး)သည် မရှိ၊(နတ္ထိ ယိဌံ)၊
၃။ လက်ဆောင်ပဏ္ဏာပေးခြင်း (၏အကျိုးသည်)မရှိ၊(နတ္ထိ ဟုတံ)၊
၎။ ကောင်းမှုမကောင်းမှုတို့၏ အကျိုးသည် မရှိ၊(နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော)၊
၅။ ဤလောကသည် မရှိ၊(နတ္ထိ အယံ လောကော)၊
၆။ တစ်ပါးသော လောကသည် မရှိ၊(နတ္ထိ ပရော လောကော)၊
၇။ အမိ၌ ကောင်းစွာပြုခြင်း မကောင်းစွာပြုခြင်း၏ အကျိုးမရှိ၊(နတ္ထိ မာတာ)၊
၈။ အဖအမိ၌ ကောင်းစွာပြုခြင်း မကောင်းစွာပြုခြင်း၏ အကျိုးမရှိ၊(နတ္ထိ ပိတာ)၊
၉။ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊(နတ္ထိ သတ္တာ သြပပါတိကာ)၊
၁၀။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်၊
(နတ္ထိ လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကဉ္စ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ၊)၊
အထက်ပါ (၁၀) ချက်သည် အဇိတ ဆွဲကိုင်ထားသော နတ္ထိကဝါဒပင် ဖြစ်၏။ ယင်းမိစ္ဆာဝါဒ ဆယ်ပါး ကင်းစင်လျှင် ဗုဒ္ဓဘာသာအလို ကမ္မသကတာ သမ္မာဒိဌိ နှင့် ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်၏။
ဥစ္ဆေဒဝါဒသမား
လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ ခန္ဓာကိုယ် ပျက်စီးလျှင် ပြတ်စဲကုန်၏၊ ပျက်စီး ကုန်၏၊ သေသည်မှ နောက်၌ မရှိကုန်''ဟု ပြောဆိုပါသည်။ (ဗာလေစ ပဏ္ဍိတေစ ကာယဿ ဘေဒါ ဥစ္ဆဇ္ဇန္တိ၊ ဝိနဿန္တိ၊ န ဟောန္တိ ပရံ မရဏာ)။ ဤစကားကိုထောက်လျှင် အဇိတသည် ဥစ္ဆေဒဝါဒ(Annihilation of Doctrine) ပင်ဖြစ်၏။
ဆက်လက်ပြီး အဇိတ ပြောသည်မှာ ဤသတ္တဝါသည်မဟာဘုတ်လေးပါး အစုအဝေး ဖြစ်၏၊ သေသောအခါ မြေဓာတ်သည် မြေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ ရေဓာတ်သည် ရေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ မီးဓာတ်သည် မီးဓာတ်အစုသို့ဆိုက်၏၊ ရောက်၏၊ လေဓာတ်သည် လေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ (စာတုမဟာဘူတိကော အယံကာယော၊ ယဒါ ကာလံ ကရောတိ၊ ပထဝီ ပထဝိကာယံ အနုပေတိ အနုပဂစ္ဆတိ၊….ဝါယော ဝါယောကာယံ အနုပေတိ အနုပဂစ္ဆတိ၊)။
နာမ်ဣနြေ္ဒတို့သည်ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏၊ အသိစိတ်တွေ သေလျှင် ကောင်းကင် လွင့်ပျံတက်သွားသည်ဟူ၏။(အာကာသံ ဣန္ဒြိယာနိ သင်္ကမန္တိ၊)။
ညောင်စောင်းလျှင် ငါးခုမြောက်ဖြစ်သော ယောက်ျားတို့သည်သူသေကောင်ကို ယူ၍ သွားကုန်၏၊ သင်းချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့သည် ခိုအဆင်းကဲ့သို့ ဖြစ်ကုန်၏၊ ဆိုလိုသည်မှာ လူသေပြီဆိုလျှင် လူ၏ ဂုဏ်သိက္ခာသည် သင်းချိုင်း ဘောင်အတွင်းသာ ရှိသည်။ အလောင်းကောင်ကြီးသာ သုဿာန်သင်းချိုင်း၌ ပြစ်ချထားခဲ့ရပြီး နောက်နောင်ဘဝဆိုတာ မရှိဘူး။ နောက်ဘ၀ကို ပြည်ဖုံးကားချပစ်လိုက်သောကြောင့် မိုက်တွင်းနက်လှပေ၏။

အလှူတို့သည် ပြာအဆုံးရှိကုန်၏၊ (ဘဿန္တာ အာဟုတိယော)။ ဆိုလိုသည်မှာ ရှေးခေတ်က အိန္ဒိယ ရှေးဟောင်းရသေ့များ မီးပူဇော်လျက် ယဇ်ကြီး ယဇ်ငယ်ပူဇောက်ကာ ကုသိုလ်လုပ်ကြ၏။ ထိုအရာများ မီးထဲထည့်တော့ ပြာဖြစ်သွားသည်သာ၊ ဘာလုပ်လုပ် အလကား ဖြစ်သွားတာပါဘဲဟု အဇိတ ကေသကမ္ဗလက ယူဆသည်။ သူသည် ရုပ်ကြမ်းဝါဒီကြီး(Materialist)ဟုလည်း ဆိုနိုင်သည်။
ထို့ပြင် သူက ဒါနကိုလည်း ပုတ်ခတ်လိုက်သေး၏။ အလှူပေးခြင်းကိုလူမိုက်တို့က ပညတ်ထား၏ တဲ့။ (ဒတ္တုပညတ္တံ ယဒိဒံ ဒါနံ)။ ဒါနကောင်းမှုဆိုတာ လူမိုက်တွေ ထွင်ထားတာ၊ လူမိုက်တို့၏ ထွင်လုံးတဲ့။ လူအ လူနတွေသာ လှူပြီး၊ လိမ္မာပါးနပ်သူ လည်သည့်သူများက ယူကြသည်ဟု ပုတ်ခတ် ပြောဆိုလိုက်ခြင်း ဖြစ်၏။ ဤမျှမကသေး၊ ဒါနကောင်းမှုရှိတယ်၊ ကုသိုလ်ကောင်းမှု၏ အကျိုးတရား ရှိတယ် ဟု ပြောဆိုနေကြသည့် အတ္ထိကဝါဒသမားများကိုလည်း သူက လူလိမ် လူညာတွေချည်းပဲ ဟု ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ ခန္ဓာကိုယ် ပျက်စီးလျှင် ပြတ်စဲကုန်၏၊ ပျက်စီး ကုန်၏၊ သေသည်မှ နောက်၌ မရှိကုန်''ဟု ပြောဆို၏ ဤသည်မှာ ဥစ္ဆေဒဝါဒပင် ဖြစ်၏။ အဇိတ၏ နတ္ထိကဝါဒ၊ ဥစ္ဆေဒဝါဒ တို့သည်လည်း အလွန်ပင် ကြောက်စရာကောင်းလှ၏။ လူ့လောက ကြီးပွားရေးပင် မဖြစ်နိုင်။ လူမိုက်အားပေးသည့် ဝါဒသက်သက်သာ ဖြစ်ပေ၏။
၎။ ပကုဓ ကစ္စာယန
ပကုဓသည် သူ့၏ ငယ် နာမည်သာတည်း၊ ကစ္စာယနမှာ သူ၏ မျိုးနွယ်မှ ရလာသည့် နာမည်ဖြစ်၏။ ဥပမာ သိဒ္ဓတ္ထ ဂေါတမ ဟူရာ၌ မြတ်ဗုဒ္ဓ၏ ငယ်နာမည်သည် သိဒ္ဓတ္ထ၊ မျိုးနွယ်သည် ဂေါတမ အနွယ်ပင် ဖြစ်၏။ မြတ်ဗုဒ္ဓသည် သကျလူမျိုးထဲမှ ဂေါတမ အနွယ် ဖြစ်၏။ ယနေ့ခေတ်အခေါ် Surname- မျိုးနွယ်အမည်ပင် ဖြစ်၏။ သူ၏ Philosophy တွေကလည်း အခြားသူများနှင့် မတူသည့်အပြင် သူ့ကိုယ်သူ သဗ္ဗညူဘုရားအဖြစ် ဝန်ခံပြောဆိုနေသည့် နာမည်ကြီး ပုဂ္ဂိုလ်တဦးပင် ဖြစ်၏။
ပကုဓကစ္စာယန၏ အယူဝါဒ
ပကုဓကစ္စာယနက ကာယအစု(Seven Body Dhamma) ကြီး (၇) မျိုး ရှိ၏ ဆို၏။ ထို (၇)မျိုးကား မြေ၊ ရေ၊ လေ၊ မီး၊ သုခ၊ ဒုက္ခနှင့် ဇီဝတ ခေါ်သည့် အသက်ဝိညာဉ်တို့ပင် ဖြစ်၏။ (ပထဝီ အာပေါ တေဇော ဝါယော ကာယော၊ သုခေ၊ ဒုက္ခေ၊ ဇီဝိတေ သတ္တမေ)။
 ဤခုနစ်ပါးသော ကာယအစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည်မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း ဆင်းရဲရန်လည်းကောင်း ချမ်းသာ ဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ဤစကားများကို ကောက်ချက်ချလျှင် ကာယအစုကြီး (၇)ခုသည် ဘယ်သောအခါမှ မပြောင်းလဲ၊ ထာဝရခိုင်မြဲ တည်မြဲနေသည့် အရာများ၊ ဘယ်သောအခါမှ မပျက်စီးနိုင်သည့် အရာများပင်တည်း။ ထို့ကြောင့် သူအယူဝါဒသည် မြဲ၏ဟု ယူဆသော သဿတဝါဒ ပင် ဖြစ်၏ဟု ဆိုနိုင်၏။
ပြီးတော့ သူဟောသေးသည်မှာ ထိုကာယအစုတို့၌ သတ်သူ သတ်စေသူ ကြားသူ ကြားစေသူ သိသူ သိစေသူများ မရှိကုန်၊ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကိုဖြတ်စေကာမူ တစ်ဦးတစ် ယောက်သည် တစ်ဦးတစ်ယောက်ကို သတ်သည် မမည်၊ လက်နက်သည် ထိုခုနစ်ပါးသော ကာယအစုတို့၏ အကြား ဟင်းလင်းသို့ ကျရောက်၏''ဟု ပြောဆိုပါသည်။ (သတ္တန္နံ တွေဝ ကာယာနမန္တရေ သတ္ထံ ဝိဝရမနုပတတိ၊ ထို ကာယအစုကြီးအကြား အလိုလို ဓားဝင်သွားတာ၊ ဘယ်သူ့ကို ဘယ်သူမှ သတ်တာ မဟုတ် မည်သူမှ အပြစ်မရှိဘူး ဟူလို။)။
ယင်းအယူအဆသည်လည်း အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ဤဝါဒကြီး ထွန်းကားပါလျှင် မသူတော်တို့ လူမိုက်တို့ အတွက်ကား အကာအကွယ်ပေးထားသလို ဖြစ်နေသည့် အားဆေးတစ်ခွက်ဖြစ်နေပေ၏။ ယင်းဝါဒသည် အကျိုးအကြောင်း အဆိုးအကောင်းကို မှန်ကန်စွာ ခွဲခြား ဝေဖန် နိုင်သည့် မည်သည့်ဘာသာဝင်မဆို စိတ်ဆင်းရဲ ဖွယ်သာ ဖြစ်ပြီး လူ့အန္ဓဗာလ အမိုက်ကောင်များ၏ အမှောင်ခိုရာ နေရာကြီးသာ ဖြစ်နေပေ လိမ့်မည်ဖြစ်၏။ လူမိုက် အားပေးသည့် ဝါဒကြီးပင် ဖြစ်ပေ၏။

မိစ္ဆာဝါဒ တည်ထောင်သူများ နှင့် သူတို့၏ ဝါဒ အနှစ်ချုပ် ၂



၂။ မက္ခလိ ဂေါသာလ [မက္ခလိ+ဂေါသာလ] နွားခြံ၌ ဖွားသော မက္ခလိ။

မက္ခလိဂေါသာလ ဆရာကြီး။ မက္ခလိသည် ရှင်တော်ဂေါတမနှင့် ခေတ်ပြိုင်ဆန့်ကျင်ဘက်ဖြစ်သည့် ပူရဏကဿပစသော တိတ္ထိဆရာကြီး ၆-ဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ရွံ့ညွန်ရှိရာမြေပေါ်၌ ဆီအိုးကို ယူသွားခိုက် သခင်က ချစ်သား မချော်လဲစေနှင့်ဟု ကြိုတင်သတိပေးပါလျက် ချော်လဲခဲ့ရာ သခင်ကို ကြောက်ရွံ့၍ ထွက်ပြေးမည့်ဟန်ပြင်စဉ် သခင်က အနီးသို့ပြေးသွားပြီး ပုဆိုးစွန်းကို ဆွဲကိုင်လိုက်လေသည်။ သူသည် ပုဆိုးချွတ်ထားခဲ့၍ ကိုယ်တုံးလုံးနှင့်ထွက်ပြေးသွားပြီးနောက် အဝတ်မဝတ်ဘဲ နေလေသည်။ ယင်းသို့နေသဖြင့် လူအများက အလိုနည်းသူ ရဟန္တာဟု ထင်မှတ်ကာ ကြည်ညိုကိုးကွယ် ဆည်းကပ်ကြကုန်၏။ ထိုအခါမှစ၍ နောက်လိုက်တပည့်သာဝကများ တဖြည်းဖြည်း တိုးပွါးလာရာ ၅-ရာအထိ ရှိလာသည့်အတွက် အစေလကတိတ္ထိယဆရာကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။

မာခလိ- မချော်လဲစေနှင့်ဟူသော စကားကို အစွဲပြု၍ မက္ခလိဟူသောအမည်ကို ပဌမရရှိသည်။ ဂေါသာလရွာသားဖြစ်သောကြောင့် တစ်နည်း နွားခြံ၌ မွေးဖွားသောကြောင့် ဂေါသာလဟူသော ဒုတိယအမည်ကို ထပ်ဆင့်ရရှိသည်။ ဒီ၊ ဋ္ဌ၊ ၁။ ၁၃၁။ သာရတ္ထ၊ ၃။ ၃၈၃။
ယင်းပုဂ္ဂိုလ်သည် သာဝတ္ထိအနီး သာရဝါန၌ မွေးဖွားသည်။ သူ့ဖခင်၏အမည်မှာ မင်္ခလိဖြစ်၍ မိခင်မှာ ဘဒ္ဒါဖြစ်သည်။ သူ့ဖခင်မှာမင်္ခ=အရုပ်ကားရောင်းချသူနွားများစွာမွေးသူနွားများစွာပိုင်ဆိုင်သူဖြစ်၍ သားဖြစ်သူကို ဂေါသာလမင်္ခလိပုတ္တဟု ခေါ်သည်ဟူသော ဥဗာသကဒသာအိုခေါ် ဂျိန်းကျမ်းစာ၏ အဆိုကိုလည်းကောင်း၊ မစကရိ သာ ၎င်း၏အမည်ရင်းဖြစ်ဟန်တူသည်။ မစကရိ= ဝါးတောင်ဝှေးကိုင်သူဟု ပါဏိနီဆရာ အနက်ဆိုသည်ဟူသော ဒေါက်တာဘရူးဝါး၏ အဆိုကိုလည်းကောင်း ဒီပီပီအန် ၌ ဖော်ပြထားသည်။ (U Hau Sein’s Pāḷi-Myanmar Dictionary ပါဠိမြန်မာ အဘိဓာန်(ဦးဟုတ်စိန်)


မက္ခလိဂေါသာလ၏ အယူဝါဒ
သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိအထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏၊ (နတ္ထိ ဟေတု၊ နတ္ထိ ပစ္စယော၊ သတ္တာနံ သံကိလေသာယ၊ အဟေတူ အပစ္စယာ သတ္တာ သံကိဿန္တိ) သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည့်မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ (နတ္ထိ ဟေတု၊ နတ္ထိ ပစ္စယော၊ သတ္တာနံ ဝိသုဒ္ဓိယာ၊ အဟေတူ အပစ္စယာ သတ္တာ ဝိသုဇ္ဈန္တိ)။
သူသည် အကြောင်းတရားငြင်းပယ်သော အဟေတုကဝါဒသမားဖြစ်၏။ အကြောင်းတရားကို ငြင်းပယ်လျှင် အကျိုးတရားကိုလည်း ငြင်းပယ်ရာရောက်၏။ (His Doctrine is called A-hetuka-vada doctrine which rejected both cause and effect). အကြောင်းတရား မရှိဟု ဟောသော သူ၏ တရားသည် သဘာဝမကျ၊ လောကမျက်မြင်အားဖြင့် သစ်ပင် တစ်ပင် ရှင်သန် ပေါက်ဖွား လာရန်ပင် အနည်းဆုံး သစ်ပင်မျိုးစေ့သည် ရေဓာတ် မြေဆီလွှာတည်းဟူသော အကြောင်းတရားများ  လိုအပ်၏။ လောကမှာ အကြောင်းတရားနှင့် အကျိုးတရားတို့ အပြန်အလှန် မှီတွယ်ဆက်စပ်နေကြ၏။ အဘိဓမ္မာသဘောအရ မြင်သိစိတ်လေးတစ်ခု ဖြစ်ပေါ်လာရန် (၁) စက္ခုပသာဒ-မျက်စိပသာဒ၊ (၂) ရူပါရုံ(မြင်စရာအာရုံ)၊ (၃) အာလောက(အလင်းရောင်)၊ (၄) မနသိကာရ(နှလုံးသွင်းခြင်း) တည်းဟူသော အကြောင်းတရားများ တိုက်ဆိုင်လာပါမှ မြင်သိစိတ်ခေါ် စက္ခုဝိဥာဏ်လေး ပေါ်ပေါက်လာနိုင်ပေ၏။ အကယ်၍ ထိုအကြောင်းတရား တစ်ခုခု ကင်းမဲ့နေပါက မြင်သိလေးလေး မပေါ်ပေါက်လာနိုင်ပေ။
ဗုဒ္ဓအလို သတ္တဝါတစ်ဦးဖြစ်လာဖို့ပင် အကြောင်းတရားများ ရှိပါသည်။ ကံတည်းဟူသော လယ်ယာ၌ ပဋိသန္ဓေဝိညာဉ်တည်းဟူသော မျိုးစေ့ကို စိုက်ပျိုးချလျက် တဏှာတည်းဟူသော အစိုအစေးဓာတ် ရေဓာတ် တို့ ပေါင်းဆုံလာပါမှ သတ္တဝါဟု ဖြစ်လာနိုင်၏။ (ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊ တဏှာသိနေဟော၊)။
အကြောင်းတရားကို ငြင်းပယ်နေသော မက္ခလိ ဂေါသာလက ဆက်လက်ပြီး
မိမိ ပြုလုပ်မှုသည် မရှိ၊(နတ္ထိ အတ္တကာရေ-ကိုယ့်ဟာကိုယ် တိုးတက်အောင် လုပ်လို့မရ)၊ သူတစ်ပါးတို့ ပြုလုပ်ပေးမှုသည် မရှိ၊ (နတ္ထိ ပရကာရေ- သူတပါးက တိုးတက်အောင် လုပ်လေးလို့လည်း မရ)၊ ယောက်ျားတို့ ပြုလုပ်မှုသည် မရှိ၊ (နတ္တိ ပုရိသထာမော)၊ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ (နတ္ထိ ဝီရိယံ)၊ ယောက်ျားတို့ စွမ်းအားသည် မရှိ၊ ယောက်ျားတို့အားထုတ်မှုသည် မရှိ၊ "ယောကျာင်္းတံခွန်၊ လူရည်ချွန်က၊ မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်းတည်း" ဟူသော ယောကျာင်္းတို့၏ လုံးလဝီရိယ စွမ်းအားများကို သူက လုံးဝအသိအမှတ်မပြုရာရောက်၏။
လက်တွေ့အားဖြင့် စာမေးပွဲအောင်ချင်သည့် ကျောင်းသားသည် စာကျက်ရမည် ဖြစ်၏။ စာရမှ စာမေးပွဲအောင်နိုင်၏။ စာမေးပွဲအောင်မြင်ခြင်းသည် ထိုစာကျက်သော ကျောင်းသားမှာ လုံ့လ ဝီရိယ၏ အကျိုးရလာဒ်တစ်ခုပင် ဖြစ်ပါ၏။ မက္ခလိဂေါသာလကတော့ ယင်းကဲ့သို့ ဝီရိယ၏ အကျိုးကို လုံးဝ အသိအမှတ်မပြုပေ။ သူ၏ ဝါဒသည် တိုးတက်မှု မှန်သမျှကို ပယ်ဖျက်သည့် ဝါဒသဘော သက်ရောက်၏။ လောကလူသားတို့ လောကီကြီးပွားတိုးတက်ရေး ဓမ္မရေးရာ တိုးတက်စရာမှန်သမျှ တက်လမ်း မရှိတော့ပေ။
 အလုံးစုံသော သတ္တဝါ၊ အလုံးစုံသော အသက်ရှူသတ္တဝါ၊ အလုံးစုံသော ထင်ရှားဖြစ်သော သတ္တဝါ၊ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အား မရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကို ခံစားကုန်၏၊ တဲ့။

မက္ခလိ ဂေါသာလနှင့် နိယတိဝါဒ(ပုံသေ သတ်မှတ်ချက်)
မက္ခလိ ဂေါသာလက လူသားတိုင်းမှာ နိယတိ- ပုံသေသတ်မှတ်ချက် ရှိ၏ ဟု ဆို၏။ ဥပမာ သူအလိုဆိုလျှင် လူဖြစ်ရမည်ဆိုလျှင်လည်း လူပဲဖြစ်မည်၊ ခွေးဖြစ်မည်ဆိုလျှင်လည်း ခွေးပဲ ဖြစ်နေရတော့မည်။ မည်သည့်နည်းနှင့်မျှ ကြိုးစားအားထုတ်ပါသော်လည်း တစ်သံသရာလုံး ဤအတိုင်းပင် ပုံသေ ဖြစ်နေကြရပေတော့မည်။ ဘာမှ အပြောင်းလဲ လုပ်ချင်လို့မရ၊ လူသားတို့၏ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာစွမ်းရည်များလည်း ဘာတစ်ခုမျှ မရှိနိုင်တော့ပေ။
သူ၏အဆိုအရ လောကမှာ ချမ်းသာဆင်းရဲလည်း အကန့်သတ်ရှိ၏။ (ဒေါဏမိတေ သုခဒုက္ခေ)၊ လူသားတိုင်း သံသရာလည်း ပိုင်းခြားကန့်သတ်ပြီး ဖြစ်၏။ သံသရာအတိုးအလျှော့ မည်သူမျှ လုပ်၍မရ၊ ဘဝသံသရာ လောကဓံအတက်အကျ မရှိ။ (ပရိယန္တကတေ သံသာရေ နတ္ထိ ဟာယနဝဍ္ဎနေ၊ နတ္ထိ ဥက္ကံသာဝကံသေ)၊၊ ပညာရှိဖြစ်စေ လူမိုက်ဖြစ်စေ ပုံသေကားချပ် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။ မဟာကပ် ရှစ်သန်းလေးသိန်း(စုလ္လာသီတိ မဟာကပ္ပိနော သတသဟဿံ) ဟုခေါ်သည့် အလွန်ရှည်လျားသည့် အပိုင်းခြားကြီးတစ်ခု ပြည့်လျှင် ပညာရှိရော လူမိုက်ပါ အားလုံး ဘဝကို အဆုံးသတ်ကြရမည်ဖြစ်၏။
ဤ မဟာကပ် ရှစ်သန်းလေးသိန်းအပိုင်းအခြားကြီး မပြည့်သေးခင် ပညာရှိကလည်း ငါ ပညာရှိဆိုပြီး သံသရာကို တိုအောင် လုပ်လို့မရနိုင်ပေ။ လူမိုက်ကလည်း ငါ လူမိုက်ကွာ ဆိုပြီး သံသရာအပိုင်းအခြားကို ကျော်လွန်၍ နေချင်သေးတယ်ဆိုပြီး သံသရာကို ရှည်အောင် လုပ်၍ မရနိုင်ပေ။ ဘဝသံသရာ ပုံသေကားချပ် သတ်မှတ်ပြီးသား ဖြစ်လေတော့၏။။ သူ့အဆို ဥပမာ အပ်ချည်လုံးလေးတစ်ခုကို အမြင့်တစ်နေရာမှ ကြိုးစကလေးကိုင်ပြီး ပစ်ချလိုက်လျှင် ကြိုးရှည်သမျှ ယင်းအပ်ချည်လုံးလေးသည် လိမ့်ဆင်းနေပေလိမ့်မည်။ ကြိုးစကုန်လျှင် ရပ်သွားမည်၊ ဆိုလိုသည်မှာ အတိုင်းအတာ အကန့်အသတ်တစ်ခု ကုန်သွားတာနှင့် ပြီးသွားပြီ၊ ဘဝကိုလည်း ဤကဲ့သို့ ပုံသေ သတ်မှတ်ထားသည်ကို နိယတိဝါဒ ဟုခေါ်သည်။

ဝီရိယစသည်၏ အကျိုးမရှိ၊ အောင်မြင်တိုင်းတက်ဖို့ အကြောင်းတရားမရှိဘူးဟု လက်ခံ ယုံကြည် နေလျှင် ဘဝလွတ်မြောက်ဖို့၊ တိုးတက်ကြီးပွားဖို့ မည်သူမျှ ကြိုးစားကြမည် မဟုတ်ပေ။ မြတ်ဗုဒ္ဓကတော့ အရိုးကြေကြေ အရေးခန်းခန်း၊ အသားအသွေးတွေ ခြောက်သွေ့ပါစေ တရားထူး တရားမြတ် မရမချင်း မရပ်တန့်ဟူသည့် လုံးလဝီရိယမျိုး ရှိရမည်ဟု ဟောတော်မူခဲ့ပါသည်။ ကြိုးစားမှ ဘုရားဖြစ်တာကို ထောက်လျှင် မကြိုးစားက ဘာမှ မဖြစ်လာနိုင်ပေ။ ဝီရိယကို အသိအမှတ်မပြုသော မက္ခလိ ဂေါသာလ၏ ဝါဒသည် နိဗ္ဗာန်တံခါးကြီး၏ အပိတ်အပင်အဆီးအတား ဖြစ်နေရုံသာမက သာမန်လောကီ ကြီးပွားတိုးတက်ရေးပင် ပိတ်ပင်တားဆီးနေသည့် အလွန် အန္တရာယ်များသည့် ဝါဒကြီးဖြစ်ပေသည်။
ယင်းမက္ခလိဂေါသာလနှင့်ပတ်သက်၍ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လောကမှာ အယုတ်ညံ့ဆုံး အယူဝါဒတစ်ခုဖြစ်ကြောင်း အင်္ဂုတ္တရနိကာယ် တိကနိပါတ် ကေသကမ္ဗလသုတ်(စာမျက်နှာ ၂၉၀)မှာ အောက်ပါအတိုင်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပေ၏ …

ကေသကမ္ဗလသုတ်
ရဟန်းတို့ ချည်မျှင်ဖြင့် ရက်အပ်ကုန်သော အဝတ်ဟူသမျှတို့တွင် လူဆံချည်မျှင်ဖြင့် ရက်ထားသော ကမ္ဗလာကို (ထို အဝတ်တို့အောက်) အယုတ်ညံ့ဆုံး အဝတ်ဟု ဆိုထိုက်၏။
ရဟန်းတို့ လူဆံချည်မျှင်ဖြင့် ရက်ထားသော ကမ္ဗလာသည် အေးသောရာသီ၌ အလွန်အေး၏၊ ပူအိုက်သော ရာသီ၌ အလွန်ပူအိုက်၏၊ အဆင်းမလှ၊ အနံ့မကောင်း၊ ကြမ်းတမ်းသော အတွေ့အထိ ရှိ၏။ ရဟန်းတို့ ဤအတူ သာလျှင် များစွာကုန်သော သမဏဗြာဟ္မဏတို့၏ အယူဝါဒဟူသမျှတို့တွင် မက္ခလိဂေါသာလ၏ အယူဝါဒကို (ထို အယူဝါဒတို့အောက်) အယုတ်ညံ့ဆုံးဟူ၍ ဆိုထိုက်၏။
ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား မက္ခလိဂေါသာလသည်
''ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊ အားထုတ်အပ်သော ဝီရိယမရှိ''ဟု ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ ရှိ၏။
ရဟန်းတို့ ရှေးလွန်လေပြီးသော ကာလ၌ ပွင့်တော်မူကြကုန်ပြီးသော၊ လာလတ္တံ့သော ကာလ၌ ပွင့် တော်မူလတ္တံ့သော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည်လည်း၊ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါသည်လည်း ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းရှိ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏ဟု ဟောတော်မူခဲ့ကုန်ပြီ။ ဟောတော်မူကုန်လတ္တံ့။ ဟောတော်မူ၏။
 ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား မက္ခလိဂေါသာလသည် ထို ပွင့်တော်မူကုန်ပြီးသော ဘုရားရှင်တို့ကိုလည်း ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့ကိုလည်း ငါ့ကိုလည်း ''ကုသိုလ်ကံ အကုသိုလ်ကံသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊ အားထုတ်အပ်သော ဝီရိယ မရှိ''ဟု တားမြစ်၏။
ထို့ပြင် ယင်း တိတ္ထိဆရာကြီး မက္ခလိဂေါသာလ၏ အယူဝါဒနှင့်ပတ်သက်၍ ဘုရားရှင် ကိုယ်တော် တိုင်က အောက်ပါအတိုင်း ကောက်ချက်ချတော်မူခဲ့၏။
“ ရဟန်းတို့ မြစ်ဆုံမြစ်ဝ၌ ထောင်ထားသော မြှုံးသည် များစွာကုန်သော ငါးတို့၏ အစီးအပွါးမဲ့ရန် ဆင်းရဲရန် အကျိုးမရှိ ပျက်စီးရန် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် လူထောင်မြှုံးကဲ့သို့ လောက၌ ဖြစ်ပေါ်လာသော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား မက္ခလိဂေါသာလသည် များစွာ သော သတ္တဝါတို့၏ အစီးအပွားမဲ့ရန် ဆင်းရဲရန် အကျိုးမရှိ ပျက်စီးရန် ဖြစ်၏ “ဟု ကဲ့ရဲ့ရှုံ့ချတော်မူခဲ့ပေ၏။ (အံ-ပ၊ နှာ-၃၅)။
ဤသို့ ဘုရားရှင်၏ ယင်းထုတ်ဖော်ဟောကြားချက်ကို ကြည့်ရုံနှင့်ပင် လူတို့၏ သဒ္ဓါ ပညာ ၀ီရိယ စွမ်းအားကို ရိုက်ချိုးဖျက်ဆီးကာ ဒုစရိုက်များ ပေါ်ပေါက်လာရန် တွန်းအားပေးနေသည့် အယုတ်ညံ့ဆုံးဝါဒ တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားလှပေတော့၏ ။