ထိရောက်သော
သာသနာပြုလုပ်ငန်းသည် လွယ်ကူသော အလုပ်တော့မဟုတ်ပေ။ အထူးသဖြင့်
ရှေးဦးသာသနာပြုပုဂ္ဂိုလ်တို့၏အဖို့ ပိုမို၍ပင် ခက်ခဲလှပေသည်။ မြတ်ဗုဒ္ဓ၏ သာသနာကို
ကြည်ညိုလို့ မှီခို၍နေကြသော ဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ မြတ်ဗုဒ္ဓ၏ ဓမ္မအအေးဓာတ်ဖြင့်
ကမ္ဘာ့အပူဘေးများကို ကင်းဝေးအောင်ကြိုးစားအားထုတ်နေသူများ(တရားဟောဆရာများ)၊
သာသနာအရောင်ဖြင့် ကမ္ဘာ့အမှောင်ထုအတွင်း ထွန်းလင်းစေလိုသူများ(ကမ္မဌာန်းဆရာများ)
အားလုံးတို့သည် အောင်မြင်သော သာသနာပြုလုပ်ငန်းများဖြစ်လာဖို့ 'ဘုရားမြတ်စွာ၊
သာသနာ၊ ဆရာဒကာ၊ နှစ်ဖြာပါမှ၊ သာယာဖြိုးမောက်၊ လွန်ထွန်းတောက်လိမ့်' ဆိုသည့်အတိုင်း
ဆရာဒကာအချင်းချင်း ဟန်ချက်ညီစွာဝိုင်းဝန်းကြိုးစားအားထုတ်မှသာလျှင်
အောင်မြင်နိုင်ပေလိမ့်မည်။
မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် ' သာဂါရာ အနာဂါရာစ၊ ဥဘော
ညောည နိဿိတာ- ဆရာဒကာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဒ္ဓါမျှမျှ
လက်တွဲလုပ်နိုင်ကြမှ၊ အာရာဓယန္တိ သဒ္ဓမ္မံ- ကမ္ဘာအသင်္ချေ ကျော်လွန်လေမှ၊ မသွေပွင့်ရ၊
မြတ်ဗုဒ္ဓ၏ သာသနာ၊ အရောင်အဝါ၊ စဉ်ဆက်မပြတ်၊ ထွန်းလင်းပြန့်ပွားနိုင်၏' ဟု
တိုက်တွန်းတော်မူခဲ့၏။
မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ရှေးဦးစွာ သူ၏သာသနာ ရေရှည်တည်တဲ့နိုင်ဖို့အတွက် အခက်ခဲပေါင်းများစွာ
ကျော်လွှားဖြတ်သန်းတော်မူခဲ့ရ၏။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် အဓိက သာသနရေသောက်မြစ် ဖြစ်သည့်
သံဃာအဖွဲ့အစည်းကို စည်းရုံးတော်မူခဲ့ရ၏။ ထိုသို့စည်းရုံးတော်မူရာ၌လည်း အမျိုးကောင်းသားများ
သာသနဘောင် ဝင်လာသောအခါ ကျန်ရစ်သူ မိသားစုအပါအဝင် အခြား အမြင်မကြည်သူများ၏
ဆဲရေးတိုင်းထွာ စွတ်စွဲမှု အမျိုးမျိုးကို ခံတော်မူရ၏။ ဥပမာ မြတ်ဗုဒ္ဓကို
မျိုးနွယ်(လူမျိုး)တုံးအောင် အားထုတ်သူ၊ ဇနီးမယားများအဖို့
လင်ကွာမယားများဖြစ်အောင် လုပ်ဆောင်သူ စသည်ဖြင့် စွတ်စွဲခံရ၏။ သို့သော် မြတ်ဗုဒ္ဓသည်
မဇ္ဈိမပဋိပဒါတရားနည်းလမ်းကျ အယုတ်အမြတ်အလတ်မရွေး လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ၊
ဇာတ်ပေါင်းစုံ လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့ကို သူတို့၏ ဘဝထောက်တည်ရာအတွက်ဖြစ်စေ၊
အပယ်ခံဘဝက လွတ်မြောက်ဖို့အတွက်ဖြစ်စေ၊ ဘဝဒုက္ခအားလုံးတို့မှ
လွတ်မြောက်ဖို့အတွက်ဖြစ်စေ စည်းရုံးသွမ်းတော်မူခဲ့၏။ တနည်းဆိုရသော်
အဆင့်မြင့်ဘဝများဖြစ်အောင် မြှင့်တင်တော်မူနိုင်ခဲ့၏။
မြတ်ဗုဒ္ဓ၏
ဂုဏ်သီတင်းကျော်ကြားမှု၊ ပထမဗောဓိအတွင်း ရဟန်းပြုလာသူများ၏
အရည်အချင်းပြည့်ဝမှုများကြောင့် ဘုရားသားတော် ဖြစ်ရခြင်း၏ ဂုဏ်သီတင်းကလည်း
အလွန်ပြန့်နှံ့နေ၏။ ပထမဗောဓိအတွင်း(ဘုရားဖြစ်ပြီး ဝါတော် ၂၀ အတွင်း)မှာတော့
သာသနဘောင်ဝင်ရောက်လာသူများမှာ သဒ္ဓါတရားထက်သန် ပါရမီရင့်သန်ပြီးသော အမျိုးကောင်းသားများဖြစ်ကြသဖြင့်
ရှင်ရဟန်းပြုမှုနှင့်စပ်လျဉ်း၍ ပြဿနာ မရှိခဲ့။ နောင်အခါတွင်မူ အလွှာအသီးသီးမှ
အကြောင်းအမျိုးမျိုးကြောင့် သာသနဘောင်သို့ များစွာဝင်ရောက်ခဲ့ကြ၏။ တစ်ချို့ကလည်း
တကယ့်ကို ရဟန်းဘဝမြတ်နိုးမှု၊ တချို့ကလည်း စားဝတ်နေရေး ချောင်လည်မှု
စသောအကြောင်းများအပြင် ကြွေးရှင်ထံမှ ကြွေးကင်းလွတ်ခွင့်ရလိုမှု၊ ဘုရင့်ထံမှ
အမှုထမ်း ကင်းလွတ်ရန်နှင့် ဆရာဇီဝကထံမှ ဆေးအခမဲ့ ကုသခွင့် ရရန်စော သံသရာလွတ်ကြောင်း
နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သည့် အကြောင်းအမျိုးမျိုးတို့ကြောင့် သာသနာ့ဘောင်သို့
ဝင်ရောက်ခဲ့ကြ၏။ ထို့ကြောင့် နောက်ပိုင်း ရဟန်းဘောင်ဝင်ရောက်မှုနှင့်စပ်ပြီး
မြတ်ဗုဒ္ဓသည် ဥတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုနည်းလမ်းကို ပညတ်တော်မူခဲ့၏။
ထိုနည်းလမ်းအရ ရဟန်းလောင်းအား သာသနာ့ဘောင်သို့ မဝင်မီ သူ၏ကိုယ်ရေးကိုယ်တာ
အကြောင်းအရာနှင့်ပတ်သက်၍ သူ၏အမည်နာမ၊ ဘဝအခြေအနေ၊ မိဘများထံမှ ခွင့်ရ မရ၊ ကြွေးကင်း
မကင်း၊ လူသားစစ်စစ် ဟုတ် မဟုတ်၊ ယောင်္ကျား စစ်စစ် ဟုတ်မဟုတ်၊ အနာကြီးရောဂါ ကင်းသူ
ဟုတ် မဟုတ်၊ ဘုရင့်အမှုထမ်း
ကင်းလွတ်ခွင့်ရ မရစသည်ဖြင့် အသေးစိပ် မေးမြန်းဖို့ လမ်းညွှန်သတ်မှတ်
ပညတ်တော်မူခဲ့ရ၏။ ထိုကဲ့သို့ ပညတ်တော်မူခြင်းသည်လည်း ပတ်ဝန်းကျင်နှင့်
သဟဇာတဖြစ်အောင်၊ ပြည်သူများ၏ ဆန္ဒနှင့် ထိတ်တိုက်မဆန့်ကျင်အောင် အသေးစိတ်
ပညတ်ခဲ့ရခြင်းဖြစ်၏။ (မိဘများခွင့်ပြုချက်မရဘဲ ရဟန်းပြုခွင့် မရသည်ကို
ကြည့်လျှင်ပင် ထိတ်တိုက်ပဋိက္ခဖြစ်မှုကို ရှောင်းရှား ဖြေရှင်းပြီး
အများဆန္ဒလိုက်လျှောတော်မူပုံကို ဤသင်္ခန်းစာမှ သိနိုင်ပါ၏။)။
မြတ်ဗုဒ္ဓနှင့်ပတ်သက်၍
အနောက်တိုင်းပညာရှင်တစ်ဦးက " မြတ်စွာဘုရားဟာ ခေတ်ပြိုင်ဖြစ်တဲ့
ဂိုဏ်းဆရာကြီး ခြောက်ယောက်တို့နဲ့ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်တဲ့ အချက်
လုံးဝမတွေ့ရဘူး" ဟု မှတ်ချက်ပြုခဲ့ဖူး၏။ မည်သည့်ဘာသာဝင်ဖြစ်စေ
သာသနာပြုသူတိုင်း ဤအချက်ကို အတုယူလေးစားလိုက်နာသင့်၏။ " သူ့ဘာသာတရားကို
လေးစားရင် ကိုယ့်ဘာသာ သာသနာ ပြန့်ပွားတည်တဲ့ပါစေဆို" ဟူသော စကားသည်
သာသနာပြုသူတို့၏ နည်းဗျူဟာပင် ဖြစ်၏။
မြတ်ဗုဒ္ဓ၏
မဇ္ဈိမပဋိပဒါနည်းကျ သာသနာပြုပုံသည် အခြေအနေ အချိန်အခါ၊ နေရာဒေသ၊ လူမျိုးတို့၏
ရိုးရာဓလေ့ ယဉ်ကျေးမှုများနှင့် ဥဇုဝိပစ္စနိက ခေါ် တိုက်ရိုက်ဆန့်ကျင်မှုမျိုး
မဖြစ်အောင် စည်းရုံးခြင်းပင် ဖြစ်၏။ ဥပမာ ဗြဟ္မဏဝေဒပါရဂူကြီး အရှင်ကောဏ္ဍညမထေရ်ကို
ဗုဒ္ဓဘာသာဝင်အားလုံး သိကြ၏။ ပဉ္စဝဂ္ဂီ ငါးဦးထဲမှ တစ်ဦးအပါဝင်ဖြစ်သည့် အရှင်ကောဏ္ဍညသည်
ဘုရားအလောင်းတော် ဖွားတော်မူစကပင် ဝေဒကျမ်းနှင့်အညီ" ဘုရားစင်စစ်
ဧကန်ဖြစ်လိမ့်မည်" ဟု ဟောကိန်းထုတ်ခဲ့သူဖြစ်၏။ အမှန်စင်စစ် ပဉ္စဝဂ္ဂီ
ငါးဦးတို့သည် အတ္တဝါဒကို အလေးအနက်ယုံကြည်လက်ခံထားကြပြီး ယင်းအတ္တဝါဒကို
စွဲမြဲစွာလုပ်ကိုင်ထားကြသည့် အတ္တဝါဒီ ဝေဒန္တပါရဂူကြီးများပင် ဖြစ်ကြ၏။ သို့သော်
မြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီ အတ္တဝါဒီကြီးများကို ပထမဦးဆုံး တရားဦးဟောတော်မူသောအခါ
သူ၏ ဓမ္မစကြာဒေသနာတော်မှာ အတ္တဝါဒီများနှင့် တိုက်ရိုက်ဆန့်ကျင်သည့် "
အနတ္တ" ဟူသည့် စကားလုံးများကို လုံးဝသုံးတော်မမူခဲ့ပေ။ တကယ်တမ်းကျတော့
မြတ်ဗုဒ္ဓက သူတို့ကို အနတ္တအကြောင်း ဟောရမည်ဖြစ်၏။ သို့သော် အတ္တဝါဒအပေါ် မြဲမြန်စွာ
ဆုပ်ကိုင်ထားကြသည့် ပဉ္စဝဂ္ဂီအပါဝင် တရားနာပရိတ်သတ်ကို အနတ္တဟူသည့် စကားလုံးများဖြင့်
စတင်သုံးလိုက်လျှင် မီးဟုန်းဟုန်းတောက်နေသည်ကို ရေဖြင့်တိုက်ရိုက်ပက်လိုက်လျှင်
"ဝုန်း" ခနဲ ဖြစ်သွားပြီး ပြာပူ မီးပူများ လွင့်စင်သကဲ့သို့
ပဉ္စဝဂ္ဂီတို့သည်လည်း အတ္တဝါဒပေါက်ကွဲမှုကြီး ပြင်းထန်သွားနိုင်၏။
မိဂဒါဝုန်တရားဦးမှာ အနတ္တ စကားများဖြင့် စတင်သိမ်းသွင်းပါက ခေတ်စကားအရဆိုလျှင် ဓမ္မစကြတရားပွဲမှနေ
နပန်းသတ်ပွဲ သို့မဟုတ် ပဋိပက္ခအသွင်ဆောင်သည့် အဓိကရုဏ်းဖြစ်စေသည့်ပွဲပင်
ဖြစ်သွားနိုင်၏။
မြတ်စွာဘုရားက
ပဉ္စဝဂ္ဂီငါးဦးတို့အား ရှေးဦးစွာ အနတ္တတရားကို ဟောမည့်အစား
အကြောင်းအကျိုးဆီလျှော်သည့် သစ္စာလေးပါးတရားကိုသာ(ဓမ္မစကြာတရားကိုသာ) ဟောတော်မူခဲ့၏။
အကြောင်းအကျိုး ဆက်စပ်သည့် သစ္စာတရားကို သူတို့ကိုယ်တိုင် လက်ခံသွားပြီး အတ္တ ဟူသည့်
ကြားခံအကြောင်းတရား မရှိဖူးဟု ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားပြီဆိုမှ
မြတ်ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏသုတ်တော်ကို ဆက်လက်ဟောတော်မူ၏။
အနတ္တလက္ခဏသုတ်သည် အတ္တ ဟူသည့် ကြားခံအကြောင်းတရား မရှိသည့် ကြောင်းကျိုးဆက်
အနတ္တသဘောတရားကို ပဉ္စဝဂ္ဂီအပါဝင် နတ်ဗြဟ္မာတရားနာများအား စစ်တမ်းထုတ်သည့်
သုတ်ပင်ဖြစ်၏။ ဤသုတ်မှာ မြတ်စွာဘုရားက ခန္ဓာငါးပါးတရားကို " အတ္တလော၊
အနတ္တလော" ဟု မေးခွန်းစစ်တမ်းထုတ်ခဲ့ပြီး ပဉ္စဝဂ္ဂီတို့ကိုယ်တိုင်
သဘောပေါက်နားလည်ပြီး အနတ္တဖြစ်ကြောင်းကို ဖြေကြားခဲ့၏။
မြတ်စွာဘုရား
တရားဟောတော်မူရာ၌ အပိုင်းနှစ်ပိုင်းရှိ၏။ အနုပုဗ္ဗိကထာနှင့် သာမုက္ကံသိက ဓမ္မဒေသနာ ဟု
ဟောစဉ်နှစ်မျိုးရှိ၏။ အနုပုဗ္ဗိကထာဆိုသည်မှာ အဆင့်ဆင့်တက်ယူသွားသည့် ဟောရိုးဟောစဉ်
ဒေသနာစဉ်ဖြစ်၏။ ရှေးဦးစွာ ဒါနကထာ ဟော၏။ သာမန်လူတို့ပင် ပြုလုပ်နိုင်သည့်
အလှူဒါနမျိုး အပါအဝင် ဒါနအမျိုးမျိုးကို ဟော၏။ နောက် သီလကထာ၊ သဂ္ဂကထာတို့ကို
ဟောတော်မူ၏။ ဒါနပြုပုံ သီလဆောက်တည်ပုံနှင့် ကုသိုလ်ကောင်းမှု ပြည့်စုံသူတို့
နတ်ရွာသုဂတိလားရောက်နိုင်ပုံတို့ကို ဟောတော်မူခြင်းဖြစ်၏။ ပြီးတော့မှ ကာမာနံ
အာဒီနဝ ဟူသည့် လောကကြီးမှာ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ငြီးငွေ့လာပုံ၊
လူနတ်ချမ်းသာများ ဘယ်လောက်ပင် ချမ်းသာ ချမ်းသာ ဘယ်သုဂတိဘုံဘဝမှာပဲ ဖြစ်ဖြစ်၊
ဘယ်လို ကာမဂုဏ်အာရုံတွေပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ပျက်စီးခြင်းဆိုသည့်
အပြစ်မကင်းပုံ၊ အပြစ်မျိုးစုံ မြင်လာပုံတို့ကို မီးမောင်းထိုးပြတော်မူ၏။ ဤကဲ့သို့
ဟောတော်မူသဖြင့် တရားနာပရိတ်သတ်၏ စိတ်ထဲမှာ ကာမစ္ဆန္ဒ နီဝရဏ စသည့် နီဝရဏတရားများ
တဖြေးဖြေးကင်းကွာလာသည့်အခါမှာ မဂ်ဖိုလ်ရောက်ကြောင်း မဂ္ဂကထာ သို့မဟုတ် သာမုက္ကံသိက
ဟု ခေါ်သည့် ကိုယ်တော်တိုင် ထုတ်ဖော်တော်မူခဲ့သည့် သစ္စာဒေသနာတော်ကို တဆင့်စီ
တဆင့်စီ ဟောတော်မူ၏။ မြတ်စွာဘုရားက လာလာချင်း ဆောက်နှင့်မထွင်းပဲ တရားနာသူ အမြင်ရှင်း
စိတ်ကြည်လင်သွားပြီဆိုလျှင် အလွန်နက်ရှိုင်းသည့် တရားများဟောတော်မူ၏။
မြတ်ဗုဒ္ဓ
ဟောတော်မူခဲ့သည့် သုတ္တန်တွေထဲမှာ အဝတ်ကို ဆေးဆိုးလျှင် အဝတ်ကို ပထမ ဖြူစင်အောင်
လုပ်ရ၏။ ဖြူစင်ပြီဆိုမှ မိမိလိုချင်သည့် ဆေးရောင်စွဲပုံကို ဟောထားသည့် သုတ္တန်ရှိ၏။
တကယ့်လက်တွေ့နည်းလမ်းအရဆိုလျှင်လည်း တဖြည်းဖြည်း သိလာဖို့က အရေးကြီး၏။
အလွန်ခက်ခဲနက်နဲသည့် အကြောင်းအရာ တရားဓမ္မကို ဗြုန်းခဲသွားပြီးတော့ သင်ကြားပို့ချ
ဟောကြားလျှင် မထိရောက်နိုင်ပေ။ တဖြေးဖြေး သူတို့အသိဥာဏ် ရင့်သန်လာပြီး
စိတ်ဓာတ်ကြည်လင်လာတော့မှ သူတို့စိတ်ဆန္ဒကို ကြည့်ပြီး ဟောရ ပြောရ
သင်ကြားရမည့်နည်းပင် ဖြစ်၏။
ဆက်လက်ပြီး မြတ်ဗုဒ္ဓ အနုပုဗ္ဗိကထာ သာမုက္ကံသိက ဓမ္မဒေသနာ
တရားဟောပုံကို အဌကထာဆရာကြီးများက " ဆင်ကြီးကို ရွှေကကြိုး တန်ဆာတွေနဲ့
ဆင်မြန်းပြီးတော့မှ အစွယ်ကို ဖြတ်ချလိုက်သလိုတဲ့" ဟု မှတ်ချပြုတော်မူကြ၏။
ဆိုလိုသည်မှာ ဆင်ရိုင်းကြီး၏ အစွယ်ကို ဖြတ်လိုသူသည် ယင်းဆင်ရိုင်းကြီး၏ အစွယ်ကို
အကြမ်းပတမ်းလုပ်ပြီး မချိုးပဲ အနုနည်းဖြင့် ဆင်ကိုဖမ်း ရှေးဦးစွာ
ယဉ်ကျေးအောင်လုပ်၊ ကကြိုးတန်ဆာတွေ ဆင်ပြီးတော့မှ ဆင်စွယ်ကို ညင်ညင်သာသာ ဖြစ်ယူသလို
မြတ်ဗုဒ္ဓသည် သစ္စာတရားကို တိုက်ရိုက်ဟောလို့ သဘောမပေါက်နိုင်သေးသည့်
ပုဂ္ဂိုလ်များကို ဒါန သီလ စသည့် ကုသိုလ်တရားများနှင့် ယင်းကုသိုလ်တရားများကြောင့်
ရရှိနိုင်သည့် လောကီကောင်းကျိုးချမ်းသာများ၊ လားရောက်ရမည့် သုဂတိဘုံဘဝများကို
ဟောပြပြီး ယဉ်ကျေးအောင် လုပ်တော်မူ၏။ ပြီးတော့မှ တဖြည်းဖြည်းနှင့် ကာမဂုဏ်၏
အပြစ်တွေကို ပြပြီး ယင်းကာမဂုဏ်တို့အပေါ်မှာ တပ်မက်ခြင်း ဟူသည့် လောဘ
စသည့်အစွယ်များကို ချိုးပြီး သစ္စာတရားကို ပြတော်မူခြင်း ဖြစ်၏။
ဤနေရာ၌
ဆိုလိုသည်မှာ မြတ်ဗုဒ္ဓသည် မလိုအပ်ဘဲ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ၊ လူမျိုးတို့၏
ရိုးရာဓလေ့ ယဉ်ကျေးမှုများနှင့်
ထိပ်တိုက်ဆန့်ကျင်သည့် အကျိုးမဲ့အလုပ်မျိုးကို မလုပ်ခဲ့။ ဆန့်ကျင်ဘက်ကို
မဆန့်ကျင်မိအောင် ဓမ္မဒိဌာန် ကြောင်းကျိုးဆက်စပ် မဇ္ဈိမပဋိပဒါနည်းလမ်းကျ ဟောညွှန်ပြသ
စည်းရုံးတော်မူခဲ့၏။ မြတ်ဗုဒ္ဓလက်ထက်ကလည်း အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊
အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာယန စသည့် ရဟန္တာအရှင်မြတ်ကြီးများသည် အလွန်အယူသည်း
အစွဲအလန်းကြီးသည့် ဟိန္ဒူ မျိုးနွယ်များဖြစ်ကြ၏။ သူတို့ ဟိန္ဒူ မျိုးနွယ်၏
အမှတ်သားဖြစ်သည့် သာရိပုတ္တ၊ မောဂ္ဂလာန၊ ကစ္စာယန ဟူသည့် နာမည်များကို မြတ်စွာဘုရားက
ပြောင်းမပြစ်ခဲ့။ ယင်းမျိုးနွယ် နာမည်များကိုပင် ဆက်လက် ခေါ်တော်မူခဲ့၏။ အမှန်တော့
ဤသည်မှာလည်း ထိတ်တိုက်ဆန့်ကျင်သည့် အရာကို ရှောင်ရှားသည်ဟု ဆိုနိုင်၏။
သာနာပြုပုဂ္ဂိုလ်များလည်း ဤအချက်ကို အလေးအနက်ထားရမည်ဟု ယူဆမိပါ၏။
ထို့အပြင်
ကျမ်းပြုအကျော် အဌကထာဆရာတော်ကြီးများ၏ ကျမ်းပြီးနိဂုံး ဆုတောင်းပုံလေးကို
ကြည့်လျှင်လည်း သာသနာပြု ပုဂ္ဂိုလ်တို့အဖို့ လေးစားလိုက်နာစရာတွေ တွေ့မြင်နိုင်၏။
ဆုတောင်းစကားမှာတော့ " စိရံ တိဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ၊
သူတော်ကောင်းတရား ကြာမြင့်စွာ တည်ပါစေသတည်း၊ သူတော်ကောင်းတရား၌ ရိုသေလေးစားခြင်း
ရှိကြသည် ဖြစ်ပါစေကုန်သတည်း" တဲ့။ ဤနေရာမှာ " စိရံ တိဌတု သဒ္ဓမ္မော၊
သူတော်ကောင်းတရား တည်တဲ့ပါစေသတည်း" ဟူသည့် စာပိုဒ်ဖြင့် သာသနာပြုကြမည့်
ပုဂ္ဂိုလ်များ၏ ထမ်းဆောင်ရမည့် တာဝန်ကို ဖော်ပြတိုက်တွန်းခြင်း ဖြစ်၏။ ထို့ကြောင့်
သာသနာပြု ပုဂ္ဂိုလ်များ သာသနာအရှည်ခံ့၍ တည်တဲ့ ပြန်ပွားအောင် ကြိုးစားကြရမည်ဖြစ်၏။
ဓမ္မေ
ဟောန္တု သဂါရဝါ- သူတော်ကောင်းတရား၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း ဟူသော
စာပိုဒ်ဖြင့် သာသနာအရှည်ခံ့၍ တည်တဲ့ ပြန်ပွားအောင် ကြိုးစားအားထုတ်ကြသူများသည်
ဘယ်နေရာမှာ နေနေ၊ ဘယ်မှာပဲ သာသနာပြုပြု၊ ဘယ်ဒေသကိုပဲ ရောက်ရောက်
သူတော်ကောင်းတရားကို အမြဲရိုသေလေးစားလိုက်နာကြရမည်ပင် ဖြစ်၏။ မိမိကိုယ်တိုင် သီလ၊
သမာဓိ၊ ပညာ စသည့် သူတော်ကောင်းတရားများကို မလေးစားမလိုက်နာလျှင် အောင်မြင်သော
သာသနာပြု ပုဂ္ဂိုလ်များ မဖြစ်လာနိုင်ပေ။ တနည်းအားဖြင့် ယင်း ဓမ္မေ ဟောန္တု သဂါရဝါ- စာပိုဒ်ဖြင့်
မိမိတို့ သာသနာပြုသည့် နေရာ ဒေသနှင့် လူမျိုးတို့ ရှိထားပြီး ဖြစ်သည့် ယဉ်ကျေးမှု
ဓလေ့ထုံးစုံများကို လေးစားဖို့ အရေးကြီးကြောင်း ပြသ၏။ မြတ်ဗုဒ္ဓ၏
သာသနာပြုနည်းဟူသည်မှာ လူမျိုးနွယ်စုတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို
တန်ဖိုးထားသလို သီလ သမာဓိ ပညာ စသော သူတော်ကောင်းတရားမှားကိုလည်း လက်တွေ့ကျင့်သုံး
တန်ဖိုးထားတော်မူကာ သာသနာပြုတော်မူ၏။
နောက်ဆုံးအနေဖြင့်
မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားဖြစ်သည့် " အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ" ရဟန်းတို့
မေ့မေ့လျှော့လျှော့မနေကြနဲ့၊ သတိတရားနဲ့ ပြည့်စုံအောင် လုပ်ကြတဲ့။
သာသာပြုပုဂ္ဂိုလ်တို့သည် မိမိရောက်ရာအရပ်မှာ အခြေအနေအရပ်ရပ်ကို အကဲခတ်ပြီး
သတိတရားကြီးစွာ ယင်းသတိတရား လက်ကိုင်ထားကာ သာသနာပြုဖို့လည်း အထူးအရေးကြီးလှပေသည်။ ထို့ကြောင့်
သာသနာပြု ပုဂ္ဂိုလ်များသည် ဝဲစွန်း ယာစွန်း မငြိသည့် မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့်
"မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား" ဟူသည့်
ဘုရားရှင်တို့၏ အဆုံးအမများဖြင့် မိမိသူတစ်ပါး နှစ်ဦးသား ကိုယ်စိတ်နှစ်ပါး
မထိခိုက်စေပဲ ကောင်းမွန်သော စိတ်ဓာတ် မြင့်မြတ်သော မေတ္တာ ကရုဏာဓာတ်များဖြင့်
သာသနာပြုပါက အလွန်ထိရောက် အောင်မြင်မည် ဟု ယူဆမိပါကြောင်း။
ကိုယ်စိတ်
နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာကြပါစေ။
မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကရ
(မေ့သားလှ-ဇလဂ္ဂ)
၁-၇-၂၀၁၂
(တနင်္ဂနွေနေ့)။
No comments:
Post a Comment