စံပြမိဘ
မြင့်မိုရ်ဦးစိတ်ဓာတ် အပြည့်အဝရှိကြသည့် မိဘတို့ကို သားသမီးတို့ကလည်း ဘယ်သောအခါမှ
မိဘတို့၏ ကျေးဇူးတရားကို မမေ့သင့်ကြပေ။ မေတ္တာဖြင့် အရိပ်ပေးနေသည့် ကျေးဇူးရှင် မိဘတို့ကို
ကျေးဇူးမကန်းမိကြဖို့၊ မေတ္တာဖြင့်သာ ကျေးဇူးတုံ့ပြန်ဆပ်နိုင်ကြဖို့ အထူးလိုအပ်သည်။
“အရိပ်နေနေ၊ အခက်ချိုးချိုး မလုပ်ရ၊ အရိပ်ကို
လိုချင်ရင် အပင်ကိုလည်း ရေလောင်းပေးရသည်” အအေးဓာတ်ပေးနေသည့် မိဘရိပ်ကို ခိုလှုံနေကြသည့်
သားသမီးတို့သည့်လည်း မိဘရိပ်ထာဝရ မညှိုးနွမ်းရလေအောင် မေတ္တာရေဓာတ် အဆက်မပြတ် လောင်းပေးဖို့
လိုအပ်သည်။ ရေးလောင်းပေးဟူသည် မိဘတို့က မေတ္တာဖြင့် ဆုံးမသည့် အဆုံးအမတို့ကို လေးစားလိုက်နာခြင်းပင်
ဖြစ်သည်။
“ဆုံးမနာယူ၊ ကူညီလိုက်နာ၊
အလိမ္မာနှင့်၊ တာဝန်ကျေကာ၊ ပို့မေတ္တာ၊ သွန်းပါရေစင်တွေ” ဟူသည့်အတိုင်း မိဘများဆုံးမမှုကို
နာယူခြင်း၊ တတ်စွမ်းသမျှ မိဘတို့ကို ကူညီခြင်း၊ လိမ်လိမ်မာမာနေပြီး သာသမီး ဝတ္တရားများ
ကျေပွန်ခြင်း၊ မေတ္တာပို့သခြင်း စသည့် ကျေးဇူးတုံ့ပြန်မှုမျိုးဖြင့် ရေဓာတ် မပြတ်သွန်းလောင်းပေးကြပေလိမ့်မည်။
သားသမီးတို့ လိုက်နာကျင့်ရမည့် ကျင့်ဝတ်ငါးပါးရှိသည်။ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေ မျိုးနွယ်၊
ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဟူသည့်အတိုင်း မိဘနှစ်ပါး အသက်ထင်ရှားရှိစဉ် ကျွေးမွေးစောင့်ရှောက်ရမည်။
မိဘသေလျှင် စောင့်ရှောက်ချင်သော်လည်း စောင့်ရှောက်ခွင့် ပြုစုခွင့်မရနိုင်ပေ။ အသက်ထင်ရှား
ရှိစဉ်ပင် မိဘတို့ကို စောင့်ရှောက်နိုင်ဖို့ အထူးအရေးကြီးပါသည်။ သေမှ ငိုနေ၊ မစောင့်ရှောက်
မပြုစုခဲ့ရလေချင်းဟု နောင်တတရား မရသင့်၊ မိဘတို့ အသက်ရှင်စဉ်ကပင် အထူးပြုစုစောင့်ရှောက်ဖို့
မမေ့ပါနှင့်။ မိဘတို့၏ လုပ်ငန်းဆောင်တာများကိုလည်း စီမံပေးရမည်။ မိဘတို့၏ လောကီ လောကုတ္တရာ
အမွေတို့ကိုလည်း စနစ်တကျ ဆက်ခံတတ်အောင် ကျင့်သုံးရမည်။
မိဘများ အသက်ထင်ရှားမရှိခဲ့ကြတော့လျှင် ထိုမိဘများအား
ရည်စူး၍ အလှူဒါနများပြုလုပ်ပြီး အမျှအတန်းပေးဝေဖို့ အရေးကြီးပါသည်။ တမလွန်ဘဝမှ မိဘတို့သည်
ကုသိုလ်၏ အဖို့အစုကိုသာ ခံစားစံစားနိုင်စွမ်းရှိပေသည်။ ထို့ပြင် မိဘတို့၏ အမျိုးတွင်သာမက
မိမိတို့၏ တိုင်းပြည်နှင့် လူမျိုး၊ အမျိုး ဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရမည့်တာဝန်များ
ရှိပေသည်။
ထိုသားသမီးဝတ္တရားများ ကျေပွန်ပါမှ ဘဝချမ်းသာပေလိမ့်မည်။ ထို့ကြောင့် သားသမီးတို့အနေဖြင့်
အလွန်အေးမြလှသည့် မိဘအရိပ်များကို မဖျက်ဆီးပစ်ကြဖို့ အရေးကြီးပါသည်။ “သက်မဲ့အရိပ်ကို ဖျက်ဆီးလျှင် သာမန်ပူရုံသာ ပူပေမည်၊
သက်ရှိမိဘ(ဆရာသမား၊ ရတနာသုံးပါး) အရိပ်တို့ကို ဖျက်ဆီးပါက ပူရုံသာမကတော့ဘဲ လောင်ပါ
လောင်တတ်သည်” မိဘအရိပ်ကို ဖျက်မပစ်လျှင် တနည်းဆိုရသော် မိဘတို့အပေါ် ပြုကျင့်ရမည့်
သားသမီးတို့ ကျင့်ဝတ်များ လိုက်နာပါလျှင် မိဘအရိပ်၊ အနန္တမေတ္တာအရိပ်တို့သည် မိဘနှစ်ပါး
ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘယ်သောအခါမှ ဆိတ်သုဉ်းပျောက်ကွယ်သွားရိုး ထုံးစံမရှိပါ။
“ငါဘုရား၏ အဆုံးအမကို
မလိုက်နာလျှင် ငါဘုရားကို မြင်နေရသော်လည်း လက်တွေ့ မမြင်သူ ဖြစ်၏။ ငါဘုရား၏ ဆိုဆုံးမမှုများကို
လိုက်နာနေသေးသမျှ ငါဘုရားရှင်ကို မျက်မှောက်မမြင်ရသော်လည်း ငါဘုရားရှင်နှင့် အမြဲမြင်တွေ့နေရသူ
ဖြစ်၏” ဟု မြတ်ဗုဒ္ဓက
ဝက္ကလိအား ဆုံးမသည့် စကားလေးများကို ဝက္ကလိထေရအပါဒါန်မှာ တွေ့မြင်နိုင်ပါသည်။ ထို့အတူပင်
သက်ရှိ မိဘနှစ်ပါး မရှိခဲ့သော်လည်း ထိုမိဘတို့၏ အဆုံးအများကို လေးစားလိုက်နာသော သားသမီးတို့မှာတော့
အနန္တမိဘရိပ်တွေအောက်မှာ ထာဝရခိုလှုံနေသူတွေ ဖြစ်ကြပါသည်။
မိဘတို့၏ အနန္တမေတ္တာသည် အထည်ကိုယ်ဒြပ်
မမြင်တွေ့နိုင်သော်လည်း ခိုလှုံသူတို့မှာ အေးမြစေနိုင်သည့် ဓာတ်သတ္တိကတော့ အနန္တ အပြည့်အဝ
ရှိကြပေသည်။ ထို့ကြောင့် ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် တကယ့်လူဖြစ်အောင် မေတ္တာအနန္တတို့ဖြင့်
မိမိကို ကြီးမြင့်အောင် အဘက်ဘက်က ပြုစုမွေးမြူ စောင့်ရှောက်ခဲ့သော ကျေးဇူးရှင် မိဘနှစ်ပါးတို့၏
ဂုဏ်ကျေးဇူးကို ဘယ်သောအခါမှ မမေ့ပါနှင့်။
မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ
(မေ့သားလှ-ဇလဂ္ဂ)
No comments:
Post a Comment