" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, October 1, 2014

မွေးနေ့ကို ဖြတ်သန်းခြင်း



လက်ရှိဘဝ လူ့လောကထဲသို့ မွေးနေ့များစွာ ဖြတ်သန်းလာခဲ့ရာ ခရစ်နှစ် ၂၁-၀၉-၂၀၁၄ (တနင်္ဂနွေနေ့)သည် စာရေးသူ၏ လက်ရှိဘဝ လူ့လောကထဲသို့ ချင်းနင်း ဝင်ရောက်လာသည့် အသက် ၄၁နှစ်ပြည့် မွေးနေ့ပင်ဖြစ်သည်။ မြန်မာ သက္ကရာဇ်အားဖြင့် ၁၃၃၅၊ခု တော်သလင်းလပြည့်ကျော် (၁၀)ရက် သောကြာနေ့တွင် မွေးဖွားခဲ့သည်။ မွေးနေ့ရောက်တိုင်း ငါတစ်နှစ်ပို၍ အသက်ကြီးလာပြီ၊ စွမ်းအားရှိသမျှ ကုသိုလ်ကောင်းမှု ပြုပါဟု ကိုယ့်ကိုယ်ကို သတိပေးသလို ဖြစ်နေမိပါသည်။ စာရေးသူသည် FaceBook သုံးသဖြင့် မိမိမွေးနေ့ ရက်ကို အတိအကျ ပရိုဖိုင်းမှာ ဖြည့်ထားသောကြောင့် မိမိနှင့် Face Book မှာ Friend လုပ်ထားကြသူ တချို့ပုဂ္ဂိုလ်များက Happy Birthday ဟု စာရေးသားလျက် မွေးနေ့ဆုတောင်း မေတ္တာပို့သကြသည်။ ကမ္ဘာ့တလွှားက မိတ်ဆွေများက မွေးနေ့အမှတ်တရ နှုတ်ဆက်ကြသည်။ အထူးသဖြင့် မွေးနေ့အမှတ်တရ နှုတ်ဆက်ကြသူများထဲတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ အမေရိကနှင့် မြန်မာပြည်က ဖေ့စ်ဘုတ်မိတ်ဆွေများ ဖြစ်ကြပါသည်။ တစ်ချို့လည်း ခရစ်ယာန် မိတ်ဆွေများပင် မွေးနေ့မှာ ဖေ့ဘုတ်က မိတ်ဆက်သည့်သူများလည်း ပါရှိသည်။ ဖေ့စ်ဘုတ်မှ မိတ်ဆက်သူတို့တွင် အများစုသည် မိမိနှင့် ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးနေသည့် မိတ်ဆွေများ ဖြစ်ကြသည်။ တစ်ချို့ကတော့ အပြင်မှာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖူးပါ။ ဖေ့ဘုတ်တွင် အထိုက်အလျှောက် ခင်မင်ရင်းနှီးနေသည့် အဒိဋ္ဌသဟာယ-မမြင်ဖူး မတွေ့ဘူးသေးသော မိတ်ဆွေများပင် ဖြစ်ပေသည်။ ထိုမိတ်ဆွေတို့က ဖေ့ဘုတ် သို့မဟုတ် ဗိုက်ပါတို့ကနေ မွေးနေ့ကဒ်တွေ ပို့ကြသည်။ တစ်ချို့က မွေးနေ့ဆုတောင်းစာတွေပို့ကြသည်။ ထိုသူများကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါသည်။

Never hold your head high with pride or ego. Only when he bows his head down.
“ခေါင်းကို မော့ထားပြီး မာနမကြီးနဲ့၊ ဒါမှမဟုတ် အတ္တတွေနဲ့ မနေနဲ့၊ ရွှေတံဆိပ်ဆုရှင်တောင် သူဒီဆုကို ယူဖို့ ခေါင်းငုံ့ဦးညွတ်ရ ပါသေးတယ်”တဲ့။ ဤစာလေးကို ဖတ်ဖူးလိုက်သည်။ အလွန် စိတ်ဝင်စားစရာ ကောင်းသည့် စာပိုဒ်လေးပင် ဖြစ်သည်။ စာရေးသူက အားလုံးကို ရှေးဦးစွာ ဂါရတရားဖြင့် ဦးညွတ်လိုက်ပါသည်။ စာပိုဒ်လေးရဲ့ ဆိုလိုချက်က အဓိပ္ပါယ်အမျိုးမျိုး ရှိနိုင်သော်လည်း ပေးသူက မြင့်သည်၊ လက်ခံ ရယူသူက နိမ့်သည့် သဘောတရားလေးပင် ဖြစ်သည်။ စာရေးသူ၏ နှစ်လေးပြည့် မွေးနေ့တုန်းကလည်း ပေးသူမြင့် ယူသူနိမ့် (အတွေးပုံရိပ်)ဟု ခေါင်းစဉ်တပ်လျက် ဆောင်းပါးတစ်ပုဒ် ရေးဖြစ်သည်။ အိန္ဒိယပြည်ကြီး၌ ဗြဟ္မဏမည်သော ဇာတ်မြင့်ပုဂ္ဂိုလ်များနှင့် သုဒ္ဒခေါ်သည့် ဇာတ်နိမ့်ပုဂ္ဂိုလ် အချို့တို့ အပြန်အလှန် စကားအချေအတင် ပြောကြသည့်အခါ သုံးစွဲရာက မြစ်ဖျားခံလာသည့် စကားဖြစ်သည်။ အလှူပေးလက်နှင့် လက်ခံတဲ့လက် မည်သူ့လက်က အပေါ်ရောက်ပါသနည်းဟူသည့် မေးခွန်း၏အဖြေက ပေးသည့်သူ၏ လက်က အပေါ်က ဖြစ်ပေသည်တဲ့။ ထို့ကြောင့် မိမိတို့တစ်တွေ အထက်တန်းကျ အဆင့်မြင့်ချင်လျှင် တတ်နိုင်သမျှ ပေးကမ်းသင့်ကြောင်း အထူးပြောစရာ မလိုပေ။

မည်သူမှ အမြဲတန်း မာနအတ္တတို့ဖြင့် မော့မထားနိုင်ကြ။ အနည်းဆုံးတော့ တစ်ဖြေးဖြေး ရုပ်ပိုင်းဆိုင်ရာ အရည်သွေးများကတော့ အသက်အရွယ် ကြီးရင့်လာတာနှင့်အမြဲ တန်ဖိုးလျော့ကျ လာသည်။ စိတ်ပိုင်းဆိုင်ရာ လျော့ကျမှူ မရှိဘဲ တိုးတက်ဖို့ပင် အရေးကြီးသည်။ တရားသဘောနှင့် ကြည့်ပါက မည်မျှပင်လှပ အသက်ရှည်စေကာမူ သက်တမ်း အဆင်း ပျိုမျစ်လှပခြင်းတို့သည် တရိပ်ရိပ်နဲ့ လျော့ကြလာသည်မှာ အမှန်ပင် ဖြစ်သည်။

ငါးရာ့ငါးဆယ်ဇာတ်နိပါတ် ဥဒယဘဒ္ဒဇာတ်လာ အဖြစ်ပျက်လေးက မွေးနေ့ရှင်တိုင်းအား သတိပေးသလို ဖြစ်နေသည်။ တစ်ခါက ကာသိတိုင်းဘုရင်မင်း၏ အဂ္ဂမဟေသီ မိဖုရားခေါင်းကြီး ဝမ်းကြာတိုက်မှ ဘုရားလောင်း “ဥဒယဘဒ္ဒ”မင်းသားလေးဖွားမြင်လာသည်။ မရှေးမနှောင်းပင် တခြားသော မိဖုရားငယ် တစ်ဦးမှလည်း သမီးကလေးတစ်ယောက် ဖွားမြင်ပြန်သည်။” ဥဒယဘဒ္ဒ”ဟုပင် နှစ်ယောက်လုံးကို နာမည်ပေးထားသည်။ အရွယ်ရောက်သောအခါ သူတို့နှစ်ယောက်အား ထိမ်းမြား၍ ထီးနန်းအပ်သည်။ သူတို့နှစ်ယောက်လုံး ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသောကြောင့် မောင်နှမအရင်းသဖွယ် နေထိုင်ကာ ကိုယ်ကျင့်သီလကို ထိန်းသိမ်းလာခဲ့ကြသည်။ ဥဒယဘဒ္ဒမင်းသားက ရှေးဦးစွာ ကံတော်ကုန်၍ တာဝတိံသာ နတ်ပြည်၌ သိကြားမင်း ဖြစ်လေသည်။ ဥဒယဘဒ္ဒ မင်းသမီးလေးသည် တပင်တိုင်မင်းသမီး အဖြစ်ဖြင့် ဆက်လက်ပြီး ကာသိတိုင်းပြည်ကြီးကို အုပ်ချုပ်လာခဲ့သည်။ အများပြည်သူ၏ အမြင်မှာ မင်းသမီးသည် အလွန်တရာ ချောမောလှပသဖြင့် မင်းညီမင်းသား တစ်ပါးပါးဖြင့် ဆက်လက် အိမ်ထောင်ပြုသင့်သည်ဟု ထင်မြင်ပေမည်။ သို့သော် မင်းသမီးလေးသည် ဥဒယဘဒ္ဒမင်းသား အပေါ် သစ္စာရှိသဖြင့် အခြားသော မင်းတပါးဖြင့် အိမ်ထောင်မပြုတော့ပေ။

တစ်နေ့သောအခါ သိကြားမင်းသည် သူ့အပေါ်ထားရှိသည့် မင်းသမီးလေး၏ မေတ္တာသစ္စာနှင့် ကိုယ်ကျင့်သိက္ခာကို အကဲစမ်းလိုသဖြင့် ဘုံ(၇)ဆင့် ရွှေနန်းပြသာဒ်ထက်၌ စံနေသော ဥဒယဘဒ္ဒ မင်းသမီးထံ ရွှေလင်ပန်းဖြင့် ရွှေတွေအပြည့်ထည့်ကာ လက်ဆောင်ပေးပြီး ချစ်ရေးဆိုကြည့်သည်။ “ကျွန်မခင်မွန်း ဥဒယဘဒ္ဒအပေါ်မှာသာလျှင် မေတ္တာသစ္စာ အပြည့်ရှိသည်။ မည်သူနှင့်မျှ ကိုယ်ကျင့်မဖောက်ဖျက်လို။ ဥဒယဘဒ္ဒမင်းသားမှ အခြားသူတို့သည် ဖွဲ၊ ဆန်ကွဲပမာ သဘောထားပါသည်”ဟု မင်းသမီးလေးက သိကြားမင်းအား ပြောလိုက်သည်။ သိကြားမင်းက လက်မလျော့သေး။ နောက်တစ်နေ့မှာလည်း ငွေလင်ပန်းဖြင့် ငွေအပြည့်ထည့်ကာ ငွေဖြင့်မျှားလျက် အချစ်ရေး သွားဆိုပြန်သည်။ မင်းသမီးက ထိုအကြိမ်မှာလည်း လက်မခံခဲ့ပေ။ တတိယနေ့တွင် ကြေးလင်ပန်းဖြင့် ကြေးအပြည့်ထည့်ကာ ချစ်ရေးလာဆိုသော လုလင်ယောင် ဆောင်ထားသည့် သိကြားမင်းကို အမျိုးမီးဂုဏ်သိက္ခာ ထိပါးသည်ဟု ယူဆသဖြင့် မင်းသမီးက ထေ့တေ့တေ့ ငေါ့တော့တော့ ပြောလိုက်လေသည်။ ဒီမယ်ရှင့်…၊ ချစ်ရေးဆိုပြီး ပိုးကြေး ပန်းကြေးပေးတယ်ဆိုတာ တစ်ကြိမ်ထက် နောက်တစ်ကြိမ်က ပိုပေးရစမြဲမဟုတ်လား၊ ရှင်က လောကကျင့်ဝတ်ကို မသိလေရော့သလား၊ မိန်းကလေး ဂုဏ်သိက္ခာကို တမင်သက်သက် အရွဲ့တိုက်ကာ နှိမ့်ချလေရော့သလား  စသည်ဖြင့် မင်းသမီးက မခံချိ မခံချင် ပြောလိုက်လေသည်။

သိကြားမင်း ပြောသည့်စကားလေးများက မှတ်သားစရာ ကောင်းပါသည်။ သိကြားမင်းက အမျိုးသမီး ဂုဏ်သိက္ခာကျစေလို၍ ပြောခြင်းမဟုတ်၊ သဘာဝဓမ္မနှင့် ယှဉ်ပြီး အမှန်တရားကို သုံးသပ်တတ်ဖို့၊ လက်ခံတတ်ဖို့၊ တရားသံဝေဂရဖို့ ပြောဆိုခြင်းဖြစ်သည်။ သိကြားမင်း ပြောပြသည်မှာ”ဟုတ်ပါတယ် ချစ်နှမ၊ ချစ်နှမရဲ့ သက်တမ်း၊ ရူပါအလှအပတို့ဟာ တရိပ်ရိပ်နဲ့ တိုးလာတယ်ဆိုရင်တော့ လက်ဆောင်ကလည်း တိုးပေးရမှာပေါ့၊  အခုတော့ စက္ကန့်တိုင်း မိနစ်တိုင်း အချိန်တိုင်းမှာ ချစ်နှမရဲ့ အသက်အရွယ် ရူပါအလှတရားတို့က လျော့လျော့ပင် လာကြတယ်၊ ဒါကြောင့် ချစ်ရေး လက်ဆောင်ကလည်း တဖြေးဖြေး လျော့လျော့ပေးရခြင်း ဖြစ်ပါတယ်၊ အလိုအပ်ဆုံးကတော့ မအိုခင် မနာခင် မသေခင် ကုသိုလ်ကောင်းမှု တွင်တွင် ပြုဖို့ပါ၊ ကုသိုလ်မည်သည် လျော့သွားတယ်မရှိ၊ တိုး၍ပင် လာနိုင်ပါတယ်၊ စိတ်ကောင်း နှလုံးကောင်းထားပြီး အချိန်မီ ကုသိုလ်ပြုဖို့ အရေးကြီးပါတယ်”ဟု သိကြားမင်းက သတိပေးစကား ပြောပြလေသည်။

သိကြားမင်း၏ သံဝေဂစကား ကြားရသဖြင့် သဘောထားကြီးသော မင်းသမီးလေးသည် အမျိုးသမီးဂုဏ်သိက္ခာ တမင်သက်သက် ချိုးနှိမ်သည်ဟု မမြင်တော့ဘဲ မည်မျှပင် လှပစေကာမူ ထိုအလှတရားသည် တစ်နေ့တော့ ယိုယွင်းလာပေမည်၊ အိုမင်းလာပေမည်၊ မည်မျှပင် လောကီဂုဏ်ထူးများ ပိုင်ဆိုင်ကာမူ တစ်နေ့နေ့မှာတော့ စွန့်လွှတ်ရပေမည်၊ မာန်မာန အတ္တမထားဘဲ ဦးခေါင်းညွတ်သင့်ကြောင်း ကောင်းကောင်းကြီး သိနားလည်သဖြင့် ဥဒယဘဒ္ဒ မင်းသမီးလေးသည် ထီးနန်းစည်းစိမ်ကို စွန့်ကာ မင်းဥယျာဉ်သို့ထွက်ပြီး ဖန်းရည်ဆင်မြင်း ဝတ်သင်္ကန်းဖြင့် ရသေ့ယောဂီ ရဟန်းမလေးဘဝဖြင့် ဘဝတစ်လျှောက်လုံး တရားဓမ္မများ ကျင့်သုံး အားထုတ်ခဲ့လေသည်။ လူ့သက်တမ်းကုန် စုတေသောအခါ မင်းသမီးလေးသည် သိကြားမင်းထံ မိဖုရားခေါင်ကြီး ဖြစ်လေသည်။

သိကြားမင်းပြောသည့်အတိုင်း စက္ကန့်တိုင်း မိနစ်တိုင်းမှာ ရုပ်နာမ်ဓမ္မတို့က တိုး၍မပျို အိုသာ အိုခဲ့လေသည်။ အချိန်ရှိခိုက် မအိုမနာမသေခင် ကုသိုလ်ကောင်းမှု ပြုဖို့၊ အတ္တမာနမထား သူတော်ကောင်းတရား တတ်နိုင်သမျှ ပွားများဖို့ပင် အထူးအရေးကြီးပါသည်။ မြေပထဗျာပေါ်သို့ ခေါင်းငူပြူထွက်လာသော မှိုပွင့်လေးသည် မိမိ၏ ဦးထိပ်ဖြင့် မြေမှုံမြေလွှာကို သိုင်းခြုံလျက် တပါတည်း သယ်ဆောင်လာသကဲ့သို့ မွေးဖွားလာသော သတ္တဝါအားလုံးသည် အိုနေ့၊ သေနေ့ကို လက်ခံမယူချင်စေကာမူ မွေးနေ့ကို ထွေးပိုက်လာခဲ့သည့်အတွက်ကြောင့် စင်စစ် သေခြင်းတရားကို ဦးထိပ်ပန်ဆင် တပါတည်းသယ်ဆောင် လာခဲ့ကြသည်။ မွေးနေ့ရှင်အားလုံး တစ်နေ့တော့ သေခြင်းတရားကို မာန်မာနချ ဦးညွတ်ကြပေမည်။ သေခြင်းတရားကို ဦးမညွတ်ခင်၊ မသေခင်က မာန်မာနချ လေးစားထိုက်သူကို ရိုသေ ဦးညွတ်တတ်လျှင် လောကကြီးပိုမို သာယာစိုပြေသည်။
မာနအရင်းခံ ပုထုဇဉ်တို့သည် အများအားဖြင့် အရာရာကို ဦးညွတ်ဖို့ ဝန်လေးနေပေလိမ့်မည်။

တစ်ခါက မြတ်ဗုဒ္ဓသည် သက်တော်အားဖြင့် (၄၇) နှစ် ဝါတော်အားဖြင့် (၁၂) ဝါ လောက်တွင် ဝေရဉ္ဇာပြည်တွင် ဝါဆိုဝါကပ်ခဲ့သည်။ ထိုစဉ်က အသက် (၈၀) အရွယ်ရှိ ဝေရဉ္ဇပုဏ္ဏားကြီးနှင့် တွေ့ခဲ့ဖူးသည်။ ပုဏ္ဏားကြီးက သူ့အောက်အသက်အရွယ် အလွန်ငယ်သဖြင့် မြတ်ဗုဒ္ဓက သူ့ကို ဂါရဝပြု အရိုသေပေးကာ ဦးနှိမ်ချကာ ကြိုဆိုပေလိမ့်မည်ဟု ယူဆထားသည်။ သူ့ထင်မြင်ချက်နှင့် တခြားဆီ ဖြစ်သောအခါ မြတ်ဗုဒ္ဓကို လောကဝတ် နားမလည်သူ၊ မာနကြီးသူ၊ ရိုင်းစိုင်းလွန်းလှသူဟု ပုဏ္ဏားကြီးက မြင်လေသည်။ ပုဏ္ဏားကြီးက သူ့အထင်မြင်ကို အတည်ပြု ပြောကြားလေသည်။ “အို ရဟန်းဂေါတမ၊ ယခင်က ကျွန်ုပ်ကြားဖူးခဲ့သည်မှာ ဂေါတမသည် အသက်သိက္ခာ ဂုဏ်ကြီးသူတွေကို ဦးညွတ်အရိုအသေ ပေးရကောင်းမှန်းမသိဟု အများတကာ ကဲ့ရဲ့စကား ပြောကြားနေသည်ကို ယခုတော့ ကျွန်ုပ်ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်သွားရသဖြင့် ယုံကြည်ပါသည်၊ အို… ရဟန်းဂေါတမ သင်၏ အပြုအမူသည် သင်လို နာမည်ကြီးတစ်ယောက်အနေဖြင့် လုံးဝမသင့်လျှော်ပါပေ”ဟု သဘောမကျသည့် လေသံဖြင့် ပြောလေသည်။

မြတ်ဗုဒ္ဓက ပုဏ္ဏားကြီးအား သဘာဝ အဖြစ်မှန်တရားကို နားလည်အောင် ရှင်းပြလေသည်။ “အို ပုဏ္ဏားကြီး ဤလောကတွင် ငါဘုရားက ရှိခိုး ဦးညွတ်ရမည့်သူ မရှိလို့သာ ဦးမညွတ်ခြင်း ဖြစ်သည်၊ ဦးညွတ်သင့်သည့်အရာကို ဦးညွတ်မည်၊ ( မြတ်ဗုဒ္ဓက ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သည့် ဓမ္မကိုတော့ ဦးညွတ်သည်)၊ အကယ်၍ ငါဘုရားက သုံးဆယ့်တစ်ဘုံရှိ သတ္တဝါ တစ်စုံတစ်ယောက်ကို ဦးချ ဦးညွတ်လိုက်မည်ဆိုပါက ငါဘုရား၏ ဦးညွတ်မှုကို ခံယူသော ထိုသူ၏ ဦးခေါင်းသည် တောက်လောင် ပြတ်ကြွေ မြေ၌ ဖရိုဖရဲ ကျလေရာ၏”ဟု မြတ်ဗုဒ္ဓက ပုဏ္ဏားကြီးအား ကြက်ဥပမာဖြင့် ထပ်မံရှင်းပြသည်။ ကြက်မကြီးတစ်ကောင် ကြက်ဥများစွာ ဥထားသည် ဆိုပါတော့။ ထိုကြက်ဥတွေထဲမှ ရှေးဦးစွာ ဦးခွံကို ဖောက်ခွဲ၍ ပြင်ပကမ္ဘာသို့ ထွက်လာသော ကြက်ကလေးကို အကြီးဟုဆိုရမည်လော၊ အငယ်ဟု ဆိုရမည်လော့၊ သင် ဖြေပါဟု မြတ်ဗုဒ္ဓက မေးတော်မူသည်။ အို…ဂေါတမ၊ ထိုကြက်ကလေးသည် ရှေးဦးစွာ ဥခွံကို ဖောက်ခွဲ၍ ထွက်လာသောကြောင့် အကြီးဟုပင် ဆိုရပေမည်။
“အို ပုဏ္ဏားကြီး၊ မှန်ပေ၏။ ဤဥပမာလိုပင် အဝိဇ္ဇာဥခွံထဲ၌ ဖြစ်လာကြကုန်သော သုံးဆယ့်တစ်ဘုံးသားတို့တွင် ငါဘုရားသည် အဝိဇ္ဇာဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ အလင်းရောင် သမ္မာသမ္ဗောဓိမဂ်ဥာဏ်ကို ယခုအခါ ပထမဦးဆုံး ပိုင်ဆိုင်သည့် သူဖြစ်ရကား လောကတွင် အကြီးဆုံး၊ အမြတ်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်ပေ၏”ဟု မြတ်ဗုဒ္ဓက ပုဏ္ဏားကြီးကို နားလည်အောင် ရှင်းပြတော်မူခဲ့၏။  

မှတ်သားစရာ ကောင်းသည်မှာ ပါဠိစာပေတွင် ကြက်ငှက်တို့ကို ဒိဇဟု သုံးစွဲသလို လူသားများကိုလည်း ဒိဇ ဟု ကျမ်းဂန်များ၌ သုံးစွဲလေသည်။ ဒိဇဆိုသည်မှာ နှစ်ကြိမ် နှစ်ခါ မွေးဖွား ဖြစ်ထွန်းလာသော သတ္တဝါများဟု ဆိုလိုပါသည်။ အနည်းငယ် ရှင်းရလျှင် ကြက်ကလေး တစ်ကောင် ဖြစ်လာဖို့ ရှေးဦးစွာ မိခင်ကြက်မကြီး၏ ဝမ်းဗိုက်တွင် ဥအဖြစ် တစ်ကြိမ် ယူရ(မွေးဖွားရ)၏။ ထို့နောက် မိခင်ကြက်မကြီး၏ ကောင်းစွာ ဝပ်၍ အနွေးဓာတ်၊ အငွေ့ဓာတ်ပေးရာမှ အစိုအစေး သုက်သွေးများ ခန်းခြောက်သွားကာ တဖြေးဖြေး မျက်စိ နား၊ နှာ၊ ခြေသဲ၊ နှုတ်သီး တောင်ပံစသော ကိုယ်အင်္ဂါ အစိတ်ပိုင်းများ ဖြစ်လာကာ မိခင်ကြက်မကြီး၏ အစောင့်အရှောက်ကို ရယူလျက် မိမိ၏ အစွမ်းအစများဖြင့် ခြေသည်း နှုတ်သီးများဖြင့် ရုန်းကန်ကာ ဥခွံကို ဖောက်ခွဲ၍ နောက်တစ်ကြိမ် မွေးဖွားလာရ၏။ ထိုအတူ လူသားတို့သည် ကြက်ငှက်များကဲ့သို့ပင် နှစ်ကြိမ်မွေးဖွားမှ လူလားမြောက်၏။ ထို့ကြောင့် လူသားတို့ကို ဒိဇ ဟု ခေါ်ရ၏။ “ဥရေန ဝသိတွာ မုခေ ဇာတော” နှလုံးသားနှင့် သန္ဓေတည်ပြီး အာခံတွင်းမှာ မွေးဖွားပေးရသည်။ “ဘုန်းရှင်ကံရှင် ကလေးများသည် အာခံတွင်းမှ မွေးဖွားလာပါပေတယ်”ဟု ရှေးသူကြီးသူမများက မကြာခဏ ချီးမွမ်းစကား ဆိုကြသည်မှာ ယင်းအချက်ကို ရည်ရွယ်၍ ဆိုထားခြင်း ဖြစ်ပေမည်။

တန်ဘိုးရှိသည့် ဒိဇ ခေါ် နှစ်ကြိမ်မွေးဖွား လူသားများ ဖြစ်လာရန် သူတော်ကောင်းတို့၏ အဆုံးအမ လမ်းညွှန်မှုများကို နာခံလျက် မိမိကိုယ်ကို သူတော်ကောင်းတို့၏ အနွေးဓာတ် အငွေ့ဓာတ်များဖြင့် မကြာမကြာ ထုံမွှမ်းပေးရမည် ဖြစ်၏။ မိမိကိုယ်ကို မကြာမကြာ တရားဓမ္မ အဆိုအဆုံးအမများ အနွေးဓာတ်ထုံမွှမ်းလာသောအခါ ကိလေသာအစိုအစေး တဖြေးဖြေး ခန်းနိုင်သမျှခန်းခြောက်၊ နည်းနိုင်သမျှ နည်းလာကာ အဝိဇ္ဇာမြူတိမ်များ ပါးပါးလာပြီး တဖြေးဖြေး ဝိဇ္ဇာမျက်လုံး အသိဥာဏ် အလင်းရောင်များ ဥခွံမှ ဖောက်ထွက်လာသည့် ကြက်ငယ်ပမာ ထွက်ပေါ်လာနိုင်ပါသည်။ အကြောင်းအကျိုး မဆင်ခြင်ဘဲ ဆင်ကန်းတောတိုး ပြုမူ ပြောဆို ကြံစည်မှုမျိုး အမှားချာချာလည်သည့် အဝိဇ္ဇာလက်သည် သံသရာနယ်ပယ်မှ တဖြေးဖြေး လွတ်မြောက်ကာ အလင်းရောင် ဝိဇ္ဇာနယ်သို့ ချဉ်းနင်းဝင်ရောက်လျက် တကယ့် တန်ဘိုးရှိသော လူသားများ ဖြစ်လာပေမည်။

ထို့ကြောင့် မိမိတို့တစ်တွေသည် ပစ္စုပ္ပန် အတွက် ဆင်းရဲကင်းဖို့ လူအဖြစ်တစ်ကြိမ် မွေးဖွားကာ သံသရာအတွက် ငရဲကင်းဖို့ နောက်တစ်ကြိမ် ပညာရှိသူတော်ကောင်းတို့ အဆုံးအမ သြဝါဒများ လက်နာကျင့်သုံးကာ လူဖြစ်ခြင်းအားဖြင့် ဒိဇ ခေါ် နှစ်ကြိမ်မွေးဖွား တန်ဘိုးရှိသည့် လူသားမျိုး ဖြစ်သင့်သည်။ မိမိသူတစ်ပါး နှစ်ဦးသားအတွက် အကျိုးများဖို့ နှစ်ကြိမ် မွေးဖွားလာသောသူများ ဖြစ်သင့်သည်။ မည်သို့ပင်ဆိုစေ မွေးနေ့ရှင်တိုင်းသည် အခြားနေ့များမှာ ကုသိုလ်ဖြင့် ဖြတ်သန်းသင့်သလို မွေ့နေ့တိုင်း မွေးနေ့တိုင်းကို ကုသိုလ်ဖြင့် ဖြတ်သန်းပါက ပိုမို အဓိပ္ပါယ်ရှိသော အကောင်းဆုံး မွေးနေ့ကို ဖြတ်သန်းခြင်း ဖြစ်ပေမည်။ မွေးနေ့ကျင်းပကြသည့် မွေးနေ့ရှင်တိုင်းသည် တစ်နေ့နေ့တွင် မွေးနေ့နှင့် သေနေ့ကြားဝယ် ချမ်းသာပျော်ရွှင်ဖွယ်ရာများ တွေ့ကြုံရသလို ဝမ်းနည်းပူဆွေး ငိုကြွေး ကိုယ်စိတ်နှစ်ပါး ပင်ပန်းကာ လူလုံးမလှ အပူလုံးကြွသည့် နေ့ရက်တို့ကိုလည်း ရင်ဆိုင်ဖြတ်သန်း ကြရပေမည်။ ပုထုဇဉ်များအဖို့ သတိလက်လွတ်ပြီး အသိဥာဏ် ကောင်းကောင်း မရရှိကြသေးသမျှ ကာလပတ်လုံး ထိုကဲ့သို့သော လောကဓံဒီရေ အတက်ကျများနှင့် သံသရာထွေးပိုက်ကာ ရင်ဆိုင်ဖြတ်သန်းကြရပေဦးမည်။ ထို့ကြောင့် စာရေးသူက အောက်ပါ ကဗျာလေးကို ရေးသားစပ်ပြီး နိဂုံးချုပ်လိုက်ပါသည်။



ထွေးပိုက်သံသရာ
၁။ မွေးလမ်းသေလမ်း၊ ထိုနှစ်လမ်းဖြင့်၊
ဘယ်လမ်းမငြိ၊ ကင်းလွတ်သည့်သူ၊
မရှိမူဘဲ၊ ကြုံလာမြဲတည်း။
၂။ သေကြပြန်လျှင်၊ သောကဝင်ကြ၊
ပူပင်ကြလျက်၊ သံသာစက်မှာ၊
ပက်လက်မှောက်ခုံ၊ ဒုက္ခစုံဘိ။
၃။ မွေးလာကြလျှင်၊ ဝမ်းသာရွှင်ပြ၊
ဘဝင်-ဇောဟပ်၊ မနေတတ်အောင်၊
ထပ်ထပ်ချစ်ကြွေး၊ ရစ်နှောင်ထွေးဘိ။
၎။ သြော်… တက်လိုက် ကျလိုက်၊
          ဖောင်းလိုက်၊ ပိန်လိုက်၊
          ဒီရေ (ဝမ်း)ဗိုက်လို၊
          ဖြစ်လိုက် ပျက်လိုက်၊
          မွေးလိုက် သေလိုက်၊
          ငိုလိုက် ရယ်လိုက်၊
သံသရာ ထွေးပိုက်ကြရမှာပါတကား။
အမေ့သားလှ(ဇလဂ္ဂ)
  (၂၁-၀၉-၂၀၁၄) 


သံသရာကျွတ်တမ်း ဝင်လိုသူများ၊ လွတ်လမ်း ရှာတွေ့နိုင်ကြပါစေ။
မွေးနေ့များစွာကို ကုသိုလ်ဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။


မေတ္တာဖြင့်
                                                          ပညာရိပ်သာဆရာတော်
  (သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ၏
                                                 (၄၁) နှစ်ပြည့် မွေးနေ့ အမှတ်တရ  


No comments:

Post a Comment