" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, July 9, 2012

သွေးချောင်းစီးမှ သွေးစည်းကြောင်းသို့


"မိုးစက်တွေက တစ်ပေါက်ပေါက်၊ သစ်ရွက်ကြွေသံ တစ်ချောက်ချောက်၊
မောတယ် ပန်းတယ် သဘောမှာ မရောက်၊ သူတို့ကိုယ်စီ လယ်ခမောက်၊"

ကပိလဝတ္ထုနှင့် ကောလိယ နှစ်နိုင်ငံတို့မှ လယ်သူမလေးများ ယခင်ယခင် နှစ်များကဆိုလျှင် မိုးရာသီတွင် လယ်ကွင်းပြင်မှာ မိုးရေးချောင်းရေ တဖွေးဖွေးနှင့် မောသည် ပန်းသည် မရှိ၊ အလုပ်ကိုယ်စီ ခမောက်ကိုယ်စီ် ဆာရီကိုယ်စီဆောင်းလျှက် ဆိုတေးသံသာ တမြမြဖြင့် ကောက်စိုက်နေကြဖြစ်၏။(ယခုနှစ်) တစ်ခုသော နှစ်မှာတော့ ကပိလဝတ္ထုနှင့် ကောလိယပြည်မှာ မိုးခေါင်သဖြင့် မြစ်ရေချောင်းရေများ လယ်ယာစိုက်ပျိုးဖို့အတွက် လုံလောက်စွာ စီးဆင်းမှုမရှိ။ ဤနှစ်နိုင်ငံက တောင်သူဦးကြီးများကလည်း အထူးသဖြင့် ရောဟိဏီခေါ် မြစ်နဒီလေးကို လယ်ယာစိုက်ပျိုးဖို့အတွက် အမှီသဟဲ ပြုနေကြရ၏။ အမှန်စစ်ကတော့ ယနေ့ခေတ် အိန္ဒိယနိုင်ငံသားတို့သည် သူတို့ ဟိန္ဒီဘာသာစကားဖြင့် မြန်မာပြည်မှာ ခေါ်နေကြဖြစ်သည့် ချောင်းများကိုလည်း နဒီ ဟုပင် ခေါ်ဝေါ်သုံးစွဲကြ၏။ စာရေးသူတို့ မြန်မာနိုင်ငံမှာတော့ နဒီဆိုလျှင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် တို့ကဲ့သို့ ကြီးမားသည့် မြစ်ကြီးများကိုသာ နဒီ ဟုခေါ်ဝေါ် သုံးစွဲကြ၏။ အိန္ဒိယ၌ ဧရာဝတီမြစ်ကဲ့သို့သော ဂင်္ဂါမြစ်များကို မဟာနဒီ ဟုပြောဆိုလေ့ရှိကြ၏။ ယခု ရောဟိဏီခ်ါသည့် မြစ်ကလေးသည် စာရေးသူတို့ မြန်မာနိုင်ငံမှာ ဆိုလျှင် မြစ်ဟု မခေါ်ဝေါ်ဘဲ ချောင်းဟုပင် ခေါ်ပေလိမ့်မည်။ သို့သော် ပါဠိစာပေမှာတော့ နဒီပုဒ်ကို မြစ်ဟု ဘာသာပြန်ကြသဖြင့် ဤနေရာ၌လည်း ရောဟိဏီမြစ် ဟုပင် ခေါ်ဝေါ် သုံးစွဲပါမည်။

အချိန်အခါအားဖြင့် မြတ်ဗုဒ္ဓလေးဝါရပြီး ငါးဝါမြောက်မှာ မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့၌ မင်းမျိုးတို့မှ ဖြစ်လာသော ရဟန္တာအရှင်မြတ်ငါးရာနှင့်တကွ မြတ်ဗုဒ္ဓသည် ကပိလဝတ္ထုပြည်အနီး မဟာဝုန်တောကြီမှာ သီတင်းသုံးတော်မူပြီး တစ်သောင်းသော စကြာဝဠာတိုက်မှ ဆိုက်ရောက်လာသည့် နတ်ဗြဟ္မာတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူသည့်အချိန်ဖြစ်၏။  ရဟန္တာငါးရာတို့သည် အရွယ်အားဖြင့် နုပျိုတော်မူကြသည့် တစ်နေ့တည်း ရဟန္တာဖြစ်ကြသည့် သာကိယနှင့်ကောလိယမင်းမျိုးတို့မှ ရဟန်းပြုလာကြသည့် ရဟန္တာများပေတည်း။ နှစ်ပြည်ထောင်မင်းတို့စစ်ပြေငြိမ်းရာတွင် သက္ကတိုင်း ကပိလဝတ်ပြည်မှ ၂၅၀၊ ကောလိယပြည်မှ ၂၅၀ သော စစ်သည်တော် မင်းမျိုးမင်းနွယ်များ ရဟန်းပြုပြီးနောက် အားလုံးရဟန္တာ ဖြစ်တော်မူကြ၏။

ငါးရာသော မင်းမျိုးမင်းနွယ်တို့ ရဟန်းပြုကြသည်မှာလည်း မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကြောင့် ရဟန်းပြုတော်မူလာကြ၏။ မြတ်စွာဘုရားသာ ငြိမ်းချမ်းရေးမကြိုးပမ်းလျှင် နှစ်ပြည်ထောင်မင်းတို့ သွေးချောင်းစီးနှင့် ကြုံရတော့မည်ဖြစ်၏။ ဖြစ်ပုံကား နှစ်နိုင်ငံ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် ရောဟိဏီမြစ် ရေလုသွင်းရာက နှစ်နိုင်ငံ စစ်ပွဲဆင်နွှဲတော့မည့် အနေထားသို့ ရောက်ခဲ့ရ၏။ ရောဟိဏီမြစ်ကလေးသည် ကပိလဝတ်ပြည်နှင့် ကောလိယပြည်ကြားမှာ ငါးကြင်းမြီးသဏ္ဍာန် မြစ်၏အရင်းအစ၌ တစ်ခုတည်းသာ ဖြစ်၏။ မြစ်ဖျား၌ကား လက်ဝဲ လက်ယာအားဖြင့် နှစ်ခွ ဖြာထွက်သွား၏။ ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်တို့သည် ဘေးချင်းကပ်လျှက် အနီးကပ်တည်ရှိကြသဖြင့် ဤရောဟိဏီမြစ်ကလေးသည် နယ်ခြားမြစ်ကလေးတစ်စင်း ဖြစ်၏။ ဤမြစ်ငယ်လေးကို ကန်ဘောင်ရိုးတစ်ခုဖြင့် ပိတ်ဆို့ဆီးကာ နှစ်ပြည်ထောင်စုမှ လယ်သမားတို့က သူ့ဖက်ခြမ်း ကိုယ့်ဖက်ခြမ်းမှာ အညီအမျှခွဲ ခွဲကာ ရေသွင်းစိုက်ပျိုးလာခဲ့ကြ၏။ ဤကဲ့သို့ စိုက်ပျိုးလာခဲ့သည်မှာလည်း မင်းအဆက်ဆက် သက်တမ်းတွေ ကြာမြင့်ခဲ့လေပြီ။
ဖြစ်ချင်တော့ ရာသီဥတု ဖောက်ပြန်မှုကြောင့်လားတော့ မသိ၊ ယခုနှစ် နွေရာသီ နယုန်လ လောက်အထိ မိုးကောင်းကောင်း မရွာသေးသဖြင့် ရောဟိဏီမြစ်ရေ နည်းပါးလာ၏။ လယ်တွေရေသွင်းချိန်မှာ ရေအလုံအလောက်မရရှိသဖြင့် ကောက်ပင်များ ညှိုးနွမ်းလာ၏။ ရောဟိဏီမြစ်ရေကို ယခင်ကလို နှစ်ဖက်လုံး အညီအမျှသွင်းလျှင်လည်း ရေမလုံလောက်သောကြောင့် နှစ်ဖက်လယ်သမားတို့က " အကျွန်ုပ်တို့၏ ကောက်ပင်တို့သည် ရေတစ်ကြိမ်သွင်းလိုက်ရလျှင် သီးနှံများ အောင်မြင်သွားမည် ဖြစ်ပေသည်၊ တစ်ဖက်မှ မြစ်ကို ပိတ်၍ အကျွန်ုပ်တို့အား ရေပေးပါလော့" ဟု အချင်းချင်း အပြန်အလှန် သူ့ဖက် ကိုယ့်ဖက် ရထိုက်ကြောင်း တောင်းဆိုကာ ဝိသမလောဘ အတ္တမာန အမိုက်မောင် မောဟတို့ကြောင့် နှတ်သာမက လက်ပါ၊ လက်ပါမက လက်နက်ပါ စွဲကိုင်ကာ စစ်ပွဲကြီးဖြစ်လာတော့၏။
"နှတ်ကြာင့်သေ၊ လက်ကြောင့်ကျေ" ဆိုသကဲ့ နှစ်ပြည်ထောင်ဖက်မှ လယ်သမားတွေ အပြန်အလှန် အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ထိခိုက်စေသည့် ဆဲရေးတိုင်းထွာ နှတ်လှံများထိုးမှုကြောင့်သာ ဤမျှလောက်စစ်ပွဲကြီး ဖြစ်ဖို့ အကြောင်းဖန်လာရ၏။ နှစ်ဖက်လုံးက အမျိုးနွယ် ဇစ်မြစ်ကို ထိခိုက်ပြောဆိုကြတော့ " ဟုတ်တာဆို၊ နာလို ခံခက်၊ အမျက်ထွက်" ဆိုသကဲ့သို့ အနာပေါ်တုတ်ကျ အလွန်အမင်း ဒေါသထွက်ကြလေတော့၏။
မှန်ပါသည်၊ သာကီဝင်မင်းတို့၏ ဇစ်မြစ်ကို လှန်ကြည့်ပါက သြက္ကာကမင်းကြီးသည် မိဖုရားငယ်လေးကို ချစ်လွန်းလို့ မိဖုရားလေးတောင်းဆိုသည့် မိဖုရားငယ်ရဲ့ရင်သွေး သားဦးလေးကို ထီးမွေနန်းမွေပေးဖို့ နှတ်ကတိ လွန်ထားမိ၏။ ကံတော်ကုန်သွားရှာသည့် မိဖုရားခေါင်ကြီးမှ ဖွေးဖွားသည့် သာကြီးများကိုတော့ " အခြားတစ်နေရာမှာ တိုင်းသစ်ပြည်သစ် တည်ထောင်ပြီး နောက်လိုက်ဗိုလ်ပါ စားနက်ရိက္ခာ အပြည့်စုံယူဆောင်ကာ ဖခမည်းတော်ကြီးက တိုင်းပြည်မှ  ထွက်ခွာသွားကြဖို့" အမိန့်ချမှတ်ခဲ့၏။ သားတော်လေးယောက်နှင့် သမီးတော်ငါးယောက်တို့လည်း ဥမကွဲသိုက်မပျက်ဆိုသကဲ့သို့ ဟိမဝန္တာဘက်ဆီ ဦးတည်ကာ နောက်လိုက်နောက်ပါများနှင့် တိုင်းပြည်မှ ထွက်ခွာခဲ့ကြ၏။
ဟိမဝန္တာအနီး ဘုရားလောင်းကပိလရှင်ရသေ့၏ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်မိကြ၏။ ဘုရားလောင်း ကပိလရသေ့က မင်းသားတို့၏ ရည်ရွယ်ချက်နှင့် လက်ရှိမြေပထဝီ၏ ကြန်အင်လက္ခဏာ မဟာအောင်မြေ ဖြစ်ကြောင်းကို ကောင်းကောင်းကြီးသိတော်မူသဖြင့် သူ၏ကျောင်းသင်္ခမ်းကျောင်းနေရာမှာပင် မြို့ပြတည်ထောင်ခွင့်ပြုလိုက်၏။ ဘုရားလောင်း ကပိလရှင်ရသေ့၏ ကျောင်းသင်္ခမ်းအောင်မြေနေရာမှာ မြို့ပြတည်ထောင်ကြသောကြောင့် ကပိလဝတ္ထုဟု တိုင်းပြည်နာမည်မှည့်ခေါ်ကြ၏။ ညီအစ်မ ငါးယောက်ထဲမှ အကြီးဆုံးအမကြီးကို အမိအရာ၌ထားကာ ကျန်မောင်နှမလေးစုံတို့သည် တခြားမျိုးနွယ် အရောအယှက်မခံနိုင်ကြဘဲ မောင်နှမအချင်းအချင်း လက်ထပ်ထိမ်းမြားခဲ့ကြ၏။ ထို့ကြောင့်ပင် သာကီမျိုးနွယ်တို့ကို အသမ္ဘိန္န ခတ္တိယ- အခြားမျိုးနွယ်တွေနှင့် မရောယှက်သည့် ဇာတိပုည၊ဂုဏ်မာန ပြင်းထန်သူများဟု ဆိုရလေ၏။ ခမည်းတော် သြက္ကာကမင်းကြီးကလည်း ဤသီတင်းကို ကြားသိတော့ သားတော်သမီးတော်တို့၏ ဇာတိပုည၊ဂုဏ်မာနကို နှစ်ထောင်းအားရတော်မူသောကြောင့် " သကျာဝတ ဘော ကုမာရ၊ ပရမ သကျာဝတ ဘော ကုမာရ - သားတော် မင်းသားတို့ စွမ်းနိုင်ကြပါပေ့၊ မင်းသားတို့ အတိုင်းမသိ တယ်လည်း စွမ်းဆောင်နိုင်ကြပေ" ဟု ဆိုပြီး ဝမ်းမြောက်စကား ဥဒါန်းကျူးခဲ့၏။ ခမည်းတော်မင်းကြီး၏ ဥဒါန်းစကားကြောင့် "သကျ-သာကိယ-လူစွမ်းကောင်းများ" ဟု အမည်တွင်ခဲ့လေ၏။ တစ်ချို့သော ပညာရှင်များအဆိုအရ ကျွန်းသစ်တောထဲမှာ မြို့ပြတည်ထောင်သောကြောင့် သာကိယ ဟုလည်း ဆိုကြသေး၏။ မည်သို့ဆိုစေ သူတို့အားလုံး မောင်နှမအချင်းချင်း ဇာတ်ပျက်မခံပဲ ထိမ်းမြားလက်ထပ်ကြသောကြောင့် အသမ္ဘိန္နခတ္တိယ မင်းမျိုးမင်းနွယ် တို့ပင် ဖြစ်ကြ၏။

ကောလိယမင်းတို့၏ ဇစ်မြစ်ကို လေ့လာကြည့်ပြန်တော့လည်း သာကီဝင်မင်းသားတို့ မောင်နှမအချင်းချင်း ထိမ်းမြားလက်ထပ်စဉ်က အမိအရာမှာ ထားခဲ့သည့် အစ်မကြီးကား သူမ၏ ကိုယ်ခန္ဓာ၌ ကုဌနူနာ ကိုယ်ရေပြားရောဂါစွဲကပ်လာသောကြောင့် တော်ကြီးမြက်မဲထဲမှာ မြေတိုက်ခန်းလုပ်လျှက် စားနက်ရိက္ခာအပြည့်အစုံဖြင့် သွားထားခဲ့ရ၏။ ကံအကြောင်းတိုက်ဆိုင်ချင်တော့ ယင်းတောနက်ကြီးထဲမှာ ဗာရာဏသီပြည့်ရှင် ရာမမင်းမှာလည်း ယင်းကိုယ်ရေပြား အနာကြီးရောဂါ စွဲကပ်လို့ ထီးနန်းစွန့်ကာ ရောက်လာခဲ့၏။ ဗာရာဏသီမင်းက ကလောပင်ကြီးတစ်ပင်၏ အခေါင်းကို တဲနန်းသဖွယ် ပြုလုပ်ကာနေရင်း ဆေးဖက်ဝင် အာယုဝေဒ သစ်မြစ်သစ်ဖု သစ်သီးများကို စားသုံးလျှက် ရောဂါကင်းစင်ခဲ့လေ၏။ တစ်နေ့သောအခါမှာ သာကိယမင်းသမီး၏ ကိုယ်နံ့ကြောင့် ကျားတစ်ကောင်က မြေတိုက်အမိုးကို ကုတ်ဖဲ့လှန်ရာက ကျားကိုမြင်ပြီး မင်းသမီး ငယ်သံပါအောင် ကြောက်လန့်အော်ရှာလေ၏။ ရာမမင်းက အော်သံကြားသဖြင့် ရောက်လာပြီး ဖြစ်ကြောင်းကုန်စင် သိသောအခါ မင်းမျိုးမင်းနွယ်မှန်း သိကြပြီးနောက် မင်းသမီးလည်း ရာမမင်းနောက် လိုက်သွား၏။ မင်းသမီးလည်း ဆေးဖက်ဝင် သစ်မြစ်သစ်သီးများကို စားသုံးရင်း ရောဂါပျောက်ကင်းသောအခါ ရာမမင်းနှင့် ထိမ်းမြားလက်ထပ်ရာက အမွှာပူးသား ဆယ့်ခြောက်ကြိမ်ထိ မွေးဖွားသတတ်။

နှစ်အတော်တန်ကြာတော့ ဗာရာဏသီမှာ ကျန်ရစ်သည့် ရာမမင်း၏ သားတော်က မုဆိုးများထံမှ ဖခမည်းတော် ရာမမင်း၏ အကြောင်းစုံကို ကြားသိရသောကြောင့် ဗာရာဏသီထီးနန်း ပြန်စိုးစံဖို့ ခေါ်ခဲ့ပါသော်လည်း ဖခမည်းတော်ရာမမင်းက ကလောပင် ပေါက်ရောက်သည့် ဤတောကြီးထဲမှာပဲ တိုင်းသစ်ပြည်သစ် တည်ထောင်တော့ဆုံးဖြတ်ခဲ့၏။ ခတ္တိယမင်းသမီးနှင့် ရာမမင်းတို့ တည်ထောင်သည့် နိုင်ငံကို ကလောပင်ကြီးများ ပေါက်ရောက်သည့် တောကြီးထဲမှာ တည်ထောင်ကြသောကြောင့် ကေလိယနိုင်ငံဟု ခေါ်တွင်လာခဲ့လေ၏။ သမိုင်းကြောင်းကို ပြန်ပြောင်းကုန်စင် သိမြင်ကြလျှင် ကပိလဝတ်ပြည်နှင့် ကောလိယပြည်မှ သာကီဝင်တို့သည် အမျိုးတူ အနွယ်တူများဖြစ်သကဲ့သို့ သားပေးသမီးယူ သမီးပေး သားယူ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ မင်းဆက်ပေါင်းများစွာ လက်တွဲမပျက် နေထိုင်လာခဲ့သူများ ဖြစ်ကြ၏။ ရောဟိဏီမြစ်ရေလုပွဲကို အကြောင်းပြုပြီး လယ်သမားအချင်းချင်း စကားရည်လု အချင်းချင်းနှတ်လှံထိုး ပြစ်တင်ပြောဆိုကြလေတော့၏။ "အမျိုးထိ၊ မချိအောင်နာ" ဆိုသလို ကောလိယပြည်မှ လယ်သမားတွေက" ဟေ့…ကပိလဝတ်သားတွေ၊ မင်းတို့ အရှင်သခင် သာကီဝင်မင်းတွေက တိရစ္ဆာန်တွေလို နှမအရင်းချာများနှင့် အိမ်ထောက်ဖက်ပြုကြတယ်၊ တိရစ္ဆာန်တွေလို သာကီဝင်မင်းသားတို့ အကူအညီဖြင့် အာကျယ်အာကျယ်လုပ်ချင်တာလား၊ မင်းတို့ အရှင်သခင် သာကီဝင်မင်းတို့၏ ဆင်မြင်းစစ်တပ် လက်နက်ခဲယမ်းတွေကို ဒို့ လုံးဝမမှုပါဘူး" ဟု ငြင်းခုံပြောဆိုကြကုန်၏။

ကောလိယတို့၏ သမိုင်းဖြစ်အင် အကုန်စင်ကို သိထားကြသည့် ကပိလဝတ်ပြည်မှ လယ်သမားကလည်း ကြက်ခေါင်းဆိတ်မခံဆိုသလို ပြန်လည် နှတ်လှံထိုးကြပြန်၏။ "ဟေ့… ကောလိယနိုင်ငံသားတွေ၊ မင်းတို့က  ကုဌနူနာရောဂါကြီးစွဲပြီး ကလောပင်အခေါင်းထဲမှာ အောင်းနေခဲ့ရသူတွေ၊ မြေခွေးလို  မြေအောက်ခေါင်းမှာ ငှက်တိရစ္ဆာန်တွေလို သစ်ခေါင်းထဲမှာ အောင်းနေခဲ့ကြသူတွေ အားကိုးနဲ့ စွာကျယ်စွာကျယ်လုပ်ချင်ကြတာလား၊ ဒီလို အားကိုးရာမဲ့ မင်းတို့ အရှင်သခင်တွေရဲ့ ဆင်မြင်း စစ်တပ် လက်နက်တွေကိုလည်း ဒို့ အရေးမစိုက်ဘူးဟေ့"ဟု ပြန်လည် စောင်းမြောင်းပြောဆိုကြလေ၏။ အမှန်စင်စစ်တော့ "ပက်လက်လှန်ပြီး တံတွေးနဲ့ထွေးပါက ကိုယ့်မျက်နှာမှာပဲ ပြန်ပေ" ဆိုသကဲ့သို့ ဆွေမျိုးအချင်းချင်း ဂုဏ်ဖော်ပြောဆိုချီးမွမ်းရမည့်အစား ဂုဏ်သိမ်ငယ်အောင် ပြောဆိုကြသဖြင့် သူတို့ မြတ်နိုးတန်ဖိုးထားကြသည့် သာကိယနှင့် ကောလိယ မင်းမျိုးအားလုံးလည်း တိရစ္ဆာန်တွေလို ကပ်ပါးမျိုးတွေလို ဖြစ်ကုန်၏။ အားလုံးသည် သာကီဝင်မင်းမျိုးတွေချည်းသာတည်း။ အချင်းချင်း ညှိနှိုင်းအဖြေမရှာကြပဲ လယ်သမားအချင်းချင်း စကားနိုင် နှတ်လှံထိုးမှုသည် လယ်ယာစိုက်ပျိုးရေးအမတ်ကြီးများထိ ပြန့်နှံ့သွား၏။ ယင်းအမတ်ကြီးတွေမှတဆင့် ဘုရင်မင်းတို့ နားအထိရောက်သွားသောအခါ "အမှိုက်ကစ ပြဿာဒ်မီးလောင်" ဆိုသကဲ့သို့ ထိမ်းမနိုင် သိမ်းမရ စစ်မီးတောက်လောင်ခဲ့ရမည့်ကိန်းဆိုက်လေတော့၏။ နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းကြတော့ဆိုပြီး ရောဟိဏီမြစ်၏ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ စစ်အင်္ဂါလေးပါးနှင့်ပြည့်စုံသည့် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် စစ်စခန်းချကာ ဟော်ဟစ်ကြွေးကြော်ရင်း ထိတ်တိုက်ရင်ဆိုင်ကြလေတော့၏။
ဤကဲ့သို့ နှစ်ပြည်ထောင်သွေးချင်း သာကီဝင်မင်းတို့ သွေးချောင်းစီးအောင် စစ်ခင်းကြတော့အရေးကို မြတ်ဗုဒ္ဓက သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူရင်း မိုးသောက်ထ လင်းခါနီးအချိန်မှာ သတ္တလောကကို သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် ကြည့်ရှု့ဆင်ခြင်တော်မူသောအခါ သိတော်မူသောကြောင့် သာဝတ္ထိပြည်မှ ကောင်းကင်ခရီးဖြင့် ကြွတော်မူလာပြီးလျှင် နှစ်ဖက်သော စစ်သည်တို့၏ အလယ်၌ ရပ်တည်တော်မူကာ ရောင်ခြည်တော်များ လွှတ်လျှက် သီတင်းသုံးတော်မူ၏။ မြတ်ဗုဒ္ဓက နှစ်ပြည်ထောင်မင်းတို့ သံဝေဂဥာဏ်ဖြစ်စေဖို့ နေ့ခင်းကြောင်တောင်ကြီးမှာ အမှောင်ကြီးကျသလိုဖြစ်အောင် ဆံတော်က ညိုမောင်းသော ရောင်ခြည်တော်များကို လွှတ်တော်မူပြီး နှစ်ပြည်ထောင်မင်းတို့ သံဝေဂဥာဏ်ရှေ့သွားပြုပြီး ထိတ်လန့်နေကြတော့မှ ကိုယ်တော်ကို ထင်ရှားပြတော်မူခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓသည် နှစ်ပြည်ထောင်မင်းတို့ သွေးစီးချောင်းဖြစ်မည့်အရေးမှ ကယ်တင်လျှက် သွေးစည်းညီညွတ်ကြောင်းဖြစ်ဖို့ ထာဝရငြိမ်းချမ်းရေးရှေ့ရှု့ကာ မဖြစ်မနေ ကြွရောက်တော်မူ၏။ တကယ်တော့ မြတ်ဗုဒ္ဓက ဆွေတော်မျိုးတော်တို့၏ အရိပ်အေးမြလှကြောင်းကို ကောင်းကောင်းကြီး သိတော်မူသောကြောင့်လည်း ကြွလာတော်မူခြင်း ဖြစ်ပေလိမ့်မည်။

နှစ်ပြည်ထောင်ဘက်မှ မင်းသားများနှင့် စစ်သည်တော်တို့က ရောဟိဏီမြစ်၏ တည့်တည့် အထက်ကောင်းကင်၌ တည်နေတော်မူသော မြတ်ဗုဒ္ဓကို ဖူးတွေ့ကြရသဖြင့် " အော်…တို့တတွေဟာ မြတ်စွာဘုရား ရှေ့မှောက်၌ သူတစ်ပါးကို ညှင်းဆဲသတ်ဖြတ်လို့ မတော်ပေဘူး၊ အခြားတဘက်က စစ်သည်တွေက မိမိတို့အား အလိုရှိတိုင်း နှိပ်စက်ချင်လည်း နှိပ်စက်စေတော့"ဟု အသီးသီးလက်နက်ချကာ နှစ်ပြည်ထောင်မင်းညီမင်းသားနှင့် စစ်သည်များ ထိုင်လျှက် ဦးနှိပ်ရိုကျိုး ရှိခိုးကြလေတော့၏။ မြတ်ဗုဒ္ဓကလည်း သိတော်မူလျှက်ပင် " မြတ်သောမင်းတို့…အဘယ်အရေးအတွက် သင်တို့ ဤနေရာသို့ လာရောက်ကြပါသနည်း" ဟု မေးတော်မူသောအခါ " မင်းမှာ သစ္စာ၊ လူမှာ ကတိ" ဆိုသည့်အတိုင်း မလိမ်ညာပဲ ရေတည်းဟူသော အကြောင်းကြောင့် စစ်တိုက်လာကြကြောင်းကို လျှောက်ထားကြလေ၏။ ဤကဲ့သို့ လျှောက်ထားသောအခါ မြတ်ဗုဒ္ဓက " မြတ်သောမင်းအပေါင်းတို့…ရောဟိဏီမြစ်ရေသည် အဘယ်မျှ အဖိုးထိုက်တန်ပါသနည်း ဟု မေးတော်မူသောအခါ "အဖိုးအနည်းငယ်မျှသာ ထိုက်တန်ပါသည် ဘုရား၊ နောက်ပြီး ဤမြေကြီးကကော ဟု မေးသောအခါ "ရေထက် မြေက အဖိုးထိုက်တန်ပါသည်ဘုရား၊ ဒါဆို ခတ္တိယမင်းမျိုးတို့ကား အဘယ်မျှ အဖိုးထိုက်တန်ကြပါသနည်း၊ " ခတ္တိယမင်းမျိုးတို့သည် တန်ဘိုးမဖြတ်နိုင်လောက်အောင် အတိုင်းမသိ ထိုက်တန်လှပါသည် ဘုရား"ဟု ဖြေကြား လျှောက်ထားကြကုန်၏။

ဤကဲ့သို့ဆိုလျှင် "သာကီဝင်မင်းတို့ သွေးတစ်စက်ကို လယ်ရေ တခွက်စာနှင့် လဲနိုင်ကြပါကုန်သလော့" ဟု မေးတော်မူသောအခါ လုံးဝမဖြစ်နိုင်ကြောင်းကို တညီတညွတ်တည်း လျှောက်ထားကြလေ၏။ မြတ်စွာဘုရားက သွေးတစ်စက်ကို လယ်တစ်ခွက်စာ ရေနှင့် မလဲနိုင်ကြသော သင်မင်းသားတို့သည် အဘယ်ကြောင့် သွေးချောင်းစီးမည့် စစ်ပွဲကို ဆင်နွှဲချင်ကြပါသနည်း၊ အဖိုးအနည်းငယ်သာ ထိုက်တန်သော ရေတည်းဟူသောအကြောင်းကြောင့် တန်ဘိုးမဖြတ်နိုင်အောင် ထိုက်တန်လှသည့် မင်းမျိုးတို့ကို မပျက်စီးစေကြကုန်လင့်ဟု ငြိမ်းချမ်းရေးစကား မိန့်ကြားတော်မူ၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓက ဘာမှမဟုတ်သည့်အရာ၌ ဒေါသမာန အာဃာတတရားတို့ကြောင့် သေကျေပျက်စီးကြသော ရုက္ခစိုးနတ်နှင့် ဝက်ဝံတို့ ရန်ပွဲအကြောင်း(ဖန္ဒနဇာတ်)ကို ဟောပြဆုံးမတော်မူ၏။ ဇာတ်လမ်း အကျဉ်းမှာ "ထန်းသီး ကြွေခိုက်၊ ကျီးနင်းခိုက်" ဆိုသလို ကြို့ပင်တစ်ပင်အောင်မှာ ဝက်ဝံတစ်ကောင် အိပ်ပျော်နေစဉ် ကြို့ကိုင်းကျိုးကျကာ သူ့အပေါ် အခိုင်းအခက် ပိသွားလေ၏။ ဝက်ဝံက ကြို့ပင်စောင့်နတ်၏ လက်ချက်ဟု ယူဆပြီး လှည်းသစ်သား ခုတ်သူများကို "ဤတော်ထဲမှာ လှည်းသစ်သားအတွက်ဆိုလျှင် ဤကြို့ပင်သာ အကောင်းဆုံး" ဟု ပြောလေ၏။ သစ်ခုတ်သမားများက ကြို့ပင်ကို ခုတ်လှည်းဖို့ပြင်သောအခါ ကြို့ပင်စောင့်နတ်က ကိုယ်ထင်ပြပြီး မေးကြည့်တော့ ဝက်ဝံ၏လက်ချက်မှန်းသိတော့ "မှန်ပါသည်၊ ကြို့သားဟာ လှည်းလုပ်ဖို့ အကောင်းဆုံးဖြစ်ပါသည်၊ သို့သော်လည်း ဝက်ဝံရေ ပတ်ပြီးမှ လုပ်လျှင် ပို၍ ခိုင်မာတောင့်တင်းပါသည်၊ ဤသစ်ပင်က ဘယ်မှ မပြေးပါဘူး၊ သို့အတွက်ကြောင့် ဝက်ဝံကို အရင်ရှင်းလိုက်ပါ၊ နောက်မှ သစ်ပင်ကို ကြိုက်သလို ခုတ်ပါ"ဟု ပြောသည့်အတွက် ဝက်ဝံလည်း သွေးမြေကျ သွေးချောင်းစီး၊ ရုက္ခစိုးနတ်မင်းလည်း ဘုံဗိမာန်ပျောက် အနတ္ထ- နှစ်ဦးနှစ်ဖက် အကျိုးမဲ့ဘဝ ရောက်ခဲ့ရပုံကို မြတ်ဗုဒ္ဓက နှစ်ပြည်ထောင်မင်းသားတို့အား တရားဟောတော်မူ၏။

ထို့အပြင် ဘုရားရှင်က မည်သည့်စကားမဆို စဉ်းစားဆင်ခြင်ဥာဏ် ရှေ့သွားပြုပြီး နှိုင်းနှိုင်းချိန်ချိန်ဆုံးဖြတ်တတ်ရန် ယုန်တစ်ကောင်၏ "မြေပြိုပြီ…မြေပြိုပြီ" ဟူသည့် စကားကို မနှိုင်းမချိန်ယုံစားပြီး အကြောက်ကြီးကာ ဟိမဝန္တာတစ်တောလုံးမှာ နေကြသည့် ခြေလေးချောင်းသားကောင်းအပေါင်းတို့ သမုဒ္ဒရာထဲကျရောက်ခမန်း ဆင်းရဲဒုက္ခရောက်ရပုံကို ပြဆိုသည့် ပထဝီဥန္ဒြိယဇာတ်ကို ဟောတော်မူသေးသည်။ တစ်ဖန် ကိုယ့်ကို အထင်ကြီးမာန်မာနတက်နေကြသော သာကီဝင်မင်းမျိုးမင်းနွယ်တို့အား ကိုယ့်ကိုကိုယ် အင်းအားကြီးပြီး မာနတက်နေသည့် ဆင်ပြောင်ကြီးက အင်အားသေးငယ်လှသည့် ဗီလုံးငှက်မ၏ သားများကို နိုင်ထက်စီးနင်းမထေမဲ့မြင်သဘောဖြင့် နင်းချေသတ်ဖြတ်သည်ကို လက်စားချေသည့် သဘောဖြင့် ကျီး၊မဲရိုင်းယင်၊ဖားနှင့် ဗီလုံးငှက်မတို့ လေးဦးလုံး စည်းလုံးညီညွတ်ကာ ဆင်ပြောင်ကြီးကို အသက်ကုန်ဆုံးစေသည်အထိ ရန်တုံ့ပြန်နိုင်စွမ်း ရှိပုံကို ပြဆိုသည့် ကဋုကိက(ဗီလုံးငှက်ငယ်မ)ဇာတ်တို့ကို ဟောကြားဆုံးမတော်မူ၏။ ဤကဲ့သို့ စည်းလုံးညီညွတ်မှုမရှိခြင်း၏ အပြစ်ကိုပြသောအားဖြင့် ဇာတ်တော် သုံးခု ဟောတော်မူ၏

ထို့နောက် သွေးစည်းညီညွတ်ခြင်း၏ အကျိုးတရားကို ပြသော ရုက္ခဓမ္မဇာတ်၊ ဝဋ္ဋကဇာတ် တို့ကို ဟောကြားတော်မူ၏။ ဇာတ်လမ်းအကျဉ်းချုပ်မှာ အပင်ချင်းဆက် ကိုင်းချင်းယှက် နေသည့် တစ်ခဲနက်သော တောအုပ်ကြီးအုပ်ကြီးထဲမှာ ဘုံဗိမာန်ဆောက် နေရာယူထားကြသည့် ရုက္ခစိုးနတ်များသည် အချင်းချင်းသွယ်ယှက်ညီညွတ်ကြသဖြင့် လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မပြိုလဲပဲ ဘုံဗိမာန်ခိုင်မြဲကြပုံနှင့် လူသားတို့၏ ပူဇော်ပသမှုကို မျှော်ကိုးပြီး ဝိသမလောဘဖြင့် မြို့ရွာအနီးနားရှိ သစ်ပင်ကြီးများကိုသာ ဘုံဗိမာန်အဖြစ် ယူထားကြသည့် ရုက္ခစိုးနတ်များ လေပြင်းမုန်တိုင်းကျသောအခါ သူတို့ ခိုင်မာကြီးမားလှသည်ဟု ထင်ရသော သစ်ပင်ကြီးများ အကူညီမဲ့ပြီး အမြစ်ပါမကျန် ကျွတ်ထွက်ပြိုလဲကာ ဘုံဗိမာန်ပျောက်ဆုံးကြရပုံကို ပြဆိုသည့် ရုက္ခဓမ္မဇာတ် နှင့် အချင်းချင်းစည်းလုံးညီညွတ်ကြသည့် ငုံးငှက်အပေါင်းတို့သည် ငှက်မုဆိုးထောင်ဖမ်းသည့် ပိုက်ကွန်ကို တညီတညွတ်တည်း မချီ ပျံတက်ပြီး အသက်ဘေးမှ လွတ်ကြပုံ၊ အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲသောအခါ အလွယ်တကူဖြင့် ငှက်မုဆိုး၏ ပိုက်ကွန်တွင်း အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးရပုံကို ပြဆိုသော ဝဋ္ဋကဇာတ် တို့ပင်ဖြစ်၏။
နောက်ဆက်လက်ပြီး …
ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘေးတို့သည် မိမိပြုလုပ်အပ်သည့် ဒုစရိုက်အမှားများကြောင့်သာ ဖြစ်ရပုံ၊ ဘုရားလောင်း ပါရမီဖြည့်စဉ်အခါက ရေနည်း၍ သေပွဲဝင်ခါနီး ငါးများသည် ကိုယ့်ဘေးကိုယ်ပင် မသိမမြင်ကြသောကြောင့် ရေစပ်စပ် ရေကွက်ကျဉ်းကျဉ်းကလေးထဲမှာ တိုးဝှေ့တိုက်ခိုက်ပြီး နေရာလုကြသလို အနိစ္စ၊ အိုနာသေရေး ဒုက္ခဘေးတို့နှင့် ရင်ဆိုင်နေကြရပါလျှက် မိမိတို့အတွက် လွတ်မြောက်ရာလမ်း အားကိုးရာ မှီခိုရာအစစ်ကို မရှာဖွေကြပါဘဲ အချင်းချင်း အငြင်းပွား ခိုက်ရန်များကာ (ပါဝါအာဏာ)နေရာလုပုံတို့ကို ကြည့်ပြီး သံဝေဂတရားပွားများခဲ့ပုံ၊ အပြင်မှ စူးဝင်လာသော ပကတိညှောင့်ထက် သံသရာတစ်လျှောက်လုံး စူးဝင်ပြီး ဒုက္ခအဖုံဖုံပေးမည့် ကိလေသာညှောင့်ကို ပယ်နှတ်ဖို့ ကြိုးစားခဲ့ပုံတို့ကို ပြဆိုသည့် သုတ္တနိပါတ်လာ အတ္တဒဏ္ဍသုတ်ကို ဟောတော်မူသည့် အဆုံးမှာတော့ နှစ်ပြည်ထောင်မင်းတို့ သွေးစည်း ညီညွတ်ပြေလည် သွားကြလေတော့၏။
နှစ်ပြည်ထောင်မင်းတို့ သွေးတစ်စက်ကို တန်ဖိုးထား အချင်းချင်းညီညွတ်သွားကြသောအခါ နှစ်ဖက်မှ မင်းသားအားလုံးစုဝေးကာ"ဤစစ်မြေပြင်သို့ မြတ်စွာဘုရား ကြွရောက်ဆုံးမခြင်းမပြုခဲ့လျှင် ငါတို့အားလုံး အချင်းချင်းသတ်ဖြတ်ကာ သွေးချောင်းစီး၍ သေကျေပျက်စီးကုန်လတံ့၊ ယခုအခါ ငါတို့မှာ မြတ်စွာဘုရားရှင် ပေးတော်မူသည့် အသက်ပဲ ရှိတော့သည်၊ ယခုအခါ အသက်သေရခြင်းဘေးမှ လွတ်ကင်းချမ်းသာရကြပေသည်၊ ဘုရားအလောင်းတော်သည် တောမထွက်ပဲ လူ့ဘောင်မှာနေခဲ့လျှင် လေးကျွန်းသနင်း စကြာမင်းကြီး ဖြစ်ပြီး မင်းပရိတ်သတ် အခြံရံပေါင်းများစွာဖြင့် လှည့်လည်တော်မူရာသည်၊ ယခု ဘုရားဖြစ်တော်မူသည့်အခါမှာလည်း မင်းညီမင်းသားအခြံအရံများနှင့် နေတော်မူမှသာလျှင် ပို၍သင့်တော်မည်" ဟု အချင်းချင်းတိုင်ပင်ကြကာ ကလပိလဝတ်ပြည်မှ မင်းသား ၂၅၀၊ ကောလိယပြည်မှ မင်းသား ၂၅၀ တို့ကို မြတ်ဗုဒ္ဓအား အပ်နှင်းလှူဒါန်းကြ၏။ မြတ်စွာဘုရားရှင်က ထိုမင်းသား ငါးရာတို့ကို ဧဟိဘိက္ခုခေါ်တော်မူ၍ ရဟန်းပြုပေးတော်မူ၏။
ပုထုဇဉ်အဆင့်မျှသာ ရှိသေးသော ရဟန်း ငါးရာတို့သည် သမီးနှင့်သား ဇနီးမယားတို့ထံမှ သတင်းစကားကို မကြာခဏကြားနေရသဖြင့် မြို့ရွာနေအိမ်ကို သတိရကာ သာသနာတော်မှာ မပျော်ပိုက်နိုင်ကြကုန်။ သာသနာမှာမပျော်ပိုက်ပုံကို မြတ်ဗုဒ္ဓသိတော်မူ၍ ဟိမဝန္တာ၌ရှိသော ကုဏာလရေအိုင်၏ ကျေးငှက်သာရကာ ငါးလိပ်များဖြင့် ပျော်မွေ့ဖွယ်ရာ ကောင်းပုံကို ချီးမွမ်းပြောပြတော်မူ၏။ ရဟန်းငါးရာတို့ ကုဏာလရေအိုင်သို့ သွားချင်စိတ်များ ဖြစ်လာသောအခါ မြတ်ဗုဒ္ဓက သူ၏တန်ခိုးတော်ဖြင့် ကောင်းကင်ခရီးမှ ခေါ်ဆောင်သွားလေ၏။ (ယနေ့ခေတ်စကားအရဆိုလျှင် Excursion trip ဟုပင် ဆိုရမလား မသိပါ။)။ ရဟန်းငါးရာတို့ ကုဏာလရေအိုင်သို့ ရောက်သွားသောအခါ ရှေးက မမြင်ခဲ့ဖူးသော ငါးလိပ်၊ ဆင် ခြင်္သေ့ သစ်ကျား တောတိရစ္ဆာန်များ၊ သစ်ပင် ပန်းမာလ် သဘာဝအလှတရားများ မြင်မြင်သမျှ တွေ့သမျှကို ရဟန်းတော်များက မေးလျှောက်ထားသဖြင့် ရှင်တော်ဗုဒ္ဓက စိတ်ဝင်စားအောင်ပြောပြရင်း သားစိတ်မယားစိတ် ရွာစိတ်ရပ်စိတ် မြို့စိတ်များ ပြေပျောက် သာသနာမှာမွေ့လျှော်စိတ် ပေါက်လာကြ၏။ ထိုအခိုက် ငှက်နှစ်ကောင်တို့ တစ်ခုသောတုတ်တံ၏ အဖျားနှစ်ဖက်ကို တဖက်တကောင်စီ နှတ်သီးဖြင့်ကိုက်ချီ၍ အလယ်၌ ငှက်မင်းကို ထိုင်စေလျှက် ပျံသန်းလာကာ ရှေ့နောက်ဝဲယာတို့မှလည်း ငှက်အပေါင်းတို့က ငှက်မင်းကို ခြံရံကာ ပျံသန်းလာသည့် အံ့သြဖွယ်ရာ အဖြစ်ပျက်ကို မြင်ကြရသော ရဟန်းငါးရာတို့အား ကုဏာလဇာတ်ကို မြတ်စွာဘုရား ဟောကြားတော်မူသည်။
ကုဏာလဇာတ်တော်ကို နာကြားရကုန်သော ရဟန်းငါးရာတို့ သန္တာန်၌ စိတ်ကြည်နူးနှစ်သက်မှ ပီတိများ တဖွားဖွားဖြစ်လာ၏။ ပီတိကိုအမှီပြုလျှက် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှု ပဿဒ္ဓိတရားများ ဖြစ်လာကြပြန်၏။ ယင်း ပဿဒ္ဓိတရားကို အခြေခံကာ စိတ်တည်ငြိမ်မှု သမာဓိ အဆင့် တက်လှမ်းသွား၏။ သမာဓိစွမ်းရည်ကို အမှီပြုကာ ရုပ်ဓမ္မ နာမ်ဓမ္မ၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးကို သိမြင်သော ဝိပဿနာဥာဏ် အမြင်မှန်ရင့်သန်လာ၏။ ထို့နောက် ဝိဿနာဥာဏ်စဉ် အဆင့်ဆင့် မြင့်သထက်မြင့် ရင့်သထက်ရင့်ကျက်လာပြီးလျှင် ရဟန်းတော်ငါးရာလုံး အဘိညာဉ်ရသည့် သောတာပန် အရိယာများ ဖြစ်သွားကြကုန်၏။ အဘိညာဉ်ကိုယ်စီရပြီး သောတာပန်ရဟန်းငါးရာတို့သည် မြတ်စွာဘုရားရှင်နှင့်အတူ ကုဏာလရေအိုင်မှ ကောင်းကင်ခရီးဖြင့် မဟာဝုန်တောသို့ လိုက်ပါသွားကြကုန်၏။ မဟာဝုန်တော်သို့ ပြန်ရောက်သောအခါ အထက်မဂ် အထက်ဖိုလ်တရားများအတွက် ကမ္မဌာန်းတရား နည်းပေးကာ တရားအားထုတ်စေတော်မူ၏။ ရဟန်းတော်ငါးရာတို့သည် ဆိပ်ငြိမ်ရာအရပ် ချဉ်းကပ်ကာ ဆက်လက်တရားအားထုတ်ရာ အားလုံး ရဟန္တာဖြစ်သွားကြလေတော့၏။

ပါဠိစာပေသမိုင်းစဉ် ပြန်ပြောင်းကြည့်လျှင် မြတ်ဗုဒ္ဓ ဝါတော်လေးဝါအရ ငါးဝါသို့ ရောက်ဆဲ၊ မဟာသက္ကရာဇ် ၁၀၇-ခု၊ နယုန်လပြည့်ညနေချမ်းအချိန်မှာ လပြည့်ဝန်းကြီးပေါ်ထွက်လာစ မြတ်ဗုဒ္ဓသည် သက္ကတိုင်း၊ ကပိလဝတ်ပြည်အနီး၊ မဟာဝုန်တောအုပ်ကြီးမှာ တက်သစ်စ နုပျိုလှသည့် ရဟန္တာအရှင်မြတ် ငါးရာ ခြံရံကာ သီတင်းသုံးတော်မူနေ၏။ ကိလေသာအညစ်ကြေး ကင်းဝေးပြီးစ ရဟန္တာအရှင်မြတ် ငါးရာ ခြံရာကာ သီတင်းသုံးရာ မဟာဝုန်တောကြီးတွင် အနီးနားရှိ နတ်အပေါင်းတို့ကလည်း ဤအခြင်းအရာကို သိမြင်ကြ၏။ ထိုသို့ သိမြင်ကြသော နတ်တို့အချင်းချင်း ကောင်းသီတင်းလွှင့်ကာ ဖိတ်ခေါ်ကြကုန်၏။ "အမောင်နတ်သား၊ အမိနတ်သမီးတို့ … လာကြကုန်လော့၊ ဘုရားဖူးခြင်း၊ တရားနာခြင်း၊ ကိလေသာကင်းလွတ်ကာစ ရဟန်းတော်များကို ဖူးမြင်ခြင်းတို့သည် အလွန်အကျိုးများလှ၏၊ လာကြကုန်လော့…သွားကြကုန်စို့" ဟူ၍ သံပြိုင်ကြွေးကြော်ကာ မြတ်စွာဘုရားနှင့် ရဟန္တာငါးရာတို့ထံ ရောက်ရှိလာကာ ရှိခိုးနေရာယူကြကုန်၏။ ကြွေးကြော်သံ အဆင့်ဆင့်ကြား၍ စကြာဝဠာတိုကတစ်သာင်းတို့မှ နတ်ဗြဟ္မာအပေါင်းတို့လည်း စုဝေးရောက်ရှိလာကြပြန်၏။ နတ်ဗြဟ္မာများ ပြည့်ကျပ်သဖြင့် အလွန်သိမ်မွေ့သေးငယ်သော ကိုယ်ခန္ဓာကို ဖန်းဆင်း၍ နေကြရကုန်၏။ မြတ်စွာဘုရား၏ အနီးတော်တွင် သားမြီးတစ်မျှင်(ဆံတစ်မျှင်)မျှလောက်သော နေရာ၌ တစ်ဆယ် နှစ်ဆယ်၊ သုံးဆယ်သော နတ်ဗြဟ္မာတို့ ပျော်ရွှင် ညီညွတ်စွာ နေကြရကုန်၏။ မြတ်ဗုဒ္ဓနှင့် ဝေးကွာသော နေရာတို့၌ သားမြီးတစ်မျှင် မျှသော နေရာတို့၌ ခြောက်ဆယ်သော နတ်ဗြဟ္မာအပေါင်းတို့ အလွန်သိမ်မွေ့သေးငယ်သော ကိုယ်ခန္ဓာဖန်ဆင်းကာ နေထိုင်ကြရလေကုန်၏။။

ဤကဲ့သို့ အလွန်များပြားလှသော နတ်ဗြဟ္မာတို့ စုရုံးရောက်ရှိလာစဉ် ရှေးဦးစွာ ထိုနတ်ဗြဟ္မာတို့၏ အမည်တို့ကို ဖော်ထုတ်ကာ ဟောကြားတော်မူ၏။ ထိုနောက် နတ်ဗြဟ္မာတို့၏ စရိုက်အားလျှော်စွာ မဟာသမယသုတ်အခြံအရံ ၆ သုတ်ကို ဟောတော်မူ၏။ (၁) ရာဂစရိုက်များသော နတ်ဗြဟ္မာတို့အား သမ္မာပရိဗ္ဗာဇနိယသုတ်၊ (၂) ဒေါသစရိုက်များသော နတ်ဗြဟ္မာတို့အား ကလဟဝိပါဒသုတ်၊ (၃) မောဟစရိုက်များသော နတ်ဗြဟ္မာတို့အား မဟာဗျူဟာသုတ်၊ (၄) အတွေးအကြံအစည် ဝိတက်စရိုက်များသော နတ်ဗြဟ္မာတို့အား စူဠဗျူဟာသုတ်၊ (၅) ယုံကြည်မှု သဒ္ဓါစရိုက်များသော နတ်ဗြဟ္မာတို့အား တုဝဋကသုတ်၊ (၆) ပညာဥာဏ် ဗုဒ္ဓိစရိုက်များသော နတ်ဗြဟ္မာတို့အား ပုရာဘေဒသုတ်ဟူသော ၆ သုတ်ကို အသီးသီးဟောတော်မူ၏။

တစ်သုတ်တစ်သုတ် ဟောကြားတော်မူပြီးသည်၏ အဆုံး၌ ကုဋေတစ်သိန်းသော နတ်ဗြဟ္မာတို့ ရဟန္တာဖြစ်သွားကြကုန်၏။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်သူတို့လည်း မရေတွက်နိုင်အောင် များပြားလှ၏။ နတ်ဗြဟ္မာတို့အတွက် အလွန်အကျိုးများသော သုတ္တာန်ဒေသနာတော်များဖြစ်၍ ဤမဟာသမယသုတ်တော်များကို ရွတ်ဖတ်ပူဇော်သော ပုဂ္ဂိုလ်တို့အား နတ်ဗြဟ္မာတို့က အထူးချစ်ကြ စောင့်ရှောက်ကြသည်ဟု ဆရာအစဉ်အဆက် ဆိုကြ၏။ ဤဖြစ်ရပ်မျိုးသည် ဘုရားတစ်ဆူပွင့်တော်မူတိုင်း "တစ်သာသနာမှာ တစ်ခါသာ" ဟုဆိုရလောက်အောင် အလွန်ကြုံခဲလှသည်ဟူ၏။ အမှန်စင်စစ် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းဖြစ်ပါက သွေးချောင်းစီးဖြစ်သွားမည် ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကြောင့် သွေးစီးချောင်းမှ သည် အချင်းချင်း သွေးစည်းညီညွတ်ကြောင်းသို့ တက်လှမ်းနိုင်သည့် အောင်ပွဲကြီးပင် ဖြစ်ပေ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာသမိုင်း၌ ဤနယုန်လပြည့်ကို မဟာသမယနေ့ အဖြစ် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း ဘုရားဂုဏ်၊တရားဂုဏ်၊ သံဃာတော်တို့၏ သွေးစည်းညီညွတ်မှုဂုဏ်တို့ကို အာရုံပြုကာ မဟာသမယသုတ်တော်များကို ပူဇော်ကြကုန်၏။ နယုန်လပြည့်နေ့ကို နေ့ထူးနေ့မြတ် အဖြစ်ယုံကြည်ကြကုန်လျှက် ကျောင်းတိုက်များလည်း တည်ထောင်ကြ၏။ ဥပမာ စာရေးသူတို့ ငယ်စဉ်အခါက ပညာရည်နို့သောက်စို့အားဖြည့်ရာ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးသည်ပင် ၁၃၂၀ ပြည့်နှစ်၊ နယုန်လပြည့်နေ့မှာ ကျောင်းတိုက်တည်ထောင်တော်မူကြ၏။ ဓမ္မစရိယအောင် ခြောက်ပါး ညီနောင် ကျောင်းတည်ထောင်သည့် ဤမဟာသုဗောဓာရုံကျောင်းတိုက်ကြီးမှာ နယုန်လပြည့်ကျောင်းတိုက်တည်ထောင်သည့် နေ့ ရောက်တိုင်း ဤမဟာသမယသုတ်တော်များကို သံဃာတော်အားလုံး နှစ်စဉ်မပြတ် အထိမ်းအမှတ်ပွဲတော်အဖြစ် ရွတ်ဖတ်ပူဇော်လေ့ရှိပါကြောင်း ပြန်ပြောင်းတင်ပြလိုက်ရပေသည်။


အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
၀၉-၀၇-၂၀၁၂

Sunday, July 1, 2012

မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် သာသနာပြုကြရာဝယ်


ထိရောက်သော သာသနာပြုလုပ်ငန်းသည် လွယ်ကူသော အလုပ်တော့မဟုတ်ပေ။ အထူးသဖြင့် ရှေးဦးသာသနာပြုပုဂ္ဂိုလ်တို့၏အဖို့ ပိုမို၍ပင် ခက်ခဲလှပေသည်။ မြတ်ဗုဒ္ဓ၏ သာသနာကို ကြည်ညိုလို့ မှီခို၍နေကြသော ဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ မြတ်ဗုဒ္ဓ၏ ဓမ္မအအေးဓာတ်ဖြင့် ကမ္ဘာ့အပူဘေးများကို ကင်းဝေးအောင်ကြိုးစားအားထုတ်နေသူများ(တရားဟောဆရာများ)၊ သာသနာအရောင်ဖြင့် ကမ္ဘာ့အမှောင်ထုအတွင်း ထွန်းလင်းစေလိုသူများ(ကမ္မဌာန်းဆရာများ) အားလုံးတို့သည် အောင်မြင်သော သာသနာပြုလုပ်ငန်းများဖြစ်လာဖို့ 'ဘုရားမြတ်စွာ၊ သာသနာ၊ ဆရာဒကာ၊ နှစ်ဖြာပါမှ၊ သာယာဖြိုးမောက်၊ လွန်ထွန်းတောက်လိမ့်' ဆိုသည့်အတိုင်း ဆရာဒကာအချင်းချင်း ဟန်ချက်ညီစွာဝိုင်းဝန်းကြိုးစားအားထုတ်မှသာလျှင် အောင်မြင်နိုင်ပေလိမ့်မည်။

 မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် ' သာဂါရာ အနာဂါရာစ၊ ဥဘော ညောည နိဿိတာ- ဆရာဒကာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဒ္ဓါမျှမျှ လက်တွဲလုပ်နိုင်ကြမှ၊ အာရာဓယန္တိ သဒ္ဓမ္မံ- ကမ္ဘာအသင်္ချေ ကျော်လွန်လေမှ၊ မသွေပွင့်ရ၊ မြတ်ဗုဒ္ဓ၏ သာသနာ၊ အရောင်အဝါ၊ စဉ်ဆက်မပြတ်၊ ထွန်းလင်းပြန့်ပွားနိုင်၏' ဟု တိုက်တွန်းတော်မူခဲ့၏။
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ရှေးဦးစွာ သူ၏သာသနာ ရေရှည်တည်တဲ့နိုင်ဖို့အတွက် အခက်ခဲပေါင်းများစွာ ကျော်လွှားဖြတ်သန်းတော်မူခဲ့ရ၏။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် အဓိက သာသနရေသောက်မြစ် ဖြစ်သည့် သံဃာအဖွဲ့အစည်းကို စည်းရုံးတော်မူခဲ့ရ၏။ ထိုသို့စည်းရုံးတော်မူရာ၌လည်း အမျိုးကောင်းသားများ သာသနဘောင် ဝင်လာသောအခါ ကျန်ရစ်သူ မိသားစုအပါအဝင် အခြား အမြင်မကြည်သူများ၏ ဆဲရေးတိုင်းထွာ စွတ်စွဲမှု အမျိုးမျိုးကို ခံတော်မူရ၏။ ဥပမာ မြတ်ဗုဒ္ဓကို မျိုးနွယ်(လူမျိုး)တုံးအောင် အားထုတ်သူ၊ ဇနီးမယားများအဖို့ လင်ကွာမယားများဖြစ်အောင် လုပ်ဆောင်သူ စသည်ဖြင့် စွတ်စွဲခံရ၏။ သို့သော် မြတ်ဗုဒ္ဓသည် မဇ္ဈိမပဋိပဒါတရားနည်းလမ်းကျ အယုတ်အမြတ်အလတ်မရွေး လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ၊ ဇာတ်ပေါင်းစုံ လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့ကို သူတို့၏ ဘဝထောက်တည်ရာအတွက်ဖြစ်စေ၊ အပယ်ခံဘဝက လွတ်မြောက်ဖို့အတွက်ဖြစ်စေ၊ ဘဝဒုက္ခအားလုံးတို့မှ လွတ်မြောက်ဖို့အတွက်ဖြစ်စေ စည်းရုံးသွမ်းတော်မူခဲ့၏။ တနည်းဆိုရသော် အဆင့်မြင့်ဘဝများဖြစ်အောင် မြှင့်တင်တော်မူနိုင်ခဲ့၏။

မြတ်ဗုဒ္ဓ၏ ဂုဏ်သီတင်းကျော်ကြားမှု၊ ပထမဗောဓိအတွင်း ရဟန်းပြုလာသူများ၏ အရည်အချင်းပြည့်ဝမှုများကြောင့် ဘုရားသားတော် ဖြစ်ရခြင်း၏ ဂုဏ်သီတင်းကလည်း အလွန်ပြန့်နှံ့နေ၏။ ပထမဗောဓိအတွင်း(ဘုရားဖြစ်ပြီး ဝါတော် ၂၀ အတွင်း)မှာတော့ သာသနဘောင်ဝင်ရောက်လာသူများမှာ သဒ္ဓါတရားထက်သန် ပါရမီရင့်သန်ပြီးသော အမျိုးကောင်းသားများဖြစ်ကြသဖြင့် ရှင်ရဟန်းပြုမှုနှင့်စပ်လျဉ်း၍ ပြဿနာ မရှိခဲ့။ နောင်အခါတွင်မူ အလွှာအသီးသီးမှ အကြောင်းအမျိုးမျိုးကြောင့် သာသနဘောင်သို့ များစွာဝင်ရောက်ခဲ့ကြ၏။ တစ်ချို့ကလည်း တကယ့်ကို ရဟန်းဘဝမြတ်နိုးမှု၊ တချို့ကလည်း စားဝတ်နေရေး ချောင်လည်မှု စသောအကြောင်းများအပြင် ကြွေးရှင်ထံမှ ကြွေးကင်းလွတ်ခွင့်ရလိုမှု၊ ဘုရင့်ထံမှ အမှုထမ်း ကင်းလွတ်ရန်နှင့် ဆရာဇီဝကထံမှ ဆေးအခမဲ့ ကုသခွင့် ရရန်စော သံသရာလွတ်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သည့် အကြောင်းအမျိုးမျိုးတို့ကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြ၏။ ထို့ကြောင့် နောက်ပိုင်း ရဟန်းဘောင်ဝင်ရောက်မှုနှင့်စပ်ပြီး မြတ်ဗုဒ္ဓသည် ဥတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုနည်းလမ်းကို ပညတ်တော်မူခဲ့၏။ ထိုနည်းလမ်းအရ ရဟန်းလောင်းအား သာသနာ့ဘောင်သို့ မဝင်မီ သူ၏ကိုယ်ရေးကိုယ်တာ အကြောင်းအရာနှင့်ပတ်သက်၍ သူ၏အမည်နာမ၊ ဘဝအခြေအနေ၊ မိဘများထံမှ ခွင့်ရ မရ၊ ကြွေးကင်း မကင်း၊ လူသားစစ်စစ် ဟုတ် မဟုတ်၊ ယောင်္ကျား စစ်စစ် ဟုတ်မဟုတ်၊ အနာကြီးရောဂါ ကင်းသူ ဟုတ် မဟုတ်၊  ဘုရင့်အမှုထမ်း ကင်းလွတ်ခွင့်ရ မရစသည်ဖြင့် အသေးစိပ် မေးမြန်းဖို့ လမ်းညွှန်သတ်မှတ် ပညတ်တော်မူခဲ့ရ၏။ ထိုကဲ့သို့ ပညတ်တော်မူခြင်းသည်လည်း ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင်၊ ပြည်သူများ၏ ဆန္ဒနှင့် ထိတ်တိုက်မဆန့်ကျင်အောင် အသေးစိတ် ပညတ်ခဲ့ရခြင်းဖြစ်၏။ (မိဘများခွင့်ပြုချက်မရဘဲ ရဟန်းပြုခွင့် မရသည်ကို ကြည့်လျှင်ပင် ထိတ်တိုက်ပဋိက္ခဖြစ်မှုကို ရှောင်းရှား ဖြေရှင်းပြီး အများဆန္ဒလိုက်လျှောတော်မူပုံကို ဤသင်္ခန်းစာမှ သိနိုင်ပါ၏။)။
  
 မြတ်ဗုဒ္ဓနှင့်ပတ်သက်၍ အနောက်တိုင်းပညာရှင်တစ်ဦးက " မြတ်စွာဘုရားဟာ ခေတ်ပြိုင်ဖြစ်တဲ့ ဂိုဏ်းဆရာကြီး ခြောက်ယောက်တို့နဲ့ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်တဲ့ အချက် လုံးဝမတွေ့ရဘူး" ဟု မှတ်ချက်ပြုခဲ့ဖူး၏။ မည်သည့်ဘာသာဝင်ဖြစ်စေ သာသနာပြုသူတိုင်း ဤအချက်ကို အတုယူလေးစားလိုက်နာသင့်၏။ " သူ့ဘာသာတရားကို လေးစားရင် ကိုယ့်ဘာသာ သာသနာ ပြန့်ပွားတည်တဲ့ပါစေဆို" ဟူသော စကားသည် သာသနာပြုသူတို့၏ နည်းဗျူဟာပင် ဖြစ်၏။
မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါနည်းကျ သာသနာပြုပုံသည် အခြေအနေ အချိန်အခါ၊ နေရာဒေသ၊ လူမျိုးတို့၏ ရိုးရာဓလေ့ ယဉ်ကျေးမှုများနှင့် ဥဇုဝိပစ္စနိက ခေါ် တိုက်ရိုက်ဆန့်ကျင်မှုမျိုး မဖြစ်အောင် စည်းရုံးခြင်းပင် ဖြစ်၏။ ဥပမာ ဗြဟ္မဏဝေဒပါရဂူကြီး အရှင်ကောဏ္ဍညမထေရ်ကို ဗုဒ္ဓဘာသာဝင်အားလုံး သိကြ၏။ ပဉ္စဝဂ္ဂီ ငါးဦးထဲမှ တစ်ဦးအပါဝင်ဖြစ်သည့် အရှင်ကောဏ္ဍညသည် ဘုရားအလောင်းတော် ဖွားတော်မူစကပင် ဝေဒကျမ်းနှင့်အညီ" ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်" ဟု ဟောကိန်းထုတ်ခဲ့သူဖြစ်၏။ အမှန်စင်စစ် ပဉ္စဝဂ္ဂီ ငါးဦးတို့သည် အတ္တဝါဒကို အလေးအနက်ယုံကြည်လက်ခံထားကြပြီး ယင်းအတ္တဝါဒကို စွဲမြဲစွာလုပ်ကိုင်ထားကြသည့် အတ္တဝါဒီ ဝေဒန္တပါရဂူကြီးများပင် ဖြစ်ကြ၏။ သို့သော် မြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီ အတ္တဝါဒီကြီးများကို ပထမဦးဆုံး တရားဦးဟောတော်မူသောအခါ သူ၏ ဓမ္မစကြာဒေသနာတော်မှာ အတ္တဝါဒီများနှင့် တိုက်ရိုက်ဆန့်ကျင်သည့် " အနတ္တ" ဟူသည့် စကားလုံးများကို လုံးဝသုံးတော်မမူခဲ့ပေ။ တကယ်တမ်းကျတော့ မြတ်ဗုဒ္ဓက သူတို့ကို အနတ္တအကြောင်း ဟောရမည်ဖြစ်၏။ သို့သော် အတ္တဝါဒအပေါ် မြဲမြန်စွာ ဆုပ်ကိုင်ထားကြသည့် ပဉ္စဝဂ္ဂီအပါဝင် တရားနာပရိတ်သတ်ကို အနတ္တဟူသည့် စကားလုံးများဖြင့် စတင်သုံးလိုက်လျှင် မီးဟုန်းဟုန်းတောက်နေသည်ကို ရေဖြင့်တိုက်ရိုက်ပက်လိုက်လျှင် "ဝုန်း" ခနဲ ဖြစ်သွားပြီး ပြာပူ မီးပူများ လွင့်စင်သကဲ့သို့ ပဉ္စဝဂ္ဂီတို့သည်လည်း အတ္တဝါဒပေါက်ကွဲမှုကြီး ပြင်းထန်သွားနိုင်၏။ မိဂဒါဝုန်တရားဦးမှာ အနတ္တ စကားများဖြင့် စတင်သိမ်းသွင်းပါက  ခေတ်စကားအရဆိုလျှင် ဓမ္မစကြတရားပွဲမှနေ နပန်းသတ်ပွဲ သို့မဟုတ် ပဋိပက္ခအသွင်ဆောင်သည့် အဓိကရုဏ်းဖြစ်စေသည့်ပွဲပင် ဖြစ်သွားနိုင်၏။
မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးဦးတို့အား ရှေးဦးစွာ အနတ္တတရားကို ဟောမည့်အစား အကြောင်းအကျိုးဆီလျှော်သည့် သစ္စာလေးပါးတရားကိုသာ(ဓမ္မစကြာတရားကိုသာ) ဟောတော်မူခဲ့၏။ အကြောင်းအကျိုး ဆက်စပ်သည့် သစ္စာတရားကို သူတို့ကိုယ်တိုင် လက်ခံသွားပြီး အတ္တ ဟူသည့် ကြားခံအကြောင်းတရား မရှိဖူးဟု ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားပြီဆိုမှ မြတ်ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏသုတ်တော်ကို ဆက်လက်ဟောတော်မူ၏။ အနတ္တလက္ခဏသုတ်သည် အတ္တ ဟူသည့် ကြားခံအကြောင်းတရား မရှိသည့် ကြောင်းကျိုးဆက် အနတ္တသဘောတရားကို ပဉ္စဝဂ္ဂီအပါဝင် နတ်ဗြဟ္မာတရားနာများအား စစ်တမ်းထုတ်သည့် သုတ်ပင်ဖြစ်၏။ ဤသုတ်မှာ မြတ်စွာဘုရားက ခန္ဓာငါးပါးတရားကို " အတ္တလော၊ အနတ္တလော" ဟု မေးခွန်းစစ်တမ်းထုတ်ခဲ့ပြီး ပဉ္စဝဂ္ဂီတို့ကိုယ်တိုင် သဘောပေါက်နားလည်ပြီး အနတ္တဖြစ်ကြောင်းကို ဖြေကြားခဲ့၏။

မြတ်စွာဘုရား တရားဟောတော်မူရာ၌ အပိုင်းနှစ်ပိုင်းရှိ၏။ အနုပုဗ္ဗိကထာနှင့် သာမုက္ကံသိက ဓမ္မဒေသနာ ဟု ဟောစဉ်နှစ်မျိုးရှိ၏။ အနုပုဗ္ဗိကထာဆိုသည်မှာ အဆင့်ဆင့်တက်ယူသွားသည့် ဟောရိုးဟောစဉ် ဒေသနာစဉ်ဖြစ်၏။ ရှေးဦးစွာ ဒါနကထာ ဟော၏။ သာမန်လူတို့ပင် ပြုလုပ်နိုင်သည့် အလှူဒါနမျိုး အပါအဝင် ဒါနအမျိုးမျိုးကို ဟော၏။ နောက် သီလကထာ၊ သဂ္ဂကထာတို့ကို ဟောတော်မူ၏။ ဒါနပြုပုံ သီလဆောက်တည်ပုံနှင့် ကုသိုလ်ကောင်းမှု ပြည့်စုံသူတို့ နတ်ရွာသုဂတိလားရောက်နိုင်ပုံတို့ကို ဟောတော်မူခြင်းဖြစ်၏။ ပြီးတော့မှ ကာမာနံ အာဒီနဝ ဟူသည့် လောကကြီးမှာ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ငြီးငွေ့လာပုံ၊ လူနတ်ချမ်းသာများ ဘယ်လောက်ပင် ချမ်းသာ ချမ်းသာ ဘယ်သုဂတိဘုံဘဝမှာပဲ ဖြစ်ဖြစ်၊ ဘယ်လို ကာမဂုဏ်အာရုံတွေပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ပျက်စီးခြင်းဆိုသည့် အပြစ်မကင်းပုံ၊ အပြစ်မျိုးစုံ မြင်လာပုံတို့ကို မီးမောင်းထိုးပြတော်မူ၏။ ဤကဲ့သို့ ဟောတော်မူသဖြင့် တရားနာပရိတ်သတ်၏ စိတ်ထဲမှာ ကာမစ္ဆန္ဒ နီဝရဏ စသည့် နီဝရဏတရားများ တဖြေးဖြေးကင်းကွာလာသည့်အခါမှာ မဂ်ဖိုလ်ရောက်ကြောင်း မဂ္ဂကထာ သို့မဟုတ် သာမုက္ကံသိက ဟု ခေါ်သည့် ကိုယ်တော်တိုင် ထုတ်ဖော်တော်မူခဲ့သည့် သစ္စာဒေသနာတော်ကို တဆင့်စီ တဆင့်စီ ဟောတော်မူ၏။ မြတ်စွာဘုရားက လာလာချင်း ဆောက်နှင့်မထွင်းပဲ တရားနာသူ အမြင်ရှင်း စိတ်ကြည်လင်သွားပြီဆိုလျှင် အလွန်နက်ရှိုင်းသည့် တရားများဟောတော်မူ၏။
မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သည့် သုတ္တန်တွေထဲမှာ အဝတ်ကို ဆေးဆိုးလျှင် အဝတ်ကို ပထမ ဖြူစင်အောင် လုပ်ရ၏။ ဖြူစင်ပြီဆိုမှ မိမိလိုချင်သည့် ဆေးရောင်စွဲပုံကို ဟောထားသည့် သုတ္တန်ရှိ၏။ တကယ့်လက်တွေ့နည်းလမ်းအရဆိုလျှင်လည်း တဖြည်းဖြည်း သိလာဖို့က အရေးကြီး၏။ အလွန်ခက်ခဲနက်နဲသည့် အကြောင်းအရာ တရားဓမ္မကို ဗြုန်းခဲသွားပြီးတော့ သင်ကြားပို့ချ ဟောကြားလျှင် မထိရောက်နိုင်ပေ။ တဖြေးဖြေး သူတို့အသိဥာဏ် ရင့်သန်လာပြီး စိတ်ဓာတ်ကြည်လင်လာတော့မှ သူတို့စိတ်ဆန္ဒကို ကြည့်ပြီး ဟောရ ပြောရ သင်ကြားရမည့်နည်းပင် ဖြစ်၏။ 

ဆက်လက်ပြီး မြတ်ဗုဒ္ဓ အနုပုဗ္ဗိကထာ သာမုက္ကံသိက ဓမ္မဒေသနာ တရားဟောပုံကို အဌကထာဆရာကြီးများက " ဆင်ကြီးကို ရွှေကကြိုး တန်ဆာတွေနဲ့ ဆင်မြန်းပြီးတော့မှ အစွယ်ကို ဖြတ်ချလိုက်သလိုတဲ့" ဟု မှတ်ချပြုတော်မူကြ၏။ ဆိုလိုသည်မှာ ဆင်ရိုင်းကြီး၏ အစွယ်ကို ဖြတ်လိုသူသည် ယင်းဆင်ရိုင်းကြီး၏ အစွယ်ကို အကြမ်းပတမ်းလုပ်ပြီး မချိုးပဲ အနုနည်းဖြင့် ဆင်ကိုဖမ်း ရှေးဦးစွာ ယဉ်ကျေးအောင်လုပ်၊ ကကြိုးတန်ဆာတွေ ဆင်ပြီးတော့မှ ဆင်စွယ်ကို ညင်ညင်သာသာ ဖြစ်ယူသလို မြတ်ဗုဒ္ဓသည် သစ္စာတရားကို တိုက်ရိုက်ဟောလို့ သဘောမပေါက်နိုင်သေးသည့် ပုဂ္ဂိုလ်များကို ဒါန သီလ စသည့် ကုသိုလ်တရားများနှင့် ယင်းကုသိုလ်တရားများကြောင့် ရရှိနိုင်သည့် လောကီကောင်းကျိုးချမ်းသာများ၊ လားရောက်ရမည့် သုဂတိဘုံဘဝများကို ဟောပြပြီး ယဉ်ကျေးအောင် လုပ်တော်မူ၏။ ပြီးတော့မှ တဖြည်းဖြည်းနှင့် ကာမဂုဏ်၏ အပြစ်တွေကို ပြပြီး ယင်းကာမဂုဏ်တို့အပေါ်မှာ တပ်မက်ခြင်း ဟူသည့် လောဘ စသည့်အစွယ်များကို ချိုးပြီး သစ္စာတရားကို ပြတော်မူခြင်း ဖြစ်၏။
ဤနေရာ၌ ဆိုလိုသည်မှာ မြတ်ဗုဒ္ဓသည် မလိုအပ်ဘဲ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ၊ လူမျိုးတို့၏ ရိုးရာဓလေ့ ယဉ်ကျေးမှုများနှင့်  ထိပ်တိုက်ဆန့်ကျင်သည့် အကျိုးမဲ့အလုပ်မျိုးကို မလုပ်ခဲ့။ ဆန့်ကျင်ဘက်ကို မဆန့်ကျင်မိအောင် ဓမ္မဒိဌာန် ကြောင်းကျိုးဆက်စပ် မဇ္ဈိမပဋိပဒါနည်းလမ်းကျ ဟောညွှန်ပြသ စည်းရုံးတော်မူခဲ့၏။ မြတ်ဗုဒ္ဓလက်ထက်ကလည်း အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာယန စသည့် ရဟန္တာအရှင်မြတ်ကြီးများသည် အလွန်အယူသည်း အစွဲအလန်းကြီးသည့် ဟိန္ဒူ မျိုးနွယ်များဖြစ်ကြ၏။ သူတို့ ဟိန္ဒူ မျိုးနွယ်၏ အမှတ်သားဖြစ်သည့် သာရိပုတ္တ၊ မောဂ္ဂလာန၊ ကစ္စာယန ဟူသည့် နာမည်များကို မြတ်စွာဘုရားက ပြောင်းမပြစ်ခဲ့။ ယင်းမျိုးနွယ် နာမည်များကိုပင် ဆက်လက် ခေါ်တော်မူခဲ့၏။ အမှန်တော့ ဤသည်မှာလည်း ထိတ်တိုက်ဆန့်ကျင်သည့် အရာကို ရှောင်ရှားသည်ဟု ဆိုနိုင်၏။ သာနာပြုပုဂ္ဂိုလ်များလည်း ဤအချက်ကို အလေးအနက်ထားရမည်ဟု ယူဆမိပါ၏။

ထို့အပြင် ကျမ်းပြုအကျော် အဌကထာဆရာတော်ကြီးများ၏ ကျမ်းပြီးနိဂုံး ဆုတောင်းပုံလေးကို ကြည့်လျှင်လည်း သာသနာပြု ပုဂ္ဂိုလ်တို့အဖို့ လေးစားလိုက်နာစရာတွေ တွေ့မြင်နိုင်၏။ ဆုတောင်းစကားမှာတော့ " စိရံ တိဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ၊ သူတော်ကောင်းတရား ကြာမြင့်စွာ တည်ပါစေသတည်း၊ သူတော်ကောင်းတရား၌ ရိုသေလေးစားခြင်း ရှိကြသည် ဖြစ်ပါစေကုန်သတည်း" တဲ့။ ဤနေရာမှာ " စိရံ တိဌတု သဒ္ဓမ္မော၊ သူတော်ကောင်းတရား တည်တဲ့ပါစေသတည်း" ဟူသည့် စာပိုဒ်ဖြင့် သာသနာပြုကြမည့် ပုဂ္ဂိုလ်များ၏ ထမ်းဆောင်ရမည့် တာဝန်ကို ဖော်ပြတိုက်တွန်းခြင်း ဖြစ်၏။ ထို့ကြောင့် သာသနာပြု ပုဂ္ဂိုလ်များ သာသနာအရှည်ခံ့၍ တည်တဲ့ ပြန်ပွားအောင် ကြိုးစားကြရမည်ဖြစ်၏။

ဓမ္မေ ဟောန္တု သဂါရဝါ- သူတော်ကောင်းတရား၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း ဟူသော စာပိုဒ်ဖြင့် သာသနာအရှည်ခံ့၍ တည်တဲ့ ပြန်ပွားအောင် ကြိုးစားအားထုတ်ကြသူများသည် ဘယ်နေရာမှာ နေနေ၊ ဘယ်မှာပဲ သာသနာပြုပြု၊ ဘယ်ဒေသကိုပဲ ရောက်ရောက် သူတော်ကောင်းတရားကို အမြဲရိုသေလေးစားလိုက်နာကြရမည်ပင် ဖြစ်၏။ မိမိကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာ စသည့် သူတော်ကောင်းတရားများကို မလေးစားမလိုက်နာလျှင် အောင်မြင်သော သာသနာပြု ပုဂ္ဂိုလ်များ မဖြစ်လာနိုင်ပေ။ တနည်းအားဖြင့် ယင်း ဓမ္မေ ဟောန္တု သဂါရဝါ- စာပိုဒ်ဖြင့် မိမိတို့ သာသနာပြုသည့် နေရာ ဒေသနှင့် လူမျိုးတို့ ရှိထားပြီး ဖြစ်သည့် ယဉ်ကျေးမှု ဓလေ့ထုံးစုံများကို လေးစားဖို့ အရေးကြီးကြောင်း ပြသ၏။ မြတ်ဗုဒ္ဓ၏ သာသနာပြုနည်းဟူသည်မှာ လူမျိုးနွယ်စုတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားသလို သီလ သမာဓိ ပညာ စသော သူတော်ကောင်းတရားမှားကိုလည်း လက်တွေ့ကျင့်သုံး တန်ဖိုးထားတော်မူကာ သာသနာပြုတော်မူ၏။
နောက်ဆုံးအနေဖြင့် မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားဖြစ်သည့် " အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ" ရဟန်းတို့ မေ့မေ့လျှော့လျှော့မနေကြနဲ့၊ သတိတရားနဲ့ ပြည့်စုံအောင် လုပ်ကြတဲ့။ သာသာပြုပုဂ္ဂိုလ်တို့သည် မိမိရောက်ရာအရပ်မှာ အခြေအနေအရပ်ရပ်ကို အကဲခတ်ပြီး သတိတရားကြီးစွာ ယင်းသတိတရား လက်ကိုင်ထားကာ သာသနာပြုဖို့လည်း အထူးအရေးကြီးလှပေသည်။ ထို့ကြောင့် သာသနာပြု ပုဂ္ဂိုလ်များသည် ဝဲစွန်း ယာစွန်း မငြိသည့် မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် "မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား" ဟူသည့် ဘုရားရှင်တို့၏ အဆုံးအမများဖြင့် မိမိသူတစ်ပါး နှစ်ဦးသား ကိုယ်စိတ်နှစ်ပါး မထိခိုက်စေပဲ ကောင်းမွန်သော စိတ်ဓာတ် မြင့်မြတ်သော မေတ္တာ ကရုဏာဓာတ်များဖြင့် သာသနာပြုပါက အလွန်ထိရောက် အောင်မြင်မည် ဟု ယူဆမိပါကြောင်း။


ကိုယ်စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာကြပါစေ။

မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကရ (မေ့သားလှ-ဇလဂ္ဂ)
၁-၇-၂၀၁၂ (တနင်္ဂနွေနေ့)။