" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, December 29, 2013

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး(အဆုံးပိုင်း)


ဗြိတိသျှ အစိုးရသည် ဘုန်းတော်ကြီးကျောင်းများကို မိမိတို့ ပညာရေး ညွှန်ကြားမှုအောက်ရောက်အောင် သိမ်းသွင်းကြံစည်ရာ၌ ရှေးဦးစွာ ဘုန်းတော်ကြီးကျောင်းများကို မှတ်ပုံတင်စေခြင်းဖြင့် သူတို့လက်အောက် ရောက်အောင် ပြုလုပ်ခဲ့ပေသည်။ မှတ်ပုံတင် ဘုန်းတော်ကြီးကျောင်း အဖြစ်သို့ ရောက်သွားသောအခါမှ သူတို့လိုချင်သည့် လောကဓာတ်ပညာ၊ လောကီလူမှုရေး ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ ပေးဝေထောက်ပံ့လျက် ဘုန်းတော်ကြီးသင်ရိုးကို ပြောင်းလဲရန် အားထုတ်ခဲ့ပေသည်။ ဘုန်းတော်ကြီးပညာရေးကို ဘာသာရေးမှ လူမှု့ဆက်ဆံရေးအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ကြသည်။ 

အစဉ်လာကြီးခဲ့သော ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ဗြိတိသျှ ကိုလိုနီခေတ်၌ တပည့်ကျောင်းသားများ သိသိသာသာ တနေ့တခြား ဆုတ်ယုတ်နည်းပါးလာခဲ့ပေသည်။ အကြောင်းတရား စဉ်းစားကြည့်လျှင် ဗြိတိသျှကိုလိုနီခေတ်တွင် အင်္ဂလိပ်စာ တတ်ပါမှ လူရာဝင်ခြင်း၊ ရာထူးရာခံများ ရနိုင်ခြင်း၊ အစဉ်အလာအရ ဘာသာရေးဆိုင်ရာ စာပေကျမ်းဂန် နီတိများကို အဓိကထားသင်ကြားသဖြင့် သူတို့၏ လောက်ကီပညာသင်ယူမှု မရှိကြသော ဘုန်းတော်ကြီးကျောင်းများ၌ အလုပ်အကိုင်မရအောင် တမင်သက်သက် ဖန်တီးထားခြင်း၊ လောကီကျောင်းမရှိသော ရွာများ၌ မိဘများက မိမိကလေးများကို ဘုန်းကြီးကျောင်းတွင် စာရေးစာဖတ် တတ်ရုံလောက်သာ သဘောထား အပ်နှံကြခြင်း၊ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး ချမ်းသာကြွယ်ဝသော မိဘအနည်းငယ်မှလွဲ၍ ဆင်းရဲနွမ်းပါးသော မိဘများကသာ ဘုန်းတော်ကြီးကျောင်းများတွင် မိမိကလေးများကို ကျောင်းအိပ်ကျောင်းစား ပို့လွှတ်ထားကြခြင်း စသော အကြောင်းတရားများကြောင့် ဘုန်းတော်ကြီးကျောင်းများတွင် တပည့်ကျောင်းသားများ တနေ့တခြား ဆုတ်ယုတ်လာခဲ့ရပုံကို လေ့လာသိရှိရသည်။ 


၁၈၈၁-၁၈၈၂ ခုနှစ် ကိုလိုနီခေတ်တွင် ဘုန်းတော်ကြီးကျောင်း သင်ရိုးညွှန်းတန်းများ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်လာသည်ကို တွေ့မြင်နိုင်သည်။ (၁) တေမိဇာတ်၊ (၂) ဓမ္မပဒ၊ (၃) သုဓမ္မစာရီ၊ (၄) သင်ပုန်းကြီး၊ (၅) ခြောက်စောင်တွဲ၊ (၆) သဒ္ဒါဗြူဟာ၊ (၇) ဓမ္မပဒ ကထာ၊ (၈) Hand Book of Agriculture by E.Martini၊ (၉) The Hill Tracts of Arakan by Cpt.Hughes၊ (၁၀) Aid to Land surveying by J.C. Clancey၊ (၁၁) Sannitary Primer by Dr. Cunning ham၊ (၁၂) ၎င်း ဘာသာပြန်၊ ဂ၁၃) မဟာဇနကဇာတ်၊ (၁၄) ဇိနတ္ထပကာသနီ၊ (၁၅) Stilson’s Complete Arithmetic ၊ (၁၆) Estern Primers၊ (၁၇) Aesop’s Fables (၁၈) The House  I live in (၁၉) သင်ပုန်းကြီး အကျယ်၊ (၂၀) ကိုးစောင်တွဲ၊ ယင်းကျမ်းစာများကို မူလတန်း ဖတ်စာအဆင့်လောက်အဖြစ် ပြဌာန်းထားသည်ကို လေ့လာသိရှိရ၏။ ၁၉၁၅ ခုနှစ်တွင် ပထမပြန်စာမေးပွဲကို အတိအကျ သတ်မှတ်ခဲ့၏။ နယုန်လဆန်း (၈) ရက်နေ့နှင့် ဝါဆိုလဆန်း (၈) ရက်နေ့တွင် နှစ်စဉ် စာမေးပွဲကျင်းပခဲ့ကြသည်ကို မှတ်သားရပါသည်။ 


ခေတ်စနစ် ပြောင်းလဲလာသည်နှင့်အမျှ သင်ရိုးညွှန်းတန်းများ၊ စာမေးပွဲရက်များ သတ်မှတ်မှု စသည်တို့လည်း ပြောင်းလဲလာကြပါသည်။ ပြောင်းလဲလာသည့် ယနေ့ခေတ်မှာလည်း ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသည့် အဆင့်မြင့် ဘုန်းတော်ကြီးပညာရေးကို တာဝန်ရှိသူ အမျှော်မြင်ကြီးမားသူများက ရေတိုမဟုတ် ရေရှည်စီမံကိန်းများဖြင့် မြှင့်တင်ပြောင်းလဲပေးပြီး ထိုအဆင့်မြင့် ခေတ်မီ ကောင်းမွန်လာသည့် ဘုန်းတော်ကြီးပညာရေးဖြင့်လည်း တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်။


မည်သို့ပင် ခေတ်စနစ် ပြောင်းလဲလာစေကာမူ ဘုန်းတော်ကြီးပညာရေး၏ အဓိကရည်မှန်းချက်ကတော့ တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာအတွက် ရတနာသုံးပါး မိဘဆရာသမားများကို အထူးရိုသေတတ်ဖို့၊ ကိုယ်အမူအရာ၊ နှတ်အမူရာ၊ စိတ်နှလုံး လိမ္မာရေးခြား ရှိဖို့ ဆုံးမ သွန်သင်မှုပင် ဖြစ်ပါ၏။ ဘုန်းတော်ကြီးပညာ (သို့မဟုတ်) အရှေ့တိုင်းပညာရပ်များ သင်ယူတတ်မြောက်ခြင်းဖြင့်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ပညာရှိသူတော်ကောင်းတို့၏ လောက-ဓမ္မ အဆုံးအမများ၊ ပိဋကတ်တော်လာ ဓမ္မစာပေ ဗဟုတသုတများ ကြွယ်ဝနားလည်လာပြီး မျိုးဆက်သစ်လူငယ်များမှအစ လူကြီးများတိုင်အောင် ယင်းအဆုံးအများကို လိုက်နာကျင့်သုံးခြင်းဖြင့် လောကအလယ်တွင် ကိုယ်အမူရာ နှတ်အမူရာ စိတ်အမူရာ အထူးယဉ်ကျေးသိမ်မွေ့ကာ လိမ္မာယဉ်ကျေးသည့် နိုင်ငံ့သားကောင်း သမီးကောင်း ရတနာများ ဧကန်ဖြစ်မည် မလွဲပေ။ မိမိသင်ကြားတတ်မြောက်ထားသည့် ပါဠိတော် ဗဟုသုတ ဓမ္မအဆုံးအများဖြင့် နည်းမှန်လမ်းမှန် ဘဝလွတ်မြောက်ရေးအတွက် အားထုတ်နိုင်ပြီး ပစ္စုပ္ပန် သံသရာအကျိုးပွားတိုးကာ နောက်ဆုံး မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဟု ယုံကြည်မိပါတော့သည်။


ခေတ်မီတိုးတက်သော ဘုန်းတော်ကြီးပညာရေးဖြင့် ဗုဒ္ဓသာသာနာတော်ကြီးကို အတူတကွလက်တွဲ ကာကွယ်စောင့်ရှောက်နိုင်ပြီး ကောင်းမွန်သော တိုးတက်သော ပညာရေးစာမျက်နှာ သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ပါစေ၊ ခေတ်မီတိုးတက်သော ပညာရေးမူဝါဒများ လျင်မြန်စွာ အကောင်ထည် ဖော်နိုင်ပါစေ၊ တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတွေ တိုင်းပြည်မှာ တစ်ယောက်ပြီး တစ်ယောက် ထွန်းပေါ်ပေါက်ပါစေ။



မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ) 
28-12-2013

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးအကြောင်း တစေ့တစောင်း


“ပညာရေး ဝေးသည်မရှိ” ဟူသော အဝေးသင်တက္ကသိုလ်ဆောင်ပုဒ်ကဲ့သို့ “ပညာဆို အိုသည်မရှိ၊ ပညာကောင်း ဟောင်းသည် မရှိ” ဟု ဆိုချင်ပါ၏။ ရှေးဟောင်း ဘုန်းတော်ကြီး ပညာရေးဟု ဆိုသော်လည်း တကယ်တန်း ဘုန်းတော်ကြီးပညာရေးသည် အိုသွားသည်၊ ဟောင်းသွားသည်မရှိ၊ ယနေ့ခေတ်ထိ ကောင်းလျက်၊ အမြဲသစ်လွင် တောက်ပလျက်ရှိပေသည်။ ယနေ့တိုးတက်ပြောင်းလဲလာသော ခေတ်ကြီးတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင်သာမက ပြည်တွင်းပြည်ပ လောကီတက္ကသိုလ်များ၌ပင် ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးကို  အထူးပြု သင်ကြားပေးလျက်ရှိ၏။ 

ဘုန်းတော်ကြီးကျောင်းများနှင့် လောကီတက္ကသိုလ်များတွင် သိလိုသူ စိတ်ဝင်စားသူများ သင်ယူလေ့လာနေသည့် ဘုန်းတော်ကြီးပညာ၊ အရှေ့တိုင်းပညာဘာသာရပ်ဆိုသည်မှာ ဗုဒ္ဓစကားတော်များကို မှတ်တမ်းတင်ထားသည့် ပါဠိနှင့် ဆက်စပ်သော ဘာသာများကို အထူးပြု သင်ကြားပေးသည့် ဘာသာရပ်ပင် ဖြစ်၏။ အထူးသဖြင့် ပါဠိစာပေ၏ မြစ်ဖျားခံရာ ဗုဒ္ဓသာသနာတော်၏ ဇစ်မြစ်မြေ၊ ဇာတိနယ်မြေ ဖြစ်သော အိန္ဒိယပြည်ကြီး၏ နယ်နိမိတ်အပိုင်းခြားကို ကျော်လွန်၍ အရှေ့တိုင်း အရှေ့ဖျား အရပ်ဒေသ နိုင်ငံများအထိ ရောက်ရှိ ဖြန့်ဖြူးပေးသည့် ဗုဒ္ဓယဉ်ကျေးမှု မွေအနှစ်နှင့် ဗုဒ္ဓဘာသာ သမိုင်းစသည့် ဗဟုသုတ အဖြာဖြာတို့ကို လေ့လာသင်ယူအပ်သည့် ဘာသာရပ်ဟု ဆိုလိုပါ၏။ ဘုန်းတော်ကြီးပညာရေး သို့မဟုတ် အရှေ့တိုင်းပညာရေးကို ပါဠိဘာသာအခြေခံလျက် ဘာသာရေးအမြင်၊ ဘာသာဗေဒအမြင်၊ သမိုင်းအမြင်၊ ဒဿနအမြင်စသည်ဖြင့် မိမိတို့လက်လှမ်းမိသမျှ ရှု့ထောင့်အမျိုးမျိုးတို့မှ ချဉ်းကပ် လေ့လာသင်ယူကြရပေ၏။


မြတ်ဗုဒ္ဓသည် ဘီစီ၆ရာစုက အိန္ဒိယပြည်ကြီးမှာ ပွင့်တော်မူခဲ့၏။ တရားတော်များကို ထိုခေတ်ထိုအခါက အများသုံး ပါဠိဘာသာဖြင့် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့၏။ မြတ်ဗုဒ္ဓဟောတော်မူသည့်အတိုင်း ခေတ်အဆက်ဆက်က မြတ်ဗုဒ္ဓတရားတော်များကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်လာခဲ့ကြ၏။ အမှန်စင်စစ် မြန်မာစာပေမှာပင် ခွဲထုတ်လို့ မရနိုင်လောက်အောင် ပါဠိစာပေ ပါဠိအငွေ့သက်များး စိမ့်ဝင်နေခဲ့၏။ ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှု နှလုံးသား မဏ္ဍိုင် ဗဟိုချက်မ ဖြစ်သော ပုဂံခေတ်မှ မြန်မာတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသောအခါ မြတ်ဗုဒ္ဓ၏ တရားတော်များ စုဝေးရာ ပါဠိဘာသာကို အပတ်တကုတ် လေ့လာသင်ယူခဲ့ကြ၏။ ပါဠိစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်ကို လေ့လာသိရှိနိုင်၏။ ထို့ကြောင့် ယနေ့ခေတ်တိုင်အောင်  ကိုးကွယ်ရာဘာသာမှအစ မြန်မာဘာသာ၊ မြန်မာ့ပညာရေး၊ မြန်မာစာပေ၊ မြန်မာ့ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှုစသည့် အဆောက်အဦ တစ်ခုလုံးကို ပါဠိစာပေ ပါဠိဘာသာက လွှမ်းခြုံ ပတ်သက်လျက် ရှိနေသည်ကို တွေ့မြင်နိုင်၏။ 

ဘာသာဗေဒရှု့ဒေါင့်မှ လေ့လာကြည့်လျှင်တော့ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားတို့ ဆင်းသက်လာခဲ့သည့် မျိုးနွယ်ချင်း၊ စကားလုံးဖွဲ့စည်းပုံချင်း၊ ဝါကျတည်ဆောက်ပုံချင်းမှအစ တစ်ခုနှင့်တစ်ခု မတူကွဲများကြောင်းကို တွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ပါဠိဘာသာသည် အင်ဒို-ဥရောပအနွယ်၊ ဝိဘတ်သွယ် ရုပ်ပြောင်းဘာသာ (Inflectional Language) ဖြစ်ပြီး မြန်မာဘာသာသည် တိဘက်မြန်မာနွယ်၊ ပူးတွဲဘာသာစကား (Agglutinativa Language) ပင်ဖြစ်၏။ မည်သို့ပင်ဆိုစေ ပါဠိစာပေသည် မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို အမှန်ပင် လွှမ်းမိုးနေရာယူထားပေ၏။ မြန်မာ့စာပေ၊ မြန်မာ့ပညာရေး၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအကြောင်း ခြေခြေမြစ်မြစ် သိရှိလိုလျှင် ပါဠိဘာသာကို အခြေခံသည့် ဗုဒ္ဓဘာသာ ရှေးဟောင်း ဘုန်းတော်ကြီးပညာရေးကို လေ့လာကြရမည် ဖြစ်၏။ လေ့လည်း လေ့လာ၊ သင်လည်း သင်ယူသင့်ပေ၏။


စာရေးသူအနေဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး သို့မဟုတ် အရှေ့တိုင်းပညာရေး အကြောင်း တစေ့တစောင်းသာ တင်ပြလိုခြင်းသာ ဖြစ်၏။ အတိတ် မြန်မာ့သမိုင်း စာမျက်နှာများတွင် စံထားထိုက် အတုယူထိုက် ပြန်လည် ဆန်းစစ်ထိုက်သော အချက်အလက်များစွာ ရှိမည်ဖြစ်ပါ၏။ ရှေးခေတ်မှ စံထားထိုက်သောအရာများကို စံထား၊ စံပြုထိုက်သူများကို စံပြုကာ လက်ရှိတိုးတက်ပြောင်းလဲဖို့ တာစူးနေသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ပီပြင်စွာ ပညာရေးဖြင့် ချီတက်ကြရမည်ဖြစ်၏။ 


စံပြုထိုက်သည့် ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး သင်ရိုးညွှန်းတမ်းများကို အင်းဝခေတ်ပေါ် စာဆိုကျော် ရှင်မဟာသီလဝံသ၏ ထေရုပ္ပတ္တိတွင် တွေ့နိုင်ပေသည်။ သုံးဆယ့်သုံး သင်ကုန်း၊ မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အောင်ခြင်းရှစ်ပါး၊ ပရိတ်ကြီး၊ ဇာတ်တော်ကြီး ဆယ်ဖွဲ့၊ ငါးရာငါးဆယ် ဇာတ်တော်ငယ်များနှင့်တကွ အခြား ပါဠိစာပေများကို ပို့ချသင်အံ နှတ်တက်အာဂုံ သင်ယူလေ့လာရပေသည်။ ထိုနောက် ကစ္စည်းသဒ္ဒါကျမ်း၊ အဘိဓမ္မသင်္ဂဟကျမ်း စသည်တို့ကို အခြေခံလျက် ပါဠိအဋ္ဌကထာ ဋီကာစသည်များကို လေ့လာသင်ယူရ၏။ ယင်းကျမ်းစာများကို လေ့လာသင်ယူခြင်းဖြင့် ပါဠိသဒ္ဒါ ပါဠိစာပေတို့ ပေါ်ထွန်းရာခေတ် အိန္ဒိယနိုင်ငံ၏ စာပေအကြောင်း၊ ယဉ်ကျေးမှု အတွေးအခေါ် နှင့်တကွ မြတ်ဗုဒ္ဓသာသနာအကြောင်း လေ့လာအကဲခတ်နိုင်ရုံသာမက မြန်မာ့လူ့ဘောင်အတွက် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အတွေးအခေါ်၊ ကိုယ်ကျင့်တရား၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် ဗုဒ္ဓဓမ္မများ စံပြု အတုယူဖို့ ကောင်းသည်ကို တွေ့မြင်နိုင်ပါသည်။

 အထက်ပါ ဘုန်းတော်ကြီးကျောင်း သင်ရိုးညွှန်းတမ်းများသည် ယနေ့ခေတ်တိုင်အောင် ဘုန်းတော်ကြီးများတွင် ကျင့်သုံးလျက်ရှိရုံသာမက တချို့သော လောကီတက္ကသိုလ်များ၌လည်း ဘာသာရပ်အချို့ လေ့လာသင်ကြားနေသည်ကို တွေ့ရပါသည်။ လောကီတက္ကသိုလ်များ၌ အရှေ့တိုင်းဘာသာရပ်ကို လေ့လာခြင်းဖြင့် ပါဠိပိဋကတ်စာပေမှ လာရှိသည့် လောကီလောကုတ္တရာ တိုးတက်ကြောင်း၊ စံထားထိုက်သည့် ကြီးပွားကြောင်း ကျင့်စဉ်များ ကိုယ်တိုင်သိမြင်လာနိုင်ပြီး သိသည့်အားလျှော်စွာ မှန်ကန်စွာ ကျင့်ကြံနိုင်ပေသည်။ အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထား အရည်အသွေး မြင့်မားရေးမှာလည်း များစွာ အထောက်အကူပြုပေသည်။


 ပင်းယခေတ်မှ ညောင်ရမ်းခေတ်အထိ ဘုန်းတော်ကြီး ကျောင်းများတွင် ထိုသင်ရိုးညွှမ်းတမ်းသည် တစိုက်တမတ် ကျင့်သုံးလာခဲ့သော အစဉ်အလာ သင်ရိုးညွှန်းဖြစ်ပေသည်။ ဘုန်းတော်ကြီး ပညာရေးတွင် လက်ရေးလက်သားကောင်းအောင် လေ့ကျင့်သင်ကြားပေးမှု၊ စာဖတ်စာအံ စနစ်တကျ ရွတ်ဖတ်မှန်ကန်မှု၊ စနစ်တကျ ဌာန်ကရိုဏ်းပယတ် ပြတ်ပြတ်သားသား မှန်ကန်စွာ ဖတ်တတ်အောင် လေ့ကျင့်သင်ကြားသည့်အပြင် လိမ္မာရေးခြား အထူးရှိစေရန် လမ်းညွှန်သည့် စာရိတ္တပညာရေးကိုလည်း တွေ့နိုင်ပေသည်။


အဆင့်မြင့် ပါဠိစာပေ သင်ယူလေ့လာမှုအပြင် ခေတ်အလျောက် ပေါ်ထွန်းခဲ့သော စာပေ ရာဇဝင် မော်ကွန်း ရတု၊ ရကန၊် ဧချင်း၊ ဇာတ်တော်၊ ပျို့ အလင်္ကာ တို့ကိုလည်း လေ့လာဆီးပူးကြရသည်ကို တွေ့နိုင်သည်။ ဖြတ်သန်းလာရသည့် ခေတ်ရှည်ကြီးတလျောက် စာပေပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလဲလာပုံ၊ ခေတ်အခြေအနေတို့၏ တောင်းဆိုချက်အရ လောကီပညာရပ်များလည်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်သေးကြောင်း တွေ့ရပါသည်။ ခြုံပြောရလျှင် ရာဇအကြောင်း လောကဓမ္မအကြောင်း စုံလင်စွာ ပါဝင်နေသည်ကို တွေ့မြင်နိုင်ပေသည်။

ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး(အဆက်)


ရှေးဟောင်းသမိုင်းစာမျက်နှာများထဲမှ စံပြုထိုက်သောသူကို ညွှန်းပါဆိုလျှင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးကို ညွှန်းချင်ပါ၏။ မင်းကြီးသည် ထေရဝါဒ ဗုဒ္ဓသာသသနာအတွက် အုဌ်မြစ်ချခဲ့သည့်သူ၊ တိုင်းပြည်ရေးရာ ဆောင်ရွက်ရာမှာလည်း စံထားလို့ရနိုင်သည့် အခြေအနေမျိုးဖြင့် တိုင်းပြည်ကို အဘက်ဘက်က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မင်းကောင်းမင်းမြတ်ဖြစ်ခဲ့ပေ၏။ ထိုမင်းကြီး၏ နည်းနာစနစ်များကို စံနမူနာယူရမည် ဖြစ်၏။ မင်းကြီး၏ တိုင်းပြု ပြည်ပြု သာသနာပြုပုံစနစ်များကို ယနေ့ခေတ်အနေဖြင့် တိုက်ရိုက်ကော်ပီ ကူးယူ ရမည်မျိုး မဆိုလိုပါ။ သူ၏ စနစ်များသည် သူ့ခေတ်သူ့အခါ သူ့တိုင်းပြည်အတွက် အံဝင်ခွင်ကျ ဖြစ်နေသည်ကိုတော့ ယုံမှားကင်းစွာ နားလည်ရမည် ဖြစ်၏။ 

အနော်ရထားမင်းကြီးသည် တိုင်းပြည် တည်ငြိမ်တိုးတက်ရေးနှင့် တမျိုးသားလုံး သွေးစည်းညီညွတ်ရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ပီပြင်စွာ အကောင်ထည် ဖော်နိုင်ခဲ့၏။ ထိုခေတ်ထိုခါနှင့် လိုက်လျောညီထွေမှုရှိသည့် ရှေးဟောင်း ဘုန်းတော်ကြီး ပညာရေးစနစ်ကြောင့် ရှေးပုဂံခေတ် ပြည်သူပြည်သားတို့ ဘာသာရေး၊ လူမှုရေး စီးပွားရေး၊ ပညာရေးအထူး တိုင်းရေး ပြည်ရေး အထူး တိုးတက်ကောင်းမွန်လာပြီး ဘုရားတည် ကျောင်းဆောက်ကာ အနုပညာပြောင်မြောက်လှသည့် ဗိသုကာ ပန်းချီ ပန်းပုစသော အထက်တန်းကျသည့် ပညာရပ်များ အံ့မခန်းအောင် တိုးတက် တတ်မြောက်ကြသည်ကို တွေ့မြင်နိုင်ပေသည်။


 ရှေးမြန်မာမင်း အဆက်ဆက်တို့သည်လည်း ပုဂံပြည့်ရှင် အနော်ရထာမင်း၏ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို အတုယူကာ မိမိတို့လက်တွင် ကျရောက်လာသည့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို အခြေခံလျက် တိုင်းပြည်တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြ၏။ သမိုင်းဖြစ်စဉ်တလျောက်တွင် ပုဂံခေတ်မှ အသိပညာရှင် အတတ်ပညာရှင်များ၏ အငွေ့အသက်များ ပင်းယခေတ်၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်လောက်မှာ စုရုံးမိကြသည်ဟု ဆိုနိုင်၏။ ကိုးကွယ်မှုပိုင်းတွင် ပုဂံခေတ်မှ ကိုးကွယ်ခဲ့သော ဗုဒ္ဓဘာသာကိုပင် ဆက်လက်ယုံကြည် ကိုးကွယ်လာခဲ့ကြ၏။ သာသနာလင်္ကာရ စာတမ်းနှင့် ရှေးဟောင်း ရာဇဝင်များတွင် အရညဝါသီ ရဟန်း၊ ဂါမဝါသီ ရဟန်းများအကြောင်း ဖော်ပြထားကြ၏။

 ဂါမဝါသီ ရဟန်းများ သီတင်းသုံးရာ ကျောင်းများကို ပွဲကျောင်းများဟုလည်း ခေါ်ကြသေး၏။ ပင်းယခေတ်၊ စစ်ကိုင်းခေတ်များတွင် မြန်မာနိုင်ငံ၏ပညာရေးကို ထိုဂါမဝါသီ ပွဲကျောင်းနေ ရဟန်းတော်များက ဦးဆောင် တာဝန်ယူလာခဲ့ကြပေသည်။ ဂါမဝါသီ-ပွဲကျောင်းများတွင် သင်ကြားပို့ချပေးသော ပညာရပ်များကို လေ့လာကြည့်လျှင် ဘာသာရေး သက်သက်တွင်မကတော့ဘဲ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှု အတတ်ပညာရပ်များကို တွေ့နိုင်ပေသည်။ ထို့ပြင် ဗေဒင်ကျမ်း၊ ဓာတ်ကျမ်း၊ ဆေးကျမ်း၊ အနှိပ်ကျမ်း၊ ဓားလှံ တုတ်သိုင်း၊ ဒူးလေး၊ လောက်လေး လောက်လွှဲပစ်နည်း၊ ခဲလုံးပစ်နည်း၊ ပန်းဆယ်မျိုးအတတ်၊ ယုတ်စွဆုံး လက်ပွေ့၊ လက်ဝှေ့၊ နပန်း သတ်နည်းများအပြင် တီးမှုတ် ကခုန်နည်းစသော လောကီ အသက်မွေးမှု အတတ်ပညာများကိုလည်း ဂါမဝသီခေါ် ပွဲကျောင်းများတွင် သင်ကြားပို့ချပေးကြောင်းကို မြန်မာမင်း အုပ်ချုပ်ပုံ (စတုတ္ထ) စာ- ၂၁၂) တွင် တွေ့ရှိ လေ့လာရပေသည်။


ယင်းအတတ်ပညာရပ်များကို ဆန်းစစ်ကြည့်လျှင် ယနေ့ခေတ်အခေါ် ဝိဇ္ဇာအတတ်၊ သိပ္ပံအတတ်၊ စစ်မက်ရေးရာ သေနင်္ဂဗျူဟာအတတ်၊ ကိုယ်ခံပညာရပ်များ ပါဝင်ကြောင်း သိနိုင်ပေသည်။ လက်မှုဆိုင်ရာ အတတ်ပညာပိုင်းတွင် အထင်ရှားဆုံးဖြစ်သော ပန်းတိမ်၊ ပန်းပဲ၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတည်း၊ ပန်းပု၊ ပန်းတမော့၊ ပန်းရည်၊ ပန်းရွဲ စသည့် အတတ်တို့ ဖြစ်ပေသည်။ ဗုဒ္ဓဘာသာပညာရေးတွင် ထိုလောကီ ပညာရပ်များ ပြဌာန်းခြင်း၊ လေ့လာလိုက်စားခြင်းသည်လည်း ခေတ်၏ တောင်းဆိုချက်အရကြောင့် ဖြစ်နိုင်စရာရှိပါသည်။ ခေတ်နှင့် လိုက်လျောညီထွေစွာ ဗုဒ္ဓဘာသာသာ ဘုန်းတော်ကြီးကျောင်း ပညာရေး ပြုပြင် ပြောင်းလဲလာရပေသည်ဟု ဆိုနိုင်ပေသည်။ 


ဒီရေအတက်ကျတွင် လိုက်ပါမျောရှာရသည့် ဗေဒါပန်းသဖွယ် ခေတ်စနစ်၏ တောင်းဆိုချက်အရ  နိုင်ငံရေး ဒီရေအတက်အကျတွင် ဘုန်းတော်ကြီး ပညာရေးသည်လည်း ပြုပြင်ပြောင်းလဲလာရသည်မှာ အမှန်ပင်ဖြစ်၏။ ပြောင်းလဲလာမှု နိယာမ ဖြစ်စဉ်ကြီးတွင် သမိုင်းဆရာတို့က ၁၈၈၅ မှ ၁၈၉၅ အထိ ဆယ်နှစ်တာ ကာလကို “တော်လှန်ခေတ်”ဟု သတ်မှတ်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာတစ်မျိုးသားလုံးက ဗြိတိသျှ ကိုလိုနီလက်အောက်တွင် ဗုဒ္ဓဘာသာသာသနာ မည်သို့မျှ ထွန်းကာနိုင်မည် မဟုတ်ကြောင်းကို ယုံကြည်သောကြောင့် ဖြစ်သည်ဟု ဒေါက်တာကျော်သက်က သုံးသပ်တင်ပြထား၏။ ၁၈၉၅ မှ ၁၉၂၀ ထိ ကာလအပိုင်းကို မြန်မာတို့ “နိုးကြားမှု မရှိသောခေတ်” ဟု သမိုင်းဆရာတို့က သတ်မှတ်ခဲ့ကြ၏။ 

ထိုကာလများတွင် မြန်မာနိုင်ငံ ဗြိတိသျှ ပညာရေး ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ ဘုန်းတော်ကြီးကျောင်း ပညာရေး ပြောင်းလဲခဲ့ရသည်ဟု သုံးသပ်ထားကြ၏။ ဗြိတိသျှတို့ ပညာရေးစနစ် ရောက်လာသောအခါ ဘုန်းတော်ကြီး ပညာရေး မှေးမှိန်သွားခဲ့ရ၏။ တနည်းဆိုရသော် ခေတ်မမှီ ဖြစ်သွားခဲ့ရ၏။ သို့ဖြစ်လင့်ကစား ဗြိတိသျှ ခေတ်မီ ပညာရေးသည် စာရိတ္တ မဏ္ဍိုင် ရိုင်ချင်တိုင်း ရိုင်နေသည့်အတွက် ဒုတိယကမ္ဘာစစ်တိုင်အောင် စာရိတ္တကောင်းဖို့ အခြခံသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ပညာရေးကား လုံးဝ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ဘုန်းတော်ကြီးကျောင်းများသည် စာပေပညာ ဆည်းပူးရာ သင်ကြားရာ ဌာနများအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့၏။ (“နှစ်ငါးဆယ် ယဉ်ကျေးမှု ရေးရာ” ၁၉၀၀-၁၉၅၀၊ ဒုတိယတွဲ၊ ဘာသာပြန်စာပေ အသင်း ၂၁၅)။ (JS, Furnivall, Colonial Policy and Practice New York University Press, 1956, pp.371-373)။

ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

Thursday, November 7, 2013

သံဃာရည်မှန်း ကပ်လှူဒါန်းသော်


ပုညံ အာကင်္ခမာနာနံ သံဃော ဝေ ယဇတံ မုခံ(သေလသုတ်နှင့်၊ ဝိ၊၃၊ ၃၄၄)

ကုသိုလ်ကောင်းမှုကို အလိုရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အား သံဃာအား လှူဒါန်းခြင်းတည်းခြင်းတည်းဟူသော သံဃိကဒါနသည် (ဝါ) သံဃာတော်တည်းဟူသော အလှူခံပုဂ္ဂိုလ်သည် အကြီးအမှူး အဦးရှေ့သွား ပဓာနဖြစ်၍ ကြီးကျယ်မွန်မြတ်လှပေသည်။ (မြတ်ဗုဒ္ဓ)။

ကထိနဒါနသည် သံဃိကဒါနဖြစ်၏။ သံဃိကဒါနသည် အမြတ်ဆုံးဖြစ်၏။ ထို့ကြောင့် ကထိနဒါန သံဃိကဒါနသည် များပြားသွယ်သွယ် စားသောက်ဖွယ် အစုစု လူမှုအသုံးအဆောင် အသီးသီး မြစ်ကြီးဂင်္ဂါ ရေဇလာမပြတ် အထပ်ထပ်စီးဆင်းသည့်ပမာ ချိန်ခါတွက်စစ် (၇နှစ်၊၇လ) မပြတ်လှူဒါန်းခဲ့သော အလောင်း တော် ဝေလာမပုဏ္ဏားကြီး၏ အလှူဒါနကြီးထက်လည်းကောင်း၊ ကျွန်းဇမ္ဗူဒိပ် မိုးခိုးတိတ်အောင် သိမ့်သိမ့်တုန်ခါ လွန်စွာကြာညောင်း နှစ်တစ်သောင်းမျှ များလှသွယ်သွယ် စားသောက်ဖွယ်အစုစု လူမှု အသုံးဆောင်အဝဝ လှူဒါန်းခဲ့သော အင်္ကုရမင်းသား၏ ကြီးမားသော ဒါနထက်လည်းကောင်း၊ အတိုင်းအဆမရှိ ပိုမိုမြင့်မြတ် လှပေတော့၏။ သံဃိက ကထိနဒါနသည် အခြားခြားအလှူတို့ကို လွှမ်းမိုး၍ ဟိုးဟိုးကျော် အနိုင်ရ အရသာရှိ မွန်မြတ်လှသော အလှူဒါနကြီး ဖြစ်ပေတော့၏။

ကထိန်ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့၊ မိမိတို့သည် အမြတ်ဆုံး သံဃိကဒါန ကထိန် အလှူတော်ကြီးကို လှူဒါန်းလိုက်ရပေပြီ၊ မိမိတို့၏ သံဃိကဒါန ကထိန်အလှူတော်ကြီးသည် ပျော်တပြုံးပြုံး မော်မဆုံးဘဲ တသက်လုံး မမေ့နိုင် နိဗ္ဗာန်တိုင် ရည်စူးလျက် ကြည်နူးဝမ်းမြောက်ဖွယ် ကောင်းပါပေစွ တကား။

ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံ နော ပုညမင်္ဂလံ၊
ပုညဘာဂံ သုလဘန္တု၊ ပမောဒန္တု သဒေဝကာ။

နော၊ မြင့်မြတ်သာကြည်၊ ပါရမီရင့်ကျူး ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွနုပ်တို့၏၊ ဣဒံ ပုညမင်္ဂလံ၊ ဗုဒ္ဓသားကျော် ရဟန်းတော်တို့ အာနုဘော်ငါးဝ ရကြစေအမှန် စိတ်ရည်သန်၍ ပြည်နိဗ္ဗာန်မျှော်မှန်းလျက် လှူဒါန်းဆက်ကပ် မြင့်မြတ်ဖြာရှိန် မဟာကထိန်ဆိုတဲ့ ကုသိုလ်မင်္ဂလာသည်၊ ဗောဓိယာ၊ သစ္စာလေးအင်၊ ခိုင်သဇင်ကို ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန် ဗောဓိဥာဏ်၏၊ ပစ္စယော၊ ဥပနိဿယ အမှီရ၍ မုချရကြောင်း ကောင်းမြတ်သော အထောက်အပံ့သည်၊ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ဣဒံပုညဘာဂဉ္စ၊ ဝတိံသာခေတ်ဘောင်မှာ နှစ်တစ်ထောင်အချိန်ကြာမှ တစ်ကြိမ်သာ ဓာတ်ဆန်းတင့်သည့် နတ်ပန်းပွင့် အာသာဝတီ ပမာညီထွန်းသစ်လျက် တစ်နှစ်မှ တစ်ခေတ်၊ တစ်ခေတ်မှ တစ်ကြိမ် သဒ္ဓါရှိန်ဖြင့် မဟာကထိန်ကြုံရသည့် ဒုလ္လဘအစစ် ကုသိုလ်ပုညအနှစ်ကို၊ သဒေဝကာ၊ ကမ္ဘာမှာ နေသမျှ ဝေနေယျများစွာ သတ္တဝါမှန်သမျှ အနန္တတို့သည်၊ သုလဘန္တု၊ ရွှင်လန်းကြည်မြေ့ ဝါဂွမ်းဆီထိတွေ့သကဲ့သို့ ပီတိငွေ့ စိတ်မှာထုံလျက် ဣဋ္ဌာရုံ အတွေ့ထူးလို့မို့ ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါ၊ ကိုယ်စီကိုယ်စီ အလိုညီလျက် ကြည်သာရွှင်ပြုံး အားလုံးတူမျှ အရယူကြကုန်ပြီး၍၊ ပမောဒန္တု၊ ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာနှင့် ပြည့်ကာကြွယ်ဝ ဝမ်းမြောက်နိုင်ကြပါစေကုန်သတည်း။

ပမောဒန္တု၊ လူ့ပြည်တွင်သာမက နတ်ပြည်မှာ ဆက်သွယ်လျက် အထက်နယ် ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန် လျှမ်းလျှမ်းတောက်ပြီး ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု ခါခါပြုလျက် သာဓုသံ အောင်နိမိတ်တို့ဖြင့် အောင်ဘိသိက် သွန်းလိုက်ကြကုန်စေသတည်း။


သာဓု၊ သာဓု၊ သာဓု


မှတ်ချက်။ ဝိနည်းမဟာဝါ၊ ပရိဝါပါဠိတော်များနှင့် ထိုထိုသိမှတ်စရာများကို အခြခံလျက် ရေးသားပါကြောင်း။


မေတ္တာဖြင့်
ပညာရိပ်သာဆရာတော်
ဒေါက်တာသုတာစာရာလင်္ကာရ
(၆-၁၁-၂၀၁၃)