ဤစာလေး ရေးဖြစ်သည်မှာ အမှတ်မထင် အင်တာနက်တွင် တွေ့ဖြစ်သည့် သီလရင် ဆရာလေး တစ်ပါးကြောင့်ပင် မှားမည်မထင်။ ထိုဆရာလေးကို မိမိအနေဖြင့် တစ်ခါမှ မတွေ့မြင်ဘူးသော်လည်း မွန်မြတ်သောစိတ်ဓာတ်များ ကိန်းအောင်းနေသော ဆရာလေးဟုပင် ကောက်ချက်ချမိပါသည်။ ယခုအခါ ထိုဆရာလေးသည် ရန်ကုန် ရိပ်သာတစ်ခုမှာ တရားအားထုတ်နေရင်း ဆရာလေးကိုယ်တိုင်က နာဂစ်မှုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသည့် မိဘမဲ့ ကလေးများကို စာသင်ပေးနေပါသည်။ အမေရိကန် တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားခဲ့သော ခေတ်ပညာတတ် ဆရာလေးတစ်ပါးပင်ဖြစ်သည်ဟု ယူဆမိပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ဖေ့စ်ဘုတ် ပရိုဖိုင်းတွင် သူမ သင်ယူခဲ့သော တက္ကသိုလ်အမည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။ မိမိအနေဖြင့် ယခုအချိန်ထိ တွေ့ကာစဖြစ်၍ အစုံအလင်ပင် မမေးဖြစ်သေးပါ။ အနည်းငယ်သာ စကားစမည် ပြောဖြစ် မေးဖြစ်ပါသည်။ သူမဘဝကို မြတ်ဗုဒ္ဓအား လှူဒါန်းထားကြောင်း၊ သူမ ပိုင်ဆိုင်တာဆိုလို့ ဤခန္ဓာကိုယ်ပင် ရှိကြောင်း၊ သို့သော်ထိုမိမိပိုင်ဆိုင်သည်ဟု ထင်ရသည့် ဘဝကိုပင် မြတ်ဗုဒ္ဓသာသနာအား လှူဒါန်းထားပါကြောင်း စသည်ဖြင့် တရားနှင့်စပ်သည့် စကားများ အနည်းငယ် သူမထံမှ ကြားခွင့်ရပါသည်။ ထိုဆရာလေး၏ မွန်မြတ်သော စိတ်ထားကတော့ ဤမျှသာ သိခွင့်ရပါသေးသည်။ ထိုဆရာလေးနှင့် စပ်လျဉ်း၍ မိမိမှာ မင်းတုန်းမင်းတရားကြီး လက်ထက်က သီလရှင် ဆရာကြီး မယ်ကင်း၏ မွန်မြတ်သော စိတ်ဓာတ်များကို ပြန်လည် မြင်ယောင်မိပါသည်။
ထိုသီလရှင် ဆရာကြီးမယ်ကင်းသည်လည်း သီလရင်ဆရာကြီး၏ ဘဝကို ဗုဒ္ဓသာသနာအား အပ်နှံထားသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် တတ်နိုင်သည့်ဘက်မှ အားထုတ်ခဲ့သော ဆရားကြီးပင်ဖြစ်ပါသည်။ အုဌ်ကျစ်ကျော်အေး မန္တလေး ဆိုသည့်အတိုင်း ၁၂၂၁ နှစ်လောက်တွင် မန္တလေး ရတနာပုံ နေပြည်တော်ကြီး လုံးဝပြီးစီးအောင် တည်ဆောက်ပြီးနောက် မင်းတုန်းမင်းတရားကြီးသည် ဗုဒ္ဓသာသနာတော်ကြီး တည်တံ့ပြန့်ပွားနိုင်ရန် မြန်မာနိုင်ငံတဝှမ်းလုံးရှိ အနယ်နယ်အရပ်ရပ်မှ ကျမ်းတတ်အကျော်ဆရာတော်ကြီးများအား ရတနာပုံရွှေမြို့တော်သို့ ပင့်ဆောင်၍ သာသနာတော်ကြီးကို ချီးမြှင့်ထောက်ပံ့ခဲ့ပေသည်။
ထို့အတူပင် စစ်ကိုင်းတောင် ဂူတစ်လုံးချောင်တွင် သီတင်းသုံးနေထိုင်သော သီလရှင်ဆရာကြီး မယ်ကင်းအား မင်းတုန်းမင်းကြီးက နန်းတွင်းသူများကို ယဉ်ကျေးလိမ္မာ ပညာသင်ပေးရန်နှင့် ဆုံးမသွန်သင်ရန်အတွက် နေပြည်တော်သို့ ပင့်ဆောင်တော်မူပြန်သည်။ သီလရှင်ဆရာကြီး မယ်ကင်းသည် နန်းတော်သို့ မလိုက်သေးခင် မင်းတုန်းမင်းကြီးထံမှ ဝန်ခံကတိ (၃) ချက်ကို တောင်းခံခဲ့လေသည်။ ဤ ကတိသုံးချက်သည် သီလရှင်ဆရာကြီး၏ အတ္တဟိတ မဖက် ပရဟိတ သက်သက်ဖြစ်သော မွန်မြတ်သော စိတ်ဓာတ်ပင်ဖြစ်ပါသည်။ ထို ကတိသုံးချက်ကား
(၁) မိမိသည် မိန်းမသား သီလရှင်မျှသာဖြစ်၍ ဆရာတော်သံဃာတော်များအား ရိုသေလေးစားရမည်ဖြစ်ကာ ပြဿာဒ်ဆောင် ဘုံဆင့်ပါသော ကျောင်း ဇရပ် တန်ဆောင်းတို့ကို ဆောက်လုပ်လှူဒါန်းခြင်း မပြုရန်၊
(၂) မည်သည့် ဘွဲ့တံဆိပ်ကိုမျှ လှူဒါန်းဆက်ကပ်ခြင်း မပြုရန်၊
(၃) ဆွမ်းဝတ်၊ ဆွမ်းအိုးများ လှူဒါန်းခြင်း မပြုရန် တို့ပင် ဖြစ်ပါသည်။
အထက်ပါ ကတိသုံးချက်ကို မင်းတရားကြီးက လက်ခံပါမှ မန္တလေးရွှေမြို့တော်သို့ လိုက်ပါနေထိုင်မည်ဖြစ်၍ နန်းတွင်းမိဖုရားများ သမီးတော်များ နှင့် နန်းတွင်းသူ မောင်းမမိဿံများအား ယဉ်ကျေးလိမ္မာ စာပေများ သင်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့လေသည်။ မင်းတုန်းမင်းကြီးလည်း သီလရှင်ဆရာကြီး ဆန္ဒအတိုင်း ဝန်ခံကတိပေးခဲ့ပြီး ရွှေမြို့တော်သို့ ပင့်ဆောင်ထားခဲ့လေသည်။ သီလရှင်ဆရာကြီး မယ်ကင်းသည် ရွှေမြို့တော်တွင်း၌ မနေဘဲ မန္တလေးတောင်တော်၏ အရှေ့မြောက်ဘက် မြောက်ဥယျာဉ်တောရကျောင်းမှာ နေထိုင်ပြီး မိဖုရားများ သမီးတော်များနှင့် နန်းတွင်းသူများအား စာပေသင်ကြားပေးခြင်း၊ တရားဓမ္မဟောပြခြင်း၊ ဝိပဿနာ ကမ္မဌာန်းများ စီးဖြန်းအားထုတ်စေခြင်း စသည်ဖြင့် အားသွန်ခွန်စိုက် သာသနာပြုလုပ်ငန်းများကို ဆရာတော်များနည်းတူ မိမိတတ်နိုင်သည့်ဘက်မှ ပြုလုပ်ဆောင်ရွက်ခဲ့ပေသည်။
သီလရှင်ဆရာကြီးမယ်ကင်းသည် အတ္တဟိတမဖက် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သောကြောင့် မိဖုရားများ သမီးတော်များ အထိမ်းတော်များ နန်းတွင်းသူ နန်းတွင်းသားများသာမက မန္တလေးရွှေမြို့သူ မြို့သားများကပါ ချစ်ခင်လေးစား ကြည်ညိုအားထားရသော ဆရာတစ်ဆူ ဖြစ်ကာ သာသနာ့သမိုင်းမှာ မော်ကွန်းတင် ကျန်ရစ်ခဲ့ပေသည်။
တဆက်တည်းမှာပင် ညီတော်အာနန္ဒာ၏ ကြည်ညိုဖွယ်ရာ ဘဝပုံရိပ်ထဲမှ မြတ်ဗုဒ္ဓအားပြုစုလုပ်ကျွေးရသည့် ဥပဌာက ဧတဒဂ်ပေးအပ်ခဲ့ပုံကိုလည်း ပြန်ပြောင်းမြင်ယောင် ကြည်ညိုမိပြန်သေးသည်။ မြတ်ဗုဒ္ဓဝါတော် ၂၀၊ သက်တော် ၅၅ နှစ်လောက်အထိ မြတ်ဗုဒ္ဓအား အမြဲနေ ပြုစုလုပ်ကျွေးမည့် တပည့်ရဟန်း အတိအကျ မရှိသေး။ ယင်းကိစ္စနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓက ချစ်သားရဟန်းတို့ ငါဘုရားသည် အသက်အရွယ်ကြီးလာပြီ။ ငါဘုရားအတွက် အမြဲပြုစုစောင့်ရှောက်ရန် သင်ချစ်သားတို့က သင့်တော်သည့် ရဟန်းတစ်ပါးပါးကို ရွှေးချယ်ဆုံးဖြတ်ကြ ဟု တစ်ခုသော ရဟန်းအစည်းအဝေးမှာ မြတ်ဗုဒ္ဓက မိန့်တော်မူသည်။ ထိုရာထူးအတွက် ရဟန်းတော်တို့က ရှေးဦးစွာ လင်္ကျာတော်ရံ တရားစစ်သူကြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးအားလည်းကောင်း၊ ထို့နောက် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ကြီးအားလည်းကောင်း စသည်ဖြင့် အသီးသီး အဆိုပြုလျှောက်ထားခဲ့သော်လည်း မြတ်ဗုဒ္ဓက ပယ်ချတော်မူခဲ့၏။
နောက်ဆုံးတွင် သီတင်းသုံးဖော်ရဟန်းတော်တို့က အရှင်အာနန္ဒာအား ဥပဌာက ရာထူးလက်ခံရန် ဆက်လက်တိုက်တွန်းတော်မူခဲ့ကြပြန်၏။ ထိုအခါ အရှင်အာနန္ဒအရှင်မြတ်က -ငါ့ရှင်တို့ တောင်းမှ ရအပ်သော ရာထူးဌာနန္တရမည်သည် အဘယ်နည်း၊ အဘယ်သို့သဘောရှိကုန်မည်နည်း၊ မြတ်ဗုဒ္ဓက ငါ့အား သိမြင်တော်မူမည်သာ၊ အကယ်၍ မြတ်ဗုဒ္ဓ အလိုရှိလျှင် အာနန္ဒသည် ငါ့ဘုရားကို ပြုစုလုပ်ကျွေးစေ ဟု မိန့်တော်မူလိမ့်မည်ဟု ရိုးသားစွာ ပြန်လည် လျှောက်ထားခဲ့လေသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြတ်ဗုဒ္ဓက -ချစ်သားရဟန်းတို့ အာနန္ဒာသည် သူတစ်ပါးတိုက်တွန်းမှ ငါ့ဘုရားကို ပြုစုလုပ်ကျွေးလိမ့်မည်မဟုတ်၊ မိမိအလိုလိုပင် သိရှိကာ ငါ့ဘုရားကို ပြုစုလုပ်ကျွေးလိမ့်မည်ဟု မိန့်တော်မူခဲ့လေသည်။
ညီတော် အာနန္ဒာကလည်း မြတ်ဗုဒ္ဓထံမှ သီးသန့်အခွင့်ရေးမရယူလိုဘဲ တပည့်တော်အား အရှင်ဘုရားအား အမြဲပြုစုလုပ်ကျွေးရန် ဥပဌာက ဧတဒဂ်ရာထူးပေးအပ်ပါလျှင် တပည့်တော်အနေနဲ့ ပထမဦးစွာ ပယ်လေးဆုကို အရင်ပေးသနားပါရန် လျှောက်ထားအပ်ပါသည်။ ထိုပယ်လေးဆုကို ပေးပါမှ တပည့်တော် ပြုစုလုပ်ကျွေးပါမည်ဟု ရိုသားစွာ တောင်းခံခဲ့လေသည်။ ထိုပယ်လေးဆု ကား
(၁) မြတ်ဗုဒ္ဓ၏ ကောင်းမြတ်သော သင်္ကန်းကို တပည့်တော်အား မပေးရန်။
(၂) မြတ်ဗုဒ္ဓ၏ ကောင်းမြတ်သော ဆွမ်းကို တပည့်တော်အား မပေးစွန့်ရန်။
(၃) ဂန္ဓကုဋီတိုက်တော်မှာ မြတ်ဗုဒ္ဓနှင့် တပည့်တော်အား အတူသီတင်းသုံးခွင့် မပြုရန် နှင့်
(၄) ဒါယကာ ဒါယိကာမများ ပင့်ဖိတ်ရာကို တည့်တော်အား နောက်လိုက်နောက်ပါ အဖြစ် သီးသန့် မခေါ်ရန် တို့ပင်ဖြစ်ပါသည်။
အရှင်အာနန္ဒာသည် သာသနာတော်တွင် မရှိမဖြစ်အရေးကြီးသည့် ပစ္စည်းလေးပါးကို သာယာမက်မောမှု မျှော်လင့်မှု လုံးဝ မရှိဘဲ စိတ်ထားဖြူစင်စွာ မြတ်ဗုဒ္ဓထံမှ ပယ်လေးဆုကို တောင်းခံခဲ့သည်မှာ အလွန်တရာပင် ကြည်ညိုဖွယ်ကောင်းလှပါတော့သည်။
အရှင်အာနန္ဒာသည် သန္တောသဂုဏ်နှင့် ပြည့်စုံသောကြောင့်သာ ဤကဲ့သို့ ပယ်ဆုလေးပါးကို တောင်းခံရခြင်းဖြစ်ပေသည်။ အဘိဓမ္မာသဘောအရ သန္တောသဆိုသည်မှာ အလောဘပြဓာန်းသော စိတ္တုပ္ပါဒ်ပင်ဖြစ်ပေသည်။ သီဋီသစ် ၂။ နှာ ၁၁၁၊ သာရတ္ထ၂။ နှာ ၂၆ ၌ သန္တောသတရား ၁၂ ပါးရှိကြောင်းဖွင့်ဆိုထားပါသည်။ ဤ၌ ကဿပသံယုတ်- သန္တုဌသုတ္တဝဏ္ဏနာ(သံဌ၂။နှာ၁၅၀) လာ သန္တောသ သုံးပါးကို တင်ပြချင်သေးပါသည်။(၁) ယထာလာဘ သန္တောသ= မိမိရနိုင်သလောက်မယူဘဲ(အခွင့်အရေး လာဘ်လာဘစသည်) ရသင့်သလောက်သာ ယူတတ်ခြင်း၊ (၂) ယထာဗလ သန္တောသ= ယင်းမိမိရသင့်သလောက်ကလေးထဲမှ မိမိလိုသလောက်လေးသာ ယူတတ်ခြင်း နှင့် (၃) ယထာသာရုပ္ပ သန္တောသ= ယင်း မိမိလိုသလောက်ကလေးထဲမှပင် မိမိအနေအထား မိမိအဆင့်အတန်း မိမိအခြေအနေနှင့် သင့်တင့်လျှောက်ပတ် ထိုက်တန်သလောက်ယူတတ်ခြင်း ဟူသော သန္တောသတရားများနှင့် အရှင်အာနန္ဒာအရှင်မြတ်မှာ ပြည့်စုံနေပါတော့သည်။
ထို့နောက်ဆက်လက်ပြီး အရှင်အာနန္ဒာသည် ဥပဌာက ရာထူးအတွက် မြတ်ဗုဒ္ဓထံတော်မှ တောင်းခံဆု လေးပါးကို လျှောက်ထားခဲ့သေးသည်။
(၁) တပည့်တော် ပင့်လျှောက်အပ်သည့် ဖိတ်ကြားရာ အရပ်ကို ဘုရားရှင်ကိုယ်တိုင် ကြွပေးတော်မူရန်၊
(၂) ရပ်ဝေးက လာကြသည့် ဘုရားဖူးဧည့်သည်တော်များကို မဆိုင်းမတွ ချက်ချင်း ဘုရားရှင်က ဖူးမျှော်ခွင့်ပေးတော်မူရန်၊
(၃) တပည့်တော်သည် မြတ်ဗုဒ္ဓဟောကြားသည့် တရားဓမ္မများ တစ်စုံတရာ မရှင်းလင်း သံသယဖြစ်ခဲ့လျှင် ယင်းဖြစ်သည့်အခိုက်မှာပင် ဘုရားရှင်ထံ မေးလျှောက်ခွင့်ပြုတော်မူပါရန်နှင့်
(၄) တပည့်တော် မျက်မှောက်မဟုတ်ဘဲ အခြားတစ်နေရာရာမှာ ဘုရားရှင်ဟောကြားတော်မူခဲ့သည့် တရားဒေသနာတော်များကို တပည့်တော်အား အရှင်ဘုရားကိုယ်တိုင်ပင် ပြန်လည်ဟောကြားပေးတော်မူပါရန်ဟု အချက်လေးချက် တောင်းခံလျှောက်ထားခဲ့လေသည်။ အဆိုပါ ပယ်လေးဆုနှင့် ခံလေးဆု ကို ပေးသနားပါက မြတ်ဗုဒ္ဓ၏ အမြဲနေ အနီးနေ ဥပဌာက အလုပ်အကျွေးပြုစုစောင့်ရှောက်ရန် တောင်းခံပါသည်ဟု မြတ်ဗုဒ္ဓအား လျှောက်ထားခဲ့သည်မှာလည်း မိမိ၏အတ္တဟိတမဖက် ပရဟိတအတွက် မွန်မြတ်သော ကြည်ညိုစရာများပင်ဖြစ်ပေသည်။
မှန်ပါသည်။ အရှင်အာနန္ဒာလျှောက်ထားခဲ့သည့် စကားများကို လေ့လာပါက အရှင်အာနန္ဒာသည် ရာထူးဌာနန္တရ နေရာတစ်ခုခုကို မမက်မော၊ မတောင်းတ၊ ရနိုင်ပါလျှက် တောင်း၍လည်းမယူ၊ ပေးမှ ကြည်ဖြူမှ ယူမည်ဆိုသည့်သဘောထားရှိသည်။ တဖန်ပေးသော ရသင့်သော ရာထူးဌာနန္တရမှ ဖြစ်ပေါ်လာသည့် အခွင့်အရေးကို မယူဘဲ မြတ်ဗုဒ္ဓထံမှ မွန်မြတ်သော သင်္ကန်းဆွမ်းနှင့် အတူနေထိုင်ခွင့်နှင့် မိမိအနေဖြင့် တပါးတည်း မြတ်ဗုဒ္ဓနှင့် ပင့်ဖိတ်ရာသို့ မလိုက်ဖို့ရန် လျှောက်ထားခဲ့သည်မှာ မွန်မြတ်သော စိတ်ဓာတ် ပရဟိတပင်ဖြစ်ပါသည်။
နိဂုံးချုပ်ရလျှင် မြတ်ဗုဒ္ဓသာသနာတော်ကြီး စည်းကားပြန့်ပွားနိုင်ရန် ခေတ်အဆက်ဆက်မှ ယနေ့တိုင်အောင် ဆရာတော်များနည်းတူ ဆရာကြီးဆရာလေးများသည်လည်း တတ်အားသမျှ မွန်မြတ်သောစိတ်ဓာတ်များဖြင့် သာသနာပြုခဲ့ကြ၊ သာသနာပြုဆဲ၊ နောင်လည်း သာသနာပြုကြမည်ပင် အမှန်ပင်ဖြစ်ပေသည်။ စစ်ကိုင်းတောင်ရိုး၌ ဆယ်စုနှစ်ကျော် နေခဲ့သည့်မိမိအဖို့ သီလရှင်ဆရာကြီးဆရာလေးများ၏ မွန်မြတ်သော သာသနာပြုစိတ်ဓာတ်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရသဖြင့် ထိုမွန်မြတ်သော သာသနာပြုအရှင်မြတ်များ ဆရာကြီးဆရာလေးများအား ဤစာတမ်းလေးနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပေသည်။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါ နေထက် လင်းပါစေ။
မေ့သားလှ-ဇလဂ္ဂ
19-09-2011
No comments:
Post a Comment