" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, March 29, 2014

ပညာရိပ်သာ ဗုဒ္ဓဘာသာ လိမ္မာယဉ်ကျေး ပညာပေး



၂၁ရာစု ပညာခေတ်တွင် ကမ္ဘာတစ်ဝှမ်းလုံး ပညာရပ်မျိုးစုံဖြင့် အရှိန်အဟုန်မပြတ် တိုးတက်လျက်ရှိ၏။ ဤ၂၁ရာစုကား ပညာခေတ်၏ စိန်ခေါ်သံတို့ တသောသောညံအောင် ဖုံးလွှမ်းနေသော ကာလပေတည်း။ ယင်းသို့ အရှိန်ဟုန်ဖြင့်  နာရီ  စက္ကန့် မိနစ်နှင့်အမျှ လျင်မြန်သော အရှိန်ဟုန်ဖြင့်  တိုးတက်ပြောင်းလဲနေသော လောကကြီးကို မျက်ခြည်မပြတ် လက်လှမ်းမီအောင် ကြိုစားကြရင်း မိမိတို့၏ အမျိုးဘာသာ သာသာနာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရမည်။ ဇာတိသွေးဇာတိမာန် ထက်သန်ပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရမည်။ အမျိုးဘာသာသာသနာနှင့် နိုင်ငံတော်အတွက် တာဝန်သိစိတ်အပြည့်ဖြင့် ၂၁ရာစု ပညာခေတ်ကြီး၏ စိန်ခေါ်မှု အသစ်အသစ်တို့ကို အောင်မြင်စွာ ရင်ဆိုင်ကြရပေမည်။ 

ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားလျှက်ရှိသော မြန်မာနိုင်ငံ၌ ရှေးခေတ်၊ ယနေ့ခေတ်၊ နောက်နောင်ခေတ် မည်သည့်ခေတ်မဆို မြတ်ဗုဒ္ဓ၏ တရားတော်များ၊ ပညာရှိကြီးများ၏ အဆုံးမများ၊ ဓမ္မနီတိ၊ လောကနီတိများနှင့်ကင်း၍ တန်ဘိုးရှိသော လူလိမ္မာ၊ လူယဉ်ကျေး၊ လူတော်လူကောင်းလေးများ ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် လူငယ်မောင်မယ်တို့သည် မြတ်ဗုဒ္ဓ၏အဆုံးအမများ၊ ပညာရှိသူတော်ကောင်းတို့၏ မွန်မြတ်သောအဆုံးအမများကို အလေးအနက် မှတ်သားနာယူကြရမည်ဖြစ်သည်။ မိမိတို့၏ စိတ်ဓာတ်ကို မွန်မြတ်အောင် ထားကြရမည်ဖြစ်သည်။ မိမိတို့၏ ကိုယ်စိတ်နှစ်ပါးကို ယဉ်ကျေးလိမ္မာအောင် ပြုပြင်ကြရမည်ဖြစ်သည်။ သို့မှသာ လောကအလယ်တွင် လူတစ်လုံးသူတစ်လုံးဖြစ်ကာ နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာကို ချစ်တတ်၊ မြတ်နိုးတတ်၊ တန်ဘိုးထားတတ်သော ယဉ်ကျေးလိမ္မာသည့် ရင်နှစ်သည်းချာ သားကောင်းသမီးကောင်း ရတနာများလေးများ ဖြစ်လာပေမည်။ 

“Culture is for all” ယဉ်ကျေးမှုသည် လူသားတိုင်းအတွက်ဖြစ်သည်။ အထူးအားဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လိုက်နာခြင်းအားဖြင့် ယဉ်ကျေးလိမ္မာသူလေးများ ဖြစ်ကြပါလိမ့်မည်။ မှန်ပါသည်။ မြတ်ဗုဒ္ဓသည် မယဉ်ကျေးသည့် နတ်လူဗြဟ္မာသတ္တဝါတို့ကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူခဲ့သည်။ ရိုင်းစိုင်းလှသည့် နာဠာဂီရိဆင်၊ ရက်စက်ကြမ်းတမ်းလှသည့် အာဠာဝကဘီလူး၊ အကြင်နာ ကရုဏာတရား ကင်းမဲ့လှသည့် သူခိုးဓားပြကြီး အင်္ဂုလိမာလတို့ကိုပင် ယဉ်ကျေးလိမ္မာအောင် အတုမရှိ ဆုံးမတော်မူခဲ့သည်။ ထိုကြောင့် မြတ်ဗုဒ္ဓကို အနုတ္တရော ပုရိသဒမ္မသာရထိ- အမြတ်ဆုံး အတုမရှိ ယဉ်ကျေးလိမ္မာအောင် ဆုံးမနိုင်စွမ်းရှိသူဟု အံ့ချီးဖွယ်ဂုဏ်ဖြင့် ချီးကျူးအပ်ပေတော့သည်။ မြတ်ဗုဒ္ဓသည် ဓမ္မဖြင့်သာလျှင် သတ္တဝါတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဓမ္မသည်ပင်လျှင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစစ်စစ် ဖြစ်၏။ ယဉ်ကျေးသည့်ကမ္ဘာမှာ ယဉ်ကျေးလိုသူတိုင်း မြတ်ဗုဒ္ဓ၏ ဓမ္မကို လိုက်နာကျင့်ကြံသောအားဖြင့် ယဉ်ကျေးလိမ္မာသည့် သူများ ဖြစ်လာကြပေမည်။
မြတ်ဗုဒ္ဓချမှတ်တော်မူခဲ့သည် ဓမ္မယဉ်ကျေးမှုကို ရှေးဗုဒ္ဓဘာသာဝင်တို့က အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြ၏။ ပထမမြန်မာနိုင်ငံတော်ကြီးကို အနော်ရထာမင်းမြတ်သည် ရှင်အရဟံမထေရ်မြတ်၏ အကူအညီဖြင့် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံလျက် ဖော်ဆောင်တည်ဆောက်ခဲ့၏။ ထို့ကြောင့် ကိုးကွယ်သည့် ဘာသာနှင့် လူမျိုးကို ပေါင်းစပ်ကာ ဗုဒ္ဓဘာသာမြန်မာလူမျိုးဟု ကမ္ဘာတွင် မော်ကွန်းထိုးနိုင်သည်အထိ ဗုဒ္ဓဘာသာယဉ်ကျေးမှု လွှမ်းခြုံမှုကြောင့် ရှေးခေတ် ဘိုးဘေးဘီဘင်မှသည် ယနေ့ခေတ် မိဘပြည်သူများအထိ ယဉ်ကျေးကြ၏။ သိမ်မွေ့ကြ၏။ 

မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓယဉ်ကျေးမှုဖြင့် ကင်းကွာလို့ မရစကောင်း။ ဗုဒ္ဓယဉ်ကျေးမှုဖြင့် မြန်မာနိုင်ငံတော်ကြီး ခေတ်အဆက်ဆက် ရပ်တည်လာခဲ့၏။ ရှေးခေတ်မိဘဘိုးဘွားတို့သည် မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္ဓယဉ်ကျေးမှုများကို တန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြ၏။ သို့သော် ယနေ့ခေတ်၌ တိုင်းတစ်ပါး ယဉ်ကျေးမှုတို့၏ ထိုးဖောက်စိမ့်ကာ ဝင်ရောက်မှုကြောင့် မြန်မာ့ယဉ်ကျေးသည်ပင် တိုင်းတစ်ပါး Culture-Shock (ယဉ်ကျေးမှုရှော့) နှင့် ရင်ဆိုင်လာနေရ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် လူငယ်မောင်ငယ်ကလေးများသည် မိမိတို့၏ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာ ယဉ်ကျေးမှုတို့ကို တန်ဖိုးထားရကောင်းမှန်းမသိကြတော့။ မိမိတို့၏ ယဉ်ကျေးမှုထက်ပင် တိုင်းတစ်ပါးယဉ်ကျေးမှုကို ပိုမိုအထင်ကြီးကာ အတုခိုးကြသော တိုင်းရင်းသား လူငယ်မောင်မယ် ခေတ်ပညာတတ်လေးများသည် အမျိုးသားရေးစိတ်ဓာတ် အခြေမခိုင်တော့ဘဲ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ ဆုံးရှုံးကာ စာရိတ္တတရားများလည်း ခေါင်းပါးလာကြပေ၏။ ဤသည်ပင်လျှင် တိုင်းတစ်ပါး Culture-Shock ယဉ်ကျေးမှုရှော့လှိုင်းလေထန်လာတော့၏။ တိုင်းတစ်ပါး Culture-Shock ယဉ်ကျေးမှုရှော့ကြီးကြောင့် ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့ အလွန်ပင် စိတ်တုန်လှုပ်ခြောက်ခြား လာကြရ၏။ ရတက်မအေးနိုင်ကြတော့ပေ။  

ထို့ကြောင့် ယနေ့ခေတ် လူငယ်မောင်မယ် ရင်သွေးငယ် သားငယ်သမီးလေးများများ အထူးလိုအပ်နေသည်မှာ မိမိတို့၏ မြန်မာ့ရိုးရာ အစဉ်အလာ၊ မြန်မာ့ယဉ်ကျေးမှု၊ ထေရဝါဒဗုဒ္ဓဘာသာကို တန်ဖိုးထား မြတ်နိုးတတ် ရန်ပင်ဖြစ်၏။ တိုင်းတစ်ပါး နိုင်ငံခြားယဉ်ကျေးမှုများ စိမ့်ဝင်နေသော ယနေ့ခေတ်ကြီးမှာ မိမိတို့၏ အမျိုးမှန် အဖိုးတန်သည့် ကိုယ်ပိုင်ယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်ပါသည်။
နိုင်ငံတော်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ကိုယ်ကျင့်တရားကောင်းမွန်ပြီး လိမ္မာယဉ်ကျေးကာ တာဝန်သိသိ တာဝန်ကျေပွန်စွာ နိုင်ငံ့တာဝန်၊ အမျိုးဘာသာ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်မည့် နိုင်ငံ့သားကောင်း သမီးရတနာလေးများ ဖြစ်လာစေရန် တိုင်းပြည်ခေါင်းဆောင်များနှင့်တကွ ဗုဒ္ဓဘာသာ ရဟန်းရှင်လူမိဘ ပြည်သူတစ်ရပ်လုံးက မျှော်လင့်ထားကြ၏။ တိုင်းတစ်ပါး(Culture-Shock and Globalization) ယဉ်ကျေးမှုရှော့လှိုင်းဒဏ် အပြင်းအထန် ခံနေကြရ၊ ယဉ်ကျေးမှုရှော့ လှိုင်းလုံးများအကြားဝယ် နစ်မြုပ်နေကြရသော လူငယ်မောင်ငယ် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် လူငယ်လေးများနှင့် မိမိရင်သွေး သားငယ်သမီးငယ်လေးများကို ဥပုသ်နေ့ ဘုရားကျောင်းကန်နှင့် မစိမ်းရန်၊ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုများ မတိမ်ကောစေရန် တာဝန်ရှိသည့် လူကြီးမိဘများက မိမိတို့သက်ဆိုင်ရာ ယဉ်ကျေးလိမ္မာပို့ချ ပေးနေသည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်အပ်နှံသင့်ပေသည်။ ရဟန်းရှင်လူ မိဘပြည်သူများ အတူလက်တွဲလျက် တာဝန်သိစွာ မျိုးဆက်သစ် သားငယ်သမီးငယ်လေးများကို ယဉ်ကျေးလိမ္မာအောင် ပြုစုပျိုးထောင်ပေးကြရပေမည်။

အကယ်၍ ယနေ့လူကြီးမိဘများက တာဝန်သိစွာ မြတ်ဗုဒ္ဓ၏ယဉ်ကျေးမှုအဆုံးမများကို ခံယူနိုင်ရန် မိမိတို့၏ သားငယ်သမီးငယ်လေးများအား ယဉ်ကျေးလိမ္မာသင်ပေးသည့် ဘုန်းတော်ကြီးကျောင်းများ၊ မြို့ရွာ ရပ်ကွက် ဓမ္မာရုံများသို့ ပို့ဆောင်အပ်နှံ ဆောင်ရွက်မှု မပြုပါက အမျိုးဘာသာ သာသနာ ယဉ်ကျေးမှုနှင့်တကွ တိုင်းပြည်၏ အနာဂတ်အရေးကို ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ် လူငယ်တို့အပေါ်၌ တာဝန်ကျေပွန်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယဉ်ကျေးလိမ္မာသည့် နိုင်ငံသားကောင်း သမီးရတနာများ အဆက်မပြတ်ပေါ်ထွန်းလာနိုင်ရန်နှင့် တိုင်းတစ်ပါး(Culture-Shock and Globalization) ယဉ်ကျေးမှုရှော့လှိုင်းဒဏ် အပြင်းအထန် မခံရစေရန် ရည်သန်လျှက် အကျင့်စာရိတ္တနှင့် ယဉ်ကျေးမှု စိတ်ဓာတ်အခြေခံသော ယဉ်ကျေးလိမ္မာ ဓမ္မကျောင်းတော်များသို့ မိမိတို့၏ သားငယ်သမီးငယ် ရင်သွေးငယ်လေးများကို “အချိန်မီချုပ်၊ အစုတ်သက်သာ” ဆိုသကဲ့သို့ အချိန်မီ ပို့ဆောင်ကြရန် ရှေးဦးစွာ တိုက်တွန်းလိုက်ရပါရစေ။
ဤ “ပညာရိပ်သာ ဗုဒ္ဓဘာသာ လိမ္မာယဉ်ကျေး ပညာပေး” ဟူသော ယဉ်ကျေးမှုစာအုပ်လေးသည် ပြည့်စုံသည့် စာအုပ်လေးဟု မဆိုနိုင်သော်လည်း မြတ်ဗုဒ္ဓနှင့် ပညာရှိသူတော်ကောင်းတို့၏ အဆိုအဆုံးမများကို လေးစားအားကျ လိုက်နာ အတုယူနိုင်ရန် ထိုထိုယဉ်ကျေးလိမ္မာ ဆုံးမစာများမှ အတတ်နိုင်ဆုံး စုစည်းတင်ပြ ပူဇော်ထားခြင်းမျှသာ ဖြစ်ပါသည်။ 

“အစကောင်းမှ အနှောင်းသေချာ သေချာ” ဆိုသည့်အတိုင်း ဤစာအုပ်ငယ်လေးတွင် ပါရှိသော မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ပညာရှိတို့၏ မွန်မြတ်သော အဆုံးမများကို မှတ်သား နာယူခြင်းအားဖြင့် မိမိတို့၏စိတ်ကို ကလေးသူငယ်များ ငယ်ရွယ်ကပင် ပြုပြင်ကြပါလိမ့်မည်။ ပညာရှိသူတော်ကောင်းတို့၏ စိတ်ဓာတ်ကို မိမိတို့၏ စိတ်သန္တာန်သို့ ကူးစက်စေနိုင်ပါသည်။ လက်ဦးဆရာဖြစ်သော မိဘတိုင်းသည် မိမိတို့၏ ရင်သွေးငယ်လေးများကို ငယ်စဉ်ကပင် စနစ်တကျ ဤကျမ်းငယ်လေးမှ လာသည့်အတိုင်း ဆုံးမသွန်သင်ပေးနိုင်ပြီး အသိပညာဗဟုသုတ ယဉ်ကျေးလိမ္မာ လိုက်နာရှာမှီးလိုသူ လူငယ်မောင်မယ်လေးများအတွက်လည်း ကောင်းကျိုးဖြစ်ထွန်းစေသော ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ အနုမြူတေ ရတနာပင် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ပညာရိပ်သာဆရာတော်
(သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ
(မေ့သားလှ-ဇလဂ္ဂ)
၈-၂-၂၀၁၄