" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, October 24, 2013

သုန္ဒရီ အလှမယ်လေး၏ ဘဝပုံရိပ်



မရိုးသားသူတို့သည်သည် မာယာများတတ်၏။ သူတို့၏ မာယာကျော့ကွင်းဖြင့် တပါးသူတို့ကို ယုံစားလာအောင် လှည့်စားတတ်ကြ၏။ လှည့်စားခြင်းအပြည့်နှင့် မူရာမာယာ နှတ်ခမ်းလွှာပေါ်က အပြုံးတပွင့်ဖြင့် ဆွဲဆောင်တတ်ကြ၏။ ထိုသူတို့တွင် အလှပဂေး သုန္ဒရီ(အလှမယ်)ပရိဗိုဇ်မလေးလည်း အပါအဝင်ဖြစ်၏။ အော်… ဘာတဲ့၊ နာမည်လေးက သုန္ဒရီတဲ့။ နာမည်နှင့် လိုက်အောင် ရုပ်ရည်အဆင်း လှပ၏။ မြင်သူတိုင်း ငေးလောက်အောင် စွဲမက်ဖွယ်ကောင်း၏။ အချိုးအစား တင့်တယ် ပြေပြစ်၏။ 

ယနေ့ခေတ် Miss Universe, Miss World, Miss Myanmar, တို့တောင် အရှုံးပေးရလောက်အောင် တင့်တယ်လှပ ကျောင့်ရှင်း၏။ ရွှေလိုဝင်းအိ ချောညက်သော အသားအရေရှိ၏။ သမင်မျက်လုံး မခို့တရို့အပြုံး ရွှင်ပြုံးကြည်လင် မျက်နှာအသွင်အပြင် ရှိ၏။ အလွန်တည်ငြိမ်သည့် ကာယိနြေ္ဒရှိ၏။ လှလွန်း၊ ပလွန်း၊ တင့်တယ်လွန်းသဖြင့် သူမကို အများတကာက သုန္ဒရီ(အလှမယ်) ဟု ခေါ်ကြလေ၏။ သူမ၏ ရှေးကုသိုလ်ကံကြောင့်ပင် လှသွေးကြွယ်မှုတို့ အထွတ်အထိပ်သို့ ရောက်ခဲ့လေ၏။

အလှမယ်(သုန္ဒရီ)သည် အများပြည်သူ  မြို့သူမြို့သားများ၏ အာရုံစိုက်မှုကို ခံရ၏။ Public Figure ဖြစ်လာတော့ အများပြည်သူကို စည်းရုံးနိုင်၏။ သူမသည် ပရဟိတနှင့် ဘာသာရေးလည်း မပြတ်လုပ်၏။ သူမ စည်းရုံးလုပ်ဆောင်သည့် ပရဟိတ ဆိုသည်မှာ ဆရာသခင် တိတ္ထိတို့ ကောင်းစားရေးနှင့် ဘာသာရေး ဆိုသည်မှာတော့ တိတ္ထိသာသနာ ပြန့်ပွားရေးကို ဦးစားပေးလုပ်ဆောင်၏။ ထို့ကြောင့် အလှမယ် သုန္ဒရီသည် တိတ္ထိဆရာကြီးတို့ထံ မကြာခဏသွားကာ တိတ္ထိဆရာကြီးတို့၏ အဆုံးအမကို ခံယူလေ့ရှိ၏။

“အလှဆိုတာ ခဏပါ၊ မာန မပါအောင် ကျင့်ရမည်၊ အလှဆိုတာ ခဏပါ၊ ဘဝမမေ့အောင် ကျင့်ရမည်” ဆိုသကဲ့သို့ ရုပ်အလှတရားသည် အားကိုးလောက်ဖွယ်မရှိ၊ ခဏတာ အတွင်းမှာ ယင်းအလှတရားက ဘဝကို ဖျက်ဆီးပြစ်တတ်၏။ အလှတရားကြောင့်ပင် ဘဝပျက်ရတတ်၏။ လှပကျောင့်ရှင်းသည့် အလှမယ်တို့သည် မိမိတို့၏ အလှတရားက မိမိတို့၏ ဘဝကို မဖျက်ဆီးခံရလေအောင် သတိတရား၊ ပညာတရားများဖြင့် ထိန်းကျောင်းရမည် ဖြစ်၏။ သုန္ဒရီ(အလှမယ်)လေးကတော့ သူမ၏ ပညာဥာဏ်နည်းပါးလှမှုကြောင့် သူတပါး၏ အသုံးချမှုကို ခံရရှာလေ၏။ မိမိအလှက မိမိကို ဘဝပျက်အောင် ဖျက်ဆီးပစ်လိုက်တော့၏။

ဟုတ်ပေစွ၊ ဘဝပျက်ကိန်း ကြုံလာချင်တော့ သူမအဖို့ ကံကြမ္မာက မျက်နှာသာမပေး၊ မကောင်းတာကို အကောင်းထင်လာစေ၏။ တိတ္ထိဆရာကြီးတို့က မိစ္ဆာဝါဒ မိုင်းတိုက် စည်းရုံးသိမ်းသွင်းခြင်းသဖြင့် အလွန်လှပသည့် အလှမယ်(သုန္ဒရီ)လေးခမျာ ပညာဥာဏ်နည်းပါးသဖြင့် အလွယ်တကူ သိမ်းသွင်းခံရလေ၏။ တိတ္ထိဆရာကြီးတို့ကလည်း အလွယ်တကူ စည်းရုံးသိမ်းသွင်းလို့ ရသည့် အလှမယ် သုန္ဒရီလေးကို ရလိုက်တာနှင့် တပြိုင်နက် သူမကို ကောင်းကောင်းကြီး အသုံးချကြလေတော့၏။ 

အသိတရား နည်းပါးလှသည့် အလှမယ် သုန္ဒရီလေးကလည်း တိတ္ထိအရှင် ဆရာသခင်တို့၏ လုပ်ဆောင်စရာ မှန်သမျှကို ကိုယ်ဖိရင်ဖိ ကြိုးစား လုပ်ဆောင်ပေး၏။ ဆရာတို့အကြိုက်ဆောင် ဇာတ်ကွက် ပီပြင်အောင် အသုံးတော်ဆောင် ဘဝကကြိုး စုံလင်စွာ ကပြပေးရရှာ၏။ သူမ ကပြရသည့် ကကြိုးကကွက်တို့ကား သူမ၏ အသက်အန္တရာယ်ကိုပင် ထိခိုက်သည်အထိ နစ်နာဆုံးရှုံး ခဲ့ရပေသည်။ သူမသည် သူမ၏ ဘဝနှင့် ရင်းရမည့် အန္တရာယ်ကိုပင် မမြင်နိုင်ရှာပေ။

ဖြစ်ပုံက… မြတ်ဗုဒ္ဓသာသနာတော်ကြီးသည် နေအထောင်ထွန်း၊ လဝန်းအသင်္ချေ၊ ထွက်ပေါ်လေသို့ အလွန်တရာ စည်ပင်လှ၏။ မြတ်ဗုဒ္ဓနှင့် တပည့်သား၊ သံဃာတော်များအား၊ မိုးရာသီကာလ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာမှ ရေများ ပယ်လယ်သမုဒ္ဒရာတွင်းသို့ တစ်လိမ့်လိမ့် တသွင်သွင် အလျဉ်မပြတ် စီးဆင်းသကဲ့သို့ လာဘ်ပူဇော် သက္ကာရများ အလျှံပယ် ပေါများ၏။ ရှင်နေမင်း၏ ရောင်ခြည်တစ်ထောင် ထွန်းလင်းပြောင်လက်သောအခါ ပုန်းကွယ်လျိုးလျိုး ညအခါမျိုးမှ ထွက်ပေါ်လာသော ပိုးစုန်းကြူး၏ အရောင်သည် မထိန်မလင်း ကွယ်ပျောက်ခြင်းကဲ့သို့ တိတ္ထိတို့၏ လာဘ်ပူဇော် သက္ကာရ တို့သည်လည်း မရှိသလောက် နည်းပါးလာချေ၏။ စားဝတ်နေရေး မပြည့်မစုံ ဖြစ်လာ၏။ စားဝတ်နေရေး မပြည့်စုံလေတော့ တိတ္ထိဆရာကြီးတို့  ကြံမိကြံရာ ဆင်ကြံ ကြံကြလေ၏။ ဘုရားရှင်နှင့် သံဃာတော်များအပေါ် မနာလို ဝန်တို ဖြစ်လာကြလေ၏။

တစ်နေ့သောအခါ အလှမယ် သုန္ဒရီလေး ဆရာတိတ္ထိတို့၏ ကျောင်းသို့ ရောက်သွားခဲ့၏။ ဆရာကြီးတို့က ခါတိုင်းလို ဖော်ဖော်ရွှေရွှေ အလ္လာပသလ္လာပ စကားဖောင်ဖွဲ့ မပြောကြတော့။ မထုံတက်သေး အိုင်တင် အပြည့်နှင့် စိတ်ဆိုးသယောင် ဟန်ဆောင်ကြ၏။ ဆရာတို့၏ အမူအရာကို မြင်လိုက်တော့ သူမခမျာ မင်သက်သွား၏။ အနေခက်လှခြေပြီ။ သူ့ကိုယ်သူ တစ်စုံတခုသော အမှား လုပ်မိသလိုလို၊ ချို့ယွင်းချက် တစ်စုံတရာ ရှိသလိုလို ခံစားမိ၏။ စဉ်းစား၍မရလေတော့ ”အရှင်ဘုရားတို့….ဘာလို့ တပည့်တော်မကို စကားမပြောပဲ ဒီလိုမျိုး စိတ်မကောင်းဖြစ်အောင်၊ အနေကြပ်အောင် နှိပ်စက်နေကြတာပါလဲ” ဟု မျက်ရည်စက်လက်ဖြင့် လျောက်ထားရှာလေ၏။

အော်… သုန္ဒရီ၊ နင် ကြည့်နေရက်နိုင်လွန်းတယ်၊ ဒို့မှာ ရဟန်းဂေါတမ ရောက်လာကတည်းကစ လာဘ်ပူဇော် သက္ကာရ ဆုတ်ယုတ်ကြလေပြီ၊ ဒို့ ဘဝ စားဝတ်နေရေး အခက်ခဲ ကြုံလေပြီ၊ ဒို့သာသနာ ထောက်တည်ရာ မရှိလေပြီ၊ နင် တကယ် မသိတာလား သုန္ဒရီ၊ တဲ့။

လောက၌ လာဘသက္ကာရ သိလောက(လာဘ်၊ပူဇော်သက္ကာရ၊ ကြော်ကြားမှု) တို့ကို မြတ်ဗုဒ္ဓက မာရ်နတ်၏ စစ်သည်တော် ဆယ်ပါးတွင် တပါးအပါဝင်အဖြစ် ဟောထား၏။ အလွန် ကျော်လွှားဖို့ ခက်ခဲ၏။ ဆိုပါတော့ တစ်ချို့ပုဂ္ဂိုလ်က လာဘ(လာဘ်လာဘ) ကို ကျော်လွှားနိုင်၏။ လာဘ်လာဘကို မမျှောင်လင့်တော့။ သို့သော် ပူဇော်သက္ကာရ ခံရမှုနှင့် ကမ္ဘာကျော် ကြော်ကြားလိုမှုကို တောင်းတ၏။ တစ်ချို့ကြတော့ လာဘ်ပူဇော် သက္ကာရကို ကျော်လွှားနိုင်၏။ သိလောက ခေါ်သည့် နာမည်ကြီးချင်၊ ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်ချင်ကြ၏။ ထို့ကြောင့် ကမ္ဘာကျော်ဖို့၊ နာမည်ကြီးဖို့ (သိလောက) နောက်သို့ အသဲအသန် လိုက်လံနေကြ၏။ အပြစ်ဟုတော့ မဆိုသာ၊ ပုထုဇဉ်များ ဖြစ်ပေသကိုး။

ဟော… ခုလည်း တိတ္ထိဆရာကြီးတို့သည် တချိန်က လာဘသက္ကာရ သိလောက(လာဘ်ပူဇော်သက္ကာရ ကြော်ကြားခြင်း) ရှိစဉ်တုန်းက သူတို့မှ သူတို့၊ အခြားသူများ ဖုတ်လေသည့် ငါးပိ ရှိသည်ပင် မထင်၊ သူတို့လောက်ပင် မည်သူမှ ဘုဉ်းကံကြီးမားသည်ဟု မထင်ကြ။ မြတ်ဗုဒ္ဓပွင့်လာတော့ သူတို့၏ အပြုအမူ အပြောအဆို အနေအထိုင်များကို အများပြည်သူ တပည့်ဒကာဒကာမ များက ယခင်ကကဲ့သို့ မနှစ်သက် ကြလေတော့ မြတ်ဗုဒ္ဓထံတော်ကိုပင် ဘက်ပြောင်းကာ ဆည်းကပ်ကိုးကွယ်ကြ၏။ လှူတန်းကြလေတော့၏။ စားဝတ်နေရေး အခက်အခဲဖြစ်လေတော့ ဘုရားရှင်နှင့် သံဃာတော်များကို ငြူစူကြလေ၏။ ကြံမရသည့်အဆုံး သုန္ဒရီအလှမယ်လေးကို မဟုတ်မဟပ် အသုံးချလေတော့၏။

သူမကလည်း… ကျေးဇူးပြု၍ လမ်းညွှန်ပါ၊ တပည့်တော်မကို စိတ်မဆိုးကြပါနှင့်၊ စကားမပြောဘဲ ဒီလိုမျိုး ပြုမူ မဆက်ဆံကြပါနှင့်၊ တပည့်တော်မ ဘာများ ကူညီလုပ်ဆောင်ပေးရ မလဲ၊ အားမနာပါနှင့် အမိန့်ရှိပါတဲ့။ ဆရာကြီးတို့ ဆင်ထားသည့် အကွက်ထဲ ပက်ပင်း ကွက်တိ ဝင်လာသော သုန္ဒရီ အလှမယ်လေးကို ဆရာကြီးတို့က သင်တန်းပေးကြလေ၏။ အေး… ကောင်းပြီ၊ ဒါ ဆို၊ နင် ရဟန်းဂေါတမနှင့် နင်နှင့် အလွန် ရင်းနှီးမှု ရှိသယောင် လုပ်ဆောင်လေလော့၊ မိန်းမ မာယာ သင်-တတ်သမျှ ကျော့ကွင်းဖြင့် လူတကာ ယုံစားသွားအောင် အစွမ်းကုန် လှည့်စား လုပ်ဆောင်လေလော့ ဟု လမ်းညွှန်လေ၏။ “ ကောင်းပါပြီ ဆရာသခင်တို့”။

သုန္ဒရီ အလှမယ်လေးကလည်း သူ၏ အလှ၊ သူလုပ်တတ်သမျှ မူရာမာယာဖြင့် သရုပ်သဏ္ဍာန် ပီပြီစွာ ဆရာသခင်တို့ လမ်းညွှန်သည့်အတိုင်း လုပ်ပြရှာ၏။ နေဝင်ဖျိုးဖျ အချိန်၊ မြတ်ဗုဒ္ဓထံ အများတကာ ဘုရားဖူး တရားနာသွား သွားလာကြချိန်တွင် ဦးစွာရောက်အောင်သွား၊ အနီးနား အခြားတိတ္ထိကျောင်း အရာမ်တစ်ခုမှာ ဝင်ရောက် အိပ်လိုက်၏။ နေရောင်ခြည်နုနု လင်းလုလု အချိန်တွင် သုန္ဒရီ အလှမယ်လေးက အများတကာ ထင်ယောင်ထင်မှား ဖြစ်အောင် မြတ်ဗုဒ္ဓ၏ ဇေတဝန်ဘုရားကျောင်းမှ ပြန်လာသယောင်ယောင် မူရာမာယာ အပြည့်ဖြင့် အပီအပြင် ဟန်ဆောင်၏။ ဇာတ်ကောင် ပီပြင်စွာ အက်ရှင် အပြည့်ဖြင့် သရုပ်ဆောင်၏။ ကြည့်ရှု့နေသည့် တရားနာ ပရိတ်သတ်ကြီး ယုံစားလာအောင် ဒါရိုက်တာ တိတ္ထိဆရာကြီးတို့ ခိုင်းသည့်အတိုင်း တသွေမတိမ်း  ဟန်ဆောင်နိုင်၏။ လံကြုတ် လုပ်ကြံဇာတ်လမ်းကို မုဝင်စွာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်၏။

နှစ်ရက် သုံးရက်လောက်ကြာတော့ တိတ္ထိဆရာကြီးတို့သည် သေသောက်ကျူးတို့အား အရက်တိုက်ကြ၏။ အရက်ဆိုသည်မှာလည်း “ဧကော သုညံ၊ ဒွေ သူရံ၊ တယော ပိဝေါ သုနခေါ” တစ်ခွက်သောက်တော့ ဆိတ်ဆိတ်နေတယ်၊ နှစ်ခွက်သောက်တော့ ရဲရင့်တယ်၊ သုံးခွက် သောက်တော့ ခွေးဖြစ်တယ်” ဟူသော မြန်မာစကားပုံအတိုင်း ကောင်းကျိုးပေးသည်မရှိ။ မူးအောင် သောက်တော့ အသိဥာဏ်ကင်းမဲ့ ခွေးသဖွယ် ဖြစ်သွားလေ၏။ တိတ္ထိဆရာကြီးတို့ကလည်း မူးအောင် သေရည်တိုက်၊ အသပြာပေးကာ သုန္ဒရီ အလှမယ်လေးကို သတ်ပစ်စေခဲ့ပြန်၏။ အလှမယ်လေးကတော့ ဆရာကြီးတို့ အတွက် အသက်ပေး ကျေးဇူးဆပ်သွားရှာ၏။ တိတ္ထိ ဆရာကြီးတို့သည် အလှမယ် သုန္ဒရီ၏ အလောင်းကို ဇေတဝန်ဘုရားကျောင်းအနီး အမှိုက်ပုံထဲ ပစ်ထားစေခဲ့ကြ၏။ သူတို့၏ လုပ်ကြံဇာတ်လမ်းကို တကမ္ဘာလုံး၊ တမြို့လုံး ဟိုးလေးတကျော် ဖြစ်အောင် ထိုခေတ် မီဒီယာမျိုးစုံမှ မကောင်းသတင်း လွှင့်ကြ၏။

ဘုရင့်နန်းတော်ထိ အမှုက ပြန့်နှံကာ ရောက်လာ၏။ ဘုရင် ကောသလ ခေါင်းခြောက်ရပြန်၏။ အကယ်၍ မင်းကြီးသည် မြတ်ဗုဒ္ဓစကား နားထောင်ခဲ့လျှင် ဤကဲ့သို့ ပြဿနာတက်စရာ၊ ခေါင်းရှုပ်စရာ မရှိ၊ တိတ္ထိတို့က မြတ်ဗုဒ္ဓကို တုပလို၊ တိုက်ခိုက်လို၍ ဇေတဝန်ကျောင်းအနီး ရာဇကာရာမ တိတ္ထိကျောင်းဆောင်ကို မင်းကြီးထံ လာဘ်ငွေတစ်သိန်းပေး၍ ကျောင်းဆောက်ခွင့် ပါမစ် ရယူ ဆောက်လုပ်ခဲ့ကြ၏။ မြတ်ဗုဒ္ဓက အန္တရာယ် ကြိုမြင်သဖြင့် မင်းကြီးအား အတန်တန် တားမြစ်သည့် ကြားမှ လာဘ်ယူကာ ဆောက်လုပ်ခွင့် ပြုခဲ့၏။

ယခုလို အလှမယ် သုန္ဒရီ ပရိဗိုဇ်မလေး လူသတ်မှုကဲ့သို့သော ပြဿနာ အရှုပ်ထွေး ဖြစ်လာခါမှ မင်းကြီးသည် မြတ်ဗုဒ္ဓစကားကို သဘောပေါက် နားလည်လာသဖြင့် တိတ္ထိတို့ကို အပြီးပိုင် နှင်ထုတ်၍ ထို ရာဇကာရာမ တိတ္ထိကျောင်းကို ဗုဒ္ဓသာသနာပြုကျောင်း အဖြစ် ပြောင်းလဲကာ ကောသလမင်းကြီးက ကျောင်းဒကာအဖြစ် ခံယူခဲ့လေ၏။ “ရာဇကာရာမ- မင်းကျောင်းတိုက်” ဟူ၏။

ပြန်ဆက်ရလျှင် တိတ္ထိတို့သည်လည်း သူတို့၏ လုပ်ကြံဇာတ်လမ်းကို နေ့စဉ်ရက်ဆက် ဟိုလေးတကျော် ဖြစ်အောင် သတင်းလွှင့်ကြ၏။ ဘုရင်းမင်းကြီးအား အမှုပေါ်လာအောင် အကြပ်ကိုင် တိုင်တန်းကြ၏။ အသိဥာဏ် နည်းပါးသည့် ကောသလမင်းကြီးကလည်း “ သင်တို့ သုန္ဒရီ အလှမယ်လေးကို ဘယ်သူ သတ်တာ လို့ ပြောချင်ကြသလဲ”။ အင်း…၊ “အခုတလော ရဟန်းဂေါတမရဲ့ ဇေတဝန်ကျောင်းသို့ မကြာခဏ သွားနေတာဘဲ၊ ဇေတဝန်ကျောင်းသွားပြီး သူမ ဘာလုပ်တယ်တော့ ငါတို့ မသိ၊ ခုမှ ဇေတဝန်အနီး အမှိုက်ပုံမှာ သတ်ပစ်ထားတဲ့ ဒို့ရဲ့ ချစ်တပည့်မ အလှမယ် သုန္ဒရီလေး အလောင်းကို တွေ့ရတော့တာပါဘဲ” စသည်ဖြင့် လုပ်ကြံ ပြောကြသတတ်။

တိတ္ထိတို့သည် သရုပ်ပိုမို ပီပြင်အောင် အလှမယ် သုန္ဒရီလေး၏ အလောင်းကို ထမ်းစဉ်ဖြင့် မြို့တွင်း သယ်ဆောင်လာကြ၏။ …” ကဲ… ကြည့်ကြစမ်း၊ ရဟန်းဂေါတမရဲ့ တပည့်တွေဟာ သူတို့ဆရာရဲ့ လုပ်ရပ်ကို ဖုံးကွယ်ထားပြီး ဒို့ရဲ့ ချစ်တပည့်မ အလှမယ် သုန္ဒရီလေးကို စိတ်တိုင်းကျ မဟုတ်တရုတ် ဆက်ဆံ၊ ခုတော့ အမှိုက်ပုံကြား သတ်ပစ်ထားရက်ကြတယ်”။ တဲ့။ တိတ္ထိတို့သည် တရားခံ မပေါ်သေးသမျှ ဝမ်းသာအားရ အလှမယ် သုန္ဒရီလေး၏ အလောင်းကို ထမ်းစဉ်ဖြင့် ထမ်းကာ မြို့တွင်းလှည့်၍ မဟုတ်တရုတ် ဆက်လက် ပြောဆိုကြလေတော့သည်။ “ ကြည့်ကြစမ်း၊ မိဘပြည်သူများတို့၊ သာကီဝင် ဂေါတမနှင့် သူ့တပည့်သားတွေ လုပ်ရပ်က ဘယ်လောက် ရက်စက်လိုက်ပါသလဲ၊ သူတပါးအသက်ကို ကြက်ကလေး ငှက်ကလေးလို လွယ်လွယ်လေး သတ်ရက်တယ်၊ ရက်စက်နိုင်လွန်းကြပါဘိ” စသည်ဖြင့် တိတ္ထိတို့သည် မြို့တွင်း မြို့ပြင် အနှံ့အပြား လှည့်လည်ကာ ဘုရားရှင်နှင့် တပည့်သားတို့အား မကောင်းသတင်းကို သွားပုတ်လေလွင့် (ကမ္ဘာသိ) တိုင်းပြည်သိ၊ ပြောကြ၏။ ကဲ့ရဲ့ ရှံ့ချကြ၏။

 ထို မဟုတ်မမှန်သည့် ဖြစ်စဉ် လံကြုတ်(လုပ်ကြံ) သီတင်းလွှင့်နေကြပုံကို ရဟန်းတော်တို့က မြတ်ဗုဒ္ဓအား လျှောက်ထားကြ၏။ ထိုအခါ မြတ်ဗုဒ္ဓက “ မဟုတ်မမှန် ပြောဆိုသူသည် ငရဲသို့ ကျရောက်ရ၏၊ ကိုယ်တိုင်လုပ်ပါလျှက် မလုပ်ပါဟု ငြင်းဆိုလျှင် တမလွန်ဘဝ၌ ယုတ်ညံ့သူတို့ ဖြစ်ကြရ၏” ဟု မိန့်တော်မူ၏။

ဤသို့ဖြင့် ကောလသမင်းကြီး ဖွဲ့စည်းပေးထားသည့် သုန္ဒရီ အလှမယ်လေးအား သတ်မှုကို အမှုမှန်ပေါ်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့သည်လည်း မျက်ခြေမပြတ် သဲလွန်စရှာ၊ လိုက်လံ စနည်းနာ နေကြ၏။ ဟော့… မကြာမီ သဲလွန်စ ရပါပြီ။ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်နှစ်ဦးသည် သေသောက်ကျူးတို့နှင့် ပေါင်းမိကြလေ၏။ ထောက်လှမ်းရေးတို့နှင့် အတူ သေသောက်ကျူးတို့လည်း မူးကြ၊ ယစ်ကြ၊ သောက်စားကြ၏။ “ ထန်းရည်မူး ကျွဲခိုးပေါ်” ဆိုသလို ကိုကြီးကျော်တို့အဖွဲ့ အချင်းချင်း စကားအထိန်းအကွပ်မရှိ  ပြောကြလေတော့၏။ ဟေ့… သုန္ဒရီ အလှမယ်လေးကို သတ်တာ ဘယ်သူလဲကွ၊ မင်း…. အင်း… ငါ…ငါ.. လေကွာ၊ ရီဝေဝေဖြင့်… ဟုတ်တယ်လေ၊ မင်းလဲ တချက်ခုတ်သတ်၊ ငါက အမှိုက်ပုံထဲ ပြစ်ထားခဲ့တာကွာ မဟုတ်ဘူးလား… ချီးယား… ဟုတ်ပါ့ ဟုတ်ပါ့… ကိုင်း ရော့ … တစ်ခွက် ထပ် သောက်လိုက်ကြဦးစို့ … ချီးယား၊ ချီးယား… ဂွတ်… ဂွတ်…။

အမှန်တရားသည် ချက်ချင်းမပေါ်သော်လည်း တဖြေးဖြေးတော့ ပေါ်လာစမြဲသာတည်း။ ထောက်လှမ်းရေး တို့သည် သေသောက်ကျူးတို့အား ဖမ်းဆီးခေါ်ကာ ဘုရင့်ထံမှောက် အရောက်ပို့ခဲ့လေပြီ၊ မင်းကြီးလည်း အမှုမှန်ပေါ်ပေါက်သောအခါ တိတ္ထိတို့အား ထိုက်တန်သော အပြစ်ဒဏ်ကို ပေးလိုက်လေတော့သည်။

တိတ္ထိတို့သည် အလှမယ် သုန္ဒရီလေးကို အသုံးချကာ မြတ်ဗုဒ္ဓနှင့် သာသနာတော်ကြီးကို အမည်းစက် ထင်အောင် လုပ်ကြပါသော်လည်း “ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံဘဲ တထပ်တည်း” ဆိုသလို ထို အမဲစက်သည် တိတ္ထိတို့ ထံကိုပဲ တန်ပြန် သက်ရောက်သွားလေတော့၏။ ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြတ်ဗုဒ္ဓက “ ပတ္တမြားရွှေဂူ” ဇာတ်နိပါတ်အကြောင်းကို ဟောတော်မူသေးသည်။

ပတ္တမြားရွှေဂူ

တစ်ခုသော ဘဝမှာ ဘုရားလောင်းတော်သည် ဟိမဝန္တာသို့ တောထွက် ရသေ့ရဟန်း ပြုခဲ့၏။ ဘုရားလောင်း ရသေ့၏ သစ်ရွက်မိုးကျောင်းလေး အနီး၌ ပတ္တမြားဂူ တစ်ဂူရှိ၏။ အရောင်တဖိတ်ဖိတ် တောက်ပလျက်။ ပတ္တမြားဂူအနီး ဝက်အုပ်စု တစ်စုလည်း နေ၏။ ထို ပတ္တမြားဂူ အနီးမှာပင် ကေသရာဇာ ခြင်္သေ့မင်းကလည်း လှည့်လည် ကျက်စားနေကြဖြစ်၏။ ပတ္တမြားဂူ အနီးအနားရောက်တော့ ခြင်္သေ့၏ အရိပ်သည် ရောင်ပြန်ဟပ်ကာ အထင်းသား ပေါ်နေ၏။

ဝက်တို့သည်လည်း ခြင်္သေ့အရိပ်ကို မြင်ရလေတိုင်း ကြောက်ရွံထိတ်လန့်ကြ၏။ ဘယ်တော့များ ဒို့ကို ခြင်္သေ့က ခုန်အုပ် စားခံရမလဲဟု အမြဲတမ်း ရင်တမမ စိုးထိတ်ကြရ၏။ ဝက်တို့ အစားအစာပင် မစားနိုင်လောက်အောင် စိုးရိမ်နေကြရ၏။ ဝက်တွေ စဉ်းစားခန်း ထုတ်ကြပြီ၊ “ ဟောဒီ ပတ္တမြားဂူ၏ ကြည်လင်တောက်ပမှုကြောင့် ဒို့ ခြင်္သေ့၏ အရိပ်ကို အထင်းသား မြင်နေကြတာ၊ ခြင်္သေ့ကို မြင်ပြီး မအိပ်နိုင် မစားနိုင်ဖြစ်ကြတာ၊ ပတ္တမြား ဂူကို မှုန်ဝါးသွားအောင် လုပ်ကြစို့”

ဝက်တို့သည် မနီးမဝေး ရွံ့ညွန်အိုင်မှ ရွံ့ညွန်များကို မိမိတို့ ကိုယ်ဖြင့် လူးလှိမ့်ယူကာ ပတ္တမြားဂူကို အသိဥာဏ်မဲ့စွာ ပွတ်တိုက်ကြလေတော့သည်။ ပွတ်တိုက်လေလေ ပတ္တမြားဂူက တောက်ပြောင်လေပင် ဖြစ်၏။ ဤအကြောင်းကို ဝက်တို့က ဘုရားလောင်း ရသေ့အား လျှောက်ထား၏။ ဘုရားလောင်း ရသေ့က…

“ဝက်အပေါင်းတို့ ဒီပတ္တမြားဂူဟာ ကြောင်မျက်ရွဲ ကျောက်အမျိုးစား ဖြစ်တယ်၊ ကျောက်သား ချောညက်ပြီး အညစ်ထေးမရှိဘူး၊ အရမ်းလှပ တင့်တယ်တယ်၊ သင်တို့ဟာ ဒီ ပတ္တမြားရဲ့ လှပ တင့်တယ်ခြင်း ကျက်သရေကို ဖျက်လို့ မရဘူး၊ ပတ္တမြားရဲ့ အရောင်ကို ဖျောက်ဖို့ မကြိုးစားကြနဲ့၊ သင်တို့ အခြား သင့်တင့်လျောက်ပတ်သည့် တစ်နေရာသို့ ပြောင်းရွေ့နေကြလေကုန်” ဟု ပြောလေ၏။ ဝက်တို့သည်လည်း ဘုရားလောင်း ရသေ့၏ စကားအတိုင်း အခြားတစ်နေရာသို့ ပြောင်းရွေ့သွားကြလေကုန်၏။ ပတ္တမြားရွှေဂူ ဇာတ်လမ်းကို မန်လည်ဆရာတော်ကြီးက အောက်ပါအတိုင်း ပီပြင်စွာ လေးဆစ်ကဗျာကို ဖွဲ့ဆိုခဲ့လေသည်။


ပတ္တမြားရွှေဂူ

အပြစ်မရှိ အပြစ်ရှာ၊
လမင်းကို ခွေးဟောင်လို့၊
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ၊
ညွန်လူးကာ တိုင်နဲ့။
ပွတ်လေလေ
ရွှေဂူမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

မေ့သားလှ(ဇလဂ္ဂ)
22-10-2013

Wednesday, October 9, 2013

ပေသးသူမြင့် ယူသူနိမ့် (အတွေးပုံရိပ်)


ဂါရဝံ လဗ္လတေ ဒါနာ၊ န တု ဝိတ္တဿ သဉ္စယာ၊
ဋ္ဌိတေ ဥစ္စေ ပယောဒါနံ၊ ပယောဓီနံ အဓော ဋ္ဌိတံ၊


ဂါရဝံ လဗ္လတေ ဒါနာ၊ ပေးလှူတတ်သောကြောင့် လေးစားထိုက်သူ အဖြစ်ကို ရ၏။
န တု ဝိတ္တဿ သဉ္စယာ၊ စည်းစိမ်ဥစ္စာ ပစ္စည်းများ စုဆောင်းသိမ်းထားခြင်းကြောင့် လေးစားထိုက်သူ ဖြစ်မလာပါ။
ဋ္ဌိတေ ဥစ္စေ ပယောဒါနံ၊ ရေကိုပေးတတ်သော မိုးတိမ်တို့၏ တည်ခြင်းသည် အမြင့်၌ ဖြစ်၏။ ပယောဓီနံ အဓော ဋ္ဌိတံ၊ ရေကို လက်ခံသိုလှောင်သော ပင်လယ်သုမုဒ္ဒရာတို့၏ တည်ခြင်းသည် အနိမ့်၌ ဖြစ်၏။

ဆိုလိုသည်မှာ ပေးကမ်း လှူဒါန်းသူကို ပတ်ဝန်ကျင် အသိုင်းအဝိုင်း လောကကြီးက ချီးကျူးကြ၏။ စိတ်၌ အလေးထားတတ်ကြ၏။ ဂရုဂါရဝတရား ထားလာတတ်ကြ၏။ ကိုယ့်ရေး ကိုယ့်တွက်တာချည်း စုဆောင်းသိမ်းပိုက်ထားသူကို လောကကြီးက အလေးမပြု၊ မချီးကျူး၊ ဥပမာအားဖြင့် ရေကိုပေးတတ်သော မိုးတိမ်သည် ကောင်းကင် အမြင့်၌သာ တည်၏၊ ရေကို လက်ခံ သိုလှောင်သမှု ပြုရသော ပင်လယ်သမုဒ္ဒရာတို့သည် အနိမ့်ဖြစ်သည့် မြေကြီး၌သာ တည်ရ၏။ အောက်တန်းကသာ နေရ၏။ ဤနိယာမ သဘောအရ ပေးသူသည် အမြင့်မှ၊ လက်ခံရယူသူသည် အနိမ့်မှ ဖြစ်၏။ ပေးသူ ပေါ့၊ ယူသူ လေးသွား၏။ ဘဝသံသရာ ပေါ့ပေါ့ပါးပါး လျှောက်လမ်းနိုင်ဖို့ ပေးရမည်ဖြစ်၏။ ထာဝရ မိမိအတွက်ချည်း သိမ်းပိုက်မထားသင့်။ မိမိအတွက်ချည်း သိမ်းပိုက်ထားသူကို သူတော်ကောင်းတို့ မချီးကျူးကြ။

သူတော်တို့ထုံးလမ်း တတ်စွမ်းသမျှ လျှောက်လမ်း သင့်၏။ မိမိတို့ ဘာလုပ်သင့်သည်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် တွေးခေါ်စဉ်းစား သင့်၏။ သူတော်ကောင်းတို့ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် တွေးကြံလျက် လုပ်ဆောင်သင့်၏။ မိမိတို့၏ အတွေး မှန်ကန်ဖို့ အရေးကြီး၏။ ဘုရား လောင်းတော် တို့လောက် အတွေးမနက်နဲသည့်တိုင် ထိုဘုရားလောင်းတော်တို့၏ တွေးခေါ် ပြုလုပ်ပုံကို အားကျ အတုယူသင့်၏။


သုမေဓာ အတွေး ပုံရိပ်


သူကား သုမေဓာ၊ အမရဝတီရွှေမြို့တော်မှ ယောကျာ်းမြတ်အာဇာနည်၊ ရုပ်ရည်ကတင့်တင့်၊ အမျိုးကမြင့်မြင့်၊ အသက်က တစ်ဆယ်ခြောက်နှစ်အရွယ် ခပ်ငယ်ငယ်၊ သို့သော် သူ၏ အတွေးကား သူမတူအောင် အလွန်စူးရှလှ၏။ ပုံရိပ်ကား တောက်ပြောင်လှ၏။ သူ၏ အတွေးကား လူငယ်ပီပီ ကာမဂုဏ်နှင့်စပ် မဟုတ်မဟပ် အတွေးမျိုး မဟုတ်၊ ဘဝလွတ်မြောက်ရေး အမတ ရှာပုံတော်အတွေး၊ ဘုရားဖြစ်ဖို့၊ သတ္တဝါတို့ကို ကယ်တင်ဖို့ အတွေးပင် ဖြစ်၏။ ဒီပင်္ကရာဘုရားရှင် ထံမှ နိယတဗျာဒိတ်ပန်း ပန်ဆင်သည်မှစပြီး သူ၏အတွေးပုံရိပ် ပိုမိုပီပြင်အောင် ပုံဖော်ရ၏။ နဲနဲနောနော မဟုတ်၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပင်၊ သူ့အတွေး သူ့စိတ်ကူးကို မှန်ကန်စွာ တည့်မတ်၏။ သူ့ရည်မှန်းချက်ကို ပီပြင်အောင် ပုံဖော်ရ၏။

အနည်းငယ်မျှ တင်ပြရသော် သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ယျောာ်းမြတ် အာဇာနည်တို့ တတ်သင့်တတ်ထိုက်သော ပညာမျိုးစုံ ပြည့်ပြည့်စုံစုံ တတ်မြောက်ထား၏။ ကံမကောင်း အကြောင်းမလှချင်တော့ မိဘနှစ်ပါး ဆုံးပါးသွားသဖြင့် မိဘနှစ်ပါးနှင့် သူ-ခပ်ငယ်ငယ်ကပင် သေကွဲကွဲခဲ့ရ၏။ သို့သော် သူစိတ်ဓာတ်မကျ၊ စိတ်ဓာတ်ကျသူသည် ကိုယ့်ကိုယ်ကို အရှုံးသမား၊ မအောင်မြင်သူ၊ မစွမ်းနိုင်သူ၊ အရည်အချင်းမရှိသူဟုသာ မြင်၏။ သို့သော် သူကား ထိုသို့ မဟုတ်၊ အဆိုးနှင့်ရင်ဆိုင်ရလင့်ကစား လောကဓံအဆိုးထဲက အသိဥာဏ်ရအောင်၊ ဘဝလှိုင်းဒဏ် လောကဓံအဆိုးထဲက အကောင်းထွက်အောင် စိတ်ဓာတ်မကျ၊ လက်လျော့ စိတ်အားငယ်မှု မရှိဘဲ အားမန်အပြည့်ဖြင့် သူ့အတွေးပုံရိပ် သူ့ရည်မှန်းချက် ဆက်လက် အကောင်ထည်ဖော်ဖို့သာ ရှိ၏။

မိဘနှစ်ပါး ထားရစ်ခဲ့သည့် ကျန်ရှိပစ္စည်းအားလုံးကို သိရီဍ္ဎက အမတ်ကြီးက ရွှေပေလွှာ ပုရပိုက်ကြီးဖြင့်ရေးကာ စာရင်းအင်းနှင့် သူ့ထံ လာအပ်စဉ် သူ-ပိုမိုအတွေးနယ်ချဲ့မိပြန်၏။ "အော်- ကျေးဇူးရှင် မိဘနှစ်ပါး ဘိုးဘွားတွေဟာ ပစ္စည်းဥစ္စာကိုသာ စုသာစု နိုင်ရှာတယ်၊ ကိုယ့်နောက်ပါအောင် ယူမသွားနိုင်ရှာကြဘူး၊ ငါ့မိဘ ဘိုးဘွား ယူမသွားနိုင်သော ပစ္စည်းဥစ္စာတွေကို ငါ ငါ့နောက်ပါအောင်ယူမယ်"ဟု စူးရှထက်မြက်သော အတွေးဖြင့် ဆုံးဖြတ်ချက်ချကာ ဘုရင်မင်းတရားအား လျှောက်ထား၊ သူပိုင်ဆိုင်သမျှ တိုင်းသူ ပြည်သားတို့အား စွန့်လွှတ်လှူဒါန်းလေသည်။

ဤမျှမကသေး၊ ထို့ထက် လေးနက်သည့် အတွေးနယ်ကို ချဲ့မိပြန်၏။ "လောက၌ အပူဆိုတာ ရှိသလို အအေးဆိုတာလည်း ရှိရပေမည်၊ သေခြင်းသဘော ရှိသလို မသေခြင်းသဘောလည်း ရှိရမည်၊ ဆင်းရဲတာရှိသလို ချမ်းသာဆိုတာလည်း ရှိသည်၊ ထို့အတူ ကာမ ရူပ အရူပဟု ဆိုအပ်သော ဘဝသုံးပါးရှိသလို ထိုဘဝတို့၏ နိဂုံးသတ် ချုပ်ရာအမှန် မြတ်နိဗ္ဗာန်လည်း ရှိမည် ဧကန်ဖြစ်ပေသည်" ဟု သူ လေးလေးနက်နက် စဉ်းစား၏။ ဤသို့ဖြင့် သုမေဓာ သူဋ္ဌေးသားလေး သူပိုင် ရှိသမျှ ရက်ရက်ရောရော လှူဒါန်း၊ ရှင်ရဟန်း ပြုခဲ့လေပြီ။

ရှင်ရသေ့ ဖြစ်လာပြန်တော့လည်း အတွေးက ဆက်လက်မြဲ။ "ဒီခန္ဓာကိုယ် ရှိနေသ၍ တစ်ဖန် ပဋိသန္ဓေနေပြီး အိုရ၊ နာရ၊ သေရ၊ ပျက်စီးရ ချေဦးတော့မည်။ စင်စစ် မအိုရာ မနာရာ မသေရာ မပျက်စီးရာ နိဗ္ဗာန် ဧကန်ရှိရပေမည်။ ရာဂ ဒေါသ မောဟ စသော ကိလေသာအပူမီးတို့ ငြိမ်းအေးရာ နိဗ္ဗာန်ဆိုတာ ဧကန်ရှိရမည်၊ ထိုဧကန်ရှိသည့် အေးငြိမ်းရာ အမှန် မြတ်နိဗ္ဗာန်ကို မှန်းဆ သိမြင်နိုင်သည် ဖြစ်ပါလျက် မကူးမြောက်ပါက မိမိ၏ စွမ်းအား အလကား ဖြစ်ပေလိမ့်မည်" စသည်ဖြင့် ဓမ္မနှင့်စပ် ဘဝလွတ်မြောက်ရေး တွေးမိနေ၏။

ရန်သူဝိုင်းထားခံရသော ယောက်ျားသည် ပြေးထွက်ဖို့ ပြေးလမ်းရှိပါလျက် မပြေးခဲ့ပါက မပြေးသော သူ၏သာလျှင် အပြစ်ဟု ဆိုရပေမည်။ အညစ်အကြေး ပေကျံလူးနေသော သူသည် သုတ်သင်ဆေးကြောဖို့ ရေစင်ရေအေး ရှိပါလျက် မဆေးခဲ့သော် မဆေးသူ၏သာ တာဝန်ဖြစ်ပေသည်။ ရောဂါ အပြင်းထန်ခံစားနေရသူသည် ဆေးကောင်း ဝါးကောင်း သမားကောင်း ရှိပါလျက် မကုသခဲ့သော် လူနာ၏ ချို့ယွင်းချက်သာ ဖြစ်ပေသည်၊ ဘေးအန္တရာယ် ပေါများလှသည့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာလမ်း သမထဝိဿနာ ထွက်ပေါက်များ ရှိပါလျက် ကိလေသာရောဂါကို မဂ်ရေစင် ဆေးကောင်း ဝါးကောင်းဖြင့် မဆေးပါလျှင် မိမိသာလျှင် မိုက်မဲရာ ကျပေလိမ့်မည် ဟု ရှင်ရသေ့လေး အမြင်စူးရှစွာ လေးလေးနက်နက်တွေးမိပေမည်။ (ဇာတ်-ဋ္ဌ၁၊ ၆-၇)။

*ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက် မဟုတ်ချေ။
*မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ကန်တွက် မဟုတ်ချေ။
*ဟစ်အော်ငိုပြီး၊ ရောဂါသည်း၍၊ လူးလဲဗျာဓိ၊ နာမချိသော်၊ တတ်သိမြင်မြော်၊ သမားတော်ဟု၊ ဆေးကျော်ရှိလျက်၊ မကုခက်၊ ဆေးတွက် မဟုတ်ချေ။
*အနပ္ပကဏ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းမ၊ သမထ ဝိဿနာ၊ ကိလေသာဘင်၊ နာဟောင်းကျင်ကို၊ သန့်စင်လျှော်ဆေး၊ ရေအေးလေးမဂ်၊ ရှိပါလျက်နှင့်၊ မထွက်ပြေးလို၊ မဆေးလို၊ မင်းပျိုကိုယ့်တွက်ပေ။  (ဇာတ်-ဋ္ဌ၁၊ ၆-၇) (မဟာဝိသုဒ္ဓါရုံဆရာတော်)။

သုမေဓာ ရှင်ရသေ့သည် သံသရာဝဋ်မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို တရိပ်ရိပ်ဖြင့် တရားအစဉ်နက် ဆက်လက် တွေးလျက်ပင်။ သံသရာလွတ်မြောက်ရာ နိဗ္ဗာန်ကို ဒီပင်္ကရာဘုရား ခြေတော်ရင်းမှာပင် ငါတစ်ယောက်တည်း ကူးမည်ဆိုပါက ကူးနိုင်၏။ သို့သော် ငါတစ်ယောက်တည်း ကိုယ်လွတ်ရုန်း၍ အတ္တဆန်စွာ သွားခြင်းသည် မသင့်လျော်၊ ယောကျာ်းမြတ်တို့ လမ်းစဉ်မဟုတ်၊ သတ္တဝါတွေကိုပါ တပါးတည်းကယ်တင်ရန် ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ ဘုရားဖြစ်ရန် ကြိုးစားမည်ဟု တွေးရင်း တွေးရင်း သူ့တာဝန် အရေးသုံးပါး အဓိဋ္ဌာန်များ ချမှတ်ခဲ့လေသည်။

(၁)။ (ဗုဒ္ဓေါ ဗောဓေယျံ) ငါ သစ္စာသိမြင်သလို သတ္တဝါတွေလည်း သိမြင်စေရမည်။
၂။ (မုတ္တော မောစေယျံ) ငါ ကိလေသာမှ လွတ်မြောက်သလို သတ္တဝါတွေလည်း လွတ်မြောက်စေရမည်၊
၃။ (တိဏ္ဏော တာရေယျံ) ငါ သံသရာကူးမြောက်သလို သတ္တဝါတွေလည်း ကူးမြောက်စေရမည်ဟု လေးနက်သည့် အတွေးပုံရိပ်နောက်မှ တဆက်တည်း ခိုင်မာသည့် ဆုံးဖြတ်ချက် ချထားသည်။

သိကြားဗြဟ္မာ၊ စကြာမင်းပင် ဖြစ်လင့်ကစား ခန္ဓာပိုင်ဆိုင်မှုတို့က တကယ်အနှစ်မရှိ၊ အကာအတိသာ၊ စည်းစိမ်သည်လည်း တသက်လျာသာ၊ တနေ့နေ့ ပျက်စီးမည့်အကြောင်းကို ကောင်းကောင်းကြီး စဉ်းစား၏။ တွေးနေမိ၏။ မိမိနောက် အရိပ်ပမာ လိုက်ပါမည့် ဒါနစသော ပါရမီလုပ်ငန်း အကျင့်စခန်းကသာ ကမ္ဘာတည်သ၍ ချီးကျူးဥဒါန်း ဂုဏ်ရောင်လွှမ်းမည်ဆိုတာကို လေးလေးနက်နက် စဉ်းစားလျက်။

*ဤခန္ဓာညစ်၊ ကိုယ်အဖြစ်ကား၊ အပြစ်တရား၊ အလွန်များခဲ့၊ သိကြားဗြဟ္မာ၊ စကြာမင်းစစ်၊ အကယ်ဖြစ်လည်း၊ အနှစ်မရှိ၊ အကာတိမျှ၊ ပျက်ဘိလွယ်စွာ၊ တသက်လျာတည်း၊ ကျင့်ပါအထူး၊ ဂုဏ်ကျေးဇူးသာ၊ ချီးကျူးဥဒါန်း၊ မကုန်ကျွမ်းအောင်၊ စဉ်ထွန်းကမ္ဘာ၊ နောင်မြင့်ကြာ၏။ (မဃဒေဝ) ပုဒ်ရေ ၃၂၂)။

သုမေဓာရှင်ရသေ့လေး အသင်္ချေများစွာ ကာလရှည်ကြာ သူတောင်းတခဲ့သည့် ကြံစည် စိတ်ကူးခဲ့သည့် ဘုရားဖြစ်ဖို့ နိယတဗျာဒိတပန်း သူ-ယခုတော့ ဒီပင်္ကရာမြတ်ဗုဒ္ဓထံတော်မှ ပန်းဆင်မြန်းနိုင်ခဲ့ပါပြီ။ ရှင်ရသေ့သည် ဒီပင်္ကရာမြတ်ဗုဒ္ဓ ခြေတော်ရင်းမှ နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့ရုံဖြင့် မပြီးသေး၊ ဘုရားဖြစ်ဖို့အတွက် ပါရမီတွေ ဖြည့်ကျင့် ရမည်ဦးမည်ဟု တွေးမိ၏။ နားလည်၏။ သူ့အတွေးအတိုင်း သူနားလည်သည့်အတိုင်း ပီပြင်စွာ ဘုရားအလောင်းတော် အကောင်ထည်ဖော် ဖြစ်၏။

ရှေးဘုရားရှင်တို့ နည်းတူ သုမေဓာရှင်ရသေ့၏ ပထမဆုံးသော ဘဝစာမျက်နှာကို သူတပါးအား ကူညီခြင်း၊ စွန့်ကြဲခြင်း၊ ပေးကမ်းခြင်း ဒါနဖြင့် စတင်ဖွင့်လှစ် ခဲ့လေ၏။ ထို့ကြောင့် အလောင်းတော်တို့၏ အဖွင့်နိဒါန်း ပထမ ခြေလှမ်းက ပေးကမ်းခြင်း ဒါန ဖြစ်၏။ အနှိုင်းမဲ့ သရဖူ သဗ္ဗညူဘုရားရှင် အဖြစ်သို့ ရောက်အောင် ပို့ဆောင်ရာတွင် ဒါနက အစကနဦး နံပါတ်တစ် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်၏။ ထို့ကြောင့် ဘုရားရှင်တို့သည် အစဦးဆုံးသော ဒါန အကူညီဖြင့် ဘုရားဖြစ်ခဲ့သည်။ ထိုသို့ ဘုရားဖြစ်မှ သတ္တဝါတွေကို သစ္စာသိမြင်စေနိုင်မည်။ သတ္တဝါများ ဘဝဝဋ်ရထားမှ ကျွတ်သွားပေလိမ့်မည်။


ယေစ ဗုဒ္ဓါ အတီတာ စ၊ သမုဒ္ဒါ ဝါဠုကူပမာ၊
ဒါနံဝ အာဒိံ ကတွာ၊ သမ္ဗောဓိံ စ လဘန္တိ တေ။


သမုဒ္ဒါ ဝါဠုကူပမာ- ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်သော၊ အတီတာ လွန်လေပြီးကုန်သော၊ ယေစ ဗုဒ္ဓါ- အကြင်ဘုရားရှင်တို့သည်လည်းကောင်း၊ သန္တိ-ရှိကြပေကုန်၏။ တေ- ထိုဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်သော ဘုရားအဆူဆူတို့သည်၊ ဒါနံဝ- မေတ္တာရှေ့သွား ကရုဏာထား သဒ္ဓါတရားနှင့် ယှဉ်သော ဒါနပါမီထူးကြီးကို၊ အာဒိံ ကတွာန- အစထားတော်မူကြကုန်၍၊ သမ္ဗောဓိံ စ- အရတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်တော်ကြီးကိုလည်း၊ လဘန္တိ -ကောင်းစွာ လှလှ ရရှိတော်မူ ခဲ့ကြလေကုန်၏။

*ဘုရားဆူဆူ ဒါနကူမှ၊ သုံးလူသင်းကျစ်၊ ဧကန်ဖြစ်၍၊ အမြိုက်တရား၊ ဟောဖော်ကြားလျက်၊  အများဝေနေ၊ ကျွတ်လွတ်စေ။ (တောင်မြို့ဆရာတော်)။

အလောင်းတော်တို့၏ စိတ်သည် ပေးဖို့ ကူညီဖို့ အမြဲရှိ၏။ ပေးမှုအထုံပါသော လက်ဖြင့် သူတပါးကို ပေးဖို့ရန်သာ ကမ်းလှမ်းနေ၏။ သူ၏ လက်ကား အမြဲတမ်း ဒါနဖြင့် စွတ်စိုချင်စိတ် ရှိ၏။ အလောင်းတော် ဝေဿန္တရာမင်းသားလေး ဘဝတုန်းကလည်း မွေးမွေးချင်းပင် "မေမေ ဘာများ ပေးစရာ လှူစရာ ရှိသလဲ"ဟု မေးသဖြင့် မိခင်ဖြစ်သူက အသပြာ တစ်ထောင်ထုပ်ကို သူ့ရှေ့ချပေးလေ၏။ ထိုအခါ သူ၏ ပေးချင်သော နှလုံးသား၊  ကမ်းလင့်သော လက်တို့က အနီးရှိ အထိမ်းတော်ကြီးထံ အသာပြာ တစ်ထောင်ထုပ်ကို တွန်းပို့ခဲ့၏။ သူ့အတွက် ယူဖို့ ဘယ်သောအခါမှ မစဉ်းစား၊ သူတပါး ပေးကမ်းဖို့သာ စဉ်းစား၏။

ပေးကမ်းခြင်းကို သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့တွင် ကောင်းမြတ်သော မင်္ဂလာတစ်ပါးအဖြစ် ဘုရားရှင်က ဟောတော်မူ၏။ အပေးကိုသာ မင်္ဂလာတစ်ပါး အဖြစ်ဖြစ် ဟောထားသဖြင့် မင်္ဂလာရှိဖို့အတွက် တစ်ခုခုကို လောကကြီးအား ပေးသင့်သည်။ ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားရမည်။ သူတပါး ဆင်းရဲဒုက္ခပေးခြင်းမှ လွှဲ၍ အခြားကောင်းသော အရာအားလုံး ပေးနိုင်သည်။ ကိုယ်၏ စောင်မခြင်း၊ နှတ်၏ စောင့်မခြင်းဖြင့်လည်း ကူညီရာ ပေးရာ ရောက်သဖြင့် မင်္ဂလာဖြစ်သည်။ မိမိစွမ်းနိုင်သမျှ တစတစ ပေးနိုင်သောသူ၊ စွန့်လွှတ်နိုင်သောသူ ဖြစ်အောင် ကြိုးစားရမည်။

တစ်စတစ ပေးစွန့်ခြင်းဖြင့် နောင်ဘဝသံသရာ ဆက်တိုင်း မင်္ဂလာပြည့်စုံပြီး ကောင်းသထက် ကောင်းလာပေမည်။ ထို့ကြောင့် တောင်မြို့ဆရာတော်ကြီးက "တစ်စတစ်စ စွန့်ဝံ့မှလျှင်၊ ဘဝနောက်နှောင်း၊ ကောင်းသထက်ကောင်း၏။" ဟု တိုက်တွန်းထားခဲ့သည်။ ဒါနံ သဗ္ဗတ္ထသာဓကံ- ဒါနဆောင်မှ ပေးကမ်းမှ အရာရာ ပိုမိုအောင်မြင် ပြီးမြောက်နိုင်၏။ ဒါနဆောင်သော် သံသရာမှာ လူမွှေးပြောင်၏။ ဒါနမပါလျှင် ဒုက္ခသည်သဖွယ် မျက်နှာညှိုးငယ်ရတတ်၏။ ကျွတ်တမ်းဝင်လိုသူများ သံသရာအတွက် နေ့စဉ်နေ့တိုင်း ဒါနပန်း မညှိုးမနွမ်း အမြဲလန်းအောင် တတ်အားသမျှ ပြည့်ဆည်းရမည်။

*ထွေထွေများမြောင်၊ ဒါနဆောင်သော်၊ ပြောင်တလက်လက်၊ အရောင်ထွက်သို့၊ ခေါင်ထက်ခေါင်နင်း၊ ဖြစ်ကြခြင်းနှင့်၊ ယင်းသည့်ဒါန၊ မပါကြသည့်၊ ဒုက္ခသည်စု၊ တွေ့တိုင်းရှု့၍၊ လှူမှုအားကိုး၊ ဒါနမျိုးကို၊ ပျိုးလေးဆန်းဆန်း၊ နေ့စဉ်လန်းအောင်၊ ကျွတ်တမ်းဝင်လိုဘိ သူများ၊(ကျွတ်တမ်းဝင်လိုဘိ တကား)။ (ရှေးဆရာများ)။


လူသားတိုင်း အပေး အယူတော့ ရှိကြစမြဲ၊ အထူးသဖြင့် လောကီစီးပွားရေး ကြီးပွားရေးလုပ်ရာတွင် အပေးအယူ မျှတလျှင် ပိုကောင်း၏။ တန်ရာတန်ကြေး ပေးကြရမည်။ လူ့လောကကြီးသည် အပေးအယူ မြဲတစွာ ပေါင်းသင်းဆက်ဆံနိုင်မှ တော်ကာကြ၏။ ယူသင့်သလောက်ယူ ပေးသင့်တာကို ပေးခြင်းသည် လောကနီတိ-လောကကျင့်ဝတ်ပင် ဖြစ်သည်။ အပေးအယူတို့တွင် မိမိဘဝကို ဓမ္မဖြင့် အယူဘက်မှသာ တည်ဆောက်သင့်၏။ လောကအမြင်အရ အပေးက ပရအတွက်၊ အယူက အတ္တအတွက် ဖြစ်၏။

ဘုရားဖြစ်ဖို့ ကျင့်စဉ် စရိယာသုံးပါးတွင်လည်း ပထမ လောကတ္ထစရိယ လောကကောင်းကျိုး၊ အများကောင်းကျိုးကို ဦးစားပေးထား၏။ ဒုတိယ ဥာတတ္ထစရိယ ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်လူမျိုး ကိုယ်နိုင်ငံ ကောင်းစားဖို့ အလေးထား၏။ ရင့်ကျင့်သော သူတော်ကောင်းတို့အတွက်မူ တလောကလုံးကို ကိုယ့်ဆွေ ကိုယ်အ့မျိုးအဖြစ် သဘောထားကာ ကျင့်သုံးနိုင်၏။ တတိယ ဗုဒ္ဓတ္ထစရိယ ဘုရားဖြစ်ဖို့အတွက် မိမိအကျိုးကို နောက်ဆုံးမှ ထား၏။ 

ဒီပင်္ကရာ ဘုရားရှင်ထံတော်တွင် ဘုရားလောင် သုမေဓာ ဘဝလွတ်မြောက်ရေးအတွက် ကိုယ်လွတ်ရုန်းနိုင်ပါလျက် ကိုယ်လွတ်ရုံး မထွက်ခြင်းသည်ပင် ပရဟိတ ရှေ့တမ်းတင်မှုကို ဖော်ပြရာ ရောက်ပေသည်။ အလောင်း တော်တို့ကား အတ္တဟိတ ကိုယ့်ကျိုးကို နောက်ဆုံးမှ ထားတတ်ကြပေ၏။ ဘုရားဖြစ်လာသည့် အခါမှာတော့ ကိုယ့်ကျိုးကား ဦးစွာအကျိုးပေးလင့် လက်ကမ်း ကြိုဆိုလင့်၏။ ထို့ကြောင့် သစ္စာလေးပါးကို သိမြင်သည့် ဘုရားရှင်ဖြစ်လာခြင်းသည်ပင် ဗုဒ္ဓတ္ထ စရိယ၏ အကျိုး၊ မိမိအကျိုးပင် ဖြစ်ပေတော့၏။

မိမိတို့တတွေသည် မိမိတစ်ယောက်အတွက် တည်ဆောက်နေရုံဖြင့် မပြီးသေး၊ မိမိပတ်ဝန်းကျင်က သူတို့၏ ဘဝတွေကိုလည်း ပေးကမ်းခြင်း၊ ကူညီရိုင်းပင်းခြင်းတို့ဖြင့် တည်ဆောက်သင့်၏။ အခြား ချို့တဲ့သူတို့အား ပေးသင့်တာပေး၊ လှူသင့်တာလှူ၊ ကူညီသင့်တာ ကူညီရမည် ဖြစ်၏။ မြန်မာဗုဒ္ဓဘာဝင်တို့အဖို့ကား ပေးကမ်းခြင်း၊ ကူညီရိုင်းပင်းခြင်းနှင့် စပ်လို့ အထူးပြောစရာ မလိုလောက်အောင်ပင်၊ "တစ်မူးရလို့ တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား"ဟုပင် တောင်ပေါ်သားတို့က အပေးအကမ်း နောက်မဆုတ်တမ်း ရှိတာကို မီးမောင်းထိုးပြနေ၏။ အလှူရေစက် လက်နှင့်မကွာ ဆိုသလို မြန်မာဗုဒ္ဓဘာသာဝင်တို့က ခံယူထားပြီးသား ဖြစ်၏။ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ပင် ဆိုရမလောက်အောင် ဒါနနှင့်စပ် ပြောစမှတ်များ ရှိပေသည်။

၁၁-၁၂-၂၀၁၂ နေ့က ဒေါက်တာမိုးကျော်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ စာပိုဒ်လေးတစ်ပုဒ် ဖတ်လိုက်ရ၏။
(၁) ယတြာနှင့်မလှူ၊ သဒ္ဓါဖြင့် လှူသည်၊ (၂) တဏှာနှင့်မလှူ ပညာဖြင့် လှူသည်၊ (၃) စိတ်အကြံပေါက်၍လှူ နိဗ္ဗာန်ရောက်ဖို့ လှူသည်၊ (၄) ရှိလို့မလှူ သိလို့ လှူသည်၊ (၅) ကိုယ့်ဖို့မလှူ သူ့ဖို့ လှူသည်၊ တဲ့။ အလွန်တန်ဘိုး ရှိလှသည့် ဓမ္မအသိပေး စာပိုဒ်လေးပင် ဖြစ်သည်။ ရှေးသူတော်ကောင်းတို့ လမ်းစဉ်နှင့်လည်း ကိုက်ညီလှပေသည်။ ဘုရားလောင်းတော် တို့သည်လည်း အခြံအရံ အကျော်ဇော လာဘ်လာဘကို တောင်းတ၍ ပေးလှူသည်မဟုတ်၊ သဗ္ဗညုတ ရွှေဥာဏ်တော်ကို တောင်းတကာ ပေးကမ်းလှူဒါန်းမှုများ ပါရမီတော်များ ဘဝသံသရာ ဆက်ဆက် ပြုလုပ်ခဲ့ပေ၏။
န ဟိ ဒါနံ ဒဒမာနော၊ ယသလာဘဉ္စ ပတ္ထယိံ၊
သဗ္ဗညုတံ ပတ္ထယမာနော တာနိ ကမ္မာနိ အစရိံ။
ပေးကမ်းလှူဒါန်းရာ၌ ရည်ရွယ်ချက် မှန်ဖို့၊ ပါရမီမြောက်အောင် လှူတတ်ဖို့ ပင် အရေးကြီးတော့၏။ ပေးခြင်းသည် ကုန်သွားတာ တမျိုးတော့ ဖြစ်၏။ ထို ပေးကမ်းခြင်းတည်းဟူသော ကုန်သွားတာမျိုးကို ဘုရားရှင်တို့ ချီးမွမ်းကြ၏။ လောကတွင် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ သုံးဆောင် ခံစားခြင်း၊ ပျက်စီးဆုံးရှံးသွားခြင်းတည်းဟူသော အချက်တို့ကြောင့် ကုန်သွားတာမျိုး ရှိပါ၏။ သို့သော် ထိုသုံးမျိုးသော ကုန်သွားခြင်းမျိုးတို့တွင် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဖြင့် ကုန်သွားတာမျိုးကို ကိုယ့်အတွက် သံသရာအတွက် ပါသဖြင့် ဘုရားရှင်တို့က ချီးမွမ်းကြပေသည်။ အကောင်းဆုံး ကုန်ခြင်းပင် ဖြစ်၏။ 

ကုန်သွားသည်ဟု စာစကားအရ ပြောရသော်လည်း တကယ်ကုန်သွားတာ မဟုတ်၊ မိမိအတွက် ကျန်ရစ်၏။ ဘဝသံသရာအတွက် အဖတ်တင်၏။ အားကိုးစရာ ဖြစ်၏။ ဘဝသံသရာတွင် ကိုယ့်နောက်ပါမည့် ကိုယ့်ကျိုးဆောင်မည့် အနုဂါမိကခေါ်သော ကုသိုလ် ဥစ္စာရတနာတွေကို မြှပ်နှံထားလိုက်ခြင်းပင် ဖြစ်၏။ ထိုကဲ့သို့သော ပေးကမ်း လှူဒါန်းခြင်းကြောင့် ကုန်တာမျိုးကို ဘုရားရှင်တို့ ချီးမွမ်းတော်မူကြခြင်း ဖြစ်၏။


စာဂေန ပရိဘောဂေန၊ ဗျသနေန တယော ခယာ။
တေသံ ပထမ ခယောဝ၊ ပသတ္ထော ဓမ္မဒဿိနာ။

သူတော်ကောင်းတို့၊ ပေးကမ်း လှူဒါန်းခြင်းတည်းဟူသော ကုန်ခြင်းမျိုးဖြင့် သာသနာ့အနုဂါမိက ရွှေအိုးကြီးကို မြှပ်နှံကြ၍ ထိုအနုဂါမိက ရွှေအိုးတည်းဟူသော ကုသိုလ်ကောင်းမှုကို စွမ်းနိုင်သမျှ အားထုတ်ကာ သူတော်တရားများ တဆင့်ထက်တဆင့် ရင့်သထက် ရင့်အောင် ပွားများ အားထုတ်နိုင်ကြပါစေ။ သာသနာနှင့်ကြုံခိုက် မိမိတို့ နှစ်သက်ရာ စုံအောင် ကုသိုလ်ပြု နိုင်ကြပါစေ။
*သာသနာနှင့်ကြုံ၊  ဤလူ့ဘုံ စုံအောင် ကုသိုလ်ယူ။


မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကရ
ပညာရိပ်သာဆရာတော်
အသက်လေးဆယ်ပြည့်မွေးနေ့ အမှတ်တရ
၂၉-၀၉-၂၀၁၃