(ဘုရားတောင်မှ အမှီရှိမှ ပွင့်သည်)
ဂေါတမဗုဒ္ဓသည် ဗောဓိပင်ကို အမှီပြု၍ ပွင့်တော်မူခဲ့သည်။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ ဘုရားရှင်လည်း ကံ့ကော်ပင်ကို ဗောဓိပင်သဖွယ် အမှီပြု၍ ဘုရားဖြစ်ပေလိမ့်ဦးမည်။ လူသားတို့သည် ဥပနိဿ အမှီသဟဲ ရမှ ကြီးပွားချမ်းသာနိုင်သည်။ သာမန်လူသားမဆိုထားဘိ "ဘုရားရှင်တို့သော်မှ အမှီရှိမှ ပွင့်တော်မူရသည်" ဟု ရှေးပညာရှိတို့က မိန့်ဆိုတော်မူကြသည်။
မဟာရဟ နီတိ ၌ အမှီသဟဲ အရေးကြီးပုံကို အောက်ပါအတိုင်း ဖွင့်ဆိုထားလေသည်။
ဂုဏီ သဗ္ဗညုတုလျောပိ၊ သီဒတေကော အနိဿယော၊
အနဂ္ဃမပိ မဏိကံ၊ ဟေမံ နိဿာယ သောဘတိ။(မဟာရဟနီတိ)။
ဆိုလိုသည်မှာ- လောက၌ ဘုရားလောက်နီးပါး တော်သူ စွမ်းသူဖြစ်ပါစေ အမှီသဟဲမရှိ အားကိုးအားထားစရာမရှိ တစ်ယောက်တည်းဖြစ်မူ နစ်ပွန်းပျက်စီးခြင်းသို့ ရောက်နိုင်၏။ ဥပမာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဘိုးကြီးသော ပတ္တမြားရတနာသည် ရွှေကိုအမှီပြု၍ ရွှေပါမှ တင့်တယ်ပေသည်။ ပတ္တမြားရတနာချည်း သက်သက်ပဲထားပြီး ရွှေကိုအဖော် အမှီသဟဲမပြုပါက ရွှေမကွပ်ပါလျှင် သိပ်ပြီးအသုံးဝင်လှသည့် ရတနာပစ္စည်း ဖြစ်မလာနိုင်။ ရွှေကွပ်လိုက်ပါမှ ယင်းအဖိုးတန်ပတ္တမြားကြီးသည် ပတ္တမြားလက်စွပ် ပတ္တမြားနားကပ် ပတ္တမြားနားဋောင်း ပတ္တမြားလက်ကောက် စသည်ဖြစ်လာပြီး ပိုမိုအသုံးဝင် တန်ဘိုးကြီးပစ္စည်းဖြစ်ကာ တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ လှလှပပ ဖြစ်လာပေသည်။
တနည်းဆိုရသော် ပတ္တမြားစစ်ပတ္တမြားမှန်ဖြစ်သော်လည်း ကျောက်သွေးသမားကောင်းတည်းဟူသော အမှီရပါမှ ပိုမိုတောက်ပြောင်လာနိုင်၏။ ထို့ကြောင့်ပင် ရွှေကျင်ဆရာတော်ကြီးက ကျောက်သွေးသမားဥပမာဖြင့် တပည့်တို့အား ဆုံးမတော်မူခဲ့သည်။ "တွင်းထွက်ပတ္တမြားစစ်ဖြစ်သော်လည်း ကျောက်သွေးသမားက အကာကုန်အောင်သွေးသော်မှ အရောင်ထွက်၍ တန်ဘိုးရှိသည်၊ ပတ္တမြားစစ်နှင့်တူသောငါ့တပည့်တို့သည် ဥာဏ်ပညာ ဗဟုသုတရှိကြသော်လည်း မာန်မာနတည်းဟူသော အကာကင်းမှ တန်ဘိုးရှိကြမည်ဖြစ်၍ ကျောက်သွေးသမားနှင့်တူသော ဆုံးမတတ်သော မှီရာ ဆရာသမားကောင်းတို့ကို ဆည်းကပ်မှီဝဲကြရမည်။
လူတစ်ယောက်အောင်မြင်မှုရသည်ဆိုရာ၌လည်း ယင်းအောင်မြင်မှု၏နောက်ကွယ်မှာ မှီရာကောင်း အထောက်ပံ့ကောင်းတွေမရှိဘဲ မဖြစ်နိုင်ပါ။ ထို့ကြောင့်လူတစ်ယောက်၏ အောင်မြင်မှုမှာ ထိုသူဘယ်လောက်အစွမ်းထက်တယ်၊ ပင်ကိုယ်အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာတွေထက် သူ့ကို ဘယ်သူတွေက ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြတယ် ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါသေးတယ်တဲ့၊ အဲဒါတွေကို လူတွေတော်တော်များများ မေ့ထားမိတဲ့အချက်ပါဘဲ။ အင်ဒရူးကာနက်ဂျီကို သူ့အောင်မြင်မှုရဲ့ လှို့ဝှက်ချက်တွေက ဘာလဲလို့မေးတဲ့အခါ သူပြောတာက "အောင်မြင်တယ်ဆို ကျွန်တော့ပတ်ပတ်လည်မှာ ကျွန်တော်ထက် တော်တဲ့လူတွေနဲ့ ဝိုင်းရံထားတာကိုးဗျ"တဲ့။
ထို့ပြင် နီတိမှာ ဆက်လက်ဆိုထားသည်ကို ဆက်ရလျှင်
အသဟာယော သမတ္ထောပိ၊ တေဇသီ ကိံ ကရိဿတိ၊
နိဝါတ သဏ္ဍိတော အဂ္ဂိ၊ သယမေဝ ဝူပသမ္မတိ၊(နီတိ)။
မီးသည်ပင် လေတည်းဟူသော အဖော်သဟဲအမှီရှိမှ တောက်လောင်နိုင်၏၊ လေအဖော်မရှိလျှင် အလိုလိုငြိမ်းသွားနိုင်သကဲ့သို့ တစ်ယောက်တည်း လူစွမ်းကောင်း လုပ်လို့မရ၊ တန်ခိုးအာဏာပါဝါ အစွမ်းသတ္တိမည်မျှပင် ကြီးချင်ကြီး ရှိချင်ရှိပါစေ အဖော်မရှိ တစ်ယောက်တည်းဖြစ်လျှင် မည်သည့်ကိစ္စကိုမျှ ပြီးစီးအောင်မြင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်။
တစ်ချို့က ဆိုကြပါသေးသည်။ "ဒို့က နွယ်လိုသူများမှီပြီး တက်လာတာမဟုတ်၊ ကိုယ်ထူးကိုယ်ချွန်နဲ့တက်လာတာ" ဟု ဆိုကြသည်။ ဤစကားကတော့ ကပ်ဖားရပ်ဖား မှီချူစားကာ ကြီးပွားနေသည့် သူများကို ကိုယ့်အားကိုယ်ကိုးသမားများက သွယ်ဝိုက်ပြောသည့်စကားလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ယင်းကိုယ့်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးသမားများသည်ပင် တနည်းနည်းဖြင့် မှီရာကောင်းရမှ အောင်မြင်နိုင်သည်၊ ကြီးပွားနိုင်တာဖြစ်ပါသည်။
မဟန္တံ နိဿာယ ကတွာ၊ ခုဒ္ဒေါပီတိ မဟာ ဘဝေ၊
ဟေမပဗ္ဗတ မာပဇ္ဇ၊ သောဝဏ္ဏာ ကိရ ပက္ခိနော။(နီတိ)။
တန်ခိုးရှိန်ဝါ ကြီးမားသူကို အမှီရ၍ လက်အောက်ငယ်သားသည်လည်း တန်ခိုးရှိန်ဝါ ကြီးသူဖြစ်လာနိုင်၏။ နေရုမည်သော ရွှေတောင်ကို ရောက်လျှင် ကျေးငှက်တို့သည် ရွှေအဆင်းရှိလာကြကုန်သတဲ့။ ထို့ကြောင့်မြန်မာစကားပုံ၌ အရှင်မွေးတော့ နေ့ချင်းကြီး၊ ရွှေပင်နားတော့ ရွှေကျေး၊ ဟုပင်ဆိုထားသည်မဟုတ်ပါလော။
ကိုးကွယ်အားထားရာ သာသနာသည်ပင် မင်းကောင်းမင်းမြတ်များကို အမှီရပါမှ ပိုမိုတောက်ပြောင်ထွန်းလင်းနိုင်သည်။ "သာသနံ နာမ ရာဇာပဓာနံ"ံ(သာသနာဆိုတာ တိုင်းပြည်အုပ်ချုပ်သူ ဘုရင်မင်းတို့ရဲ့ ချီးမြှင့်ထောက်ပံ့မှုကဏ္ဍဟာ အရေးကြီးတယ် ပဓာနအဓိကကြတယ်။) ထို့ကြောင့်ပင် "သာသနာကို ရာဇာကူပင့် မြင့်ထက်မြင့်၏။" ဟုဆိုထားပေသည်။ (Sasana could be developed with the support of good and righteous king) ။
လူသားအားလုံးသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အပြန်အလှန် မှီခိုနေကြရပါသည်။ ဆရာကလည်း တပည့်မှီရသလို တပည့်ကလည်း ဆရာကိုမှီရပါသည်။ ဆရာဒကာတို့သည်လည်း အပြန်အလှန်မှီနေကြရပါသည်။ "ဗုဒ္ဓမြတ်စွာ သာသနာ ဆရာဒကာ နှစ်ဖြာပါမှ သာယာဖြိုးဖောက် လွန်ထွန်းတောက်လိမ့်။" ဆိုသည့်အတိုင်း ဆရာဒကာ ဟန်ချက်ညီစွာ သာသနာတော်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့လိုပါသည်။
သာသနာမှာ မှီရာကောင်းဆိုတာကတော့ ကလျာဏမိတ္တအစစ်ကိုပဲ ဆိုချင်ပါသည်။ တစ်နေ့သောအခါ အရှင်အာနန္ဒာသည် နေ့လည်တစ်ပါးတည်း အေးအေးလူလူ ကိန်းအောင်းစဉ် အတွေးလေးတစ်ခု ဝင်လာခဲ့ပါသည်။ ယင်းသူ့အတွေးလေးကို မြတ်ဗုဒ္ဓအား လျှောက်ထားကြည့်ခဲ့ပါသည်။ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်း ပေါင်းမိခြင်းဟာ သာသနာအတွက် ခရီးတဝက်ရောက်တယ်တဲ့။
မြတ်ဗုဒ္ဓက အရှင်အာနန္ဒာ၏ ဤအဆိုကို နှစ်ကြိမ်တိုင်တိုင် ကန့်ကွက်တော်မူခဲ့ပြီး "မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ၊ သကလမေဝ ဟိတံ အာနန္ဒ ဗြဟ္မစရိယံ ယဒိဒံ ကလျာဏမိတ္တတာ"၊ မိတ်ကောင်းဆွေကောင်း မှီရာကောင်းဆိုတာ သာသနာအတွက် ခရီးတဝက်မက ခရီးဆုံးတောင် ရောင်နိုင်နိုင်တယ် အာနန္ဒာ။ အဘယ်ကြောင့်ဆိုသော် မိတ်ကောင်းဆွေကောင်းအမှီပြုပြီး အိုနာသေရေး ဒုက္ခဘေးအားလုံးတို့မှ လွတ်မြောက်နိုင်သည် အာနန္ဒာ။
ထို့ကြောင့် ဘဝသံသရာ ကြီးပွားတိုးတက်ရေးသာမက သံသရာလွတ်လမ်းကို လျှောက်လှမ်းကြကုန်သော မိမိတို့တစ်တွေသည် ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်း မှီရာကောင်း အခွင့်အခါကောင်းများ လက်လွတ်မဆုံးရှုံရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ဟု ဆန္ဒပြုရင်း။
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၁၃၇၃ ခု တန်ဆောင်မုန်းလဆန်း ၄ ရက်
၃၁-၁၀-၂၀၁၁ တနင်္လာနေ့
အမှီမရှိပါလျှင်ဖြင့် ဘုရားမပွင့်ကောင်းပါသလော
ReplyDeleteထိုအမှီ၏ အရှိန်ကြောင့် ဘုရားပွင့်ရခြင်းမှန်ပါ၏လော
ဘုရားတောင်အမှီရှိမှပွင့်သည်ဟူသော အယူသည် ဗုဒ္ဓ၏အယူဝါဒတွင် ပါဝင်နေပါ၏လော သိလိုသော မေးခွန်းကို ရှင်းသောစိတ်ဖြင့်သာဖြေကြားပေးပါရန် လေးမြတ်ရိုသေစွာ ပန်ကြားအပ်ပါသည်