" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, April 27, 2012

ရှေးဟောင်း ဗုဒ္ဓဘာသာပညာရေး(ပထမပိုင်း)


ရှေးဟောင်းဗုဒ္ဓဘာသာပညာရေးသည် အဓိကအားဖြင့် သံဃာ့အဖွဲ့အစည်း၏ သမိုင်းနှင့်ဆက်စပ်လျှက် ဖြစ်ပေါ်လာခဲ့ပေ၏။ ဝေဒယဉ်ကျေးမှုသည် တိရိစ္ဆာန်ယဇ်ပူဇော်မှုတွင် အခြေခံသကဲ့သို့ ဗုဒ္ဓဘာသာပညာရေးသည် ဘုန်းကြီးကျောင်းတိုက်များ၌ အခြေပြုခဲ့၏။ ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းကြီးကျောင်းတိုက်များသည် အမှီသဟဲပြုဖို့ ပညာရေးအခွင့်အလမ်းများ ပေးအပ်ခဲ့၏။ လောကီလောကုတ္တရာပညာရေး အားလုံးသည် ရဟန်းတော်များ၏ လက်တွင်ရှိခဲ့၏။ ရဟန်းတော်များသည် စာပေသင်ကြားခြင်းကို စနစ်တကျချုပ်ကိုင်ထားပြီး ယင်းဗုဒ္ဓဘာသာရဟန်းတော်များသည် ဗုဒ္ဓယဉ်ကျေးမှုကို ရှေးတန်းမှ ထိမ်းသိမ်းသူနှင့် သယ်ဆောင်သူများဖြစ်ကြ၏ ။ ။

မြတ်ဗုဒ္ဓက ဒီဃနိကာယ် သိင်္ဂါလောဝါဒသုတ်(ဒီ ၃၊ ၁၄၆) တွင် လူဒါယကာ ဒါယိကာမများအား အသိပညာပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့မှာ သံဃာတော်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ကြောင်း ဟောတော်မူခဲ့၏။ အမှန်စင်စစ် ရဟန်းတော်များသည် လူပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် ပလိဗောဓနည်းပါးခြင်း အိမ်ထောင်သားမွေး မရှိခြင်းတို့ကြောင့် စာပေသင်ကြားပေးနိုင်ဖို့ ပိုမိုအချိန် ရရှိကြပေ၏။ ရှေးခေတ် ဗုဒ္ဓဘာသာနိုင်ငံတော်များသည် နိုင်ငံတော်တစ်ခုလုံး၏ ပညာရေးကို ရဟန်းတော်များ၏လက်တွင် ရယူလျှက် ပညာရေးတာဝန်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြ၏။ တိုင်းပြည်အုပ်ချုပ်သူမင်းများနှင့် နိုင်ငံခေါင်းဆောင်များ တိုင်းသူပြည်သားများကိုပါ ရဟန်းတော်များက တာဝန်သိသိ တာဝန်ရှိရှိ ပညာသင်ပေးခဲ့ကြပြီး ဘဝကို လေ့ကျင့်ပြုစုပျိုးထောင်ပေးတော်မူခဲ့ကြ၏ ။ ။

ယနေ့ခေတ် ယေဘုယျအခေါ်အရ ပညာရှင် ပညာရှိဟူသည်ကို စာဖတ်များသူအဖြစ် လေ့လာအားကောင်းသူအဖြစ် ရည်ညွှန်းကြ၏။ အကြောင်းမူကား အသိပညာကို စာဖတ်ခြင်းဖြင့်သာလျှင် အဓိကအားဖြင့် ရရှိနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ရှေးခေတ်ကမူ ပညာရှိပုဂ္ဂိုလ်အဖြစ်ကို ဗဟုသုတများစွာ ကြားနာပြီးသူတစ်ယောက်ဟု ရည်ညွှန်းပါ၏။ အကြောင်းမူကား ထိုအချိန်က အသိပညာကို အဓိကအားဖြင့် နားဖြင့် ကြားနာမှတ်သားခြင်းဖြင့်သာလျှင် ရရိသောကြောင့်ဖြစ်သည်။ ထိုကြောင့်ပင် အာဠာဝကဘီလူးမေးသော ကထံသု လဘတေ ပညံ-( ပညာကို မည်ကဲ့သို့ ရနိုင်ပါသနည်း) ဟူသောအမေးကို၊ သုဿုသာ လဘတေ ပညံ(ပညာကို ကြားနာမှတ်သားခြင်းဖြင့် ရနိုင်၏ ဟူသော မြတ်ဗုဒ္ဓ၏ အဖြေဖြင့်လည်း ပိုမိုထင်ရှားပေသည် ။

မြတ်ဗုဒ္ဓလက်ထက်တော်အခါက အိန္ဒိယနိုင်ငံတွင် ကျမ်းစာအုပ်များ မရှိသေးဟု ယုံကြည်ရပေသည်။ (Rhys Davids ၏ Buddhist India. P. 107). ဘီစီပထမရာစုလောက် ရောက်မှသာ ပါဠိဘာသာ ပိဋကတ်သုံးပုံကို ပေထက်အက္ခရာ တင်ခဲ့သည်ဟု သုတေသီပညာရှင်တို့ ကောက်ချက်ချကြ၏။ အသောကခေတ်က လူထုအများ ဖတ်ရှု့နားလည်လိမ့်မည်ဟု ယူဆပြီး အသောကကျောက်စာများကို သက္ကဋဘာသာဖြင့် မရေးဘဲ အရပ်သုံးဘာသာစကားဖြင့် ရေးထားခြင်းသည် သာမန်လူတန်းစား လူထုအတွင်း စာပေဖတ်ရှုနိုင်သူ ဦးရေများပြားကြောင်း ညွှန်ပြပေသည်။ ဗင်ဆင့်အေစမစ်( Vincent A. Smith) က " အသောကခေတ် ဗုဒ္ဓဘာသာဝင် လူထုအကြား စာပေဖတ်ရှုမှုနှုန်းမှာ လက်ရှိဗြိတိသျှအုပ်ချုပ်ခံ အိန္ဒိယနိုင်ငံဒေသအများရှိ လူဦးရေထက် ပိုများနိုင်သည်ဟု ကျွန်ုပ်ထင်၏ " ဟု ဆိုခဲ့ပါသည်။ (Mookerji's Asoka, p. 35) ။ ။

ရှေးခေတ်ပညာသင်ကြားရာ၌ ပေရွက်များပေါ်တွင် လက်ရေးဖြင့် ရေးထားခြင်း ဖြစ်ဖွယ် အများဆုံးရှိသဖြင့် ကျမ်းစာအုပ်များမှာ ယနေ့ခေတ် ပုံနှိပ်စာအုပ်များကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်ဘဲ ရှားပါးခဲ့၏။ ကျမ်းစာအုပ်များကို အားကိုးအားထားပြုရခြင်းအစား ရှေးခေတ်က အသိပညာကို နားကြားစွမ်းရည်မှတဆင့် ရရှိကြသဖြင့် ထိုရှေးခေတ်အချိန်ကာလများက ပညာရှိပုဂ္ဂိုလ်များအား ဗဟုဿုတ ဟူသော ပါဠိဝေါဟာရဖြင့် အသုံးပြုခဲ့ကြ၏။ အထူးသဖြင့် တပည့်သည် ဆရာက နှတ်ဖြင့်ဟောပြောပို့ချပေးသည်ကို ဂရုတစိုက်နာယူပြီး နှတ်တက်အာဂုံဆောင်ရထားရပေသည်။ ဆရာဖြစ်သူကိုယ်တိုင်ကလည်း မိမိ၏ဆရာအဆက်ဆက်ထံမှ အာဂုံနှတ်ငုံဆောင် သင်ယူလေ့လာခဲ့ရပေသည်။ အရှင်အာနန္ဒာသည်ပင် မြတ်ဗုဒ္ဓဟောကြားတော်မူခံသည့် ပိဋကတ်တို့ကို နာယူမှတ်သားပြီး နှတ်ငုံဆောင်တော်မူခဲ့ပေသည်။ 

ရှေးခေတ်က ပညာသင်ကြားရေး စနစ်တွင် မှတ်ဥာဏ်သည် ယနေ့ခေတ်ထက် ပိုမိုအရေးပါသည့် ကဏ္ဍတွင်ရှိခဲ့ပေသည်။ ဗုဒ္ဓစာပေ၌ မှတ်ဥာဏ်အလွန်ကောင်းတော်မူကြသော ပညာရှင် မထေရ်ကျော်များ မြောက်များစွာ ရှိပါသည်။ မဇ္ဈိမနိကာယ်၌ အထူးကျွမ်းကျင်တော်မူသော မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် နှစ်ရှည်ကမ္မဌာန်းတရား အားထုတ်တော်မူခဲ့ရာ ၁၉ နှစ်တိုင်တိုင် ပိဋကတ်သင်ယူမှုကို လျစ်လျူရှု့ထားခဲ့သော်လည်း ထိုမျှကြာသည့် ကာလအတွင်း အမှားအယွင်းတစ်စုံတရာမရှိဘဲ နိကာယ်တစ်ခုလုံးကို အာဂုံရွတ်ဆိုနိုင်ပြီး ပို့ချပေးနိုင်တော်မူခဲ့၏။ ထို့ပြင် ဝိသုဒ္ဓိမဂ် (၁၊ ၉၂) မှာပင် ကာရလိယ ဂိရိကျောင်းတိုက်နေ အရှင်နာမမထေရ်သည် (၁၈) တိုင်တိုင် ပိဋကတ်စာပေပို့ချမှုကို စွန့်လွှတ်ထားခဲ့သော်လည်း ဓာတုကထာကျမ်းကို လုံးဝအမှားအယွင်းမရှိဘဲ ပြန်လည်ပို့ချပေးနိုင်တော်မူခဲ့၏။ ရောဟဏအရပ် တုလာဓာရတောင်၌ သီတင်းသုံးတော်မူသည့် အရှင်ဓမ္မရက္ခိတ မထေရ်သည် နှစ်ပေါင်း ၃၀ ကြာ အချို့သော ပါဠိတော်များကို မပို့ချဘဲ ပြတ်တောက်နေခဲ့သော်လည်း ပိဋကတ်သုံးပုံလုံးကို ဆုတ်ဆိုင်းခြင်း မရှိဘဲ သင်ကြားပေးနိုင်ခဲ့၏။ ။

ဒီဃနိကာယ်အဌကထာ၌ (ဒီ-ဌ၊၂၊ ၁၂၀) အလွန်မှတ်ဥာဏ်ကောင်းသည့် မထေရ်နှစ်ပါး အကြောင်းကို မှတ်တမ်းတင်ထား၏။ မဟာဂတိမ္ဗ အဘယမထေရ်သည် (၅) ရက်သား အရွယ်နှင့် ဒီဃဘာဏက အဘယမထေရ်သည် (၉) ရက်သားအရွယ်ကပင် ဘဝတွင် တွေ့ကြုံခဲ့ရသည့် ရှောင်တခင် ဖြစ်ရပ်အချို့ကို အမှတ်ရနေသေးကြောင်း ဆိုသည်။ တိပိဋကစူဠာဘယမထေရ်သည် အနုရာဓမြို့သား အားလုံး၏အမည်များကို မှတ်မိသည်ဟု ဆို၏။ မထေရ်ထံ သူတို့နောက်တစ်ကြိမ်ရောက်ရှိလာပါက သူတို့နာမည်များကို မထေရ်က မှတ်မိနေ၏။ ယင်းကဲ့သို့ အံသြဖွယ်ထူးခြားစွာ မှတ်ဥာဏ်ကောင်းမှုကို ပညာနှင့် သန့်ရှင်းစင်ကြယ်သည့် စိတ်အခြေအနေ၏ သင်္ကေတအဖြစ် ယူဆနိုင်၏ ။ ပါဠိပညာရှင် မက်ခ်စ်မူလာ(Max-Muller) က " ရှေးခေတ်အိန္ဒိယ နှတ်ငုံဆောင် ပညာသင်ကြားမှုသည် ကျွန်ုပ်တို့၏ ယနေ့ခေတ်တက္ကသိုလ်များနှင့် ခြားနားသကဲ့သို့ ကျွန်ုပ်တို့နှင့် အလွန်ခြားနားသည့် အလူ့အဖွဲ့အစည်းအခြေအနေ တစ်ရပ်မှ မှတ်ဥာဏ်စွမ်းရည်နှင့် ပတ်သက်သည့် အတွေးအမြင်ကို မဖော်ပြနိုင်ပါ။ ကျွန်ုပ်တို့ မကြာခဏတွေ့ရသည့် ထူးခြားသည့် မှတ်ဥာဏ်ရှိသူများက ယင်းအိနြေ္ဒကန့်သတ်ချက်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ မှတ်သားချက်များမှာ အတော်အတန် တစ်ဖက်သက်ဆန်လှ၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်မှတ်ဥာဏ်များမှာ မျိုးဆက်ပေါင်းများစွာကို စနစ်တကျ ဖျက်ဆီးထားပြီးဖြစ်၏။ အခြားဘာကိုမျှ မပြောဘဲ နံနက်တိုင်း တိုင်းမ်စ်သီတင်းစာ တစ်မျက်နှာသည်ပင် အကျန်းမာဆုံးသော မှတ်ဥာဏ်ကို ဖျက်ဆီးပြီး အားနည်းသွားစေနိုင်သည်ဟု ဆိုသည်။ (Mookerji ၏ Ancient Indian Education, p. 212 တွင် ကိုးကားဖော်ပြသည်။)။

နိကာယ်တစ်ခုလုံးကို နှတ်ငုံဆောင်နိုင်သည့် ရဟန်းတော်အရေအတွက်သည် ထိုနေ့အချိန်က နှတ်ငုံဆောင်ခြင်းမှာ ထင်ရှားသော ပညာသင်ကြားမှု ဖြစ်ကြောင်း ဖော်ပြပေသည်။ ထိုသို့ အာဂုံဆောင်မှု လွှမ်းမိုးသည့် ကာလတွင် နားလည်မှုစွမ်းရည် ကျဆင်းသွားသည်ဟု တော့ ထင်မြင်ရန် မရှိခြေ။ ပညာသင်ကြားရေးကို မှတ်ဥာဏ် သို့မဟုတ် နှတ်ငုံအလွတ်ဆောင်ထားခြင်း အကြားနာများခြင်းများဖြင့် အဓိက ဖြန့်ဖြူးပေးခဲ့သော်လည်း ကျမ်းစာဖြင့် ရေးသားမှုများကို လုံးဝအသုံးမပြုခဲ့ဟု ကောက်ချက်ဆွဲပါက မှန်ကန်မည် မဟုတ်ချေ။ ကျမ်းစာအုပ်များကို အမှန်ပင် အသုံးပြုခဲ့သော်လည်း အသုံးမများသေးခြင်းသာ ဖြစ်နိုင်သည်။ စာသင်သားတိုင်း ယနေ့ခေတ်ကဲ့သို့ လွယ်ကူစွာ ပါဠိတော်ဖတ်စာအုပ်များကို လွယ်ကူစွာ ပိုင်ဆိုင်ရန် မဖြစ်နိုင်ချေ။ ပေတစ်မူကို ပြုလုပ်ရန်မှာ အလွန်ပင် ခက်ခဲ့လှပေသည် အဖြစ်နိုင်ဆုံးမှာ ယင်းပေစာမူများကို ပင်မကျောင်းတိုက်ကြီးများ၌ ရည်ညွှန်းကျမ်းများ အဖြစ်သာ ရရှိနိုင်ဖွယ် ရှိပါသည်။ တစ်ခါတစ်ရံ ကျမ်းစာအုပ်များကို ဖတ်ရှု့ရန် ရည်ညွှန်းဖော်ပြချက်များကို တွေ့ရသည်။ သမန္တပါသာဒိကအဌကထာခေါ် ဝိနည်းအဌကထာ(ဝိ-ဌ၊ ၂၊ ၂၇၄) တွင် ဆီမီးတိုင် အလင်းရောင်ဖြင့် ညအခါ၌လည်း ကျမ်းစာများကို မှတ်ရှု့ကြကြောင်း တွေ့ရသည်။ မဟာဝံသ (၃၈၊ ၁၆-၁၈) တွင် အေဒီ(၅) ရာစုလောက်က ဓာတုသေနမင်းသားငယ်သည် (ဗုဒ္ဓ)ကျမ်းစာတစ်အုပ်ကို သစ်တစ်ပင်အောက်၌ လေ့လာဖတ်ရှု့ကြောင်း ဖော်ပြထားသည်။ ။
ပညာသင်ကြားရာ၌ ကျမ်းစာအုပ်များ ရရှိရန်ခဲယဉ်းမှု ဆက်သွယ်ရေး နည်းလမ်းများ မလွယ်ကူခြင်းကြောင့် စာသင်သားများမှာ အလွန်ခက်ခဲကြပေသည်။ ဝိဘင်္ဂအဌကထာ(အဘိ-ဌ၊၂၊ ၃၇၂) ၌ မိမိဆရာအရှင်မြတ်ထံမှ သံသယမရှင်းသည့် မှတ်ချက်တစ်ခုကို ရရှိရန် ယူဇနာ(၁၀၀)ဝေးသည်အထိ ခရီးသွားခဲ့ရသည့် စာသင်သားရဟန်းတော်တစ်ပါးအကြောင်းကို မှတ်တမ်းတင်ထား၏။ ဥပါသကာ ပုနဗ္ဗသု၏ သားဖြစ်သူ တိဿအမည်ရှိသော ရဟန်းတော်သည် လင်္ကာဒီပ(သီရိလင်္ကာနိုင်ငံ)တွင် ပညာသင်ပြီးနောက် ထင်ရှားကျော်ကြားသည့် ယောနက ဓမ္မရက္ခိတမထေရ်ထံ နောက်ထပ်ပညာ သင်ကြားရန် အိန္ဒိယသို့ ကြွတော်မူခဲ့သည်။ အိန္ဒိယမှာ ပညာသင်ကြားမှု ပြီးဆုံးပြီးနောက် လင်္ကာဒီပ ခေါ်သည့် သီဟိုဠ်(သီရိလင်္ကာ) သို့ အပြန်လမ်း သဘောင်္ာပေါ်သို့ တက်ခါနီးမှ အကြောင်းတစ်စုံတစ်ရာနှင့် ပတ်သက်၍ စိတ်ထဲတွင် သံသယဝင်လာခဲ့၏။ အရှင်တိဿသည် ချက်ခြင်းပင် ခရီးစဉ်ကို ပြန်ရွှေ့လိုက်ပြီ ယူဇနာတစ်ရာတွင် ရှိသည့် ဆရာဓမ္မရက္ခိတမထေရ်မြတ်ထံသို့ နောက်တစ်ခေါက် ပြန်သွားပြီး မိမိသံသယကင်းရှင်းသည်အထိ သင်ယူခဲ့ရပြန်၏။ ။ ဤဖြစ်ရပ်ကို ထောက်ဆပါလျှင် အထက်ပါ စာသင်သားများသည် မိမိတို့ စာပေသင်ကြားမှုတွင် အဘယ်မျှ ရိုးသားဖြူစင်မှုရှိပြီး ပင်ပန်းခံခဲ့ကြောင်း ထင်ရှားသည့် စံနမူနာတစ်ရပ် ဖြစ်ပေသည်။ ။

No comments:

Post a Comment