နာရီ။ ။ အိပ်ချင်အိပ်လေ၊ အိုမိတ်ဆွေ
၁၂ နာရီ ထိုးပြီလေ။
ငါ။ ။ စောင့်ပါအုန်းဟဲ့၊ မိတ်ဆွေရဲ့
ကဗျာတပုဒ် စပ်တုန်းကွဲ့။
နာရီ။ ။ မစောင့်နိုင်ပေ၊ အိုမိတ်ဆွေ
လိုက်ချင်လိုက်ခဲ့လေ။
ငါ။ ။ သွားနှင့်တော့ဟဲ့၊ မိတ်ဆွေရဲ့
ကဗျာစပ်ရင်း နေရစ်မကွဲ့။
နာရီ။ ။ မိတ်ဆွေထံက၊ ရသမျှ
ဘ၀ဆိုတဲ့ အချိန်တွေ
ကျုပ်ယူသွားမယ်လေ။
ငါ။ ။ တလှေကြီးဟဲ့၊ ယူလေကွဲ့
ကဗျာကိုတော့ မင်းချန်ခဲ့။
နာရီ။ ။ ကဗျာနှင့်နေ၊ အိုမိတ်ဆွေ
ခင်ဗျာ့ ကဗျာလဲ ယူမယ်လေ။
ငါ။ ။ ယူနိုင်ယူဟဲ့၊ မိတ်ဆွေရဲ့
ရှေ့ခရီးတမိုင်
မင်းဆက်နိုင်မယ် မထင်နဲ့။
တင်မိုး
[စိမ်းလန်းသောအိပ်မက်၊ ပထမအကြိမ်၊ ၁၉၆၉ ဇူလိုင်]
No comments:
Post a Comment