၃။ အဇိတ ကေသကမ္ဗလ
အဇိတ ဟူသည်မှာ မည်သူမှ သူ့ကို အနိုင်ယူ
မရသည့် ပုဂ္ဂိုလ်၊ သူကသာလျှင် အမြဲတမ်း တဖက်သားအပေါ်မှာ အနိုင်ယူချင်သည့် ပုဂ္ဂိုလ်ဟု
ဆိုလိုသည်။ ကေသကမ္ဗလ ဟူသည်မှာ လူဆံပင်ဖြင့် ယက်လုပ်ထားသော အဝတ်ဖြစ်သည်။ သူသည်
အခြားသော ပူရဏ ကဿပ၊ မက္ခလိ ဂေါသာလတို့ကဲ့သို့ အဝတ်မဝတ်သူတော့ မဟုတ်၊ လူဆံပင်ဖြင့်
ရက်လုပ်ထားသည့် အဝတ်ကို ဝတ်ဆင်ထား၏။ အထက်ပါ ကေသကမ္ဗလသုတ်မှာ
ဟောတော်မူခဲ့သည့်အတိုင်း လူဆံပင်ဖြင့် ရက်ထားသည့်အဝတ်သည် ရာသီဥတုပူလျှင်
အလွန်ပူပြီး၊ အေးလျှင်လည်း အရမ်းအေး၏။ ရာသီဥတုဒဏ်ကို မကာကွယ်နိုင်၊ အဆင်းလည်း မလှ၊
လူဆံပင်ဆိုတာ လူ့ခန္ဓာ၊ ဦးခေါင်းနှင့် တွဲ၍ ရှိနေလျက်ပင် အမြဲတမ်း ဖီးလိမ်းသုတ်သင်
ခေါင်းလျော်ပြီး အမွေးနံ့သာများဖြင့် လိမ်းကျံမှ အနည်းငယ် မကောင်းသည့် အနံ့အသက်
ထွက်ခြင်း သက်သာ၏။ ထို့ကြောင့် လူဆံပင်သည် အနံ့လည်း ဆိုး၏။ နုနုညံ့ညံ့လည်း မရှိ။
သူ့ခေတ်သူ့အခါက ဖက်ရှင်တမျိုး၊ စတန့်တမျိုး ထွင်ပြီး ဝတ်တာလည်း ဖြစ်နိုင်ပါ၏။
သူလည်း နောက်ပါ တပည့်များစွာ ရှိသည့် ထင်ရှားကျော်ကြားသည့် အယူဝါဒတစ်ခုကို တည်ထောင်သူ
ဆရာကြီးပင် ဖြစ်၏။
အဇိတ ကေသကမ္ဗလ၏ နတ္ထိကဝါဒ
၁။
ပေးလှူခြင်း(၏အကျိုး)သည် မရှိ၊(နတ္ထိ ဒိန္နံ)၊
၂။
အကြီးအကျယ်ပေးလှူခြင်း (၏အကျိုး)သည် မရှိ၊(နတ္ထိ ယိဌံ)၊
၃။
လက်ဆောင်ပဏ္ဏာပေးခြင်း (၏အကျိုးသည်)မရှိ၊(နတ္ထိ ဟုတံ)၊
၎။
ကောင်းမှုမကောင်းမှုတို့၏ အကျိုးသည် မရှိ၊(နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော)၊
၅။
ဤလောကသည် မရှိ၊(နတ္ထိ အယံ လောကော)၊
၆။
တစ်ပါးသော လောကသည် မရှိ၊(နတ္ထိ ပရော လောကော)၊
၇။
အမိ၌ ကောင်းစွာပြုခြင်း မကောင်းစွာပြုခြင်း၏ အကျိုးမရှိ၊(နတ္ထိ မာတာ)၊
၈။
အဖအမိ၌ ကောင်းစွာပြုခြင်း မကောင်းစွာပြုခြင်း၏ အကျိုးမရှိ၊(နတ္ထိ ပိတာ)၊
၉။
သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊(နတ္ထိ သတ္တာ သြပပါတိကာ)၊
၁၀။
ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်
သိ၍မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့
ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်၊
(နတ္ထိ
လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကဉ္စ ပရဉ္စ လောကံ သယံ အဘိညာ
သစ္ဆိကတွာ ပဝေဒေန္တိ၊)၊
အထက်ပါ
(၁၀) ချက်သည် အဇိတ ဆွဲကိုင်ထားသော နတ္ထိကဝါဒပင် ဖြစ်၏။ ယင်းမိစ္ဆာဝါဒ ဆယ်ပါး
ကင်းစင်လျှင် ဗုဒ္ဓဘာသာအလို ကမ္မသကတာ သမ္မာဒိဌိ နှင့် ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်၏။
ဥစ္ဆေဒဝါဒသမား
လူမိုက်ဖြစ်စေ
ပညာရှိဖြစ်စေ ခန္ဓာကိုယ် ပျက်စီးလျှင် ပြတ်စဲကုန်၏၊ ပျက်စီး ကုန်၏၊ သေသည်မှ နောက်၌
မရှိကုန်''ဟု ပြောဆိုပါသည်။ (ဗာလေစ ပဏ္ဍိတေစ ကာယဿ ဘေဒါ ဥစ္ဆဇ္ဇန္တိ၊ ဝိနဿန္တိ၊ န ဟောန္တိ
ပရံ မရဏာ)။ ဤစကားကိုထောက်လျှင် အဇိတသည် ဥစ္ဆေဒဝါဒ(Annihilation
of Doctrine) ပင်ဖြစ်၏။
ဆက်လက်ပြီး
အဇိတ ပြောသည်မှာ ဤသတ္တဝါသည်မဟာဘုတ်လေးပါး အစုအဝေး ဖြစ်၏၊ သေသောအခါ မြေဓာတ်သည်
မြေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ ရေဓာတ်သည် ရေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊
မီးဓာတ်သည် မီးဓာတ်အစုသို့ဆိုက်၏၊ ရောက်၏၊ လေဓာတ်သည် လေဓာတ်အစုသို့ ဆိုက်၏၊
ရောက်၏၊ (စာတုမဟာဘူတိကော အယံကာယော၊ ယဒါ ကာလံ ကရောတိ၊ ပထဝီ ပထဝိကာယံ အနုပေတိ
အနုပဂစ္ဆတိ၊….ဝါယော ဝါယောကာယံ အနုပေတိ အနုပဂစ္ဆတိ၊)။
နာမ်ဣနြေ္ဒတို့သည်ကောင်းကင်သို့
ပြောင်းရွှေ့ကုန်၏၊ အသိစိတ်တွေ သေလျှင် ကောင်းကင် လွင့်ပျံတက်သွားသည်ဟူ၏။(အာကာသံ ဣန္ဒြိယာနိ သင်္ကမန္တိ၊)။
ညောင်စောင်းလျှင်
ငါးခုမြောက်ဖြစ်သော ယောက်ျားတို့သည်သူသေကောင်ကို ယူ၍ သွားကုန်၏၊
သင်းချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့သည် ခိုအဆင်းကဲ့သို့
ဖြစ်ကုန်၏၊ ဆိုလိုသည်မှာ လူသေပြီဆိုလျှင် လူ၏ ဂုဏ်သိက္ခာသည် သင်းချိုင်း ဘောင်အတွင်းသာ
ရှိသည်။ အလောင်းကောင်ကြီးသာ သုဿာန်သင်းချိုင်း၌ ပြစ်ချထားခဲ့ရပြီး
နောက်နောင်ဘဝဆိုတာ မရှိဘူး။ နောက်ဘ၀ကို ပြည်ဖုံးကားချပစ်လိုက်သောကြောင့်
မိုက်တွင်းနက်လှပေ၏။
အလှူတို့သည်
ပြာအဆုံးရှိကုန်၏၊ (ဘဿန္တာ အာဟုတိယော)။
ဆိုလိုသည်မှာ ရှေးခေတ်က အိန္ဒိယ ရှေးဟောင်းရသေ့များ မီးပူဇော်လျက် ယဇ်ကြီး
ယဇ်ငယ်ပူဇောက်ကာ ကုသိုလ်လုပ်ကြ၏။ ထိုအရာများ မီးထဲထည့်တော့ ပြာဖြစ်သွားသည်သာ၊
ဘာလုပ်လုပ် အလကား ဖြစ်သွားတာပါဘဲဟု အဇိတ ကေသကမ္ဗလက ယူဆသည်။ သူသည်
ရုပ်ကြမ်းဝါဒီကြီး(Materialist)ဟုလည်း ဆိုနိုင်သည်။
ထို့ပြင်
သူက ဒါနကိုလည်း ပုတ်ခတ်လိုက်သေး၏။ အလှူပေးခြင်းကိုလူမိုက်တို့က ပညတ်ထား၏ တဲ့။ (ဒတ္တုပညတ္တံ ယဒိဒံ ဒါနံ)။
ဒါနကောင်းမှုဆိုတာ လူမိုက်တွေ ထွင်ထားတာ၊ လူမိုက်တို့၏ ထွင်လုံးတဲ့။ လူအ လူနတွေသာ
လှူပြီး၊ လိမ္မာပါးနပ်သူ လည်သည့်သူများက ယူကြသည်ဟု ပုတ်ခတ် ပြောဆိုလိုက်ခြင်း
ဖြစ်၏။ ဤမျှမကသေး၊ ဒါနကောင်းမှုရှိတယ်၊ ကုသိုလ်ကောင်းမှု၏ အကျိုးတရား ရှိတယ် ဟု
ပြောဆိုနေကြသည့် အတ္ထိကဝါဒသမားများကိုလည်း
သူက လူလိမ် လူညာတွေချည်းပဲ ဟု
ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ ခန္ဓာကိုယ် ပျက်စီးလျှင်
ပြတ်စဲကုန်၏၊ ပျက်စီး ကုန်၏၊ သေသည်မှ နောက်၌ မရှိကုန်''ဟု ပြောဆို၏ ဤသည်မှာ ဥစ္ဆေဒဝါဒပင်
ဖြစ်၏။ အဇိတ၏ နတ္ထိကဝါဒ၊ ဥစ္ဆေဒဝါဒ တို့သည်လည်း
အလွန်ပင် ကြောက်စရာကောင်းလှ၏။ လူ့လောက ကြီးပွားရေးပင် မဖြစ်နိုင်။
လူမိုက်အားပေးသည့် ဝါဒသက်သက်သာ ဖြစ်ပေ၏။
၎။
ပကုဓ ကစ္စာယန
ပကုဓသည်
သူ့၏ ငယ် နာမည်သာတည်း၊ ကစ္စာယနမှာ သူ၏ မျိုးနွယ်မှ ရလာသည့် နာမည်ဖြစ်၏။ ဥပမာ သိဒ္ဓတ္ထ
ဂေါတမ ဟူရာ၌ မြတ်ဗုဒ္ဓ၏ ငယ်နာမည်သည် သိဒ္ဓတ္ထ၊ မျိုးနွယ်သည် ဂေါတမ အနွယ်ပင် ဖြစ်၏။
မြတ်ဗုဒ္ဓသည် သကျလူမျိုးထဲမှ ဂေါတမ အနွယ် ဖြစ်၏။ ယနေ့ခေတ်အခေါ် Surname-
မျိုးနွယ်အမည်ပင် ဖြစ်၏။ သူ၏ Philosophy တွေကလည်း အခြားသူများနှင့် မတူသည့်အပြင်
သူ့ကိုယ်သူ သဗ္ဗညူဘုရားအဖြစ် ဝန်ခံပြောဆိုနေသည့် နာမည်ကြီး ပုဂ္ဂိုလ်တဦးပင် ဖြစ်၏။
ပကုဓကစ္စာယန၏
အယူဝါဒ
ပကုဓကစ္စာယနက
ကာယအစု(Seven Body Dhamma) ကြီး (၇) မျိုး ရှိ၏ ဆို၏။ ထို (၇)မျိုးကား မြေ၊ ရေ၊
လေ၊ မီး၊ သုခ၊ ဒုက္ခနှင့် ဇီဝတ ခေါ်သည့် အသက်ဝိညာဉ်တို့ပင် ဖြစ်၏။ (ပထဝီ အာပေါ တေဇော
ဝါယော ကာယော၊ သုခေ၊ ဒုက္ခေ၊ ဇီဝိတေ သတ္တမေ)။
ဤခုနစ်ပါးသော ကာယအစုတို့သည် ပြုလုပ်ထားသည်
မဟုတ်ကုန်၊ ပြုလုပ်ထားစေသည်မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည်
မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော
တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊
အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း
ဆင်းရဲရန်လည်းကောင်း ချမ်းသာ ဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ဤစကားများကို
ကောက်ချက်ချလျှင် ကာယအစုကြီး (၇)ခုသည် ဘယ်သောအခါမှ မပြောင်းလဲ၊ ထာဝရခိုင်မြဲ
တည်မြဲနေသည့် အရာများ၊ ဘယ်သောအခါမှ မပျက်စီးနိုင်သည့် အရာများပင်တည်း။ ထို့ကြောင့်
သူအယူဝါဒသည် မြဲ၏ဟု ယူဆသော သဿတဝါဒ ပင်
ဖြစ်၏ဟု ဆိုနိုင်၏။
ပြီးတော့
သူဟောသေးသည်မှာ ထိုကာယအစုတို့၌ သတ်သူ သတ်စေသူ ကြားသူ ကြားစေသူ သိသူ သိစေသူများ
မရှိကုန်၊ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကိုဖြတ်စေကာမူ တစ်ဦးတစ် ယောက်သည်
တစ်ဦးတစ်ယောက်ကို သတ်သည် မမည်၊ လက်နက်သည် ထိုခုနစ်ပါးသော ကာယအစုတို့၏ အကြား
ဟင်းလင်းသို့ ကျရောက်၏''ဟု ပြောဆိုပါသည်။ (သတ္တန္နံ
တွေဝ ကာယာနမန္တရေ သတ္ထံ ဝိဝရမနုပတတိ၊ ထို ကာယအစုကြီးအကြား အလိုလို ဓားဝင်သွားတာ၊
ဘယ်သူ့ကို ဘယ်သူမှ သတ်တာ မဟုတ် မည်သူမှ အပြစ်မရှိဘူး ဟူလို။)။
ယင်းအယူအဆသည်လည်း
အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ဤဝါဒကြီး ထွန်းကားပါလျှင် မသူတော်တို့
လူမိုက်တို့ အတွက်ကား အကာအကွယ်ပေးထားသလို ဖြစ်နေသည့် အားဆေးတစ်ခွက်ဖြစ်နေပေ၏။ ယင်းဝါဒသည်
အကျိုးအကြောင်း အဆိုးအကောင်းကို မှန်ကန်စွာ ခွဲခြား ဝေဖန် နိုင်သည့် မည်သည့်ဘာသာဝင်မဆို
စိတ်ဆင်းရဲ ဖွယ်သာ ဖြစ်ပြီး လူ့အန္ဓဗာလ အမိုက်ကောင်များ၏ အမှောင်ခိုရာ နေရာကြီးသာ ဖြစ်နေပေ
လိမ့်မည်ဖြစ်၏။ လူမိုက် အားပေးသည့် ဝါဒကြီးပင် ဖြစ်ပေ၏။
No comments:
Post a Comment