ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊
ဓမ္မော အသုဒ္ဓေါ သမလေဟိ
စိန္တိတော။
အပါပုရေတံ အမတဿ ဒွါရံ၊
သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓံ။
(အရိယပရိယေသနသုတ်(မူလပဏ္ဏာသပါဠိ)၊ ဗြဟ္မယာစနကထာ(ဝိနည်းမဟာဝါ ပါဠိ)။
ဘန္တေ-
အို မြတ်စွာဘုရား၊ ပုဗ္ဗေ- ရှင်တော်ဘုရား ထင်ရှားပွင့်ပေါ်တော်မူရာ ကာလမှ ရှေး၌၊ မဂဓေသု-
မဂဓတိုင်း၌၊ သမလေဟိ- ရာဂအစရှိသော ကိလေသာ အညစ်နှင့်တကွဖြစ်သော ပုရာဏကဿပ အစရှိသော ဂိုဏ်းဆရာကြီးတို့သည်၊
စိန္တိတော- ဖောက်ဖောက်ပြန်ပြန် တွေးကြံ သတ်မှတ် ပညတ်အပ်ကုန်သော။ အသုဒ္ဓေါ- မစင်မကြယ်
စက်ဆုပ်ဖွယ်ဖြစ်သည့် မိစ္ဆာအယူဝါဒသည် (ဝါ) စင်ကြယ်မှုကို မပေးစွမ်းနိုင်သော မိစ္ဆာအယူဝါဒသည်၊
ပါတုရဟောသိ- ဇမ္ဗူဒိပ်၌ အဆိပ်ရေဖြန်းသကဲ့သို့ ထင်ရှားစွာ ပေါ်ပေါက်နေပါပြီ။ (တွံ- ရှင်တော်ဘုရားသည်)၊
အမတဿ- သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်၏၊ ဧတံ ဒွါရံ- ကဿပဘုရား သာသနာကွယ်သည်မှ စ၍ ပိတ်နေလျက်ရှိသော
ထိုအရိယာမဂ်တံခါးကို၊ အပါပုရ(ဝိဝရ)- ဒေသနာတော်ဥာဏ်တည်းဟူသော လက်တော်ဖြင့် ဖွင့်လှစ်တော်မူပါလော့၊
ဝိမလေန- ရာဂအစရှိသော ကိလေသာ မြူအညစ်အကြေး ကင်းဝေးတော်မူသော ရှင်တော်ဘုရားသည်၊ အနုဗုဒ္ဓံ-
လျော်စွာ သိတော်မူအပ်သည့် သစ္စာလေးပါး အမှန်တရားကို၊ (ဣမေ သတ္တာ- ဤသတ္တဝါတို့သည်)၊ သုဏန္တု-
နာကြားပါစေကုန် ဘုရား။
ဂိုဏ်းဆရာကြီး ၆ ယောက်
သဟမ္ပတိ
ဗြဟ္ဗာကြီးက မြတ်ဗုဒ္ဓအား တရားဟောတော်မူဖို့ လျှောက်ထားရာ၌ မြတ်ဗုဒ္ဓ ပွင့်တော်မမူသေးခင်
မဂဓတိုင်းမှအစ ဇမ္ဗူဒိပ်တခွင် စင်ကြယ်မှုကို မပေးစွမ်းနိုင်သော မိစ္ဆာဝါဒ လွှမ်းမိုး ပြန့်နှံ့
နေသည်ကို လျှောက်ထားခဲ့၏။ မည်ကဲ့သို့သော မိစ္ဆာဝါဒများ ထွန်းကားနေသနည်းဟု လေ့လာကြည့်လျှင်
မြတ်ဗုဒ္ဓနှင့် ခေတ်ပြိုင် အတွေးအခေါ်ပုဂ္ဂိုလ်များ (Six Contemporary Thinkers of
the Buddha) ဟုလည်းကောင်း၊ ဘာသာတရား တည်ထောင်သူ ဂိုဏ်းဆရာကြီး ၆ ယောက်ဟု လည်းကောင်း၊
သာသနာပ မိစ္ဆာအယူဝါဒ ရှိသူ အညတိတ္ထိယ ၆ ယောက်ဟု လည်းကောင်း တွေ့နိုင်သည်။ ထို ပုဂ္ဂိုလ်
ခြောက်ယောက်ကား (၁) ပူရဏ ကဿပ၊ (၂) မက္ခလိ ဂေါသာလ၊ (၃) အဇိတ ကေသကမ္ဗလ (၄) ပကုဓကစ္စာယန
(၅) နိဂဏ္ဌနာဋပုတ္တ (၆) သဉ္စယ ဗေလဌပုတ္တ တို့ ဖြစ်ကြသည်။ (သာမညဖလသုတ်- သီလက္ခန္ဓ ဝဂ္ဂပါဠိ)
(၁) ပူရဏ ကဿပ
ဂိုဏ်းဆရာကြီး
ခြောက်ယောက်လုံးတို့သည် နောက်ပါ အခြံအရံ ပရိတ်သတ်များ ရှိပြီး ထင်ရှားကျော်ကြားသူများ
ဖြစ်ကြ၏။ သူတို့ ခြောက်ယောက်သည် မြတ်စွာဘုရားထက် အသက် ကြီးသူများဖြစ် ကြသည်။ သာဓု သမ္မတော-
သူတို့၏ တပည့်ပရိတ်သတ်များက ထို ဆရာကြီးတွေကို သူတော်ကောင်းကြီးတွေဟု သတ်မှတ်ထားကြ၏။
ထို့ပြင် သူတို့ကိုယ်သူတို့ သဗ္ဗညူ- သဗ္ဗဒဿာဝီ- အရာအားလုံးကို သိမြင်ကြသည့် သဗ္ဗညုတ ရွှေဥာဏ်ရှင်
ဘုရားဟု ဝန်ခံထားကြကုန်၏။ ထို့ ခြောက်ထဲတွင် ပုရာဏကဿပလည်း တစ်ယောက် အပါဝင်ဖြစ်ပေ၏။
သူသည် သမဏဂိုဏ်းဝင် တစ်ဦးဖြစ်ပြီး အစေလက-ဝတ်လစ်စလစ် အဝတ်မစည်းသည့် တက္ကတွန်း အမျိုးစားထဲလည်း
ပါဝင်၏။ ကျွန်တစ်ရာ ပြည့်မြောက်မှာ မွေးဖွားလာသောကြောင့် သူ့ကို အရှင်သခင်က မင်္ဂလာကျွန်ဟုပင်
သတ်မှတ်ခြင်းခံရ၏။ ထို့ကြောင့်ပင် သူ၏ အမည်ရင်းဖြစ်သော ကဿပဟူသော ရှေ့၌ ပူရဏ ဟူသော နာမည်တစ်လုံးဖြင့်
ပူရဏ ကဿပဟု ခေါ်စမှတ်ပြုကြ၏။
ပူရဏ ကဿပ အယူဝါဒ
သူ၏
Philosophy အမြင် အကျဉ်းချုပ်ကို အဇာတသတ်မင်းကြီးက မြတ်ဗုဒ္ဓအား လျှောက်ထားကြောင်း သာမညဖလသုတ်၌
မှတ်တမ်းတင်ထား၏။ ထို့ပြင် အင်္ဂုတ္တရနိကာယ်မှာလည်း သူ၏ အယူဝါဒအကြောင်း အနည်းအကျဉ်း မှတ်တမ်းတင်ထားသည်ကို
တွေ့ရ၏။ သိပ်ပြီး အကြောင်းအရာ များများစားစားတော့ မတွေ့ရပေ။။ သူ၏ အယူဝါဒအချုပ်ကား ကံကို ငြင်းပယ်သည့် အကိရိယ ဝါဒ(Rejection of
Kamma or Doctrine of Action without Result, or Non-Action) ပင်တည်း။
မြတ်ဗုဒ္ဓက
ကံ ကံ၏အကျိုးတရားကို လက်ခံ၏။ ကုသိုလ် အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတို့ကို အလျဉ်းသင့်သလို
ဒေသနာတော် မြောက်များစွာ၌ ဟောကြားထား၏။
ကလျာဏကာရီ ကလျာဏံ၊ ပါကကာရီ စ ပါကံ။
ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။
မိမိစိုက်ပျိုးသည့် မျိုးစေ့အတိုင်း အပင်ပေါက်လာ၏။
အချိုမျိုးစေ့စိုက်လျှင် အချိုသီး စားရ၏။ အခါးစေ့စိုက်လျှင် အခါးပင်ပေါက် အခါးသီးစားရ၏။
ထိုနည်းတူပင် မိမိက ကောင်းတာလုပ်လျှင် ကောင်းကျိုးရပြီး မကောင်းတာလုပ်လျှင် မကောင်းကျိုး
ခံစားရတတ်၏။ ကံ ကံ၏အကျိုးကို လက်ခံယုံကြည်သည့် အမြင်မှန် ကမ္မဿကတာ သမ္မာဒိဌိကကို ဘုရားအဆူဆူတို့
ဟောတော်မူခဲ့ကြ၏။
"သစေ ဘာယထ ဒုက္ခဿ၊ န ကတ္ထ ပါပကံ
ကမ္မံ၊ အာဝိဝါ ယဒိဝါ ရဟော။
ဆင်းရဲတာ
ကြောက်လျှင် ရှေ့တမျိုး ကွယ်ရာတမျိုး အကုသိုလ်တွေ မလုပ်ကြနဲ့။
သစေ ဝေါ ဒုက္ခမပ္ပိယံ၊ န ကတ္ထ ပါပကံ ကမ္မံ၊
အာဝိဝါ ယဒိဝါ ရဟော။(ဥဒါန ၁၁၅)။
ဆင်းရဲတာ
မနှစ်မြို့လျှင် ရှေ့တမျိုး ကွယ်ရာတမျိုး အကုသိုလ်တွေ မလုပ်ကြနဲ့။" ဟု မြတ်ဗုဒ္ဓက
ဟောတော်မူခဲ့၏။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။(ဓမ္မပဒ)
"မကောင်းမှုရှောင်၊
ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား အဲဒါ ဗုဒ္ဓတို့၏ အဆုံးအမတရား" ဟူသော ဘုရားရှင်တို့၏
အဆုံးအမများနှင့်လည်း ဆန့်ကျင်လျက် ပူရဏ ကဿပက ဤသို့ ကြံစည် သတ်မှတ် ပညတ်ခဲ့၏။
"နတ္ထိ
ပါပံ၊ နတ္ထိ ပါပဿ အာဂမော၊ နတ္ထိ ပုညံ၊ နတ္ထိ ပုညဿ အာဂမော"= မကောင်းမှုကံ ဆိုတာ
မရှိ၊ မကောင်းမှု ကံ၏ အကျိုးတရားလည်း မရှိ၊ ထို့ အတူ ကုသိုလ်လည်း မရှိ၊ ကုသိုလ်၏ အကျိုးတရားလည်း
မရှိတဲ့။ သူအလို တတ်နိုင်လို့ လူသတ် စက်လက်နက်ကြီးများဖြင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို
သတ်ကာ အရိုးပုံ၊ အသားပုံကြီးဖြစ်အောင် ပုံထားလျှင်တောင်မှ ပါဏာတိကံ မထိုက်၊ (ကရောတော
န ကရီယတိ ပါပံ)။ ကံငါးပါး မည်မျှပင် ကျူးလွန်စေကာမူ ဂင်္ဂါမြစ် တောင်ဘက်ကမ်းသို့ ကူးသွားလျှင်
အကုသိုလ်အားလုံး အလိုလို ပျောက်သွား၏ဟု ယုတ္တိမဲ့စွာ ဟောပြော၏။ ကုသိုလ်အရာတွင်လည်း ဒါန(ပေးကမ်းခြင်း)၊
ဒမ(စိတ်ရိုင်းကိုဆုံးမခြင်း)၊ သံယမ(ကိုယ်နှတ်နှလုံး သုံးပါးကို စောင့်ထိမ်းခြင်း)၊
သစ္စဝဇ္ဇ(အမှန်တရားကို ပြောဆိုခြင်း) ဖြင့်လည်း ကုသိုလ် ဖြစ်လာနိုင်မှု မရှိ၊ ဂင်္ဂါမြစ်၏
မြောက်ဖက်ကမ်း ကူးသွားလျှင်ပင် ကုသိုလ်မှန်သမျှ ပျောက်ကွယ်သွား၏ ဟု လွှဲမှားစွာ ယူဆထား၏။
။
မှတ်ချက်။ (၁။ ဂင်္ဂါမြစ်
တောင်ဘက်ကမ်းသားတို့သည် ရက်စက်ကြမ်းကြုတ်ကုန်၏။
၂။
ဂင်္ဂါမြစ် မြောက်ဘက်ကမ်းသားတို့သည် သဒ္ဓါတရားရှိကုန်၏၊ ဘုရားတရားသံဃာကို
ကြည်ညိုကုန်၏ဟု အဋ္ဌကထာ၌ ဆိုသည်။)
ယင်း
ပုရာဏကဿပ တိတ္ထိခေါင်းဆောင်ကြီး၏ အယူဝါဒမှာ ကံမဲ့ဝါဒဖြစ်ပေသည်။
သတ်ဖြတ်ညှင်းဆဲသူ ခိုးဝှက်သူ လုယက်သူစသည့် ရက်စက်ယုတ်မာသောအကုသိုလ်ကပြုသူ နှင့်
ကောင်းမှုကုသိုလ် ဒါန သီလ ဘာဝနာပြုသူတို့သည် အတူတူ လူလူချင်းသာဖြစ်ပေ၏ ကောင်းမှု
မကောင်းမှုဆိုတာ တကယ်မရှိသော ပညတ်မျှသာတည်းဟု ဟောပြောနေပေ၏။
ဤကဲ့သို့သော အယူဝါဒ ပေါ်ပေါက်လျှင်
နိဗ္ဗာန် ရောက်ဖို့ မပြောပါနှင့်၊ နတ်ရွာ သုဂတိ ရောက်ဖို့ပင် ဝေးလေစွ၊ သူ၏ ဝါဒ လမ်းညွှန်ချက်
အတိုင်းသာ လုပ်လျှင် ဤ ကမ္ဘာလောကကြီးလည်း အဘယ်မှာ ငြိမ်းချမ်းနိုင်ပါအံ့နည်း။ ဤသို့
ပူရဏ ကဿပ သည် ဘုရားအဆူဆူတို့ ဟောကြားတော်မူသည့် ကံသိုလ်၊ အကုသိုလ်နှင့် ယင်းတို့၏ အကျိုးတရား
ရှိ၏ ဟူသော ဒေသနာကို ဆန့်ကျင်လျက် ကံ တရားကို ငြင်းပယ်သော အကိရိယဝါဒကြီးကို ဖြန့်ဖြူးခဲ့၏။ ကံကိုငြင်းပယ်လျှင် ကံ၏ အကျိုးတရားကိုလည်း
ငြင်းပယ်ရာ ရောက်တော့၏။ သူ၏ဝါဒသည် လောကအကျိုး မပြုဘဲ လောကကြီး ပျက်စီးရုံသာ ရှိတော့၏။
No comments:
Post a Comment