ရှေးဟောင်းသမိုင်းစာမျက်နှာများထဲမှ
စံပြုထိုက်သောသူကို ညွှန်းပါဆိုလျှင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးကို ညွှန်းချင်ပါ၏။
မင်းကြီးသည် ထေရဝါဒ ဗုဒ္ဓသာသသနာအတွက် အုဌ်မြစ်ချခဲ့သည့်သူ၊ တိုင်းပြည်ရေးရာ ဆောင်ရွက်ရာမှာလည်း
စံထားလို့ရနိုင်သည့် အခြေအနေမျိုးဖြင့် တိုင်းပြည်ကို အဘက်ဘက်က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်
မင်းကောင်းမင်းမြတ်ဖြစ်ခဲ့ပေ၏။ ထိုမင်းကြီး၏ နည်းနာစနစ်များကို စံနမူနာယူရမည် ဖြစ်၏။
မင်းကြီး၏ တိုင်းပြု ပြည်ပြု သာသနာပြုပုံစနစ်များကို ယနေ့ခေတ်အနေဖြင့် တိုက်ရိုက်ကော်ပီ
ကူးယူ ရမည်မျိုး မဆိုလိုပါ။ သူ၏ စနစ်များသည် သူ့ခေတ်သူ့အခါ သူ့တိုင်းပြည်အတွက် အံဝင်ခွင်ကျ
ဖြစ်နေသည်ကိုတော့ ယုံမှားကင်းစွာ နားလည်ရမည် ဖြစ်၏။
အနော်ရထားမင်းကြီးသည် တိုင်းပြည်
တည်ငြိမ်တိုးတက်ရေးနှင့် တမျိုးသားလုံး သွေးစည်းညီညွတ်ရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ဖြင့်
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ပီပြင်စွာ အကောင်ထည် ဖော်နိုင်ခဲ့၏။ ထိုခေတ်ထိုခါနှင့်
လိုက်လျောညီထွေမှုရှိသည့် ရှေးဟောင်း ဘုန်းတော်ကြီး ပညာရေးစနစ်ကြောင့် ရှေးပုဂံခေတ်
ပြည်သူပြည်သားတို့ ဘာသာရေး၊ လူမှုရေး စီးပွားရေး၊ ပညာရေးအထူး တိုင်းရေး ပြည်ရေး အထူး
တိုးတက်ကောင်းမွန်လာပြီး ဘုရားတည် ကျောင်းဆောက်ကာ အနုပညာပြောင်မြောက်လှသည့် ဗိသုကာ
ပန်းချီ ပန်းပုစသော အထက်တန်းကျသည့် ပညာရပ်များ အံ့မခန်းအောင် တိုးတက် တတ်မြောက်ကြသည်ကို
တွေ့မြင်နိုင်ပေသည်။
ရှေးမြန်မာမင်း အဆက်ဆက်တို့သည်လည်း ပုဂံပြည့်ရှင်
အနော်ရထာမင်း၏ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို အတုယူကာ မိမိတို့လက်တွင် ကျရောက်လာသည့်
ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို အခြေခံလျက် တိုင်းပြည်တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြ၏။
သမိုင်းဖြစ်စဉ်တလျောက်တွင် ပုဂံခေတ်မှ အသိပညာရှင် အတတ်ပညာရှင်များ၏ အငွေ့အသက်များ ပင်းယခေတ်၊
စစ်ကိုင်းခေတ်၊ အင်းဝခေတ်လောက်မှာ စုရုံးမိကြသည်ဟု ဆိုနိုင်၏။ ကိုးကွယ်မှုပိုင်းတွင်
ပုဂံခေတ်မှ ကိုးကွယ်ခဲ့သော ဗုဒ္ဓဘာသာကိုပင် ဆက်လက်ယုံကြည် ကိုးကွယ်လာခဲ့ကြ၏။ သာသနာလင်္ကာရ
စာတမ်းနှင့် ရှေးဟောင်း ရာဇဝင်များတွင် အရညဝါသီ ရဟန်း၊ ဂါမဝါသီ ရဟန်းများအကြောင်း ဖော်ပြထားကြ၏။
ဂါမဝါသီ ရဟန်းများ သီတင်းသုံးရာ ကျောင်းများကို ပွဲကျောင်းများဟုလည်း ခေါ်ကြသေး၏။ ပင်းယခေတ်၊
စစ်ကိုင်းခေတ်များတွင် မြန်မာနိုင်ငံ၏ပညာရေးကို ထိုဂါမဝါသီ ပွဲကျောင်းနေ ရဟန်းတော်များက
ဦးဆောင် တာဝန်ယူလာခဲ့ကြပေသည်။ ဂါမဝါသီ-ပွဲကျောင်းများတွင် သင်ကြားပို့ချပေးသော ပညာရပ်များကို
လေ့လာကြည့်လျှင် ဘာသာရေး သက်သက်တွင်မကတော့ဘဲ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှု အတတ်ပညာရပ်များကို
တွေ့နိုင်ပေသည်။ ထို့ပြင် ဗေဒင်ကျမ်း၊ ဓာတ်ကျမ်း၊ ဆေးကျမ်း၊ အနှိပ်ကျမ်း၊ ဓားလှံ တုတ်သိုင်း၊
ဒူးလေး၊ လောက်လေး လောက်လွှဲပစ်နည်း၊ ခဲလုံးပစ်နည်း၊ ပန်းဆယ်မျိုးအတတ်၊ ယုတ်စွဆုံး လက်ပွေ့၊
လက်ဝှေ့၊ နပန်း သတ်နည်းများအပြင် တီးမှုတ် ကခုန်နည်းစသော လောကီ အသက်မွေးမှု အတတ်ပညာများကိုလည်း
ဂါမဝသီခေါ် ပွဲကျောင်းများတွင် သင်ကြားပို့ချပေးကြောင်းကို မြန်မာမင်း အုပ်ချုပ်ပုံ
(စတုတ္ထ) စာ- ၂၁၂) တွင် တွေ့ရှိ လေ့လာရပေသည်။
ယင်းအတတ်ပညာရပ်များကို
ဆန်းစစ်ကြည့်လျှင် ယနေ့ခေတ်အခေါ် ဝိဇ္ဇာအတတ်၊ သိပ္ပံအတတ်၊ စစ်မက်ရေးရာ သေနင်္ဂဗျူဟာအတတ်၊
ကိုယ်ခံပညာရပ်များ ပါဝင်ကြောင်း သိနိုင်ပေသည်။ လက်မှုဆိုင်ရာ အတတ်ပညာပိုင်းတွင် အထင်ရှားဆုံးဖြစ်သော
ပန်းတိမ်၊ ပန်းပဲ၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတည်း၊ ပန်းပု၊ ပန်းတမော့၊
ပန်းရည်၊ ပန်းရွဲ စသည့် အတတ်တို့ ဖြစ်ပေသည်။ ဗုဒ္ဓဘာသာပညာရေးတွင် ထိုလောကီ ပညာရပ်များ
ပြဌာန်းခြင်း၊ လေ့လာလိုက်စားခြင်းသည်လည်း ခေတ်၏ တောင်းဆိုချက်အရကြောင့် ဖြစ်နိုင်စရာရှိပါသည်။
ခေတ်နှင့် လိုက်လျောညီထွေစွာ ဗုဒ္ဓဘာသာသာ ဘုန်းတော်ကြီးကျောင်း ပညာရေး ပြုပြင် ပြောင်းလဲလာရပေသည်ဟု
ဆိုနိုင်ပေသည်။
ဒီရေအတက်ကျတွင်
လိုက်ပါမျောရှာရသည့် ဗေဒါပန်းသဖွယ် ခေတ်စနစ်၏ တောင်းဆိုချက်အရ နိုင်ငံရေး ဒီရေအတက်အကျတွင် ဘုန်းတော်ကြီး ပညာရေးသည်လည်း
ပြုပြင်ပြောင်းလဲလာရသည်မှာ အမှန်ပင်ဖြစ်၏။ ပြောင်းလဲလာမှု နိယာမ ဖြစ်စဉ်ကြီးတွင် သမိုင်းဆရာတို့က
၁၈၈၅ မှ ၁၈၉၅ အထိ ဆယ်နှစ်တာ ကာလကို “တော်လှန်ခေတ်”ဟု
သတ်မှတ်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာတစ်မျိုးသားလုံးက ဗြိတိသျှ ကိုလိုနီလက်အောက်တွင်
ဗုဒ္ဓဘာသာသာသနာ မည်သို့မျှ ထွန်းကာနိုင်မည် မဟုတ်ကြောင်းကို ယုံကြည်သောကြောင့် ဖြစ်သည်ဟု
ဒေါက်တာကျော်သက်က သုံးသပ်တင်ပြထား၏။ ၁၈၉၅ မှ ၁၉၂၀ ထိ ကာလအပိုင်းကို မြန်မာတို့ “နိုးကြားမှု မရှိသောခေတ်” ဟု သမိုင်းဆရာတို့က
သတ်မှတ်ခဲ့ကြ၏။
ထိုကာလများတွင် မြန်မာနိုင်ငံ ဗြိတိသျှ ပညာရေး ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ
ဘုန်းတော်ကြီးကျောင်း ပညာရေး ပြောင်းလဲခဲ့ရသည်ဟု သုံးသပ်ထားကြ၏။ ဗြိတိသျှတို့ ပညာရေးစနစ်
ရောက်လာသောအခါ ဘုန်းတော်ကြီး ပညာရေး မှေးမှိန်သွားခဲ့ရ၏။ တနည်းဆိုရသော် ခေတ်မမှီ ဖြစ်သွားခဲ့ရ၏။
သို့ဖြစ်လင့်ကစား ဗြိတိသျှ ခေတ်မီ ပညာရေးသည် စာရိတ္တ မဏ္ဍိုင် ရိုင်ချင်တိုင်း ရိုင်နေသည့်အတွက်
ဒုတိယကမ္ဘာစစ်တိုင်အောင် စာရိတ္တကောင်းဖို့ အခြခံသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ပညာရေးကား
လုံးဝ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ဘုန်းတော်ကြီးကျောင်းများသည် စာပေပညာ ဆည်းပူးရာ
သင်ကြားရာ ဌာနများအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့၏။ (“နှစ်ငါးဆယ် ယဉ်ကျေးမှု ရေးရာ” ၁၉၀၀-၁၉၅၀၊
ဒုတိယတွဲ၊ ဘာသာပြန်စာပေ အသင်း ၂၁၅)။ (JS, Furnivall, Colonial Policy and Practice
New York University Press, 1956, pp.371-373)။
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
No comments:
Post a Comment