တကယ်တော့ ပုထုဇဉ်ဆိုတာ အမှားမကင်းနိုင်သလို မာနလည်း မကင်းကြပါ။ ပုထုဇဉ်တိုင်းမာနရှိကြ၏။ သာမန်ပုထုဇဉ်တွေမဆိုထားနဲ့၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်မရရှိသေးသည့် ပစ္ဆိမဘဝိက ပါရမီရှင် မထေရ်ကြီးများပင် မာနအတားအဆီးကြောင့် မိမိတို့၏ လုပ်ငန်းမှာ စခန်းမသွင်ဘဲ ရှိခဲ့ကြဖူး၏။ မြတ်ဗုဒ္ဓလက်ထက်တော်အခါက ပေါဌိလ ကျမ်းတတ်မထေရ်ကြီးသည် ပရိယတ်မာန ခံနေသောကြောင့် မြတ်ဗုဒ္ဓက တုစ္ဆ ပေါဌိလ- အလကားကောင် မဂ်ဖိုလ်မနီးအချီးနှီးကောင် ပေါဌိလ ဟု ရင့်သီးသော စကားလုံးတို့ဖြင့် ဆုံးမတော်မူခဲ့ဖူး၏။ ထို့နောက် ရှင်သာမဏေငယ်လေး တစ်ပါး၏ ဆုံးမပေးမှု သူ၏ ပါရမီဓာတ်ခံနှင့် အဆုံးအမနည်းနာခံလိုမှုကြောင့် နောက်ပိုင်းရဟန္တာပင် ဖြစ်ခဲ့၏။ တစ်ခါတရံ မာန်မာန၏ သဘောသည် အလွန်သိမ်မွေ့ရကား မာန ဟုပင် သတိမပြုမိသောကြောင့် ရှေ့ဆက်ပြီး တိုးတက်မှုလမ်း ပိတ်ပင်နေသည်လည်း ရှိ၏။ ဥပမာ တစ်ခါက အရှင်အနုရုဒ္ဓါမထေရ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ရရှိတော်မူသောကြောင့် လေကဓာတ်တစ်ထောင် မြင်နိုင်ကြည့်ရှုနိုင်စွမ်းရှိ၏။ သူ၏စိတ်၌ ငါလောကဓာတ်တစ်ထောင်ကို မြင်နိုင်စွမ်းရှိ၏ ဟု အမြဲတမ်းအောင့်မေ့နေသောကြောင့် ရှေ့ဆက်ပြီး တရားထူးမရနိုင်တာကို တွေ့ရ၏။ အရှင်သာရိပုတ္တရာထံ မေးမြန်းလျှောက်ထားကြည့်မှ - အနုရုဒ္ဓါ -ငါ့ရှင်ဟာ ငါလောကဓာတ်တစ်ထောင်ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်နိုင်စွမ်းရှိတယ်ဟု ထင်မြင်နေခြင်းသည်ပင် သင့်သန္တာန်မှာ ဥဒ္ဓစ္စတရား မသိမသာ မာန်မာနများ ဖြစ်နေတယ်၊ ဒါကြောင့် ထိုအရာကို ပယ်ဖျောက်ပါဟု ဆုံးမတော်မူမှ မဂ်ဖိုလ်တရား ရရှိခဲ့၏။ သာမန်ပုထုဇဉ်တို့မှာ မာန်မာန၏ တားမြစ်နှောက်ယှက်ပိတ်ပင်မှုကြောင့် မာနရှင်တို့၏ ပဲ့ကြွေသံများ အနမတဂ္ဂပင်။
လေက၌ သေယျပုဂ္ဂိုလ်= မိမိထက် မြတ်သော အဆင့်အတန်း မြင့်သော အထက်တန်းလွှာလူမျိုး၊ သဒိသပုဂ္ဂိုလ်= မိမိနှင့် တန်းတူရည်တူလူမျိုး၊ ဟီနပုဂ္ဂိုလ်= မိမိအောက် နိမ့်ကျသော လူမျိုးဟု သုံးမျိုးရှိ၏။ တစ်မျိုးတစ်မျိုး၌ (၁)သေယျမာန်= ဂုဏ် သိရ် စည်းစိမ်ဥစ္စာ ပညာ အဆင့် စသည်အားဖြင့် တဖက်ဖက်က သူများထက်သာ၏ ဟု မှတ်ထင်ခြင်း (၂) သဒိသမာန်= ထို ဂုဏ်သိရ်စသည်တို့ဖြင့် -သင်တို့နှင့် ငါ ဘာထူးသလဲ-ဟု မိမိကိုယ်ကို မှတ်ထင်ခြင်း (၃) ဟီနမာန်= သူတို့အောက်ကျတော့ ငါက ဘာများအရေးစိုက်ရမှာလဲ- စသည်ဖြင့် မာန်မူခြင်း အားဖြင့် ၃ မျိုးရှိပြန်၏။ လောက၌ လူသားတိုင်း တန်းတူအခွင့်ရေးရှိနိုင်ကြသော်လည်း ထိုကဲ့သို့ မာနရှင်များကို အဆင့်သုံးဖြင့် သတ်မှတ်ကြ၏။
ထို့ကြောင့်ပုထုဇဉ်လူသားတိုင်းမာနရှိကြ၏။ ပစ္စည်းရှိသူက ပစ္စည်းမာန၊ ရုပ်ရည်လှပမှု ရှိသူက ရုပ်ရည်မာန၊ ပညာရှိသူက ပညာမာန စသည်ဖြင့် တစ်မျိုးစီရှိတတ်ကြ၏။ ဂုဏ်ဓန ငွေကြေး ရုပ်ရည်စသည် မကြွယ်ဝ မရှိစေကာမူ မည်မျှပင်ချို့တဲ့သည်ဖြစ်ပါစေ ပုထုဇဉ် လူသားတိုင်းတွင် မခံချင်သော မာန်မာနတော့ ရှိတတ်ကြ၏။ ပုံမှန်အားဖြင့် လူသားတို့သည် မိမိညံ့သည်ဟု အပြောမခံချင်သော မာန်မာန ရှိတတ်ကြ၏။ မိမိကို မင်း မစွမ်းပါဘူး မတတ်ပါဘူး မသိနားလည်းပါဘူး ဟု အပြောမခံလိုတတ်ကြပေ။ တချို့က ထိုမာန်မာနမျိုးကို ယောကျာင်္းပီသသောသဘော ယောကျာင်္းအများအပြား၏ ဘဝကို အထွဋ်အထိပ်သို့ရောက်အောင် တွန်းပို့ပေးသော မာနဟု သဘောထားကြ၏။ ယောကျာင်္းမာန်ရှိသော အမျိုးသမီးတော်တော်များများ၏ ဘဝတွေကိုလည်း ယင်းမာန်မာနမျိုးက မြှင့်တင်ပေးခဲ့၏။ ထို့ကြောင့် လူတစ်ယောက်ကို မြှင့်တင်ပေးလိုပါလျှင် သူလုပ်သင့်သောအလုပ်ကို ချပြ၍ -မင်း မလုပ်နိုင်ပါဘူးကွာ- ဟု သာ ပြောချလိုက်ပါ ဟု Rosss Dangle က Human Achievement ဆောင်းပါးမှာ ရေးသားခဲ့ဖူး၏။
ပိဋက စာပေ၌လည်း ယာထာဝမာန်= သူ့အဆင့်တန်းလိုက် ထားရှိသည့်မာန် နှင့် အယာထာဝမာန်= မိမိမှာ တကယ်ဂုဏ် သိက္ခာ စသည် မရှိဘဲ အခြောက်တိုက် မာန်မာန ဟု တွေ့ရ၏။ တရားသဘောအရ မည်ကဲ့သို့သောမာန်မာနမှ မကောင်းသော်လည်း သူတစ်ပါးတို့၏ နှိမ့်ချမှု၊ ပုတ်ခတ်ပြောဆိုမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု စသည်တို့ကြောင့် အမှန်တရားကို ရှေ့ရှ့လျှက် မိမိကိုယ်ကို ကာကွယ်လိုစိတ်များဖြင့် မာန်တင်းထားရသည့်အခါမျိုးမှာတော့ ယာထာဝမာန်= ရှိသင့်ရှိထိုက် ထားသင့်ထားထိုက်သည့် မာန်မာန မျိုးတော့ ရှိဖို့လိုအပ်၏။ ထိုယာထာဝမာန်မျိုးကို အရဟတ္တမဂ်ဖြင့်သာလျှင် ပယ်သတ်နိုင်တာဖြစ်၏။ သာမာန် ပုထုဇဉ် သောတာပန် သကဒါဂန် အနာဂန်တို့ပင် မပယ်နိုင်သေးချေ။
မြတ်ဗုဒ္ဓကတော့ လောကမှာ ဘယ်အရာမှ မမြဲဘူး၊ ကိုယ်မပိုင်ဖူး၊ ဆင်းရဲ ဒုက္ခချည်းပဲ၊ ဖြစ်ပြီးရင် ပျက်မှာ မုချဧကန်မလွဲ ဟု မိန့်တော်မူ၏ ခရစ်တော်သည်လည်း -ကောင်းချီးမင်္ဂလာဆိုတာလည်း တစ်နေ့ကျတော့ မြေကြီးထဲ ပျော်ဝင်သွားရစမြဲပါတဲ့၊ (မြေမှုန့်က ဖြစ်လာတဲ့ သတ္တဝါတွေ မြေမှုန့်ဘဝပဲ ပြန်ရောက်ကြရတယ်တဲ့) စသည်ဖြင့် ပြောခဲ့ဖူးသည်ကို ဖတ်ဖူးပါသည်။ ထိုကဲ့သို့သော မဟာဥာဏ်ကြီးရှင်များက မာနရှင်တို့၏ ပဲ့ကြွေသံ အနိစ္စသဘောမမြဲ နိဂုံးမလှပုံတို့ကို ကောင်းကောင်းကြီးသိမြင်ကြလေရဲ့။ အထက်မှာ ဆိုခဲ့သည့်အတိုင်း လူသားတို့သည် မိုးမမြင်လေမမြင် ဘဝင်လေဟပ်၍ ခြေဖျားထောက်ကြတတ်ကြ၏။ ရာထူး ဂုဏ်သိရ် စည်းစိမ်ဥစ္စာ ပညာဂုဏ် စသည် မောက်တတ်ကြ၏။ မောက်စရာမရှိသည့်အဆုံး ငါဘယ်နေ့ ဘယ်ရက်မှာ မွေးလို့ဆိုပြီး မတော်တဆတိုက်ဆိုင်မှုလေးတွေကြောင့် ကြံကြံဖန်ဖန် ဇာတာဂုဏ်ပေါက်တတ်ကြပြန်သေး၏။
စည်းစိမ်ကြွယ်ဝမှု တန်ခိုးအာဏာ ပါဝါကြီးမှု ရုပ်ချောအသံကောင်း ပညာတတ်မှု စသည်တို့ကြောင့် မတူမတန် အဖက်မလုပ်ချင်တတ်ကြသည့် မိုးပေါ်ကျ ရွှေကိုယ်ဟန်တို့၏ လူတန်းစားခွဲခြားမှုများ၏ ရလာဒ်ကတော့ လူတို့၏အော်ကြော့လန် ချဉ်ဖတ်ကြီးများ ဖြစ်ရပြန်၏။ ထို့ကြောင့် ရွှေကျင်ဆရာတော်ကြီးက "စာမတတ်သူ၊ အခေါက်ထူ၊ လူထဲရှင်ထဲ အသုံးမကြ၊ စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊ လူမြင်တိုင်းက၊ အော့ချင်ကြ၊ သို့မဖြစ်အောင်၊ သတိဆောင် အမောင်ခဲပါမှ၊" ဟု ဆုံးမခဲ့ဖူးသည်။ လယ်တီဆရာတော်ကြီးကလည်း -တစ်ပိုင်းကြောင်၊ ကျက်စာရရုံနှင့်၊ ခက်ပါလှသဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား၊ ဟုလည်းကောင်း၊ ပိဋကအစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး၊ ဟုလည်းကောင်း ဆုံးမတော်မူခဲ့သည်။
ဟိတောပဒေသကျမ်း၌လည်း မာနံ ပရာဘဝတော မုခံ။ မာနတရားသည် ပျက်စီးဆုတ်ယုတ်ကြောင်းပင် ဖြစ်၏ ဟု ဆိုထား၏။ မိုးထိအောင် လှေကားထောင်၊ ကောင်ကင်ပြာထဲ၊ အတောင်မဲ့ပျံသန်း၊ အရှိန်ကုန်တော့လည်း လင်းတကျ ကျရသည်များလှသည်။ သမိုင်းခေတ်တစ်လျှောက် ကမ္ဘာ့ဇာတ်ခုံကြီးပေါ်မှာ အကြိမ်ပေါင်းမနည်းလှ ထောင်သောင်းမက ထိုအဖြစ်အပျက်မျိုး မရေတွက်နိုင်အောင် ကြုံခဲ့ကြရပေသည်။ ကြုံနေဆဲ၊ ကြုံတွေ့ကြရပေဦးမည်။ သဘာဝဓမ္မရှု့ဒေါင့်မှကြည့်လျှင် ထိုအရာများ ဘာမှသိပ်မထူးဆန်းလှပေ။ မိုးပျံငှက်တစ်ကောင် အတောင်ပံညောင်းတော့ မြေပေါ်မှာပဲ ဇာတ်သိမ်းရသလို၊ မာနရှင်များလည်း ထိုကဲ့သို့ ကံဇာတာ ညှိုးရှာချေက ပဲ့ကြွေဇာတ်သိမ်းတတ်သည်။ တစ်ကယ်လည်း ဤလောကမှာ မာနတရား၏ ဖိစီးနှိပစက်ခံရသူမှန်သမျှသည် ပဲ့ကြွေသံ ကျဆုံးမှုနှင့် မိတ်ဆွေဖွဲ့နေကြသူတွေသာဖြစ်ကြ၏။
အင်္ဂလိပ်စာရေးဆရာ ဂျွန်ရပ်စ်ကင်က -မာနတရားသည် ကြီးမားသည့် အမှားအားလုံး၏ အောက်ခြေ၌ ရှိ၏- ဟုလည်းကောင်း၊ ဒတ်ခ်ျလူမျိုး အတွေးခေါ်ပညာရှင် ဘနဲဒစ် စပိုင်နိုဇာကလည်း - အလွန်အကျွံ မာနထားခြင်းသည် မိမိကိုယ်ကို အလွန်အကျွံ မသိနားမလည်ခြင်းပင် ဖြစ်သည် ဟုလည်းကောင်း ရေးသားခဲ့လေသည်။ ထို့ကြောင့် မိမိသူတစ်ပါး နှစ်ဦးသား ထိခိုက်နစ်နာစေသော အခြောက်တိုက်မာန်မာနများကို ခဝါချနိုင်မှ တော်လှမည်ဖြစ်ကြောင်း။
မေတ္တာဖြင့်
မေ့သားလှ-(ဇလဂ္ဂ)
၁၃၇၃ ခု သီတင်းကျွတ်လပြည့်ကျော် ၆ ရက် အင်္ဂါနေ့
၁၈-၁၀-၂၀၁၁
No comments:
Post a Comment