၁။ “အသက်ရှည်စွာ”၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ။” ကောင်းကျိုးကိုယ်၌ တည်စေမင်း”။
၂။ “သက်ကြီးမိဘ”၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လှင်ကြုံ့သို့၊ နှုတ်တုံ့မဝံ့၊ စောင်းမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ။ “ ကောင်းတေနှလုံးရှည်စေမင်း”။
၃။ “ကိုယ်နှုတ်နှလုံး”၊ စောင့်သုံးမြဲစွာ၊ သတ္တဝါကို၊ မေတ္တာသက်ပေ၊ လှူဖို့ဝေ၍၊ စိတ်စေကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွား၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍။ ။ “မြဲပင်စင်းလျင်း ပေါင်းယှဉ်မင်း”။
၎။ “ပညာမျက်စိ”၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ ။ “ရှောင်လွဲဖဲကြဉ်နိုင်စေမင်း”။
၅။ “ပါဏာတိပါတ်” ၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသေစာ၊ အိမ်ရာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ ။ “မျက်မာန်မပြင်း ကောင်းစေမင်း”။
၆။ “မိခင်ဖခင်”၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမြွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ။”ခပ်သိမ်းမယွင်းငြိမ်းစေမင်း”။
၇။ “ထုံးတီးနည်းနာ”၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ။”ဆည်းပူးသိမြင် ကြွယ်စေမင်း”။
၈။ “ဘေးဘိုးစဉ်ဆက်”၊ မပျက်သုံးစွဲ၊ ကျင့်မြဲလေ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြင်၍၊ အယှဉ်အပေါင်း၊ သူကောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ မှတ်ကျက်လေ့၍၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ။”ရက်ရက်မယုံလွယ်စေမင်း”။။
၉။ “လုံ့လပညာ”၊ လိမ္မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသံလျက်၊ လုပ်ကြံသေသပ်၊ ယောင်္ကျားမြတ်တို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာ၏။ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သဂြိုဟ်၊ လူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဖွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီးပွားလာဟု၊ ကြမ္မာကိုချည်း၊ မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို၊ ။ “နှလုံးမငြိတွယ်စေမင်း”။။
၁၀။ “စေ့မြေ့သိပ်သည်း”၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ ကျင့်မှတ်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍၊ ။ “သူ့ထက်လွန်ကဲကြွယ်စေမင်း”။
ကန်တော်မင်းကျောင်းဆရာတော်
(မြန်မာ-၈၁၀-၈၇၅)။
No comments:
Post a Comment