" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, September 12, 2011

ကူညီအထောက်ပံ့ခံရတာလည်း နာကြည်းစရာတဲ့

ယနေ့ကမ္ဘာကြီးသည် သိပ္ပံနည်းပညာ၏ အံ့မခန်းဖွယ်ရာ အစွမ်းသတ္တိကြောင့် လူသားတို့ အကောင်းအဆိုးကို ဒွန်တွဲလျှက် ခံစားနေကြရ၏။ တစ်ကမ္ဘာလုံး တိုးတက်ပြောင်းလဲနေသော စက်မှု သိပ္ပံလုပ်ငန်းကြီးများကို မည်သူဟန့်တားခြင်းငှာစွမ်းနိုင်ပါမည်နည်း။ အဆိုးဘက်တွင် သိပ္ပံပညာ၏ လွန်ကဲစွာ အသုံးချမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် သဘာဝတရား၏ ဒဏ်ခတ်ခံရမှုပင် ဖြစ်ပေသည်။ သဘာဝတရား၏ဒဏ်ခတ်မှုသည် အင်မတန်ကြောက်စရာကောင်းလှ၏။ နှစ်စဉ်လိုလိုပင် မြေငလျင်လှုပ်ခတ်ခြင်း ရေကြီးခြင်း ဆူနာမီဒဏ် စသည့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို လူသားတို့ခါးသီးစွာ ခံစားကြရ၏။ ဤသည်မှာပင်လူသားတို့ ဖန်တီးမှုကြောင့် ကမ္ဘာရာသီဥတု ပြောင်းလဲဖောက်ပြန်လာမှု၏ အကျိုးဆက်ပင်မဟုတ်ပါလော့။ ကမ္ဘာ့ရာသီတုဥတု ပြောင်းလဲဖောက်ပြန်မှုဒဏ်ကို ကမ္ဘာသူကမ္ဘာသားတို့ အလူးအလဲခံစားကြရ၏။

ရာသီဥတုဖောက်ပြန်မှုကြောင့် ရေဘေး လေဘေး လေယာဉ်ပျက်ကျသည့် ဒုက္ခသည် စသည်တို့ကို ကမ္ဘာပြည်သူများက တတ်နိုင်သမျှ လှူဒါန်းထောက်ပံ့ကြရ၏။ အထောက်ပံ့ခံဒုက္ခသည်တို့သည် ထောက်ပံ့သူတို့အား ကျေးဇူးတင်မည်ကြမည်ဖြစ်သော်လည်း သူတို့ကိုသူတို့ အသနားခံရတာ နာကြည်းစရာကောင်းသည့် ခံစားမှုပင် ထင်တတ်ကြပါ၏။ ထိုအချက်ကို the village where people cared (Oscar Schisgall စာရေးဆရာ)၏ စာတမ်းလေးက သက်သေခံပြနေ၏။ အဖြစ်အပျက်ကား အောက်ပါအတိုင်းပင်။ ၁၉၆၃ ခုနှစ် လောက်က ဆွစ်ဇာလန်နိုင်ငံတွင် ဟမ်လီကွမ်းရွာလေးမှ အမျိုးသားအမျိုးသမီး ၈၀ ခန့် ဂျီနီဗာမြို့ရှိ ဓာတ်မြေစက်ရုံတစ်ခုသို့ လေ့လာရေးခရီးထွက်လာခဲ့ကြစဉ် ရာသီဥတု ရုတ်တရက်ဖောက်ပြန်လာမှုကြောင့် လေယာဉ်ပျက်ကျကာ အကုန်လုံး သေဆုံးခဲ့ကြ၏။ ထိုရွာတွင် ဥမမယ်ဇာမမြောက် ကလေးငယ်မျိုးဆက်သစ်ကလေးတွေလောက်သာ ကျန်ရစ်တော့၏။

ထိုအဖြစ်ပျက်သည် ရွာဘုန်းတော်ကြီးမှတဆင့် စာနယ်ဇင်းသမားများကို ပြောပြကာ စာနယ်ဇင်းသမားများ၏ကျေးဇူးကြောင့် တစ်ကမ္ဘာလုံးပျံ့နှံ့သွားလေတော့၏။ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူမှူရေး အဖွဲ့စည်များမှလည်း ကျန်ရစ်သူများအတွက် ကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းကြ၏။ ခရစ်စမတ်ကာလနီးသောအခေါ ကမ္ဘာအရပ်ရပ်မှ လက်ဆောင်ပစ္စည်းများ အလျှံပယ်ရောက်လာ၏။ ကျန်ရစ်သူကလေးများအဖို့ မိဘတွေရှိစဉ်ကာလထက်ပင် ပိုမိုများပြားဝေဆာသော လက်ဆောင်ပစ္စည်းများကို ရရှိလာခဲ့ကြပေသည်။

တစ်နေ့သောအခါ စာရေးဆရာတစ်ဦးက ယင်းဟန်လီကွမ်း ကျွန်းရွာလေးအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးဖို့ရောက်လာခဲ့ပြန်၏။ စာရေးဆရာက ကျန်ရစ်သူ ကလေများကို ကမ္ဘာတစ်ဝှမ်းလုံးက သဒ္ဓါတရားထက်ထက်သန်သန်နဲ့ ရိုင်းပင်းကူညီကြတာ အားရစရာ သိပ်ကောင်းကြောင်း စသည်ဖြင့် စကားစပ်ပြောလိုက်၏။ ထိုအခါ ယင်းရွာလေးမှ ကျန်ရစ်သူ မိန်းမပျိုငယ်လေးတစ်ယောက်က အနေအထားကျပ်သွားသည့်ပုံ မခို့တရို့ခေါင်းလေးငုံ့သွား၏။ အတန်ကြာမှ ဤသို့ပြောလိုက်လေ၏---ကျေးဇူးပြုပြီး ကျွန်မကို နည်းလည်ပေးပါ။ ကျွန်မတို့ကို ကူညီတဲ့သူတွေအားလုံးကို ကျေးဇူးလည်း အထူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဖေဖေ မေမေ က ကျွန်မတို့ကို ချစ်လို့လက်ဆောင်ပစ္စည်းတွေ ပေးခဲ့ကြတယ်။ သူစိမ်းတွေကြတော့ ကျွန်မတို့ကို ယခုလို သနားလို့ လက်ဆောင်တွေ ပေးပို့ကြတယ်။ အသနားခံရတာ အမြဲတစေ နာကြည်းစရာကောင်းလှပါတယ်။ ဘယ်သောအခါမှ အသနားခံရတဲ့ဘဝမျိုးမကြုံတွေ့ပါရစေနဲ့တဲ့။

အင်း နာဂစ်မုန်းတိုင်းဒဏ်တို့ ဆူနာမီဒဏ်တို့ စသည်ဖြင့် ရာသီဥတုဖောက်ပြန်မှူဒဏ်ကို ခံစားခဲ့ကြရတဲ့ ဒုက္ခသည်တွေရဲ့ ခံစားမှူကို နားလည်ပေးရင်း ဒီလိုအသနားခံရတဲ့ ဘဝမျိုးတွေမှ အမြဲတစေ ကင်းဝေးကြပါစေလို့ ဆုတောင်းရင်း….

မေတ္တာဖြင့်

(မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment