" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။
Showing posts with label ပညာရှိများ၏ အဆုံးအမများ. Show all posts
Showing posts with label ပညာရှိများ၏ အဆုံးအမများ. Show all posts

Saturday, June 23, 2012

ပညာရှိများ၏ အဆုံးမများ


သဘောထားကွဲလွဲမှု

"ဒကာကြီးရယ် သဘောထားကွဲလွဲမှု ဆိုတာက ဓမ္မတာအတိုင်း လူ့လောကမှာ ရှိတာမျိုးပေါ့။ သူဘက်ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောကြရမှာပေါ့။ ဒါပေမဲ့ ငယ်သူက ကြီးသူနဲ့ပြောကြတဲ့အခါ သဘဘောကွဲလွဲချက်ပင်ဖြစ်စေကာမူ "ဂါရဝေါစနဲ့" ပြောတယ်။ ကြီးသူကလည်း ငယ်သူနဲ့ ပြောတဲ့အခါ သဘောထားကွဲလွဲချက်ပင်ဖြစ်စေကာမူ "ငါက အကြီးပဲ " ဆိုပြီး အထက်စီးနဲ့ မပြောရဘူး။ "နိဝါတောစ" နဲ့ ပြောရတယ်။

(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)


အနှစ်တစ်ရာ သက်ရှည်ကြာလည်း
ခေမာအမတ မမြင်ရသော်
ဘ၀ဤဇာတ် ကယ်မမြတ်ဘူး။

ဝိပဿနာ အခြေပါ၍
လေးဖြာမဂ်စု၊ ဥာဏ်စက္ခုဖြင့်
ဓုဝဧကန် နေရဗာန်ကို
ဝေဖန်မြင်က တစ်ရက်မျှလျှင်
ဇီဝရှည်လျင်း တည်နေခြင်းက
လွန်မင်းသာစွ မြတ်ထွတ်လှဟု
ဇိနဘုရား ဟောမိန့်ကြားသည်
တရားကြီးသင့် လှပြီတကား။

(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)


အဓိဋ္ဌာန်

သတိနဲ့ဉာဏ် နှစ်ခုတွဲမှ အောင်မြင်တယ်
လူငယ်တွေ သတိလွတ်ရင် လူလေလူလွင့်ဖြစ်ကရော ။
ဒါကြောင့် မသိတာဟာ အခြေခံတရားဖြစ်တယ်လို့ ပြောတာပေါ့ ။
အကောင်းနဲ့ အဆိုးကို ခွဲသိရမယ် ။
ဘုန်းကြီး သတိပေးပါရက်နဲ့ မိုက်တွင်းနက်တယ်။
ဘာကြောင့်လဲ ဗီဇညံ့လို့ပါပဲ ။
စားတော်ကဲက အစားကောင်းချက်တယ် ။
ယောက်မကိုသုံးတယ် ။
ဟင်းကောင်း မကောင်း ယောက်မက သိမလား ။ မသိပါ ။


လူမိုက်ဟာ
တစ်သက်လုံး ပညာရှိနဲ့ နေပေမယ့်
တရားမရနိုင်ဘူး ။ (ဓမ္မပဒဂါထာ ၆၄)


သစ်ကျုတ်ကလေးက သတ်စားစရာ သတ္တဝါ ရှာမရတော့မှ
ငါ ဥပုသ်စောင့်မယ် ဆိုတယ် ။
ပြီးမှ သမင်တွေ့တော့ ထ လိုက်တယ် ။
လိုက်လို့ မမိနိုင်တဲ့ အဆုံးကျမှ '' ကံကောင်းလို့ ငါ ဥပုသ်မကျိုးတာ '' ဆိုတာမျိုး မဖြစ်ကြစေနဲ့ ။

(အရှင်ဇနကာ ဘိဝံသ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ - မှ ကောက်နှုတ်ပူဇော်ပါသည်။



ဗန်းမော်ဆရာတော် ဆုံးမစာ
 
တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)

Thursday, June 7, 2012

အကုသိုလ်ကံ ပေးချိန်တန်သော်


ဗုဒ္ဓမြတ်စွာ၊ ဒေသနာတော်၊ ဦးထိပ်ဖော်ထား၊
သူအား ငါအား မည်သူအားဖြင့်၊
တိုင်းသားပြည်သူ၊ ရှင်လူရဟန်း၊
ပြည်တစ်ဝှမ်းလုံး၊ သိမ်းကျုံးထိန်းအုပ်၊
မင်းလုပ်သူပါ၊ သူငါမြဲတမ်း၊
မြွေဖားဖမ်းသို့ စွဲလမ်းမကြီး၊
ပြစ်လည်းမဆို၊ " အကုသိုလက်ကံ၊ ပေးချိန်တန်သော်"
သာမန်သတ္တဝါ၊ မဆိုသာလစ်၊
ရှင်ချစ်သော်မှ၊ ဝိပါကဝဋ်၊
မလွတ်ကြုံအင်၊ ပုံအသွင်သို့၊
ကိုယ့်ရှင်ကိုယ့်မှာ၊ ကိုယ်သာအပြစ်၊
ရှေးကံပစ်ချသဖြင့်၊ ခံရမည်အမှန်၊
သဒ္ဓါသန်သန်ဖြင့်၊ သံဝေဂဥာဏ်ရှေ့သွား၊
မေတ္တာပွား၍၊ ဘုရားဆည်းကပ်၊
တရားဆည်းကပ်၊ သံဃာဆည်းကပ်၊
ဝိဝဋနိဿိတ၊ ဥာဏသမ္ပယုတ်၊
တိဟိတ်ဥက္ကဌ်၊ ကုသိုလ်မြတ်ဖြင့်၊
အမြတ်ဒါန၊ သီလမြဲစွာ၊
ဘာဝနာအပေါင်း၊ သူတော်ကောင်းတရား၊
နေ့မအား၊ ညမအား၊
ကြိုးစားနိုင်ကြစေကုန်သတည်း။
(ရှေးဆရာတော်ကြီးများ)။

မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
7-6-2012

Tuesday, March 20, 2012

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ လင်္ကာကြီး


ဆိုပိန့်ဟုတ်ရာ …စဉ်းစားပါလော့၊ ခန္ဓာဘာရ၊ ပဉ္စကကား၊

ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊

အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊

ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့ ။

ရုပ်ဝါနုနယ်၊ ရှု့စဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊

အအိုစာရင်း၊ သူကသွင်း၏ ။

ဘေးရန်ကင်းကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊

နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏ ။

နင့်နှင့်တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊

ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဘယ်ခါမကွဲ၊

အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊

နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊

ကျားမွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏ ။

လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊

ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဥာဏ်မသွင်း၍၊

သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊

မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊

အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြာင့်ကြကြ၊ ပြုခဲ့လှပြီ ။

ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှု့လော့၊

ရတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊

ရေသွေ့ခန်းငြား၊ အိုင်ပတ္တားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊

ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊

သေကြဖို့သာ၊ နီးကပ်လာသို့၊

ငါသူကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျက်၊

ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊

ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊

သေလမ်းသို့သာ၊ နီးကပ်လာ၏ ။

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊

ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအေင်၊

ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပယ်ရွာ၊ နင့်အိမ်သာဟု၊

စိတ်မှာစွဲကပ်၊ သတိချပ်လော့ ။

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊

ရှစ်ဝမဂ္ဂင်၊ သဘောင်္ာယဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊

ရောက်ရလိုမှု၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊

လုံ့လသဲလော့။

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊

ယခုတွေ့ပြီး၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊

ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊

မှတ်မရှု့ဘဲ၊ ရွာသူဝက်မိုက်၊ မစင်ကြိုက်သို့၊

အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊

မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့် ။

ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊

ဥာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊

တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊

အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊

တိမ်းရှောင်တစ်ကိုယ်၊ တော-တော-ဆို၍၊ မဂ်ဖိုလ်မနှောင်း၊

အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းကွာရဟု၊ ဗုဒ္ဓရွှေနှုတ်၊

ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊

နင့်ကားနင့်တွက်၊ ကျင့်တော့တည်း ။ ။

အရှင်သုတာစာရာလင်္ကာရ

(မေ့သားလှ-ဇလဂ္ဂ)

ပူဇော် မျှဝေအပ်ပါသည်။

Thursday, March 15, 2012

မှတ်သားဖွယ် အဆုံးမလေးများ


သူတော်ကောင်းဆိုတာ

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ
ဆိုတော့
သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်
ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို
အတော်ကြောက်စရာကောင်းတာပေါ့နော်
သူတော်ကောင်းဆိုတာ
သင်ကောင်းကောင်း
မကောင်းကောင်း
ကျွန်ုပ်ကတော့
ကောင်းနေရမယ်လေ။ ။
(ရွှေဥမင် ဆရာတော်ဘုရားကြီး)

လောကဓံ

ကောင်းဆိုးလောကဓံ ၊ကြံ့ကြံ့ခံလျက်၊

အားမာန်အပြည့် ၊ သတိမကွာ၊

ပညာမြော်မြင်၊ အလုပ်ဝင်၊

အလှဆင်ကြ၊တို့ ဘ၀ ၊၊

(ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအရှင်နန္ဒမာလာဘိဝံသ။ )

မေတ္တာ နှင့် သစ္စာ

* မိတ်ဆွေရဲ့ နှလုံးသားမှ

ပေါက်ဖွားလာတဲ့ စိတ်ဓါတ်မျိုးကို " မေတ္တာ " ။

* ပကတိ သရုပ်ကို ၊ မဖုံးမအုပ်ဘဲ၊

အရှိအတိုင်း ဖော်ထုတ်ပြောတာ .. " သစ္စာ " ။

(ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ)

သံဝေဂ ဓမ္မလက်ဆောင်”"

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊

ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း၊

တဖုံဆင်ကွဲ၊ သူတနဲဖြင့်၊

ဖောက်လွဲတတ်စွာ၊ ဓမ္မတာကို၊

ပညာစက္ခု၊ မျှော်ထောက်ရှု၍၊

ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ရတုချိန်ထောက်၊ ဤခါရောက်မှ၊

ချုပ်ပျောက်ခန္ဓာ၊ သေပိမ့်ငါဟု၊

သတ္တ၀ါခပင်း၊ ရှင်သေမင်းနှင့်၊

မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊ တစက်ကမှ မရှိကြဘူး။

အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊

ဘုရားစကား၊ လိုက်နာပွားသည်၊ တရားလက်မလွတ်ကြစေနဲ့။

(မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး။)

“ရှင်မဟာရဋ္ဌသာရ ၏ဆုံးမစာများ”

(၁) သေတူရှင်ဖက် ၊ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊
ရှိခါဝယ်လည်း၊မဖယ်မသွေ၊ညီညာကုန်း၍၊ရုံးကြလေ ..။
(၂)တစ်ယောက်စကား၊တစ်ယောက်နားမှ၊မခါးရအောင်၊သတိဆောင်၍
မောင်တို့ ဆိုလေ ၊ပျားသကာသို့ချိုလှစေ ..။
(၃) မတွေ့ခိုက်ရန်၊မကျူးလွန်နှင့် ၊မျက်မာန်ဒေါသ၊မထွက်ရအောင်၊
မာန်မာန ကိုချုပ်ကြလေ..။
(၄)ကိုယ်နှင့်လည်းစာ၊သတ္တဝါကို၊ကြင်နာလှစေ၊သူ့အသက်ကို ၊ချစ်ပါလေ..။
(၅)သူ၏စီပွား၊ငါ့စီးပွားကို၊ထောက်ထားမိစေ၊ကြီးလောဘကို ၊မျှတစေ..။
(၆)ဟုတ်သောအကြံ၊မှန်သောအကျင့်၊သင့်သောအယူ၊ဖြူသောနှလုံး၊သူတော်ထုံးကို၊
စွဲသုံးသောထွေ၊ မှန်လှစေ ..။
(၇)မှတ်ဖွယ်ရာရာ ၊ ထိုထိုစာကို ၊ ရှာ၍မပြက် ၊ အိမ်တွင်ဖက် ..။
(၈)အစ်ကိုကြီးအား ၊ ညီငယ်များလည်း ၊ စကားနှုတ်သက် ၊ ဖက်၍မဆို ၊ ရိုသေလှစေ ၊
ကိုကြီးအမ ၊ သည်နှစ်ဝကို ၊ မိဘကဲ့သို့ မှတ်ပါလေ..။

ဗုဒ္ဓပေးအပ် သိဥာဏ်မြတ်ဖြင့်


ဗုဒ္ဓပေးအပ် သိဥာဏ်မြတ်ဖြင့်

အမြတ်ဆွေမျိုး သိဥာဏ်တိုးကာ

ကောင်းဆိုးဝေဘန် ဆုံးဖြတ်မှန်၍

ဧကန်ကျင့်မှန် ကောင်းမှုဟန်တည်း

အမှန်ုငြိမ်းချမ်း အများလှမ်းရာ

မျှော်မှန်းရှေ့ဆက် ကလောင်လက်ဖြင့်

ဆက်လက်ငါရေး သိဥာဏ်ပေး၏

ဖြစ်တွေးငါမြတ် ငါသာတတ်ဟု

အမြတ်ဂုဏ်ပုဒ် ငါမထုတ်တည်း

ကျိုးမြတ်မျှော်ထား လိုဆိုးများနှင့်

စိတ်ထားးရှေ့ပြေး ငါမရေးတည်း

သိပေးနိုးဆော် ဥာဏ်သိပျော်၍

ကျိုးမျှော်နာဂတ် ပညာတတ်နှင့်

အမြတ်မျိုးနွယ် ဥာဏ်သိကြွယ်ဖို့

၇ည်ရွယ်ပြဌာန်း ကဗျာလမ်းတည်း

ငါလှမ်းရှေ့ရေး များကောင်းရေးတည်း

အရေးများစွာ အောင်ကြောင်းရာသည်

ပညာမူလ ပဓာနတည်း

ဘ၀မြင့်မောက် ထက်တန်းရောက်ရေး

မှန်ပြုပေးက ရှေ့ပြေးအစ

ပညာရရေး များစွာပေးလော့

စစ်တွေးသူငါ သတ္တ၀ါကား

စွမ်းရာခွန်အား ကိုယ်စီများ၏

ရှိထားစွမ်းအား ပြုမမှားဘဲ

စိတ်ထားဖြူစင် ကောင်းမှုယှဉ်လျှက်

မှန်ပင်သူငါ ငြိမ်းချမ်းရာကို

စွမ်းရာတာဝန် မှန်ကျေပွန်၍

ကောင်းမွန်ငြိမ်းမြတ် အအေးဓာတ်ဖြင့်

သူမြတ်ကျင့်ထုံး မြတ်နှလုံးနှင့်

ရွှင်ပြုံးဘ၀ ပြည့်ဆန္ဒတွေ

ဖြစ်ကြပါစေ တောင်းဆုချွေ၍

မသွေရေးသား လင်္ကာများတည်း

ငါအားကောင်းမှု ကုသိုလ်စုဖြင့်

ကျိုးပြုလူများ ဖြစ်စေသားဟု

စိတ်ထားရှေ့ပြေးလင်္ကာရေးသိပေးပညာရတနာတည်း..

သိဥာဏ်ပြည့်ကြွယ်လူ့အလယ်မှာဂုဏ်ဝယ်ဆန်းကြယ်နေလနှယ်တင့်တယ်နိုင်စေသောဝ်..

(ရတနာ လင်္ကာရ)

"အပ္ပပညော မဟာသကော ၊ အပ္ပပူရော ဃောဋာ ခေါဘေ"

ညံ.လွန်းရင်လဲ အန္တရာယ်မရှိဘူး ၊ တော်လွန်းရင်လဲ အန္တရာယ်မရှိဘူး ။ မညံ.တညံ. (၀ါ) မကျက်တကျက်သာ အန္တရာယ်ရှိတယ်။
မပြည့်သည့်အိုး ဘောင်ဘင် ခတ်တတ်၏။

(လောကနီတိ)

ယထာပိ ဥဒကံ နာမ၊ ကလျာဏေ ပါပကေ ဇနေ။
သမံ ဖရတိ သီတေန၊ ပဝါဟေတိ ရဇော မလံ။
တထေဝ တွံ ဟိတာ ဟိတေ၊ သမံ မေတ္တာယ ဘာဝယေ။

ရေသည် လူကောင်း လူဆိုး မရွေးချယ်၊ စင်ကြယ်အေးမြခြင်းကို
... ထပ်တူညီမျှပြုမူသကဲ့သို့ မိမိအပေါ်အကျိုးပြုသူကိုဖြစ်စေ၊ အကျိုးမဲ့
အောင် ပြုသူကိုဖြစ်စေ မေတ္တာကို ထပ်တူညီမျှထားရှိ ပွားများကြရာ၏။
(ဗုဒ္ဓဝံသအဋ္ဌကထာ)

Saturday, December 3, 2011

မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်" မှ ဆုံးမစာများ

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပုဒ်ရေ ၂၆၃)

လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပုဒ်ရေ ၂၆၃)

မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣဿာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပုဒ်ရေ ၂၃၅)

လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပုဒ်ရေ ၂၃၄)

ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပုဒ်ရေ ၂၃၄)

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပုဒ်ရေ ၂၀၃)


မန်လည်ဆရာတော်ကြီး