" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, June 11, 2012

လျှောက်သင့်သည့်လမ်း သို့မဟုတ် ဘာသာအယူဝါဒစစ်တမ်း


ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊
ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။ ဝါဒအယူ၊ မှားခဲ့မူကား၊
ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
စေ့စုံဥာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ …
(၁) တဆင့်ကြားသိ၊
(၂) မိရိုးဖလာ၊
(၃)ကောလဟာလ၊
(၄) ကျမ်းစာမျှနှင့်၊
(၅-၆) ကြံဆ, နည်းမှီ၊
(၇) ဆီလျှော်သုံးသပ်၊
(၈) ယူချင်းထပ်၍၊
(၉) ယူအပ်သူပဲ၊
(၁၀) ဆရာစွဲဖြင့်၊
လွှဲပုံစိတ်ချ၊ မယူကြလင့်။ ဒိဌကျင့်ကြံ၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊
မှားမှန်ကောင်းဆိုး၊ သိအောင် ကြိုးဟု ၊ မျိုးကာလာမ၊
ဟောညွှန်ပြသည်၊ အယူဝါဒစစ်တမ်းတည်း။ ။(မဃဒေဝ)။
အင်္ဂုတ္တရနိကာယ်လာ ကေသမုတ္တိသုတ်မှာ မြတ်စွာဘုရားရှင်သည် လျှောက်သင့်သည့်လမ်း သို့မဟုတ် ဘာသာအယူဝါဒစစ်တမ်းကို အတိအလင်း ဟောကြားတော်မူခဲ့၏။ ကေသမုတ္တိနိဂုံးရွာကြီး၌ ဟောတော်မူသောကြောင့် ကေသမုတ္တိသုတ် သို့မဟုတ် ကေသမုတ္တိနိဂုံးရွာကြီး၌ နေထိုင်ကြသော လူမျိုးများသည် ကာလာမမျိုးနွယ်ဝင်များဖြစ်သောကြောင့် ယင်းကာလာမမျိုးနွယ်ဝင်များကို ရည်ညွှန်း၍ ဟောတော်မူအပ်သောကြောင့် ကာလာမသုတ် ဟု ထင်ရှားကျော်ကြားသော သုတ်၏ ဆိုလိုရင်းအဓိပ္ပါယ်အနှစ်ချုပ်ကို ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသက တရားနာပရိတ်သတ်များအား ဟောကြားခဲ့သလို စာရေးသူတို့ စစ်ကိုင်းသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပညာသင်ယူစဉ် ၂၀၀၃ ခုနှစ်လောက်က ရှင်းပြဖူး၏။ စာရေးသူသည် ဤကာလာမသုတ်တော်ကို ရှင်သာမဏေကျော်တန်း လုပ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ဖူးသားဖြစ်၏။ သို့သော် ထိုစဉ်အခါက မိမိသည် ဤကာလာမသုတ်၌ ဟောတော်မူခဲ့သည့် ဒေသနာစဉ်အဆက်အစပ်ကို အဘယ်ကြောင့် မြတ်ဗုဒ္ဓက ဤကဲ့သို့ ဟောတော်မူပါသနည်းဟု ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါ။ ဤသုတ်၌ မြတ်ဗုဒ္ဓက ဒေသနာစဉ်အဆက်အစပ်ကို ရှေးဦးစွာ ကာလာမမျိုးနွယ်များအား (နံပါတ်၁) အနေအားဖြင့် အစဉ်အလာယုံကြည်မှုစသည့် ၁၀ချက်ကို အခြေခံပြီး အစစ်အမှန်ဟု တထစ်ချ မမှတ်ယူသင့်ပုံကို ဟောတော်မူ၏။ ယင်း ၁၀ ချက်ဖြင့် တင်ပြပြောဆိုလာသော်လည်း ကိုယ်ပိုင်အသိဥာဏ်ကိုသာ အခြေခံပြီး လက်ခံယုံကြည်ရမည်ဟု ဟောတော်မူ၏။ (နံပါတ်၂) အနေဖြင့် ဗြဟ္မဝိဟာရတရားလေးကို ဆက်ဟောပြီး (၃) အနေဖြင့် အဿာသတရားလေးပါး(ရှူသာရှိုက်သာသက်သာရာတရားလေးပါး) ကို နိဂုံးချုပ်ပြီးဟောတော်မူခဲ့၏။ စာရေးသူရှင်းရှင်းနားမလည်သည်မှာ ယင်းဒေသနာစဉ်အဆက်စပ် အကူးအပြောင်း ဟောတော်မူရခြင်းအကြောင်းကို နားမလည်ခြင်းသာ ဖြစ်ပါ၏။ အထက်ပါ အစဉ်အလာယုံကြည်မှု ၁၀ချက်၊ဗြဟ္မဝိဟာရတရားလေး နှင့် အဿာသတရားလေးပါ တို့၏ ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ နားလည်ပါ၏။
၂၀၀၃-ခုနှစ်လောက်က ပါမောက္ခချုပ်ဆရာတော်ကြီး ယင်းဒေသနာအစဉ်အဆက်အစပ် ဟောတော်မူရခြင်းအကြောင်းကို ရှင်းပြမှသာလျှင် ကောင်းကောင်းသဘောပေါက် နားလည်သွားပါသည်။ ယခင်က အဆိုပါ အစဉ်အလာယုံကြည်မှု ၁၀ချက်၊ဗြဟ္မဝိဟာရတရားလေး နှင့် အဿာသတရားလေးပါ တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်လောက်ကိုသာ အလွန်နှစ်သက်နေမိ၏။အဘယ်ကြောင့် ဤကဲ့သို့ ဒေသနာအဆက်စပ်ကို မြတ်ဗုဒ္ဓက ဟောတော်မူခဲ့ရသနည်းဆိုသည်ကို ပါဠိတော်သက်သက် ဖတ်ကြည့်ရုံနှင့်လည်း မသိနိုင်၊ ယင်းသုတ် အဌကထာမှာလည်း ဖွင့်ပြတော်မူခြင်းမရှိသောကြောင့် သိနားလည်နိုင်ဖို့ အလွန်ပင် မိမိအဖို့ ခက်ခဲနေပါသည်။ သို့သော် ပါမ္ခောချုပ်ဆရာတော်ကြီးက အကျိုးသင့်အကြောင်းသင့် ဒေသနာ အဆက်စပ် ဟောတော်မူရပုံကို ရှင်းပြမှသာလျှင် သဘောပေါက်သွားပါတော့သည်။ ဆရာရှင်၏ ကျေးဇူး အလွန်ကြီးမားစွ။ ဤ၌ ပါမောက္ခချုပ်ဆရာတော်၏ ဒေသနာစဉ်ဆက်စပ်ဟောတော်မူပုံအပါဝင် အကျဉ်းချုပ်တင်ပြသွားပါမည်။
ဤကာလာမသုတ်တော် စတင်ဖြစ်ပေါ်လာရသည်မှာ ကေသမုတ္တိနိဂုံးရွာကြီးသည် ရှေးခေတ် အိန္ဒိယပြည်ကြီး၌ ကောသလတိုင်းအတွင်းမှာ ပါဝင်၏။ အမှန်စင်စစ် ဤကေသမုတ္တိနိဂုံးရွာကြီးသည် ဝဇ္ဇီတိုင်းနှင့် ကောသလတိုင်း၏ နယ်စပ်မှာတည်ရှိ၏။ ယင်းရွာကြီးသည် နယ်စပ် တောအုပ်ကြီးတစ်ခု၏ အဝင်ဝမှာတည်ရှိသောကြောင့် တောစခန်းကို ဖြတ်သန်းသွားလာသည့် ကုန်သည်များ ဘာသာရေးဆရာများ ယင်းကေသမုတ္တိနိဂုံးရွာကြီးမှာ တည်းခိုစခန်းချပြီးမှ ယင်းတောအုပ်ကြီးကို ဖြတ်သန်းသွားလာကြရ၏။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တို့ ရောက်လာသောအခါ ဤရွာကြီးမှာ ဘာသာရေးဟောပြောပွဲများ လုပ်လေ့လုပ်ထရှိ၏။ ကာလမမျိုးနွယ်တို့၏ အဆိုအရ ဘာသာတရားလာရောက်ဟောသူတိုင်း သူတို့အယူဝါဒကိုသာ ရှေ့တန်းတင် အကောင်းပြောပြီး အခြားပုဂ္ဂိုလ်တို့၏ အယူဝါဒကို စွတ်စွဲပုတ်ခတ် ပြစ်တင်ပြောဆိုကြ၏။ မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ကေသမုတ္တိရွာကြီးရောက်လာတော့ ရွာသူရွားသားများက ထုံးစံအတိုင်း မြတ်ဗုဒ္ဓကို အခြားဘာသာရေးဆရာများကဲ့သို့ မိမိဝါဒကိုသာ အကောင်းပြောပြီး အခြားပုဂ္ဂိုလ်တို့၏ဘာသာအယူဝါဒကို ပြစ်တင်ပြောဆိုမှာပဲဟု ထင်နေကြ၏။ ကေသမုတ္တိရွာသူရွာသားများသည် ဘာသာရေးခေါင်းဆောင်တို့ လာရောက်ဟောပြောတိုင်း မိမိအယူဝါဒသာကောင်းကြောင်း အခြားသူများ၏ အယူဝါဒမကောင်းကြောင်းချည်းကိုသာ ကြားနေရသောကြောင့် ထိုရွာသားများသည် မည်သူ၏ဝါဒက မှန်သည် မှားသည်ကို မဆုံးဖြတ်နိုင်တော့ဘဲ ဘာသာရေးဆရာများပြန်သွားသည့်အခါ သူတို့သန္တာန်၌ သံသယတွေ တပိုးတနင့်ကြီးနှင့် ကျန်ရစ်ခဲ့လေ၏။ ထိုကဲ့သို့ သံယယများနှင့် အခက်ကြုံနေကြရသည့် ကာလာမမျိုနွယ်စုများကို မြတ်ဗုဒ္ဓက လက်တွေ့ကျကျကိုယ်ပိုင်ဥာဏ်ဖြင့် အသုံးချပြီး ကျင့်သုံးနိုင်ဖို့ ဘဝခရီးဝယ် လျှောက်သင့်သည့်လမ်း သို့မဟုတ် ဘာသာအယူဝါဒစစ်တမ်းကို ဤကေသမုတ္တိသုတ်တော်မှာ ရှင်းလင်းဟောကြားတော်မူခဲ့၏။
ဧထ တုမှေ ကာလာမာ၊
(၁) မာအနုဿဝေန (တဆင့်ကြားသိ၊)
To the truth seekers, the Buddha says;
(1)         Don't accept anything by mere hearsay-(i.e., thinking that thus have we heard it from a long time).
အမှန်တရားကို ရှာဖွေသည့်အခါ တဆင့်ကြားစကားကို အခြေခံပြီး မရှာသင့်၊ ဟိုအရင်ရှေးနှစ်ပေါင်းများစွာကအကြာင်းအရာကိုမိမိကိုယ်တိုင်တဆင့်ကြားရုံဖြင့်လည်း ဟုတ်လှပြီဟု လက်မခံသင့်သေးပေ။ တဆင့်ကြားမှုသည် မှန်သည်လည်း ရှိနိုင်၊ မှားသည်လည်း ရှိနိုင်၏။ သေချာမှု မရှိပေ။
(၂) မာ ပရမ္ပရာယ (မိရိုးဖလာ)
(Don't accept anything by mere tradition (i.e., thinking that it has thus been handed down through many generations).
မျိုးနွယ်စဉ်ဆက် အစဉ်အလာ ကျင့်သုံးလာသည့် အချက်အလက်တွေအပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာသင့်။ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းကျင့်သုံးလာသည့် traditional facts ရိုးရာထုံးလမ်းစဉ်လာများသည် အားလုံးအမှန်ချည်းဟု မပြောနိုင်။ အမှားအမှန် ရှိနိုင်၏။
(၃) မာ ဣတိကိရိယာယ (ကောလဟာလ)
Don't accept anything on account of mere rumours (i.e., by believing what others say without any investigations).
ကောလဟာလ သီတင်းအချက်အလက် (rumours or reports) များသည် တကယ့်အစစ်အမှန်များ မဟုတ်ကြ။ တစ်စုံတရာ စစ်ဆေးမေးမြန်းမှု မရှိဘဲ မခိုင်လုံသည့် သီတင်းအချက်လက်များသည် ကောင်းကျိုးမရှိ။ ယင်း သီတင်းအချက်အလက် (rumours or reports) များသည် မှန်တာရော မှာတာရော ရှိနိုင်သောကြောင့် အမှန်တရားကို ရှာမှီးနေသူအဖို့ ယင်း reports များကို အခြေခံပြီး သစ္စာတရားကို ရှာဖွေ၍ မရနိုင်ပေ။
(၄) မာ ပိဋက သမ္ပဒါနေန (ကျမ်းစာမျှနှင့်)
(Don't accept anything merely because it accords with your scriptures).
အရာရာတိုင်းမှာ စာပေနှင့် ကိုက်ညီ၏ ဟု ဆိုရုံမျှနှင့်လည်း မှန်၏ဟု လက်ခံ မဆုံးဖြတ်သင့်။ စာအုပ်စာပေ၌ လာရှိသည့်အကြောင်းအရာများသည် မှန်သည်လည်း ရှိနိုင်၏၊ မှားသည်လည်း ရှိနိုင်၏။ ဥပမာ ယနေ့ခေတ် English ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များသည် ဗုဒ္ဓဝါဒများချည်းမဟုတ်ဘဲ မိမိအာဘော်များ ထင်မြင်ချက်များ ရေးထားသည်ကို တွေ့နိုင်၏။ တလွဲမှားပြီး မိမိလိုချင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြ၏။ သီရိလင်္ကာ ကျမ်းတတ်အကျော် ဆရာတော်ကြီး ရာဟုလာမထေရ်၏ what the Buddhat Taught (မြတ်ဗုဒ္ဓဒေသနာတော်) ဟူသည့် စာအုပ်၏ အမှာစကားမှာ ဆရာတော်ကြီးက အောက်ပါအတိုင်း သတိပေးတော်မူခဲ့၏။
A professor of comparative religion who recently wrote a book on Buddhism did not even know that Ananda, the devoted attendant of the Buddha, was a Bhikkhu (a monk), but thought he was layman! The knowledge of Buddhism propagated by books like these can be left to the reader's imagination. (See preface).
မကြာသေးမီက ဗုဒ္ဓဘာသာစာအုပ်တစ်အုပ်ကို ရေးသားပြုစုသော (ဘာသာဝါဒ နှိုင်းယှည်လေ့လာရေး ပညာရှင်) ပါမောက္ခတစ်ဦးသည် မြတ်ဗုဒ္ဓအား ကြည်ညိုလေးစားစွာဖြင့် အလုပ်အကျွေးပြုစုခဲ့သူ အရှင်အာနန္ဒာကို ရဟန်းတစ်ပါး ဖြစ်သည်ဟု မသိရှိပဲ ဥပါသကာ တစ်ဦးဟု ထင်မြင်ယူဆခဲ့လေ၏။ ဤကဲ့သို့သော စာအုပ်မျိုးမှ ပေါက်ဖွားလာမည့်(ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့်) အသိပညာသည် မည်ကဲသို့ ရှိချိမ့်မည်ကို စာရှု့သူများ စဉ်းစား၍ ကြည့်စေလိုပါသည် တဲ့။ ထင်ယောင်ထင်မှား ဖြစ်စေသော မိမိယူချက်များ၊ အဓိပ္ပါယ်ကောက်မှားခြင်းများ၊ တလွဲဖော်ပြချက်များ ရှိနိုင်သောကြောင့် စာအုပ်စာပေမှာ လာသည့်အတိုင်း အကြောင်းအရာများ တထစ်ချ မှန်သည် မှားသည်ဟု လက်မခံသင့်ပေ။
(၅) မာ တက္ကဟေတု (၆) မာ နယ ဟေတု( ကြံဆ, နည်းမှီ၊)
Don't accept anything by mere suppositions. Don't accept anything by mere inference.
လောက၌ လူသားတို့သည် အမှန်တရားကို လောဂျစ်(Logic) ခေါ် အကျိုးအကြောင်း ဆင်ခြင်သည့် ယုတ္တိနည်းတို့ဖြင့်လည်း ရှာတတ်ကြသေး၏။ by mere suppositions လို့ခေါ်သည့် မိမိအတ္တနောမတိများဖြင့် လောဂျစ်(Logic) ခေါ် အကျိုးအကြောင်း ဆင်ခြင်သည့် ယုတ္တိနည်းတို့ဖြင့် ရှာဖွေလျှင် မှန်သည်လည်း ရှိနိုင်၏။ မှားသည်လည်း ရှိနိုင်၏။ ဥပမာ လူသားတို့သည် သေမျိုးချည်းဖြစ်၏။ ဦးဘသည် လူဖြစ်၏။ ထို့ကြောင့် ဦးဘသည် သေမျိုးဖြစ်၏။ ဤအချက်သည် မှန်ပါ၏။ တဖန် အဖြူရောင်ရှိသည့် ငှက်တစ်ကောင်ကို ကြည့်ပြီး ငှက်သည် ဖြူ၏။ ကျီးသည် ငှက်ဖြစ်၏။ ထို့ကြောင့် ကျီးသည် ဖြူ၏ ဟု ဆိုလျှင် မမှန်ပေ။ ဤကဲ့သို့ Logic နည်းဖြင့် ရှာဖွေရုံမျှဖြင့်လည်း အမှန်တရားကို မတွေ့နိုင်သေးပေ။
နံပါတ (၆) ဖြစ်သည့် မာ နယဟေတု ဆိုသည်မှာကား အကျိုးကို ကြည့်ပြီး အကြောင်းကို ဖော်ထုတ်ခြင်း၊ အကြောင်းကို ကြည့်ပြီး အကျိုးကို ဖော်ထုတ်လေ့လာသည့် အနုမာန (Inference) နည်းပင်ဖြစ်၏။ ဤ အနုမာနနည်းဖြင့် အမှန်တရားကို ရှာရာ၌ လုံလောက်သည့် ဆုံးဖြတ်ချက်များကို မပေးနိုင်။ အမှား အမှန် ရောပြွန်းနေပေ၏။ ယင်း အနုမာနနည်းမျှဖြင့်လည်း တစ်စုံတရာကို ဟုတ်လှပြီဟု တထစ်ချ လက်မခံသင့်ပေ။
(၇) မာ အာကာရ ပရိဝိတက္ကေန (ဆီလျှော်သုံးသပ်၊)
Don't accept anything by merely considering reasons.
အကြောင်းအရာ အခြေအနေအရပ်ရပ် သုံးသပ်ရှာဖွေသည့် နည်းဖြင့်လည်း အမှန်တရားကို တကယ်တမ်း ရှာလျှင် မသေချာ။ လွဲသည့်အခါလည်း လွဲသွားနိုင်၏။
(ဂ) မာ ဒိဌိနိဇ္ဈာနက္ခ န္တိယာ ၊ (ယူချင်းထပ်၍၊)
Don't accept anything merely because it agrees with your pre-conceived notions.
လူသားတို့သည် မိမိအကြိုက်နှင့် ကိုက်ညီမှုကို အခြေခံပြီး တစ်စုံတရာကို လက်ခံကြ၏။ အမှန်တရားကို ရှာဖွေတတ်ကြ၏။ မိမိက အမျိုးအမျိုးတွေးခေါ်ထားပြီး ကြိုက်နှစ်သက်သဖြင့် ယူထားသည့် အယူအဆ အယူဝါဒနှင့် ကိုက်ညီသွားလျှင် တထစ်ချ အမှန်ဟု လက်ခံကြ၏။ ဒါဟာ ငါကြိုက်တဲ့ အယူဝါဒနှင့် ကိုက်ညီတယ်၊ ငါထင်ထားတဲ့အတိုင်းတော့ ဟုတ်နေပြီဟု မိမိအမြင်လေး မှန်လျှင်လည်း အမှန်တရားဟု လက်ခံတတ်ကြ၏။ အမှန်စင်စစ် ဤနည်းသည်လည်း အားကိုးလောက်သည့် သစ္စာရှာဖွေနည်းတော့ မဟုတ်ပေ။ လူသားတို့သည် မိမိတို့ တဖက်သတ်မြင်သည့် အမြင်လေးဖြင့် မိမိအယူအဆသာ တကယ်ဟုတ်လှပြီဟု ဆုပ်ကိုင်ထားကြ၏။ ငြင်းခုံပြောဆိုနေကြ၏။ (ဝိဂ္ဂယှ နံ ဝိဝဒန္တိ၊ ဇနာ ဧကင်္ဂ ဒဿိနာ)။ ယင်းကဲ့သို့သောအရာဖြင့် အမှန်တရားကို ရှာရာ၌လည်း အပြည့်အဝ အောင်မြင်မှု မရနိုင်ပေ။
(၉) မာ ဘဗ္ဗရူပတာယ (ယူအပ်သူပဲ၊)
Don't accept anything merely because it seems acceptable (i.e., thinking that as the speakers seems to be good person, his word should be accepted.
ဒီပုဂ္ဂိုလ်ကတော့ လူရိုသေ ရှင်ရိုသေ လူကြီးလူကောင်းပါပဲ။ သူ့စကားကိုတော့ လက်ခံသင့်တယ် ဟု ဆိုရိုမျှဖြင့်လည်း အမှန်တရားကို မရှာသင့်။ လူသားတို့သည် အမှန်တရားကို ရှာသည့်အခါ ဤဟာလေးကတော့ မှတ်ထိုက်တယ်၊ ဟုတ်တယ်၊  လက်ခံသင့်တယ်၊ ယုတ္တိရှိတယ်။ တကယ့် ယုံကြည်စိတ်ချသူကတော့ ဘယ်တော့မှ မဟုတ်တာ မပြောပါဘူး ဟု ယူဆပြီး အမှန်တရားကို လက်ခံတတ်ကြ၏။ ဤကဲ့သို့ လက်ခံခြင်းသည် အမှန်ရှိသလို အမှားလည်း ရှိနိုင်ပါ၏။ ဤသည်မှာလည်း စိတ်ချရသည့် သစ္စာရှာရာ၌ ခိုင်လုံသည့် အကြောင်းတော့ မဟုတ်သေးပေ။
(၁၀) မာ သမဏော နော ဂရူ'တိ။ ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ၊ မယူကြလင့်။
Don't accept anything thinking that the ascetic or monk or teacher is respected by us. (Therefore, it is right, to accept his word).
ဒို့ ကိုးကွယ်တဲ့ ဘာသာရေးခေါင်းဆောင်ကြီးတွေပဲ၊ ဒို့ကိုးကွယ်တဲ့ ရဟန်းပဲ၊ ဆရာပဲ၊ ဒို့ရဲ့ ဂုရုကြီးပဲ၊ ဆရာ့စကား မြေဝယ်မကျ လေးစားလိုက်နာထိုက်တယ်၊ ဒို့လေးစားထိုက်တဲ့ ဆရာ့စကားဟာ မှန်တယ်။ ဒါကြောင့် ဆရာ့စကားကို လိုက်ကိုလက်နာသင့်တယ် ဟု ဆိုရုံမျှဖြင့်လည်း တကယ်ဟုတ်လှပြီ ဟု မဆုံးဖြတ်သင့်ပေ။ ထိုကဲ့သို့ လေးစားထိုက်သူ ဆရာ့ဆရာကြီးများ၏ အဆုံးအမစကားများသည် မှန်သည်လည်း ရှိနိုင်၏။ မှားသည်လည်း ရှိနိုင်ပါ၏။

ဒိဌကျင့်ကြံ၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊

ဒိဌကျင့်ကြံ၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊
မှားမှန်ကောင်းဆိုး၊ သိအောင် ကြိုးဟု ၊ မျိုးကာလာမ၊
ဟောညွှန်ပြသည်၊ အယူဝါဒစစ်တမ်းတည်း။
အမှားအမှန်ကို ဆုံးဖြတ်သည့်အခါ သစ္စာတရားရှာဖွေသည့်အခါ မိမိကိုယ်တိုင်သိသည့် လက်တွေ့ အသိဥာဏ်သည် အလွန်အရေးကြီးလှ၏။ မြတ်ဗုဒ္ဓက ယဒါ တုမှေ ကာလာမာ အတ္တနာဝ ဇာနေယျာထ၊ ကာလာမမျိုးနွယ်တို့ ကိုယ်တိုင်သိအောင် ကြိုးစားကြ။ ဤတရားတို့သည် ကုသိုလ်လော၊ အကုသိုလ်လော့၊ မပြစ်မရှိကုန်သလော့၊ အပြစ်ရှိကုန်သလော့၊ ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းကြကုန်သလော့၊ ကဲရဲ့ကြကုန်သလော့၊ လက်တွေ့ကျင့်သုံးကြည့်ပါက ချမ်းသာစည်းပွား အကျိုးသုခ ဖြစ်ထွန်းသလော၊ အကျိုးမဖြစ်ထွန်းဘူးလော့ ဟူသည်ကို လက်တွေ့ သိအောင် ကျင့်ကြံပြီးမှ ကောင်းလျှင်၊ လက်တွေ့ဘဝ အကျိုးရှိလျှင် လက်ခံရမည် ဟု လမ်းညွှန်တော်မူခဲ့၏။
 ကောင်း၏ မကောင်း၏ မကောင်း၏ ဟူသည်ကို မိမိအကြိုက်လောက်ဖြင့် အမှန်ဟု မဆုံးဖြတ်သင့်။ မိမိကြိုက်လျှင် ကောင်း၏၊ မိမိမကြိုက်လျှင် မကောင်းဘူးဟု ဤကဲ့သို့ မဟုတ်။ ဥပမာ မြတ်ဗုဒ္ဓက ဓမ္မပဒ၌ န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ၊ မကောင်းမှု ဆိုသည်မှာ လုပ်ပြီးသည့်နောက် စိတ်နှလုံး ပူလောင်စေသည့်အရာမျို၊ တုန့်ပြန်လာသည့် အကျိုးကို ခံစားရသည်မှာ မနှစ်သက်စရာခံစားရတာမျိုးကို မကောင်းမှု ဟုမိန့်တော်မူ၏။ ထို့အတူ ကောင်းသည်ဆိုသည်မှာလည်း တံ စ ကမ္မံ၊ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ၊ လုပ်ပြီးသည့်နောက် ဘာမှ ပူပန်စရာမရှိ၊ ယဿ ပတိတော သုမနော၊ ဝိပါကံ ပဋိသေဝတိ၊ အကျိုးတရားရလာသည့်အခါလည်း ဝမ်းမြောက်ပျော်ရွှင်စွာ ခံစားရ၏။ ဤသည်ပင်လျှင် ကောင်းခြင်း၊ ကောင်းမှု ဟု မြတ်ဗုဒ္ဓက စံထား ဟောကြားတော်မူသည်။  အထက်ဆိုခဲ့ပြီး အစဉ်လာ စသည့် ၁၀ ချက်ဖြင့် ဆုံးဖြတ်ချက်မပေးနိုင်ပေ။
လက်တွေ့ ကိုယ်ပိုင်ဥာဏ်ဖြင့် ရှာလို့ အဖြေထွက်တာကို ကြည့်ပြီး အကုသိုလ်ဘဲ၊ မကောင်းဘူး၊ ချမ်းသာသုခ မဖြစ်ဘူးဟု သိလျှင် ချက်ချင်း စွန့်လွှတ်ရမည်ဟု မြတ်ဗုဒ္ဓက မိန့်တော်မူ၏။ ဖားမြွေဖမ်းသကဲ့သို့ တရားသေ ဆုပ်ကိုင်မထားသင့်။ ကောင်းတယ်ဟု သိလျှင်လည်း လက်ခံကျင့်သုံးရမည်ဖြစ်၏။ တစ်ချို့က မကောင်းမှန်းသိလျှက်နဲ့ ဒို့ရဲ့ အစဉ်အလာ tradition ပဲဟု ယုံကြည်ချက်ဖြင့် မစွန့်လွှတ်နိုင်ကြ။ အထက်ဆိုခဲ့ပြီး အချက် ၁၀ ချက်ဖြင့်လည်း မြတ်စွာဘုရားက အမှန်တရားရှာရာ၌ လုံလောက်မှု မရှိကြောင်း၊ လက်တွေ့ အသိဥာဏ်သည်သာ အရေးကြီးကြောင်းကို အတိအလင်း ဟောတော်မူခဲ့၏။ လက်တွေ့ကျင့်သုံးကြည့်ပါက ကောင်းလျှင် လက်ခံ၊ မကောင်းလျှင် ချက်ချင်း စွန်ရန် တိုက်တွန်းတော်မူခဲ့၏။
ယုတ်မာဆိုးတောင်း၊ ကျင့်မကောင်းကို၊
 မှားကြောင်းတစိ၊
သိလျှင်သိချင်း၊ စွန့်ပယ်လျှင်းလော့။
အတင်းယူစွဲ၊ ဖားမြွေခဲသို့၊
အမြဲမှတ်သို၊ မစွန့်လိုက၊
ဤကိုယ်သုခ၊ နောင်မရဘူး။(မဃဒေဝ)။
နောက်ဆက်လက်ပြီး မြတ်စွာဘုရားက ဤဘာသာအယူဝါဒ စစ်တမ်း ၁၀ ချက်ကို ဟောတော်မူပြီးနောက် ကာလာမနွယ်ဖွား ကေသမုတ္တိရွာသားတို့ကို ဗြဟ္မဝိဟာရတရားလေးပါး နှင့် အဿာသတရားလေးပါးကို ဆက်လက်ဟောတော်မူ၏။ မိမိသာမဏေဘဝ သာမကျော်စာမေးပွဲ ဖြေဆိုစဉ်မှ ၂၀၀၃ ခုလောက်အထိ အဘယ်ကြောင့် ဤ ဗြဟ္မဝိဟာရတရားလေးပါး နှင့် အဿာသတရားလေးပါးကို အထက်ပါ ၁၀ ချက် ဟောပြီးမှ ဟောတော်မူရပါသနည်းဟု ဒေသနာစဉ် အဆက်စပ် ဟောရခြင်း ရည်ရွယ်ချက်ကို မသိခဲ့ပေ။ ၂၀၀၃ ခုနှစ်လောက်က ပါမောက္ခချုပ်ဆရာတော် ရှင်းပြမှသာလျှင် နားလည်သဘောပေါက်ခဲ့ပေသည်။ ဆရာတော်က ဗြဟ္မစိုရ်တရားလေးပါးအကြောင်း မြတ်ဗုဒ္ဓဆက်လက် ဟောရကြောင်းကို အောက်ပါအတိုင်း ရှင်းပြတော်မူသည်။
လူဆိုတာ တစ်ယောက်တည်း နေတာ မဟုတ်ဘူး၊ အနည်းဆုံးတော့ မိသားစုဘဝလေးနဲ့နေတာ၊ society တွေရှိတယ်၊ ကိုယ့်မိသားစု ရှိသလို ပတ်ဝန်းကျင်က ဆွေမျိုးအသိုင်းအဝိုင်းတွေ ရှိတယ်၊ မိတ်သင်္ဂတွေရှိတယ်၊ ဒါကြောင့်လူဆိုတာ အပေါင်းသင်းနှင့် နေတာ၊ အပေါင်းအသင်းနဲ့ နေလို့ရှိရင် လူတွေကြားမှာ အမုန်းတရားကို ဖယ်ရှာပြီး ဒေါသတရား ရှေ့တန်းမတင်ပဲ အများချမ်းသာမှုကို လိုလားတဲ့ မေတ္တာစိတ်(loving kindness) မွေးရမယ်၊ အဲဒီမေတ္တာတရားဖြင့် လူ့အသိုင်းအဝိုင်း society ထဲမှာ နေပါလို့ မြတ်ဗုဒ္ဓက ဟောတော်မူလိုခြင်း ဖြစ်၏ ဟု ဆရာတော်က ရှင်းပြတော်မူ၏။ တဖန် တစ်ခါတရံ society တွေထဲမှာ ဒုက္ခရောက်သည့် လူသားတွေရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဒုက္ခကို ဝိုင်းဝန်းကူညီဖြေရှင်းရမယ်။ ဒါဟာ ကရုဏာ (compassion) ပဲ၊ ဒါ့အပြင် society ထဲမှာ တစ်ချို့ကြတော့ ကြီးပွားနေတဲ့သူတွေရှိတယ်။ အဲဒီလိုအောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာတော့ ဝမ်းမြောက်လိုက်ပါတဲ့။ ဒါဟာ မုဒိတာ(appreciative Joy) ပဲ။ လူ့လောကဆိုတာ ချမ်းသာတာလည်း သူ့ကံနဲ့သူပဲ၊ ဆင်းရဲတာလည်း သူကံနဲ့သူပဲ၊ စိတ်လှုပ်ရှားမှု ကင်းကင်းနဲ့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေနိုင်အောင်လည်း ကြိုးစားရမယ်၊ ဒါဟာ ဥပေက္ခာပွားတာပဲ၊ (Equinimity or mental calmness) ပဲ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မုန်းလို့ လျစ်လျူရှုထားတာဟာ ဥပေက္ခာမဟုတ်ဘူး၊ မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သား လုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့်တာ လုပ်တယ်၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းကို ဂရုမစိုက်ဘူ၊ လုပ်သင့်တာကို တည်တည်ငြိမ်ငြိမ် လုပ်တာကို ဥပေက္ခာလို့ခေါ်တယ်၊ မေတ္တာ ကရုဏာ မုဒိတာ တို့ကမှ စိတ်လှုပ်ရှားမှု (emotion) တွေ ရှိသေးတယ်၊ ဥပေက္ခာကျတော့ အဲလို စိတ်လှုပ်ရှားမှုဆိုတာ လုံးဝမရှိတော့ဘူး၊ တည်ကြည်ငြိမ်သက်တယ်၊ ပိုပြီးတော့လည်း အဆင့်တန်းမြင့်တယ်၊ ဒါကြောင့် society ထဲမှာ နေတဲ့အခါမှာ မေတ္တာ၊ကရုဏာ၊မုဒိတာ၊ ဥပေက္ခာဆိုတဲ့ တရားများကို လက်ကိုင်ထား ကျင့်သုံးနေပါလို့ မြတ်ဗုဒ္ဓက ဤကေသမုတ္တိသုတ်တော်မှာ ထည့်သွင်းဟောရခြင်း ဖြစ်တယ် ဟု ပါမောက္ခချုပ်ဆရာတော်ကြီးက စာရေးသူတို့အား ရှင်းပြဖူးသလို တရားနာပရိတ်သတ်များလည်း ဟောကြားပြသတော်မူခဲ့ပေသည်။
နောက်တစ်ခုက ဤကေသမုတ္တိသုတ်မှာ အဿာသခေါ် ရှူသာရှုက်သာ သက်သာရာကို မြတ်ဗုဒ္ဓက ဆက်ဟောတော်မူသည်။ ဟောတော်မူရခြင်းကတော့ နောက်ဘဝဆိုတာ ရှိသလား၊ မရှိဘူးလား၊ ကံ ကံ၏အကျိုး ဆိုတာ ရှိသလား၊ မရှိဘူးလား ဟူသော သတ္တဝါတို့သန္တာန်မှာ မဖြေရှင်းနိုင်သေးသည့် ပြဿနာလေး တစ်ခု ကျန်နေသေးသည်။ သတ္တဝါတွေအတွက် မြတ်ဗုဒ္ဓက ထွက်ပေါက်လေး လမ်းညွှန်တော်မူသည်။ ယင်းထွက်ပေါက်ဟူသည်မှာ အဿာသတရားပင် ဖြစ်ပေသည်။ တမလွန်ဘဝ ပြဿနာကို ဘယ်လိုအဖြေရှာမလဲ၊ နောက်ဘဝ ဖြစ်ဦးမည်လား၊ မဖြစ်တော့ဘူးလော၊ မိမိပြုလုပ်ထားသည့် ကုသိုလ် အကုသိုလ်ကံ၏ အကျိုးကို ခံရဦးမည်လော၊ မခံရတော့ဘူးလော၊ သတ္တဝါတို့ အဖြေမထုတ်နိုင်လျှင် မြတ်ဗုဒ္ဓက သေချာသည့် လမ်း၊ သေချာသည့် ထွက်ပေါက်ကို ရွေးနိုင်ဘို့ လမ်းညွှန်တော်မူသည်။
ဤအကြောင်းရာနှင့်ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးက ဥပမာပေး ရှင်းပြတော်မူသည်။ ဥပမာ၊ ငါ လူတော်လူကောင်း ဖြစ်အောင် လိုက်နာမယ်၊ လူတော်လူကောင်းဆိုတဲ့ စံနဲ့ ကိုက်ညီအောင် နေမယ်၊ အဲဒီလို လူတော်လူကောင်း တကယ့်စံနဲ့အညီ ဖြစ်နေပြီဆိုရင် (၁) နောက်ဘဝရှိတယ်လို့ ဆိုရင်လည်း အိုကေတယ်၊ ကောင်းတာပဲ၊ နောက်ဘဝမှာ သေချာပေါက် ငါဟာ ကောင်းတဲ့ ဘဝရောက်ကို ရောက်မယ်၊ (၂) နောက်ဘဝ မရှိဘူးလို့ဆိုရင်လည်း အိုကေပဲ၊ ကောင်းတာပဲ၊ ဒီဘဝမှာကိုပဲ ငါဟာ လူတော်လူကောင်း ဖြစ်အောင် နေပြလို့ ဒီဘဝအတွက် ကောင်းနေပြီ၊ ဒီတော့ နှစ်ဘက်လှ၊ နှစ်ဘက်ကောင်းဖြစ်တယ်၊ ဒီဘဝမှာ ကိုယ့်ကိုယ်ကို လူတော်လူကောင်း ဖြစ်အောင် လုပ်ခြင်း နေလိုက်ခြင်းဖြင့် နောက်ဘဝရှိရင်လည်း ကောင်းတဲ့ ဘဝရောက်ဖို့ သေချာတယ်၊ နောင်ဘဝမရှိဘူးဆိုရင်လည်း ဒီဘဝ ငါလူကောင်းပဲ၊ ဒီတော့ နှစ်ဘက်ကောင်းတဲ့လမ်းပဲ ဟု ဆရာတော်က မြတ်ဗုဒ္ဓ အဿာသတရား ဟောတော်မူရကြောင်းကို ရှင်းလင်း ဟောကြားတော်မူသည်။
နောက်ဆက်လက်ပြီး ရှင်းပြသည်မှာ ကုသိုလ် အကုသိုလ်တွေကို တစ်ချို့က အကျိုးပေးတယ် ပြောတယ်၊ တချို့ကလည်း အကျိုးမပေးဖူးလို့ ပြောတယ်၊ ဘယ်ဟာက မှန်သလဲ၊ ကိုယ်တိုင် ဆုံးဖြတ်နိုင်ရမယ်၊ မဆုံးဖြတ်နိုင်ရင် သေချာတာ လုပ်၊ အကုသိုလ်မလုပ်ပဲ နေလိုက် သို့ဟုတ် ကုသိုလ်သာ လုပ်လိုက်ပါတဲ့။ ဥပမာ သူတပါးအသက်သတ်ရင် ငရဲကြီးတယ်၊ တယောက်က မကြီး မကြီးဖူး ဆိုပါတော့၊ ဒီတော့ မသတ်ပဲ နေလိုက်ပေါ့၊ မသတ်ပဲ နေလိုက်သောအားဖြင့် ကိုယ့်အတွက် ဒီဘဝမှာလည်း ချမ်းချမ်းသာသာ နေရတယ်၊ အကုသိုလ်ကံက အကျိုးပေးတယ်ဆိုရင်လည်း ကိုယ်က မသတ်တဲ့အတွက် အကျိုးပေးစရာမလိုတော့ဘူး။ အကုသိုလ်ဆိုတာ မရှိဘူးလို့(ကိုယ်လုပ်တဲ့ အပြစ် ထာဝရဘုရားထံ ဒူးထောက်ပြီး ဖြောင့်ချက်ပေး ဝန်ခံလိုက်ရင် (confession လုပ်လိုက်ရင် အပြစ်တွေပျောက်သွားတယ်လို့) ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူဝါဒအရ ဆိုရင်လည်း ပင်ကိုယ်က အကုသိုလ် မရှိတာရယ်(ကိုယ်က အကုသိုလ်မလုပ်လို့ အကုသိုလ်မရှိတာရယ်) ဘယ်ဖက်က ကြည့်ကြည့် ကိုယ့်မှာ အကုသိုလ်ဆိုတာ မရှိဘူး၊ နှစ်ဖက်နှစ်လမ်းကောင်းသွားတာပဲ ဟု ဆရာတော်ကြီးက ထပ်မံရှင်းပြတော်မူခဲ့သည်။
ထို့ကြောင့် ဤကေသမုတ္တိသုတ်ကို အနှစ်ချုပ်ရလျှင်
(၁) အစဉ်လာယုံကြည်မှု စသည့် ၁၀ ချက်ကို အခြေခံပြီး အမှန်တရားကို မရှာဖွေရ၊
(၂) ကိုယ်တွေ့ ကိုယ်ပိုင်ဥာဏ်ဖြင့် အမှန်တရားကို ရှာဖွေ၊
(၃)ကိုယ်ပိုင်ဥာဏ်ဖြင့် ရှာလို့ အဖြေတွေ့လျှင် မှားလျှင်ပယ်၊ မှန်လျှင် လက်ခံကျင့်သုံး၊
(၄) society ထဲ နေသည့်အခါ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတရား လက်တွေ့ကျင့်သုံး၊
(၅) ကိုယ်ပိုင်ဥာဏ်ဖြင့် တစ်ခါတရံ အဖြေမထုတ်နိုင်သည့် ပြဿနာများကို နှစ်ဖက်ကောင်းပြီး (အဿာသ) ရှုသာရှိုက်သာ သက်သာရာရသည့် လမ်းကြောင်းမှန်ကို(ထွက်ပေါက်မှန်ကို) ရွေးချယ်တတ်ရမည်ဟု ဆိုလိုပေသည်။

အားလုံးကျန်းမာကြပါစေ
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၁၂-၆-၂၀၁၂

No comments:

Post a Comment