တစ်နေ့မှာ ကျွန်မသမီးလေးကို နို့တိုက်နေတုန်း ကျွန်မဟာ
လှောင်အိမ်ထဲကငှက် ငယ်လို ဒီဓားပြကြီးရဲ့အနိုင်ကျင့်ထိန်းချုပ်မှုအောက်မှာ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရတဲ့ ဘဝကို ကြေကွဲဝမ်းနည်းစွာ တွေးမိပြီး ငိုင်နေမိတယ်။
ဒီအချိန်မှာ ကျွန်မကို အနိုင်ကျင့်ပြီး
သားမယားအဖြစ် ပြုခဲ့တဲ့ ဓားပြကြီးဟာ ဘာကို စိတ်အခန့်မသင့်ဖြစ်လာတယ်မသိဘူး။
ကလေးနို့တိုက်နေတဲ့ကျွန်မကို “ဟဲ့… ဗိုင်းတာမ နင်ဘယ်လင်ကို ဆွေးပြီးငိုင်နေတာလဲ”
ဆိုပြီး ခြေထောက်နဲ့ကန်လိုက်တာ ကျွန်မ ဝုန်းခနဲ မှောက်လဲသွားပြီး ကျွန်မရင်ခွင်ထဲက
သမီးလေးရဲ့ ဦးခေါင်းဟာ အနားကတိုင်နဲ့ဆောင့်မိပြီး သွေးတွေဖြာခနဲထွက်ကာ
ကြူကြူပါအောင် ငိုနေရှာတယ်။ ဒါကို လူမဆန်တဲ့ဓားပြကြီးက လှည့်တောင်မကြည့်ဘဲ
ဆဲဆိုကြိမ်းမောင်းပြီး ပြန်ထွက်သွားတယ်။ ကျွန်မငိုရှိုက်ရင်း လူလဲထပြီး
သမီးလေးခေါင်းကို ကြည့်လိုက်တော့
ခေါင်းပေါက်သွားတာနည်းတဲ့ဒဏ်ရာမဟုတ်ဘူး။ ကျွန်မသမီးလေးခေါင်းက
သွေးတွေတိတ်သွားအောင် မျက်ရည်စက်လက်နဲ့ အဝတ်စတစ်ခုနဲ့ ပတ်ပေးထားပြီး
ငိုနေတဲ့သမီးလေးကို ချော့နေတုန်း ဒီလူစိတ်ပျောက်နေတဲ့ ဓားပြကြီးဟာ
ဆဲဆိုကြိမ်းမောင်းရင်း ကျွန်မတို့ဆီ ပြန်လှည့်လာနေတာကို ခပ်လှမ်းလှမ်းမှာ
တွေ့လိုက်ရတာမို့ ကျွန်မ ကြောက်အားလန့်အား အသက်လုပြီး ခြေဦးတည့်ရာထွက်းပြေးခဲ့တာ
သမီးလေးကျန်ရစ်ခဲ့တော့တယ်။
ကျွန်မမပြန်ရဲတော့တာမို့ မချိတင်ကဲ သမီးလေးနဲ့ခွဲခွါပြီး
ပုန်းခိုပြေးလွှားခဲ့ရာက ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ကျွန်မရဲ့ဘဝ
ကံအကျိုးပေး နုံချာလှပုံကို ရင်နာနာနဲ့ တွေးတောလျှောက်လှမ်းခဲ့ရင်း
ရာဇဂြိုဟ်မြို့ကို ရောက်လာခဲ့ပါတယ်။ လင်နှစ်ယောက်ပြောင်း သားသမီးနှစ်ယောက်ရခဲ့တဲ့
ကျွန်မဟာ မောင့်ကိုလည်း မတွေ့ရဲတော့ပါဘူး။ မောင့်သတင်း စုံစမ်းကြည့်တော့လည်း
ရာဇဂြိုဟ်မှာ မရှိတော့ဘဲ သာဝတ္ထိပြန်သွားပြီတဲ့။ မောင်က ကျွန်မကို
သစ္စာမဲ့တဲ့မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပဲလို့ထင်တော့မှာပါလေ။
ကျွန်မရဲ့ကံကြမ္မာက ဒီလိုဖန်ခဲ့ရပြီကိုး။
ကျွန်မဟာ တစ်ကောင်ကြွက်
တစ်ဦးတည်းပေမို့ ဒီရာဇဂြိုဟ်မြို့မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ရင်း
နေခဲ့ရတယ်။ တစ်ဝမ်းတစ်ခါးပေမို့ လုပ်လုပ်စားစားနဲ့ နေခဲ့တာ ဆယ့်ခြောက်နှစ်တောင်
ကျော်လာခဲ့ပါပြီ ကျွန်မအသက် သုံးဆယ်ကျော်လာပေမယ့် ရှေးကုသိုလ်ကံကြောင့်ထင်ရဲ့
ကျွန်မရုပ်ရည်ဟာ တင့်တယ်တုန်းပေမို့ ကျွန်မကိုလက်ကမ်းသူတွေရှိနေပေမယ့်
ကျွန်မအပူမရှာဝံ့တော့ပါဘူး။
လေးမှန်ဖူးတဲ့ ငှက်သူငယ်လို ဖြစ်ခဲ့ရပါပြီ။ ဒါပေမယ့် ကျွန်မရဲ့ကံလို့ပဲဆိုရလေမလား
တစ်နေ့မှာ အမှတ်မထင် သူနဲ့တွေ့လိုက်ရတယ်။ သူဆိုတာက ကျွန်မထက်
အသက်ထက်ဝက်လောက်ငယ်မယ့် လုလင်ပျိုတစ်ယောက်။
ကျွန်မကုန်သည်တွေရဲ့လှည်းတန်းနားအရောက်မှာ ရှေ့ဆုံးလှည်းပေါ်က
ဖျတ်ခနဲ့ခုန်ဆင်းလိုက်တဲ့ လုလင်ပျိုကလေးဟာ တိုက်တိုက်ဆိုက်ဆိုက် ကျွန်မနဲ့
မျက်နှာချင်းဆိုင် ရပ်မိနေရာက ကျွန်မကို ရွှန်းရွှန်းစားစား စိန်ပွင့်လို
တဖျပ်ဖျပ်တောက်နေတဲ့ သူရဲ့မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ရင်း မပြုံးတုံ့တုံ့နဲ့
ဖြစ်နေတာမို့ ကျွန်မအသက်ရှူမှားသွားပြီး ရှက်စနိုးနဲ့ ခေါင်းငုံ့ပြီးရပ်နေမိတယ်။ ဘယ်လောက်ကြာသွားတယ်မသိဘူး။ သူက “မမ”လို့
ချိုလွင်တဲ့အသံနဲ့ခေါ်လိုက်တဲ့အခါမှာတော့ မှင်တက်မိနေရာက ကျွန်မရင်ဖိုစွာနဲ့
သူ့ကိုကြည့်လိုက်မိတယ်။ သူရဲ့ ရွှန်းလဲ့တဲ့မျက်လုံးအကြည့်ဟာ
ဘယ်လိုအဓိပ္ပါယ်ဆောင်တဲ့စကားတွေ အများကြီးပြောနေတယ်ဆိုတာကို ကျွန်မနှလုံးသားက
သိနေခဲ့ပါတယ်။
သူက ဗာရာဏသီပြည်က လှည်းကုန်သည်မှူးရဲ့သားတဲ့။ နောက်တော့ သူက
ကျွန်မကို လက်ထပ်ခွင့်တောင်းလာတဲ့အခါမှာတော့ ကျွန်မ ငိုင်နေမိတယ်။ “မမ”လို့
စိတ်သိပ်မရှည်တဲ့ လေသံကြားလိုက်တော့ ကျွန်မ ရီဝေတဲ့ မျက်လုံးနဲ့သူ့ကိုကြည့်ရင်း
“မောင်လေးရယ် မင်းထက်အသက်ထက်ဝက်ကြီးတဲ့ မမကိုလက်ထပ်ဖို့မသင့်တော့ဘူးစထင်တယ်” လို့
သက်ပြင်းချရင်း လေးလေးတွဲ့တွဲ့ ပြောလိုက်တော့ “အို…မမကလည်းချစ်တာပဓာနပဲ။
ကြီးရင်မှီ ငယ်ရင်ချီတဲ့ ကဲ - သိပြီလား”ဆိုပြီး
တယုတယထွေးပိုက်လိုက်တဲ့သူ့ရင်ခွင်ထဲမှာ ကျွန်မပြောမပြတတ်အောင်
သာယာကြည်နူးခဲ့ရပါတယ်။ ဒီလိုနဲ့ သူနဲ့ကျွန်မ မိုးမမြင်လေမမြင် ချစ်မိုးမွှန်နေတုန်းမှာပဲ
တစ်နေမှာတော့ သူ့ကို ကျွန်မရဲ့ ရင်ခွင်ထဲက ဆွဲယူခဲ့သူတစ်ယောက်ပေါ်ပေါက်လာပါတော့တယ်။
သူက အဲဒီ မိန်းကလေးက သိပ်သနားစရာကောင်းလှပြီး သူ့အဖေကို လူဆိုးဓားပြတွေက
သတ်ပစ်လိုက်ပြီး သူ့ကိုမတရားပြုကျင့်မယ်အကြံမှာ
ကြောက်အားလန့်အားထွက်ပြေးလာခဲ့ရရှာတာမို့ ဒီမှာမမနဲ့အတူတူစောင့်ရှောက်ထားပါရစေတဲ့။
ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရပါတယ်။
ကျွန်မရင်ထဲ ဗလောင်ဆူသွားပြီး ဟာလာဟင်းလင်းဖြစ်သွားရာက စီးကျလာတဲ့ မျက်ရည်ကြားက
ဝေသီတဲ့မျက်လုံးနဲ့ သူတို့နှစ်ယောက်ကို ကြည့်နေမိတယ်။ မိန်းကလေးက တကယ့်အချောလေးပဲ။
သူတို့နှစ်ယောက် အရွယ်ကလည်း မတိမ်းမယိမ်း မိန်းကလေးက
တစ်နှစ်လောက်ငယ်လိမ့်မယ်ထင်တယ်။ ပျိုမျစ်နုနယ် တင့်တယ်လှသူတွေမို့
လိုက်ဖက်လှပါတယ်။ တကယ်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းဆိုတာ ကျွန်မ
ခံစားသိရှိလိုက်ရပါပြီ။ ပြီးတော့ မောင်လေးကို ကျွန်မသိပ်ချစ်တယ်။ ကျွန်မလေ သူ့ကို
လင်လိုတစ်မျိုး သားလိုတစ်မည် ခွင့်လွှတ်လိုက်လျောပြီး အချစ်ကြီးချစ်ခဲ့ရတာမို့
သူစိတ်ချမ်းသာမယ်ဆိုရင် ကျွန်မနှလုံးသားကို ဆွဲထုတ်ပေးဆိုရင်တောင်
ပေးဝံ့ပါတယ်။ ပြီးတော့လည်း
မိန်းကလေးကြည့်ရတာလည်း ချစ်စရာလေး။ အို…ကျွန်မသမီးလေးသာရှိရင် ဒီအရွယ်လေးပေမို့
သူတို့နှစ်ယောက်ကို ကျွန်မကျေကျေနပ်နပ်ကြီး ခွင့်လွှတ်ပါတယ်။ ကျွန်မတို့
မိန်းမသားနှစ်ယောက် တစ်လင်တည်နေခဲ့ကြတာ ဘာပြဿနာမျှ မရှိခဲ့ပါဘူး ချစ်ချစ်ခင်ခင်
အေးအေးချမ်းချမ်းပါပဲ။ ကျွန်မ သူတို့နှစ်ယောက် ချစ်ချစ်ခင်ခင်
ပျော်ပျော်ရွှင်ရွှင်နေတာကိုကြည့်ပြီး ကျေနပ်မိပါတယ်။ နှစ်ယောက်စလုံးကလည်း ကျွန်မကို
မမလို အမေလို ဆိုးနွဲ့ကြတာလေ၊ ဒင်ကလေးတို့နှစ်ယောက် ကျွန်မကို အထီကျန်ထားပြီး
ခွဲမသွားရင်ဘဲ ကျွန်မကျေနပ်နေပါပြီ။
တစ်နေ့မှာတော့ ကျွန်မကို မိန်းကလေးက ကနွဲ့ကလျနဲ့
သူ့ဆံယဉ်လေးကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်ပေးဖို့ပြောလို့ ကျွန်မသူ့ဆံပင်ပျော့ပျော့ပျောင်းပျောင်းလေးကို
ဘီးနဲ့ခွဲအပေးလိုက်မှာ ငယ်ထိပ်က ဆံပင်ကိုဖြီးလိုက်တော့ “ဟင်…အမာရွတ်ကြီးပါလား။
ဘယ်တုန်းက ထိမိခိုက်မိခဲ့တာလဲ မိန်းကလေးရယ်” လို့ကရုဏာနဲ့မေးလိုက်မိပါတယ်။
သည်အခါမိန်းကလေးရဲ့လေသံကတင်းမာသွားပြီး “ ဒီအမာရွတ်က အမေနဲ့အဖေရန်ဖြစ်ရာက ကြားထဲက
ကျွန်မမှာ သေရာပါဒဏ်ရာကြီး ဖြစ်ခဲ့ရတာပါ။ ဒီဒဏ်ရာကြီးနဲ့မွေးကင်းစလေးဖြစ်တဲ့
ကျွန်မကို အမေမပီသတဲ့ အမေက ထားပစ်ခဲ့ပြီး စွန့်ခွါသွားခဲ့တာလေ” အို… အမေမပီသတဲ့အမေဟုတ်လား။ ကျွန်မ
မိုက်ခနဲ့ရင်ထဲမှာနင့်သွားအောင် ခံစားလိုက်ရတယ်။ “ဖြစ်ရလေမိန်းကလေးရယ် ဒါ …ဒါဆို
မင်းဟာ ဓားပြကြီးသမီးလေးပေါ့ဟုတ်လား” ကျွန်မစိတ်တွေအရမ်းလှုပ်ရှားသွားပြီး
အသက်မရှုတမ်း မေးကြည့်လိုက်တော့ “ ဟင်…မမဘယ်လိုလုပ်သိတာလည်းဟင်” လို့ မိန်းကလေးက
မျက်လုံးအဝိုင်းသားလေးနဲ့ကျွန်မကိုစိုက်ကြည့်ပြီး မေးလိုက်တော့
ကျွန်မရူးမတတ်ခံစားလိုက်ရတယ်။
ကျမ်းကိုး- ၁။ပါဠိောတ်မြန်မာပြန်ကျမ်းများ၏
ကျမ်းဦးမှတ်ဖွယ်များ။ ၁။ အကျော်ဇေယျ ဗုဒ္ဓသမီးတော်များ - သုခ။
သဒိသံ ပါကံ ဇနေတိ။
Inspired by Dr.Sutacaralankara
အင်တာနက်ပေါ်မှ
ဓမ္မရသ
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
No comments:
Post a Comment