ရှေးခေတ်ကာလ မဇ္ဈိမဒေသ၌ ဘာသာရပ်အမျိုးမျိုး ပညာရပ်အမျိုးမျိုး ဗဟုဿုတ အထွေထွေကို သင်ကြားပို့ချပေးခဲ့သည့် တက္ကသိုလ်ကျောင်းတော်ကြီး နှစ်ခုရှိ၏ ။ ထိုတွင် တစ်ခုမှာ ဂန္ဓာရတိုင်း တက္ကသီလာပြည်တွင် တည်ရှိပြီး အခြားတစ်ခုမှာ မာဂဓတိုင်း နာလန္ဒာမြို့ သို့မဟုတ် ကနောဇမြို့တွင် ပထမ ကုမာရ ဂုပ္ပတ မင်းမှစ၍ ဟာသျှမင်း ပါလမင်း အဆက်ဆက်တို့က ချီးမြှင့်ထောက်ပံ့ခဲ့သော နာလန္ဒပါဠိ တက္ကသိုလ်ကြီးတို့ ဖြစ်ပေသည်။
ယင်းနာလန္ဒာတက္ကသိုလ်ကြီးသည် ခရာဇ်သက္ကရာဇ် ၄၀၀ ကျော် ၅၀၀, ခန့် အတွင်းက ပေါ်ပေါက်လာခဲ့၏ ။ ဂန္ဓာရတိုင်းရှိ တက္ကသိုလ်ကြီးမှာ ပန်ဂျပ်ပြည်နယ် ရာဝပဏ္ဍိမြို့ (ယခု ပါကစ္စတန် မြောက်ပိုင်း) ၌ တည်ရှိ၏ ။ အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီမှ မိုင်ပေါင်း ၄၉၇-ခန့် ကွာဝေး၏ ။ ၎င်း တက္ကသိုလ်ကြီးကို ခရစ် သက္ကရာဇ် ၄၀၀ ကျော်လောက်က ကနိသျှမင်းက စတင်တည်ထောင်သည်ဟု သိရ၏ ။ ထို့နောက် ဂုတ္တမင်းများက ဆက်လက်၍ တာဝန်ယူပြီး ထိမ်းသိမ်းစောင့်ရှောက်လာခဲ့ကြသည် ။
ထိုဂုတ္တမင်းများလက်ထက်၌ ဗြဟ္မဏဘာသာ ကိုးကွယ်သူများလာသောကြောင့် ဗြဟ္မဏကျမ်းဟောင်းများကို ပြန်လည်ဖော်ထုတ်လာခဲ့ကြ၏ ။ မနုဓမ္မသတ်ကိုလည်း စနစ်တကျ ပြုစုခဲ့ကြ၏ ။ သက္ကတစာပေနှင့် ကာလီဒါသ ဆရာ၏ ကဗျာကျမ်းများနှင့် ပြဇာတ်များကိုပါ ဖော်ထုတ်လာကြ၏ ။ နက္ခတ်ကျမ်း ဆေးကျမ်း သင်္ချာကျမ်းများနှင့်တကွ အခြားလက်မှု ဗိသုကာပညာရပ်များ ကျောက်ဆစ်ပညာရပ်များ နံရံဆေးရေး ပန်းချီ ပညာရပ်များကိုလည်း လေ့လာဖော်ထုတ်လာခဲ့ကြ၏ ။
မာဂဓတိုင်း အတွင်းရှိ ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီးသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဗုဒ္ဓဘာသာတက္ကသိုလ်များ၏ ရှေ့ပြေးတက္ကသိုလ်ကြီးပင် ဖြစ်ပါသည်။ ဤတက္ကသိုလ်ကြီးကို မဟာယာန ရဟန်းတော်ကြီး နာဂဇုန က စတင်တည်ထောင်ပြီး ယင်းခေတ်က ကနိသျှမင်း ဂုတ်ပတ မင်း တို့က ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ကာ အေဒီ ၅ ရာစုမှာ ၁၂ ရာစုလောက်အထိ နှစ်ပေါင်း ၇၀၀ လောက် ဗုဒ္ဓစာပေများကို ကမ္ဘာမှာ ဖြန့်ဖြူးခဲ့သည်။ အေဒီ ၁၂ ရာစု (အေဒီ ၁၁၉၇) ခု တွင် တိုင်းတစ်ပါး တူရကီ မူစလင်တို့ ယင်းရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီးကို ဖျက်ဆီး ရဟန်းတော်ပေါင်းမြောက်များစွာကို သတ်ပတ်ခဲ့ကြောင်း နာလန္ဒာသမိုင်းက ဆိုထားသည်ကို လေ့လာသိရှိရ၏ ။ ယင်းရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီး၌ စာသင်ခန်းပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး စာသင်သားပေါင်း ၁ သောင်းကျော် (အချို့အဆိုအရ တသိန်းခန့်) နေနိုင်သည်ဟု ဆို၏ ။ ကထိက ရဟန်းတော်ပေါင်း ၁၅၀၀ ကျော်ခန့်ရှိသည်ဟူ၏ ။
ကျောင်းသားများမှာ အများအားဖြင့် အပြည်ပြည်မှ လာရောက်ပညာသင်ကြသော ဗုဒ္ဓဘာသာရဟန်းတော်များပင်ဖြစ်ကြ၏။ တရုပ်ခရီးသွား နာမည်ကျော် ရဟန်းတော် ဟူယင်စန် သည်ပင် ဤနာလန္ဒာတက္ကသိုလ်ကြီး၌ ပညာသင်ကာ ဟေတုဝိဇ္ဇာဘွဲ့ရသည်ဟု သမိုင်းက ဆိုပါသည်။ ယင်းရှေးခေတ် နာလန္ဒာတက္ကသိုလ်ကြီး၌ အဓိကအားဖြင့် ပါဠိဘာသာနှင့် ဝေဒပညာကို သင်ကြားပို့ချပေး၏ ။ ကမ္ဘာ့ ပထမဆုံး ကမ္ဘာကျော် ပါဏိနီ သဒ္ဒါကျမ်းကြီးသည်လည်း ယင်းရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီးမှ ပေါ်ထွက်လာခဲ့၏ ။ ရှေးခေတ် ဝိက္ကမသီလ တက္ကသိုလ် သြဒန္တပူရီ တက္ကသိုလ်ကြီးတို့သည်လည်း ဤရှေးဟောင်း နာလန္ဒာတက္ကသိုလ်အခွဲများပင် ဖြစ်ကြသည် ။
ရှေးခေတ် နာလန္ဒာတက္ကသိုလ်ကြီး၏ ကျောင်းတော်ရာကို မြေအောက်မှ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဌာန က တူးဖော်ထားသဖြင့် တန်ဘိုးမဖြတ်နိုင်သည့် ကြီးမားလှသော လက်ကျန်မြေအောက် အဆောက်ဦကြီးများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ နိုင်ငံပေါင်းစုံမှ ဘုရားဖူးခရီးသည်များ နှစ်စဉ်မပြတ်လာရောက် လေ့လာကြည့်ရှု့ကြသောကြောင့် အိန္ဒိယအစိုးရ အဖို့ မီခိုးတိတ် ဝင်ငွေများ သောက်သောက်လဲ ရရှိခဲ့သည်ဟု သိရပေသည် ။
၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၉-၁၀-၁၁ ရက်နေ့များက မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီး၌ နာလန္ဒာတက္ကသိုလ်အသစ်မှ ဒါရိုက်တာ နှင့် ဒုတိယ အဓိပတိ (Director and Vice Chancellor) ဒေါက်တာ အာ. ပန့် (Dr. R. Panth) က ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီး၏ ပုံရိပ်ကို ဆလိုက်ရှိုးဖြင့် ပြသခဲ့ပေ၏ ။
ဤနေရာ၌ တက္ကသိုလ်ဟူသော ဝေါဟာရကို သိသင့်လှပေ၏။ စာရေးသူ လက်လှမ်းမီသမျှ တင်ပြပါဦးမည် ။ ယင်းတက္ကသိုလ်ဟူသော မြန်မာဝေါဟာရသည် ပါဠိနည်း သက္ကဋနည်း တို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပေသည် ။ တက္ကသိုလ်ဆိုသည်မှာ တတ်သင့်တတ်ထိုက်သော ပညာရပ် အမျိုးမျိုး ဗဟုဿုတ အထွေထွေနှင့် စပ်လျဉ်း၍ လွပ်လပ်စွာ ကြံစည်တွေးတောခြင်း ၊ သုတေသနပြုခြင်း ၊ တီထွင်ဖန်တီးခြင်း ၊ အလေ့အလာပြုခြင်း ၊ အယုတ်အလျော့မရှိ အပြီးတိုင် တစ်ဘက်ကမ်းရောက် ပါရဂူဂုဏ်မြောက်အောင် သင်ယူဖြည့်စွက်ခြင်း ၊ အမွှမ်းတင် အချောသပ် ပေးသည့် ဌာန, ယောကျာင်္းတို့ တတ်သင့်တတ်ထိုက်သော အဌာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာရပ်များကို ဖြည့်ဆည်း သင်ယူလေ့လာရာ ဌာနဖြစ်၍ မာဂဓ ပါဠိဘာသာအားဖြင့် တက္ကသီလာ (တက္ကသိုလ်) ဟူ၍ ခေါ်၏ ။
တက္ကသိုလ်ကျောင်းတွင် ဆရာဆရာမများက သင်ကြားပို့ချသော ပညာရပ်များကို ကျောင်းသူကျောင်းသားများက မိမိတို့ဥာဏ်စွမ်းရှိသလောက် တည်ထွင်ကြံသည်၍ ပညာတိုးပွားလာသည်ကို အကြောင်းပြု၍ ယခုအခါ၌ တက္ကသိုလ်ဟု ခေါ်ကြသည်မှာ ဤအဓိပ္ပါယ်ပင် ဖြစ်ပေလိမ့်မည်။
သက္ကဋနည်းအားဖြင့် တက္ခသိုလ်ဟု ခေါ်နိုင်၏ ။ တက္ခ ပုဒ်ကား သေးငယ်အောင် ထုခွဲရိုက်ချေခြင်း, ရွေခြင်း, အနက်ဟော၊ သိလာ ပုဒ်ကား ကျောက်ခဲ အနက်ဟော သည်။ ဆိုလိုသည်မှာ သိန္ဓုမြစ်ကမ်း အနီးအပါး၌ တည်ထောင်ဖန်ဆင်းထားသော မြို့ဖြစ်သောကြောင့် ရေးဘေးအတွက် စိုးရိမ်မကင်းဖြစ်ရကား မြေသားကို ခိုင်ခန့်အောင်ထားလျှက် ၎င်းရေဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန် ကျောက်ခဲသေးသေးလေးများကို ကွန်ကရက်ထုရိုက်၍ ထိုမြို့ကို တည်ထောင်ဖန်ဆင်းထားထားသည်ဟု ဆိုနိုင်ဖွယ်ရှိသည် ။ တစ်နည်းအားဖြင့် ကျောက်ဆစ်အတတ်ပညာဖြင့် ကျောက်ခဲ ကျောက်တုံးများကို ထုလုပ်ရာ ရွေရာ ဆစ်ရာ ဌာန(မြို့) ဟု ဆိုနိုင်သည် ။ ယင်းကို အစွဲပြု၍ ပညာသင်ရာ ယခုခေတ်ခေါ် တက္ကသိုလ်ကို သကဋ္ဋနည်းအားဖြင့် တက္ခသိုလ် ဟု ခေါ်ဆိုနိုင်ပေသည်။ ပါဠိပုဒ် တက္ကသီလာ (မြန်မာလို တက္ကသိုလ်) ၊ သက္ကဋပုဒ် တက္ခသီလာ (မြန်မာလို တက္ခသိုလ်) မှာ အဓိပ္ပါယ် အတူပင် ဟု ဆိုနိုင်ပါသည်။
မြန်မာအလင်္ကာစာပေတို့၌ " ပညာနဂိုရ်၊ တက္ကသိုလ်တွင်၊ လိုလိုသမျှ မှုကိစ္စကို" ဟူ၍ လည်းကောင်း၊ " ပညာသင်ချေ ၊ ငါဘစေ၍ ၊ မနေရောက်လို၊ တက္ကသိုလ်ဟု၊ လူဗိုလ်ခေါ်ရာ၊ ထိုပြည်မှာဝယ် " ဟူ၍ လည်းကောင်း တွေ့ရ၏ ။ ထို့အပြင် ယူနီဗာစီတီ ကျောင်းကိုလည်း တက္ကသိုလ်ဟု ခေါ်သည်ကို တွေ့ရ၏။ ပညာရှိဆရာကြီးများကိုလည်း တက္ကသိုလ်ဟု သုံးထားသည်ကို တွေ့ရသေး၏။ " ပညာရှိတက္ကသိုလ်၊ ဝိဇ္ဇာဓိုရ်တဆူ (ကျီး ၃၅)၊ ဆရာဘုန်းမို၊ တက္ကသိုလ်ကမျှ ၊ ကြံမရဘဲ၊ (ဗန္ဓ ၅၅) ၊ ကံငယ်သည်အခါကို ၊ ပညာရှိတက္ကသိုလ်၊ မင်းမဟော် ပုဂ္ဂိုလ်မှ၊ အိုးဖိုသို့ ထွက်ပြေး၍ အရေးသစ်ကြံရသည်။ (ပုည- ၁/ ၇၂) ဤသို့ စသည်ဖြင့် တက္ကသိုလ်၏ အဓိပ္ပါယ်နှင့် အသုံးနှုံး အမျိုးမျိုး ဖွင့်ဆိုထားသည်ကို တွေ့ရ၏ ။
ဗုဒ္ဓခေတ်တွင်လည်း တက္ကသိုလ်ကျောင်းတော်ကြီးများ ထင်ရှားရှိခဲ့၏။ သမားတော်ကြီး ဒေါက်တာ ဇီဝက (ဝိ ၃ ၊ ၃၇၉) ၊ အင်္ဂုလိမာလ (မ ၂ ၊ ၃၀၁) ၊ ပဉ္စာဝုဓမင်းသား (ဇာတ် ဌ ၁၊ ၂၉၀) ၊ သာဝတ္ထိပြည် မဟာကောသလမင်းကြီး၏ သားတော် ပသေနဒီ ကောသလမင်းသား ၊ ဝေသာလီပြည် လိစ္ဆဝီမင်း၏ သားတော် မဟာလိ လိစ္ဆဝီမင်းသား ၊ ကုသိနာရုံပြည် မလ္လမင်း၏ သားတော် ဗန္ဓုလ စစ်သူကြီးတို့သည် တက္ကသိုလ်ကျောင်းဆင်း တက္ကသိုလ်ကျောင်းတော်သားများ အဖြစ်ဖြင့် ကျော်ကြားခဲ့ပေသည်။ ဘုရားပွင့်တော်မမူသေးခင်က ဘုရားလောင်း သင်္ခပုဏ္ဏားနှင့် သားတော်ဖြစ်သူ ပစ္စေကဗုဒ္ဓါအလောင်း သုသီမ လုလင်တို့သည် တက္ကသိုလ်ပြည်သားများ ဖြစ်ကြသည်ကို ပိဋကတ်စာပေတို့၌ တွေ့နိုင်၏။ (ခုဒ္ဒက၊ ဌ- ၁၆၆)။
တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးသည် ရှေးခေတ် အဌာရသ ပညာရပ်တို့ကို အပြည်ပြည်ဆိုင်ရာမှ မင်းညီမင်းသား သူဌေးပုဏ္ဏားများအား ပါရဂူဘွဲ့ ဒေါက်တာဘွဲ့ ရနိုင်အောင် သင်ပေးခဲ့၏။ ထို့အတူပင် ခရစ်နှစ် ၄၀၀ လောက်က စတင် တည်ထောင်ခဲ့သည့် ဂန္ဓာရတိုင်းရှိ တက္ကသိုလ်ကြီးမှာလည်း မင်းညီမင်းသား သူဌေးသား ပုဏ္ဏားများသာ လာရောက်ပညာဆည်းပူးနိုင်ကြ၏။ သီဟိုဠ်၊ သုဝဏ္ဏဘူမိ၊ တရုပ်၊ ကိုးရီးယား၊ မာလာယု၊ ယိုးဒယား၊ အိန္ဒိယတောင်ပိုင်းနယ်များမှ ကျောင်းသားများလည်း ပညာလာရောက်သင်ကြားကြ၏။ ယင်းတက္ကသိုလ်တွင် ရှေးဟောင်း ဂရိကျောက်ဆစ် အနုပညာ ဗိသုကာပညာ ဂဏန်းသင်္ချာပညာ၊ လေးမြား အတတ်၊ စစ်ဗျူဟာ အတတ်စသည်ဖြင့် မြောက်များစွာသော အတတ်ပညာမျိုးစုံတို့ကိုလည်း သင်ကြားပို့ချပေး၏။
အထူးသဖြင့် ရှေးတက္ကသိုလ်များ၌ သင်ကြားပေးသည့် ပညာရပ်များမှာ အဌာရသ လောကီပညာရပ်များသာ ဖြစ်ပေသည်။ မသင်မနေရ ဘာသာရပ်များဖြစ်ပေသည်။ အနည်းဆုံး အထူးအလေးထား၍ သင်ယူရမည့် အတတ်ပညာခြောက်မျိုးကို မသင်မနေရ ဘာသာရပ် (Compulsory Subjects) အဖြစ် သတ်မှတ်ထား၏။ မည်သည့်ဘာသာရပ်များဟု အတိကျဆိုမထားသော်လည်း သင့်တော်သည့် ဘာသာရပ် ခြောက်မျိုးဖြစ်နိုင်၏။ (Optional Subjects) စိတ်ကြိုက် သို့မဟုတ် ကြိုက်နှစ်သက်ရာ ဘာသာရပ်အဖြစ်ဖြင့် ကလာအတတ်ငယ် (၁၀) မျိုး သင်ကြားရသည်ဟု ဆို၏။ ကလာအတတ် ပညာရပ် (၆၄) ခုကို သာမည ဘာသာရပ်ဟု သတ်မှတ်ထား၏။ (ကလာ ၆၄ ခု ကို အဘိဓာန် နိဿယသစ် (အဘယာမူ- နှာ ၁၉၉ ရှု့)။
တက္ကသိုလ်စာသင်နှစ်မှာ ကန့်သတ်ချက် မရှိ မိမိတို့ စိတ်ကြိုက် ပညာပြည့်ဝ နှလုံးလှသည်အထိ လေ့လာသင်ယူနိုင်၏။ ရှေးခေတ် တက္ကသိုလ်ကြီးများ၌ သင်ကြားပေးသော အဌာရသ အဓိကဘာသာရပ် (၁၈) ခု တို့ကို ဗဟုသုတဖြစ်စေရန် အောက်ပါအတိုင်း တင်ပြအပ်ပေသည်။
၁။ သုတိဝေဒ ဘာသာရပ်= ယင်းဘာသာရပ်မှာ ဣရု, ယဇု, သာမ ဟူသော ဝေဒသုံးပုံနှင့် နောက်တိုး အာထဗ္ဗဏ ဝေဒကျမ်း အတတ်ဟူသော ဝေဒလေးပုံ ပင်ဖြစ်၏။
၂။ သမိတိ ကမ္ဘာ့ ဥပဒေဘာသာ= ယင်းမှာ ဗြဟ္မာကြီး၏ ဟောကြားချက်များမှ လူသားဆရာတို့ မှတ်မိသမျှ ရေးသားထားအပ်သော မနုဓမ္ဓသတ်စသော ကျမ်းအတတ်များနှင့် ကမ္ဘာသူကမ္ဘာသားတို့ စောင့်စည်းအပ် ရှောင်ကြဉ်အပ် လိုက်နာဆောင်ရွက်အပ်သော ဥပဒေအားလုံး၊ ထုံးတမ်းစဉ်လာ ပြဌာန်းမှု တရားစီရင်မှု စီရင်ဖြတ်ထုံးများကို သင်ကြားပေးနေသော အတတ်ဖြစ်သည်။ (ယခုခေတ်တက္ကသိုလ်များ၌ သင်ကြားပေးနေသော Law ခေါ် ဥပဒေ ဘာသာရပ်နှင့် တူ၏ ။)
၃။ သင်္ချာဘာသာရပ်= ယင်းမှာ အတွေးအခေါ် ပရမတ္ထ သဘောတရား နှစ်ဆယ့်ငါးပါး၏ သရုပ်သဘောကို ပြဆိုသော သင်္ချာအဘိဓမ္မာ အတတ်ပင် ဖြစ်သည်။ ၎င်းသင်္ချာအဘိဓမ္မာကို ကပိလရသေ့က တည်ထောင်သည်ဟူ၏ ။ (ယခုအခါ Biology နှင့် တူတန်ရာ၏။ ဂဏန်းသင်္ချာတော့ မဟုတ်သေး) ။
၎။ ယောဂ အဘိဓမ္မာ ဘာသာရပ်= ပုဂ္ဂိုလ်အသီးသီး၏ ဇီဝအတ္တကို ဣဿရ သို့မဟုတ် ပရမအတ္တနှင့် ပေါင်းဆုံနိုင်ရန် ကျင့်ကြံနည်း သမထကမ္မဌာန်း ဖြစ်ပေသည်။ ၎င်း ကျင့်ကြံနည်းအရ အိုမှု နာမှုကို အထိုက်အလျောက် တားဆီးနိုင်ပြီး အသက်ရှည်အောင် ပြန်လည်နုပျိုအောင် လုပ်သည့် (Rejuvenation) အတတ် ပင်ဖြစ်သည် ။
၅။ နီတိဘာသာရပ်= နိုင်ငံရေး အုပ်ချုပ်ရေးကို ညွှန်ပြသော ရာဇနီတိ ၊ အမျိုးလေးပါးတို့၏ ယဉ်ကျေးမှုကို ညွှန်ပြသော လောကနီတိ ၊ အကျင့်သိက္ခာကို ညွှန်ပြသော ဓမ္မနီတိ စသောကျမ်း အတတ်များပင်တည်း ။ (ယခုအခါ Elementary Civices) ပြည်သူ့နီတိ လူမှုရေး အတတ်များနှင့် တူမည်ထင်၏ ။) ။
၆။ ဝိသေသိက ခေါ် အဘိဓမ္မာဘာသာရပ်= အမြဲတည်တံ့၍ အရာအားလုံးတို့ထက် ထူးခြားသော ပထဝီ, အာပေါ, တေဇာ, ဝါယော, အာကာသ, ကာလ, ဒိသာ, အတ္တ, မန, ဟူသော ပရမတ္ထတရား ကိုးမျိုးကို ခွဲခြားသိမြင်ခြင်းအားဖြင့် သစ္စာဥာဏ်ကို ဖော်ပြသည် ။ ဖော်ပြပါ ပရမတ္ထတရားတို့ကို အဏုမြူခေါ် အသေးငယ်ဆုံး အစိတ်အပိုင်းအခြားတိုင်အောင် ခွဲခြားစိတ်ဖြာ၍ ဖော်ပြနိုင်သော အတတ်ပညာ သတ္တဝါတို့၏ တည်နေပုံကို မမြင်နိုင်လောက်အောင် သေးငယ်သော အဏုမြူဓာတ်အမှုန်တို့ ပေါင်းဆုံနေခြင်းကြောင့် သတ္တဝါလောက ဖြစ်တည်နေပုံကိုပြသော အတတ်ပင်ဖြစ်သည် ။ (ယခုအခါ Physics- ရူပဗေဒပညာနှင့် တူမည်ထင်၏ ။) ။
၇။ ဂဏိကဘာသာရပ်= ဂဏန်းဖြင့်တွက်ချက်ရသော ဂဏန်းသင်္ချာ ၊ အက္ခရာဖြင့် တွက်ချက်အပ်သော အက္ခရာ သင်္ချာ ၊ အရေးအကြောင်းဖြင့် တွက်ချက်အပ်သော လေခ သင်္ချာ အတတ်ပင်တည်း ။ (ယခုအခါ တက္ကသိုလ်များ၌ သင်ကြားနေသော Mathematics, Geometry တို့နှင့် တူမည်ထင်၏) ။
၈။ ဂန္ဓဗ္ဗဘာသာရပ်= ဤအတတ်သည် အဆို အက အတီး အမှုတ် အနုပညာအတတ်များကို ဆိုလို၏ ။ (ယခုအခါ Music and Dancing) ပန်တျာကျောင်းသင် ပညာရပ်များဖြစ်ပေလိမ့်မည် ။
၉။ တိကိစ္ဆဘာသာရပ်= စရက, သုဿုတ, ဘာဝပ္ပကာသ စသော ဆေးကျမ်း အတတ်ပညာရပ်များတည်း ။ (ယခုအခါ၌ ဆေးတက္ကသိုလ်များ၌ ဆေးပညာရပ် အမျိုးမျိုးနှင့် တူပေသည်) ။
၁၀။ ဓနုဗ္ဗေဒ ဘာသာရပ်= ယင်းဘာသာရပ်မှာ လင်းလေး ဒူးလေး လောက်လေး စသော လေး- မြား အတတ်မျိုးပင်တည်း ။ (ယခုအခါ စစ်သင်တန်း ဗိုလ်လောင်းသင်တန်းကျောင်းများ၌ သင်ကြားပေးနေသော သေနတ်ပစ် စသော အတတ်မျိုးနှင့် တူနိုင်၏ ။) ရှေးခေတ်က မြားရေးကြီး လေးမျိုး, မြားရေးငယ် ဆယ့်နှစ်မျိုး ရှိသည်ဟူ၏ ။
၁၁။ ပုရာဏဘာသာရပ်= ယင်းမှာ ရှေးဟောင်းကမ္ဘာ အဖြစ်သနစ် အခြင်းအရာအစုံအလင် ပါရှိသည့် ပုရာဏ်ကျမ်း ၁၈ ကျမ်း လာ အတတ်များပင်တည်း ။ ၎င်းအတတ်မှာ ဗျတ္တ ပဋိဗလရှိ၍ လူသူလေးပါးအလယ်၌ ယုတ္တိယုတ္တာဖြင့် ရှေးဟောင်းပုံပြင် စကားပုံ ပဟေဠိ စကားထာ စသည်တို့ကို ကိုးကား၍ စကားဟော စကားပြော တရားဟောပြောကောင်းသော အတတ်မျိုးတည်း ။ (Oratory ခေါ် ဟောပြောမှု အတတ်မျိုးပင်ဖြစ်သည် ။) ။
၁၂။ ဣတိဟာသ ဘာသာရပ်= ယင်းသည် "ဤသို့ဖြစ်သတတ်" ဟု ပြောဆိုလေ့ရှိသော မဟာဘာရတ စသော ရာဇဝင်ပုံပြင် နိပါတ်နှင့် ရှေးစကားများကို ပြဆိုသော အတတ်များ ၊ စကားစစ်ထိုးမှု (Retort) အတတ်ပညာရပ်များ ပါဝင်သော အတတ်ပညာမျိုးဖြစ်သည် ။
၁၃။ ဇောတိသ ဘာသာရပ်= သူရိယသိဒ္ဓ န္တ စသော ကျမ်းများ၌လာသော နက္ခတ် ဂြိုဟ်နေ ဂြိုဟ်သွားလာတို့ကို ကြည့်ပြီး အနာဂတ်ဖြစ်လတံ့သည်ကို ကြိုတင်ဟောကိန်းထုတ်သော အတတ် ၊ မိုးလေဝသ ကောင်းမည် ဆိုးမည် ဆန်ရေစပါး ကောက်ပဲသီးနှံများ ပေါများဖြစ်ထွန်းမည် စသည်ကို ဟောပြောတွက်ချက်သော အတတ်တည်း ။ (ယခုအခါ Astrology အတတ်မျိုးကို ဆိုလိုဟန်တူသည်။)
၁၄။ မာယာဘာသာရပ်= ယင်းသည် ဘေဒဥပါယ် သာမ ဥပါယ် ဒဏ္ဍဥပါယ် မာယာပရိယာယ် အသွယ်သွယ်တို့ဖြင့် အသက်ဘေးစသည်တို့မှ လွတ်အောင် ဖန်တီးသော အတတ်ပင်တည်း ။ (ယခုအခါ Strategy or Tactic မဟာဗျူဟာ အတတ်မျိုးဆိုလိုဟန်တူသည်) ။
၁၅။ တက္ကဗေဒခေါ် ဟေတုဝိဇ္ဇာ အတတ်= အကြောင်းအကျိုး ဆင်ခြင်တုံတရား ဆိုင်ရာပညာရပ် ပင် ဖြစ်သည်။ အချို့ပညာရှင်တို့က " ကေတု ဘာသာရပ် " ဟု ဆိုကြ၏ ။ ကေတု သဒ္ဒါသည် ကိတ်ဂြိဟ် ဘောမ ကိတ်စသော အဓိပ္ပါယ်ကို တွက်ချက်ပြသော ဘာသာရပ်ကို ဟောသည်ဟု ဆို၏ ။ ယင်းသည် ဇောတိသ ဘာသာရပ်၌ ပါဝင်ပြီးဖြစ်၍ ပုနရုတ္တိ ဖြစ်ဖွယ်ရှိ၏ ။ အချို့ပညာရှင်တို့က ကေတုဘာသာရပ်ဟု ကြံ၍ အလင်္ကာကျမ်း အတတ်ဟု ဆို၏ ။ မုဒ္ဓဇ ကေဋုဘ သဒ္ဒါသည်သာ အလင်္ကာကျမ်းဟု အဓိပ္ပါယ်ထွက်၍ ဒန္တဇ ကေတုဘ သဒ္ဒါသည် မိုးတိမ်ဟူသော အဓိပ္ပါယ်ထွက်ရကား ဤနေရာနှင့် အလှမ်းကွာဝေးသောကြောင့် ဟေတုဘာသာရပ်သည်သာ ဤနေရာ၌ သင့်မြတ်လှ၏ ။ တရုပ်ရဟန်းတော် ဟီယန်ဆင် (ဟူယင်စန်)သည် ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီး၌ ပညာသင်ယူစဉ် သင်ယူရသောဘာသာရပ်တို့တွင် ဤဟေတုဝိဇ္ဇာခေါ် တက္ကဗေဒပညာတစ်ရပ် ပါဝင်ကြောင်း မှတ်တမ်းများတွင် တွေ့ရ၏ ။ တချို့ဆရာတို့က သံခင်းတမန်ခင်းအတတ် သံတမန်ရေးရာ အတတ်ဟု ဆိုကြသေး၏ ။ (ယခုခေတ် နိုင်ငံရေးသင်တန်များ၌ သင်ကြားပေးသော အတတ်များကို ဆိုလိုဟန်တူသည် ။)။
၁၆။ မန္တဘာသာရပ်= ယင်းသည် ဂါထာမန္တန် မန်းမှုတ်မှု သရဇ္ဈယ်မှုအတတ် နတ်များချစ်ကြည်လာအောင် ယစ်ပူဇော်နည်း သရဇ္ဈယ်နည်း အတတ်ပင်တည်း ။
၁၇။ ယုဒ္ဓဘာသာရပ်= ၎င်းသည် စစ်ရေးစစ်ရာ စစ်ဗျူဟာအတတ်များပင်တည်း ။ (ယနေ့ခေတ် စစ်ဗိုလ်လောင်း သင်တန်းကျောင်းများ၌ သင်ကြားပေးနေသော စစ်မဟာဗျူဟာ အတတ်မျိုးပင်တည်း ။
၁၈။ ဆန္ဒဘာသာရပ်= ယင်းဘာသာရပ်သည် ဆန်းဂိုဏ်းကိုက်ညီအောင် ဌာန်ကရိုဏ်း ပယတ် အနေအထားမှန်ကန်အောင် စနစ်တကျ သင်ပေးသော ဆန်းကျမ်းအတတ်ပင်တည်း ။ (ယခုအခါ Linguistic ခေါ် ဘာသာဗေဒ အက္ခရာဗေဒ စသည်တို့နှင့် တူနိုင်သည်) ။
ဤကား ရှေးခေတ်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်း အဖြစ်ဖြင့် ပြဌာန်းထားသော ဘာသာရပ်များပင် ဖြစ်ပါသည်။
အဟောင်းအဟောင်းတို့၏ နေရာ၌ အသစ်အသစ်တို့ နေရာယူမြဲဖြစ်ရာ ပြောင်းလဲမှုနိယာမ သဘောအရ ခေတ်ဟောင်းမှသည် ခေတ်သစ်ဆီသို့ အမျိုးမျိုးအဖုံဖုံ ဖြတ်သန်းခဲ့ရ၏ ။ ရှေးခေတ် နာမည်ကျော် ဗုဒ္ဓတက္ကသိုလ်ကြီးများပျောက်ကွယ်ကြ၍ ဗုဒ္ဓတက္ကသိုလ် ဓမ္မတက္ကသိုလ် သံဃတက္ကသိုလ် ခေတ်သစ်တက္ကသိုလ်များ အမြောက်အများ နိုင်ငံအသီးသီး၌ ပေါ်ထွန်းနေပေ၏ ။ ဘဝရည်မှန်းချက် ပန်းတိုင် အသီးသီးရှိကြသောပုဂ္ဂိုလ်တို့သည် ထိုထိုတက္ကသိုလ်ကြီးများမှပေးသော အသိပညာအတတ်ပညာ ခေတ်ပညာတို့ဖြင့် မိမိတို့၏ လောကီလောကုတ္တရာ ဘဝရည်မှန်းချက်ပန်းတိုင်းများ ဆုံးခန်းတိုင်ပြီးမြောက်အောင် အကောင်ထည်ဖော်နိုင်ကြပါစေသတည်း ။
မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကာရ(ဇလဂ္ဂ)
လင်္ကာဒီပကျောင်းဆောင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
မှတ်ချက်
သီတဂူဆရာတော်၏ (၆၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးသူ၏ ဆောင်းပါးကို The Voice of Dhamma (ဓမ္မအသံ) ၂၀၀၅ ခုနှစ် မှ ပြန်လည် တင်ပြသည်။
No comments:
Post a Comment