‘‘ဝနံ ဆိန္ဒထ မာ ရုက္ခံ, ဝနတော
ဇာယတေ ဘယံ;။
ဆေတွာ ဝနဉ္စ ဝနထဉ္စ, နိဗ္ဗနာ
ဟောထ ဘိက္ခဝေါ။။ (ဓမ္မပဒ ဂါထာ၂၈၃)။
ရဟန်းတို့
တဏှာတည်းဟူသော-တောကို ခုတ်ဖြတ်ကြကုန်လော့၊ (ပြကတေ့) သစ်ပင်ကို
မခုတ်ဖြတ်ကြကုန်လင့်၊ (တဏှာဟူသော) တောကြောင့် (ဇာတိ)စသော ဘေးအန္တရာယ် ဖြစ်၏။
တဏှာဟူသော တောကြီးတောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသော-တောမှ ထွက်မြောက် ကြကုန်လော့။
‘‘ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ,။
အဏုမတ္တောပိ နရဿ နာရိသု;။
ပဋိဗဒ္ဓမနောဝ တာဝ သော,။
ဝစ္ဆော ခီရပကောဝ မာတရီ’’တိ။။
နို့မခွါသေးသော
နို့စို့နွားငယ်သည် အမိ(နွားမ)သို့ ကပ်နေသကဲ့သို့ ယော်ျားအား မိန်းမတို့၌
အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောကျာ်းသည် ကပ်ငြိသောစိတ်
ရှိသည်ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်နေရ၏။ ။ (ဗုဒ္ဓ)။ (ဓမ္မပဒ ဂါထာ၂၈၄)။
“ပုထုဇဉ်ကား၊
ဆုံလည်နွားသို့၊ ငါးပါးအာရုံ၊ ကာမဂုဏ်၌၊ သာယာစုံမက်၊ ရုံးမထွက်ဘဲ၊ ဆက်လက်ကူးမြဲ၊
သံသာဝဲတွင်၊ နစ်ဆဲပေါ်တုံ၊ (ကာမဂုဏ်မှာ) လောကီဘုံမှာ၊ စုံပြုံတိုးဝှေ့၊
လွန်ပျော်မွေ့ခဲ့”။ ။
တကယ်တော့
သာမန်ပုထုဇဉ်များအဖို့ ငါးဖြာအာရုံကာမဂုဏ် ကိလေသာ တဏှာတောကြီးသည် ကြီးမားထူထပ်လှ၏။
အဝိဇ္ဇာတရား၏ ပိတ်ကာထားမှုကြောင့် ယင်းတဏှာတောကြီးသည် ပို၍ ပို၍ပင် ထူထပ် သိပ်သည်း မိုက်မှောင်လွန်းလှ၏။
တဏှာရာဂသည် ကဝေပဉ္စလက်ကဲ့သို့ ဆွဲဆောင်နိုင်၏။ ပုထုဇဉ်တို့အဖို့ မျက်စိလည် လမ်းမှားအောင်
လှည့်ဖျားနိုင်၏။ “ပုထုဇဉ်ငတိ၊ မမြင်သိနိုင်၊ တွယ်ငြိဆွဲဆောင်၊ တုတ်နှောင်ခိုင်စွ၊
တဏှာ-ရာဂ သမုဒယဟု၊ များစွာကြိုးများ၊ ရစ်သိုင်းထားလေပြီ”။ ရင်နင့်စရာ ကြေကွဲစရာကောင်းလှသည့်
ကံကြမ္မာ၏ သားကောင်းများဖြစ်အောင်၊ ကျော်မကောင်း ကြားမကောင်းအောင်ပင် တစ်ခါတရံ တဏှာရာဂအဝိဇ္ဇာ
လက်သည်တရားတွေက ပူးဝင်ကာ ကပ်ရောက် နှိပ်စက်တတ်ကြကုန်၏။ မြတ်ဗုဒ္ဓ လက်ထက်တော်အခါက တဏှာတောထ
မသိမှုအဝိဇ္ဇာ၏ ကာဆီးပိတ်ဆို့မှုကြောင့် သားအမိ သုံးယောက်တို့သည် သားနှင့်အမိအမိ နှမနှင့်မောင်
တစ်လင်တည်းမယား ဖြစ်မှန်းမသိဖြစ်ခဲ့ဖူးကြ၏။ ဒေသနာမှာ ဖြေဆည်စရာ စကားတစ်ရပ်တော့ ရှိပါ၏။
သံသရာ ကျင်လည်ကြရသော သူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ သားသမီးမဖြစ်ခဲ့ဖူးသူ မရှိချေ။
(သံသာရေ ဝိစရန္တာနံ န ပုတ္တာ န ဓီတာနာမ အတ္ထိ။ (ဇာ၊ဋ္ဌ-၁၊၁၃၁)။ သံသရာတွင် မည်သူမဆို သားနှင့်အမိ၊
အဖနှင့်သမီး အပြန်အလှန် သမီးမယားဇနီးသားလင် ဖြစ်ခဲ့ကြဘူးသည်သာလျှင်တည်း။
မြတ်ဗုဒ္ဓသည်
သာဝတ္ထိမြို့တံခါးအနီး ကဏ္ဍသရက်ဖြူပင်မှာ တိတ္ထိတို့ကို နှိပ်နင်းဖို့ ရေမီးအစုံတန်ခိုးပြာဋိဟာ
ကိုယ်တိုင် ပြဖို့ကြေညာချက်ထုတ်ပြန်စဉ် ဥပ္ပလဝဏ်ရဟန္တာထေရီမကြီးက
‘ရှင်တော်ဘုရားကိုယ်တိုင် တိတ္ထိတို့ကိုနှိပ်နင်းဖို့ တန်ခိုးကိုယ်တိုင် မပြပါနဲ့၊ အသေးဖွဲကိစ္စလေးပါဘုရား၊
အရှင်ဘုရားခွင့်ပြုရင် တပည့်တော်မ ကိုယ်တိုင် တန်ခိုးပြ နှိပ်နင်းပါမယ်ဘုရား၊ ဒီကိစ္စလောက်ကတော့
ဘုရားရှင်ကိုယ်တိုင် တန်ခိုးပြစရာမလိုပါဘုရား၊ တပည့်တွေနှင့်ပင် ကိစ္စပြီးပါတယ် ဘုရား’
ဟု ရဲဝံ့စွာ လျှောက်ထားဖူး၏။ သီဟနာဒ ခြင်္သေမင်းကဲ့သို့ ရဲဝံ့စွာ လျှောက်ထားသည်ကို အကြောင်းပြု၍
ဇေတဝန်ကျောင်း မြတ်ဗုဒ္ဓက အရိယာသံဃာ ဘိက္ခုဘိက္ခုနီ ပရိတ်သတ်အလယ်မှာ ဣဒ္ဓိမန္တ- အမျိုးသမီး
ဘိက္ခုနီတွေထဲမှာ အသာဆုံးအမြတ်ဆုံး အထူးချွန်ဆုံး ဧတဒဂ်ဘွဲ့ကို ဥပ္ပလဝဏ်ထေရ်ရီအား ပေးအပ်ခဲ့၏။
ဥပ္ပလဝဏ်ထေရ်ရီသည်
ရဟန္တာဖြစ်သည်မှစ၍ ဈာန်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ဖြင့် ဘဝအချိန်လေးများ
ကုန်ဆုံးစေရင်း တစ်နေ့တော့ ဥပ္ပလဝဏ်ထေရ်ရီသည်
ကာမဂုဏ်အာရုံတို့၏ အပြစ်၊ ညစ်ညူးပုံများကို ဆင်ခြင်နေမိ၏။ “ငါးဖြာအာရုံ၊ ကာမဂုဏ်ကား၊
“တွေ့ကြုံအိပ်မက်”၊ “မီးတွင်းနက်”သို့၊ သံလျက်တစ်မှုန်း၊ “စဥ့်တီတုံး”သို့၊ “ငှါးသုံးပစ္စည်း”၊
“အဆိပ်သီး”သို့၊ “အိုင်ကြီးရွှံဗွက်”၊ “ဓားလက်နက်”သို့၊ “မီးတက်စွဲလောင်”၊ “အိမ်မိုးခေါင်”သို့၊ ထင်ယောင်တူမျှ၊ ကြောက်မက်ဖွယ်၊ ဖြစ်စွတကား”ဟု ဆင်ခြင်နေ၏။
ထိုစဉ် ဥပ္ပလဝဏ်ထေရ်ရီသည် ဂင်္ဂါတီရိယမထေရ်၏ မယ်တော်၏
သမီး(မထေရ်၏ညီမအရင်း)နှင့် အတူနေစဉ် ဂင်္ဂါတီရိယမထေရ်၏ ညီမ ဘိက္ခုနီရဟန္တာမလေး ကျူးရင့်သည့်
သံဝေဂဖြစ်စေသော ဂါထာသုံးပုဒ်ကို ပြန်လည်
ကြားယောင်၊ လောကီထုပ္ပတ် လူတို့၏ အရှုပ်ဇာတ်ဖြစ်အင်များကို မြင်ယောင်နေပြီး သံဝေဂယူနေမိ၏။
ဂင်္ဂါတီရိယမထေရ်၏ညီမ ဘိက္ခုနီရဟန္တာမလေး
ကျူးရင့်သည့်သံဝေဂတရားများကား
၁။ အော်…မေမေရယ်၊ (မိမိတည်းဟူသော)သမီးရယ်၊
နှစ်ယောက်လုံးတို့ဟာ (အကိုရဲ့) တစ်လင်တည်း မယားတွေ ဖြစ်နေပါရော့လား၊ ထိတ်လန့်တုန်လှုပ်ဖွယ်
သံဝေဂဖြစ်လေစွ၊ အံ့သြစရာ ကောင်းလောက်အောင် (မကြားဖူး) မဖြစ်ဖူးတဲ့ ဖြစ်စဉ်ပါဘဲ၊(ဖြစ်စဉ်ကို
အောက်မေ့မိတိုင်း) ကြက်သီးမွှေးညှင်း တဖျန်းဖျန်း ထလှချေရဲ့။
၂။ အော်... ငါးဖြာအာရုံ ကာမဂုဏ်တွေဟာ
စက်ဆုပ်ရွံစရာကောင်းလှတကား၊ မစင်မကြယ် ရွံစဖွယ်ပါဘဲ၊ ကောင်းရနံ့ဆိုဘာမှမရှိ၊ အန္တရာယ်ဆူးညောင့်တွေနဲ့သာ
ပြည့်နက်နေတယ်၊ (အဝိဇ္ဇာပိတ်ကာဆို့ တဏှာတောထ၊ ကာမဂုဏ် အဖျက်တရားတွေကြောင့်) အော်…မေမေရယ်၊
သမီးရယ် နှစ်ယောက်လုံးတို့ဟာ (ကျော်မကောင်း ကြားမကောင်း အကိုရဲ့) တစ်လင်တည်း မယားတွေ
ဖြစ်နေပါရော့လား။
၃။ ဟော့…ခုတော့ ငါဟာ ကာမဂုဏ်တွေရဲ့
အပြစ်ကိုမြင်ပြီး ကာမဂုဏ်တို့မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို အေးချမ်းတယ်လို့မြင်ကာ အိမ်ရာတည်ထောင်
လူ့ဘောင်မှ စွန့်ခွါပြီး ရာဇဂြိုဟ်ပြည်မှာ ရဟန်းပြုခဲ့လေပြီ၊။ ။ (ထေရီ၊ဋ္ဌ၊၂၀၂)။
ဥပ္ပလဝဏ်ထေရ်ရီသည်
ကာမဂုဏ်ရာဂ တဏှာတောထခဲ့မှုကြောင့် အထက်ပါ ဆွတ်ပျံ့ကြေကွဲဖွယ်ရာ သားအမိသုံးယောက်တို့၏
ဇာတ်လမ်းလေးကို ပိုမိုချဲ့ထွင် မြင်ယောင်ပြီး သံဝေဂတရား ယူနေမိမှာတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော်
လူသူကင်းမဲ့သော အန္ဓဝန်တောထဲ တစ်ပါးတည်း သီတင်းသုံး နေစဉ်က ရှင်မဥပ္ပလဝဏ်ထေရ်ရီသည် သူမကိုယ်တိုင်
အာသဝေါကင်းကွာ ရဟန္တာဖြစ်ခဲ့တာတောင်မှ တဏှာပူးဝင်နေသည့် တဏှာရူး နန္ဒဟူသော လုလင်တစ်ယောက်က
သူမ၏ ရုပ်ရည်လှပတင့်တယ်မှုကို လူ့ဘဝတုန်းကပင် စွဲလမ်းသဖြင့် သူမ မြို့တွင်းဆွမ်းခံသွားစဉ်
ကုဋင်ညောင်စောင်းအောက် ပုန်းကာ သူမဆွမ်းခံပြန်လာစဉ် ဝှေ့ရမ်းဖက်လျက် မဖွယ်မရာ ကာမအထွတ်ထိပ်သို့
ရောက်အောင် စိတ်တိုင်းကျ ဖျက်ဆီးခံရဖူး၏။ ရဟန္တာဖြစ်၍ ကာမဂုဏ်ကို မသာယာသောကြောင့် အာပတ်တော့မသင့်ပေ။(ဝိ၊၁၊၄၃။)။
ထေရ်ရီမ
တားသည့်ကြားက ကာမအထွတ်ထိပ်သို့ ရောက်အောင် ဗလက္ကာယပြုကျင့် ကျူးလွန်ခဲ့မှုကြောင့် ဤမျှလေးလံသော
မကောင်းမှု ဝန်ထုပ်ဝန်ပိုးရှိသူကို မဟာပထဝီမြေကြီးကပင် ထမ်းဆောင်ထားနိုင်ခြင်း မရှိတော့ဘဲ
ထိုခဏအတွင်း မြေနှစ်ခြမ်းအက်ကွဲကာ မဟာအဝီစိငရဲ၌ တဏှာရူး နန္ဒလုလင် ကျရောက်ခဲ့ရပေသည်။
ဥပ္ပလဝဏ် ရဟန္တာထေရ်ရီမကြီးကို ဖျက်ဆီးခဲ့သော နန္ဒလုလင်နှင့် စပ်လျဉ်း၍ မြတ်ဗုဒ္ဓက “ချစ်သား
ရဟန်းတို့ (ကာမဂုဏ်)အာရုံ နောက်သို့လိုက်သော လူမိုက်သည် မိမိပြုလုပ်အပ်သော အကုသိုလ်၏
အကျိုးကို မခံစားရသေးသမျှ ပျားသကာကဲ့သို့ ချိုမြ၏ဟု မှတ်ထင်နေတတ်၏။ အကုသိုလ်အကျိုးပေးသောအခါ
ကြီးမားသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားရလေတော့၏”(ဓမ္မ၊ဋ္ဌ၊၁၊၃၁၂။)ဟု ဟောတော်မူခဲ့ပုံကို တစ်ဘက်မှ မြင်ယောင်ကြားယောင်နေရင်း
ဥပ္ပလဝဏ်ထေရ်ရီသည် ကာမဂုဏ်တို့ကို အလွန်စက်ဆုက်ကာ ကာမဂုဏ်အဖျက်ဒဏ် ကောင်းကောင်းခံခဲ့ရသည့်
ဂင်္ဂါတိရိယမထေရ်တို့၏ သားအမိသုံးယောက် အကြောင်း ကြေကွဲဖွယ်ဇာတ်လမ်းလေးကို ပိုမို မြင်ယောင်
သံဝေဂယူဟန် ရှိပေမည်။
အကျော်ဒေယျ
သားအမိသုံးယောက်တို့၏ ကြေကွဲစရာ ဇာတ်လမ်းအပြည့်စုံကား
ဤသို့ဖြစ်ပေ၏။
သာဝတ္ထိပြည်၌
တစ်ယောက်သော ကုန်သည်၏ ဇနီးမယားလေးသည် ရုပ်ရည်အလွန်အင်မတန် ချောမောလှပ တင့်တယ်၏။ သီးချိန်တန်သီး
ပွင့်ချိန်တန်ပွင့်ဆိုသကဲ့သို့ အရွယ်ရောက်ချိန်မှာ ကုန်သည်နှင့် လက်ထပ်ထိန်းမြားခဲ့၏။
သူမသည် အိမ်ထောင်ရေး သာယာစိုပြေနေသည့် အချိန်၌ ဘဝတစ်သက်၊ တွယ်ပျော်မက်ဖွယ်၊ ညံ့သက်နုရွ၊
အလှအပနှင့်၊ ဘဝခုံမင်၊ သံယောဇဉ်နှင့်၊ ချစ်အကြင်နာ၊ အတွယ်တာတို့ဖြင့် ကာမဂုဏ်ခံစားမှုတွေကို
မွတ်သိပ်စွာ သောက်လေသောက်လေ ငတ်မပြေအောင် နှစ်သက်ခုံမင်စွာ ခံစားခဲ့လေ၏။
နှစ်ကိုယ်တူ
ကြည်ဖြူစွာ ညစဉ် အိပ်စက်အနားယူနေကြဖြစ်၏။ တစ်နေ့တော့၊ အမှောင်ထုက ကြီးစိုးထားသဖြင့်
နံနက်မိုးမလင်းတတ်သေး။ အိပ်မက်ဆိုး မက်သလိုလိုဖြင့် လန့်နိုးလာကာ သူမသည် ဆတ်ခနဲ မျက်စိဖွင့်ကြည့်မိလိုက်၏။
အိပ်မက်ဘုံမှ၊ နိုးထလာတော့၊ လောကပြတင်း၊ အရုဏ်ကျင်းလေပြီ၊ ဟော..တစ်မနက် ရက်စက်လိုက်လေဘိ။
သူမ ရင်ခုန်စွာ ကိုယ်ဝန်ရှိကြောင်း ပြောဖို့
လင်တော်မောင့်ဘက်ကို လူးလွန်းကြည့်လိုက်တော့ လင်တော်မောင် မရှိပြီ။ သူမ အိပ်မောကျနေစဉ်
လင်တော်မောင်တစ်ယောက် လှည်းပေါ်မှာ ရောင်းကုန်ဘဏ္ဍာတင် ရာဇဂြိုဟ်ဘက်သို့ ကုန်ရောင်းရန်
ခရီးနှင်ကာ ထွက်ခဲ့လေပြီ။ ချစ်ဇနီးမှာ ကိုယ်ဝန် လွယ်ထားနေပြီဖြစ်ကြောင်း လင်တော်မောင်
မသိလိုက်ရတော့ပေ။ သူမအတွက် ကိုယ်လေးလက်ဝန်
ရှိလာကြောင်း လင်တော်မောင့်ကို ရင်ဖိုလှုက်ရှားစွာ တိုးတိုးလေးပြောဖို့ နောက်ကျခဲ့လေပြီ၊
သူမသည် အိပ်ရာမှ အလူးအလဲထ အိမ်အပြင်ထွက် လင်တော်မောင့်ကို ဟိုရှာဒီရှာ-ရှာကြည့်ပြီး
တကြော်ကြော် အော်ကာခေါ်ကြည့်သော်လည်း လင်တော်မောင့်ကို မတွေ့မမှီလိုက်တော့ပြီ။ ဘာလုပ်ရမှန်း
မသိတော့ဘဲ ဦးခေါင်းကုတ်ကာ သက်ပြင်းအကြိမ်ကြိမ် ချနေမိတော့သည်။
သူမသည်
လင်တော်မောင့်၏ မေတ္တာသစ္စာ ချစ်တာတွေကိုတော့ ဆက်လက်တွေးမိ၏ “မောင်ဟာ တကယ်တော့ ကျွန်မကို
ချစ်လို့၊ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို စာနာလို့ မနှိုးရက်တာပါ၊ မောင်
ဘယ်တော့မှ ကျွန်မအပေါ် သစ္စာမပျက်ပါဘူး။ မောင့်ကိုတော့ ကျွန်မမှာ ကိုယ်ဝန်ရှိကြောင်း
ရင်ခုန်စွာ တိုးတိုးလေး ပြောပြလိုက်ချင်ပါရဲ့၊ အော်…ခုတော့ ကျွန်မမှာ မောင့်ရဲ့ရင်သွေးလေး
လွယ်ထားနေရသည်ကို မောင်- သိတောင်မသိခဲ့ပါလား”ဟု သူမကိုယ်သူမ အားမလိုအားမရဖြစ်ကာ တွေးနေမိ၏။
ဝမ်းလည်းဝမ်းနည်းမိလေ၏။ ယူကျုံးမရ ဖြစ်မိ၏။
တဖြေးဖြေး
သူမသည် မိန်းမတို့၏ ဓမ္မတာအတိုင်း အာဝေဏိကဒုက္ခ ခံစားရလေပြီ။ အမျိုးသားများမဖြစ်
အမျိုးသမီးများသက်သက်သာ ခံစားရသော ဆင်းရဲဒုက္ခငါးမျိုး ဗုဒ္ဓစာပေ၌ လာရှိ၏။။ (၁) တစ်လတစ်ကြိမ်
ဥတုပန်းပွင့်ရခြင်းဒုက္ခ၊ (၂) အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျလျှင် လင်နောက်လိုက်ရခြင်းဒုက္ခ၊
(၃) ယောက်ျားခြေရင်း ၀ပ်ဆင်းပြီး ပြုစုရခြင်းဒုက္ခ၊ (၄) ပိုပြီးတော့ဆိုးသည့် ဒုက္ခကတော့
ကိုးလဆယ်လ ကိုယ်ဝန်လွယ်ထားရခြင်းဒုက္ခ၊ (၅) အဆိုးဆုံး ဒုက္ခကတော့ ကိုယ်ဝန်ရင့်လို့
ကလေးမီးဖွားရသည့် ဒုက္ခဟူသော အာဝေဏိကဒုက္ခများ ရှိလေ၏။ ယခုတော့ သူမသည်
နဖူးတွေ့ဒူးတွေ့ တအော့အော့ တအန်အန်၊ မစားချင် မအိပ်ချင်၊ ကိုယ်လေးလက်ဝန်ဖြင့်
ထိုင်းထိုင်းမှိုင်းမှိုင်း၊ လေးလေးလံလံ၊ တမူးဝေဝေဖြင့် ဒုက္ခကြီးစွာ ခံစားရပြီ။ တစ်နေ့ထက်
တစ်နေ့ ရက်လချီလာတော့ ကိုယ်ဝန်ရင့်မာလာလေပြီ။
ပြဿနာ
မိုးမီးတောက်လောင်တော့သည်။ သူမအဖို့ ဘဝခရီးမှာ ကံကြမ္မာညှိုးရှာလေသမျှ၊ ဖိစီးလာ၊ ဝေဒနာတွေက
ခွေကာအလီလီ စုံကာရောက်လာကြချေပြီ။ သူမသည် ကံဆိုးမိုးမှောင်ကျ ပထမဦးဆုံး ဘဝမှာ အတိဒုက္ခလှလှ
ရောက်ခဲ့ရခြင်းလည်း ဖြစ်သည်။ စိတ်ကူးယဉ် အချစ်အိပ်မက်တစ်ခု ဘဝတစ်ခု ပြိုကွဲပျက်စီးခဲ့ရလေပြီ။
ဘဝနှင့်နှလုံးသားကို စတေးပြီး တည်ဆောက်ခဲ့ရသော စိတ်ကူးယဉ် အိမ်လေးသည် အသံမမြည်ဘဲ အစိတ်စိတ်အမြွှာမြွှာ
ပြိုကွဲခဲ့ရလေပြီ။ “ဟဲ့-ကောင်မ၊ ဒီမယ် ငါ့သား ခရီးထွက်သွားတာ ကြာပြီ၊ အခု ညီးမှာ ကိုယ်ဝန်ရှိနေပြီ၊
ညီးဟာ ငါ့သား မရှိတုန်း နောက်ကွယ်မှာ အကျင့်တန် ဖောက်ပြန်ယုတ်မာတယ် မဟုတ်တယုတ် လုပ်တယ်ဆိုတာ
သိသာပေါ်လွင်နေပြီ၊ ညီး ဘာမှ ငြင်းချက်ထုတ်စရာမလိုဘူး၊ ကိစ္စက ရှင်းနေပြီ၊ ပြီးနေပြီ၊
ငါ့အိမ်မှာ ဒီလိုအိမ်ထောင်ရေး ဖောက်ပြန်တဲ့ ညီးလိုမိန်းမယုတ်ကို ဆက်မထားနိုင်ဘူး၊ အခုချက်ချင်း
ငါ့အိမ်ပေါ်မှ ဆင်းသွား” ဟု ယောက္ခမအဖွားကြီး၏ တင်းမားသောမျက်နှာထား၊ စက်ဆုပ်ရွံဖွယ်ရာကောင်းသော
စကားတို့ဖြင့် စွပ်စွဲပြောဆိုမှုကို သူမ ခါးသီးစွာ ခံရလေပြီ၊ သူမသည် နားနှစ်ဖက်ထဲ သံရေပူ
လောင်းထည့်လိုက်သလို မချိရင်ထဲ ခံစားရလေ၏။ သူမသည် သူမ၏ နားနှစ်ဖက်ကို လက်နှစ်ဘက်ဖြင့်
ပိတ်ထားရင်း မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရလေပြီ။ ကျမျက်ရည် ချစ်သက်သေ ဖြစ်ပါစေသတည်းဟု
စိတ်ထဲမှာ တိုးတိုးလေး ဆုတောင်းနေရုံမှတပါး အားကိုးရာ အခြားမရှိလေပြီ။
အကယ်၍
မိမိရင်ထဲ နှလုံးသားထဲ အသည်းထဲမှာ မောင့်အချစ်မျှား စူးဝင်မလာခဲ့လျှင် မိမိဘဝသည် ဤကဲ့သို့
နာကျင်စွာ ခံစားရလိမ့်မည်မဟုတ်၊ အေးချမ်းသာယာမည်ဟု ထင်သည်။ ခုတော့ မိမိဘဝထဲသို့ စွဲဝင်စွာ
စူးဝင်ရောက်လာခဲ့ပြီးဖြစ်သော မောင့်အချစ်မျှားတစင်း ရက်ရှည်လများစွာ စူးဝင်လာပြီးမှ
ရုတ်တရက် အသိမပေး နှတ်မဆက်ဘဲ ခရီးထွက်ကာသွားတော့ ဆူးတစ်ချောင်းနှတ်ခံရသလို ရင်ထဲနှလုံးထဲမှ
ဆွဲနှတ်ခြင်းမျိုး ခံစားရသည်။ ခရီးထွက်သွားတာဖြစ်သော်လည်း ဘယ်တော့ပြန်လာမယ် မသိ၊ ဘာဆက်ဖြစ်ဦးမယ်
မသိတော့လေပြီ။ ဟော့…။ ခုတော့ဖြင့် ယောက္ခမအဖွားကြီး၏ ရင့်သီးသော စကားတွေကြောင့် ပို၍ပင်
အသည်းတဆတ်ဆတ်နာ သွေးစိမ်းရှင်ရှင် တစက်စက် ယိုစီးကျသည့်နှယ် အသဲလှိုက်ဆူ မီးပူသလို
ခံစားရသည်။
အစဉ်မျှော်ယောင်၊
လင်တော်မောင်၊ ပြန်မရောက်ကြာသမို့၊ အကြံပျောက်ခမျာ၊ ပူပုံပန်းလှချည့်၊ (ကွယ်) လွမ်းတမိဆွေး။
တကယ်တော့ ကျွန်မမောင့်ကို အသက်တမျှ ချစ်မြတ်နိုးပါသည်။ မောင် ရုတ်တရက် ကျွန်မကို မပြောဘဲ
ခရီးထွက်သွားတာကိုလည်း အပြစ်မမြင်ပါ။ မောင် ကျွန်မထံ ပြန်လာမည်ဟု ထာဝစဉ် မျှော်နေမိပါသည်။
လွမ်းတဆွေးမိပါသည်။ မောင်ကလွဲလို့ ကျွန်မ ဘယ်ယောကျာ်းနှင့်မျှ
မဖောက်ပြန်ဖူးပါ။ မှန်ရာကို သစ္စာဆိုရဲပါသည်။ ကျွန်မသည် ရုပ်ရည်လှပ တင့်တယ်မှုကလွဲလို့
အစစအရာရာ မပြည့်စုံ ကံခေခဲ့သူပါ။ သိမ်ငယ်နိမ့်ကျသည့် ကျွန်မဘဝတစ်ခုလုံးကို ယုယကြင်နာစွာ
ထွေးပိုက်တတ်သည့် မောင့်ကို ယုံကြည်စွာ ပုံအပ်ထားသူပါ။ ကျွန်မ မောင့်တစ်မျက်နှာကို
ကြည့်ပြီး မောင့်အိမ်သို့ လိုက်ခဲ့ရသူပါ။ ကျွန်မကို အသိမပေးဘဲ ရုတ်တရက် ခရီးထွက်သွားသည့်
မောင့်ကို အချိန်မီ ကျွန်မကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း မပြောဖြစ်မိလိုက်သည့်အတွက် ကျမတွေးမိတိုင်း
မျက်ရည်ကျခဲ့ရသည်။ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မရှု့စိမ့် မမြင်စိမ့်ဖြစ်ပြီး ကျွန်မအပေါ်
အထင်လွှဲမှား မယုံကြည်ဘဲ နှိမ့်ချစွာ နေ့စဉ်နဲ့အမျှ ဆက်ဆံပြောဆိုနေသည့် ယောက္ခမအဖွားကြီးကို
ကျွန်မအတတ်နိုင်ဆုံး မျက်ရည်ခံထိုးပြီး ခြေသလုံးဖက် အနုအညွှတ် တောင်းပန်ပါသေးသည်။ သို့သော်
ကျွန်မကို စက်ဆုပ်ဖွယ်ရာ အယုတ်တမာမ၊ မိန်းမယုတ်ဟု စွပ်စွဲကာ အညှာတာ ကင်းမဲ့စွာ အိမ်မှနှင်ချခံလိုက်ရဖြင့်
ကျွန်မသည် အဝတ်တစ်ထည် ကိုယ်တစ်ခု ကိုယ်ဝန်အရင့်အမာ ဗိုက်တစ်လုံးဖြင့် မျက်ရည်ဖြိုင်ဖြိုင်ကျ
ဒယိမ်းယရိုင် မလျှောက်ချင်လျှောက်ချင် ဘဝမျိုးဖြင့် အိမ်ပေါ်မှ ဆင်းသက်ခဲ့ရပါတော့သည်။
စွန့်လွှတ်စွန့်စား၊ နှလုံးသားဖြင့်၊ ဘဝခရီးလမ်း၊ ကြမ်းထန်းစွာ၊ ရင်ဆိုင်လျှောက်လှမ်းခဲ့ရသည်။
အော်…
ကျွန်မမှာ ခုတော့၊ ရှက်စဖွယ် တစ်ပါးသူတွေသိပြီမို့၊ မျက်နှာငယ် သနားသူ မရှိရှာလေတော့၊
မျက်စိသငယ် နားသငယ် ယောင်ချာချာနဲ့၊ အသည်းဆိုင်မှာ၊ စွဲပိုင်ကာ၊ မြဲခိုင်စွာနဲ့၊ စွဲလျက်ဂဟေ၊
တွဲလက်တွေ မပြုတ်ချင်သော်လည်း၊ ကံအကြောင်းမသာ၊ ပေါင်းဖက်ဖို့ရာ၊ ပြန်ပြောင်းခါ တွေးရင်းတွေးရင်းပင်၊
လွမ်းဖြေမရွှင်၊ နွမ်းကြွေရင် ပူလောင်ပန်းလှချည့်ရဲ့ မောင်တော်ရေ… ကျွန်မ ဘဝဖြစ်အင်
မြင်စေချင် သိစေချင်စမ်းပါဘိ နော်။ မပြယ်ချစ်ကြွေး၊ ရစ်နှောင်ထွေးဖက်၊ တွယ်တာယှက်သန်း၊
အကြင်နာလမ်းသို့၊ အလွမ်းပိုကာ၊ လှမ်းလိုပါလည်း၊ ဘဝတစ်သက်၊ အပြန်ခက်မို့၊ တမ်းမက် မရွှင်၊
နွမ်းလျှက်ရင်ဖြင့်၊ ခြေဦးတည့်ရာ မောင်ရှိရာသို့ ထွက်ခဲ့ရလေပြီ။
ဘဝကံကြမ္မာရယ် ရက်စက်နိုင်လွန်းလေစွ။
ကိုယ်ဝန်အရင့်အမာ ဆောင်ထားရသည့် မိန်းမသား တစ်ယောက်ဖြစ်သော ကျွန်မ၏ အဖြစ်သနစ်မှန်ကို
ဃဂဏနလည်းမသိ နားလည်မပေးနိုင်ကြပါဘဲ အများတကာ၏ ပြက်ရယ်ပြုသည့်စကား၊ မနှစ်သက်စရာ မျက်စောင်း၊
အကြင်နာကင်းမဲ့စွာ လက်ညှိုးထိုးမှုတွေက ကျွန်မရင်မှာ လှံနှင့်ထိုးသလို နာကျင်စွာ ခံစားရပါသည်။
ထိုဘဝဒုက္ခ လောကဓံ အသံတွေ ကဲ့ရဲ့မှုတွေကြားက ဝေးရာသို့ ထွက်သွားတာ အကောင်းဆုံးဟု ဆုံးဖြတ်ကာ
လေးလံသော ခြေလှမ်းတို့ဖြင့် ပြေးထွက်ခဲ့ရတော့သည်။ ကျွန်မဘဝသည် သောင်ပြင်မှာ လွှတ်လိုက်သည့်
ခွေးတစ်ကောင်လို ထောက်တည်ရာမရ ဖြစ်နေရပါပြီ။ လောကဓံလှိုင်း ရိုက်ပုတ်တိုင်းဝယ် မရေမရာ
မဗေဒါနှယ် လွင့်စင်သောင်းကမ်း ပျောက်ခဲ့ရပါပြီ။
(သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ
မေ့သားလှ- (ဇလဂ္ဂ)
No comments:
Post a Comment