" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, November 6, 2013

ဗုဒ္ဓချီးမွမ်း ကထိန်သင်္ကန်း


ရဟန်းတော်များ ရရှိသည့် ကထိန်အကျိုး

အတ္ထတကထိနံ ဝေါ ဘိက္ခဝေ ပဉ္စ ကပိဿန္တိ အနာမန္တစာရော အသမာဒါနစာရော ဂဏဘောဇနံ ယာဝဒတ္ထ စီဝရံ ယောစ တတ္ထ စီဝရုပ္ပါဒေါ သော နေသံ ဘဝိဿတီတိ၊ အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ဣမာနိ ပဉ္စ ကပိဿန္တိ။ (မဟာဝါ ပါဠိတော်)။

၁။ မပန်မကြား၊ ရွာထဲသွား၊ ပြစ်ကား မှန်မသင့်။
၂။ တိစီဝရိတ်နှင့်သာ၊ ညဥ့်ကင်းရာ၊ မှန်စွာ ပြစ်မသင့်။
၃။ မအပ်ဖိတ်ကြား၊ ဘောဇဉ်များ၊ စားငြား ပြစ်မသင့်။
၎။ အဓိဋ္ဌာန် ဝိကပ္ပနာ၊ မပြုပါလျက်၊ ဆယ်ရက်ထက်ကြာ၊ ထားလေရာ၊ မှန်စွာ ပြစ်မသင့်။
၅။ ကထိန်ခင်းရာ၊ ကျောင်းမှာရငြား၊ ပစ္စည်းများပေ၊ ခွဲဝေယူရန်၊ ကထိန်ခံ၊ ဧကန်ရပေ အကျိုးတွေ။
ကထိန်အကျိုး၊         ဤငါးမျိုးပေ၊ ရဟန်းတွေ၊ ရလေးအကျိုးတည်း။

ရဟန်းတော်များ ရရှိသည့် ကထိန်အကျိုးများကို အနည်းငယ်မျှချဲ့ကာ ထပ်မံတင်ပြရလျှင်
၁။ “မပန်မကြား၊ လိုရာသွား၊ ပြစ်များမသင့်ပြီ၊ (သို့မဟုတ်) မပန်မကြား၊ ရွာထဲသွား၊ ပြစ်ကား မှန်မသင့်” ဆိုသလို ဒါယကာ ဒါယိကာမတို့၏ အိမ်သို့(မြို့တွင်းရွာတွင်းသို့) သွားလိုသည့်အခါ ထင်ရှား ရှိသော အနီးနာ ရဟန်းတစ်ပါးပါးကို ပန်ကြားရန်၊ ခွင့်ပန်ရန်မလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ပါသည်။ စာရိတ္တ သိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်ခြင်းမှ ကင်းလွတ်ပေသည်။ (အကယ်၍ ကထိန် အာနိသင် မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )
၂။ တိစီဝရိတ်နှင့်သာ၊ ညဥ့်ကင်းရာ၊ မှန်စွာ ပြစ်မသင့်။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်” ဟူသည်နှင့်အညီ တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော်ဖြစ်လျှင် သင်္ကန်းသုံးထည်တို့တွင်(သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်) တစ်ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ ဒုတိယ ကထိနသိက္ခာပုဒ်ဖြင့် နိဿဂ္ဂိပါစိတ် အာပတ်မှ ကင်းလွတ်ခွင့်ရပေသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် နိဿဂ္ဂိပါစိတ် အာပါတ်သင့်၏)။
၃။ မအပ်ဖိတ်ကြား၊ ဘောဇဉ်များ၊ စားငြား ပြစ်မသင့်။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားလျှင် စားနိုင်သည်” ဟူသည်နှင့်အညီ ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ် မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊ ဂဏဘောဇန သိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ် သင့်ရောက်ခြင်းမှ ကင်းလွတ်ခွင့် ရပေသည်။ (အကယ်၍ ကထိန် အာနိသင် မရဘဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)။
၎။ အဓိဋ္ဌာန် ဝိကပ္ပနာ၊ မပြုပါလျက်၊ ဆယ်ရက်ထက်ကြာ၊ ထားလေရာ၊ မှန်စွာ ပြစ်မသင့်။ သင်္ကန်း များစွာ၊ ငါးလမှာ၊ သိမ်းကာ ထားနိုင်သည်” ဟူသည်နှင့်အညီ မိမိရရှိသော သင်္ကန်းကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုပဲ (သင်္ကန်း ကာလ ၅-လအတွင်း) ထားပိုင်ခွင့်ရှိသည်၊ ပထမကထိန သိက္ခာပုဒ်ဖြင့် နိဿဂ္ဂိပါစိတ် အာပတ်မှ ကင်းလွတ်ခွင့်ရပေသည်။ (အကယ်၍ ကထိန် အာနိသင် မရရှိပဲ မိမိပိုင် သင်္ကန်းကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုပဲ ထားရှိပါက-၁၀-ရက်ကျော်လျှင် အာပါတ်သင့်၏)။
၅။ “ကထိန်ခင်းရာ၊ ကျောင်းမှာရငြား၊ ပစ္စည်းများပေ၊ ခွဲဝေယူရန်၊ ကထိန်ခံ၊ ဧကန်ရပေ အကျိုးတွေ” ဟူသည်နှင့်အညီ ကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင် ရသော) ရဟန်းတို့သာ ပိုင်ဆိုင်ခွင်၊့ စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ မိမိတို့ ပိုင်ဆိုင်သည့် သံဃိက ဖြစ်ပေါ်လာသည့် လာဘ်လာဘကို ဝေဘန်ခွဲခြားသော်လည်း ဒုက္ကဋ်စသော အာပတ်မှ ကင်းလွတ်သည်။ (အကယ်၍ ကထိန်အာနိသင်မရပဲ ထိုကဲ့သို့ စိတ်ကြိုက် ဝေဘန်လျှင် ဒုက္ကဋ် စသော အာပါတ်သင့်နိုင်၏)။

ကထိန်နှင့် ပတ်သက်၍ ရဟန်းတော်များ ထူးခြားသော အာနိသင်ငါးပါး အကျိုးထူးတို့ကို ရရှိ နိုင်သကဲ့သို့ ကထိန်သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူးများ ရရှိနိုင် ပါသည်။

ကထိန်ဒါယကာ ဒါယိကာမများ ရရှိသော အကျိုး ၅ ပါး။

သကာမာဝစရော ဘာရ၊ နိက္ခေပေါ ဗဟုဝတ္ထိကော။
နေကဘောဇနလာဘီ စ၊ နာဒိန္နာဒါန ဘောဂဝါ။
ပဉ္စတ္ထေတေ လဘိဿန္တိ၊ ယသ္မာ ကထိနဒါယိနော၊
ဒုလ္လဘံ ကထိနံ ဒါနံ၊ ဒဒေယျုံ ဗုဒ္ဓဝဏ္ဏိတံ။ ။ (ရှေးဆရာတော်များ)

၁။ သကာမာဝစရော- မတရားသဖြင့် အချုပ်အချယ် အဆီးအတားမရှိ၊ မိမိလိုရာ အရပ်သို့ လွတ်လပ်စွာ သွားလာနေထိုင် ခြင်းလည်းကောင်း၊
၂။ ဘာရနိက္ခေပေါ- ဝန်ထုပ်မပါ၊ ပေါ့ပါးစွာနှင့် ကိလေသာဝန်၊ တဏှာညွန်ကို၊ အဆုံးတိုင်ပယ် စွန့်ပစ်ချနိုင်ခြင်းလည်းကောင်း၊
၃။ ဗဟုဝတ္ထိကော- ခေါမ၊ ရောမ၊ ကောဋုမ္ဗရအဝတ်၊ နတ်ဝတ် နတ်ပုဆိုး၊ ပိုးဖဲကမ္ဗလာ၊ ဒွါဒရာတို့၊ များစွာပြည့်စုံ၊ ဝတ်ဆင်၍ မကုန်အောင် ပေါများခြင်းလည်းကောင်း၊
၎။ နေကဘောဇနလာဘီစ- ဘောဇဉ်ရသာ၊ နတ်သြဇာနှင့် နတ်သုဒ္ဓါ အဖုံဖုံ၊ စားသောက်၍ မကုန်နိုင် ခြင်းလည်းကောင်း၊
၅။ နာဒိန္နာဒါန ဘောဂဝါ- မိမိတို့က သဒ္ဓါကြည်ဖြူစွာ မပေးမလှူခဲ့သော် အနည်းငယ်ကလေးမျှ ခိုးဝှက်လုယက် တိုက်ခိုက်၍ မယူနိုင်သော စည်းစိမ်ဥစ္စာ မြောက်များစွာ ရှိခြင်းလည်းကောင်း၊

ဣတိ- ဤသို့၊ ဧတေ ပဉ္စတ္ထေ- ဧတေ ပဉ္စအတ္ထေ၊ အံ့ဖွယ်ကြီးမား ထိုအကျိုးထူး ငါးပါးတို့ကို၊ ကထိန-ဒါယိနော- ကထိန် ကထိန် မည်မမှိန်ပဲ ဂုဏ်ရှိန်ကြီးသူ ကထိန်လှူသည့် ဒါယကာ ဒါယိကာမတို့အား၊ ယသ္မာ-အကြင့်ကြောင့်၊ လဘိဿန္တိ- ကျိုးရင်း ကျိုးဖျား ကျိုးဆက်ပွား၍ ဆန်းပြားလေဘိ ဂုဏ်သတ္တိကြောင့် ရရှိခံစားကြရပေကုန်လတ္တံ့။ တသ္မာ-ထိုသို့ စုပေါင်း ထိုအကြောင်းကြောင့်၊ ဒုလ္လဘံ- အာသာဝတီ နွယ်နီနတ်ပန်း မြတ်အဆန်းကဲ့သို့ တမ်းတမ်းတတ အလွန်တရာမှ ရခဲလှစွာသော၊ ဒုလ္လဘံ-ဘုရားသာသနာ ပွင့်လင်းသာမှ ကောင်းစွာလှလှ ပြုခွင့်ရသဖြင့် အလွန်တရာမှ ရခဲလှစွာသော၊ ဗုဒ္ဓဝဏ္ဏိတံ- ရှင်တော် ဗျာဒိတ် ခရာနှိပ်၍ ရွှေစိတ်ကြည်ဖြူ ချီးမွမ်းတော်မူအပ်သော၊ ကထိနံ နာမ- ဘုရားသာသနာတွင်းမှာ တနှစ်မှ တလ၊ တစ်လမှ တရက်၊ တရက်မှ တခါသာ ကြိမ်သည့် မဟာကထိန် အလှူတော်ကြီးကို၊ ဒဒေယျုံ- သဒ္ဓါရွှင်လန်း လှူဒါန်းကြလေ ကုန်ရာ၏။ ဒဒေယျုံ- သံဃာ့ဂုဏ်ကို စိတ်ဝယ်ထုံ၍ အာရုံရည်မှန်း နိဗ္ဗာန်နန်းသို့ ဖြောင့်တန်းသေချာ ရောက်ဖို့ရာဟု ပတ္ထနာပြုကာ ဆက်ကပ် လှူဒါန်းကြ လေကုန်ရာသတည်း။ (ဝိနယဗဟုသုတ ပကာသနီကျမ်း နှာ၄၄၄)။

အထက်ပါ ဂါထာနှင့်အညီ ကထိန်အာနိသင် အကျိုး ငါးပါး တွဲစပ်ပုံ

၁။ အနာမန္တစာရ နှင့် သ-ကာမာဝစရ အကျိုး၊
၂။ အသမာဒါနစာရနှင့် ဘာရနိက္ခေပ အကျိုး၊
၃။ ဂဏဘောဇနနှင့် နေကဘောဇနလာဘီ အကျိုး၊
၎။ ယာဝဒတ္ထစီဝရ နှင့် ဗဟုဝတ္ထိက အကျိုး၊
၅။ ယော စ တတ္ထ စီဝရုပ္ပာဒနှင့် နာဒိန္နာဒါနဘောဂဝါ အကျိုး။
ဤသို့ သံဃာတော်တို့အား မုချ ရရှိခံစားရသော ကထိန်အာနိသင် အကျိုး(၅)ပါးနှင့် ကထိန်ဒါယကာ ဒါယိကာမတို့အား နေယျတ္ထ အပြန်အားဖြင့် ရနိုင်သော အကျိုး (၅)ပါးတို့ကို တွဲစပ်၍ သိမှတ်ရမည်။

 ကထိန်ဒါယကာ ဒါယိကာမတို့ ရရှိသည့် အကျိုးထူများကို ထပ်ဆင့် တင်ပြရလျှင် သဒိသံ ပါကံ ဇနေတိ၊ သဒိသံ ပါကံ- မိမိပြုသော အကြောင်းကံနှင့် တူညီသော အကျိုးကို၊ ဇနေတိ- ပြုလုပ်သူအား မုချအမှန်မသွေ ဖြစ်ပေါ်စေတတ်၏- ဟူသော မြတ်ဗုဒ္ဓ ဒေသနာတော်နှင့်အညီ အလှူရှင် ကထိန်ဒါယကာ ဒါယိကာမတို့သည် နိဗ္ဗာန်မရမီ အကြား ဖြစ်ပျက် ကျင်လည်ကြရသော ဘဝသံသရာ တစ်ခွင်တွင်…

၁။ “မင်းဘေး စိုးဘေး၊ ကင်းစင်ဝေးဘိ၊ မိမိလိုရာ၊ လွတ်လပ်စွာ၊ မှန်စွာသွားနိုင်သည်” ဟူသည်နှင့် အညီ ကထိန်ခင်းသဖြင့် အာနိသင်ရရှိကြသော ရဟန်းးတော်တို့သည် သီတင်းလပြည့်ကျော် တစ်ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ငါးလအတွင်း လွတ်လပ်စွာ အတားအဆီး အနှောက်ယှက်မရှိ သွားလာနိုင်သကဲ့သို့ ကထိန်ဒါယကာ ဒါယိကာမတို့သည်လည်း စကြာမင်းကြီးမှာ အတားအဆီး အပိတ်အပင် မရှိ၊ သွားလိုရာရာ လွတ်လပ်စွာသွားနိုင်ပြီး ပူဇော်ပသမှု ခံရဘိသကဲ့သို့ ဘယ်သွားသွား ဘာလုပ်လုပ် အတားအဆီး အပိတ်ပင် အနှောက်ယှက်မရှိ သွားလာလုပ်ကိုင်နိုင်ပြီး မိမိလုပ်ငန်း အေင်မြင်ကာ အများပူဇော် မြတ်နိုးမှုကို ခံရတတ်သည်။

*စကြာမင်းကြီး၊  ပုံမှီးတူစွာ၊ သွားရာဒေသ၊ အေးချမ်းလှ၍၊ ကြီးစွတန်ခိုး၊ လွန်ကျော်ဟိုးသည်၊ မှတ်ရိုး အနာမန္တစာရ အကျိုးတည်း။



အချုပ်အားဖြင့်
(A)။ အရပ်ဒေသ တစ်ခုခုသို့ သွားလာရသောအခါ အနှောင့်အယှက် အတားအဆီး မရှိဘဲ မိမိအလိုဆန္ဒအတိုင်း လွတ်လပ်စွာ ခရီးသွားလာနိုင်ခြင်း၊
(B)။ လောကငရဲ ဟုဆိုအပ်သော ဒေဝဒူတသုတ်လာ ကြောက်စရာ မင်းပြစ်မင်းဒဏ် အမျိုးမျိုး၊ ၃၂ ပါးသော ကံကြမ္မာဆိုးတို့နှင့် မတွေ့ကြုံရခြင်း၊
(C)။ အဆုံးဘဝ၌ ဘေးဒဏ်ခပ်သိမ်း အပြစ်ဒဏ်ခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက် ပြုရခြင်း တည်းဟူသော အကျိုးထူးများ ရရှိနိုင်ပေသည်။

ရှစ်လုံးဖွဲ့ အကျိုးပြ လင်္ကာများ

က။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ထိုထိုဒေသ၊ ဋ္ဌာနတစ်ခွင်၊
ဘေရန်ကင်း၊ ကောင်းခြင်း အာနိသင်။

ခ။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဘေးဆိုးဒဏ်ဆိုး၊ အဆိုးမဝင်၊
ဘေးဒဏ်ခပ်သိမ်း၊ ချုပ်ငြိမ်း အစဉ်၊
နိဗ္ဗာန်နန်း၊ စံမြန်းအာနိသင်။

၂။ သွားမည့်နေရာ၊ ပေါ့ပါးစွာ၊ မပါဝန်ထုပ်၊ အပုပ်ခန္ဓာ၊ ပယ်စွန့်ခွာ၍၊ ချမ်းသာသုခ၊ အဝဝ၊ မုချ တွေ့ရမည်။
သံဃာတော်များ သင်္ကန်းသုံးထည်တို့တွင် တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ ပေါ့ပေါ့ပါးပါး သွားလာနိုင်ခြင်းတည်းဟူသော အသမာဒါနာစာရ အကျိုးရရှိသကဲ့သို့ ကထိန်ဒါယကာ ဒါယိကာမ တို့မှာလည်း တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်” ဟူသကဲ့သို့ မည်သည့်ကိစ္စပဲ ဆောင်ရွက် ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ၊ ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်၊ အဆုံးဘဝ၌ အလွန်လေးလံသည့် ခန္ဓာဝန်ကိုယ်ကို လွယ်ကူစွာချကာ ဘဝဇာတ်သိမ်း ဒုက္ခ ငြိမ်းရသည်။

အချုပ်အားဖြင့်…
(A)။ အရပ်ဒေသ တစ်ခုခုသို့ သွားလာရသောအခါ အလွန်လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီးများကို တပင်တပန်း သယ်ထမ်း၍ မသွားလာရခြင်း၊
(B)။ တစ်သံသရာလုံး တစ်ကြိမ်တစ်ခါမျှ မချမနားရဘဲ ပင်ပန်းကြီးစွာ အမြဲထမ်းဆောင် သယ်ပိုးလာခဲ့ရသော မိမိ၏ အလွန်လေးလံလှသည့် ခန္ဓာဝန်ထုပ် ဝန်ပိုးကို ပြစ်ချရာ မြတ်နိဗ္ဗာန်သို့ စံဝင်ရခြင်း၊
(C)။ မိမိ ပိုင်ဆိုင်သည့် သက်ရှိ သက်မဲ့ ပစ္စည်းဥစ္စာ ရတနာတို့သည် မိမိနှင့်ကင်းကွာ၍ အဝေးမှာပင် ရှိနေသော်လည်း မီး၊ရေ၊လေ၊ လူဆိုး သူခိုး ဓားပြ စသော တစ်စုံတစ်ခုသော ရန်သူမျိုးငါးပါးတို့ကြောင့် မပျောက်ပျက် မပျက်စီး မဆုံးရှုံးနိုင်ခြင်း၊
(D)။ လောကငရဲ ဟုဆိုအပ်သော ဒေဝဒူတသုတ်လာ ကြောက်စရာ မင်းပြစ်မင်းဒဏ် အမျိုးမျိုး၊ ၃၂ ပါးသော ကံကြမ္မာဆိုးတို့နှင့် မတွေ့ကြုံရခြင်း၊
(E)။ အဆုံးဘဝ၌ ဘေးဒဏ် ခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊ အကျိုးထူး တရားများကို ရရှိခံစားကြသည်။

ရှစ်လုံးဖွဲ့ အကျိုးပြ လင်္ကာများ

က။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ထိုထိုဒေသ၊ သွားရလေအင်၊
ဝန်ထုပ်ဝန်ပိုး၊ ထုပ်မျိုးစုံလင်၊
မဆောင်ကြဉ်း၊ ကောင်းခြင်း အာနိသင်။

ခ။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ခန္ဓာလွန်ပုပ်၊ ဝန်ထုပ်ကိုပင်၊
လေးလံပါငြား၊ ချထားလေအင်၊
နိဗ္ဗာန်နန်း၊ စံမြန်းအာနိသင်။

ဂ။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ကိုယ်ပိုင်သီးသီး၊ ပစ္စည်းများဖြင်၊
ဝေးမှာရှိငြား၊ ပျက်ပြားမထင်၊
မကြောင့်ကြ၊ စိတ်ချ အာနိသင်။

ဃ။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဘေးဆိုးဒဏ်ဆိုး၊ အဆိုးမဝင်၊
ဘေးဒဏ်ခပ်သိမ်း၊ ချုပ်ငြိမ်းအစဉ်၊
နိဗ္ဗာန်နန်း၊ စံမြန်းအာနိသင်။

၃။ အစာပေါများ၊ ဆိပ်ကားကင်းကွာ၊ နတ်သြဇာရ၊ စားကြပြီးခါ၊ လွန်ချမ်းသာ၏။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ် မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်အပ်သော ဂဏဘောဇဉ်ကို လေးပါး ငါးပါး တစ်ပေါင်းတည်း မစားကောင်း၊ စားလျှင် ပါစိတ်အာပါတ်သင့်သည်၊ ကထိန်အာနိသင်ရသော ရဟန်းများမှာမူ ဘုဉ်းပေးသော်လည်း အပြစ်မသင့်သကဲ့သို့ ကထိန်ဒါယကာ ဒါယိကာမတို့သည် ဝိသာခါ ကျောင်းအမကြီးကဲ့သို့ သားသမီး မြေးမြစ်တို့ဖြင့် ပျော်ပျော်ရွှင်ရွှင် မိသားစုသိုင်းသိုင်း ဝိုင်းဝိုင်းရှိကာ ကောင်းမွန်သော အစားအသောက်များ ရလွယ်ခြင်း၊ စန္ဒဂုတ်မင်းကြီးကဲ့သို့ အဆိပ်ခပ်ထားသော အစာကို မသိ၍ စားမိသော်လည်း အဆိပ်အတောက်ကင်းရှင်းခြင်း စသော အကျိုးများကို ရရှိခံစားနိုင်သည်။

*ဝိသာခါ ကျောင်းအမ၊ တူလှပမာ၊ သားနှင့်သမီး၊ မြစ်မြေးစုံစွာ၊ ဆွေပုံတစ်သင်း၊ ဘေးကင်းရန်ကွာ၊ နေထိုင်ကာဖြင့်၊ ဥစ္စာဓန၊ ပေါကြွယ်ဝသည်၊ မှတ်ကြဂဏဘောဇဉ် အကျိုးတည်း။

အချုပ်အားဖြင့်…
(A) အစာရေစာ ရှားပါးသော အငတ်ဘေးနှင့် မကြုံရဘဲ အစားအစာ အလွန်ပေါများစွာ ရရှိသုံးဆောင် ခံစားရခြင်း၊
(B) နတ်သြဇာကဲ့သို့ အရသာ ထူးခြားကောင်းမွန်သော အစားအစာကို ရရှိသုံးဆောင် ခံစားရခြင်း၊
(C) ဝမ်းမီးကောင်းသောကြောင့် စားသောက်လိုက်သမျှသော အစာအာဟာရများ ကြေကျက်လွယ်ခြင်း၊ မတည့်သော အစားအစာ ရော၍စားမိသော်လည်း ဘေးဒုက္ခမဖြစ်ခြင်း၊ စန္ဒဂုတ်မင်းကြီးကဲ့သို့ အဆိပ်ခပ်ထားသော အစာကိုပင် မသိ၍ စားမိသော်လည်း အဆိပ်အတောက် မတက်ရောက်ခြင်း၊
(D) လောကငရဲ ဟုဆိုအပ်သော ဒေဝဒူတသုတ်လာ ကြောက်စရာ မင်းပြစ်မင်းဒဏ် အမျိုးမျိုး၊ ၃၂ ပါးသော ကံကြမ္မာဆိုးတို့နှင့် မတွေ့ကြုံရခြင်း၊
(E)  အဆုံးဘဝ၌ ဘေးဒဏ် ခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊ အကျိုးထူးတရားများကို ရရှိခံစားကြသည်။

ရှစ်လုံးဖွဲ့ အကျိုးပြ လင်္ကာများ

(က)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
အစားအစာများ၊ ရှားပါးမထင်၊
လွန်စွာပေါများ၊ ရငြားမှန်ပင်၊
အငတ်ဘေး၊ လွတ်ရေး အာနိသင်။

(ခ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ရသာစူးရှ၊ ထူးလှလေအင်၊
စားအစာများ၊ ရငြားမှန်ပင်၊
သုံးဆောင်ရ၊ မြတ်လှ အာနိသင်။

(ဂ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဘာကိုစားစား၊ အမှားမထင်၊
ဆိတ်ခပ်စာများ၊ ယူစားမိပင်၊
ဆိပ်မတက်၊ ကြေပျက် အာနိသင်။

(ဃ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဘေးဆိုးဒဏ်ဆိုး၊ အဆိုးမဝင်၊
ဘေးဒဏ်ခပ်သိမ်း၊ ချုပ်ငြိမ်းအစဉ်၊
နိဗ္ဗာန်နန်း၊ စံမြန်းအာနိသင်။



၎။ ဘေးဒဏ်ကင်းလွတ်၊ အဝတ်ပေါများ၊ ဝတ်စားပြီးခါ၊ ချမ်းချမ်းသာ၊ မှန်စွာ နေနိုင်သည်။
“အဓိဋ္ဌာန် ဝိကပ္ပနာ၊ မပြုပါလျက်၊ ဆယ်ရက်ထက်ကြာ၊ ထားလေရာ၊ မှန်စွာ ပြစ်မသင့်” ဆိုသကဲ့သို့ ကထိန်ခင်း၍ ကထိန်အာနိသင် ရကြသော ရဟန်းတော်တို့မှာ အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ငါးလအတွင်း ဘယ်လောက်ပင် များများ အလိုရှိတိုင်းထားလျှင် အပြစ်မသင့်ကဲ့သို့ ကထိန်ဒါယကာ ဒါယိကာမတို့မှာလည်း အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကဲ့သို့ မရှိဟူသော စကားမကြားရ၍ မိမိအလိုရှိသော ပစ္စည်းမှန်သမျှ တစ်ခဏချင်း ဖြစ်လာ ရောက်လာ၍ အလိုရှိတိုင်း အဝတ်အထည် ပေါများခြင်းစသော အကျိုး ရှိနိုင်သည်။
*အနုရုဒ္ဓါလား၊ မင်းသားတူစွာ၊ ဥစ္စာဓန၊ တတိုင်းရလျက်၊ ကြွယ်ဝဥစ္စာ၊ လွန်ချမ်းသာသည်၊ မှတ်ပါ ယာဝစီဝရ လှူရကျိုးတည်း။

အချုပ်အားဖြင့်…

(A) မြှပ်နှံသိုဝှက် လုံခြုံစွာထားရှိသော မိမိပိုင် ပစ္စည်းဥစ္စာ ရတနာများ နှစ်ကာလရှည်ကြာ၍ မေ့နေသော်လည်း ဆွေ့မြေ့ပျက်စီး၊ ပျောက်ဆုံးခြင်း မရှိခြင်း၊
(B) အဝတ်ပုဆိုးတို့ကို အလိုရှိသောအခါ ဗာရာဏသီ ပြည့်ရှင် နန္ဒမင်းကြီးကဲ့သို့ မိမိနှင့်တကွ နန်းတွင်းသူ နန်းတွင်းသား တိုင်းသူပြည်သားများ ဝတ်ရုံဆင်မြန်းရ၍ မကုန်ခန်းနိုင်သော ပဒေသာပင်မှ အဖိုးတန် အဝတ်တန်ဆာဆန်းတို့ကို ရရှိ သုံးဆောင် ခံစားရခြင်း၊
(C) ဒေဝဒူတသုတ်လာ ကြောက်စရာ မင်းပြစ် မင်းဒဏ် အမျိုးမျိုး၊ ၃၂ ပါးသော ကံကြမ္မာဆိုးတို့နှင့် မတွေ့ကြုံရခြင်း၊
(D) အဆုံးဘဝ၌ ဘေးဒဏ် ခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊ အကျိုးထူး တရားများကို ရရှိခံစားကြသည်။

ရှစ်လုံးဖွဲ့ အကျိုးပြ လင်္ကာများ

(က)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ပစ္စည်းအများ၊ သိုထားလေအင်၊
နှစ်ရှည်လများ၊ ကြာငြားကာပင်၊
မပျက်စီး၊ ကောင်းချီး အာနိသင်။

(ခ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဝတ်ဆန်းထည်ဆန်း၊ အဆန်းပေါ်လွင်၊
လိုကာရကြ၊ များလှလေအင်၊
ဆင်မြန်းရ၊ ဆန်းလှ အာနိသင်၊

(ဂ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဘေးဆိုးဒဏ်ဆိုး၊ အဆိုးမဝင်၊
ဘေးဒဏ်ခပ်သိမ်း၊ ချုပ်ငြိမ်းအစဉ်၊
နိဗ္ဗာန်နန်း၊ စံမြန်းအာနိသင်။

၅။ မိမိပိုင်ငြား၊ ပစ္စည်းများပေ၊ မပေးချေက၊ ဘာကိုမျှ၊ ယူ၍ မရချေ။
“ကထိန်ခင်းရာ၊ ကျောင်းမှာရငြား၊ ပစ္စည်းများပေ၊ ခွဲဝေယူရန်၊ ကထိန်ခံ၊ ဧကန်ရပေ အကျိုးတွေ”ဆိုသကဲ့သို့ ကထိန်သင်္ကန်းမှန်သမျှသည် သံဃိကသင်္ကန်းဖြစ်၍ ကထိန်ခင်းသည့် ကျောင်းတိုက်မှ ကထိန်အာနိသင်ရ ရဟန်းသံဃာများ အားလုံးနှင့်သာ သက်ဆိုင်၊ ပိုင်ဆိုင်ခွင့် ရှိသောကြောင့် သဘောကျ သုံးဆောင်နိုင်သည်။ အခြားတိုက်တာမှ သံဃာများ လာရောက် ချုပ်ခြယ် လုယူ ပိုင်ဆိုင်ခွင့် မရှိပေ။ ထို့တူ ကထိန်ဒါယကာ ဒါယိကာမတို့မှာလည်း ဇောတိကသူဋ္ဌေးကဲ့သို့ မိမိပိုင်ပစ္စည်း မပေးလျှင် မည်သူမျှ ခိုးယူလုယက်၍ မရနိုင်သကဲ့သို့ ရန်သူမျိုးငါးပါးတို့မှ မဖျက်ဆီး မသိမ်းယူနိုင်ခြင်း၊ သီရိဓမ္မာသောကမင်းကြီးကဲ့သို့ မြေပေါ် မြေအောက် တစ်ယူဇနာ သြဇာပြန့်လျက် ရတနာပစ္စည်းများ ရယူပိုင်နိုင်သကဲ့သို့ မိမိအလိုရှိရာ ပစ္စည်းများကို တခဏချင်း ရရှိနိုင်၍ မိမိပိုင်ပစ္စည်း အစိုးတရ ပိုင်ဆိုင်ခြင်း အကျိုးရှိပေသည်။

*သူဋ္ဌေးဇောတိက၊ ပုံပြတူစွာ၊ ဥစ္စာဓန၊ ပေါကြွယ်ဝလျက်၊ ကိုယ်မှတခြား၊ သူတစ်ပါးလက်၊ လုယက်မပါ၊ ဖြစ်ကျိုးသာသည်၊ မှတ်ပါ ယောစ စီဝရုပ္ပါဒ အကျိုးတည်း။
*သီရိဓမ္မာ၊ သောကရာဇာ၊ ပမာပုံမျိုး၊ အုပ်စိုးခါခါ၊ သြဇာလွှမ်းမိုး၊ တန်းခိုးကြွယ်ဝ၊ ခံစားရသည်၊ မှတ်ကြ ယောစ စီဝရုပ္ပါ အကျိုးတည်း။


အချုပ်အားဖြင့်…

(A) ထွန်ယက်စိုက်ပျိုးရသော လယ်ယာ ကိုင်းကျွန်း အလုပ်ဖြင့် ဖြစ်စေ၊ ရောင်းဝယ် ဖောက်ကားရသော ကုန်သွယ်လုပ်ငန်းဖြင့်ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေလုပ်ကိုင်ရာ၌ သူတစ်ပါးတို့ထက် ထူးကဲ၍ ပိုမိုအရများခြင်း။
(B) မိမိပိုင်ပစ္စည်းများကို ရန်သူမျိုး ငါးပါးတို့ မဆက်ဆံဘဲ မိမိသာလျှင် ပိုင်ဆိုင်ခြင်း။
(C) ဇောတိက သူဋ္ဌေးကြီးကဲ့သို့ မိမိပိုင်ဥစ္စာရတနာတို့ကို မိမိကပေးမှသာ သူတစ်ပါးတို့ ယူနိုင်ခြင်း၊ မိမိက မပေးလျှင် တစ်ရွှေးမျှ သူတစ်ပါးတို့ နိုင်ထက်ကလူ လုယူ၍ မရနိုင်ခြင်း၊
(D) ဒေဝဒူတသုတ်လာ ကြောက်စရာ မင်းပြစ် မင်းဒဏ် အမျိုးမျိုး၊ ၃၂ ပါးသော ကံကြမ္မာဆိုးတို့နှင့် မတွေ့ကြုံရခြင်း၊
(E)  အဆုံးဘဝ၌ ဘေးဒဏ် ခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊ အကျိုးထူးတရားများကို ရရှိခံစားကြသည်။



ရှစ်လုံးဖွဲ့ အကျိုးပြ လင်္ကာများ

(က)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
သူ့ထက်အထူး၊ လွန်ကြူးကာပင်၊
ဥစ္စာဓန၊ ရှာကြလေအင်၊
အရများ၊ ထူးခြား အာနိသင်။

(ခ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ကိုယ့်ဥစ္စာများ၊ များပြားထင်ထင်၊
ဓားပြသူခိုး၊ ရန်မျိုးစုံလင်၊
မဖျက်ဆီး၊ ကောင်းချီး အာနိသင်။

(ဂ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဇောတိကလား၊ မခြားအသွင်၊
ကိုယ်မပေးက၊ ရွေးမျှကိုပင်၊
ယူမရ၊ စိတ်ချ အာနိသင်။

(ဃ)။ ကထိန်သင်္ကန်း၊ လှူဒါန်းရလျှင်၊
ဘေးဆိုးဒဏ်ဆိုး၊ အဆိုးမဝင်၊
ဘေးဒဏ်ခပ်သိမ်း၊ ချုပ်ငြိမ်းအစဉ်၊
နိဗ္ဗာန်နန်း၊ စံမြန်းအာနိသင်။

“ကထိန်သင်္ကန်း၊ လှူဒါန်းကြငြား၊ ဒကာများ၊ ရငြားကျိုး ငါးထွေ”ဆိုသကဲ့သို့ သွယ်ဝိုက်သော အားဖြင့် ရဟန်းတော်များ အာနိသင်ငါးပါး ရရှိသကဲ့သို့ ကထိန်ဒါယကာ ဒါယိကာမတို့်မှာလည်း အထက် ဖေါ်ပြခဲ့သည့်အတိုင်း အကျိုးများ ရရှိနိုင်ကြောင်းကို ရှေးဆရာတော်ကြီးများက ရေးသားတော်မူ ခဲ့ကြသည်။


ကထိန် လှူရကျိုး ရှစ်ပါးပြ လင်္ကာ

*သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ ကြီးမား၊ တစ်ပါး ဘေးကင်း၊ ပေါက်ခြင်း ပဒေသာ၊ ပညာပြည့်ဝ၊ နိဗ္ဗာန်ရ၊ အဋ္ဌကထိန် လှူရကျိုး။

ကထိန်သင်္ကန်း လှူဒါန်းခြင်းကြောင့် (၁) သက်တမ်းကျော်လျက် အသက်ရှည်ခြင်း၊ (၂) ရွှေအဆင်းကဲ့သို့ လှပတင့်တယ် ရှု့ချင်စဖွယ်နှင့် ပြည့်စုံခြင်း၊ (၃) စည်းစိမ်ဥစ္စာ ရတနာတို့နှင့် ကြွယ်ဝပြည့်စုံခြင်း၊ (၄) ခွန်အား ဗလနှင့် ပြည့်စုံခြင်း၊ (၅) ရန်သူမျိုး ငါးပါးစသော ဘေးအန္တရာယ် အသွယ်သွယ်တို့ မကျရောက်ခြင်း၊ (၆) ပဒေသာပင် ပေါက်သကဲ့သို့ နှစ်သက်ဖွယ်ရာ ဝတ်စားတန်ဆာ ဥစ္စာရတနာတို့ကို လိုတိုင်းရနိုင်ခြင်း၊ (၇) အမြော်အမြင် ဥာဏ်ပညာနှင့် ပြည့်စုံ ကြွယ်ဝခြင်း၊ (၈) တန်ခိုးအလျောက် ပေါ်ပေါက်လာသော ပရိက္ခရာကို ရ၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် နိဗ္ဗာန်ဝင်စံ ရခြင်း အကျိုးများ ရရှိနိုင်သည်။

အမှန်စင်စစ်အားဖြင့် ရဟန်းတော်များ ကထိန်အာနိသင်ရသည်ဟူရာ၌ အပြစ်အာပါတ်မှ လွတ်မြောက်ခြင်း ဟူသော အကျိုးကိုပင် အဓိကအာဖြင့် ကထိန်အာနိသင်ဟု ခေါ်ပေသည်။ တကယ်တမ်း စဉ်းစားကြည့်လျှင် ရဟန်းတော်များ သင့်ရောက်နိုင်သည့် အပြစ်အာပတ်တို့ကို ကထိန်ဒါယကာ ဒါယိကာမများက ကထိန်ခင်း သောအားဖြင့် ထိုအပြစ်အာပတ်မှ ကင်းလွတ်အောင် လုပ်ပေးခြင်းတမျိုး ဖြစ်ပေသည်၊ ကထိန်ဒါယကာ ဒါယိကာမများဘက်မှ ကြည့်လျှင် အလွန်အားရ စရာကောင်းလှ၏။ မိမိတို့၏ ခင်းအပ်သော ကထိန်က ရဟန်းတော်တို့အတွက် အပြစ်အာပတ်ကင်းလွတ်အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်ဟု သွယ်ဝိုက်သောအားဖြင့် သိကြရပေမည်။ ဝမ်းမြောက်ဝမ်းသာ ရှိကြရပေမည်။ မြတ်ဗုဒ္ဓကလည်း ထိုအကျိုးကို မျှော်ကိုး၍ ရဟန်းတော်တို့အား ကထိန်ကို ခွင့်ပြုတော်မူခဲ့ပေသည်။ မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် မည်သည့်ဒါနမျိုးမှ ရှင်တော်ဗုဒ္ဓ ပညတ်ထားသော သိက္ခာပုဒ်တော်ကို လျော့ပါး၍ မရစေနိုင်ပါ၊ ဤ‘ကထိန်’အလှူ တစ်ခုကသာလျှင် ရဟန်းတော်တို့ အတွက် အထက်တွင် ဖော်ပြခဲ့သည့် ဝိနည်းသိက္ခာပုဒ်(၅)မျိုးကို (၅)လအထိ ကျင့်သုံးစရာ မလိုအပ်ပဲ အပြစ်အာပတ်မှ ကင်းလွတ်ခွင့်ရပေသည်။

No comments:

Post a Comment