" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, November 7, 2013

သံဃာရည်မှန်း ကပ်လှူဒါန်းသော်


ပုညံ အာကင်္ခမာနာနံ သံဃော ဝေ ယဇတံ မုခံ(သေလသုတ်နှင့်၊ ဝိ၊၃၊ ၃၄၄)

ကုသိုလ်ကောင်းမှုကို အလိုရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အား သံဃာအား လှူဒါန်းခြင်းတည်းခြင်းတည်းဟူသော သံဃိကဒါနသည် (ဝါ) သံဃာတော်တည်းဟူသော အလှူခံပုဂ္ဂိုလ်သည် အကြီးအမှူး အဦးရှေ့သွား ပဓာနဖြစ်၍ ကြီးကျယ်မွန်မြတ်လှပေသည်။ (မြတ်ဗုဒ္ဓ)။

ကထိနဒါနသည် သံဃိကဒါနဖြစ်၏။ သံဃိကဒါနသည် အမြတ်ဆုံးဖြစ်၏။ ထို့ကြောင့် ကထိနဒါန သံဃိကဒါနသည် များပြားသွယ်သွယ် စားသောက်ဖွယ် အစုစု လူမှုအသုံးအဆောင် အသီးသီး မြစ်ကြီးဂင်္ဂါ ရေဇလာမပြတ် အထပ်ထပ်စီးဆင်းသည့်ပမာ ချိန်ခါတွက်စစ် (၇နှစ်၊၇လ) မပြတ်လှူဒါန်းခဲ့သော အလောင်း တော် ဝေလာမပုဏ္ဏားကြီး၏ အလှူဒါနကြီးထက်လည်းကောင်း၊ ကျွန်းဇမ္ဗူဒိပ် မိုးခိုးတိတ်အောင် သိမ့်သိမ့်တုန်ခါ လွန်စွာကြာညောင်း နှစ်တစ်သောင်းမျှ များလှသွယ်သွယ် စားသောက်ဖွယ်အစုစု လူမှု အသုံးဆောင်အဝဝ လှူဒါန်းခဲ့သော အင်္ကုရမင်းသား၏ ကြီးမားသော ဒါနထက်လည်းကောင်း၊ အတိုင်းအဆမရှိ ပိုမိုမြင့်မြတ် လှပေတော့၏။ သံဃိက ကထိနဒါနသည် အခြားခြားအလှူတို့ကို လွှမ်းမိုး၍ ဟိုးဟိုးကျော် အနိုင်ရ အရသာရှိ မွန်မြတ်လှသော အလှူဒါနကြီး ဖြစ်ပေတော့၏။

ကထိန်ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့၊ မိမိတို့သည် အမြတ်ဆုံး သံဃိကဒါန ကထိန် အလှူတော်ကြီးကို လှူဒါန်းလိုက်ရပေပြီ၊ မိမိတို့၏ သံဃိကဒါန ကထိန်အလှူတော်ကြီးသည် ပျော်တပြုံးပြုံး မော်မဆုံးဘဲ တသက်လုံး မမေ့နိုင် နိဗ္ဗာန်တိုင် ရည်စူးလျက် ကြည်နူးဝမ်းမြောက်ဖွယ် ကောင်းပါပေစွ တကား။

ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံ နော ပုညမင်္ဂလံ၊
ပုညဘာဂံ သုလဘန္တု၊ ပမောဒန္တု သဒေဝကာ။

နော၊ မြင့်မြတ်သာကြည်၊ ပါရမီရင့်ကျူး ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွနုပ်တို့၏၊ ဣဒံ ပုညမင်္ဂလံ၊ ဗုဒ္ဓသားကျော် ရဟန်းတော်တို့ အာနုဘော်ငါးဝ ရကြစေအမှန် စိတ်ရည်သန်၍ ပြည်နိဗ္ဗာန်မျှော်မှန်းလျက် လှူဒါန်းဆက်ကပ် မြင့်မြတ်ဖြာရှိန် မဟာကထိန်ဆိုတဲ့ ကုသိုလ်မင်္ဂလာသည်၊ ဗောဓိယာ၊ သစ္စာလေးအင်၊ ခိုင်သဇင်ကို ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန် ဗောဓိဥာဏ်၏၊ ပစ္စယော၊ ဥပနိဿယ အမှီရ၍ မုချရကြောင်း ကောင်းမြတ်သော အထောက်အပံ့သည်၊ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ဣဒံပုညဘာဂဉ္စ၊ ဝတိံသာခေတ်ဘောင်မှာ နှစ်တစ်ထောင်အချိန်ကြာမှ တစ်ကြိမ်သာ ဓာတ်ဆန်းတင့်သည့် နတ်ပန်းပွင့် အာသာဝတီ ပမာညီထွန်းသစ်လျက် တစ်နှစ်မှ တစ်ခေတ်၊ တစ်ခေတ်မှ တစ်ကြိမ် သဒ္ဓါရှိန်ဖြင့် မဟာကထိန်ကြုံရသည့် ဒုလ္လဘအစစ် ကုသိုလ်ပုညအနှစ်ကို၊ သဒေဝကာ၊ ကမ္ဘာမှာ နေသမျှ ဝေနေယျများစွာ သတ္တဝါမှန်သမျှ အနန္တတို့သည်၊ သုလဘန္တု၊ ရွှင်လန်းကြည်မြေ့ ဝါဂွမ်းဆီထိတွေ့သကဲ့သို့ ပီတိငွေ့ စိတ်မှာထုံလျက် ဣဋ္ဌာရုံ အတွေ့ထူးလို့မို့ ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါ၊ ကိုယ်စီကိုယ်စီ အလိုညီလျက် ကြည်သာရွှင်ပြုံး အားလုံးတူမျှ အရယူကြကုန်ပြီး၍၊ ပမောဒန္တု၊ ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာနှင့် ပြည့်ကာကြွယ်ဝ ဝမ်းမြောက်နိုင်ကြပါစေကုန်သတည်း။

ပမောဒန္တု၊ လူ့ပြည်တွင်သာမက နတ်ပြည်မှာ ဆက်သွယ်လျက် အထက်နယ် ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန် လျှမ်းလျှမ်းတောက်ပြီး ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု ခါခါပြုလျက် သာဓုသံ အောင်နိမိတ်တို့ဖြင့် အောင်ဘိသိက် သွန်းလိုက်ကြကုန်စေသတည်း။


သာဓု၊ သာဓု၊ သာဓု


မှတ်ချက်။ ဝိနည်းမဟာဝါ၊ ပရိဝါပါဠိတော်များနှင့် ထိုထိုသိမှတ်စရာများကို အခြခံလျက် ရေးသားပါကြောင်း။


မေတ္တာဖြင့်
ပညာရိပ်သာဆရာတော်
ဒေါက်တာသုတာစာရာလင်္ကာရ
(၆-၁၁-၂၀၁၃)

No comments:

Post a Comment