
သူတော်ကောင်းတရားကို မသိနားမလည်ကုန်သော လူမိုက်တို့အား
သံသရာခရီးသည် ရှည်လျှား၏ (ဓမ္မပဒ)
(၁)
သန့်ရှင်းကြည်လင်စင်ကြယ်လှသော ယမုနာမြစ်ရေသည် တသွင်သွင် စီးဆင်းလျှက်ရှိသည်။ ညိမ့်ညိမ့်ညောင်းညောင်းဖြင့် သာယာပျော့ပြောင်းစွာ စီးဆင်းနေ၏။ ယမုနာမြစ်ရေတို့သည် မပြတ်မစဲ အမြဲ စီးဆင်းနေကြသကဲ့သို့ ယမုနာခရီးသည်တို့သည်လည်း စမ်းတ၀ါးဝါးဖြင့် မရပ်မနား ခရီးသွားနေကြ၏။ ရှည်လျှားလှသည့် သံသရာခရီးဝယ် ခန္ဓာဝန်ထုပ်ကို ထမ်းပြီး မနေမနား သွားနေကြခြင်းဖြစ်၏။
(၂)
ယမုနာမြစ်၏ လက်ယာဖက်ကမ်းပေါ်တွင် တည်ရှိသည့် ကောဆမ်(kosam) ရွာကလေးသို့ ကျွန်ုပ်တို့ အလည်ရောက်ခဲ့ကြသည်။ အလဟာဗာဒ်(Allahabad)မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ(၄၀)ခန့် အကွာတွင် တည်ရှိသည်။ ရွာသူရွာသားအများစုမှာ ဆင်းရဲကြပြီး တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ယခုအခါ သေးသိမ်သည့် ရွာငယ်လေးတစ်ရွာ ဖြစ်နေသော်လည်း အတိတ်သမိုင်းကို တူးဖော်ကြည့်သော် ကောသမ္ဗီမြို့တော်ကြီး၏နေရာဖြစ်၏။
မြို့တော်ဟောင်းနေရာသည် ပတ်လည်လေးမိုင်ခန့် ကျယ်ဝန်းပြီး စက်ဝိုင်းပုံသဏ္ဍာန် တည်ရှိသည်။ မြို့ရိုးတံတိုင်းများကို တူးဖော်ခြင်းမပြုသဖြင့် တောင်ကုန်းလေးများက မြို့ကို ပတ်လည်ဝိုင်းရံထားကြသည်။ အသောကမင်းကြီး စိုက်ထူခဲ့သော ကျောက်တိုင်ကြီးကို မားမားမတ်မတ် တွေ့မြင်ရသည်။ မြို့တော်ဟောင်းနေရာဖြစ်၍ မြေတလင်းညီညာပြေပြစ်မှု မရှိဘဲ တစ်ချို့နေရာများတွင် မို့မောက်ကာ တောင်ကုန်းပြင်ဖြစ်နေပြီး တစ်ချို့နေရာများမှာ ချိုမ့်ဝှမ်းကြီးများဖြစ်နေကြသည်။
ဘုရားရှင်လက်ထက်တော်က ကောသမ္ဗီမြို့သည် ကန္တိတိုင်းတွင် ပါဝင်ခဲ့ပြီး မြို့တော် ကြီး(၆)မြို့တွင် တစ်မြို့အဖြစ် ပါဝင်ခဲ့သည်။ ကောသလတိုင်းနှင့် မာဂဓတိုင်းတို့မှ ၀င်ရောက်လာသည့် လူနှင့်ကုန်ပစ္စည်းများ သိုလှောင်ရာ ဌာနကြီးဖြစ်သည်။
သာသနာတော်တွင် သက်တော်(၁၆၀)အသက်ရှည်၍ အနာကင်းခြင်း ကျန်းမာခြင်း နှင့်ပြည့်စုံသည့် နေရာတွင် အမြတ်ဆုံး အသာဆုံး ဟု ဧတဒဂ်ရရှိသော အရှင်ဗာကုလမထေရ်၊ ပိဋကတ်သုံးပုံဆောင်နိုင်၍ ဗဟုဿုတ ဓမ္မကထိက ဧတဒဂ်ရ ခုဇုတ္တရာ အမျိုးသမီး၊ ပရန္တပမင်း၊ ဥတေနမင်းတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည်။
ဘုရားရှင်သည် ကောသမ္ဗီမြို့၌ အရှင်ဆန္နကို အကြောင်းပြုကာ သိက္ခာပုဒ်(၆)ပုဒ်၊ အရှင်သာဂတနှင့် ရဟန်းများကို အကြောင်းပြုကာ တစ်ပုဒ်စီဖြင့် စုစုပေါင်း ၀ိနည်း သိက္ခာပုဒ်(၈)ပုဒ်တို့ကို ပညတ်ခဲ့သည်။ ယင်းအပြင် ရှင်ရာဟုလာကို အကြောင်းပြုကာ သဟသေယျ အနုပညတ်နှင့် အရှင်ဆန္နကို အကြောင်းပြုကာ အာပတ်ကို မရှု့စား၊မကုစားခြင်းတို့ကြောင့် နှင်ထုတ်ရမည့်ကံတို့ကိုလည်း ပညတ်ခဲ့သည်။
ကျွန်ုပ်တို့သည် ဦးစွာ ဃောသိတာရုံကျောင်းတော်ရာကို ၀င်ရောက်ကြည်ညိုကြသည်။ ဘုရားရှင် န၀မမြောက် ၀ါကပ်ခဲ့သည့် ကျောင်းတော်ကြီးဖြစ်သည်။ သားသားနားနား ခန့်ခန့်ညားညား မရှိတော့သော်လည်း ကြီးကျယ်ခဲ့သော ကျောင်းတော်ကြီး၏ အပိုင်းအစများက အထင်ကရ ကျန်ရှိနေသေးသည်။ ကျောင်းတော်ကြီးကို ဖူးမျှော်ရင်း မှတ်ခဲ့ဘူးသည့် လွန်ခဲ့သည့် နှစ်ထောင် ငါးရာကျော်က ကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပုံရိပ်အချို့တို့ကို ပြည်လည်ကာ အမှတ်ရနေမိလေ၏။
ကောသမ္ဗီမြို့၌ ဃောသိတာရုံကျောင်း ကုက္ကုဋာရုံကျောင်း ပါဝါရိကာရုံကျောင်း ဗဒရိကာရုံကျောင်း ဟူ၍ ထင်ရှားသည့် ကျောင်းတော်ကြီး(၄)ကျောင်းရှိခဲ့သည်။ ကျောင်းဒါယကာ များဖြစ်ကြသော ဃောသကသူဋ္ဌေး ကုက္ကုဋသူဋ္ဌေး ပါဝါရိကသူဋ္ဌေး တို့သည် မိတ်ဆွေရင်းချာများ ဖြစ်ကြပြီး ဆရာရသေ့တို့၏ လမ်းညွှန်မှုဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော် မူသော ဘုရားရှင်ကို သွားရောက်ဖူးမျှော်ကာ သောတာပန်တို့ ဖြစ်ခဲ့ကြသည်။ ထိုသူဋ္ဌေး သုံးယောက်တို့သည် ဘုရားရှင်ကို ကောသမ္ဗီသို့ ပင့်ဖိတ်ပြီး ကျောင်းဆောက်လှူဒါန်းခဲ့ကြသည်။ ဘုရားရှင်သည် ယင်းကျောင်းတို့၌ အကြိမ်များစွာ ကြွရောက်သီတင်းသုံးတော်မူခဲ့လေသည်။
ဃောသိတာရုံ ကျောင်းဒါယကာကြီး ဃောသက သူဋ္ဌေးသည် ကောသမ္ဗီပြည် ပြည့်တန်ဆာမ တစ်ဦး၏ သားဖြစ်သည် ၊ မွေးကင်းစ အရွယ်ကပင် အမှိုက်ပုံ၌ စွန့်ပစ်ခြင်းခံရသည်။ ကောသမ္ဗီ သူဋ္ဌေးကြီးတစ်ဦးသည် “ငါ့အားသမီးမွေးပါက ဒီကလေးနှင့် ပေးစားမည်၊ သားမွေးပါက ဒီကလေးကို သတ်ပြစ်မည်”ဟူသော စိတ်ကူးဖြင့် ကောက်ရသူ၏အထံမှ သူဋ္ဌေးဇာတာပါသော ကလေးကို အသပြာတစ်ထောင်ဖြင့် ၀ယ်ယူခဲ့သည်။ သူဋ္ဌေးကြီး၏ အမျိုးသမီးတွင် သားမွေးသဖြင့် ဃောသကသူဋ္ဌေးလောင်းကလေးကို ခုနှစ်ကြိမ်တိတိ သတ်ခိုင်းခဲ့သည်။ ကုသိုလ်ကံကြီးမားလှသဖြင့် သတ်၍မရနိုင်ဘဲ အမွေများရကာ သူဋ္ဌေးဖြစ်လာခဲ့သည်။ မိမိဘ၀မှန်ကို သိရှိနားလည်သောအခါ ထိန့်လန့်တုန်လှုပ်လျှက် နေ့စဉ် စွန့်ကြဲပေးကမ်း လှူဒါန်းခဲ့ပြီး ဘုရားရှင်နှင့်တွေ့ကာ ကျောင်းဒါယကာကြီးဖြစ်လာခဲ့သည်။
ဤကျောင်းတော်၌ သန့်စင်ရေ ကျန်ခဲ့မှုကို အကြောင်းပြုကာ ကြီးမားသော သံဃာ့ အဓိကရုဏ်းကြီး ဖြစ်ခဲ့သည်။ ဘုရားရှင် ပြောဆိုဆုံးမသော်လည်း မနာယူကြပေ။ ထိုကြောင့် ဘုရားရှင်သည် ကွဲပြားနေသော သံဃာများကို စွန့်ပယ်ကာ ပါလိလေယျကတော၌ တစ်ပါးတည်း ဒသမမြောက် ၀ါကပ်တော်မူခဲ့သည်။
ဘုရားရှင်သည် ဤကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလျှက် သုတ္တန်ပေါင်း (၁၃)သုတ်နှင့် ဇာတ်တော်(၂)ဇာတ်တို့ကို ဟောကြားခဲ့သည်။ ဤကျောင်းတော်၌ပင် အရှင်အာနန္ဒာသည် (၅)သုတ်၊ အရှင်ပိဏ္ဍောလဘာရဒွါဇသည် (၁)သုတ်၊ အရှင်သာရိပုတ္တရာ သည်(၁)သုတ်၊ အရှင်ခေမကသည် (၁)သုတ်၊ မထေရ်မြတ်လေးပါတို့သည် ဆွေးနွေးဖလှယ်ကြကာ (၁)သုတ်တို့ကို ဟောကြားခဲ့ကြသည်။ ၄င်းတို့ကား မိမိရှာဖွေမိသမျှ တင်ပြခြင်းဖြစ်သည်။ များစွာ ကျန်ရှိနိုင်ပေသည်။
အရှင်အာနန္ဒာသည် ဤကျောင်းတော်သို့ ကြိမ်ဖန်များစွာ ကြွရောက်သီတင်းသုံးခဲ့ပြီး အရှင်ဆန္နသည်လည်း ဤကျောင်းတော်၌ အမြဲတစေ သီတင်းသုံးခဲ့လေသည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက်၌ သံဃာ၏ စေခိုင်းမှုကြောင့် အရှင်အာနန္ဒာသည် နောက်ပါအခြံအရံ ရဟန်းငါးရာတို့ဖြင့် ဤကျောင်းတိုက်သို့ ကြွရောက်ခဲ့ပြီး အရှင်ဆန္နကို ဗြဟ္မဒဏ်ပေးခဲ့သည်။ ဗြဟ္မဒဏ်ဟူသည် ”အရှင်ဆန္နသည် ရဟန်းတို့ကို ပြောလိုရာပြောပစေ၊ ရဟန်းတို့သည် မပြောဆိုထိုက် မဆုံးမထိုက်“ဟု ဖြစ်သည်။ အရှင်ဆန္နသည် ဗြဟ္မဒဏ်ကို ရှက်လွန်း၍ မမေ့မလျော့ အားထုတ်ကာ ရဟန္တာဖြစ်ခဲ့လေသည်။
ကျောင်းတော်ရာကို ဖူးမျှော်ကြပြီးနောက်တွင် မြို့တော်ဟောင်းနေရာကို သွားရောက် လေ့လာကြသည်။ အသောကကျောက်တိုင်ကြီးနှင့် မြို့ပြ အဆောက်အဦး အုတ်ခုံရာနေရာတို့ကို တွေ့မြင်ရသည်။ ကျောက်တိုင်အနီးရှိ အဆောက်အဦး အုတ်ခုံရာတို့ကို ကုက္ကုဋာရုံကျောင်းတော်ရာဟု အချို့က ယူဆကြသည်။
ထိုမှတဆင့် ဥတေနမင်းကြီး၏ နန်းတော်ရာနေရာကို သွားရောက်ကြသည်။ မြစ်ကြီးငါးစင်းတွင် တစ်စင်းအပါအ၀င်ဖြစ်သော ယမုနာမြစ်ကမ်းဘေးတွင် တည်ဆောက်ထားသည်။ ယမုနာမြစ်ရေသည် အေးမြသည် ၊ ကြည်လင်သည်၊ သန့်ရှင်းသည်၊ ဂင်္ဂါမြစ်ရေထက်ပင် ပို၍သန့်ရှင်းလတ်ဆတ် သည်ဟုထင်ရသည်။ နန်းတော်ရာအဆောက်အဦးဟောင်းနှစ်ဆောင်တို့ကို တွေ့ရပေသည်။
စောင်းတီး၍ မန္တန်ရွက်ပါက ဆင်များကို ခေါ်နိုင် နှင်နိုင်သော ဥတေနမင်းကြီးနှင့် သာမာဝတီ,မာဂဏ္ဍီ,၀ါသုလဒတ္တာဟူသော မိဘုရားကြီးသုံးဦးတို့ စံမြန်းခဲ့ရာ နန်းတော်ကြီးဖြစ်သည်။ သာမာဝတီသည် မေတ္တာဝိဟာရီ( မေတ္တာဖြင့်နေလေ့ရှိ) ဧတဒဂ်ရ အမျိုးသ္မီးဖြစ်သည်။ ဘဒ္ဒိယမြို့ ဘဒ္ဒ၀တီ သူဋ္ဌေးကြီး၏ သမီးဖြစ်၍ ဃောသကသူဋ္ဌေးကြီး၏ မွေးစားသမီးလည်း ဖြစ်သည်။ ကျွန်မဖြစ်သူ ခုဇုတ္တရာထံမှ တဆင့် မြတ်ဗုဒ္ဓတရားတော်များကို နာယူရ၍ ဘုရားရှင်နှင့်မတွေ့မီကပင် သောတာပန်ဖြစ်နေခဲ့သည်။ ခုဇုတ္တရာအမျိုးသ္မီးမှ သာမာဝတီနှင့် အခြွေအရံတို့အား ဟောကြားသော သုတ္တန်ပေါင်း (၁၁၂)သုတ်ရှိသည်ဟု မှတ်သားရပေသည်။
မာဂဏ္ဍီ၏ မိဘတို့သည် သမက်ရှာဖွေကြရာ မြတ်ဗုဒ္ဓနှင့် တွေ့ကြပြီး သမီးကို ပေးစားကြသည်။ ထိုအခါ ဘုရားရှင်က မိဘတို့၏ အနာဂါမ်ဖြစ်မည့်အရေးကို သိရှိကာ သင်တို့၏သမီးကို ခြေဖျားဖြင့်ပင် ထိခြင်းငှါ အလိုမရှိဟု ဆိုကာ ငြင်းပယ်လိုက်သည်။ ထိုစကားကို ရန်ငြိုးထားသော မာဂဏ္ဍီသည် မိဘုရားကြီးဖြစ်လာသောအခါ ဗုဒ္ဓကို အမျိုးမျိုးသောနည်းတို့ဖြင့် ကလဲ့စားချေရန် ကြိုးစားသည်။ ဘုရားရှင်ကို ကြည်ညိုသော သာမာဝတီနှင့်ရံခြွေတော် ငါးရာတို့ကိုလည်း ဥတေနမင်းကြီးနှင့် နည်းမျိုးစုံသုံးပြီး ဂုံးတိုက်၏၊ လေးဖြင့် ခွင်းကာ သတ်စေသည်။ သတ်ရန်မစွမ်းနိုင်သောအခါ မိမိ၏ဦးလေးအား မီးရှို့ခိုင်းကာ သတ်စေသည်။ မေတ္တာရှင်မလေး သာမာဝတီနှင့် ရံခြွေတော်တို့သည် တရားထူးများရကြလျှက် သေလွန်ခဲ့ကြသည်။ ဖြစ်ရပ်မှန်ကို သိရှိသွားသော ဥတေနမင်းကြီးက မာဂဏ္ဍီနှင့် ဆွေတော်မျိုးတော်တို့အား နန်းရင်ပြင်၌ မီးရှို့ပြီး ညဉ်းပန်းနှိတ်စက်ကာ သတ်စေခဲ့သည်။
ဝါသုလဒတ္တာသည်ကား အ၀န္တိတိုင်း ဥဇ္ဇေနီမြို့ဘုရင် စန္ဒပဇ္ဇောတမင်းကြီး၏ သမီးတော် ဖြစ်သည်။ ဆင်ခေါ်မန္တန် သင်ခိုင်းရာမှ ချစ်ကြိုးသွယ်မိကြပြီး ခိုးယူခဲ့ခြင်းဖြစ်သည်။
ဥတေနမင်း၏ ပုရောဟိတ်သား အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဥတေနမင်းကြီး၏ ဥယျာဉ်တော်၌ နေ့သန့်စင်ခြင်းကို မကြာခဏ ပြုလေ့ရှိသည်။
အခါတပါး ဥတေနမင်းကြီး၏ အခြွေအရံမောင်းမတို့သည် အရှင်အာနန္ဒာအား သင်္ကန်းငါးရာ လှူဒါန်းကြရာ မင်းကြီးသိရှိပြီး စိတ်ဆိုးလေ၏။ အရှင်အာနန္ဒာအား ကဲ့ရဲ့ရှုပ်ချပြီး မေးမြန်း လျှောက်ထားလေရာ အရှင်အာနန္ဒာမှ “သင်္ကန်းတို့ကို အားနဲသော သင်္ကန်းရှိသူတို့နှင့် ခွဲဝေသုံးဆောင်မည်၊ ထိုသင်္ကန်းဟောင်းတို့ကို အပေါ်ခင်း၊ ဘုံလျှိုစွပ်၊ မြေအခင်း၊ ခြေသုတ်ကြိုးဝန်း၊ဖုံသုတ်ဖုံခါ၊ ယင်းအဟောင်းတို့ကို နှုတ်နှုတ်စင်းကာ ညွှန်ဖြင့်နယ်ပြီး နံရံကို လိမ်းကြံမည် “စသည်ဖြင့် သုံးစွဲပုံအဆင့်ဆင့်တို့ကို ရှင်းပြလေ၏။ ထိုအခါ ဥတေနမင်းကြီးသည် နှစ်ခြိုက်ကြည်ညိုပြီး သင်္ကန်းအစုံတစ်ထောင်တို့ကို လှူဒါန်းလေသည်။ ဤသည်တို့သည်ကား သတိရမိသည့် ကောသမ္ဗီနှင့် ပတ်သက်သော အကြောင်းအရာတို့ကို တင်ပြခြင်းဖြစ်ပေသည်။
(၃)
ယမုနာမြစ်ရေသည် မရပ်မနား စီးဆင်းနေသကဲ့သို့ ယမုနာခရီးသည်တို့သည် သံသရာခရီးဝယ် မရပ်မနား သွားနေကြပေ၏။ အချို့သော ခရီးသွားတို့သည် လောဘတော ဒေါသတော မောဟတော တို့ကို ပယ်သတ်ကာ ခရီးရပ်ခဲ့ကြလေပြီ၊ ရှုပ်ထွေးပွေလီသော သံသရာခရီးလမ်းကြမ်းကြီးကို ဖြတ်ခဲ့ကြလေပြီ။
အချို့သော ခရီးသွားတို့သည်ကား လောဘတော ဒေါသတော မောဟတောတို့၌ ပျော်မွေ့ကာ ခရီးဆက်နေကြဆဲဖြစ်၏။ ဘယ်ဆီကိုတမ်း မှန်းဆ၍မရနိုင်သော သံသရာခရီးကြမ်းကြီးကို လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။
ယမုနာမြစ်ကမ်းဘေးသို့ ခေတ္တမျှ အလည်ရောက်ရှိခဲ့သော ကျွန်ုပ်တို့သည်လည်း သံသရာခရီးသွား ယမုနာခရီးသည်တို့ပင် ဖြစ်သည်။ သွားခဲ့ကြပြီးသော ယမုနာခရီးသည်ကြီးတို့က အတုယူစရာ သံဝေဂရစရာ ဖြစ်ရပ်တို့ကို တစီတတန်းကြီး မီးမောင်းထိုး ပြသသွားခဲ့ကြလေပြီ။ ကျွန်ုပ်တို့ရော မည်ကဲ့သို့ ခရီးဆက်ကြမည်နည်း။ မှန်ကန်သော နည်းလမ်းတို့ဖြင့် ကောင်းမွန်စွာ ခရီးဆက်ကြမှ ချောမွေ့ဖြောင့်တန်းသော သံသရာခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြမည်သာ ဧကန်ပင် ဖြစ်ပေတော့သည်။
သိမ်မွေ့ဦး (BHU), India
REF; from the Eleventh Annual Periodical of Myanmar Monk-Student's Welfare Association of India.
No comments:
Post a Comment