ဘီစီ ၄၈၃ ခန့်တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံတော်မူချိန်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အရေးပါသည့် နိုင်ငံအားလုံးနီးပါးကို မြတ်ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်က နက်ရှိုင်းစွာ လွှမ်းမိုးသွားပုံရသည်။ မဟာပရိနိဗ္ဗာနသုတ်တော်အရ ယဉ်ကျေးမှု မတူကွဲပြားကြသည့် နောက်ခံသမိုင်းအမျိုးမျိုးရှိကြသည့် ရှစ်ပြည်ထောင်သောနိုင်ငံတို့်သည် မြတ်ဗုဒ္ဓ၏ မွေတော်ဓာတ်တော်ဝေစုတို့ကို ရလိုကြောင်း တောင်းဆိုကြသည်။ ဤသည်မှာ မြတ်ဗုဒ္ဓအနေဖြင့် ယင်းနိုင်ငံများ၌ ရှင်တော်မြတ်၏ အဆုံးအမ ဓမ္မကို နာခံသူတပည့်များစွာရှိကြောင်း ဖော်ပြနေပေသည်။ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် မည်သည့်နိုင်ငံကမျှ မြတ်ဗုဒ္ဓ၏ ဓမ္မကို နိုင်ငံတော်၏ ဘာသာတရားအဖြစ် သတ်မှတ်သည်ဟူသော အချက်ကို သက်သေပြရန်အထောက်ထား မရှိချေ။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည့် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။
ဘီစီလေးရာစုကုန်ခါနီးလောက်တွင် အသောက၏ အဘိုး ဘုရင်စန္ဒဂုပ္ပတမောရိယမင်းသည် ခန့်မှန်းခြေ အာဖဂန်နစ္စတန်မှ မိုင်းဆော (Mysore) နယ်အထိ အိန္ဒိယပြည်ကြီးကို ချဲ့ထွင်ကာ တန်ခိုးသြဇာကြီးမားသည့် အင်ပါယာကြီးကို တည်ထောင်ခဲ့လေသည်။ ယနေ့ခေတ်အရ အိန္ဒိယမြောက်ဘက် ပါကစ္စတန်နှင့် အနောက်ဖျားဒေသထိ နယ်ပယ်များသည် စန္ဒဂုပ္ပတမင်းကြီး၏ အင်ပါယာအောက်တွင် ရှိခဲ့သည်။ (Mookerji's Asoka, page 12).
စန္ဒဂုပ္ပတမင်း၏ သားတော် ဗိန္ဒုသာရသည် ဖခင်၏ အင်ပါယာကို ဆက်လက်ထိန်းထားနိုင်ရုံမက တောင်ပိုင်းဒေသသို့ပင် ချဲ့ထွင်နိုင်ခဲ့ဖွယ်ရှိသည်။ ဘီစီ ၂၇၄ (ဘီစီ ၃ ရာစု) ခန့်တွင် ဗိန္ဒုသာရမင်း၏ သားတော် အသောကသည် စွမ်းရည်နှင့်ပြည့်စုံသည့် ကောဋိလျစာဏကျ ကဲ့သို့သော နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်များ၏ ကျွမ်းကျင်လိမ္မာသည့် လမ်းညွှန်မှုတို့ဖြင့် ဧကရာဇ်ဘုရင် ဘိုးတော်နှင့် ခမည်းတော်ဘုရင်ကြီးနှစ်ပါးတို့ တည်ထောင်ခဲ့သည့် အင်ပါယာကြီးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ဘုရင်အသောက၏ အင်ပါယာအတိုင်းအဆကို မင်းကြီးကိုယ်တိုင် ထုတ်ပြန်ခဲ့သည့် ကျောက်စာ အမိန့်ပြန်တမ်းများမှ အကဲဖြတ်နိုင်သည်။
ဥပမာ ကျောက်စာအမှတ် ၂၊ ၅၊ နှင့် ၁၃ တို့တွင် အသောကလက်အောက်ခံနိုင်ငံများကို ဖော်ပြထားသည်။ တောင်ဖက်တွင် စောဠ (Cholas) တိုင်း၊ ပဒျာ(ပန်ဂျပ်) (Padyas)၊ သတိယပုတ္တ(Satiyaputras) နှင့် ကေရာလပုတ္တ( Keralaputras) တိုင်းများအဆုံးထိဖြစ်သည်။ မြောက်ဖက်တွင် အသောက၏အင်ပါယာသည် ဟိမဝန္တာတောင်ခြေသို့တိုင် ကျယ်ပြန့်လေသည်။ ကက်ရှ်မီးယားနှင့် နီပေါနိုင်ငံများရှိ အဆောက်အဦများက အသောက၏ အင်ပါယာအစိတ်အပိုင်းများဖြစ်ကြောင်း ဖော်ပြနေသည်။ အနောက်ဖက်တွင် ဆီးရီးယန်းဘုရင် အန္တီယော့ခ်(Antiochus) ၏ နယ်ပယ်သို့တိုင်အောင် ရောက်ခဲ့သဖြင့် ဘုရင် အန္တီယော့ခ်(Antiochus) ၏ လက်အောက်ခံ ပါရှား(အီရန်) နှင့် ဆီးရီးယားသို့တိုင် ကျယ်ပြန့်ခဲ့သည်။ ယဝန(Yavanas)၊ ကမ္ဘောဇ (Kambojas) နှင့် ဂန္ဓာရ (Gandharas) (ယနေ့ခေတ်ပါကစ္စတန်)တိုင်းသူပြည်သားများကို အနောက်မြောက်ဖက်တွင် နေထိုင်သူများအဖြစ် ဖော်ပြထားသည်။
အသောက၏ ဘိုးတော် စန္ဒဂုပ္ပတမင်းသည် ဘီစီ ၃၀၄ ခန့်တွင် စစ်ချီမှုတစ်ရပ်အောင်မြင်ပြီးဆုံးပြီးနောက် အလက်ဇန္ဒားဘုရင်၏ စစ်သူကြီး တစ်ဦးဖြစ်သူ ဆီလျူးကပ်စ်(Seleucus) ထံမှ အရိယ(Aria)၊ အာရချောရှား(Arachosia)၊ ဂေဒြိုရှား (Gedrosia) နှင့် ပရောပနိဆာဒိုက်(Paro-panisadai) ဟူသော နယ်ပယ်လေးခုကို သိမ်းယူခဲ့သည်ဟု ဆို၏။ ဘုရင်အသောကသသည် သူ့၏ခေတ်တွင် အိန္ဒိယမှာ ပါဋလိပုတ္တ(ယနေ့ခေတ်ဗီဟာပြည်နယ်မြို့တော် ပါတ္တနားမြို့) နှင့် ဝိဒိသာကဲ့သို့သော မြို့ကြီးများကို တည်ထောင်ခဲ့သည်။ ကက်ရှ်မီးယားရှိ ရှရီနဂါးမြို့နှင့် နီပေါနိုင်ငံရှိ မြို့တော် တော်တော်များများကို အသောကကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ နိုင်ငံတလွှား ပါဋိပုတ်မြို့တော်အနီး အသောကာရုံကျောင်းတိုက်ကြီးကဲ့သို့သော ဘုန်းတော်ကြီးကျောင်းတိုက်ကြီးများနှင့် ဆန်ချီစေတီကဲ့သို့သော သမိုင်းဝင် စေတီများကို အရပ်ရပ်မှာ တည်ထားခဲ့လေသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓနှင့် ပတ်သက်သမျှ ဓာတ်တော်စေတီပူဇော်မှုကို အသောကဘုရင်က အစပြုခဲ့လေသည်။ (Sir John Marshall: The Moauments of Sanchi, I. P. 21). ။ ထို့ပြင် ဘုရင်အသောကသည် ဘီစီ ၂၆၂ ခန့်တွင် ပြင်းထန်လှသည့် စစ်ပွဲကြီးကို ဆင်နွှဲပြီးနောက် ကလိင်္ဂတိုင်းတိုင်းကို အောင်နိုင်ခဲ့သည်။
မဟာဝံသကျမ်း၌ ဘုရင်အသောကသည် စောစောပိုင်းကာလများက သူ၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တိုင်းသားပြည်သူများက သူ့ကို စဏ္ဍာသောက(ရက်စက်ကြမ်းကြုတ်သည့် ဘုရင်အသောက) ဟု နာမည်ပေးခဲ့ကြသော်လည်း တရားဓမ္မနှင့် မွေ့လျှော်သူ ဖြစ်လာပြီးနောက်မှ သီရိဓမ္မာသောက(ကျက်သရေရှိသော ဓမ္မာသောက) ဟု ထင်ရှားလာကြောင်းဖော်ပြသည်။ အမှန်စင်စစ် ကျောက်စာအမှတ် ၁၃ ၌ ကလိင်္ဂစစ်ပွဲအတွင်း မင်းကြီး၏ ရက်စက်ကြမ်းကြုတ်မှုအတွက် နောင်တပူပန်မှု စိတ်မချမ်းမြေ့မှုနှင့် ပတ်သက်သည့် ခိုင်လုံသည့် မှတ်ချက်များပါရှိပြီးဖြစ်သည်။ ယင်းကျောက်စာ၌ မင်းကြီးသည် ထိုအချိန်က စဏ္ဍ(ကြမ်းကြုတ်သူ) တစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသည်။
အသောကမင်းကြီးသည် ဗုဒ္ဓဝါဒီအဖြစ်တော့ မွေးခဲ့သူတော့မဟုတ်ပေ။ သူ၏ အဘိုးတော် စန္ဒဂုပ္ပတမင်းကြီးသည် ဂျိန်းအစဉ်လာကို ယုံကြည်ကိုးကွယ်သည့် ဂျိန်းဝါဒီဖြစ်သည်။ ထို့အတူ အသောက၏ ခမည်းတော် ဘုရင်ဗိန္ဒုသာရသည်လည်း ဗြဟ္မဏဝါဒီဖြစ်ကြောင်း၊ ဗြဟ္မဏဝါဒီဂိုဏ်းအမျိုးမျိုးမှ ရဟန်းများကို (အထူးသဖြင့် ဒိဂမ္ဗရ (Digambara) ဂိုဏ်းဝင် ဂျိန်းဘုန်းကြီးများကို ဆည်းကပ်ကြောင်း၊ ဘုရင်အသောကသည်လည်း သုံးနှစ်ပတ်လုံး ဖခင်၏ အယူဝါဒကို နာလိုက်ကျင့်သုံးခဲ့ပြီး အဘိသိက်ခံပြီးနောက် လေးနှစ်မြောက်တွင် တူတော် နိဂြောဓ သာမဏေလေး၏ ဆုံးမမှုကြောင့် ဗုဒ္ဓဝါဒီ ဖြစ်လာကြောင်းကို သမန္တပါသာဒိကခေါ် ဝိနည်းအဌကထာ (ဝိဌ-၁၊၄၄) နှင့်မဟာဝံသ(ဋီကာ-၁၉၀) နှစ်ကျမ်းလုံးတို့က တညီတညွတ်တည်း ဖော်ပြကြ၏။
မည်သို့ပင်ဆိုစေ ဘုရင်အသောကသည် အဘိသိက်ခံပြီးနောက် နှစ်အနည်းငယ်အကြာတွင် ဗုဒ္ဓဝါဒီ ဥပါသကာတစ်ယောက်ဖြစ်လာလင့်ကစား နှစ်နှစ် သုံးနှစ်ခန့်အထိ မိမိ၏ ဘာသာတရားအသစ်(ဗုဒ္ဓဘာသာ) နှင့်ပတ်သက်ပြီးတော့ ကွဲကွဲပြားပြားမရှိသေးချေ။ ဗုဒ္ဓသားတော်ရဟန်းတော်များနှင့် နီးကပ်စွာ ဆက်ဆံလာပြီးနောက်မှသာ ဗုဒ္ဓဝါဒအပေါ် နှစ်နှစ်ကာကာ သက်ဝင်လာပြီး မင်းကြီးကိုယ်တိုင် လိုက်နာကျင့်သုံးမှုများ ပြုခဲ့သည်။ ဗြဟ္မဂိရိအရပ်ရှိ ကျောက်စာအမှတ် (၁) ၌ လာသည့် သံဃေ ဥပါယိတေ ဟူသော စကားကို ရဟန်းသံဃာတော်များထံ ဆည်းကပ်အဖူးမျှော်သွားသည် ဟု ယေဘုယျအားဖြင့် ဘာသာပြန်နိုင်သော်လည်း ပညာရှင်အချို့က အသောကမင်းကြီးသည် အမှန်ပင် ဗုဒ္ဓဝါဒီ ဖြစ်သွားကြောင်းကို အဓိပ္ပါယ်ကောက်ယူကြသည်။ ကလိင်္ဂစစ်ပွဲအတွင်း ထိတ်ရွံ့ဖွယ် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် လူမြောက်အမြား ဆင်းရဲဒုက္ခရောက်ခဲ့ရသည့် အနိဌာရုံမြင်ကွင်းကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရသဖြင့် အဘိသိက်ခံပြီးနောက် ရှစ်နှစ်မြောက်တွင် သံဃာတော်များ၏ ကောင်းသောလမ်းညွှန်မှုမှတဆင့် အသောကမင်းကြီး လုံးဝပြောင်းလဲသွားတော့သည်။ ယင်းသည်ပင် ဘုရင်အသောက၏ ဘဝအချိုးအကွေ့ဖြစ်သည်။
အသောကမင်း၏ ယုံကြည်မှုအသစ်သည် သူ၏ဘဝတစ်ခုလုံးနှင့် အကျင့်စရိုက်ကိုပါ ပြောင်းလဲပြစ်ပုံရသည်။ သူ၏ စိတ်ပိုင်းဘဝ ယုံကြည်မှုအသစ်နှင့် ဆန့်ကျင်သည့် ထိုအချိန်က လိုက်နာဆဲ ထုံးလမ်းစဉ်လာများနှင့် ဘုရင်မင်းတို့ဆိုင်ရာ ညွှန်ကြားချက်အများစုကို ပယ်ဖျက်ပြီး အခြားတစ်ပါးနှင့် အစားထိုးခဲ့သည်။ မင်းကြီး၏ ယုံကြည်မှုအသစ်က ပြုပြင်လိုက်သည့် နှလုံးသားအပြောင်းအလဲသည် မင်းကြီး၏ ပုဂ္ဂိုလ်ရေးဘဝကိုသာမက ပြည်သူ့ရေးရာပေါ်လစီနှင့် အုပ်ချုပ်ရေးကဏ္ဍကိုပါ သက်ရောက်စေခဲ့သည်။ မင်းကြီး၏နောက်ဆုံးနိုင်ငံရေး စွန့်စားမှုဖြစ်သည့် ကလိင်္ဂစစ်ပွဲပြီးနောက် မင်းကြီးသည် စစ်ပွဲကို လုံးဝစွန့်လိုက်သည်။
ကျောက်စာအမှတ်(၁၃)၌ အကယ်၍ တစ်စုံတစ်ယောက်သည် မင်းကြီးအား အပြုသဘောဆောင်သည့် နာကျင်စေမှုတစ်ခုကို ပြုဘိမူ မင်းကြီးသည် ထိုပုဂ္ဂိုလ်အား ဖြစ်နိုင်သမျှ ခွင့်လွှတ်မှုကို ထိုက်တန်သူအဖြစ် ယူဆလိမ့်မည် ဟု ဆိုထားသည်။ မိမိ၏ နယ်ပယ်နှင့် ဆက်စပ်နေသည့် တိုင်းနိုင်ငံများနှင့်ပတ်သက်၍ မင်းကြီးက ကလိင်္ဂကျောက်စာအမှတ်(၂) တွင် မင်းကြီးသည် လူအပေါင်းက မင်းကြီးကို မကြောက်ရွံ့ကြစေရန်၊ ယုံကြည်ကြစေရန် မင်းကြီးထံမှ ပျော်ရွှင်မှုကို ရရှိကြပြီး သောကပူပန်မှုကို မရရှိကြစေရန် အလိုရှိ၏ ဟု ဆိုထားပါသည်။ ။ မင်းကြီးသည် ကျောက်စာအမှတ်(၉) ၌ မင်းမြတ်မဟာ၏ ကိုယ်ကျင့်သီလကို ကျင့်သုံးမှု ရလာဒ်အဖြစ် ဓမ္မစစ်စည် ရွမ်းသံကို ဖိတ်ခေါ်ခြင်းဖြစ်လာ၏ ဟု ဆိုထား၏ ။ ။
အသောကမင်းကြီး၏ ဓမ္မကို စောင့်ထိမ်းမှု၊ ဓမ္မကို ချစ်ခင်မြတ်နိုးတတ်မှုနှင့် ဓမ္မကို ဟောကြားမှုများသည် ပိုမိုကျယ်ပြန့်လာခဲ့၏။ မင်းကြီးသည် နောက်ပိုင်းအောင်မြင်မှုများအတွက် သံလျက်ဓားကို မဆွဲကိုင်တော့ဘဲ ဓမ္မဖြင့်သာလျှင် အောင်မြင်သည့်အချိန်မှစပြီး ဓမ္မဝိဇယ ဟုခေါ်သည့် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုများအတွက် တစိုက်တမတ် ဆောင်ရွက်တော်မူခဲ့၏။ ။ ဤသည်မှာ မင်းကြီးအား ကြီးမြတ်သော အောင်မြင်သူအဖြစ် ယူဆခြင်းခံခဲ့ရလေသည်။ (ကျောက်စာအမှတ် ၁၃)။ ယင်းကျောက်စာအမှတ် ၁၃ ၌ မင်းကြီးက ဆက်လက်ဖော်ပြထားသည်မှာ " နေရာတိုင်း၌ လူအများသည် မင်းတရား၏ ဘာသာတရားသွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးလျှက်ရှိ၏။ မင်းတရား၏ သံတမန်များ သွားရောက်နိုင်ခြင်းမရှိသည့် နိုင်ငံများ၌ နေထိုင်သူများပင် မင်းကြီးလေ့ကျင့်အားထုတ်မှု၊ စူးစမ်းမှုနှင့် ဓမ္မလိုက်နာကျင့်သုံးမှုများကို ကြားရသောအခါ သူတို့ကိုယ်တိုင် လိုက်နာကျင့်သုံးနေကြလိမ့်မည်။ ဓမ္မဖြင့် အောင်နိုင်ခြင်းသည် အရပ်ဒေသအားလုံးကို အောင်နိုင်ခြင်းမည်၏။ တဖန်အရပ်ဒေသအားလုံးကို အောင်နိုင်ခြင်းသည် မေတ္တာခံစားမှု၏ ရလာဒ်ဖြစ်၏။ တရားသော အောင်နိုင်ခြင်းများတွင် မေတ္တာဖြင့်အောင်နိုင်ခြင်းသည် ပိုမိုကောင်းမွန်၏။ " ။
ဘာသာအယူဝါဒ မြောက်မြားစွာ တည်ရှိနေသည့် အင်ပါယာကြီးကို အုပ်ချုပ်ပြီး စိတ်နှလုံးကြီးမြတ်သူ ဘုရင်အသောကသည် ဘာသာတရားမျိုးစုံကို ကိုးကွယ်ကြသည့် မိမိ၏ တိုင်းသူပြည်သားအားလုံးတို့အတွက် သူ၏ကျောက်စာများတွင် ဓမ္မဟူသောအသုံးအနှုန်းကိုသာ ပြောဆို၏။ သူ၏ကျောက်စာများတွင် မကြာခဏသုံးနှုန်းခဲ့သည့် ဓမ္မဟူသောစကားကို လူကြီးမိဘဆရာသမားတို့အား လေးစားခြင်း၊ ရသေ့ရဟန်း သမဏဗြဟ္မဏ ဆွေမျိုးမိသင်္ဂဟ ကျေးကျွန်မှီခိုသူ ဆင်းရဲဒုက္ခရောက်သူများအား သင့်တင့်လျှောက်ပတ်စွာ ကျွေးမွေးစောင့်ရှောက်ခြင်း၊ သက်ရှိသတ္တဝါများအား သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း၊ ကြင်နာတတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊ အတွင်းအပြင် စင်ကြယ်ခြင်း၊ သိမ်မွေ့ခြင်း၊ သူတော်ကောင်းပီသခြင်း၊ မိမိကိုယ်ကို ထိမ်းသိမ်းခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ ကိုယ်ကျင့်သီလစင်ကြယ်မှုအပေါ် ခိုင်မာသည့် စိတ်ဆန္ဒဖြင့် အကျိုးမဲ့ မဖြုန်းတီးဘဲ စုဆောင်းချွေတာခြင်း၊ စသည် အဓိပ္ပါယ်များဖြင့် ကိုယ်စားပြု ဖွင့်ဆိုခဲ့သည်။
ဓမ္မဟူသော စကားလုံးအောက်၌ ဂိုဏ်းဂဏ အုပ်စုအမျိုးမျိုးကို လိုက်နာကျင့်သုံးသူများ၊ ရသေ့ရဟန်းများနှင့် အိမ်နေလူများ၊ မင်းကြီး၏ အင်ပါယာအတွင်း အပြင်ပမှ လူထု၊ မယဉ်ကျေးသေးသည့် နိုင်ငံသားများနှင့် ယဉ်ကျေးပြီးနိုင်ငံများ၊ အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သူများ၊ အားလုံးက လက်ခံနိုင်သည်။ ဤသို့အားဖြင့် ဘုရင်အသောကသည် အများဆိုင် ဘာသာတရားတစ်ခုကို တည်ထောင်ရန် ကြိုးပမ်းခဲ့ပြီး ယင်းကြိုးပမ်းချက်သည် ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ဖြစ်ဖွယ်ရှိသည်။ ဘုရင်အသောက၏ ဓမ္မနိုင်ငံတော်သည် လူသားများအတွက်သာ ကန့်သတ်ထားသည်မဟုတ်ချေ၊ ကျောက်စာအမှတ် (၂ )မှာ မင်းကြီးသည် လူသားအတွက် ဆေးကုသမှုဌာန၊ တောရိုင်းတိရစ္ဆာန်များအတွက် ဆေးကုသမှုဌာန၊ ရှားပါးသည့်နေရာများ၌ လူသားများအတွက်ရော တောရိုင်းတိရစ္ဆာန်များအတွက်ပါ ကောင်းနိုးရာရာ ဆေးဘက်ဝင်သစ်ပင်များ မှာယူစိုက်ပျိုးစေကြောင်း ဖော်ပြထားသည်။
ကျောက်စာအမှတ် (၁) ၌ မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ဖြတ်ရ၊ယဇ်မပူဇော်ရ၊ ဟု အမိန့်ထုတ်ပြန်ခဲ့၏။ တစ်ချိန်တည်းမှာပင် ဘုရင့်မီးဖိုဆောင် အသုံးပြုရန် သတ္တဝါများအား သတ်ဖြတ်ခြင်းကိုလည် ရပ်ဆိုင်းခဲ့သည်။ အင်ပါယာတစ်ခုလုံး၌ သက်ရှိတိရစ္ဆာန်အပေါင်း၏ အသက်ကို ကာကွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ကျောက်စာအမှတ် (၅) အရ မင်းကြီးသည် အချို့သော တိရစ္ဆာန်များအား သတ်ဖြတ်ခြင်း၊ သင်းကွပ်ခြင်း၊ သံပူကပ်၍ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း၊ ငါးမျှားခြင်းများကို အထူးနေ့ရက်များနှင့် ဗုဒ္ဓဘာသာဥပုသ်နေ့များ၌ တားမြစ်ခဲ့သည်။ အထဲတွင် သက်ရှိများရှိနေသည့် သစ်ပင်အချို့ကို မီးမရှို့ရ၊ အကြောင်းမဲ့ဖြစ်စေ၊ အကြမ်းပြုလို၍ဖြစ်စေ သစ်တောများကို မီးမရှို့ရ၊ သက်ရှိများသည် အခြားသက်ရှိများ၏ အစားအစာ မဖြစ်စေရ ဟုလည်း အမိန့်ထုတ်ပြန်ခဲ့သည်။ ကျောက်စာအမှတ် (၇) တွင် မင်းကြီးက လမ်းမြင့်များပေါ်၌လည်း လူသားများနှင့် ကျွဲနွားတိရစ္ဆာန်များ အရိပ်နားခိုနေနိုင်ရန် ပင်ညောင်ပင်စိုက်ပျိုးခြင်း၊ သက်သောင့်သက်သာဖြစ်စေရန် သရက်ဥယျာဉ်များ စိုက်ပျိုးခြင်း၊ တစ်ကောသဝက်အကွာအဝေးတိုင်း၌ ရေတွင်းရေကန်များတူးခြင်း၊ နားနေဆောင် ဇရပ်တန်ဆောင်းများ ဆောက်လုပ်ခြင်း၊ နေရာအနှံ့တွင် ရေဖြန့်ဖြူးရေးဌာနများ ဖွင့်ထားခြင်းများပြုရမည်ဟု ဆိုပါသည်။
အသောကမင်းကြီးသည် မိမိတိုင်းသူပြည်သားများ၏ ကောင်းကျိုးကိုသာ ဆောင်ရွက်ခဲ့သည်မဟုတ်သေး မိမိအုပ်ချုပ်သည့်နယ်ပယ်နှင့်ထိစပ်ကပ်လျှက်ရှိသည့် ပြင်ပနိုင်ငံများကိုလည်း အာရုံစိုက်ခဲ့သည်။ ကျောက်စာအမှတ် (၂) ပါရှိသည့်အတိုင်း မိမိ၏နယ်နိမိတ်နှင့် ယင်း၏ အိမ်နီးချင်းများအပါဝင် နေရာတိုင်း၌ လူသားနှင့်တိရစ္ဆာန်အတွက် ဆေးကုသဌာနတည်ဆောက်ခြင်းစသည်တို့ကို ပြုလုပ်ဖို့ ပြဆိုထားသည်။
ဘုရင်အသောက၏ ဗုဒ္ဓဘာသာအပေါ် တက်ကြွစွာ စိတ်ဝင်စားမှုနှင့် နက်ရှိုင်းစွာ ကြည်ညိုမှုသည် အခြားဘာသာတရားများကို သေးသိမ်သွားအောင် မဖြစ်စေခဲ့။ ကျောက်စာအမှတ်(၆) တွင် မင်းကြီးက ဤသို့ဆိုသည်---ငါသည် ဂိုဏ်းဂဏအသီးသီးမှ ရဟန်းတော်များအား ပူဇော်ဖွယ် အမျိုးမျိုးဖြင့် ပူဇော်၏။ တဖန်လည်း ကျောက်စာအမှတ် (၇)တွင် ဘုရင်မင်းမြတ်သည် ဒေသအားလုံးတွင် မျိုးနွယ်အသီးသီးမှ လူသားအားလုံး အတူတကွ နေထိုင်မှုကို လိုလားတော်မူ၏။ ကျောက်စာအမှတ် (၁၂) ၌မူကား မင်းကြီးသည် ဘာသာတရား အားလုံး၏ အဆုံးအမကောင်းများကို တိုးတက်မှု၌ စိတ်ဝင်ဝင်စား၏ ဟုဆိုထား၏။ ဘုရင်အသောကသည် ဘာသာရေးဂိုဏ်းတစ်ခုက အခြားဘာသာတစ်ခုခုကို စော်ကားမှုကို အလိုမရှိချေ။ ကျောက်စာအမှတ် (၁၂)၌မှာပင် မင်းကြီးက---မိမိဘာသာတရားကိုသာ ချီးမွမ်းစကားဆိုပြီး အခြားဘာသာတရားကို ပုတ်ခတ်ကဲ့ရဲ့ခြင်း မလုပ်ရ။ ယင်းသို့မလုပ်ဘဲ အခြားဘာသာတရားကိုလည်း အကြောင်းတစ်ခုခုဖြင့် ချီးမွမ်းစကားဆိုရမည်။ ယင်းသို့ပြုခြင်းဖြင့် ဘာသာတရားတစ်ခုသည် ယင်း၏ တိုးတက်ပြန့်ပွားမှုကိုရော အခြားဘာသာတရား၏ ပြန့်ပွားမှုကိုပါ အထောက်အကူပြု၏။ ယင်းသို့မဟုတ်လျှင် မိမိဘာသာတရားကိုရော အခြားဘာသာတရားကိုပါ နစ်နာစေ၏။ လူသားအားလုံးသည် အခြားဘာသာများ ဟောကြား သွန်သင်ပြသသည့် တရားဓမ္မများကိုလည်း နားထောင်တတ်ရမည်။ ယင်းအချက်ကို နားလည်ခြင်းဖြင့် သင့်မြတ်ညီညွတ်ခြင်းသည် ချီးမွမ်းထိုက်၏ ဟု ကြေညာခဲ့သည်။ သမဏဗြဟ္မဏတို့၏ လွတ်လပ်မှုကို ဗုဒ္ဓဘာသာပါဠိတော်ကျမ်းဂန်များ၌ အလေးထား ဖော်ပြသကဲ့သို့ အသောကမင်းကြီး၏ ကျောက်စာများ၌လည်း ပြည်သူ့ဝတ္တရားအဖြစ် အထူးပြုဖော်ပြခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
မေ့သားလှ(ဇလဂ္ဂ)
၁-၄-၂၀၁၂
No comments:
Post a Comment