ဗြိတိသျှ
အစိုးရသည် ဘုန်းတော်ကြီးကျောင်းများကို မိမိတို့ ပညာရေး ညွှန်ကြားမှုအောက်ရောက်အောင်
သိမ်းသွင်းကြံစည်ရာ၌ ရှေးဦးစွာ ဘုန်းတော်ကြီးကျောင်းများကို မှတ်ပုံတင်စေခြင်းဖြင့်
သူတို့လက်အောက် ရောက်အောင် ပြုလုပ်ခဲ့ပေသည်။ မှတ်ပုံတင် ဘုန်းတော်ကြီးကျောင်း အဖြစ်သို့
ရောက်သွားသောအခါမှ သူတို့လိုချင်သည့် လောကဓာတ်ပညာ၊ လောကီလူမှုရေး ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ
ပေးဝေထောက်ပံ့လျက် ဘုန်းတော်ကြီးသင်ရိုးကို ပြောင်းလဲရန် အားထုတ်ခဲ့ပေသည်။ ဘုန်းတော်ကြီးပညာရေးကို
ဘာသာရေးမှ လူမှု့ဆက်ဆံရေးအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ကြသည်။
အစဉ်လာကြီးခဲ့သော
ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ဗြိတိသျှ ကိုလိုနီခေတ်၌ တပည့်ကျောင်းသားများ သိသိသာသာ
တနေ့တခြား ဆုတ်ယုတ်နည်းပါးလာခဲ့ပေသည်။ အကြောင်းတရား စဉ်းစားကြည့်လျှင် ဗြိတိသျှကိုလိုနီခေတ်တွင်
အင်္ဂလိပ်စာ တတ်ပါမှ လူရာဝင်ခြင်း၊ ရာထူးရာခံများ ရနိုင်ခြင်း၊ အစဉ်အလာအရ ဘာသာရေးဆိုင်ရာ
စာပေကျမ်းဂန် နီတိများကို အဓိကထားသင်ကြားသဖြင့် သူတို့၏ လောက်ကီပညာသင်ယူမှု မရှိကြသော
ဘုန်းတော်ကြီးကျောင်းများ၌ အလုပ်အကိုင်မရအောင် တမင်သက်သက် ဖန်တီးထားခြင်း၊ လောကီကျောင်းမရှိသော
ရွာများ၌ မိဘများက မိမိကလေးများကို ဘုန်းကြီးကျောင်းတွင် စာရေးစာဖတ် တတ်ရုံလောက်သာ
သဘောထား အပ်နှံကြခြင်း၊ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး ချမ်းသာကြွယ်ဝသော မိဘအနည်းငယ်မှလွဲ၍
ဆင်းရဲနွမ်းပါးသော မိဘများကသာ ဘုန်းတော်ကြီးကျောင်းများတွင် မိမိကလေးများကို ကျောင်းအိပ်ကျောင်းစား
ပို့လွှတ်ထားကြခြင်း စသော အကြောင်းတရားများကြောင့် ဘုန်းတော်ကြီးကျောင်းများတွင် တပည့်ကျောင်းသားများ
တနေ့တခြား ဆုတ်ယုတ်လာခဲ့ရပုံကို လေ့လာသိရှိရသည်။
၁၈၈၁-၁၈၈၂
ခုနှစ် ကိုလိုနီခေတ်တွင် ဘုန်းတော်ကြီးကျောင်း သင်ရိုးညွှန်းတန်းများ အောက်ပါအတိုင်း
ပြောင်းလဲ သတ်မှတ်လာသည်ကို တွေ့မြင်နိုင်သည်။ (၁) တေမိဇာတ်၊ (၂) ဓမ္မပဒ၊ (၃) သုဓမ္မစာရီ၊
(၄) သင်ပုန်းကြီး၊ (၅) ခြောက်စောင်တွဲ၊ (၆) သဒ္ဒါဗြူဟာ၊ (၇) ဓမ္မပဒ ကထာ၊ (၈) Hand
Book of Agriculture by E.Martini၊ (၉) The Hill Tracts of Arakan by Cpt.Hughes၊
(၁၀) Aid to Land surveying by J.C. Clancey၊ (၁၁) Sannitary Primer by Dr.
Cunning ham၊ (၁၂) ၎င်း ဘာသာပြန်၊ ဂ၁၃) မဟာဇနကဇာတ်၊ (၁၄) ဇိနတ္ထပကာသနီ၊ (၁၅) Stilson’s
Complete Arithmetic ၊ (၁၆) Estern Primers၊ (၁၇) Aesop’s Fables (၁၈) The
House I live in (၁၉) သင်ပုန်းကြီး အကျယ်၊
(၂၀) ကိုးစောင်တွဲ၊ ယင်းကျမ်းစာများကို မူလတန်း ဖတ်စာအဆင့်လောက်အဖြစ် ပြဌာန်းထားသည်ကို
လေ့လာသိရှိရ၏။ ၁၉၁၅ ခုနှစ်တွင် ပထမပြန်စာမေးပွဲကို အတိအကျ သတ်မှတ်ခဲ့၏။ နယုန်လဆန်း
(၈) ရက်နေ့နှင့် ဝါဆိုလဆန်း (၈) ရက်နေ့တွင် နှစ်စဉ် စာမေးပွဲကျင်းပခဲ့ကြသည်ကို မှတ်သားရပါသည်။
ခေတ်စနစ်
ပြောင်းလဲလာသည်နှင့်အမျှ သင်ရိုးညွှန်းတန်းများ၊ စာမေးပွဲရက်များ သတ်မှတ်မှု စသည်တို့လည်း
ပြောင်းလဲလာကြပါသည်။ ပြောင်းလဲလာသည့် ယနေ့ခေတ်မှာလည်း ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသည့်
အဆင့်မြင့် ဘုန်းတော်ကြီးပညာရေးကို တာဝန်ရှိသူ အမျှော်မြင်ကြီးမားသူများက ရေတိုမဟုတ်
ရေရှည်စီမံကိန်းများဖြင့် မြှင့်တင်ပြောင်းလဲပေးပြီး ထိုအဆင့်မြင့် ခေတ်မီ ကောင်းမွန်လာသည့်
ဘုန်းတော်ကြီးပညာရေးဖြင့်လည်း တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါလိမ့်မည်ဟု
မျှော်လင့်မိပါသည်။
မည်သို့ပင်
ခေတ်စနစ် ပြောင်းလဲလာစေကာမူ ဘုန်းတော်ကြီးပညာရေး၏ အဓိကရည်မှန်းချက်ကတော့ တိုင်းပြည်နှင့်
အမျိုးဘာသာ သာသနာအတွက် ရတနာသုံးပါး မိဘဆရာသမားများကို အထူးရိုသေတတ်ဖို့၊ ကိုယ်အမူအရာ၊
နှတ်အမူရာ၊ စိတ်နှလုံး လိမ္မာရေးခြား ရှိဖို့ ဆုံးမ သွန်သင်မှုပင် ဖြစ်ပါ၏။ ဘုန်းတော်ကြီးပညာ
(သို့မဟုတ်) အရှေ့တိုင်းပညာရပ်များ သင်ယူတတ်မြောက်ခြင်းဖြင့်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊
ပညာရှိသူတော်ကောင်းတို့၏ လောက-ဓမ္မ အဆုံးအမများ၊ ပိဋကတ်တော်လာ ဓမ္မစာပေ ဗဟုတသုတများ ကြွယ်ဝနားလည်လာပြီး
မျိုးဆက်သစ်လူငယ်များမှအစ လူကြီးများတိုင်အောင် ယင်းအဆုံးအများကို လိုက်နာကျင့်သုံးခြင်းဖြင့်
လောကအလယ်တွင် ကိုယ်အမူရာ နှတ်အမူရာ စိတ်အမူရာ အထူးယဉ်ကျေးသိမ်မွေ့ကာ လိမ္မာယဉ်ကျေးသည့်
နိုင်ငံ့သားကောင်း သမီးကောင်း ရတနာများ ဧကန်ဖြစ်မည် မလွဲပေ။ မိမိသင်ကြားတတ်မြောက်ထားသည့်
ပါဠိတော် ဗဟုသုတ ဓမ္မအဆုံးအများဖြင့် နည်းမှန်လမ်းမှန် ဘဝလွတ်မြောက်ရေးအတွက် အားထုတ်နိုင်ပြီး
ပစ္စုပ္ပန် သံသရာအကျိုးပွားတိုးကာ နောက်ဆုံး မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဟု
ယုံကြည်မိပါတော့သည်။
ခေတ်မီတိုးတက်သော
ဘုန်းတော်ကြီးပညာရေးဖြင့် ဗုဒ္ဓသာသာနာတော်ကြီးကို အတူတကွလက်တွဲ ကာကွယ်စောင့်ရှောက်နိုင်ပြီး
ကောင်းမွန်သော တိုးတက်သော ပညာရေးစာမျက်နှာ သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ပါစေ၊ ခေတ်မီတိုးတက်သော
ပညာရေးမူဝါဒများ လျင်မြန်စွာ အကောင်ထည် ဖော်နိုင်ပါစေ၊ တိုင်းပြည်နှင့် အမျိုးဘာသာ
သာသနာကို ချစ်မြတ်နိုးသူတွေ တိုင်းပြည်မှာ တစ်ယောက်ပြီး တစ်ယောက် ထွန်းပေါ်ပေါက်ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
28-12-2013