ဒီဃနိကာယ်
မဟာဝဂ္ဂ ဇနဝသဘသုတ်တော်၌လည်း တိုင်းကြီး ၁၆ တိုင်းအကြောင်းကို သဲလွန်စ
ခြေရာခံနိုင်၏။ ဧဝံ မေသုတံ ဧကံ သမယံ ဘဂဝါ နာတိကေ ဝိဟရတိ ဂိဉ္ဇကာဝသထေ၊ တေန ခေါ ပန
သမယေန ဘဂဝါ ပရိတော ဇနပဒေသု ပရိစာရကေ အဗ္ဘတီတေ ကာလင်္ကတေ ဥပပတ္တိသု ဗျာကရောတိ…
ကာသိ-ကောသလေသု ဝဇ္ဇီ-မလ္လေသု စေတီယ-ဝံသေသု ကုရု ပဉ္စာလေသု မစ္ဆ-သူရေသု ….အသု အမုတြ
ဥပပန္နော အသု အမုတြ ဥပပန္နော။
တရံရောအခါတုန်းက
မြတ်စွာဘုရားသည် နာတိကမြို့ အုဌ်တို့ဖြင့် ဆောက်လုပ်ထားသည့် အုဌ်ကျောင်းမှာ
သီတင်းသုံးစဉ် ထက်ဝန်းကျင် အနီးနား တိုင်းနိုင်ငံများမှ ရတနာသုံးပါး
ဆည်းကပ်ကွယ်သူတို့၏ တမလွန်ဘဝ သွားရောက်ကြရပုံတို့ကို ဟောကြားတော်မူ၏။
ကာသိတိုင်း၊
ကောသလတိုင်း၊ ဝဇ္ဇီတိုင်း၊ မလ္လတိုင်း၊ စေတီတိုင်း၊ ဝံသတိုင်း၊ ကုရုတိုင်း၊
ပဉ္စာလတိုင်း၊ မစ္ဆတိုင်း၊ သူရသေနတိုင်းတို့၌ ဤမည်သော သူသည် ဤမည်သောအရပ်၌ ဖြစ်သည်ဟု
မြတ်စွာဘုရားက မိန့်တော်မူ၏။ ဤသုတ်၌ ကာသိ-ကောသလတိုင်းအစ မစ္ဆ-သူရသေနတိုင်းအဆုံး
တိုင်းကြီး ဆယ်တိုင်းတို့၌ ရတနာသုံးပါး ဆည်းကပ်သူတို့၏ တမလွန်လားရာဂတိကို
ရှေးဦးစွာတွေ့ရ၏။
ဤသုတ်တော်
ဟောတော်မူရခြင်းမှာ အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားသည် အနီးဝန်းကျင်
နိုင်ငံများ(ဆိုခဲ့ပြီး တိုင်း ၁၀ တိုင်း)တို့မှာ ရတနာသုံးပါး
ကိုးကွယ်ဆည်းကပ်သူတို့ ကွယ်လွန်တော်မူသောအခါ ထိုသူတို့၏ လားရာ ဂတိ ဘဝတို့ကိုသာ
ဟောတော်မူ၏။ အင်္ဂတိုင်း မဂဓတိုင်းတို့၌ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူတို့
ကွယ်လွန်သူတို့၏ လားရာ ဂတိကို အဘယ်ကြောင့် မဟောရပါသနည်း? မြတ်ဗုဒ္ဓသည် ရှေးဦးစွာ
သစ္စာသိမြင် ဘုရားရှင်အဖြစ်သို့ရောက်၏ မဂဓတိုင်းသူတို့သည် ရတနာသုံးပါး ဆည်းကပ်ကြသဖြင့်
ရှေးဦးကျ သာသန ဥပါသကာ ဥပါသိကာမများ ဖြစ်ကြ၏။ မဂဓဘုရင် သောတာပန်
ဗိမ္ဗိသာရမင်းကြီးကို သားတော် အဇာတသတ် သတ်သဖြင့် ကွယ်လွန်ရသောအခါ ထိုမင်းတရားကြီး၏
လားရာဂတိကို မြတ်စွာဘုရား ဟောတော်မူပါက တိုင်းသူပြည်သားများ ပိုမို
ကြည်ညိုလာမည်ဖြစ်ကြောင်းကို မေးလျှောက်ထားသ ဖြင့် ဤဇနဝသဘသုတ် ဖြစ်ပေါ်လာရခြင်း
ဖြစ်၏။
အရှင်အာနန္ဒာကို
ဆက်လက်ပြီး မြတ်ဗုဒ္ဓက ဤသုတ်တော်လာ ဖြစ်ပျက်ပုံကို မိန့်တော်မူ၏။ ချစ်သား အာနန္ဒာ၊
ငါဘုရားသည် မဂဓတိုင်းသူတို့၏ လားရာဂတိကို နှလုံးသွင်းနေစဉ် ထိုသူတို့၏ လားရာဂတိကို
သိတော်မူသည်၏ အခြားမဲ့၌ "တပည့်တော် ဇနဝသဘ ပါဘုရား" ဟု နာမည်ပြောကြား
လျှောက်ထားလာ၏။ ယင်း ဇနဝသဘဟူသော နာမည် ရှေးအခါက သင်ကြားဖူးပါသလား အာနန္ဒာ၊
တပည့်တော် မကြားဖူးပါတဲ့။ ချစ်သား အာနန္ဒာ ယင်းအသံ၏ အကြားမဲ့၌ မြင့်မြတ်တင့်တယ်သော
အဆင်းနှင့် ပြည့်စုံသော နတ်သားသည် ငါ၏ ရှေ့မှောက်ရောက်လာပြီး နှစ်ကြိမ်မြောက်
ထပ်မံ၍ တပည့်တော် မဂဓတိုင်းဘုရင် ဗိမ္ဗိသာရမင်း တဖြစ်လည်း ဇနဝသဘ နတ်သားပါ ဘုရား၊
မြတ်စွာဘုရား တပည့်တော်သည် ဝေဿဝဏ်နတ်မင်းကြီး၏ (၇) ယောက်မြောက် ကိုယ်ရံတော် နတ်သား
ဖြစ်ရပါသည်ဘုရား၊ အကယ်၍ တပည့်တော် ထိုနတ်သား အဖြစ်မှ စုတော်သော် လူမင်းတဖန်
ပြန်ဖြစ်ခြင်းငှါ စွမ်းနိုင်ပါသည်ဘုရားဟု ဇနဝသဘနတ်သားက မြတ်စွာဘုရားကို
လျှောက်ထားပုံကို ဤသုတ်တော်မှာ မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
ဤဇနဝသဘသုတ်ကိုလေ့လာခြင်းအားဖြင့်
တိုင်းကြီး ၁၂ တိုင်းနှင့် ကျောင်းအမကြီး ဝိသာခါအား ဥပုသ်အကျိုးကို ဥပမာထားကာ
ဟောကြားတော်မူအပ်သော တိုင်းကြီး ၁၆တိုင်း တို့သည် မဇ္ဈိမဒေသဝန်းကျင် ဖြစ်သော
တိုင်းဒေသများဖြစ်ကြောင်းကို မှန်းဆသိနိုင်၏။ ဤ ဇနဝသဘသုတ်တော်၌ပင် လာရှိသည့်
ပရိတော ဇနပဒေသု ပုဒ်ကို အဌကထာ၌ သမန္တ ဇနပဒေသု ဟု ထပ်ဖွင့်သည်ကို ထောက်လျှင်
ယင်းတိုင်းကြီးများသည် မဇ္ဈိမဒေသနှင့် မဝေးကွာဘဲ အနီးနားဝန်းကျင်
တိုင်းနိုင်ငံများသာ ဖြစ်ကြောင်းတော့ မှန်းဆသိနိုင်ပါသည်။
တိုင်းကြီး
၁၆ တိုင်းသည် များသောအားဖြင့် ဣန္ဒိယပြည်ကြီး၏ အလယ်ပိုင်းတိုင်းနိုင်ငံများသာ
ဖြစ်ကြပြီး မဇ္ဈိမမှ အပြင်ဘက်ကျသော နိုင်ငံများမှာ အနောက်ဘက်၌ အဿကတိုင်းနှင့်
အဝန္တိတိုင်း၊ အနောက်မြောက်ဘက်ပိုင်း၌ ဂန္ဓာရတိုင်းနှင့် ကမ္ဗောဇတိုင်းတို့လောက်သာ
ရှိ၏ဟု သမိုင်းပညာရှင်တို့က ယူဆကြ၏။ ယင်းတိုင်းကြီး လေးတိုင်းသည်
မဇ္ဈိမဒေသအပိုင်းခြား မပါဝင်ကုန်၊ သို့သော် ယင်းတို့သည်
အလယ်ပိုင်းတိုင်းနိုင်ငံများနှင့် နီးကပ်ဆက်စပ်ပြီး
ကူးသန်းရောင်းဝယ်မှုအားဖြင့်လည်းကောင်း၊ ပညာသင်ကြားခြင်းအားဖြင့်လည်းကောင်း တက္ကသိုလ်မြို့တော်
ဂန္ဓာရတိုင်းနှင့် ကမ္ဗောဇတိုင်းတို့မှာ အလွန်ထင်ရှား၏။ မြတ်ဗုဒ္ဓလက်ထက်တော်၌
စဏ္ဍပဇ္ဇောတမင်းကြီးသည် အဿကတိုင်းနှင့် အဝန္တိတိုင်းတို့ကို အုပ်ချုပ်ကြောင်း
ဗုဒ္ဓပိဋကတ်တော်တို့၌ တွေ့ရ၏။
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
No comments:
Post a Comment