တကယ်တော့ ကျွန်မဟာ သာဝတ္ထိပြည်က ကုန်သည်တစ်ဦးရဲ့
ဇနီးမယားဖြစ်ခဲ့သူပါ။ အရွယ်ရောက်ရုံမှာ အိမ်ထောင်ကျခဲ့ရတဲ့ ကျွန်မဟာ ယောက်ျားဖြစ်
အချစ်အခင် အကြင်အနာအယုအယတွေနဲ့ သာယာပြီး ကာမဂုဏ်ခံစားမူတွေကို မွတ်သိပ်စွာ
သောက်လေသောက်လေ ငတ်မပြေအောင် နှစ်သက်စွာ ခံစားခဲ့သူ ဖြစ်ခဲ့ရပါတယ်။ တစ်မနက်မှာတော့
ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်း ကျွန်မမောင့်ကို တိုးတိုးလေးပြောပြဖို့
ရင်ခုန်စွာမောင့်ဘက်ကို လူးလွန့်လှည့်ကြည့်လိုက်တော့ မောင်မရှိတော့ဘူး။ ဟင်…..
မောင်ဘယ်အချိန် အိပ်ရာက ထသွားပါလိမ့်။ ကျွန်မအိပ်ရာက လူးလဲထပြီး အိမ်ထဲအိမ်ပြင်
မောင့်ကို တကြော်ကြော် ခေါ်ကြည့်လိုက်တော့မှ မောင်ဟာ မိုးလင်းခါနီး ခုနလေးကမှ
ရာဇဂြိုဟ်မြို့ကို ကုန်ရောင်းသွားဖို့ လှည်းပေါ်မှာ ကုန်တွေတင်ပြီး
ထွက်သွားပြီတဲ့ မောင်ဟာ ကျွန်မနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို
စာနာထောက်ထားပြီး မနှိုးရက်ဘဲသွားတာပါလား။ ကျွန်မမှာ
မောင့်ရဲ့ကိုယ်ဝန်ရှိနေပြီဆိုတာ မောင်သိတောင်မသွားခဲ့ရပါလား။ ဒီနောက်မှာတော့ ကျွန်မဟာ ကိုယ်ဝန်ဆောင်ရတဲ့
မိန်းမသားတွေမှာ ဖြစ်ပေါ်ခံစားရတဲ့ သဘာဝအတိုင်း ထိုင်းထိုင်းမှိုင်းမှိုင်း ၊
လေးလေးလံလံ ၊ တမူးမူး တဝေဝေ ၊ တအော့အော့
တအန်အန် မစားနိုင် ၊ မအိပ်နိုင် ဒုက္ခကြီးစွာခံစားရင်း တစ်နေ့ထက်တစ်နေ့
ရက်လချီလာတော့ ကျွန်မကိုယ်ဝန်ဟာ ရင့်မာပေါ်လွင်ထင်ရှားလာပါတော့တယ်။
ဒီအချိန်ကစပြီး ကျွန်မကံဆိုး မိုးမှောင်ကျပြီး
အတိဒုက္ခရောက်ခဲ့ရပါတော့တယ်။ “ဟဲ့ကောင်မ ငါ့သား ခရီထွက်သွားတာကြာပြီ။ အခုနင့်မှာ
ကိုယ်ဝန်တည်နေပြီ။ နင်ဟာ အကျင့်တန်ဖေါက်ပြန်ယုတ်မာနေပြီဆိုတာ သိသာပေါ်လွင်နေပြီ။
နင်လို အယုတ်တမာမကို ငါ့အိမ်မှာ မထားနိုင်ဘူး အခုဆင်းသွား” ယောက္ခမအမေကြီးရဲ့
တင်းမာတဲ့ မျက်နှာထားနဲ့ စက်ဆုပ်ရွံရှာစွာ ကျွန်မကို စွပ်စွဲလိုက်တဲ့စကားကြောင့်
ကျွန်မနားထဲ သံရေပူလောင်းထည့်လိုက်သလို ခံစားလိုက်ရပြီး ကျွန်မနားနှစ်ဖက်ကို
ပိတ်လိုက်မိရင်း နုံချာလှတဲ့ ကျွန်မရဲ့ဘဝကို တွေးမိတိုင်း မျက်ရည်ပေါက်ပေါက်
ကျခဲ့ရပါတယ်။ တကယ်တော့ ကျွန်မဟာ ဆွေမရှိ
မျိုးမရှိ မိဘမဲ့ တစ်ကောင်ကြွက် မျက်နှာငယ်ခဲ့ရသူပါ။ ရုပ်ရည်လှပတာကလွဲလို့ အစစကံမွဲခဲ့သူပါ။
သိမ်ငယ်နိမ့်ကျလှတဲ့ ကျွန်မဘဝကို ကြင်နာစွာယုယထွေးပိုက်ခဲ့တဲ့ မောင့်ကို
အားကိုးယုံကြည်စွာ ဘဝကို ပုံအပ်ခဲ့သူပါ။ မောင်ကလွဲလို့ ကျွန်မဘယ်ယောက်ျားနဲ့မှ
မပတ်သက်ဖူးတာကို ကျွန်မသစ္စာဆိုဝံ့ပါတယ်။
ဒါပေမယ့် ခရီးထွက်သွားတဲ့ မောင်တောင်သိမသွားခဲ့ရတဲ့ ကျွန်မရဲ့ကိုယ်ဝန်ဟာ
အရင့်အမာကြီး ဖြစ်နေတာမို့ ကျွန်မအပေါ် အထင်အမြင်သေး မယုံမကြည်နိမ့်ကျဆက်ဆံတတ်တဲ့
ယောက္ခမကြီးကို ကျွန်မမျက်ရည်ခံထိုးပြီး အနူးအညွတ်ခြေသလုံးဖတ်တောင်းပန်ခဲ့တာတောင်
ကျွန်မကို စက်ဆုပ်ရွံရှာဖွယ်ရာ သတ္တဝါတစ်ကောင်လို အညှာအတာကင်းမဲ့စွာ
နှင်ချလိုက်တာမို့ ကျွန်မအဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မျက်ရည်သုတ်ရင်း ဒယိမ်းဒယိုင်
အိမ်ပေါ်ကဆင်းခဲ့ရပါတယ်။
ကျွန်မ ဘာဆက်လုပ်ရမှာလည်း။ ကျွန်မဘဝဟာ
သောင်ပြင်မှာလွှတ်လိုက်တဲ့ခွေးလို ဆောက်တည်ရာမရ
ဖြစ်နေရပါပြီ ကိုယ်ဝန်အရင့်အမာဆောင်ထားရတဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့
ကျွန်မရဲ့အဖြစ်သနစ်အမှန်ကို မသိကြဘဲ ပြက်ရယ်လှောင်ပြောင်စက်ဆုပ်တဲ့ မျက်လုံးတွေ
အကြင်နာကင်းမဲ့စွာ လက်ညှိုးတိုး ပြက်ရယ်ပြုနေကြတဲ့အသံတွေကြားကနေ ဝေးရာကို
ကျွန်မပြေးထွက်ခဲ့ရပါတော့တယ်။ တွယ်ရာမဲ့ အားကိုးမဲ့ဖြစ်နေတဲ့ ကျွန်မကို
မောင်တစ်ယောက်သာ နားလည်ခွင့်လွတ်နိုင်မှာမို့ မောင်ရှိနေမယ့် ရာဇဂြိုဟ်မြို့ဆီကို
အားတင်းပြီးမျှော်မှန်း ထွက်ခွာလာခဲ့ပါတယ်။ ပြင်းထန်လှတဲ့ နေပူကျဲတဲမှာ
အဖေါ်မဲ့မိန်းမသားကျွန်မ စားရမဲ့ သောက်ရမဲ့ နွမ်းလျမောပန်းစွာလျှောက်လှမ်းရင်း
ရှေ့မှာ လူသူကင်းမဲ့ သီခေါင်လှတဲ့ ကျိုးတိုးကျဲတဲယိမ်းယိုင်ပြိုကျလု
ဇရပ်အိုတစ်ခုကို တွေ့လိုက်ရလို့ လဲပြိုမတတ် ခြေလှမ်းနဲ့အာားတင်းလှမ်းပြီး
ဇရပ်ပေါ်ကို မနည်းကုတ်ခြစ်တွယ်ဖက်ပြီး တက်ခဲ့ရပါတယ်။ ကျွန်မျက်လုံးတွေပြာနေပါပြီ
မောလွန်းလို့ လှဲအချလိုက်မှာ မိုက်ခနဲသတိလစ်မတတ် ဖြစ်သွားပြီး
ဝမ်းဗိုက်တစ်ခုလုံးပေါက်ကွဲထွက်သွားမတတ် မချိမဆံ့ ချွေးသီးချွေးပေါက် တွေ ကျလောက်အောင်
နာကျင်လွန်းလို့အော်ဟစ်ညစ်ညူးနေရာကနေ မနေနိုင် မထိုင်နိုင် မအောင့်နိုင်
အအည်းနိုင် အသက်မသာ ကမ္မဇလေတွေ တွန်းကန်လှုပ်ရှားလို့ အံကြိတ်ပြီး တစ်ယောက်တည်း
ကူညီဖေးမသူကင်းမဲ့စွာနဲ့ သားလေးတစ်ယောက် ဖွားမြင်ခဲ့ရပါတယ်။
ကျွန်မသားလေး အို … အမေ့သားလေး၊ ရွှေရုပ်ကလေးနှယ်
ချစ်စရာကောင်းလိုက်တာ။ ကျွန်မရင်ထဲ သားလေးကို တစိမ့်စိမ့်ကြည့်ရင်း“သားတို့ရုပ်ရည်
သီတာမည်သား ရေကြည်ချမ်းမြ တစ်ပေါက်လေးကျက မိဘတို့၏ဝမ်းငြိမ်းစတန်းတည့်”ဆိုသလို
ချစ်လိုက်ရတာ…..။ အို…..နို့ချိုတိုက်ကျွေးလို့လည်းကောင်းကောင်းမစို့တတ်သေးပါလား။
မငိုပါနဲ့ သားလေးရယ် သြော်…..ရေဆာလို့နဲ့တူတယ် အမေ ရေသွားရှာလိုက်ဦးမယ် သားလေးတိတ်တိတ်နေနော်လို့ သားလေးကို ကျွန်မရဲ့
ရင်လွှမ်းပဝါလေးနဲ့ ထွေးပိုက်ထားခဲ့ပြီး ကျွန်မ ရေရှာထွက်ခဲ့တယ်။ ကိုယ်မရောက်ဖူးတဲ့
တောစပ်မှာ ရေရှာရင်း စမ်းတဝါးဝါးနဲ့လျှောက်ခဲ့ရာက ကံအားလျော်စွာ ရေအိုင်လေးတွေ့လို့
ပဒုမ္မာကြဖက်နဲ့ ရေကို ကန်တော့လုပ်ယူပြီး ဇရပ်ဆီပြန်အရောက်မှာ ကျွန်မအသည်းနှလုံးတွေ
ပြုတ်ကျသွားသလို ခံစားလိုက်ရပါတော့တယ်။ ဟင်…ကျွန်မသားလေး မတွေ့တော့ပါလား
ကျွန်မရင်ထဲ ဗလောင်ဆူသွားပြီး လက်ထဲက ရေထည့်ယူလာခဲ့တဲ့ ဖက်ရွက်လွတ်ကျသွားရပါတယ်။
အပြေးအလွှား အရူးမီးဝိုင်းသလို ဇရပ်ပေါ်ပြေးတက်ပြီး ကျီးကန်းတောင်းမှောက် ပတ်ချာလည်
သားလေးကို ရှာကြည့်တော့လည်း မတွေ့ရတော့ဘူး ကျွန်မရင်ထဲ မီးတောက်နေပြီး။ သားလေးရေ… သားလေးရေလို့
တကြော်ကြော်အော်ဟစ်မြည်ကြွေးရင်း သားလေးဘယ်ပျောက်သွားပါလိမ့်။ မပြောကောင်းပြောကောင်း
သားရဲတိရစ္ဆာန် ကိုက်ချီဆွဲသွားရင်လည်း ကုတ်ရာခြစ်ရာ သွေးစသွေးနလေးတွေ တွေ့ရမယ်။
ခရီးသွားလမ်းလာတစ်စုံတစ်ယောက် ခေါ်သွားတာပဲ ဖြစ်ရမယ်။
ကျွန်မသားလေးကို ခေါ်သွားရင်ပြန်ပေးကြပါရှင်၊
ကျွန်မရှိခိုးပါရဲ့၊ ကျွန်မသားလေး တောစပ်အနှံ့တကြော်ကြော် ဟစ်ကြွေးငိုရှိုက်ရင်း
တောစပ်ချုံကွယ်တစ်ခုက ဘွားခနဲ့ထွားထွားကြိုင်းကြိုင်းလူကြမ်းကြီးတစ်ယောက်
ရုတ်တရက်ထွက်လာကာ ကျွန်မလက်ကို သူ့လက်ကြမ်းကြီးနဲ့ ဆွဲထားလိုက်ပြီး…“ ဒီမှာသူငယ်မ
လူမနီး သူမနီးတောထဲမှာ တကြော်ကြော်နဲ့ သားပျောက်ရှာနေရသလား မင်းလေးကြည့်ရတာ
နုနုနယ်နယ် ချောချောလှလှလေးနဲ့ လင်ရှိရင် သားရတာပေါ့ သိလား”ဆိုပြီး ကျွန်မကို
အို…ရုန်းကန်နေတဲ့ကြားက မုံယိုနေတဲ့ဆင်ရိုင်းတစ်ကောင်နဲ့တူတဲ့ သူရဲ့
အနိုင်ကျင့်တာကို မလူးသာမလွန့်သာ ခံစားလိုက်ရပါတယ်။
တရှုပ်ရှုပ်ငိုရှိုက်နေတဲ့ကျွန်မကို ချော့လိုက်ခြောက်လိုက်နဲ့ စွေခနဲ ပွေ့ချီပြီး
သူခေါ်ဆောင်ရာကို ရုန်းကန်ငိုကြွေးရင်း
ကျွန်မလိုက်ပါခဲ့ရပါတော့တယ်။ တကယ်တော့ ဒီလူကြမ်းကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့
ဓားပြတစ်ယောက်ဖြစ်ပြီး စိတ်နဲ့မတွေ့ရင် လူတစ်ယောက်ရဲ့ အသက်ကို
ပုရွတ်ဆိတ်တစ်ကောင်လောက်တောင်မှ တန်ဖိုးမထား သတ်တတ်ဖြတ်တတ်တဲ့သူဖြစ်လို့ ကျွန်မ
ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ သူနဲ့နေခဲ့ရာမှ ကျွန်မသူ့သွေးကို ကိုယ်ဝန်ဆောင်ခဲ့ရပြီး
သမီးလေးတစ်ယောက်မွေးဖွားခဲ့ရပြန်ပါတယ်။
No comments:
Post a Comment