ဗုဒ္ဓစာပေ၌ ဘာသာတရားနှင့် ပတ်သက်သည့် သည်းခံစိတ်ဓာတ်ကို ဗုဒ္ဓကိုယ်တော်တိုင် တည့်သာဝကများအား ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ မဇ္ဈိမနိကယ် ဥပါလိသုတ်တွင် နာလန္ဒာမြို့သား အထင်ကရ သူဌေးကြီး ဥပါလိသည် နိဂဏ္ဍနာဋပုတ္တခေါ် (မဟာဝီရ) အခြားဂိုဏ်းဆရာကြီး၏ တပည့်တစ်ဦးဖြစ်သည်။ မဟာဝီရ၏ တပည့်ဖြစ်သူ သူဌေးကြီး ဥပါလိသည် မြတ်ဗုဒ္ဓ၏ တပည့်သာဝကတစ်ဦး ပြောင်းလဲဖြစ်လိုကြောင်း မြတ်ဗုဒ္ဓအား လျှောက်ထားလာသည်ကို ပါဠိတော်၌ ဤကဲ့သို့မှတ်တမ်းတင်ထားသည်။ ရှင်တော်ဗုဒ္ဓက ဥပါလိသူကြွယ်အား မြတ်ဗုဒ္ဓ၏ တပည့်တစ်ဦး(ဗုဒ္ဓဝါဒီ) ဖြစ်လာပြီးနောက်ပိုင်းမှာပင် ယခင်ဆရာဟောင်း နိဂဏ္ဍတို့အား လိုအပ်သည့် ပစ္စည်းများဖြင့် ဆက်လက်ထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်ရန် တိုက်တွန်းတော်မူခဲ့သည်။ ဘုရင်အသောကသည် ဘာသာရေးနှင့်ပတ်သက်သည့် အလားတူ သည်းခံနားလည်မှုကို နက်ရှိုင်းစွာ ခံယူထားသည်မှာ သူ၏ ကျောက်စာမှတ်တမ်းများက သက်သေပြနေကြာင်း သေချာပေသည်။
ဘုရင်အသောကသည် မိမိတိုင်းသားပြည်သူများ ကိုယ်ကျင့်တရားကောင်းမွန် တိုးတက်ရေးအတွက် နည်းမျိုးစုံ အသုံးပြုခဲ့သည်။ ကျောက်စာအမှတ် (၇) အရ ဘာသာတရားအဆုံးအမများကို သင်ကြားပြီး လက်တွေ့အသုံးချမှုများကို ပြုလုပ်ခဲ့သည်။ မင်းကြီးသည် ဗုဒ္ဓဝါဒီ၊ဂျိန်းဝါဒီ၊ အာဇီဝကနှင့် အခြားဘာသာဝါဒီများ ဖြစ်ကြသည့် ရဟန်းရှင်လူ ပြည်သူများအကြား မိမိ၏မေတ္တာရှေ့သွားပြုသည့် သင်ကြားချက်များကို ပြန့်ပွားစေရန် ဓမ္မမဟာမတ္တ(တရားရေးရာဝန်ကြီး)များနှင့် ရာထူးအဆင့်အမျိုးမျိုးရှိသည့် အရာရှိများကို ခန့်ထားသည်။ ပြည်သူများ၏ ကိုယ်ကျင့်တရား စာရိတ္တရေးရာ ကောင်းမွန်မှုအတွက် ရည်ရွယ်သည့် ယင်းဓမ္မမဟာမတ္တဌာန(တရားရေးရာဝန်ကြီးဌာန)သည် အသောကမင်းကြီး၏ ကိုယ်ပိုင်ဆန်သည့် ဆန်းသစ်တီထွင်မှုလုံးဝ ဖြစ်ပေသည်။
အသောကမင်းကြီးသည် ရှေးခေတ်ဘုရင်များ လုပ်လေ့လုပ်ထရှိခဲ့သည့် တောကစားထွက်ခြင်းနှင့် အပန်းဖြေခရီး ထွက်ခြင်းတို့အစား တိုင်းသားပြည်သူများအား အကြံဥာဏ်ပေးရန်နှင့် ဗုဒ္ဓဝင်နေရာများကို ဖူးမျှော်ရန် ဘုရားဖူးခရီးထွက်ခြင်း များပြုလုပ်ခဲ့ပုံများကို ကျောက်စာအမှတ်(၈) အရ သိရသည်။ ကျောက်စာအမှတ် (၃)တွင် မင်းကြီးသည် သူကိုယ်တိုင် ဘုရားဖူးခရီးထွက်သည်သာမက အဆင့်မြင့်အရာရှိများအားလည်း တာဝန်တစ်ရပ်အနေနဲ့ မိမိ၏စံနမူနာကို ယူကြရန် (ဘုရားဖူးခရီးထွက်ရန်) လမ်းညွှန်ခဲ့သည်။ တိုင်းသူပြည်သားများ ဘာသာတရား အသိစိတ်ဓာတ်များ ပြည့်ဝလာစေရန် ကိုယ်ကျင့်ကောင်းမွန်သည့်ဘဝသို့ နိုးကြားလာစေရန် ဘုရင်အသောကသည် (ဗုဒ္ဓဝါဒီဖြစ်လာပြီးနောက်) ဘိုးဘေးစဉ်ဆက်များကကဲ့သို့ စစ်မက်ရေးရာအင်အားဖြင့် ဆောင်ရွက်ခြင်းအစား ဆင်ပြောင်ကသည့် နတ်ရထားများ၌ နတ်သား နတ်သမီးရုပ်ပုံ ခင်းကျင်းပြသမှုများ၊ (ဗုဒ္ဓဝင်) သရုပ်ဖော်မှုများပါဝင်သည့် နှစ်သက်ဖွယ် နတ်လောကအသွင်အပြင်များဖြင့် ပြည်သူအပေါင်းအား ဆွဲဆောင်စည်းရုံးလုပ်ဆောင်ခဲ့ပုံများကို ကျောက်စာအမှတ် (၃)တွင် ဖော်ပြထားသည်။ Bhabru Edict (ဘာဗြု) ကျောက်စာအမှတ်(၄) ၌ ဖော်ပြချက်အရ ဗုဒ္ဓကျမ်းစာများကို ဟောကြားခြင်းကိုပင် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များဖြင့် ဆောက်ရွက်ခဲ့ပုံရသည်။
Bhabru Edict (ဘာဗြု) ကျောက်စာနှင့် မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ ယခုအချိန်တွင် ဗုဒ္ဓဝါဒသည် ဘုရင်အသောက၏ အဓိကကိစ္စဖြစ်လာသည်။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။ မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ သံဃာအသင်းကွဲမှုကို ဖြစ်ပေါ်စေသည့် ဘိက္ခု ဘိက္ခုနီမများကို လူဝတ်လဲရမည်ဖြစ်ပြီး ဘုန်းကြီးကျောင်းများ၌ ဆက်လက်နေထိုင်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ထားသည်။ ဤသို့ဖြင့် အသောကမင်းကြီးသည် ဗုဒ္ဓဝါဒ၏ လောကီရေး ဆောင်ရွက်မှုကို လက်ခံလျှက် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကောင်းကျိုးအတွက် သက်ဝင်လှုပ်ရှားသည့် စိတ်ဝင်စားမှုကို ရယူခဲ့သည်။
သက်ရှိလူနှင့် တိရစ္ဆန်များအတွက် လိုအပ်သည့် ဆေးခန်းများတည်ထောင်ခြင်း၊ လမ်းဘေးများ၌ ရေတွင်းရေကန်များတူဖော်စေခြင်း၊ သစ်ပင်စိုက်ပျိုးစေခြင်း စသည့် ကြီးမားကျယ်ပြန့်သည့် လူမှုရေး ကောင်းကျိုးဆောင်ရွက်မှုများသည် ဘာသာတရားလေးစားပြီး စာရိတ္တ နက်ရှိုင်းသူ ဘုရင်အသောက၏ စိတ်ကို အားရကျေနပ်မှု မဖြစ်စေနိုင်သေးပေ။ ပြုပြီးသမျှ လူမှုရေးကောင်းကျိုးဆောင်ရွက်မှုများသည် မတည်မြဲဘဲ ရုပ်ပိုင်းဆိုင်ရာ အကူညီထောက်ပံသာဖြစ်ပြီး ယင်းလှူဒါန်းထောက်ပံမှုများ (ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင် စေတီပေါင်း ရှစ်သောင်းလေးထောင်) စသည်များမှာ လောကုတ္တရာဓမ္မရေးရာနှင့် နှိုင်းယှဉ်ပါက မဆိုစလောက်သာ ဖြစ်သည်။ မင်းကြီးအနေဖြင့် ဓမ္မဒါနနှင့်တူသော ဒါနမရှိဟု ပြင်းပြစွာခံစားနားလည်ထားသည်။ (ကျောက်စာအမှတ် (၁၁) နာ သတိ ဧတာရိသံ ဒါနံ၊ ယာရိသံ ဓမ္မဒါနံ) နှင့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- ဓမ္မပဒ ဂါထာ ၂၁)။ ။ ထို့ပြင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်မြတ်၏ သွန်သင်ချက်များကြောင့် ဘုရင်မင်းကြီးသည် စစ်မှန်သည့် သာသနဒါယာဒ (သာသနမွေခံ) ဖြစ်စေရန် မိမိ၏ ရင်နှစ်သည်းချာ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာ မင်းသမီးကိုတို့ သာသနဘောင်သွတ်သွင်းခဲ့လေသည်။ ။ အသောက မင်းကြီးသည် မြတ်ဗုဒ္ဓဓမ္မပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ယခင်က မကြားဖူး မရှိခဲ့ဖူးသေးသည့် (န ဘူတပြုဗ္ဗ) (ပါဠိ-န ဘူတ ပုဗ္ဗံ) ဓမ္မမဟာမတြ ခေါ်သည့် သာသနာပြုဌာနသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ကို ကျောက်စာအမှတ် (၅) တွင် အတိအလင်း ဖော်ပြထားသည်။ ယင်းကျောက်စာအမှတ် (၅) ၌ ဓမ္မမဟာမတြများကို ဓမ္မတည်တံ့ ပြန့်ပွားရေးနှင့် ဘာသာတရားကို ချစ်မြတ်နိုးသူများ၏ ကောင်းကျိုးချမ်းသာရေးအတွက် ဘာသာရေးဂိုဏ်းဂဏအသီးသီး၌ ခန့်ထားကြောင်းပြဆိုထားသည်။
အဆိုပါ ဓမ္မမဟာမတြ(တရားရေးရာအမတ်ကြီး) များကို ယောနက၊ ကမ္ဗောဇ၊ ဂန္ဓာရနှင့် မင်းကြီး၏ အနောက်ဖက်နယ်ခြားဒေသရှိ အခြားလူမျိုးများအကြား ခန့်အပ်ထားသည်။ ဓမ္မကို လိုက်နာကျင့်သုံးသူများ၏ ကောင်းကျိုးချမ်းသာနှင့် ဆင်းရဲမွဲတေခြင်းများမှ လွတ်မြောက်ခြင်းတို့အတွက် ယင်းအမတ်များကို စစ်သားများ၊ စစ်ဗိုလ်ချုပ်များ၊ ဗြဟ္မဏဘာသာ ဂိုဏ်းကွဲများ၊ ဂဟပတိများ၊ ခိုကိုးရာမဲ့သူများ၊ အိုမင်းမစွမ်းသူများ သက်ကြီးရွယ်အိုများအကြား၌ ခန့်အပ်ထားလေသည်။ ထိုအမတ်များသည် အကျဉ်းသား ဖြစ်မှုဆန့်ကျင်ရေး ဆောင်ရွက်ရန်၊ မွေးကင်းစကလေး များစွာရှိသူများ သို့မဟုတ် အသက်အရွယ်ကြောင့် ကံမကောင်း အကြောင်းမလှဘဲ ဆင်းရဲဒုက္ခရောက်နေသူများအား လွတ်လပ်ခွင့် (လွတ်ငြိမ်းချမ်းသာခွင့်) ပေးခြင်းတို့အတွက်လည်း လုပ်ပိုင်ခွင့်အာဏာအပြည့်အဝ ရှိသည်။
ကျောက်စာအမှတ် (၁၃) တွင် "အဓိက အောင်မြင်မှုဟု မင်းတရားကြီးက ယူဆပြီး သူ၏အင်ပါယာ အတွင်းအပြင်ရှိ လူအပေါင်းတို့အား ကြိမ်ဖန်များစွာ အောင်မြင်ပြီးဖြစ်သည့် ဓမ္မဝိဇယခေါ် တရားဖြင့် အောင်မြင်မှုကြီးအကြောင်းကို ဖော်ပြထားသည်။ အသောကမင်းကြီး၏ ဓမ္မဝိဇယသည် ဆီးရီးယားဘုရင် အန္တီယိုချပ်စ်(Antiochus)၊ အီဂျစ်ဘုရင် ပတိုလေမီ(Ptolemy)၊ မက်ဆီဒန် ဘုရင် အန္တီဂိုနပ်စ်(Antigonus of Macedon)၊ အိုင်ရီနီ ဘုရင် မဂါ့စ် (Magas of Eyrene)၊ အီပီရပ်စ် ဘုရင် အလက်ဇန္ဒား (Alexander of Epirus) ဘုရင်များနှင့် စောဠ၊ ပန်ဒျာ(ပန်ဂျပ်) (Pandyas) မှသည် တမ္ဗပဏ္ဏိခေါ် သီဟိုဠ်(သီရိလကာင်္ာ)နိုင်ငံများအထိပင် ကျယ်ပြန့်ခဲ့သည်။ မင်းကြီးက ဆက်လက်ဖော်ပြသည်မှာ " နေရာတိုင်း၌ လူအများသည် မင်းတရားကြီး၏ ဘာသာတရား သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးလျက်ရှိ၏။
အသောကမင်းကြီးလက်ထက်တွင် သံဃာတော်များအတွင်း မလိုလားအပ်သည့် အကျင့်ပျက်မှုများဖြစ်ပေါ်လာမှုကြောင့် သံဃာတ်ေများ ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကို အနှောက်ယှက်များဖြစ်စေသည်။ ထေရဝါဒက လက်ခံထားသည့် ယူဆချက်များ ကျင့်စဉ်များနှင့် ဆန့်ကျင်သည့် ဂိုဏ်းအမျိုးမျိုးပေါ်ပေါက်ခဲ့သည်။ ယင်းအခြေအနေသည် အသောကဘုရင်အား ပါဋလိပုတ်မြို့တော်၌ တတိယသင်္ဂါယနာတင်ရန် တွန်းအားပေးခဲ့သည်။ (ဝိဌ၁၊ ၄၅၊ မဟာဝံသ ၅၊ ၂၂၈ ဂါထာ)။ ရည်ရွယ်ချက်မှာ ပိဋကတ်သုံးပုံကို စင်ကြယ်စေရန်နှင့် အဓမ္မဝါဒီများကို သုတ်သင်ရန်ရန်ဖြစ်ပြီး အသောက၏ အဓိကစိုးရိမ်မှုမှာ မည်သည့် တွေးခေါ်မြော်မြင်မှု သို့မဟုတ် ဘာသာဝါဒရေးရာ တရားဓမ္မထက်မဆို နိုင်ငံတော်က တည်ဆောက်ထားသည့် ဘာသာရေး အဆောက်အအုံက ပိုပြီးအဓိက ဖြစ်သည် (Sir John Marahall: The Monument of Sanchi, P -22)။ ။ ထေရဝါဒ အသိုက်အမြုံကို ငြင်းဆိုသူများသည် ရာဇဂြိုဟ်မြို့အနီး နာလန္ဒာမြို့၌ စင်ပြိုင် သီးခြားသင်္ဂါယနာတစ်ခု တင်ကြလေသည်။ ဤသည်မှာ မဟာယာနအုပ်စုအသစ်စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပေတော့သည်။ ယင်းအုပ်စုအသစ်မှ ယင်းတို့၏ ကိုယ်ပိုင်ကျမ်းဂန်များကို ရေးသားလျှက် ဂိုဏ်းကိုးဂိုဏ်း စတင်ဖြစ်ပေါ်ခဲ့လေသည်။ (နိကာယသင်္ဂဟ၊ စာ ၇-၈)။ ။
မိဂဒါဝုန်၊ ကောသမ္ဗီနှင့် ဆန်ချီ ကျောက်စာများတွင် အသောကမင်းကြီးသည် သံဃာစည်းလုံးညီညွတ်မှုနှင့် ပတ်သက်၍ ကျောက်စာတိုင်တို့ဖြင့် တိကျသည့် အမိန့်အာဏာများ၊ သံဃာသင်းကွဲမှုကို ဖြစ်ပေါ်စေသူ ရဟန်းမည်သူမဆို လူထွက်ရမည်ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းမှ ထွက်ခွာသွားရမည်ဟု ထုတ်ပြန်ထားသည်အထိ အလွန်စိုးရိမ်သည်။ ယေဘုယျယူဆချက်အရ အသောကမင်းကြီး၏ အထောက်အပံ့ဖြင့် ဖြစ်ပေါ်လာသည့် ပိဋကတ်တော် တတိယပါဋလိပုတ္တ သင်္ဂါယနာကို ဖြစ်ပေါ်စေသည့် ပါဠိအစဉ်လာ၏ စစ်မှန်မှုကို အတည်ပြုသည်။ (Barua: Inscriptions of Asoka, II, p. 379) ။ ။
တတိယသင်္ဂါယနာတင်ပြီး ယင်းသင်္ဂါယနာ၏ သံဃာ့ဥသျှောင် အမြှော်အမြင်ကြီးမားတော်မူသည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်၏ လမ်းညွှန်မှုဖြင့် မြတ်ဗုဒ္ဓသာသနာ အရှည်ခံ့တည်တံ့ ပြန့်ပွားရေးအတွက် ကိုးတိုင်း ကိုးနိုင်ငံတို့သို့ သာသနာပြုအာဇာနည်အရှင်မြတ်များကို စေလွှတ်တော်မူခဲ့သည်။(ဝိ-ဌ ၁၊ ၄၇၊ မဟာဝံသ ၇၊ ၁ ဂါထာ)။ ။ အသောကမင်းကြီး၏ သားတော် အရှင်မဟာမဟိန္ဒမထေရ်မြတ်သည် (သီရိလင်္ကာ) သီဟိုဟ်ကျွန်း၌ ဗုဒ္ဓသာသနာတည်တံ့ရေးအတွက် တာဝန်ပေးခြင်းခံရသည်။ အိန္ဒိယမှ မင်းကြီးသာသနာပြုစေလွှတ်မူခဲ့သော ဗုဒ္ဓသာသနာပြု ကိုးဖွဲ့လုံး သွားလေရာရာ နိုင်ငံ ဒေသတိုင်း၌ အောင်မြင်ခဲ့သည်။ ယောနကဓမ္မရက္ခိတ မထေရ်ကဲ့သို့သော ဂရိလူမျိုးများပင် ဗုဒ္ဓဝါဒီရဟန်းတော်များ ဖြစ်သွားကြသည်။ ဤသို့အားဖြင့် အသာကမင်းကြီးသည် သူ၏ ဓမ္မဝိဇယနိုင်ငံတော် အတွက် လောကီလောကုတ္တရာ နှစ်ဖြာသော တိုးတက်သောစီမံကိန်းများဖြင့် ပီပြင်စွာ အကောင်ထည်ဖော်နိုင်ခဲ့သောကြောင့် နှောင်းလူတို့အတွက် အလွန်ပင် စံနမူနာ အတုယူလေးစားထိုက်ပါကြောင်း တင်ပြအပ်ပါသည်။
မှတ်ချက်။ ။ သီရိလင်္ကာဆရာတော် ပညာရှင်ကြီး ဝါလ်ပိုလာ ရာဟုလာ၏ ပါရဂူဒေါက်တာဘွဲ့အတွက် တင်သွင်းခဲ့သည့် History of Buddhism in Cylon written by Wapola Rahula (သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း စာအုပ်မှ ကောက်နှတ်ဖော်ပြအပ်ပါသည်။ ။
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၎-၁-၂၀၁၂
No comments:
Post a Comment