ဣတိဝုတ်
ပါဠိတော်လာ ပဉ္စပုဗ္ဗနိမိတ္တသုတ်တော်ကို လေ့လာကြည့်ခြင်း
နတ်တို့စုတေကြောင်း
နိမိတ်ငါးပါး
"ယဒါ ဘိက္ခဝေ, ဒေဝေါ
ဒေဝကာယာ စဝနဓမ္မော ဟောတိ၊ ပဉ္စဿ ပုဗ္ဗနိမိတ္တာနိ ပါတုဘဝ န္တိ- မာလာ မိလာယန္တိ၊ ဝတ္ထာနိ ကိလိဿန္တိ၊
ကစ္ဆေဟိ သေဒါ မုစ္စ န္တိ၊ ကာယေ ဒုဗ္ဗဏ္ဏိယံ သြက္ကမတိ၊ သကေ ဒေဝေါ ဒေဝါသနေ နာဘိရမတီတိ။(ဣတိဝုတ်၊
၂၄၇၊ သုတ်မဟာဝါ ၂၀-) ဇာတ်ဌ-၆- နှာ ၂၉၇)။
*
ဆောင်။ ညှိုးနွမ်းမာလာ၊ တန်ဆာညစ်ပေ၊ ကိုယ်နေမလှ၊ သေဒယိုထွက်၊
ထက်နတ်မမွေ့၊ ငါးပါးတွေ့၊ စုတေ့ကြောင်းရပ်တည်း။
တနည်း။ *အဝတ်-ပန်းညှိုး၊
ရုပ်ဆိုးမလှ၊ ချိုင်းမှချွေးထွက်၊ နန်းထက်မပျော်၊ ဤငါးဖော်၊ နတ်သော် စုတေကြောင်း။(မေ့သားလှ-ဇလဂ္ဂ)။
ဤသုတ်တော်၌ မြတ်ဗုဒ္ဓက
"ရဟန်းတို့ ၊ နတ်ပြည်မှာ နတ်တစ်ဦးဦးသည် စုတေခြင်း သဘော ထင်ရှားလာလျှင် ထိုနတ်သား
နတ်သမီးမှာ ရှေ့ပြေးနိမိတ်ငါးပါး ပေါ်လာတတ်၏။ ထိုငါးပါးကား (၁) ဟိုအရင်တုန်းက ဘယ်သောအခါမှ
ညှိုးနွမ်းခြင်းမရှိသော ပန်ဆင်ထားသည့် ပန်းများ စုတေခါနီး၌ ညှိုးနွမ်းလာ၏။ (၂) ဝတ်ဆင်ထားသည့်
အဝတ်တန်ဆာ ဒွါရယာများ ညှိုးနွမ်းလာ၏။ (၃) လက်ကတီးကြား (ချိုင်းကြား) မှ ချွေးယိုထွက်လာ၏။
(၄) မည်သည့်အခါမျှ ကိုယ်ခန္ဓာ ညစ်နွမ်း အရောင်မှိန်မှု မရှိသော်လည်း စုတေခါနီး၌ ကိုယ်ရောင်ကိုယ်ဝါ
မှေးမှိန် ညှိုးနွမ်းလာ၏။ ရုပ်အဆင်း ကြည်လင်လှပမှု မရှိတော့ပေ။ (၅) အမြဲတမ်းလိုလို
နေ့စဉ်အမျှ ပျော်ရွှင်နေကြသော နတ်သား နတ်သမီးတို့သည် စုတေခါနီးအချိန်၌ သူတို့၏ ဘုံဗိမာန်ထက်၌
မပျော်မွေ့နိုင်ကြဘဲ နေမသိ ထိုင်မသာ သက်သာရာမရ နေထိထားသည့် ပန်းပမာ ညှိုးနွမ်းလာ၏၊ နတ်ပြည်၌ ပျော်ပိုက်မှု လုံးဝမရှိတော့ပေ။
ယင်းကဲ့သို့ စုတေဖို့ ရှေ့ပြေး
နိမိတ်ငါး ထင်ရှားဖြစ်လာလျှင် အခြားအတူနေ နတ်တို့ကလည်း သိကြကုန်၏။ ထိုအခါ အတူနေ နတ်တို့က အားပေးတိုက်တွန်းစကား သုံးခွန်းဖြင့်
အားပေးကြ၏။
ပထမ
အားပေးစကား
၁။ ဣတော ဘော သုဂတိံ ဂစ္ဆ။
(ဘော၊အို အမောင်နတ်သား- အမယ် နတ်သမီး၊ ဣတော-ဤနတ်ပြည်မှ၊ သုဂတိံ-သုဂတိ ဘဝသို့၊ ဂစ္ဆ-
သွားပါလေလော့။
ဒုတိယ
အားပေးစကား
၂။ သုဂတိ ဂန္တာ သုလဒ္ဓလာဘံ လဘ။ (သုဂတိံ -သုဂတိဘဝသို့၊ ဂ န္တာ- ရောက်ခဲ့သည်ရှိသော်၊
သုလဒ္ဓလာဘံ- ကောင်းစွာ ရအပ်သော လာဘ်ကို၊ လဘ- ရအောင် ကြိုးစားပါလော့)။
တတိယ
အားပေးစကား
၃။ သုလဒ္ဓလာဘံ လဘိတွာ သုပ္ပတိဌိတော
ဘဝါဟိ။ (သုလဒ္ဓလာဘံ-ကောင်းစွာ ရအပ်သော လာဘ်ကို၊ လဘိတွာ- ရခဲ့သည်ရှိသော်၊ သုပ္ပတိဌိတော-
ကောင်းစွာ တည်တံ့သူသည်၊ ဘဝါဟိ- ဖြစ်ပါလေလော့၊)။
နတ်တို့စုတေခါနီး အားပေးတိုက်တွန်းစကား
သုံးချက်ကို မြတ်ဗုဒ္ဓက ရဟန်းတို့အား အကျဉ်းမျှ မိန့်တော်မူသောအခါ ထိုရဟန်းတို့တွင်
တစ်ပါးသော ရဟန်းက မြတ်ဗုဒ္ဓကို ဤကဲ့သို့ အဓိပ္ပါယ် အကျယ် သိလိုရေး လျှောက်ထားပါသေးသည်။
ပထမ
အမေး အဖြေ
၁။ ကိန္နု ခေါ ဘန္တေ ဒေဝါနံ
သုဂတိ-ဂမနသင်္ခါတံ။ (ဘန္တေ- မြတ်စွာဘုရား၊ ဒေဝါနံ-နတ်တို့၏၊ သုဂတိ-ဂမနသင်္ခါတံ- သုဂတိဘုံသို့
သွားခြင်းဟူသော (ချီးမွမ်း) စကားသည်၊ ကိန္နုခေါ- ဘယ်လိုပါနည်း ဘုရား၊)။ (ရဟန်းအမေး)။
"မနုဿတ္တံ ခေါ ဘိက္ခု
ဒေဝါနံ သုဂတိ-ဂမနသင်္ခါတံ" ။ (ဘိက္ခု- ရဟန်း၊ မနုဿတ္တံ- လူဘဝ၏ အဖြစ်သည်၊ ဒေဝါနံ-နတ်တို့၏၊
သုဂတိ-ဂမနသင်္ခါတံ- သုဂတိ ဘုံဘဝဟု ဂုဏ်တင် ပြောဆို ချီးမွမ်းအပ်သော စကားပင်တည်း၊)။ (ဗုဒ္ဓအဖြေ)
နတ်များက စုတေခါနီး အားပေးတိုက်တွန်းသည့်
စကား၌ သုဂတိဘံဘဝသို့ သွားပါ ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားရာတွင် သုဂတိဘဝသို့ သွားပါဆိုသည်မှာ
အခြားမဟုတ် လူ့ဘဝကိုပင် နတ်တွေ ပြောတာဖြစ်ကြောင်း မြတ်ဗုဒ္ဓက အဖြေပေးတော်မူ၏။ နတ်တွေက
လူ့ဘဝသို့ သွားပါလော့ဟု တိုက်တွန်းရလောက်အောင် နတ်တို့က လူ့ဘဝကို ချီးမွမ်းကြခြင်းသည်
အကြောင်းမဲ့ မဟုတ်ပါ။ လူ့ဘဝသည် အလွန်တရာ ထူးခြားသည့်ဘဝ၊ ကုသိုလ်များစွာ ဖြစ်ပွာနိုင်ရာဘဝ၊
ကြိုးစားက ဘုရားပင် ဖြစ်နိုင်သည့် ဘဝမျိုး ဖြစ်သောကြောင့် စုတေတော့မည့် နတ်ကို အခြားနတ်များက
သုဂတိဟူသည့် လူ့ဘဝကို သွားပါလေဟု တွန်းတွန်းနေကြခြင်း ဖြစ်ပေသည်။
လူ့ဘဝက
ကုလိုလ်ဖြစ်ဖို့ အခွင့်အရေးသာပုံ
လူ့ဘဝသည် နတ် ဗြဟ္မာတို့ထက်ပင်
ကုသိုလ်ဖြစ်ဖို့ အခွင့်အရေး ပိုသာ၏။ နတ်တို့သည် ဝီရိယ စွမ်းပကားကို အားကိုး၍ မရ၊ အစစအရာရာ
ကံ၏အကျိုးကိုသာ ခံစားနေကြရ၏။ နတ်တို့သည် စားဝတ်နေရေး ဘာမျှ မပူပန်ရ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်၊ ကုသိုလ်ဖန် နိဗ္ဗာန်အသင့်
ဘုံအသင့် ဆိုသကဲ့သို့ အစစအရာရာ ရေကန်အသင့် ကြာအသင့်ပင်တည်း။ သို့သော် နတ်တို့သည်
နတ်ပန်း ဘုံဗိမာန် အဝတန်တန်ဆာ ဒွါရယာ အသုံးဆောင်များ ရှေးကုသိုလ်ကံ၏ အစွမ်းကြောင့်
အလိုအလျောက် ရကြသော်လည်း ကာမဂုဏ်အာရုံတို့နှင့်သာ ပျော်ပါးကာ အချိန်ကုန်နေကြ၏။ ထိုကဲ့သို့
ကုန်လွန်နေကြသဖြင့် ကုသိုလ်ကောင်းမှု ပြုဖို့ရာ အခွင့်အလမ်းသိပ် မသာလှပေ။
လူ့ဘဝသည် ဝီရိယ၏ အကျိုး၊
ကံ၏ အကျိုး နှစ်မျိုးလုံး ခံစားနိုင်သည့် အခွင့်အလမ်းရှိ၏။ လူ့ဘဝသည် ဘုရားဖြစ်နိုင်၏၊
ပစ္စေက ဗုဒ္ဓဖြစ်နိုင်၏၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ကြောင်း ပါရမီကောင်းများ ဤလူ့ဘဝ၌သာ ဖြည့်ဆည်းဖို့
ပိုမိုအခွင့်သာ၏။ ထို့ကြောင့်ပင် နတ်ပြည်မှ နတ်တို့က ဂုဏ်တင်ကြ၏၊ ထို့ကြောင့် မိမိတို့
ကံကောင်းစွာ ရရှိလာသည့် လူ့ဘဝ ပြန်လည် မဆုံးရှုံးအောင် ကြိုးစားအားထုတ်သင့်၏။ လူ့ဘဝသည်
နတ်တို့ထက်သာမက မြောက်ကျွန်းသူ မြောက်ကျွန်းသားတွေထက်လည်း ရတနာသုံးပါး၊ ကုသိုလ်နှင့်
စပ်၍ တရားသုံးပါးတို့ဖြင့် အခွင့်အရေးသာလွန်ကြောင်းကို
ဘုရားဟောထားတာ ရှိ၏။
တာဝတိ
ံသာနတ် မြောက်ကျွန်းသူတို့ကို လွှမ်းမိုးသာလွန်ကြောင်းတရား သုံးပါး
(၁) သူရာ၊ ရဲရင့်ကြ၏။ (၂)
သတိမန္တော၊ သတိတရားလွန်ကဲမှု ရှိကြ၏။ (၃) ဣဓ ဗြဟ္မစရိယဝါသော၊ ဤလူ့ပြည်၌ မြတ်သောအကျင့်ကို
ကျင့်သုံးခြင်းလည်း ရှိ၏။ ဤအကြောင်းသုံးပါးတို့ဖြင့် တာဝတိံသာ နတ်ပြည်ထက်၊ မြောက်ကျွန်းတို့ထက်၊
ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းသားတို့က သာလွန်ကြောင်း မြတ်ဗုဒ္ဓက ဟောတော်မူ၏။
မှန်ပါသည်။ လူသားတို့သည်
ကုသိုလ်ကောင်းမှု ပြုရာ၌ မတွန့်ဆုတ်ကြ၊ ဝီရိယဖြင့် ထူးထူးကဲကဲ သာလွန်ရဲရင့်ကြကုန်၏။
နတ်တို့၊ မြောက်ကျွန်းသူတို့သည် မကြောင့်မကြ မတောင့်မတရသည့် ဘဝမျိုးဖြင့် နေရသောကြောင့်
အပျော်ဘက် လွန်ကာ ကုသိုလ်ကောင်းမှု ပြုဖို့ အမေ့ကြီး မေ့နေတတ်ကြ၏။ လူသားတို့သည် ဆင်းရဲ
ချမ်းသာ ရောပြွမ်းစွာ ခံစားကြရသဖြင့် သတိမမေ့ကြ၊ အိုနာသေရေး တရားများ ပိုမိုထင်ရှားကာ
သံဝေဂဥာဏ်များထင်လာတတ်ကြ၏။ အိုနာသေရေး ဆင်းရဲဒုက္ခဘေးများ သိမြင်တာနှင့်အမျှ ကုသိုလ်ရေးရာ
တရားဘက်၌ နတ်နှင့် မြောက်ကျွန်းသူတို့ထက် ပိုမို စိတ်အားထက်သန်ကြ၏။ လူ့ဘဝသည် ဆင်းရဲချမ်းသာ
ဒွန်တွဲ ခံစားခွင့်ရှိကြသော်လည်း ဆင်းရဲသည့်သူများသည် ထိုဆင်းရဲတွင်းမှု လွတ်အောင်
ရုန်းကန် ထွက်နိုင်စွမ်းရှိ၏။ ချမ်းသာသည့်သူများသည်လည်း မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာအထိ
တိုး၍တစ်ဖုံ ခံစားနိုင်အောင် ကြိုးစားအားထုတ်ကြ၏။
သတိတရား လက်ကိုင်ထားကြပြီး
ကုသိုလ်တရား အားထုတ်ဖြစ်ကြ၏။ ဗြဟ္မစရိယဟူသည့် မြတ်သော အကျင့်ကို ကျင့်ဖို့ရာ၌ လူ့ဘဝက
ပိုမိုအခွင့်သာလှပေ၏။ ထို့ကြောင့် နာမည်ကျော် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက ဤကဲ့သို့
လူ့ဘဝ ဂုဏ်ရည်ပြကို ဖော်ကျူးထားခဲ့၏။
လူ့ဘဝ
ဂုဏ်ရည်
ပုညက္ခေတ္တော
အယံ လောကော၊ သသီမော သာသနုဇ္ဇလော။
နိဗ္ဗာန
တရဏော သေဌော၊ သဗ္ဗ သမ္ပတ္တိ ဒါယကော။
အယံလောကော၊ ဤလူ့လောကကြီးသည်၊
ပုညက္ခေတ္တော- ကုသိုလ်ကောင်းမှု စည်ပင် ဖြစ်ထွန်းရာ ပုညခေတ်ကြီး အစစ်ဖြစ်ပါပေ၏။ သသီမော-
ရဟန်းတော်တို့ မွေးထုတ်ရာ သာသနာ့ သိမ်များနှင့်လည်း ပြည့်စုံလျက် ရှိပါပေ၏။ သာသနုဇ္ဇလော-
ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၏ အထူးထွန်းလင်း တောက်ပရာ ဘုံဌာနကြီးလည်း ဖြစ်ပါပေ၏။ နိဗ္ဗာနတရဏော-
နိဗ္ဗာန်တည်းဟူသော ရွှေမြို့တော် ထောက်တည်ရာ ကျွန်းသို့ တက်ရောက်ရာ ဆိပ်ကပ်ကြီး သဖွယ်လည်း
ဖြစ်ပါပေ၏။ သဗ္ဗသမ္ပတ္တိ ဒါယကော- မိမိလိုချင်သော လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာ လိုချင်ရာရာ
သမ္ပတ္တိအမျိုးမျိုးကိုလည်း ကောင်းစွာပေးစွမ်းနိုင်ပါပေ၏။
လူဟူသည်
ပါဠိဘာသာ၌ မနုဿ၊ မာနုသ၊ မစ္စ၊
မနုဇ၊ နရ ဟူသော ဝေါဟာရတို့ကို မြန်မာတို့က "လူ" ဟု ပြန်ဆိုကြ၏။ ထိုတွင် မနုဿ
ဟူသော ပါဠိပုဒ်ကို သဒ္ဒါဆရာတို့က ဤသို့ ကြံဆကြကုန်၏။
သတိ၊ ရဲရင့်မှု၊ မြတ်သော
ဗြဟ္မစရိယတရား အားထုတ်မှု စသော ဂုဏ်တို့ဖြင့် မြင့်မြတ် အထက်တန်း ကျသော စိတ်ရှိသောကြောင့်
မနုဿ-လူ ဟု ခေါ်၏။ ဆိုလိုသည်မှာ စိတ်ဓာတ်ထက်မြက်၊ အထက် တန်းကျသောကြောင့် လူ ဟုခေါ်သည်။
စိတ်ဓာတ်မြင့်မြတ် စိတ်ဓာတ် အထက် တန်းကျသူသာလျှင် တကယ့်လူပီသ သည်ဟု ဆိုနိုင်၏။
(သတိသူရဘာဝ ဗြဟ္မစရိယယောဂျတာဒိဂုဏေဟိ
ဥက္ကဌ-မနတာယ မနော ဥဿန္နံ ဧတေသန္တိ မနုဿာ၊) ဋီကာကျော် နှာ ၁၆၂)။
တော်မြို့ မဟာဂန္ဓာရုံ သဂြိုဟ်ဘာသာဋီကာ
ဆရာတောကြီ်းက "မကောင်းမှု လုပ်ငန်းပြုရာ၌ အနန္တရိယကံ(မိဘသတ်မှုစသည်) တိုင်အောင်
ပြုနိုင်ကြ၍ ကောင်းမှုအရာဝယ် ဘုရားဖြစ်သည့် တိုင်အောင်ပင် စွမ်းနိုင်ကြသဖြင့် ထက်မြက်သော
စိတ်ရှိရကား ဇမ္ဗူဒိပ်ကျွန်း သားများကို မုချမနုဿ ဟုခေါ်၏။ အခြားကျွန်း အခြားစကြာဝဠာ၌
ရှိသောသူတို့ကား ရုပ်အဆင်း ပုံသဏ္ဍာန် တူသဖြင့် သဒိသူပစာနည်း အရ မနုဿ ဟု ခေါ်သတဲ့။
(အထာ ဟိ ပရမသတိနေပက္ကာဒိပ္ပတ္တာ
ဗုဒ္ဓါဒယောပိ မနုဿဘူတာယေဝ။ ဇမ္ဗုဒီပဝါသိနော စေတ္ထ နိပ္ပရိယာယတော မနုဿာ။ တေဟိ ပန သမာနရူပါဒိတာယ
သဒ္ဓိံ ပရိတ္တဒီပဝါသီဟိ ဣတရမဟာဒီပဝါသိနောပိ "မနုဿာ"တိ ဝုစ္စ န္တိ။ (ဋီကာကျော်
နှာ ၁၆၂)။
လောကီကျမ်းစာ(သက္ကဋ- ဟိန္ဒီ
စသည်) တို့ကမူ မနုဿဟူသော ဝေါဟာရမှာ မနုမည်သော မဟာသမတမင်း၏ သားမြေးအဆက်အနွယ် ဖြစ်သောကြောင့်
မနုဿ မည်သောဟူ၏။ မနုသည် ကမ္ဘာဦးက အစစွာသော လူသားတို့၏ မင်းဖြစ်၏ ။ ယင်းမနုမှတဆင့် ဆင်းသက်ပေါက်ဖွားလာသော
သူတို့ကို မနုဿဟု ခေါ်ဆိုခြင်းဖြစ်၏။ ယင်း မနုဿပုဒ်ကို မြန်မာတို့က လူ ဟု ခေါ်ကြ၏။
(လောကိယာ ပန "မနုနော
အာဒိခတ္တိယဿ အပစ္စံ ပုတ္တာတိ မနုဿာ"တိ ဝဒန္တိ။ (ဋီကာကျော် ၁၆၂)။
ဒုတိယ
အမေး အဖြေ
၂။ ကိဉ္စ ဘန္တေ ဒေဝါနံ သုလဒ္ဓလာဘံ။(
ဘန္တေ- ရှင်တော်မြတ်ဘုရား၊ ဒေဝါနံ-နတ်တို့၏၊ သုလဒ္ဓလာဘ သင်္ခါတံ- ကောင်းစွာရအပ်သော လာဘ်ပါပေတည်းဟု
ချီးကျူးဂုဏ်တင်အပ်သော အရာသည်၊ ကိံ- အဘယ်ပါနည်း။(ရဟန်းအမေး)
"ယံ မနုဿဘူတော သမာနော
တထာဂတ ပဝေဒိတေ ဓမ္မဝိနယေ သဒ္ဓံ ပဋိလဘတိ၊ ဣဒံခေါ ဘိက္ခု ဒေဝါနံ သုလဒ္ဓလာဘသင်္ခါတံ။
(မနုဿဘူတော- လူဖြစ်သည်၊ သမာနော-ဖြစ်သည်ရှိသော်၊
တထာဂတ-ပဝေဒိတေ- မြတ်စွာဘုရား ဟောကြားတော်မူအပ်သော၊ ဓမ္မဝိနယေ- သာသနာတော်မြတ်ကြီး၌၊ သဒ္ဓံ-သဒ္ဓါတရားကို၊
ပဋိလဘတိ- ရခဲ့ပါပေ၏။ ဘိက္ခု-ရဟန်း၊ ဣဒံခေါ- ဤသဒ္ဓါသည်ပင်လျှင်၊ ဒေဝါနံ-နတ်တို့၏၊ သုလဒ္ဓလာဘ
သင်္ခါတံ- ကောင်းစွာရအပ်သော လာဘ်ပါပေတည်းဟု ချီးကျူးဂုဏ်တင်အပ်သော အရာပါပေတည်း။ (ဗုဒ္ဓအဖြေ)။
နတ်များက ဂုဏ်တင်ဝင့်ကြွား
ပြောဆိုအပ်သော လာဘ်ဟူသည် အခြားမဟုတ် ယုံကြည်မှု သဒ္ဓါတရားပင် ဖြစ်ပေသည်။ သဒ္ဓါတရားကို
အမှီပြုပြီး ထူးခြားသည့် ကုသိုလ်တွေ များစွာ ရနိုင်သောကြောင့် သဒ္ဓါတရားသည် ကောင်းစွာရအပ်သည့်
လာဘ်လာဘဟု နတ်တို့က ဂုဏ်တင် ချီးမွမ်းကြသည်။ လူ့ဘဝပြန်ရောက်သည့်အခါ ထိုသဒ္ဓါတည်းဟူသော
လာဘ်ကောင်းလာဘ်မြတ်ကို ပိုင်ဆိုင်အောင် အားထုတ်ဖို့ နတ်များက တိုက်တွန်းခြင်းဖြစ်သည်။
မြတ်ဗုဒ္ဓသာသနာတော်၌ သဒ္ဓါတရားသည် အလွန်အရေးကြီးသည့် တရားဖြစ်ပေသည်။ မှန်ပါသည်၊ မြတ်ဗုဒ္ဓ
ဘုရားဖြစ်ပြီးခါစ သတ္တဝါတွေကို တရားဟောတော်မူဖို့ သဟမ္ပတိဗြဟ္မာကြီးက လျှောက်ထားတောင်းပန်ရာတွင်လည်း
မြတ်ဗုဒ္ဓက သဒ္ဓါ-ယုံကြည်ချက် အရေးကြီးပုံကို လောကကြီးအား နှတ်ခွန်းဆက်စကား နှစ်ခွန်းမှာ
ထည့်သွင်း မိန့်ကြားခဲ့သည်။
၁။ အပုရုတာ တေသံ အမတဿ ဒွါရာ၊
ယေ သောတဝန္တော= ထောင်တတ်သော နားရှိသူတိုင်းအတွက် အမြိုက်နိဗ္ဗာန်တံခါးကြီးကို ဖွင့်ထားလိုက်ပါပြီ၊
၂။ ပမုဉ္စ န္တု သဒ္ဓံ= ထို အသံကြားအောင်
နားထောင်နိုင်စွမ်းရှိသူ မှန်သမျှ သဒ္ဓါတရားကို စေလွှတ်ထားကြလော့။
ယနေ့ ဗုဒ္ဓဘာသာဝင်အများစုသည်
တရားအသိ ရဖို့အတွက် ဥာဏ်ပညာသည် အရေးကြီးဆုံးဟု
ထင်နေ ပြောဆိုနေကြပေသည်။ အထိုက်အလျှောက် မှန်သော်လည်း အပြည့်အဝ မှန်သည်ဟု မဆိုနိုင်ပါ။
မြတ်ဗုဒ္ဓက"ပညာတရားကို စေလွှတ်ထားကြ"ဟု မဟောပါ။ "သဒ္ဓါတရားကို စေလွှတ်ကြ"ဟုသာ ဟောတော်မူပါသည်။
သောတဝန္တ- ထောင်တတ်သော နားရှိသူများ ဟူရာဝယ်
ထောင်တတ်သော သောတ(နား) ဟူသည်မှာ ဥာဏ်တည်းဟူသော
နားကို ဆိုလိုပေသည်။ ထို့ကြောင့် ဥာဏ်နှင့် သဒ္ဓါတရားက အရေးကြီးဆုံး အခြေခံအကျဆုံးဟု
ယူဆနိုင်ပါသည်။ သဒ္ဓါနှင့် ပညာ ညီမျှမှ သာလျှင် ပိုမို ပြည့်စုံ မှန်ကန်ပါသည်။
မှန်ပါသည်။ "သဒ္ဓါတရားသည်သာလျှင်
အမျိုးကောင်းသား အမျိုးကောင်းသမီးတိုင်း ပထမဆုံး ရှိရမည့် မိတ်ဆွေကောင်း ဖြစ်ပါသည်၊
သဒ္ဓါတည်းဟူသော မိတ်ဆွေကောင်းနှင့် ပေါင်းမိသူတို့ကို ပညာတရားက အဆင့်အတန်းမြင့်အောင်
မြှင့်တင်ပေးပါသည်။ ထို သဒ္ဓါပညာ တည်းဟူသော မိတ်ကောင်း ဆွေကောင်း နှစ်မျိုးနှင့် ပေါင်းမိသူသည်
အမြိုက်နိဗ္ဗာန်မှာ ပျော်မွေ့ပြီး ဆင်းရဲအားလုံးမှ လွတ်မြောက်လတံ့ဟု (သံ-၁-၂၄) မှာ မြတ်ဗုဒ္ဓက
ဟောထားတာ ရှိပါသည်။
*သဒ္ဓါမည်ငြား၊ ဤတရားကား၊
လမ်းသွားသံသရာ၊ သတ္တဝါ၏၊ မှီရာဥပ၊ နိဿယဖြင့်၊ မစ-မကွာ၊ လိုက်၍သာလျှင်၊ ကလျာဏချစ်၊ မိတ်ဆွေစစ်သို့၊
ဘဝထိုထို၊ ရတိုင်းကိုယ်၌၊ အလိုရှိရာ၊ ပေးတတ်စွာ၏။။ (မဃဒေဝ)။
သဒ္ဓါယိုဖိတ်၊ ကြည်ညိုသောစိတ်ဖြင့်၊
ဘုရားတရားသံဃာ အမြတ်ရတနာ သုံးပါးတို့အား ပူဇော်ခြင်းကို ပြုလုပ်ပါပေ၏။ ထိုရတနာသုံးပါးအပေါ်
ကြည်ညိုစွာ ပူဇော်သူတို့သည် ဖြစ်လေရာရာ လူ့ဘဝ နတ်ဘဝတို့၌ ရရှိအပ်သော စည်းစိမ်ချမ်းသာတို့သည်
ဤ၍ဤမျှ ဂဏန်းချ၍ ရေတွက်၍ မရနိုင်ကုန်၊ ဤ၍ဤမျှ ဂဏန်းချ၍ မရေတွက်နိုင်ကုန်သော စည်းစိမ်ချမ်းသာတို့ကို
ရရှိကြကုန်၍ အဆုံးစွန်သောဘဝ၌ အမြတ်ဆုံးသော အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ကောင်းစွာရောက်ကြရလေကုန်၏။
။
သဒ္ဓါစိတ္တေ
ပသန္နေန၊ ရတနာနံ ပူဇံ ကရံ။
ဇာတိဒေဝ
မနုေဿသု၊ လဒ္ဓဘောဂါ အသင်္ခယာ၊
အသင်္ခယေ
လဘိတွာန၊ ဝရံ နိဗ္ဗာန ပါပုဏိံ ။ ။
သဒ္ဓါစိတ္တေ ပသန္နေန- သဒ္ဓါယိုဖိတ်
ကြည်ညိုစိတ်ဖြင့်၊ ရတနာနံ-ဘုရားတရားသံဃာအားဖြင့် သုံးပါးသော အမြတ်ရတနာတို့အား၊ ပူဇံ-
လေးမြတ်ကော်ရော် ပူဇော်ခြင်းကို၊ ကရေ-ပြုလုပ်ပါပေ၏၊ တေ-ထိုရတနာသုံးပါးအား ယုံကြည်စွာ
ပူဇော်သူတို့သည်၊ ဇာတိဒေဝမနုေဿသု- လူအဖြစ် နတ်အဖြစ်တို့၌၊ လဒ္ဓဘောဂါ-ရရှိအပ်သော စည်းစိမ်ချမ်းသာတို့သည်၊
အသင်္ခယာ-မရေတွက်နိုင်ကုန်၊ အသင်္ခယေ-မရေတွက်နိုင်ကုန်သော၊ ဘောဂေ-စည်းစိမ်ချမ်းသာတို့ကို၊
လဘိတွာ-ရကြကုန်သည်ဖြစ်၍၊ ပစ္ဆိမေ-နောက်ဆုံးဘဝ၌၊ ဝရံ-အမြတ်ဆုံးဖြစ်သော၊ နိဗ္ဗာနံ- အေးငြိမ်းရာအမှန်
မြတ်နိဗ္ဗာန်သို့၊ ပါပုဏိ-ကောင်းစွာမသွေ ရောက်ကြရလေကုန်သတည်း။
ရတနာသုံးပါး ကံ ကံ၏အကျိုးကို
ယုံကြည်ခြင်းဟူသော သဒ္ဓါတရားဖြင့် သံသရာတလွှား ခရီးသွားများအနေဖြင့် သံသရာခရီးသွားသည့်အခါ
မိမိတို့သုံးစွဲရန် ကုသိုလ်တည်းဟူသော ရိက္ခာထုပ်ကို ချည်နှောင်ဖွဲ့ထုပ်ကြပါလေလော့၊ ထိုသို့
ကုသိုလ်ရိက္ခာထုပ်ကို ရှာမှီးခြင်းသည် ယခုကြုံနေရသည့် လက်ရှိဘဝ၌သာ အကောင်းဆုံးဖြစ်ပါပေ၏။
ဘဝတစ်ပါး၌ သံသရာ ရိက္ခာထုပ်ဖို့ အခွင့်သာမည် မဟုတ်ပေ။ ကုသိုလ်ရိက္ခာ မပါခဲ့သည်ရှိသော်
အလွန်ဆင်းရဲလှပေ၏။
*သဒ္ဓါ
ဗန္ဓတု ပါထေယျံ၊ တဒေသနံ ဣဓေဝဟိ။
ဘဝန္တရေ
နလဗ္ဘေယျ၊ အပါထေယျာတိ ဒုက္ခိတော။
သဒ္ဓါ-သဒ္ဓါယ=သဒ္ဓါတရားဖြင့်၊
ပါထေယျံ-သံသရာအတွက် ကုသိုလ်ရိက္ခာထုပ်ကို၊ ဗန္ဓတု-ဖွဲ့ထုပ်ပါလော့၊ တဒေသနံ-ထိုသို့ ကုသိုလ်ရိက္ခာထုပ်ကို
ရှာမှီးခြင်းသည်၊ ဣဓေဝဟိ-ယခုလက်ရှိ ဘဝ၌သာလျှင်၊ ဟောတိ-အခါအခွင့်ကောင်း ဖြစ်ပေ၏။ ဘဝန္တရေ-ဘဝတစ်ပါး၌၊
န လဗ္ဘေယျ-ရိက္ခာထုပ်ဖို့ အခွင့်သာမည် မဟုတ်ပါပေ၊ အပါထေယျံ- သံသရာအတွက် ကုသိုလ်ရိက္ခာ
မပါရှိသော်၊ အတိဒုက္ခော-အလွန်ဆင်းရဲလှပေသတည်း။ ။
ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်
သာသနာတော်ကြီးနှင့် ကြုံလည်း ကြုံကြပါသည်၊ ကြိုက်လည်း ကြိုက်ကြသည်။ သဒ္ဓါတရား မရှိသူများသည်
သာသနာတော်ကြီးနှင့် ကြုံပင်ကြုံသော်လည်း မကြိုက်နိုင်ကြပေ။ ထို့ကြောင့် သဒ္ဓါတရားသည်
အထူးအရေးကြီးလှ အခြေခံကျလှပေသည်။ သဒ္ဓါနှင့်ပညာ ညီတူညီမျှ ရှိသင့်သည်။ သဒ္ဓါတရားသာ အားကောင်းပြီး
ပညာဥာဏ်မရှိပါက အချီးအနှီး မကြည်ညိုသင့်သော နေရာ၌ ကြည်ညို တတ်သည်။ မျက်ကန်း ယုံကြည်မှုကို
ဗုဒ္ဓဘာသာက အားမပေးပါ။ ပညာဥာဏ်ကြီးပြီး သဒ္ဓါတရားခေါင်းပါးသူသည် အထူးသဖြင့် ကောက်ကျစ်စဉ်လဲ
တတ်ပြန်ပါသည်။ ဆေးကြောင့်ဖြစ်သော ဆေးလွန်နာကို နောက်နောင် ဆေးဆရာတို့ ဥာဏ်ကြီးသူတို့
မိုက်မဲ ကောက်ကျစ်လျှင် ဆေးမမီနိုင်ပေ။ လောကကြီး ပျက်စီးဖို့သာ ဦးတည်စေသည်။ ထို့ကြောင့်
သဒ္ဓါပညာ နှစ်ပါး ညီမျှစွာ ပြည့်စုံမှသာလျှင် ဘဝလိုရာခရီး ပိုမိုပြီးမြောက်နိုင်ပေသည်။
၁။ ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဓပ္ပသန္နော
ဟောတိ၊ အဝတ္ထုသ္မိံ ပသီဒတိ။
၂။ ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ
ဘဇတိ၊ ဘေသဇ္ဇ သမုဌိတော ရောဂေါဝိယ အတေကိစ္ဆော ဟောတိ။ (ဥာဏ်ရှိ ယောကျာင်္း၊ မှားလတ်သောခါ၊
ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊ အကုခက်သို့၊ ဖျက်၍အမြဲ၊ ပြင်နိုင်ခဲ၏။) (မဃဒေဝ)။
၃။ ဥဘိန္နံ သမတာယ ဝတ္ထုသ္မိ
ံ ယေဝ ပသီဒတိ။ (သုတ်မဟာဝါ အဌကထာ နှာ ၃၇၇)။
၁။ သဒ္ဓါ အားကြီး၊ ပညာနည်း၊
ချည်းနှီး ကြည်ညိုတတ်လေသည်။
၂။ ပညာအားကြီး၊ သဒ္ဓါနည်း၊
သူလည်း ကောက်ကျစ်တတ်ပေသည်။
၃။ သဒ္ဓါပညာ၊ မျှသောခါ၊ လိုရာကိစ္စ
ပြီးနိုင်သည်။ (မေ့သားလှ-ဇလဂ္ဂ)။
ဗုဒ္ဓဘာသာတွင် စွယ်စုံပြည့်ဝသော
လူသားဖြစ်ဖို့အတွက် အနည်းဆုံး နှလုံးသား၏ မွန်မြတ်သော အရည်အသွေးများ(Noble
Qualities of the heart or Noble Qualities of Emotion) နှင့် သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သော
အသိဥာဏ် သို့မဟုတ် စိတ်၏ အရည်အသွေး(Qualities of Mind) များ ညီတူညီမျှ ဆည်းပူဖြည့်တင်းသင့်ပေသည်။
နှလုံးသား၏ အရည်အသွေးများဟုဆိုရာ၌ သနား ကြင်နာတတ်ခြင်း ကရုဏာ(Compassion), မေတ္တာတရားထားခြင်း(Loving-kindness),
ထောက် ထားညှာတာတတ်ခြင်း (Kindness), သီခံတတ်ခြင်း (Tolerance), ယုံကြည်ချက်သဒ္ဓါနှင့်
ပေးကမ်း လှူဒါန်းခြင်း (Faith or Confidence and Charity) စသော မွန်မြတ်သော နှလုံးသား၏
အရည် အချင်းများကို ဆိုလိုပါသည်။ စိတ်၏ အရည်အသွေး(Qualities of Mind) မှာ အကြောင်းအကျိုး
အကောင်းအဆိုးကို သုံးသပ်ဆင်ခြင် ဝေဖန်တတ်သော ဥာဏ်ပညာသာ ဖြစ်ပါသည်။
အကယ်၍ လူသားတစ်ယောက်သည် နှလုံးသား၏
အရည်သွေးများကိုသာ ဖြစ်ထွန်းစေလျက် အသိဥာဏ်တိုးတက်မှုကို လျစ်လျု့ရှုပါက သဘောထားပြည့်ဝသည့် သူတော်ကောင်း လူအကြီး(a
good-harted fool) ဟု သတ်မှတ်ကြပေလိမ့်မည်။ တဖန် နှလုံးသားများ၏ အရည်အသွေးများကို
လျစ်လျူရှုလျက် ဆင်ခြင်စဉ်းစား ဥာဏ်၏စေစားရာ စိတ်၏ အရည်အသွေး(Qualities of Mind)ကိုသာ
အလေးထားဆောက်ရွက်ပါလျှင် ကြင်နာမှု နှလုံးသားကင်းမဲ့သော သဒ္ဓါတရား ခေါင်းပါးသော ရက်စက်ကြမ်းကြုတ်သည့် ပညာတတ် ဥာဏ်ကြီးရှင်တစ်ဦးသာ(a hard-hearted intellectual person without
feeling for others) ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် စွယ်စုံပြည့်ဝသည့် လူသားဖြစ်ရန်
နှလုံးသား၏ မွန်မြတ်သော အရည်အသွေးများ(Noble Qualities of the heart or Noble
Qualities of Emotion) နှင့် သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ် သို့မဟုတ် စိတ်၏
အရည်အသွေး(Qualities of Mind) များ ညီတူညီမျှ ဖြည့်တင်းကြရပေမည်။ ဗုဒ္ဓလမ်းစဉ်အရ ထိုအရည်အသွေး
နှစ်မျိုးတို့ကို သီးခြားစီ ခွဲမထုတ်ဘဲ ဒွန်တွဲကာ ဖြည့်ပါမှ တကယ့်အရည်အချင်း ပြည့်ဝသော
လူသား တစ်ဦးဖြစ်ပေလိမ့်မည်။
တတိယ
အမေး အဖြေ
၃။ ကိံ ပန ဘန္တေ ဒေဝါနံ သုပ္ပတိဌိတသင်္ခါတံ။(
ဘန္တေ-ရှင်တော်မြတ်ဘုရား၊ ဒေဝါနံ-နတ်တို့၏၊ သုပ္ပတိဌိတသင်္ခါတံ- ကောင်းစွာတည်တံ့သူဟု ဂုဏ်တင်ချီးကျူးအပ်သော
သူဟူသည်၊ ကိံပန- အဘယ်ပါနည်း။(ရဟန်းအမေး)။
သာခေါ ပနဿ သဒ္ဓါ နိဝိဌာ ဟောတိ၊
မူလဇာတာ ပတိဌိတာ ဒဠှာ အသံဟာရိယာ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ကေနစိဝါ လောကသ္မိ
ံ၊ ဣဒံ ခေါ ဘိက္ခု ဒေဝါနံ သုပ္ပတိဌိတသင်္ခါတံ။
အဿ-သဒ္ဓါတည်းဟူသော လာဘ်ရှိသူ၏၊
သာ ပန သဒ္ဓါ-ထိုသဒ္ဓါတရားသည်၊ နိဝိဌာ-စိတ်၌ စွဲမြဲစွာ တည်သည်၊ မူလဇာတာ- သောတာပတ္တိမဂ်
အင်္ဂါဟူဘိ၊ အမြစ်အရင်းရှိသည်၊ ဒဠှာ-ခိုင်မြဲသည်၊ သမဏေနဝါ-ရဟန်းသည်လည်းကောင်း၊ ဗြဟ္မဏေနဝါ-ဗြဟ္မဏသည်လည်းကောင်း၊
ဒေဝေနဝါ-နတ်သည်လည်းကောင်း၊ မာရေနဝါ-မာရ်နတ်မင်းသည်လည်းကောင်း၊ ဗြဟ္မုနာဝါ-ဗြဟ္မာမင်းသည်လည်းကောင်း၊ လောကသ္မိံ၊ သတ္တလောက၌၊ ကေနစိဝါ- တစ်စုံတစ်ယောက်သည်လည်းကောင်း၊ အသံဟာရိယာ-မရွေ့လျားစေတတ်
မပယ်ရှားအပ်သည်၊ ဟေတိ-ဖြစ်၏။ ဘိက္ခု-ရဟန်း၊ ဣဒံ- ဤမရွေ့လျားစေနိုင် ခိုင်ခံ့တည်မြဲသော
သဒ္ဓါတရားသည်ပင်၊ ဒေဝါနံ-နတ်တို့၏၊ သုပ္ပတိဌိတ သင်္ခါတံ- ကောင်းစွာတည်တဲ့သော လာဘ်ဟုဆိုအပ်သော
အရာပင်တည်း။ (ဗုဒ္ဓအဖြေ)။
နတ်တို့က ကောင်းစွာ တည်တံ့သည့်
သဒ္ဓါတရားဖြစ်အောင် ကြိုးစားပါဟု ချီးကျူးခြင်းသည် မည်သူကမျှ မပယ်ဖျက်နိုင်သည့် တည်တံ့ခိုင်မြဲသည့်
သဒ္ဓါတရားမျိုး ဖြစ်အောင် ကြိုးစားပါဟု ဆိုလိုကြောင်းကို မြတ်ဗုဒ္ဓက ရဟန်း၏ အမေးကို အဖြေပေးတော်မူ၏။
(ဤစကားရပ်ဖြင့် အနည်းဆုံး သောတာပန်အဆင့် သဒ္ဓါတရားမျိုးအထိ အားထုတ်ဖို့ တိုက်တွန်းခြင်း
ဖြစ်သည်။)
သဒ္ဓါလေးမျိုး
ဗုဒ္ဓစာပေ၌ သဒ္ဓါလေးမျိုးရှိပါသည်။
ထိုသဒ္ဓါလေးမျိုးတို့ကား
၁။ ပသာဒ သဒ္ဓါ
ကြည်ညိုဖွယ်ရာ အာရုံ၌ ကြည်လင်မှု၊
ယုံကြည်မှု ဖြစ်ကာမျှ အားနည်းသော သဒ္ဓါတရားသည် ပသာဒ သဒ္ဓါမည်၏။
(မှတ်ချက်။ မိစ္ဆာဒိဌိပုဂ္ဂိုလ်များကို
သူတို့၏ တပည့်များက ကြည်ညိုသော အရာမျိုးသည် မုဒ္ဓပသန္န အချည်းနှီး ကြည်ညိုမှု) ဟု ပါဠိစာပေ၌
သုံးနှုန်း၏။ သဒ္ဓါ အစစ် မဟုတ်၊ တရားကိုယ်မှာ မောဟသာ ဖြစ်သည်)။
၂။ သြကပ္ပန သဒ္ဓါ
ဘုရားတရားသံဃာ ဟူ၍ ဆိုအပ်သည်ရှိသော်
ဆန့်ကျင်ဘက် အသဒ္ဓိယစသော အကုသိုလ် တရား တို့က မလွှမ်းမိုးနိုင်လောက်အောင် မတုန်မလှုပ်
သက်ဝင်ယုံကြည်သည့် အားကြီးသော ကလျာဏ ပုထုဇဉ်တို့၏ သဒ္ဓါတရားသည် သြကပ္ပန သဒ္ဓါ မည်၏။ (ဒါန
ပြုရာ၌ ပသာဒ သဒ္ဓါ အဆင့်ကိုလွန်၍ သြကပ္ပန သဒ္ဓါအဆင့်သို့ ရောက်အောင် ကြိုးစားအားထုတ်ကြရမည်။)။
၃။ အာဂမ သဒ္ဓါ
ဘုရားဖြစ်ဖို့ နိယတဗျာဒိတ်ပန်း
ပန်ဆင်သည့် အခါမှစ၍ ဘုရားဖြစ်တော်မူသည်အထိ ဘုရားလောင်းတို့၏ အစဉ်တစိုက် မတွန့်မဆုတ်
ရှေ့ဆောင်သွားသည့် (ဘယ်တော့မှ မပျက်ဘဲ တသမတ်တည်း ဆိုက်ရောက်လာသည့်) သဒ္ဓါမျိုးသည် အာဂမ
သဒ္ဓါမည်၏
၎။ အဓိဂမသဒ္ဓါ
သစ္စာလေးပါး သိမြင်သည့် အရိယာပုဂ္ဂိုလ်တို့အား
အရိယာမဂ်ကို ရခြင်းဖြင့် ရရှိအပ်သော သဒ္ဓါသည် အဓိဂမ သဒ္ဓါမည်၏။ (အရိယာတို့၏ မဂ်ဖိုလ်နှင့်ယှဉ်သော
လောကုတ္တရာ သဒ္ဓါပင်တည်း။)။
ဤတတိယ အမေးအဖြေလာ သုပ္ပတိဌိတသင်္ခါတ
သဒ္ဓါ- တည်တံ့ခိုင်မြဲသည့် သဒ္ဓါဟူသည် မည်သည့် သမဏ ဗြဟ္မဏ နတ်ဗြဟ္မာတို့က သဒ္ဓါတရားပျက်ပြားသွားအောင်
ဆုတ်ယုတ်သွားအောင် မစွမ်းနိုင်သည့် အရိယမဂ်ရသော ပုဂ္ဂိုလ်၏ အဓိဂမ သဒ္ဓါ ကိုပင် ဆိုလိုရာ
ရောက်ပေသည်။ နတ်တို့က ထိုကဲ့သို့သော သဒ္ဓါတရားနှင့် ပြည့်စုံသော လူ့ဘဝကို တောင်းတကြ၊
ချီးမွမ်းကြပေသည်။
သာဓကဝတ္ထု
မြတ်ဗုဒ္ဓလက်ထက်တော်အခါက သူဆင်းရဲ
ကုဌနူနာရောဂါသည် သုပ္ပဗုဒ္ဓသည် မြတ်ဗုဒ္ဓ၏ သစ္စာလေးပါး တရားတော်ကို နာကြားရသဖြင့် သောတာပန်တည်သွားခဲ့လေ၏။
သူ၏ သဒ္ဓါတရားကို အကဲစမ်းကြည့်ချင်သော သိကြားမင်းက သုပ္ပဗုဒ္ဓအား ဖျားယောင်းသွေးဆောင်
သိမ်းသွင်းခဲ့လေ၏။ သိကြားမင်းက "ဟေ့ သုပ္ပဗုဒ္ဓ၊ မင်းမှာလဲ အလွန်ဆင်းရဲလိုက်တာ၊
ငါ မင်းကို ချမ်းသာသွားအောင် ရွှေငွေ ဥစ္စာရတနာတွေ မေးမယ်၊ ဘုရားကို ဘုရားမဟုတ်ဘူးလို့သာပြော၊
တရားကို တရားမဟုတ်ဘူးလို့ပြော၊ သံဃာကို သံဃာကို သံဃာစစ် သံဃာမှန် မဟုတ်ဘူးလို့သာပြော၊
အဲလိုပြောရင် ငါ မင်းကို ရတနာ ရွှေငွေ မြောက်များစွာ ပေးမယ်" ဟု သိမ်းသွင်းခဲ့ဖူး၏။
သို့သော် တည်တံ့ခိုင်မြဲသော
အဓိဂမသဒ္ဓါ ရှိသော သုပ္ပဗုဒ္ဓက" ငါ့မှာ သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး ရှိတဲ့အတွက်
ငါသူဆင်းရဲမဟုတ်ဘူး၊ ငါချမ်းသာတယ်၊ ရတနာသုံးပါး၏ စစ်မှန်မှုကို ငါ ဘယ်သောခါမှ ရတနာစစ်
ရတနာမှန် မဟုတ်ဘူးလို့ ပြောလိမ့်မည်မဟုတ်" ဟု သိကြားမင်းအား ပြောလိုက်လေ၏။ သိကြားမင်းမှန်းသိပြီးသည့်နောက်
"သင်လို သိကြားမိုက် အရာ အထောင်မက ဘယ်လောက်ဖျက်ဖျက် ဘုရားတရားသံဃာ၌ စွဲမြဲစွာတည်သော
ငါ့ သဒ္ဓါတရား ပျက်လိမ့်မည်မဟုတ်" ဟု ကြိမ်းဝါးပြီး သုပ္ပဗုဒ္ဓက သိကြားမင်းကို မောင်းမဲပစ်ခဲ့လေ၏။
ထိုအကြောင်းအကြောင်းကို သိကြားမင်းက
မြတ်ဗုဒ္ဓအား လျှောက်ထားသောအခါ ဘုရားရှင်ကလည်း "သုပ္ပဗုဒ္ဓ၏ သဒ္ဓါမျိုးကို သင်ကဲ့သို့သော
သိကြား မြောက်များစွာက ဘယ်လို လာဖျက်ဖျက် မပျက်နိုင်သည့်အကြောင်း၊ အလွန်တည်တံ့ ခိုင်မြဲလှကြောင်းကို"
သိကြားမင်းအား ဟောကြားတော်မူခဲ့သည်။
ထို့ပြင် သုရမ္ဗဌ ဟူသော အညတိတ္ထိ
တစ်ယောက်သည်လည်း မြတ်ဗုဒ္ဓအား ဆွမ်းအိမ်ပင့်ကပ်ဖူးသည်။ ဆွမ်းအနုမောဒနာအဖြစ်ဖြစ် မြတ်ဗုဒ္ဓက
သုရမ္ဗဌအား ခန္ဓာငါးပါးတို့သည် အနိစ္စ(အမြဲမရှိ)၊ ဒုက္ခ(ဆင်းရဲ)၊ အနတ္တ(အစိုးမရ) ပုံတို့ကို
သစ္စာဆိုက်အောင် ဟောတော်မူသည့်အဆုံး၌ သောတာပန် ဖြစ်ခဲ့လေသည်။ သို့သော် မြတ်ဗုဒ္ဓ သူ့အိမ်မှ
ပြန်ကြွသွားသောအခါ မာရ်နတ်က ဘုရားယောင် ဆောင်ပြီး လာရောက်က ဤသို့ပြောလေသည်။ "
သုရမ္ဗဌ၊ ခုနက အလုံးစုံသော ခန္ဓာငါးပါးတရားတွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဟောခဲ့တယ်၊ အေး…
ဒါပေသိ အချို့ မြဲတဲ့ ချမ်းသာတဲ့ မိမိကိုယ်ကို အလိုလိုက်တဲ့ ခန္ဓာတွေ ရှိတယ်၊"
ဟု ပြောလေ၏။
ဤကဲ့သို့ လာပြောသည်ကို သာမန်
သဒ္ဓါတရား ရှိသူဆိုလျှင် ယုံလိုက်မည် သေချာ၏။ သုရမ္ဗဌ သောတာပန် ဖြစ်သွားသောကြောင့်သာ
မယုံကြည်ပေ။ သုရမ္ဗဌ စဉ်းစားသည်မှာ" အော် ဘယ့်နှယ်ပါလိမ့်၊ ဒီစကား တယ် ဝန်လေးပါလား၊
ဘုရားဆိုတာ ဘယ်တော့မှ စကားနှစ်ခွန်း ပြောရိုးထုံးစံမရှိ၊ ငါ့ကို ဟောခဲ့တာလည်း သေသေချာချာ
ဟောခဲ့တာ၊ ဘယ်နည်းနဲ့မှ မှားတယ်မရှိ၊ ငါ ကိုယ်တိုင်လည်း တကယ် သူဟောတဲ့ တရားကို လက်တွေ့
သိမြင်ခဲ့လေပြီ၊ ဒီပုဂ္ဂိုလ် ဘုရားတော့ မဟုတ်ဘူး၊ မာရ်နတ်ပဲ ဖြစ်ရမယ်၊ သင် မာရ်နတ် မဟုတ်ဘူးလား
" ဟု မေးသောအခါ မာရ်နတ်သည် အဖြစ် မှန်ကို ဝန်ခံရလေ၏။
အထက်ပြဆိုခဲ့သည့်အတိုင်း
သုပ္ပတိဌိတ- တည်တံ့ ခိုင်မြဲသည့် ပုဂ္ဂိုလ် ဖြစ်ဖို့ရန် သောတာပန် ဖြစ်ဖို့၊ မဂ်ဖြင့်
ပြီးသော သဒ္ဓါ(အဓိဂမသဒ္ဓါ) ဖြစ်ဖို့ လိုအပ်ပါသည်။ သုပ္ပဗုဒ္ဓ သုရမ္ဗဌတို့၏ သဒ္ဓါသည် ထိုကဲ့သို့သော
အဓိဂမ သဒ္ဓါ ဖြစ်သောကြောင့် မည်သူကမျှ မဖျက်ဆီးနိုင်တော့ပေ။ ထိုကဲ့သို့သော သဒ္ဓါတရား
ပိုင်ဆိုင်ထားသူတို့သည် ဘာသာခြားတို့က လာရောက်သိမ်းသွင်းသော်လည်း ဗုဒ္ဓဘာသာမှ အခြားဘာသာသို့
ပြောင်းလိမ့်မည် မဟုတ်။ ဤ အဆင့်ရောက်မှ စိတ်ချရပေသည်။ ပုထုဇဉ်တို့၏ သဒ္ဓါတရားသည် စိတ်မချရသေးပေ။
အရိယာပုဂ္ဂိုလ်တို့၏ တည်တံ့ခိုင်မြဲသည့် အဓိဂမ သဒ္ဓါ ရှိသူမျိုးကို သုပ္ပတိဌိတ-ကောင်းစွာတည်သည့်
ပုဂ္ဂိုလ်ဖြစ်ပြီး ထိုပုဂ္ဂိုလ်တို့၏ဘဝ၊ ထိုသဒ္ဓါမျိုးကို နတ်တို့က ဂုဏ်တင် ချီးမွမ်းကြလေသည်။
လူဖြစ်ကျိုးနပ်ကြပါစေ
မည်သို့ပင် ဆိုစေ ဗုဒ္ဓဘာသာဝင်တို့
ရရှိထားသော လူ့ဘဝသည် သာမည မဟုတ်၊ နတ်တို့ကပင် တောင်းတအပ်သည့် ဘဝ၊ ချီးမွမ်းဂုဏ်ယူအပ်သော
ဘဝ၊ မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း မနုဿတ္တ ဒုလ္လဘ အဖြစ်ဖြစ် ဂုဏ်တင်ဟောတော်မူခဲ့သည့် ဘဝဖြစ်ပေသည်။
တကယ့် အစစ်မှန် ဘဝမျိုးကို ပိုင်ဆိုင်ထားကြပေသည်။ စစ်မှန်သည့် အဖိုးတန် ရတနာကို အသုံးမချတတ်၊
အလွဲသုံးစား လုပ်ခဲ့ပါလျှင် တန်ဘိုးမဲ့သကဲ့သို့ စစ်မှန်သည့် ရတနာသုံးပါးကို ယုံကြည်သည့်
သဒ္ဓါတရားနှင့် ပြည့်စုံ ကြသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည် မိမိတို့ရထားသည့် လူ့ဘဝ
ရတနာကြီးကို အလွဲ သုံးစား မလုပ်ဘဲ အကျိုးရှိရှိ သုံးစွဲတတ်အောင် တန်ဘိုးတက်အောင် လူဖြစ်ကျိုးနပ်အောင်
ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
စာပြီး။ July 19,
Friday, 2013, (၆၆ နှစ်မြောက် အာဇာနည်နေ့)
No comments:
Post a Comment