အိန္ဒိယပြည်ကြီးတွင် ရှေးနှစ်ပေါင်း (၃၅၀၀) ကျော်ခန့်မှစ၍
အနောက်ဘက်မှ အာရယန်(အရိယ) လူမျိုးတို့ ဝင်ရောက်နေထိုင်ခဲ့ကြသည်။ သူတို့သည် အာရယန်ယဉ်ကျေးမှု
ထူထောင်ပြီး ဝေဒကျမ်းများကို ရေးသားရွတ်ဆို ပူဇော်ခဲ့ကြ၏။ ရေနတ်၊ မီးနတ်၊ ကောင်းကင်နတ်စသည်တို့ကို
ကိုးကွယ်ဆည်းကပ် ပူဇော်ပသခဲ့ကြသည်။ အာရယန်လူမျိုးတို့ အိန္ဒိယပြည်တွင် အခြေချနေထိုင်ပြီး
နှစ်ပေါင်း (၁၅၀၀) ခန့် ကြာသောအခါ နတ်အမျိုးမျိုးကို ကိုးကွယ်ခဲ့ကြရာမှ သတ္တဝါနှင့်လောကကြီးကို
ဖန်ဆင်းသော တန်ခိုးရှင် ဗြာဟ္မာကြီးကို ဘုရားအဖြစ်ကိုးကွယ်လာခဲ့ကြသည်။ ဗြာဟ္မာကြီးနှင့်တွဲဖက်၍
ကမ္ဘာလောကကြီးမှ လူသားသတ္တဝါတို့အား ကြည့်ရှု့စောင့်ရှောက်သော ဗိဿနိုးဘုရားနှင့် မကောင်းဆိုးဝါးတို့ကို
နှိပ်နင်းသည့် သီဝဘုရားတို့ကို ချဉ်းကပ်ဖော်ထုတ်၍ ဘုရားအဖြစ် ကိုးကွယ်လာခဲ့ကြသည်။ တြိမုနိအာဒိဒေဝတာ
ဟုခေါ်သည့် ထိုဘုရားသုံးဆူတို့ကို ဖော်ထုတ်ချဉ်းကပ်၍ ကိုးကွယ်ကြသူများသည် တောတောင်များသို့
ချဉ်းကပ်၍ တရားမျိုးစုံကျင့်ခဲ့ကြသည်။ ဝေဒကျမ်းများကို အဓိပ္ပါယ်ဖွင့်ဆိုသော ကျမ်းများရေးသားလာခဲ့ကြသည်။
သူတို့ကိုယ်သူတို့ ဗြာဟ္မဏဟုခေါ်၍ သူတို့၏ကျမ်းစာများကိုလည်း ဗြာဟ္မဏကျမ်းစာများဟု ခေါ်ကြသည်။
လူအများအား ဘာသာရေးဦးဆောင်မှုပြု၍ ယဇ်ပူဇော်ပသခြင်းစသော ကိစ္စအဝဝတို့ကို သူတို့က ဆောင်ရွက်ပိုင်ခွင့်
ရှိကြသည်။ လူတန်းစာအလွှာကိုလည်း ခတ္တိယ(မင်းမျိုး)၊
ဗြာဟ္မဏ(ပုဏ္ဏားမျိုး)၊ ဝေဿ(ကုန်သည်လယ်လုပ်မျိုး)၊ သုဒ္ဒ(သူဆင်းရဲမျိုး) ဟူ၍ ဇာတ်လေးမျိုးလေးစား
ခွဲခြားခဲ့ကြသည်။
နှစ်ပေါင်းကြာမြင့်လာသောအခါ ဗြာဟ္မဏဂိုဏ်းနှင့်
ဆန့်ကျင်ဘက် ဝါဒရှင်များ ပေါ်ပေါက်လာခဲ့ကြသည်။ ဗာရာဏသီပြည်သား ဝါသနာထ(ပါသျှဝ)သည် ဗြာဟ္မဏတို့ကို
ယှဉ်ပြိုင်သော သမဏဂိုဏ်းကို စတင်တည်ထောင်ခဲ့သည်။ မြတ်ဗုဒ္ဓပွင့်တော်မူသောအခါ ဂိုဏ်းများစွာ
ဝါဒပေါင်းများစွာ ရှိသော်လည်း အကျဉ်းချုပ်အားဖြင့် ဂိုဏ်းအားလုံး ဗြာဟ္မဏဂိုဏ်းနှင့်
သမဏဂိုဏ်းတွင် အကျုံးဝင်သွားကြသည်။ ဗြာဟ္မဏတို့သည် တောထွက်၍ တရားကျင့်ကြသည်။ နှစ်ပေါင်းများစွာတရားကျင့်ပြီးနောက်
သူတို့၏ အကျင့်တရားကို ရောင်းစားကာ အိမ်ရာတည်ထောင် အသက်မွေးကြသေးသည်။ ဗြာဟ္မာကြီးအား
ထာဝရဘုရားအဖြစ် ကိုးကွယ်ကြသည်။ သူတို့သာလျှင် လောက၌ အမြတ်ဆုံး(အာရယန်- အရိယ) ဟု ယူဆကြသည်။
သမဏတို့သည် ဗြာဟ္မဏတို့နှင့် အယူအဆကွဲပြား၍ ခြိုးခြံစွာ
ခက်ခဲပြင်းထန်သော အကျင့်များကို ကျင့်ခြင်းဖြင့် သံသရာထွက်ပေါက်ရှာကာ ကိလေသာများကို
ပယ်ရှားနေသူများ သို့မဟုတ် ပယ်သတ်ဖို့ ကြိုးစားအားထုတ်သူများဖြစ်ကြသည်။ မြတ်စွာဘုရားပွင့်တော်မူသောအခါ
ဘုရားရှင်ကိုယ်တော်တိုင်က သူလည်းဗြာဟ္မဏဖြစ်သည်ဟု ကြေညာတော်မူခဲ့သည်။ သို့သော် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
ပုဏ္ဏားတို့အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကွဲပြားခြားနားသည်။ သို့ရာတွင် ဗြာဟ္မဏတို့က ဝေဒမန္တာန်များကို
ရွတ်ဆိုသူများကိုသာ ဗြာဟ္မဏဖြစ်ကြောင်းပြောကြားရာ မြတ်ဗုဒ္ဓက မကောင်းမှုကို အပပြုပြီးသူကိုသာ
မကောင်းမှုကိလေသာများကိုသာ အရိယာမဂ်ဖြင့် မျှောလိုက်ပြီးသူကိုသာ ဗြာဟ္မဏခေါ်ဆိုကြောင်း
အဓိပ္ပါယ်ဖွင့်ဆိုတော်မူသည်။(ပါပေ ဝါဟေတီတိ ဗြာဟ္မဏော)။ တဖန် မြတ်ဗုဒ္ဓသည် မဟာသမဏဖြစ်ကြောင်းကိုလည်း ကြေညာတော်မူသည်။
(ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယောနိရောဓော၊ ဧဝံဝါဒီ မဟာသမဏော၊)။ သမဏဂိုဏ်းဝင်တို့က
သမဏဟူသည်မှာ မိမိကိုယ်ကို ပင်ပန်းခြိုးခြံစွာ ကျင့်ကြံသူဟု ဆိုလို၍ မြတ်ဗုဒ္ဓကမူ သမဏဆိုသည်မှာ
မကောင်းမှု ငြိမ်းပြီးသူ ကိလေသာငြိမ်းပြီးသူဖြစ်၍ သမဏခေါ်ကြောင်း အဓိပ္ပါယ်ဖော်ခဲ့သည်။
(ပါပေ သမေတီတိ သမဏော)။
ဤသို့ဖြင့် ရှင်တော်ဘုရားပွင့်တော်မူပြီး (၄၅)
ဝါ ကာလတစ်လျှောက် ဗြာဟ္မဏတို့စွဲကိုင်ခဲ့သော အတ္တဝါဒကို ဖြိုခွဲဖျက်ဆီးတော်မူခဲ့သည်။
ရှေးဟောင်းသမဏတို့၏ အတ္တကိလမထလမ်းစဉ်ကို အကျိုးမရှိသောဝါဒဟု သဘောထား ပစ်ပယ်ကာ အလယ်အလတ်လမ်းစဉ်ဖြစ်သော
မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို ချမှတ်တော်မူခဲ့သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓလက်ထက်တော်တစ်လျှောက်နှင့်
အသောကမင်းကြီး၏ မောရိယမင်းဆက် ပျက်ပြုန်းသည့်ကာလအထိ နှစ်ပေါင်း (၃၀၀) ကျော် အတွင်း
ဗြာဟ္မဏတို့သြဇာအရှိန်အဝါ ကျသွားခဲ့ပေသည်။ ဗြာဟ္မဏပုဏ္ဏားဝါဒသည် အပယ်ခံမျက်နှာငယ်ဘဝ ကျရောက်သွားခဲ့ပေသည်။
သို့ရာတွင် အသောကမင်းကြီးနောက် (၆)ဆက်မြောက်မင်းလက်ထက်တွင်
မောရိယမင်းဆက်ပြုတ်၍ ခတ္တိယမင်းမျိုးနွယ်ပြတ်ခဲ့သည်။ ဗြာဟ္မဏနွယ် စစ်သူကြီး သုဂဖုရှမိတြသည် သုင်္ဂမင်းဆက်ကို တည်ထောင်၍ ဗြာဟ္မဏဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခဲ့သည်။
ဗြာဟ္မဏနွယ်ဝင်တို့သည် ဗုဒ္ဓသာသနာတော်အတွင်း ဝင်ရောက်၍ မိမိတို့၏ဝါဒကို သွတ်သွင်းပြီး
ဗုဒ္ဓဝါဒကို ပူးသတ်ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဝါဒတွင် ဂိုဏ်းခွဲများ ပေါ်ပေါက်လာခဲ့ရသည်။
ဗြာဟ္မဏတို့၏ အယူဝါဒတို့ကို ပြန်လည်အသက်သွင်း၍ ရှေ့တန်းတင်ကာ မြှောက်စားခံရလေသည်။ မဟာဘာရတ၊
ရာမယဏကျမ်းနှင့် ပုရာဏကျမ်းများကို ခမ်းနားအောင် ပြုပြင်ရေးသားစေခဲ့သည်။ ထိုအချိန်မှစ၍
သီဝလိင်ကိုးကွယ်မှု၊ ကရစ်ရှနားဘုရား ကိုးကွယ်မှု၊ ဗိဿနိုးကိုးကွယ်မှုများ ကြီးကျယ်ထွန်းကား
ပြန့်ပွားလာသည်။ ရာမယဏကျမ်းတွင် မြတ်ဗုဒ္ဓရှင်တော်ကို ဗြာဟ္မဏပုဏ္ဏားတို့ကိုးကွယ်သော ဗိဿနိုးဘုရင်ဝင်စားသော လူဝင်စား အဝတာရဘုရားတစ်ပါးအဖြစ် သွတ်သွင်းခဲ့ပေသည်။
ဤသို့ဖြင့် အိန္ဒိယပြည်ကြီးတွင် ခေတ်အဆက် ဗြာဟ္မဏဘာသာဝင်
မင်းမျိုးများက ဗုဒ္ဓဘာသာကို ဖိနှိပ်၍ပူးသတ်ခဲ့ကြရာ အေဒီ(၇) ရာစု၊ သာသနာသက္ကရာဇ် (၁၂၀၀)
ကျော်သောအခါ အိန္ဒိယပြည်တောင်ပိုင်း ကေရလာပြည်နယ်၌ ရှံကရာစရိယခေါ် ရှံကရကျာလယ အမည်ရှိသော
ဗြာဟ္မဏပညာရှိတစ်ယောက် ပေါ်ပေါက်လာခဲ့ပေသည်။ ရှံကရာစရိယသည် ဗုဒ္ဓဘာသာသံဃအဖွဲ့အစည်းကို
အတုယူ၍ ဟိန္ဒူဘုန်းကြီး(Sanyasi) သညာသီများကို ကျောင်းတိုက်များတည်ထောင် နေထိုင်စေခဲ့သည်။
အိန္ဒိယတောင်ပိုင်း ဘုရင်များကို ဗြာဟ္မဏဘာသာ ဒါယကာများဖြစ်လာအောင် စည်းရုံးနိုင်ခဲ့သည်။
ရှံကရာစရိယသည် အိန္ဒိယပြည်ကြီး၌ ဘုရားပမာ ဘာသာရေးဂုရုကြီး ဖြစ်လာပေသည်။ ရှံကရာစရိယ ဦးဆောင်၍
ပြုပြင်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့သော ဗြာဟ္မဏဘာသာဝါဒကို အေဒီ(၈) ရာစုလောက်တွင် ဟိန္ဒူဘာသာအဖြစ် အမည်ပြောင်းလဲခေါ်တွင်လာခဲ့ကြသည်။
ရှံကရာစရိယသည် ဟိန္ဒူဘာသာ ပြန့်ပွားတိုးတက်ရန်နှင့် ဗုဒ္ဓဘာသာ မှေးမှိန်ပျောက်ကွယ်စေရန်
အိန္ဒိယပြည်မြောက်ပိုင်းသို့ လှည့်လည်၍ အုပ်ချုပ်သူ ဗြာဟ္မဏမင်းများ၏ အကူအညီရယူခဲ့ပေသည်။
သူ၏ စည်းရုံးထိုးနှက်တိုက်ခိုက်မှုမျိုးစုံဒဏ်ကြောင့် သာသနာသက္ကရာဇ်( ၁၃၀၀) ခန့်လောက်တွင်
အိန္ဒိယပြည်ကြီးတွင် ဗုဒ္ဓဘာသာလုံးဝပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပြီး ဟိန္ဒူဘာသာဂိုဏ်းပေါင်းစုံသာလျှင်
ကျယ်ပြန့်ထွန်းကားလာခဲ့ပေသည်။
ရှံကရာစရိယဂိုဏ်း အဆက်အနွယ်များသည် ခေတ်အဆက်ဆက်
ဗုဒ္ဓဘာသာဖြိုခွင်းရေးလုပ်ငန်းများကို အစဉ်တစ်စိုက်ဆောက်ရွက်လာခဲ့ကြ၍ ဗုဒ္ဓဘာသာကိုလည်း
ဟိန္ဒူဘာသာ၏ အကိုင်းအခက်သာ ဖြစ်သည့်နှယ် ကြိုးပမ်းခဲ့ကြသည်။ ဗုဒ္ဓသည် ဗိဿနိုးဝင်စားသော
အဝတာရအဆင့်လောက်သာ ဖြစ်သည်ဟု အစဉ်တစ်စိုက် ဖိနှိပ်ချိုးနှိမ်ကာ ဟောပြောခဲ့ကြသည်။
ယခုအခါ၌ သမဏဗြာဟ္မဏတို့၏ ဖြစ်စဉ် သမိုင်းကြောင်းကို
ကောင်းကောင်းတတ်သိနားလည်သော ပညာရှင်များ၊ ဗုဒ္ဓဘာသာခေါင်းဆောင်များက မြတ်ဗုဒ္ဓကို ဗိဿနိုး
ကိုးကြိမ်မြောက် လူဝင်စား (အဝတာရ) ဟု ရေသားပြောဆိုပြီး ရာမ၊ကရှစ်သျှနား ဟိန္ဒူနတ်ဘုရားတို့နှင့်
တန်းတူထားသည်မှာ လွန်စွာမှားယွင်းကြောင်း၊ ရှင်တော်ဗုဒ္ဓကို စော်ကားရာရောက်ကြောင်း ထောက်ပြကြသည်။
မြတ်ဗုဒ္ဓသည် သဗ္ဗုတဥာဏ်ရပြီးနောက် ဘုရားဖြစ်လာသောအခါ "အယမန္တိမ ဇာတိ၊ နတ္ထိ ဒါနိ
ပုနဘဝေါတိ" ဤဘဝသည် နောက်ဆုံးပေတည်း။ နောက်ထပ်ဘဝဖြစ်ပေါ်ရန် မရှိပြီ ဟု အတိအလင်း
ကြွေးကြော်တော်မူခဲ့သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏တပည့်သား သာဝက ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓသည်
လူ့ပြည်သို့ အကြိမ်ကြိမ် ပြည်လည်မွေးဖွားသည်ဆိုသော ဗိဿနိုး၏ လူဝင်စား(အဝတာရ) ဖြစ်သည်ဆိုခြင်းကို
မည်သို့မျှ လက်မခံကြပေ။
ယင်းဗိဿနိုးလူဝင်စားဝါဒကို ဗိဿနိုးပူရဏ်ကျမ်းများမှာ
ရှေးဦးစွာ ရေးသားခဲ့ကြပြီး နောက်ဆက်ကာဆက်ကာ အခြားပူရဏ်ကျမ်းများတွင် မြတ်ဗုဒ္ဓကို စော်ကားလျှက်
ဖော်ပြခဲ့ကြ၏။ လွန်ခဲ့သည့် အေဒီ(၁) ရာစုနှင့် (၅) ရာစုအတွင်းလောက်က ကိုယ်ကျိုးရှာ ဗြာဟ္မဏဘုန်းကြီးများသည်
မြတ်ဗုဒ္ဓကို ဟိန္ဒူနတ်ဘုရား ဗိဿနိုး၏ (၉) ကြိမ်မြောက် လူဝင်စား အဝတာရဆိုသည်မှာ မောဟ၊
မာယာ စသည့် တရားဆိုးများကို ကိုယ်စားပြုသူဟု သူတို့က ပုတ်ခတ်ပြောဆိုကြ၏။ အလွန်ဆိုးသွမ်းသည့်
အသူရာများကို လှည့်စားရန်ရည်ရွယ်ပြီး မြတ်ဗုဒ္ဓက လူဝင်စား ဖြစ်လာရသည်ဟု ဆို၏။ မဟုတ်မမှန်တရားများကို
အသူရာများကို ဟောကြားပြီး ဘုရားမဲ့တွေဖြစ်စေကာ အပါယ်ငရဲသို့ ရောက်စေသည်ဟု စွပ်စွဲရေးသားပြောဆိုကြ၏။
အထက်ဘုံ နတ်ပြည် နတ်ရွာသို့ ဘယ်သောအခါမှ မရောက်နိုင်အောင် မောဟ မာနတရားများနှင့် အသူရာများကို
မှိုင်းတိုက်ထားစေဖို့ ဖြစ်သည်ဟု သူတို့ ပူရာဏ်ကျမ်းများမှာ ရေးသားခဲ့ကြ၏။ ထိုကဲ့သို့
မသမာသဘောနှင့် မမှန်မကန် လုပ်ကြံရေးသားခဲ့ကြပြီး အပတ်တကုတ်ဝါဒဖြန့်ခဲ့ကြ၏။ မြေရှင်
ပဒေသရာဇ် မင်းစိုးရာဇာများကို ပိုင်နိုင်စွာ စည်းရုံးသိမ်းသွင်းကြပြီးနောက် မင်းစိုးရာဇာတို့၏
ထောက်ခံအားပေးမှုဖြင့် ပြည်သူတစ်ရပ်လုံးနည်းပါးက အထင်မှားအမြင်မှား လမ်းမှားလိုက်ခဲ့ကြလေတော့၏။
မူရင်းမြတ်ဗုဒ္ဓဒေသနာတော်များ ပိဋကတ်စာပေများ
အိန္ဒိယပြည်ကြီးမှ ပျောက်ကွယ်သွားခဲ့ပြီး မြတ်ဗုဒ္ဓရှင်တော်များနှင့် ဘုရားလောင်းတော်တို့သည်
အတိုင်းမသိသော မေတ္တာတော်၊ ကရုဏာတော်များထားပြီး သတ္တဝါတို့၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း
နည်းလမ်းကောင်းများ ဟောကြားတော်မူရန် လောက၌ ပွင့်ပေါ်တော်မူခဲ့သည် ဟူသည့်အချက်ကို လူထုက
မေ့ပျောက်သွားကာ ဗြာဟ္မဏဂိုဏ်းဆရာများကလည်း အသူရာများကို လှည့်စားဖို့ရန်သာ ဘုရားများပွင့်တော်မူခဲ့ကြသည်ဟု
ရာစုနှစ်ပေါင်းများစွာ ဆက်တိုက်ဝါဒဖြန့်ခဲ့ကြ၏။
ထို့အပြင် ဗိဿနိုး၏ (၁၀) ကြိမ်မြောက် လူဝင်စားဖြစ်သော
ကလ်ကီသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့အား ချေမှုန်းဖျက်ဆီးလိမ့်မည်ဟု
ပြောဆိုရေးသားကြပြန်၏။ ဤအချက်သည်လည်း ဘာသာအချင်းချင်း
ပိုမိုပဋိပက္ခကိုဖြစ်စေပြီး ဗုဒ္ဓဘာသာဝင်တို့အား ပိုမိုထိခိုက်စေ၏။ ပိုမိုမကျေမနပ်ဖြစ်စေ၏။
ဗုဒ္ဓဘာသာဝင်တို့ နောက်ထပ်ပိုမို နာကျည်းခံပြင်းစေသော အခြားစပ်စွဲပြောဆိုသောအကြောင်းတစ်ခုမှာ
မြတ်ဗုဒ္ဓတွင် ကိုယ်ပိုင်တရားဟူ၍ မရှိ၊ ဗုဒ္ဓဟောတော်မူသမျှ တရားအားလုံးမှာ ဝေဒအစဉ်အလာ
သဘောတရားများ ဖြစ်သည်ဟု ပြောဆိုရေးသားကြခြင်းဖြစ်ပေသည်။ ဤစွပ်စွဲချက်သည်လည်း လုံးဝမမှန်ကန်သောကြောင့်
ပိုမိုအခံရခက်၏။ ဝေဒအစဉ်လာနည်းမှာ ဆုတောင်းပတ္ထနာပြုခြင်းဖြစ်၏။
ဗုဒ္ဓသည် သမဏအစဉ်လာနည်းတွင် ဆရာတစ်ဆူဖြစ်ပေသည်။ မြတ်ဗုဒ္ဓက ဆုတောင်းပတ္ထနာနည်းကို အလေးမထား။ ကိုယ်တိုင်ကျင့်ကြံ အားထုတ်၍ လွတ်မြောက်မှု
ရယူခြင်းကိုသာ အလေးနက်ထား ဟောကြားတော်မူသည်။ ဝဋ်သင်္ခါရအားလုံးတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်း
ကျင့်စဉ်တရားကို ဟောတော်မူခဲ့၏။ ဗုဒ္ဓရှင်တော်မြတ်အား ကိုယ်တိုင်တရားရှိသူမဟုတ်ဟု ပြောဆို၍
ဗုဒ္ဓ၏မဟာသမဏကျင့်စဉ်သည် ဝေဒကျင့်စဉ်များမှ ဆင်းသက်လာသည်ဟု ဆိုခြင်းမှာ သက်သက်လိမ်ညာပြောဆိုမှုသာ
ဖြစ်၏။ သမဏကျင့်စဉ်နှင့် ဗြာဟ္မဏကျင့်စဉ် နှစ်ခုလုံးသည် ရှေးပဝေသဏီကပင် အိန္ဒိယပြည်ကြီး၌
သီးခြားပေါ်ပေါက်လာခဲ့ကြ၏။ ရာစုနှစ်ပေါင်းများစွာ အတူတကွ တည်နေခဲ့ကြပြီး တစ်ခုအပေါ်တစ်ခု
သြဇာသက်ရောက်မှု ခေတ်အခြေအနေအရ ရှိသင့်သလောက် ရှိခဲ့သော်လည်း တစ်ခုသော ကျင့်စဉ်သည်
အခြားတစ်ခုမှ ဆင်းသက်ပေါ်ပေါက်လာခဲ့သည်ဟု ယူဆပြောဆိုခြင်းမှာ လုံးဝမသင့်လျှော်ပါချေ။
ထိုကဲ့သို့ ရာစုနှစ်ပေါင်းများစွာ ဗြာဟ္မဏဂိုဏ်းဆရာတို့
ဆက်တိုက်မှိုင်းသွင်း ဝါဒဖြန့်ခဲ့မှုကြောင့် ဗုဒ္ဓဝါဒသည် အိန္ဒိယပြည်ကြီးမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီး
သာမန်အိန္ဒိယလူမျိုး ဟိန္ဒူဘာသာဝင်တစ်ဦးက မြတ်ဗုဒ္ဓကို သူတို့ကိုးကွယ်သည်မှာလည်း ဗိဿနိုးဝင်စားသူ
ဟု ယုံကြည်မှုကြောင့် ရှိခိုးကြ၏။ ပူဇော်ကြ၏။ လေးစားကြ၏။ ဗုဒ္ဓလို မဟာလူသားမျိုး အိန္ဒိယမှာပွင့်ပေါ်၏
ဟု ဂုဏ်ယူပြောဆိုတတ်ကြ၏။ သို့သော် ဗုဒ္ဓဟောကြားဒေသနာတော်များသည် လူအပေါင်းအား လမ်းမှားသွေဖည်စေပြီး
မကောင်းရာလမ်းမှားသို့ ရောက်စေမှာဖြစ်လို့ မလိုက်နာသင့်ကြဘူးဟု တစ်စိုက်မတ်မတ် ယုံကြည်လက်ခံလာခဲ့ကြ၏။
ဤအချက်သည် ဗြာဟ္မဏဂိုဏ်းဝင် ဟိန္ဒူဘုန်းကြီးများ၏ အလွန်ပရိယာယ်ကြွယ် လိမ္မာပါးနပ်၊ ကောက်ကျစ်ဝါဒဖြန့်ခဲ့ပုံ
ဖြန့်ခဲ့နည်းဖြစ်ပြီး တကယ်တမ်း အမှန်တရား ပြန့်ပွားကြီးထွားလာဖို့အတွက် ကြီးမားသည့်
အတားအဆီး ထိုးနှက်မှုကြီးပင် ဖြစ်ပေ၏။
(၁)အမှန်စင်စစ် မြတ်ဗုဒ္ဓသည် လွန်ခဲ့သည့် ဘီစီ
(၆၀၀) ကျော်ခန့်က အိန္ဒိယပြည်ကြီးတွင် (ယုခု နီပေါ)တွင် ဖွားမြင်ခဲ့သော သမိုင်းဝင်လူသားစစ်စစ်ဖြစ်၏။
စိတ်ကူးဖြင့် ကြံစည် ဖန်တီးရေးသား ပြောဆိုကြသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များမဟုတ်။
(၂) မြတ်ဗုဒ္ဓသည် မည်သည့် နတ်ဒေဝါတစ်ပါးပါး၏
လူဝင်စားမဟုတ်၊ လွန်ခဲ့သည့် မရေတွက်နိုင်အောင် များပြားလှသည့် ဘဝပေါင်းများစွာမှာ ပါရမီတော်များ
ဖြည့်ကျင့်ခဲ့ပြီး ကိုယ်တော်တိုင် ကြိုးပမ်းအားထုတ်မှုကြောင့် ဗုဒ္ဓတစ်ဆူ ဖြစ်လာခဲ့၏။
(၃) နတ်ဒေဝါများနှင့် အသူရာတို့၏ စစ်ပွဲကြီးတွင်
မြတ်ဗုဒ္ဓသည် မည်သည့်ဘက်ကမျှ ပါဝင်ခြင်းမရှိ၊ ရှင်တော်ဗုဒ္ဓသည် အသူရာ၊ လူ၊နတ်၊ ဗြာဟ္မာ
သတ္တဝါအားလုံးတို့၏ နည်းညွှန်လမ်းပြ ဆရာတဆူသာ ဖြစ်တော်မူ၏။
(၄) ရှင်တော်ဗုဒ္ဓသည် အေးချမ်းမှု၊ သာယာညီညွတ်မှု၊
ကြင်နာသနား ကရုဏာထားမှုစသော မွန်မြတ်သောတရားတို့ ကိန်းအောင်းဖော်ညွှန်းရာ စံပြနမူနာ
ပုဂ္ဂိုလ်ဖြစ်တော်မူ၏။
(၅) ရှင်တော်ဗုဒ္ဓသည် မာယာ-မောဟ စသော ဆိုးဝါးသော
တရားကိုယ်များဖြင့် ဖွဲ့စည်းထားသော ကိုယ်မဟုတ်ဘဲ ယင်း မောဟ-မာယာ စသည်တို့မှ ကင်းကွာပွင့်လင်းတော်မူသော
ဗောဓိဥာဏ်ပိုင်ရှင် တစ်ဆူသာ ဖြစ်တော်မူ၏။
(၆) မိမိဟောပြသလို ကိုယ်တော်တိုင်ကျင့်တော်မူ၍
မိမိကိုယ်တိုင်ကျင့်သည်ကိုသာ ဟောတော်မူခဲ့သောကြောင့် မြတ်ဗုဒ္ဓသည် အထူးယုံကြည်လေးစားမှုကို
ခံယူရကြောင်း၊ မိမိ၏ ဟောပြောချက်နှင့် ကျင့်သုံးမှုပိုင်းသည် အနည်းငယ်မျှ ကွာခြားမှု
မရှိ။ မြတ်ဗုဒ္ဓဘဝတစ်လျှောက်လုံး အပြစ်ကင်းမဲ့ ကဲ့ရဲ့ဖွယ် ဘာတစ်ခုမှ မရှိ၊ မိမိအား မလိုတမာ
အငြိုးပွားသူများကိုပင် ကရုဏာတော်စိတ်ထား၍ ကူညီစောင့်ရှောက်တော်မူခဲ့၏။ ထို့ကြောင့်
နတ်ဒေဝါ စသည့် သတ္တဝါအချို့ကိုသာ ကူညီစောင်မရန်၊ အသူရာစသည့် အခြားသတ္တဝါများကို လှည့်ဖျားရန်
ပွင့်တော်မူလာသည် ဟူသော စွပ်စွဲချက်သည် လွန်စွာမှားယွင်းလှ၏။
(၇) မြတ်ဗုဒ္ဓ၏ ဘဝသည် မြူမျှပင် အပြစ်မရှိ၊ ပကတိဖြူစင်သကဲ့သို့
မြတ်ဗုဒ္ဓ ထုတ်ဖော်ဟောကြားတရားတော်များသည်လည်း အပြစ်ကင်း ပကတိဖြူစင်လှ၏။ အများဆိုင်
လူတိုင်းကျင့်သုံးအပ်သည့် သူ၏ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးတရားအပေါ် ထောက်ပြကဲ့ရဲ့ဖွယ်
အနည်းငယ်မျှပင်မရှိ၊ ဤဖြူစင် မွန်မြတ်သည့် တရားတော်ဖြင့် လူအပေါင်းအား ကိလေသာအညစ်ကြေးများနှင့်
ဝဋ်ဆင်းရဲမှ ထွတ်မြောက်နိုင်ရန် ကူညီလမ်းပြ စောင်မတော်မူခဲ့၏။ ဤသို့ဖြင့် မြတ်ဗုဒ္ဓသည်
သတ္တဝါတို့အား ယခုဘဝ နောင်ဘဝတို့အတွက် သာယာပျော်ရွှင်ဖွယ်၊ ချမ်းသာသုခများကို အားပေးတော်မူ၏။
သူ၏တရားဓမ္မများသည် မည်သို့မျှ မတော်မတရား မကောင်းရာသို့ ဖြားယောင်းသွေးဆောင်ခြင်း မပြုပေ။
လိုက်နာကျင့်သုံး သူမှန်သမျှ ကောင်းကျိုးချမ်းသာ ဆောင်ရွက်နိင်ပေတော့၏။
ကျမ်းကိုး။
ကမ္ဘာအနှံ့ ဓမ္မအောင်လံစိုက်ထူနေသော ဂုရုကြီး ဦးဂိုအင်ကာအကြောင်း ရေးသားသည့် ဆရာကြီး
ဦးကိုလေး(ဇေယျာမောင်) ၏ စာအုပ်မှ ကောင်းနိုးရာရာ ထုတ်နှတ်ဖော်ပြပါသည်။
အာလုံး ကျန်းမာပါစေ
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
5-6-2012
A good contribution to my knowledge stock
ReplyDelete