" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, November 7, 2013

သံဃာရည်မှန်း ကပ်လှူဒါန်းသော်


ပုညံ အာကင်္ခမာနာနံ သံဃော ဝေ ယဇတံ မုခံ(သေလသုတ်နှင့်၊ ဝိ၊၃၊ ၃၄၄)

ကုသိုလ်ကောင်းမှုကို အလိုရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အား သံဃာအား လှူဒါန်းခြင်းတည်းခြင်းတည်းဟူသော သံဃိကဒါနသည် (ဝါ) သံဃာတော်တည်းဟူသော အလှူခံပုဂ္ဂိုလ်သည် အကြီးအမှူး အဦးရှေ့သွား ပဓာနဖြစ်၍ ကြီးကျယ်မွန်မြတ်လှပေသည်။ (မြတ်ဗုဒ္ဓ)။

ကထိနဒါနသည် သံဃိကဒါနဖြစ်၏။ သံဃိကဒါနသည် အမြတ်ဆုံးဖြစ်၏။ ထို့ကြောင့် ကထိနဒါန သံဃိကဒါနသည် များပြားသွယ်သွယ် စားသောက်ဖွယ် အစုစု လူမှုအသုံးအဆောင် အသီးသီး မြစ်ကြီးဂင်္ဂါ ရေဇလာမပြတ် အထပ်ထပ်စီးဆင်းသည့်ပမာ ချိန်ခါတွက်စစ် (၇နှစ်၊၇လ) မပြတ်လှူဒါန်းခဲ့သော အလောင်း တော် ဝေလာမပုဏ္ဏားကြီး၏ အလှူဒါနကြီးထက်လည်းကောင်း၊ ကျွန်းဇမ္ဗူဒိပ် မိုးခိုးတိတ်အောင် သိမ့်သိမ့်တုန်ခါ လွန်စွာကြာညောင်း နှစ်တစ်သောင်းမျှ များလှသွယ်သွယ် စားသောက်ဖွယ်အစုစု လူမှု အသုံးဆောင်အဝဝ လှူဒါန်းခဲ့သော အင်္ကုရမင်းသား၏ ကြီးမားသော ဒါနထက်လည်းကောင်း၊ အတိုင်းအဆမရှိ ပိုမိုမြင့်မြတ် လှပေတော့၏။ သံဃိက ကထိနဒါနသည် အခြားခြားအလှူတို့ကို လွှမ်းမိုး၍ ဟိုးဟိုးကျော် အနိုင်ရ အရသာရှိ မွန်မြတ်လှသော အလှူဒါနကြီး ဖြစ်ပေတော့၏။

ကထိန်ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့၊ မိမိတို့သည် အမြတ်ဆုံး သံဃိကဒါန ကထိန် အလှူတော်ကြီးကို လှူဒါန်းလိုက်ရပေပြီ၊ မိမိတို့၏ သံဃိကဒါန ကထိန်အလှူတော်ကြီးသည် ပျော်တပြုံးပြုံး မော်မဆုံးဘဲ တသက်လုံး မမေ့နိုင် နိဗ္ဗာန်တိုင် ရည်စူးလျက် ကြည်နူးဝမ်းမြောက်ဖွယ် ကောင်းပါပေစွ တကား။

ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံ နော ပုညမင်္ဂလံ၊
ပုညဘာဂံ သုလဘန္တု၊ ပမောဒန္တု သဒေဝကာ။

နော၊ မြင့်မြတ်သာကြည်၊ ပါရမီရင့်ကျူး ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွနုပ်တို့၏၊ ဣဒံ ပုညမင်္ဂလံ၊ ဗုဒ္ဓသားကျော် ရဟန်းတော်တို့ အာနုဘော်ငါးဝ ရကြစေအမှန် စိတ်ရည်သန်၍ ပြည်နိဗ္ဗာန်မျှော်မှန်းလျက် လှူဒါန်းဆက်ကပ် မြင့်မြတ်ဖြာရှိန် မဟာကထိန်ဆိုတဲ့ ကုသိုလ်မင်္ဂလာသည်၊ ဗောဓိယာ၊ သစ္စာလေးအင်၊ ခိုင်သဇင်ကို ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန် ဗောဓိဥာဏ်၏၊ ပစ္စယော၊ ဥပနိဿယ အမှီရ၍ မုချရကြောင်း ကောင်းမြတ်သော အထောက်အပံ့သည်၊ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ဣဒံပုညဘာဂဉ္စ၊ ဝတိံသာခေတ်ဘောင်မှာ နှစ်တစ်ထောင်အချိန်ကြာမှ တစ်ကြိမ်သာ ဓာတ်ဆန်းတင့်သည့် နတ်ပန်းပွင့် အာသာဝတီ ပမာညီထွန်းသစ်လျက် တစ်နှစ်မှ တစ်ခေတ်၊ တစ်ခေတ်မှ တစ်ကြိမ် သဒ္ဓါရှိန်ဖြင့် မဟာကထိန်ကြုံရသည့် ဒုလ္လဘအစစ် ကုသိုလ်ပုညအနှစ်ကို၊ သဒေဝကာ၊ ကမ္ဘာမှာ နေသမျှ ဝေနေယျများစွာ သတ္တဝါမှန်သမျှ အနန္တတို့သည်၊ သုလဘန္တု၊ ရွှင်လန်းကြည်မြေ့ ဝါဂွမ်းဆီထိတွေ့သကဲ့သို့ ပီတိငွေ့ စိတ်မှာထုံလျက် ဣဋ္ဌာရုံ အတွေ့ထူးလို့မို့ ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါ၊ ကိုယ်စီကိုယ်စီ အလိုညီလျက် ကြည်သာရွှင်ပြုံး အားလုံးတူမျှ အရယူကြကုန်ပြီး၍၊ ပမောဒန္တု၊ ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာနှင့် ပြည့်ကာကြွယ်ဝ ဝမ်းမြောက်နိုင်ကြပါစေကုန်သတည်း။

ပမောဒန္တု၊ လူ့ပြည်တွင်သာမက နတ်ပြည်မှာ ဆက်သွယ်လျက် အထက်နယ် ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန် လျှမ်းလျှမ်းတောက်ပြီး ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု ခါခါပြုလျက် သာဓုသံ အောင်နိမိတ်တို့ဖြင့် အောင်ဘိသိက် သွန်းလိုက်ကြကုန်စေသတည်း။


သာဓု၊ သာဓု၊ သာဓု


မှတ်ချက်။ ဝိနည်းမဟာဝါ၊ ပရိဝါပါဠိတော်များနှင့် ထိုထိုသိမှတ်စရာများကို အခြခံလျက် ရေးသားပါကြောင်း။


မေတ္တာဖြင့်
ပညာရိပ်သာဆရာတော်
ဒေါက်တာသုတာစာရာလင်္ကာရ
(၆-၁၁-၂၀၁၃)

ဗုဒ္ဓချီးမွမ်း ကထိန်သင်္ကန်း1


ဤ ကထိန်ဟူသော မြန်မာဝေါဟာရ စကားမှာ ကထိန ဟူသော ပါဠိဘာသာမှ ဆင်းသက်လာသော မြန်မာတို့ မွေးစားစကားလုံး ပါဠိသက် ဝေါဟာရပင် ဖြစ်သည်။ ဥပမာ ပုဂ္ဂလ(ပုဂ္ဂိုလ်)၊ မဂ္ဂ(မဂ်)၊ ဖလ(ဖိုလ်)၊ နိဗ္ဗာန(နိဗ္ဗာန်) စသည်ဖြင့် ပါဠိဝေါဟာရများကို အဆင်ပြေသလို မြန်မာဝေါဟာရ အဖြစ် မွေးစားယူသကဲ့သို့ ကထိန ဟူသော ပါဠိစကားကို န-ပေါ် တခွန်လွှား၍ ကထိန်ဟု မြန်မာလို လွယ်လွယ် မွေးစားကာ ကထိန်ဟု ရေးသား ကြပေ သည်။

ထိုထို အဋ္ဌကထာ ဋီကာ အဖွင့်ကျမ်း စသည်၌ ကထိန်အဓိပ္ပါယ် အမျိုးမျိုး ရှိရာတွင် မှတ်ရလွယ်သည့် အဓိပ္ပါယ်ကိုသာ တင်ပြရလျှင် ပဉ္စာနိသံသေ အညတ္ထ ဂန္တုံ အဒတွာ ကထတိ သင်္ဂဏှာတီတိ  ကထိနံ ဟူသော ဝိဂြိုဟ်နှင့်အညီ  ကထိန်အာနိသင် အကျိုးတရား ငါးပါးတို့ကို ပြင်ပသို့သွားခြင်းငှါ မပေးဘဲ ကထိန်ခင်းသော သံဃာတော်တို့အားသာလျှင် ထိုအာနိသင် ငါးပါးတို့ကို ရအောင် ခိုင်ခံ့အောင် ချီးမြှောက်ထောက်ပံ့ တတ်သော၊ သိမ်းယူတတ်သော အနက်သဘောကြောင့် ကထိန် ဟု ခေါ်သည်။ (ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ ထိရန္တိ အတ္ထော၊ (သာရတ္ထဋီကာ)။

မြဲမြံခိုင်ခံ့လှသော ကျောက်တောင်ကြီး၊ သစ်ပင်ကြီးများကို အရပ်လေးမျက်နှာမှ လေပြင်း တိုက်ခတ် လာသော်လည်း မယိမ်းမရိုင် မြဲခိုင်တည်တံ့ကာ မပျက်စီးနိုင်သကဲ့သို့ ဝိနည်းကံအားလျော်စွာ ကထိန်ခင်းသဖြင့် ရရှိလာသော ကထိန်အကျိုးအာနိသင်များကိုလည်း ဖျက်ဆီးလို့မရ ခိုင်မြဲ လှသော ကြောင့် ကထိန် ခေါ်သည် ဟူလို။

တနည်းအားဖြင့် ဗုဒ္ဓါဒီဟိ ကထိယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ ဟူသည်နှင့် အညီ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သောကြောင့် ကထိန်ဟု ခေါ်သည်။ (ဣဒဥှိ ကထိနဝတ္ထံ နာမ ဗုဒ္ဓပသဋ္ဌံ။ (အဋ္ဌကထာ ၂၉၉)။

ကထိန်ဖြစ်ခွင့်ပြုတော်မူခြင်းအကြောင်း
မြတ်ဗုဒ္ဓသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ ဇေတဝန်ကျောင်းတော် သီတင်းသုံးတော်မူခိုက် ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့သည် အားလုံးပင် အရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ် ဓုတင် ဆောက်တည်ကြသည်။ အားလုံးပင် ပုထုဇဉ်နှင့် ရဟန္တာမပါ သောတာပန်၊ သကဒါဂန် အနာဂါမ် တည်ထားပြီးဖြစ်၏။ ကောသလမင်းနှင့် အဖေတူ အမေကွဲလည်း ဆွေမျိုးတော်သော ယင်းဘဒ္ဒဝဂ္ဂီညီနောင်  ရဟန်းသုံးဆယ်တို့ကို အကြောင်းပြု၍ ရှင်တော်ဘုရားက ကထိန်ကို ခွင့်ပြုတော် မူခဲ့ပေသည်။ သမိုင်းဖြစ်စဉ် အနည်းငယ် တင်ပြရလျှင် ဘုရားရှင်သည် သာသနာပြုခရီး တစ်ထောက်ကြွ ချီတော်မူရင်း ကပ္ပါသိက တောအုပ်အတွင်း ထိုညီနောင်သုံးဆယ်တို့ကို ရှေးဦးစွာ တွေ့ဆုံခဲ့ရ ခြင်းဖြစ်သည်။ ညီနောင် သုံးဆယ်တို့သည် ချစ်ဇနီးမယားကိုယ်စီနှင့် တောအုပ်ထဲသို့ ပျော်ပွဲစား ထွက်ကြခြင်း ဖြစ်သည်။
မင်းသားသုံးဆယ်ထဲတွင် တစ်ဦးသော မင်းသားမှာ ကိုယ်ပိုင်ဇနီးမယား မရှိ၍ အပျော်မယ်တစ်ဦးကို ငှါးရမ်း ခေါ်ဆောင်လာခဲ့ခြင်းက မင်းသားသုံးဆယ်တို့ကို ကျွတ်တမ်းခရီးဆီသို့ ဦးတည်စေခဲ့ခြင်း ဖြစ်သည်။ မင်းသားသုံးဆယ်တို့သည် တောအုပ်အတွင်း ပျော်ပွဲကြီး ဆင်ယင်ကျင်းပရင်း မောပန်းကာ အိပ်မောကျ ကုန်ကြသည်။ အပျော်မယ်ကတော့ မအိပ်ပျော်နိုင်ပေ။ သူမမှာ မင်းသားတို့လောက် မပြည့်စုံသည့်အတွက် အကွက်ကောင်းကို ချောင်းကာသောက်စား ယစ်မူး၍ အိပ်ပျော်နေကြသော မင်းသားတို့၏ ကောင်းနိုးရာရာ ရတနာများကို ချွတ်ယူ ထွက်ပြေးလေသည်။ အိပ်ရေးဝ၍ နိုးထလာမှ အကြောင်းစုံ သိရှိရပေသည်။
ထိုအမျိုးသမီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်ရန် ဓါးလှံတဝင့်ဝင့် ရှာပုံတော် ဖွင့်ကြတော့သည်။ သို့ရာတွင် ရှာသည်က အပျော်မယ်၊ တွေ့သည်က ရှင်တော်ဗုဒ္ဓ…။ ရှင်တော်ဗုဒ္ဓကို ဝိုင်း၍ မေးကြတော့သည်၊
အရှင်ဘုရား……ဤနေရာမှ အမျိုးသမီးတစ်ဦး ရတနာထုပ်နှင့် ပြေးသွားသည်ကို မြင်လိုက်ပါ သလား….တဲ့…။

သတ္တဝါတို့၏ ဣနြေ္ဒအနုအရင့်ကို ကောင်းစွာမြင်နိုင်တော်မူသော မြတ်ဗုဒ္ဓက မင်းသားတို့အား မိန်းမပျောက် တာကို ရှာတာနှင့် မိမိကိုယ်ကို ရှာတာ ဘယ်ဟာက အကျိုးရှိသနည်း (မြတ်သနည်း)ဟု စတင် မေးတော်မူရာ ပါရမီရှင်မင်းသားများ အလိုအလျောက် ဒူးများကွေး ညွတ်သွားရင်း မိမိတို့ကိုယ်တိုင်ပင် မိမိကိုယ်ကို ရှာတာ မြတ်ကြောင်း တညီတညွတ်တည်း လျေက်ထားကြလေသည်။ ရှင်တော်ဗုဒ္ဓ မိန့်ခွန်း တော် မြတ်သည် မင်းသား တို့အတွက် မဂ်ဖိုလ်လမ်းကို ဖြောင့်တန်းစေခဲ့သည်။ သူတို့သည် ယခင်ဘဝများစွာ သံသရာတစ်ကွေ့မှာ ရှင်တော်ဗုဒ္ဓကိုယ်တိုင် တုဏ္ဍိလ-ဝက်ဘဝ ဖြစ်ခဲ့ရသည့် အချိန်တုန်းက ပျော်ပွဲစားပြုလုပ်ရန် ဝက်သားလိုအပ်၍ ဗုဒ္ဓအလောင်းတော်ဝက်နှင့် ညီတော်အာနန္ဒာအလောင်း ဝက်ကလေးတို့အား ဝက်ပိုင်ရှင်အဖွါးအိုကို အရက် တိုက်ကာ ရောင်းစေခဲ့သည်။ ထိုအခါ ညီတော်အာနန္ဒာ အလောင်းတော်ဝက်ကလေး သေဘေးကို ကြောက် လှ၍ နောင်တော်အနားတွင် ငိုယိုသည်ကို တရားစကား ပြောပြရင်း ထိုမင်းသားညီနောင်လောင်းလျာ သုံးဆယ်တို့ကို တရားသံဝေဂ ရစေခဲ့သည့်အပြင် တစ်သက်လုံး ဒါန၊ သီလ၊ ကုသိုလ် တိုးပွားစေခဲ့သည်။ ထို ပါရမီမျိုးစေ့တို့သည် ယ္ခုဖူးပွင့်ခွင့် ကြုံရပေပြီ။
ဗုဒ္ဓစကားသည် ဟုတ်မှန်ပေသည်။ တစ်သံသရာလုံး ကိုယ့်ခန္ဓာကို ဥာဏ်နှင့်ရှာ ကြည့်ရန်ကို မရှာတတ်၊ ရှာရ ကောင်းမှန်းမသိ၍ သူတစ်ပါးကိုပဲ ရှာဖွေခဲ့ကြသည်။ သူတစ်ပါးကို ရှာသဖြင့် မိမိမှာ ဒုက္ခရှည်ရန်သာ ဖန်တီး စုဆောင်းဖြစ်ခဲ့ကြသည်။ အကုသိုလ်အပြစ် ကြွယ်သထက် ကြွယ်အောင် နေ့ရောညပါ၊ နေ့မအားညမနား စုဆောင်လာခဲ့ကြသည်။ အကြောင်းပြည့်စုံသည်နှင့် ထိုအကြောင်းများက အကျိုးတရားတစ်ခုစီ ထုတ်လုပ် ပေးသည်ကို အပါယ်တွင် ခါးစည်း၍ခံစားခဲ့ရသည်။ သားမယားစသည် လောကီအလီလီ သူတစ်ပါးကို ရှာရင်းရှာရင်း အိုဘေးတွေ အထပ်ထပ်၊ နာဘေးတွေ အဖုံဖုံ၊ သေဘေးတွေ အလောင်းချင်းထပ် မြေကြီးထု ယူဇနာချီ တိုးတက်လာအောင် အကြောင်းတရားတွေက ကုန်ထုပ်လုပ်မှုကြီးသဖွယ် အဆက်မပြတ် ဖြစ်စေခဲ့ပြီ။ ထိုသဘောကို မင်းသားတို့သည် မိမိကိုယ်ထဲ ဥာဏ်နဲ့ရှာကြည်တော့မှ ကောင်းကောင်းသိသဖြင့် ငါမတွေ့ သူမတွေ့တော့ပဲ ဖေါက်ပြန်ပြောင်းလွဲနေသည့် ရုပ်၊ လက်တွေ့ ခံစားနေရသည့်ဝေဒနာ၊ အမှတ် အသားပြု ပေးနေရသည့် သညာ၊ မှတ်နှိုင်ဖို့ခံစားနှိုင်ဖို့ သိနှိုင်ဖို့ အမြဲတမ်းတွန်းအားပေး နေရသည့် သင်္ခါရ၊ မသိပဲနေ၍မရ သိပေးနေရသည့် စိတ် ဟူသော ခန္ဓာငါးပါး အပေါင်းအစုကိုသာ တွေ့ရှိနေရပေသည်။ တရားနှင့်ကြည့်ရင်းက သူတို့၏ခန္ဓာတွင် အရှုခံတရားတို့၏ မမြဲမှုကို ရှုဥာဏ်နှင့် ကောင်းကောင်းမြင်၊ မကြည့်ချင်တော့ လောက်အောင် ဥာဏ်ဖြင့်မုန်းကာမုန်းကာ၊ ဒုက္ခဆုံးသွားတော့မှ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို ဥာဏ်အမြင်နှင့် မြင်တွေ့ သွားကြပေလိမ့်မည်။ ဘုရားနှင့်တွေ့၊ တရားစကား နာကြးရလေတော့ ပါရမီရှင် မင်းသားသုံးဆယ်တို့သည် ရှင်တော်ဗုဒ္ဓ၏ သစ္စာစကားအဆုံးမှာ သောတာပန်အောက်မနည်း အနာဂါမ်ထက်မပို အောက်မဂ် အောက်ဖိုလ် သုံးပါးရရှိကာ မင်းသားအားလုံးတို့သည် အရိယာစင်စစ် ဧကန်ဖြစ် သွားကြတော့သည်။
ထိုရဟန်းတော်မြတ် အသစ်စက်စက် သုံးဆယ်တို့သည် အရိယာအဖြစ်နှင့် တစ်ကြိမ်မျှသာ ဖူးခွင့်ရလိုက်သည့် ဗုဒ္ဓရုပ်ပုံတော်ကို ဆက်လက်ဖူးမြှော်လို၊ တစ်ကြိမ်မျှသာ နာကြားခွင့်ရလိုက်သော ချိုမြိန် ကောင်းမြတ်လှသည့် တရားတော်အသံတို့ကို  နာကြားလိုသော သဒ္ဓါ ဆန္ဒ ပြင်းပြစွာနှင့် ရှင်တော်ဗုဒ္ဓ ရှိရာဆီမှန်းပြီး ခရီးလျှောက် လှမ်းလာခဲ့ကြရင်း သာဝတ္ထမြို့ ဇေတဝန်ကျောင်းတော်သို့ မရောက်မှီ သာကေတမြို့တော်မှာ ဝါဆိုဝါကပ် တော်မူခဲ့ကြသည်။ သာဝတ္ထိနှင့် သာကေတမြို့မှာ (၆)­ ယူဇနာ ဝေးကွာလှသည်။ နို့စို့ကလေး အမေနှင့် ခွဲနေရ သကဲ့သို့ တရားနို့ ဆာလောင်စွာနှင့် ဝါဆိုဝါကပ် နေခဲ့ရပေသည်။ ဝါကျွတ်သည်နှင့် မြတ်ဗုဒ္ဓ ရှိရာ သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။
မိုးကမပြတ်တတ်သေး၊ ရွံ့နွံ့စေးပေါများ၊လျှိုမြောင်တောင်ကြား စမ်းအိုင်များကို ဖြတ်ကျော် လာခဲ့ကြရသော နုနယ်သော မင်းသားတဖြစ်လဲ ရဟန်းတော်များမှာ အလွန်ပင်ပန်းကာ သင်္ကန်းများလည်း မိုးရေစိုရွှဲ၍ လဲစရာ နတ္ထိ သနားစရာအတိနှင့် ရှင်တော်ဗုဒ္ဓရှေ့တော်မှာ ပြားပြားမှောက်ကာ ဝပ်ချဖူးမြှော်နေကြသည်ကို “နေကောင်း ကြပါ၏လော၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါ၏လော”ဟူသော ဧည့်ဝတ်စကား မိန့်ခြွေတော်မူကာ အတိုင်းမသိ သနားခြင်း မဟာကရုဏာ ရှိတော်မူသော ရှင်တော်ဗုဒ္ဓသည် ထိုမင်းသားသုံးဆယ်တို့ကို အကြောင်းပြုကာ သာသနာတော်အတွက် အရှည်ရည်မြှော်လျှက် ဤထူးခြားသည့် ကထိန်တော်ကို ခွင့်ပြုတော် မူခဲ့ပေသည်။ နောင်တွင် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ် ရဟန်းတော်တို့သည် မြတ်ဗုဒ္ဓဟောတော်မူသော အနမတဂ္ဂ သုတ်တော်ကို နာကြားရသဖြင့် ပဋိသမ္ဘိဒါဥာဏ်လေးပါး၊ အဘိညာဉ် ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာ အရှင်များ ဖြစ်သွားခဲ့ကြလေတော့သည်။ ကထိန်ကို ထိုရဟန်းတော် သုံးကျိပ်အကြောင်းပြု၍ မြတ်ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့သည်။ အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။(မဟာဝါ ပါဠိတော်)။ ချစ်သားတို့ ဝါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။

ဤသို့လျှင် မြတ်ဗုဒ္ဓသည် လေးလံလှစွာသော ဒုကုဋ်သင်္ကန်းကြီးကို ထားခဲ့၍ ပေါ့ပါးသော သင်းပိုင် ကိုယ်ဝတ် သင်္ကန်းတို့ဖြင့်သာ လွတ်လပ်ပေါ့ပါးစွာ မပင်မပန်း ခရီးဒေသစာရီ လှည့်လည်သွားလာနိုင်ရန် ရန်သန်တော် မူသောကြောင့်လည်းကောင်း၊ ဤကထိန်မည်သည်ကို ရှေးရှေးသော ဘုရားရှင်တို့၏ ခွင့်ပြုပညတ်တော်မြဲ ဓမ္မတာ ဖြစ်သောကြောင့်လည်းကောင်း ကထိန်ကို ခွင့်ပြုတော်မူခဲ့လေသည်။ ကထိန်သည် သီိတင်း ကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း ခင်းအပ်သောကာလ ဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ ထိုက်ပါသည်။ သံဃာသည် ကထိန်၏ မူလမည်ပါသည်။ ကထိနဿ ဧကံမူလံ သံဃော။(ပရိဝါ-၃၀၆)။

“သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ်” ဟူ၍ ရှေးဆရာတော်ကြီးများ မိန့်ဆိုထားသော တန်ဖိုးရှိလှသည့် ရှေးအစဉ်လာစကားကို ယနေ့ထက်တိုင် ဗုဒ္ဓဘာသာဝင်တိုင်း နာမဝအောင် ကြားဖူးကြပေသည်။ ကျောင်းလှူတာခြင်းအတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် သိမ်ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ်ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စအဝဝတို့ကို သိမ်ကျောင်းအတွင်း၌သာ ပြုလုပ်ရသောကြောင့် ပိုမိုအကျိုးများသည်၊ ထို့ကြောင့် သာသနာတော်၏ ရေသောက်မြစ် သဖွယ်ဖြစ်သော သိမ်ကျောင်း အလှူကို မွန်မြတ်၏ဟု ဆိုကြပါသည်။

ကထိန်သင်္ကန်းနှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်စွဲ၊ ဥပါဒါန်စွဲ မထားဘဲ ကထိန်အလှူရှင်များက ကထိန်အလှူသင်္ကန်းကို သံဃိကဒါန ပေးလှူရသည်၊ ယင်းကထိန်သင်္ကန်းသည် သံဃိကဒါန ဖြစ်သောကြောင့်လည်းကောင်း၊ တစ်လအတွင်းသာ ကထိန်ခင်းရသဖြင့် ကာလဒါန ဖြစ်သောကြောင့်လည်းကောင်း၊ သံဃာတော်များအား လာဘ်လာဘ ဖြစ်ထွန်းကာ ချမ်းသာစေခြင်း ကြောင့်လည်းကောင်း၊ အကျိုးငါးပါး တိုးပွားစေ သော ကြောင့်လည်းကောင်း၊ ကထိနဒါနသည် ဝိနည်းသိက္ခာပုဒ် ငါးပါးဖြင့် သင့်ရောက်နိုင်သော အပြစ်အာပါတ်တို့ကို ကင်းလွတ်ခွင့်ရအောင် ပြုလုပ်ပေးရာ ရောက်သောကြောင့်လည်းကောင်း ကထိန်သင်္ကန်း လှူဒါန်းခြင်းကို မွန်မြတ်လှသည်ဟု ရှေးဆရာတို့ မိန့်တော်မူကြသည်။
ထို့ကြောင့် သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ ကထိန်သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်းများစွာ) ရှိနေသောကြောင့် ဖြစ်ပေသည်။ ကထိန်သင်္ကန်း အလှူ၏ ထူးခြားချက်(စည်းကမ်းတို့)ကို အနည်း ငယ်မျှ ရှင်းပြရလျှင် ကထိန်သင်္ကန်းသည် လှူဒါန်းမှု ဖြစ်ပေါ်လာပုံ အားဖြင့်လည်းကောင်း၊ အချိန်ကာလ အားဖြင့်လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း၊ လှူဒါန်းဖွယ်ရာပစ္စည်း အားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း)အကျိုး အားဖြင့်လည်းကောင်း၊ တစ်ခြားသော ဒါနတို့နှင့်မတူ“ မူ”များစွာ ထူးခြားနေသည်ကို တွေ့ရှိ နိုင်ပေသည်။ ဆိုပါတော့….
၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း၊ ဆွေမျိုးကိုသော်လည်း ကောင်း၊ ဖိတ်မန္တက ပြုထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း အရိပ်အမြွက် နှုတ်မြွက်၍ အလှူခံကောင်း (တောင်းကောင်း)၏၊ ကထိန်သင်္ကန်းကိုကား မိဘကိုသော်မှလည်း အရိပ်အမြွက် နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ( န နိမိတ္တေန၊ ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ)၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူခံကောင်း၏၊ (ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့ သဒ္ဓါတရား သန့်သန့်လေးဖြင့် လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးပေါ်ကျကထိန်”ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ၊ မာတရမ္ပိ ၀ိညာပေတုံ န၀ဋ္ဋတိ၊ အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ၊)။
၂။ကထိန်သင်္ကန်းသည် တစ်ခြားသော လှူဖွယ်တို့ကဲ့သို့ လှူချင်သည့်အခါတိုင်း လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ (ကထိန်ခင်းခွင့်ရှိ၏) ထိုတစ်လအတွင်း သံဃာတော်များအား ကထိန်သင်္ကန်း လှူ ထား၍ သဃာတော်များက ဝိနည်းကံအားလျှော်စွာ ဥတ်ကမ္မဝါစာဖြင့် ကြိုတင်ခင်းထားရမည်၊ ကထိန်ပွဲ ကျင်းပမှုကို တန်ဆောင်မုန်း လပြည့်ကျော်သော်လည်း ကျင်းပတော်မူကြသည်။ ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝမရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။
၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် (နှစ်ထပ်) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ (တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည်)
၎။လှူနည်းအားဖြင့် သံဃိကဒါနအဖြစ် သံဃာအားသာ လှူဒါန်းရမည် ဖြစ်ပေသည်။ (ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝ မလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏။ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။
၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါကပ်၍ (၀ါမကျိုးမပျက်သော) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာ အလှူခံခွင့် ရှိသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည် ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။
၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသောရဟန်းနှင့် အနုမောဒနာပြုသော) ရဟန်းတော်များ သည် ၀ိနည်းသိက္ခာပုဒ်နှင့် သက်ဆိုင်သည့် ကင်းလွတ်ခွင့်(၅)မျိုးကို သီတင်းကျွတ်လပြည့်ကျော်-၁-ရက်နေမှ စ၍ တပေါင်းလပြည့်နေ့ထိ ၅-လ တိုင်တိုင် ရရှိကြလေသည်။
 အထက်ဆိုခဲ့ပြီးသည့်အတိုင်း သံဃာတော်များ အနေအားဖြင့်လည်း သံဃာအား လှူဒါန်းအပ်သော သံဃိက၊ သံဃာပိုင် ရလိုက်ပြီးဖြစ်သော ထိုသင်္ကန်းကို ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတော်များက ဝိနည်း တော် နှင့်အညီ အဆင်းရဲဆုံး၊ အနွမ်းပါးဆုံး၊ အချို့တဲ့ဆုံး သံဃာကို ရွေးချယ်စိစစ်၍ ထိုသင်္ကန်းကို သိမ်ထဲတွင် ကမ္မဝါစာနှင့်ရွတ်ဆို အတည်ပြုကာ သံဃာ့ဆန္ဒနှင့်အညီ ရွေးချယ်ထားသော ရဟန်းတော်အား ကထိန် သင်္ကန်းကို ပေးအပ်ကြရသည်။ ထိုရဟန်းသည်လည်း ကထိန်အကြောင်းနှင့်ပတ်သက်၍ နားလည်/ကျွမ်းကျင်မှု ရှိရမည်။ ကထိန်ခံယူမည့် ရဟန်းတော်မှာ ဝါကျိုးပျက်ခြင်းမျိုးလည်းမရှိစေရ။ ထိုကထိန်သင်္ကန်းကို ရရှိပိုင်ဆိုင်သော ရဟန်းတော်က “အရှင်ဘုရားတို့ ဤ(သုံးထည်သောသင်္ကန်း) တခုခုဖြင့် ကထိန်ခင်းပါ၏” ဟု နှုတ်မြွတ်ရွတ်ဆိုကာ “ဝိနည်းတရားတော်နှင့်အညီ သံဃာတော်များအား ကထိန်ခင်းပြီးပါပြီ အရှင်ဘုရား၊
ထိုကထိန်သင်္ကန်း အလှူအတွက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူကြပါ”(သာဓုခေါ်တော်မူကြပါ)
ဟူ၍လျှောက်ထားရမည်။ ကျန်သံဃာတော်များက ထိုအလှူကို ဝမ်းမြောက်ပါ၏ ဟူ၍ သာဓု တပြိုင်နက် ခေါ်ဆိုရသည်၊ ကထိန်အနုမောဒနာ တက်ရောက်၍ အနုမောဒနာ သာဓုခေါ်သော ရဟန်းတိုင်း အောက်တွင် ဖေါ်ပြမည့် ကထိန်အာနိသင် အကျိုးငါးပါးကို ရရှိကြသဖြင့် ဝိနည်းကံအရ ငါးလလုံးလုံး အပြစ်အာပတ်မှ ကင်းလွတ်ခွင့် ရရှိကြသည်။