၂။ မက္ခလိ ဂေါသာလ [မက္ခလိ+ဂေါသာလ] နွားခြံ၌ ဖွားသော မက္ခလိ။
မက္ခလိဂေါသာလ ဆရာကြီး။ (မက္ခလိသည်
ရှင်တော်ဂေါတမနှင့် ခေတ်ပြိုင်ဆန့်ကျင်ဘက်ဖြစ်သည့် ပူရဏကဿပစသော တိတ္ထိဆရာကြီး ၆-ဦးတို့တွင်
တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ရွံ့ညွန်ရှိရာမြေပေါ်၌ ဆီအိုးကို ယူသွားခိုက် သခင်က "ချစ်သား
မချော်လဲစေနှင့်"ဟု ကြိုတင်သတိပေးပါလျက်
ချော်လဲခဲ့ရာ သခင်ကို ကြောက်ရွံ့၍ ထွက်ပြေးမည့်ဟန်ပြင်စဉ် သခင်က အနီးသို့ပြေးသွားပြီး
ပုဆိုးစွန်းကို ဆွဲကိုင်လိုက်လေသည်။ သူသည် ပုဆိုးချွတ်ထားခဲ့၍ ကိုယ်တုံးလုံးနှင့်ထွက်ပြေးသွားပြီးနောက်
အဝတ်မဝတ်ဘဲ နေလေသည်။ ယင်းသို့နေသဖြင့် လူအများက အလိုနည်းသူ ရဟန္တာဟု ထင်မှတ်ကာ ကြည်ညိုကိုးကွယ်
ဆည်းကပ်ကြကုန်၏။ ထိုအခါမှစ၍ နောက်လိုက်တပည့်သာဝကများ တဖြည်းဖြည်း တိုးပွါးလာရာ ၅-ရာအထိ
ရှိလာသည့်အတွက် အစေလကတိတ္ထိယဆရာကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။
"မာခလိ-
မချော်လဲစေနှင့်"ဟူသော စကားကို အစွဲပြု၍
"မက္ခလိ"ဟူသောအမည်ကို
ပဌမရရှိသည်။ ဂေါသာလရွာသားဖြစ်သောကြောင့် တစ်နည်း နွားခြံ၌ မွေးဖွားသောကြောင့် "ဂေါသာလ"ဟူသော
ဒုတိယအမည်ကို ထပ်ဆင့်ရရှိသည်။ ဒီ၊ ဋ္ဌ၊ ၁။ ၁၃၁။ သာရတ္ထ၊ ၃။ ၃၈၃။
ယင်းပုဂ္ဂိုလ်သည် သာဝတ္ထိအနီး
သာရဝါန၌ မွေးဖွားသည်။ သူ့ဖခင်၏အမည်မှာ မင်္ခလိဖြစ်၍
မိခင်မှာ ဘဒ္ဒါဖြစ်သည်။ သူ့ဖခင်မှာမင်္ခ=အရုပ်ကားရောင်းချသူ,နွားများစွာမွေးသူ,နွားများစွာပိုင်ဆိုင်သူဖြစ်၍
သားဖြစ်သူကို ဂေါသာလမင်္ခလိပုတ္တဟု ခေါ်သည်ဟူသော
ဥဗာသကဒသာအိုခေါ် ဂျိန်းကျမ်းစာ၏ အဆိုကိုလည်းကောင်း၊ မစကရိ သာ ၎င်း၏အမည်ရင်းဖြစ်ဟန်တူသည်။ မစကရိ= ဝါးတောင်ဝှေးကိုင်သူဟု ပါဏိနီဆရာ
အနက်ဆိုသည်ဟူသော ဒေါက်တာဘရူးဝါး၏ အဆိုကိုလည်းကောင်း ဒီပီပီအန် ၌ ဖော်ပြထားသည်။ (U Hau Sein’s Pāḷi-Myanmar Dictionary
ပါဠိမြန်မာ အဘိဓာန်(ဦးဟုတ်စိန်)
မက္ခလိဂေါသာလ၏ အယူဝါဒ
သတ္တဝါတို့
ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိအထောက်အပံ့ မရှိဘဲ
သတ္တဝါတို့သည် ညစ်ညူးကုန်၏၊ (နတ္ထိ ဟေတု၊ နတ္ထိ ပစ္စယော၊ သတ္တာနံ သံကိလေသာယ၊ အဟေတူ
အပစ္စယာ သတ္တာ သံကိဿန္တိ) သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည့်မရှိ၊ အထောက်အပံ့သည်
မရှိ၊ အကြောင်းမရှိ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ (နတ္ထိ ဟေတု၊
နတ္ထိ ပစ္စယော၊ သတ္တာနံ ဝိသုဒ္ဓိယာ၊ အဟေတူ အပစ္စယာ သတ္တာ ဝိသုဇ္ဈန္တိ)။
သူသည်
အကြောင်းတရားငြင်းပယ်သော အဟေတုကဝါဒသမားဖြစ်၏။ အကြောင်းတရားကို ငြင်းပယ်လျှင်
အကျိုးတရားကိုလည်း ငြင်းပယ်ရာရောက်၏။ (His Doctrine is called A-hetuka-vada
doctrine which rejected both cause and effect). အကြောင်းတရား မရှိဟု ဟောသော သူ၏
တရားသည် သဘာဝမကျ၊ လောကမျက်မြင်အားဖြင့် သစ်ပင် တစ်ပင် ရှင်သန် ပေါက်ဖွား လာရန်ပင်
အနည်းဆုံး သစ်ပင်မျိုးစေ့သည် ရေဓာတ် မြေဆီလွှာတည်းဟူသော အကြောင်းတရားများ လိုအပ်၏။ လောကမှာ အကြောင်းတရားနှင့်
အကျိုးတရားတို့ အပြန်အလှန် မှီတွယ်ဆက်စပ်နေကြ၏။ အဘိဓမ္မာသဘောအရ မြင်သိစိတ်လေးတစ်ခု
ဖြစ်ပေါ်လာရန် (၁) စက္ခုပသာဒ-မျက်စိပသာဒ၊ (၂) ရူပါရုံ(မြင်စရာအာရုံ)၊ (၃)
အာလောက(အလင်းရောင်)၊ (၄) မနသိကာရ(နှလုံးသွင်းခြင်း) တည်းဟူသော အကြောင်းတရားများ
တိုက်ဆိုင်လာပါမှ မြင်သိစိတ်ခေါ် စက္ခုဝိဥာဏ်လေး ပေါ်ပေါက်လာနိုင်ပေ၏။ အကယ်၍
ထိုအကြောင်းတရား တစ်ခုခု ကင်းမဲ့နေပါက မြင်သိလေးလေး မပေါ်ပေါက်လာနိုင်ပေ။
ဗုဒ္ဓအလို
သတ္တဝါတစ်ဦးဖြစ်လာဖို့ပင် အကြောင်းတရားများ ရှိပါသည်။ ကံတည်းဟူသော လယ်ယာ၌
ပဋိသန္ဓေဝိညာဉ်တည်းဟူသော မျိုးစေ့ကို စိုက်ပျိုးချလျက် တဏှာတည်းဟူသော အစိုအစေးဓာတ်
ရေဓာတ် တို့ ပေါင်းဆုံလာပါမှ သတ္တဝါဟု ဖြစ်လာနိုင်၏။ (ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊
တဏှာသိနေဟော၊)။
အကြောင်းတရားကို
ငြင်းပယ်နေသော မက္ခလိ ဂေါသာလက ဆက်လက်ပြီး
မိမိ
ပြုလုပ်မှုသည် မရှိ၊(နတ္ထိ အတ္တကာရေ-ကိုယ့်ဟာကိုယ်
တိုးတက်အောင် လုပ်လို့မရ)၊ သူတစ်ပါးတို့ ပြုလုပ်ပေးမှုသည် မရှိ၊ (နတ္ထိ ပရကာရေ- သူတပါးက တိုးတက်အောင်
လုပ်လေးလို့လည်း မရ)၊ ယောက်ျားတို့ ပြုလုပ်မှုသည် မရှိ၊ (နတ္တိ ပုရိသထာမော)၊ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ (နတ္ထိ ဝီရိယံ)၊ ယောက်ျားတို့ စွမ်းအားသည်
မရှိ၊ ယောက်ျားတို့အားထုတ်မှုသည် မရှိ၊ "ယောကျာင်္းတံခွန်၊
လူရည်ချွန်က၊ မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်းတည်း"
ဟူသော ယောကျာင်္းတို့၏ လုံးလဝီရိယ စွမ်းအားများကို သူက လုံးဝအသိအမှတ်မပြုရာရောက်၏။
လက်တွေ့အားဖြင့်
စာမေးပွဲအောင်ချင်သည့် ကျောင်းသားသည် စာကျက်ရမည် ဖြစ်၏။ စာရမှ စာမေးပွဲအောင်နိုင်၏။
စာမေးပွဲအောင်မြင်ခြင်းသည် ထိုစာကျက်သော ကျောင်းသားမှာ လုံ့လ ဝီရိယ၏
အကျိုးရလာဒ်တစ်ခုပင် ဖြစ်ပါ၏။ မက္ခလိဂေါသာလကတော့ ယင်းကဲ့သို့ ဝီရိယ၏ အကျိုးကို
လုံးဝ အသိအမှတ်မပြုပေ။ သူ၏ ဝါဒသည် တိုးတက်မှု မှန်သမျှကို ပယ်ဖျက်သည့် ဝါဒသဘော
သက်ရောက်၏။ လောကလူသားတို့ လောကီကြီးပွားတိုးတက်ရေး ဓမ္မရေးရာ တိုးတက်စရာမှန်သမျှ
တက်လမ်း မရှိတော့ပေ။
အလုံးစုံသော သတ္တဝါ၊ အလုံးစုံသော အသက်ရှူသတ္တဝါ၊
အလုံးစုံသော ထင်ရှားဖြစ်သော သတ္တဝါ၊ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊
ခွန်အား မရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း
အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကို
ခံစားကုန်၏၊ တဲ့။
မက္ခလိ ဂေါသာလနှင့် နိယတိဝါဒ(ပုံသေ
သတ်မှတ်ချက်)
မက္ခလိ
ဂေါသာလက လူသားတိုင်းမှာ နိယတိ- ပုံသေသတ်မှတ်ချက် ရှိ၏ ဟု ဆို၏။ ဥပမာ
သူအလိုဆိုလျှင် လူဖြစ်ရမည်ဆိုလျှင်လည်း လူပဲဖြစ်မည်၊ ခွေးဖြစ်မည်ဆိုလျှင်လည်း
ခွေးပဲ ဖြစ်နေရတော့မည်။ မည်သည့်နည်းနှင့်မျှ ကြိုးစားအားထုတ်ပါသော်လည်း တစ်သံသရာလုံး
ဤအတိုင်းပင် ပုံသေ ဖြစ်နေကြရပေတော့မည်။ ဘာမှ အပြောင်းလဲ လုပ်ချင်လို့မရ၊
လူသားတို့၏ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာစွမ်းရည်များလည်း ဘာတစ်ခုမျှ မရှိနိုင်တော့ပေ။
သူ၏အဆိုအရ
လောကမှာ ချမ်းသာဆင်းရဲလည်း အကန့်သတ်ရှိ၏။ (ဒေါဏမိတေ သုခဒုက္ခေ)၊ လူသားတိုင်း
သံသရာလည်း ပိုင်းခြားကန့်သတ်ပြီး ဖြစ်၏။ သံသရာအတိုးအလျှော့ မည်သူမျှ လုပ်၍မရ၊
ဘဝသံသရာ လောကဓံအတက်အကျ မရှိ။ (ပရိယန္တကတေ
သံသာရေ နတ္ထိ ဟာယနဝဍ္ဎနေ၊ နတ္ထိ ဥက္ကံသာဝကံသေ)၊၊ ပညာရှိဖြစ်စေ လူမိုက်ဖြစ်စေ
ပုံသေကားချပ် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။ မဟာကပ် ရှစ်သန်းလေးသိန်း(စုလ္လာသီတိ
မဟာကပ္ပိနော သတသဟဿံ) ဟုခေါ်သည့် အလွန်ရှည်လျားသည့် အပိုင်းခြားကြီးတစ်ခု
ပြည့်လျှင် ပညာရှိရော လူမိုက်ပါ အားလုံး ဘဝကို အဆုံးသတ်ကြရမည်ဖြစ်၏။
ဤ
မဟာကပ် ရှစ်သန်းလေးသိန်းအပိုင်းအခြားကြီး မပြည့်သေးခင် ပညာရှိကလည်း ငါ
ပညာရှိဆိုပြီး သံသရာကို တိုအောင် လုပ်လို့မရနိုင်ပေ။ လူမိုက်ကလည်း ငါ လူမိုက်ကွာ
ဆိုပြီး သံသရာအပိုင်းအခြားကို ကျော်လွန်၍ နေချင်သေးတယ်ဆိုပြီး သံသရာကို ရှည်အောင်
လုပ်၍ မရနိုင်ပေ။ ဘဝသံသရာ ပုံသေကားချပ် သတ်မှတ်ပြီးသား ဖြစ်လေတော့၏။။ သူ့အဆို ဥပမာ
အပ်ချည်လုံးလေးတစ်ခုကို အမြင့်တစ်နေရာမှ ကြိုးစကလေးကိုင်ပြီး ပစ်ချလိုက်လျှင်
ကြိုးရှည်သမျှ ယင်းအပ်ချည်လုံးလေးသည် လိမ့်ဆင်းနေပေလိမ့်မည်။ ကြိုးစကုန်လျှင်
ရပ်သွားမည်၊ ဆိုလိုသည်မှာ အတိုင်းအတာ အကန့်အသတ်တစ်ခု ကုန်သွားတာနှင့် ပြီးသွားပြီ၊
ဘဝကိုလည်း ဤကဲ့သို့ ပုံသေ သတ်မှတ်ထားသည်ကို နိယတိဝါဒ
ဟုခေါ်သည်။
ဝီရိယစသည်၏
အကျိုးမရှိ၊ အောင်မြင်တိုင်းတက်ဖို့ အကြောင်းတရားမရှိဘူးဟု လက်ခံ ယုံကြည် နေလျှင်
ဘဝလွတ်မြောက်ဖို့၊ တိုးတက်ကြီးပွားဖို့ မည်သူမျှ ကြိုးစားကြမည် မဟုတ်ပေ။ မြတ်ဗုဒ္ဓကတော့
အရိုးကြေကြေ အရေးခန်းခန်း၊ အသားအသွေးတွေ ခြောက်သွေ့ပါစေ တရားထူး တရားမြတ် မရမချင်း
မရပ်တန့်ဟူသည့် လုံးလဝီရိယမျိုး ရှိရမည်ဟု ဟောတော်မူခဲ့ပါသည်။ ကြိုးစားမှ
ဘုရားဖြစ်တာကို ထောက်လျှင် မကြိုးစားက ဘာမှ မဖြစ်လာနိုင်ပေ။ ဝီရိယကို
အသိအမှတ်မပြုသော မက္ခလိ ဂေါသာလ၏ ဝါဒသည် နိဗ္ဗာန်တံခါးကြီး၏ အပိတ်အပင်အဆီးအတား
ဖြစ်နေရုံသာမက သာမန်လောကီ ကြီးပွားတိုးတက်ရေးပင် ပိတ်ပင်တားဆီးနေသည့် အလွန် အန္တရာယ်များသည့်
ဝါဒကြီးဖြစ်ပေသည်။
ယင်းမက္ခလိဂေါသာလနှင့်ပတ်သက်၍
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လောကမှာ အယုတ်ညံ့ဆုံး အယူဝါဒတစ်ခုဖြစ်ကြောင်း အင်္ဂုတ္တရနိကာယ်
တိကနိပါတ် ကေသကမ္ဗလသုတ်(စာမျက်နှာ ၂၉၀)မှာ အောက်ပါအတိုင်း
ထုတ်ဖော်ဟောကြားတော်မူခဲ့ပေ၏ …
ကေသကမ္ဗလသုတ်
ရဟန်းတို့
ချည်မျှင်ဖြင့် ရက်အပ်ကုန်သော အဝတ်ဟူသမျှတို့တွင် လူဆံချည်မျှင်ဖြင့် ရက်ထားသော
ကမ္ဗလာကို (ထို အဝတ်တို့အောက်) အယုတ်ညံ့ဆုံး အဝတ်ဟု ဆိုထိုက်၏။
ရဟန်းတို့
လူဆံချည်မျှင်ဖြင့် ရက်ထားသော ကမ္ဗလာသည် အေးသောရာသီ၌ အလွန်အေး၏၊ ပူအိုက်သော ရာသီ၌
အလွန်ပူအိုက်၏၊ အဆင်းမလှ၊ အနံ့မကောင်း၊ ကြမ်းတမ်းသော အတွေ့အထိ ရှိ၏။ ရဟန်းတို့
ဤအတူ သာလျှင် များစွာကုန်သော သမဏဗြာဟ္မဏတို့၏ အယူဝါဒဟူသမျှတို့တွင် မက္ခလိဂေါသာလ၏
အယူဝါဒကို (ထို အယူဝါဒတို့အောက်) အယုတ်ညံ့ဆုံးဟူ၍ ဆိုထိုက်၏။
ရဟန်းတို့
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား မက္ခလိဂေါသာလသည်
''ကုသိုလ်ကံ
အကုသိုလ်ကံ မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊ အားထုတ်အပ်သော
ဝီရိယမရှိ''ဟု ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ ရှိ၏။
ရဟန်းတို့
ရှေးလွန်လေပြီးသော ကာလ၌
ပွင့်တော်မူကြကုန်ပြီးသော၊ လာလတ္တံ့သော ကာလ၌ ပွင့်
တော်မူလတ္တံ့သော ပူဇော်အထူးကို
ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော
ဘုရားရှင်တို့သည်လည်း၊ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော
တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါသည်လည်း
ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းရှိ၏၊ အားထုတ်အပ်သော
ဝီရိယရှိ၏ဟု ဟောတော်မူခဲ့ကုန်ပြီ။ ဟောတော်မူကုန်လတ္တံ့။ ဟောတော်မူ၏။
ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော
ယောက်ျား မက္ခလိဂေါသာလသည် ထို ပွင့်တော်မူကုန်ပြီးသော
ဘုရားရှင်တို့ကိုလည်း ပွင့်တော်မူလတ္တံ့သော
ဘုရားရှင်တို့ကိုလည်း ငါ့ကိုလည်း
''ကုသိုလ်ကံ အကုသိုလ်ကံသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊
အားထုတ်အပ်သော ဝီရိယ မရှိ''ဟု တားမြစ်၏။
ထို့ပြင်
ယင်း တိတ္ထိဆရာကြီး မက္ခလိဂေါသာလ၏ အယူဝါဒနှင့်ပတ်သက်၍ ဘုရားရှင် ကိုယ်တော် တိုင်က
အောက်ပါအတိုင်း ကောက်ချက်ချတော်မူခဲ့၏။
“
ရဟန်းတို့ မြစ်ဆုံမြစ်ဝ၌ ထောင်ထားသော မြှုံးသည် များစွာကုန်သော ငါးတို့၏
အစီးအပွါးမဲ့ရန် ဆင်းရဲရန် အကျိုးမရှိ ပျက်စီးရန် ဖြစ်သကဲ့သို့၊ ရဟန်းတို့
ဤအတူသာလျှင် လူထောင်မြှုံးကဲ့သို့ လောက၌ ဖြစ်ပေါ်လာသော (မဂ်ဖိုလ်မှ)
အချည်းနှီးဖြစ်သော ယောက်ျား မက္ခလိဂေါသာလသည် များစွာ သော သတ္တဝါတို့၏
အစီးအပွားမဲ့ရန် ဆင်းရဲရန် အကျိုးမရှိ ပျက်စီးရန် ဖြစ်၏ “ဟု
ကဲ့ရဲ့ရှုံ့ချတော်မူခဲ့ပေ၏။ (အံ-ပ၊ နှာ-၃၅)။
ဤသို့
ဘုရားရှင်၏ ယင်းထုတ်ဖော်ဟောကြားချက်ကို ကြည့်ရုံနှင့်ပင် လူတို့၏ သဒ္ဓါ ပညာ ၀ီရိယ
စွမ်းအားကို ရိုက်ချိုးဖျက်ဆီးကာ ဒုစရိုက်များ ပေါ်ပေါက်လာရန် တွန်းအားပေးနေသည့် အယုတ်ညံ့ဆုံးဝါဒ
တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားလှပေတော့၏ ။
No comments:
Post a Comment