ပင်ရွက်ကြွေ ရိုးတန်ချီ
မိုးယံဆီ နွေဥသြ
တွန်သံနှော သီကျူးပြန်
ဆောင်းပျောက်ခဲ့ဟန်။
မြူငွေ့ရယ် တလျှံလျှံ
တောင်ပြန်ကာလေရူး
နွေဆော်ဦး ဆောင်းနှင်းခြွေ
ရွက်ကြွေတို့ခိုစီး
ဒီခရီး အတူလျှောက်လှမ်း
မောဟိုက်တနွမ်းနွမ်း။
နွေလရဲ့အားယူ
အပူရဲ့အငွေ့လှုံ
မီးတောက်စုံ အစွယ်ကြား
ဆောင်းရေသီတာများ…
“သြော်…နွေဦးဆောင်းရက်
ဒွေးနှောယှက်ချိန်
စန်းရေခန်းစ
ပန်းတွေလန်းကြ
ပုရစ်ဖူးတွေ စီရရီ
ပွင့်တန်ချီ ရိုးတန်ထက်
ငုတဖက် ပိတောက်တဖက်
အလှပြိုင်လျှက်။
ဟို…ဆောင်းနှင့်မိုးနှစ်ယံမှာ
သူဘယ်မှာစံပြီး
တွန်သံမကြား
ဥသြပျို ခမျာမှာလည်း
နွေတစ်ကြော့တွင်မှ
ပလီပလာ တီတီတာတာ
မူယာပိုပုံပြောကာ
စကားအလှတွေနှင့်
လူတကာနားဝမှာ
ချိုသာစွာ မခါးရအောင်
သုတိသံသာ တေးကဗျာတွေဆင်လို့
တင့်စွနွေဦး အလှထူးကို
တမြူးမြူးတသောသော
တေးသံနှောလျှက်
ချီးကျူးသံဝေ ဟစ်သံခြွေယင်း”
ဆောင်းပြီးမှနွေ ရှိပါစေတော့
မိုးရေ အဖြစ်လည်း ပြန်လာမယ် တဲ့လေ။
(မေ့သားလှ-ဇလဂ္ဂ)
၂၉-၃-၂၀၁၀
No comments:
Post a Comment