(Time devours all living beings) ။ ကာလော ဃသတိ ဘူတာနိ ။ (မြတ်ဗုဒ္ဓ)
တကယ်တော့ လူသားတိုင်း သတ္တဝါတိုင်းဟာ အချိန်ရဲ့ ဝါးမျိုးခြင်း မောင်းနှင်ခြင်းကို ခံနေရသူချည်းပင် ဖြစ်ပေတယ်။ ဒီအချိန်ဆိုတဲ့ ကာလအတွင်းမှာပင် လူသားတို့ဟာ ဘဝရှင်သန်ရပ်တည်ဖို့ အတွက် ပညာတွေ စီးပွားဥစ္စာတွေ ရှာဖွေစုဆောင်းရ၏။ ယင်းကာလဆိုတဲ့ အချိန်အတွင်းမှာပင် လူလားမြောက်ခဲ့ရ၏။ ဖြစ်ထွန်းတိုးတက်မှု အားနည်းမှု အားသာမှု လွပ်လပ်မှု မလွပ်လပ်မှု စသည့် လောကဓံ အတက်အကျတွေနဲ့ ရင်ဆိုင်ဖြတ်သန်း လျှောက်လှမ်းကာ ဘဝအဆုံးသတ်သွားကြရ၏။
ရခဲလှတဲ့ လူ့ဘဝလေးကို အတ္တဟိတ ပရဟိတ သူ့ကျိုး ကိုယ့်ကျိုး ထိုနှစ်မျိုးအတွက် တန်ဘိုးရှိအောင် အသုံးချသင့်၏။ ယင်းသို့ အသုံးချမှသာလျှင် အချိန်ဆိုတဲ့အရာကို တန်ပြန် မိမိက ဝါးမြိုနိုင်မည်ဖြစ်၏။ လူ့ဘဝ ရခဲ့လှသော်လည်း မကြာခင်ကပင် လူသန်းပေါင်း ခြောက်ထောင်ကျော် ဒီကမ္ဘာလောကကြီးမှာ ပြည့်သွားခဲ့ပြီဟုသိရ၏။ သို့သော် မြတ်ဗုဒ္ဓကတော့ လူဆိုတာ အကျိုးအကြောင်း အကောင်းအဆိုး ခွဲခြားစိတ်ဖြာ သိမြင်တတ်မှ လူဟု ခေါ်ဆိုလို၏။ အသိဥာဏ်ခေါင်းပါး လောကကြီးကို အကြမ်းဖက် ရက်စက်သူတွေကိုတော့ လူစာရင်းသွင်းချင်ဟန်မတူပေ။ လူဦးရေတိုးတက်လာသော်လည်း ထိုလူများဟာ မြတ်ဗုဒ္ဓအလိုကျ လူကျင့်ဝတ် လူသိက္ခာ မရှိပါလျှင် လူမည်ကာမတ္တပင်။ လူ့ဘဝအနှစ်သာရ လူဘဝတန်ဘိုးကို အရမယူနိုင်ပါက လူဖြစ်ရှုံးမှာ အသေချာပင်။
ယနေ့ခေတ် ကမ္ဘာလောကကြီးဟာ လောဘ ဒေါသ မောဟတွေနှင့် သိပ်ကို ထူပြောမွန်းကြပ်လှ၏။ လူ့လောက လူ့အသိုက်အမြုံ၏ မွန်းကြပ်မှု မျိုးစုံကို စာပေပညာရှင် အသီးသီးတို့က စာဖွဲ့ခဲ့ကြ၏။ ကဗျာဆရာ ဒဿနဆရာတို့ကလည်း လောက လူနေမှုဘဝ၏ မွန်းကြပ်မှု ဖုံဖုံကို သက်ပြင်းချခဲ့ကြ၏။ ပုံသေကားချပ် အစိုးမရ မှန်းဆလို့မရတဲ့ အနတ္တကမ္ဘာလောကကြီးမှာ ပွင့်နေတဲ့ အခွင့်အလမ်းကလေးများ ပိတ်သွားနိုင်သလို ပိတ်ဆို့ကာဆီး နေတဲ့အခွင့်လမ်းကလေးများလည်း ပွင့်လမ်းလာနိုင်ပါ၏။ လောကဓံလှိုင်း ဘဝလောက ကမောက်ကမများ ရင်ဆိုင်တွေ့ကြုံလာတဲ့အခါ ပွင့်နေသောတံခါးများ ပိတ်မသွားဖို့ ပိတ်နေသောတံခါးများ ပွင့်လာစေဖို့ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို အပြန်အလှန်ခွင့်လွှတ်နားလည်ပေးကြခြင်းဖြင့် နှစ်သစ်ကို အပြုံးပန်းများဖြင့် ကြိုဆိုကြပါစို့။
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)။
၃၁-၁၂-၂၀၁၀
No comments:
Post a Comment