လူသားတို့သည် ဤကမ္ဘာမြေကြီးပေါ်ဝယ် ဤ၍ဤမျှ ဂဏန်းချ၍ မရေတွက်နိုင်လောက်သော ကာလမှစတင်၍ အခြေချနေထိုင်ခဲ့ကြပေသည်။ ထိုသို့ဤကမ္ဘာမြေကြီးပေါ်ဝယ် အခြေချနေထိုင်ခဲ့ကြသော လူသားတို့၏ နေရာဒေသသည်လည်း အမျိုးမျိုးအထွေထွေရှိပါသည်။ ထိုဒေသများအနက် အဓိကအားဖြင့် မြတ်ဗုဒ္ဓ ပွင့်ပေါ်တော်မမူမီ မဇ္ဈိမဒေသ အခြေအနေ ဗုဒ္ဓခေတ်ကြိုကို တစေ့တစောင်းအဖြစ် လေ့လာတင်ပြမည်ဖြစ်ပါသည်။ အိန္ဒိယပြည်ကြီး၌ မြတ်ဗုဒ္ဓ ပွင့်ပေါ်တော်မမူခင်ကပင် ဘာသာအယူဝါဒအမျိုးမျိုး အတွေးအခေါ် အထွေထွေ စသည်တို့ ထွန်းကားလျက် ရှိပေသည်။ ဗုဒ္ဓခေတ်ကြိုကိုလေ့လာရာ၌ ယင်းတို့၏ မူလဘူတဖြစ်သော အာရ်ယန် (အရိယာ) Aryan လူမျိုးတို့၏အကြောင်းကို ဦးစွာပထမ လေ့လာသင့်ပေသည်။
အာရ်ယန် (အရိယာ) လူမျိုးများ
ခရစ်မပေါ်မီ သက္ကရာဇ် (၁၇၅၀) နှစ်လောက်က အသားဖြူ နှာတံပေါ်ပေါ် အရပ်ခပ်မြင့်မြင့် လူမျိုးအချို့တို့သည် အိန္ဒိယပြည်ကြီး၏ အနောက်နှင့် အနောက်မြောက်ဘက်ဒေသတို့မှ (ယခု အီရန် အီရတ် အာဖဂန်နစ္စတန်) အိန္ဒိယပြည်ကြီးထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုလူမျိုးတို့သည် မူလတိုင်းရင်းသား အသားမည်း နှာတံတို အရပ်ခပ်ပုပု လူမျိုးများနှင့် မရောနှောအောင် မိမိတို့လူမျိုးများကို အာရ်ယန် (အရိယာ) Aryan လူတော် လူမြတ်ဟု ခေါ်ခဲ့ကြသည်။ ထိုခေတ်ကာလကပင် အိန္ဒိယပြည်ကြီး၌ အသားအရောင် ခွဲခြားသော လူမျိုးရေး စိတ်ဓာတ်များ ထိုအသားဖြူ နှာတံပေါ် အာရ်ယန်လူမျိုးတို့၌ ပေါ်ပေါက်လျက် ရှိခဲ့ပေသည်။ ထို့ကြောင့်ပင် ယင်းအသားဖြူ အာရ်ယန်လူမျိုးတို့က အသားမည်း တိုင်းရင်းသား လူမျိုးများကို ဒါသ(ဒါသျှ) ကျွန်ဟူသော အသုံးအနှံးကို နှိမ့်ချခေါ်ဝေါ်ခဲ့ကြပေသည်။
ဘာသာစကား
ဥရောပနှင့် အာရှဘာသာစကားတို့ကို စနစ်တကျ နှိုင်းယှဉ်လေ့လာကြသော အနောက်တိုင်း ဘာသာဗေဒသုတေသီ ပညာရှင်တို့က ဘာသာတစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိသော ဂရိ လက်တင် ကျူတောနစ်(Teutonic) ဆလပ် (Slav) ရောမ အိုင်ရေနီယန် (Iranian) သက္ကဋ္ဋ ပြာကဋ္ဋ ပါဠိဘာသာ စကားတို့ကို စုပေါင်း၍ အင်ဒို-အာရိယန် (Indo-Aryan Family) ဘာသာမျိုးဟုလည်းကောင်း အရိယာဘာသာဟူ၍လည်းကောင်း အင်ဒို-ဥရောပ (Indo-European) ဘာသာဟူ၍လည်းကောင်း အင်ဒိုဂျာမန်နစ် ဘာသာဟူ၍လည်းကောင်း အမည်အမျိုးမျိုးပေးခဲ့ကြသည်။
အာရှတိုက်သုံး ဘာသာစကားများကို အင်ဒို-အာရိယန်ဘာသာ စကားများဟူ၍ လည်းကောင်း ခေါ်စမှတ်ပြုခဲ့ကြ၏။ ဥရောပတိုက်သုံး ဂရိ, အီတာလျံ, ကဲလတစ်(Celtic), ဂျာမန် ဆလပ်စသော ဘသာစကားများနှင့် အိန္ဒိယမြောက်ပိုင်း ပါသျှ(အီရန်) အိုင်ရေနီယန် စသော အာရှတိုက်သုံး ဘာသာစကားတို့သည် တစ်ခုတည်းသော ပင်မဘာသာစကား (Family of Language)မှ ဆင်းသက်လာသည်းဟုလည်း ပညာရှင်တို့က ဆိုကြ၏။ထို ဘာသာစကား အားလုံးတို့သည် ဝိဘတ်သွယ် ရုပ်ပြောင်း ဘာသာစကားများ (Inflectinal Language) ဖြစ်ကြသည်။ အိန္ဒိယပြည်သုံး ဘာသာစကားများကို ဘီစီ(၁၅၀၀) ခန့်လောက်မှစ၍ ပေါ်ထွန်းလာခဲ့သော ဝေဒဘာသာစကားနှင့် သက္ကဋဘာသာတို့ကို သက္ကဋဘာသာမျိုးဟုလည်းကောင်း, ပါဠိ မာဂဓီ အဒ္ဓမာဂဓီ သောရသေနီ မဟာရဌီ ပေသာစီ အပဘြံသ စသော ဘာသာစကားတို့ကို ပြာကဋ ဘာသာမျိုးဟုလည်းကောင်း အုပ်စုနှစ်ခုခွဲ၍ အမည်ပေးထားကြသည်။ ယင်းအိန္ဒိယပြည်သုံး သက္ကဋ ပြာကဋ ဘာသာဝေါဟာရ သဒ္ဒါဆိုင်ရင်တို့သည် အနောက်တိုင်း ဥရောပ လက်တင် ဘာသာစကားများနှင့် အတော်လေး ဆင်တူရှိကြသည်ကိုတွေ့ရ၏။ အောက်ပါပုံစံများကို လေ့လာခြင်းဖြင့် သိနိုင်ပါသည်။
Father Paternal -English
Pita -PaLi
Padre -Spanish
Vater -German
Vater -Dutch
Mother Maternal -English
Mata -PaLi
Mutter -German
Moder -Dansh,
-Norwegian,
-Swedish
Mader -Spanish
Mat -Russian
Mate -Lettish
Brother Brother, Fraternal , -English
Bhata -PaLi
Bruder -German
Brater -Cez
Brat -Russian
Three Tri-Three -English
Ti-Tri -PaLi & Sanskrit
Tri -Russian
Tres -Portugese
Tresv -Italy
Trois -France
Drei -German
Ten Decimal -English
Das -PaLi
Desmit -Lettish
Desyat -Russian
Das -Hindustandi
Dah -Persian
(He) Is -English
Asit -Sanskrit
Est -Greek
Ist -Old German
Jest -Russian
ထို့အပြင် ကေသရ(Kesara)ပါဠိသက္ကဋပုဒ်, ဆီဇာ (Caesar) ရောမ အီတလီပုဒ်, (Keisara-ကေဤသရ) ဂျာမန်ပုဒ်, ဇာ (Cza) ရုရှားပုဒ်, ဤလေးပုဒ်တို့၏ စာလုံးပေါင်းတို့ကို ဘာသာဗေဒနည်း(Philogical Study) နှင့် လေ့လာကြည့်လျှင် တစ်ပုဒ်နှင့်တစ်ပုဒ် အချင်းချင်းဆက်စပ်လျက်ရှိကြောင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ကေသရ(တချိန်ကအိန္ဒိယသုံး ပါဠိ), ဆီဇာ (ရောမ-အီတလီ), ကေဇာ or ကေဤသရ), ဇာ(Cza) ရုရှား, ဤလေးပုဒ်တို့၏ ဗဟိုအချက်အချာဖြစ်သော အရပ်ဒေသကို လေ့လာကြည့်သောအခါ ၎င်းဒေသ၌ နေထိုင်ကြသော လူမျိုးတို့၏ နေရင်းအရပ်ဒေသသည် ရုရှားပြည်တောင်ပိုင်း, ကတ်စပီယန် (Caspian)ပင်လယ်တစ်ဝိုက်, စတက်(Stepps)နှင့် ပါမီယာ (Pamir) ခေါ် ကုန်းမြင့်ဒေသများ ဖြစ်တန်ရာသည်ဟု သမိုင်းပညာရှင် သုတေသီများက ယူဆကြပေသည်။ သို့သော် ယင်းဒေသသည် လူသားမျိုးနွယ်တို့ စတင်ပေါက်ဖွားရာ ဒေသဟူ ၍ကား မယူဆကြပေ။ အိန္ဒယပြည်ကြီးသို့ မရောက်မီ အာရ်ယန်လူမျိုးတို့သည် ဒညု(Danube) မြစ်ဝှမ်းဒေသမှ လည်းကောင်း, ဗော်လတစ်(Baltic)ပင်လယ်ကမ်းရိုးတန်းမှလည်းကောင်း,စကင်ဒီနေးဗီးယား(Scandianvia) ကျွန်းဆွယ်မှလည်းကောင်း ပြောင်းရွှေ့လာကြသည်ဟု အမျိုးမျိုးယူဆကြလေသည်။
အာရ်ယန်လူမျိုးတို့ အသက်မွေးဝမ်းကြောင်းနှင့် နေထိုင်မှုအခြေနေ
ရှေ့ခေတ်အာရ်ယန်လူမျိုးတို့၏ အဓိကအသက်မွေးဝမ်းကြောင်းသည် ယေဘုယျအားဖြင့် သိုးကျောင်း ဆိတ်ကျောင်း စသောအသက်မွေးဝမ်းကြာင်းပင်ဖြစ်သည်။ (မြတ်ဗုဒ္ဓပွင့်တော်မူသောအခါ ဆိတ်ကျောင်းသားတို့၏ ကျက်စားရာ စားကျက်၌ ပေါက်ရောက်နေသော သစ်ပင်ကို (အဇပါလ) ဆိတ်ကျောင်းညောင်ပင်ဟု ခေါ်သည်ကို ထောက်ထားလျှင် ယင်လူမျိုးတို့၏ အသက်မွေးဝမ်းကြောင်းကို မှန်းဆ၍ သိနိုင်ပေသည်။ )။
ထိုလူမျိုးတို့သည် မိမိတို့၏ မိသားစုက မွေးမြူထားသော သိုးအုပ် ဆိတ်အုပ်များကို ထိမ်းကျောင်းရင်း စားကျက်ရှိရာ အရပ်ထိုထို ဤဤသို့ လိုက်လံ လှည့်လည် ထိမ်းကျောင်း နေထိုင်ခဲ့ကြ၏ ။ အစာရေစာ ရှားပါးလာသည်နှင့်အမျှ တစ်နေရာတည်း၌ မနေကြတော့ဘဲ ရေကြည်ရာ မြတ်နုရာ ရှာကြရင်း ၎င်း ဆိတ်အုပ် သိုးအုပ်တို့နှင့် အတူ မိသားစုတို့ပါ တစ်ပါတည်း တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ နေထိုင်းစားသောက်ခဲ့ကြ၏။ အတည်တကျ နေထိုင်ကြသော အချို့သော အာရ်ယန် လူမျိုးများသည် မြေကို ထွန်ယက်၍ မုယောစပါးများကို စိုက်ပျိုးကြကြောင်း သက်သေသာဓကများရှိပေသည်။ အာရ်ယန်လူမျိုးတို့သည် စားသောက်ရန် အတွက် မိမိတို့၏ အိမ်မွေးခြံပေါက် သိုးဆိတ်တို့ကို သက်စားခြင်းမရှိ ။ တောလည်ကား မုဆိုးလုပ်ငန်းဖြင့်ရသော သားငါးတို့ကိုသာ စားသောက်ကြကုန်၏ ။
နောင်သောအခါ မြင်းနှင့် မြည်းတို့ကို ဝန်တင်ရန်အတွက် အသုံးပြုလာကြသည် ။ လျှော်ပင်နှင့် တိရိစ္ဆာန်တို့၏ သားရေများကို ဖျာ အဖြစ်ဖြင့်လည်းကောင်း အဝတ်အထည်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုလာခဲ့ကြ၏ နေထိုင်ရန် အဆောက် အအုံ ဟှူု၍ ပြောပလောက်အောင် မရှိသေး ။ မြေကြီး၌ တွင်းတူးပြီး မိုးရာသီနှင့် ဆောင်းရာသီမှာ သစ်ရွက်များ ဖုံးအုပ် မိုးကာ၍ သော်လည်းကောင်း နွေရာသီ၌ မြက်သစ်ရွက် များကို အမိုးကာ ပြုလုပ်၍ မြေစိုက်တဲများ ဆောက်လုပ်၍ နေထိုင်ခဲ့ကြသည် ။ အစားအသောက်အဖြစ် နို့များ သစ်သီးဝလံများ တောလိုက်၍ ရသော သားငါးများကို လည်းကောင်း ၊ အရက်သေစာအဖြစ် ပျားရည်ကို စိမ်ရည်တည်၍ ထားပြီလျှင် သောက်စားမူးယစ်ကြ၏ ။ ကြေးနီကို ယခုခေတ် အဖိုးတန်ရွှေ ငွေ ရတနာကဲ့သို့ အဆင်တန်းဆာ အဖြစ် အသုံးပြုခဲ့ကြ၏ ။ လေးနှင့်မြားကို တောလိုက်ရန် နှင့် ရန်သူကို ခြေမှုန်းရန် အသုံးပြုကြပြီး ကျောက်ဖြင့် ပြီးသော ပုဆိန် ဓား လှံ များကို နေ့စဉ်သုံး ကိရိယာ တန်းဆာပလာများ အဖြစ်ဖြင့် အသုံးပြုခဲ့ကြ၏ ။
အုပ်ချုပ်ရေး
မြတ်ဗုဒ္ဓ ပွင့်တော် မမူမီ မဇ္ဈိမ ဒေသ အိန္ဒိယ ပြည်ကြီး၌ ထိုခေတ်အခါ ပထဝီအနေ အထားအရ ပိဋကတ်တော်လာ တိုင်းကြီး (၁၆ ) တိုင်းရှိ၏ ။ ယင်းတို့မှ (၁) ကာသိ ၊ (၂) ကောသလ ၊ (၃) အင်္ဂ ၊ (၄) မဂဓ ၊ (၅) ဝဇ္ဇီ ၊ (၆) မလ္လ ၊ (၇)စေတိယ ၊ (၈) ဝံသ ၊ (၉) ကုရု ၊
(၁၀) ပဉ္စာလ ၊ (၁၁) မစ္ဆ ၊ (၁၂) သူရသေန ၊ (၁၃) အဿက ၊ (၁၄) အဝန္တိ ၊ (၁၅) ဂန္ဓာရ ၊ (၁၆) ကမ္ဘောဇ တိုင်းတို့ ဖြစ်ကြ၏ ပိဋကတ်တော်များ၌ မြဗုဒ္ဓ ၏ ဇာတိမြေ သက္ကတိုင်းကို တိုင်းကြီး (၁၆) တိုင်း အတွင်း၌ သီးခြားထည့်သွင်း ဖော်ပြလေ့မရှိဘဲ ကောသလတိုင်း၌ ထည့်သွင်း၍ ဖော်ပြလေ့ရှိ၏ ။ ထိုတိုင်းကြီး (၁၆) တိုင်းတို့၌ အုပ်ချုပ်ရေး စနစ်မှာ ပဒေသရာဇ် စနစ်ဖြင့်လည်းကောင်း ၊ သမ္မတ စနစ် (ဒီမိုကလေစီ) စနစ်ဖြင့်လည်းကောင်း အုပ်ချုပ်ရေးနှစ်မျိုးရှိ၏ ။ သက္ကတိုင်း ဝဇ္ဇီတိုင်း မလ္လတိုင်းတို့သည် ဒီမိုကရေစီ သမ္မတ စနစ်ဖြင့် အုပ်ချုပ်သော တိုင်းဒေသများ ဖြစ်ကြ၏ အချို့သော တိုင်းများ၌ မင်းများသည် တိုင်းသားပြည်သူတို့အပေါ် အုပ်ချုပ်ရာ၌ အတော်လေးပင် ရက်စက်ဟန်ရှိ၏ ။ ထို့ကြောင့်ပင် ဗုဒ္ဓပိဋကတ်တော်များ၌ “ရာဇတောဝါ - မင်းဆိုး မင်းညစ် ဘေးအန္တရာယ်မှ လည်းကောင်း “ တိုင်းပြည်အုပ်ချုပ်သည့် မင်းကို အန္တရာယ် တစ်ပါး အနေဖြင့် ထည့်သွင်း ထားဟန်ရှိ၏ ။ တိုင်းသူပြည်သားများကို မိမိ၏ ရင်ဝယ်ပိုက် သားသ္မီးများ အနေဖြင့် အုပ်ချုပက်သော မင်းကောင်း မင်းမြတ်များလည်း ရှိပါ၏ ။ ထို့ကြောင့်ပင် ငါ့တို့ ဘုရင် မင်းမြတ်သည် တိုင်းသား ပြည်သူများကို မိမိ၏ ရင်ယ်ဝယ်ပိုက်ထား သားသ္မီများကဲ့သို့ အုပ်ချုပ်ပါစေသတည်းဟု ဆုတောင်းခဲ့ကြသည်ကို ထောက်ဆသော အားဖြင့် ထိုခေတ်အခါ မင်းတို့၏ အုပ်ချုပ်ရေး စနစ်ကို အထိုက် အလျောက် ခန့်မှန်း နိုင်၏ ။
ပညာရေး
ပညာရေးမှာမူ ထိုခေတ်အခါကလည်း ကျေနပ်အားရဖွယ်ရှိကြောင်းကို တွေ့နိုင်၏ ။ အထက်တန်းလွှာ လူချမ်းသာများသည် မိမိတို့၏ သားသ္မီးများကို ဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ စေလွတ်၍ ပညာသင်ယူစေခဲ့ကြ၏ ။ ယင်းဆရာကြီးကလည်း မိမိထံမှောက် ပညာရင်နို့ သောက်စို့အားဖြည့်ရန် ရောက်ရှိလာသော တပည့်များအား အဌာရသ (၁၈) ရပ်သော အတတ်ပညာရပ်များကို သင်ကြားပေး၏ ဆရာကြီးထံ ပညာတော်သင် သွားနိုင်သည့် အထက်တန်းလွှာ ကျောင်းသူကျောင်းသားများမှာမူ ခတ္တိယ (မင်းမျိုး) ဗြာဟ္မဏ (ပုဏ္ဏားမျိုး) ဝေဿ (သူဌေး သူကြွယ် မျိုး) တို့၏ သားသ္မီးများသာ ဖြစ်ကြလေသည် ။
ဒိသာပါမောက္ခ ဆရာကြီးထံ ပညာတော်သင်စေလွှတ်ခြင်း၏ ရည်ရွယ်ချက်
လူ့ အထက်တန်းလွှာများသည် ဒိသာပါမောက္ခ ဆရာကြီးထံ မိမိတို့၏ သားသ္မီးများကို ပညာတော်သင် စေလွှတ်ရာ၌ ရည်ရွယ်ချက် သုံးမျိုးရှိ၏ဟု ဆိုနိုင်၏ ။
(၁) နိဂတမာနဒဗ္ဗ - အမျိုးမာန် ဇာတိမာန် စသည် ကျအောင်လည်းကောင်း
(၂) သီတုနက္ခမာဒိ - အအေးအပူစသော ရာသီဥတုဒဏ် များနှင့် လောကဓံများ ခံနိုင်ရည်ရှိအောင်လည်းကောင်း
(၃) လောကစာရိတ္တညူ - လောကကျင့်ဝတ် ရာဇကျင့်ဝတ် ဒေသန္တရ ဗဟုသုတ အထွေထွေ ရရှိအောင်လည်းကောင်း ပညာတော်သင်လွှတ်ခဲ့ကြ၏ ။
ဒိသာပါမောက္ခ ဆရာကြီးထံ ပညာသင်ယူပုံ သင်ယူနည်း
(၁) အာစရိယဘာဂ နည်းဖြင့် သင်ယူလျှင် ဆရာကြီးအတွက် အခကြေးငွေ ပေး၍ သင်ယူရ၏၊
(၂) ဓမ္မန္တေဝါသိက နည်းဖြင့် သင်ယူလျှင် ဆရာကြီး အတွက် အခကြေးငွေပေးစရာ မလိုဘဲ ဆရာကြီးကို နင်းနယ် နှိပ်ပေးခြင်းစသော ဝတ်ကြီး ဝတ်ငယ်များကို ဖြည့်ဆည်းပေးခြင်း၊ ရေခပ် ထမင်းချက် အဝတ်လျှော် စသော ဝေယျာဝေစ္စ အဝဝကို လုပ်ပေးခြင်းဖြင့် ပညာသင်ယူရ၏ ။ ဤသို့ဖြင့် နှစ်မျိုးရှိနိုင်၏
သင်ကြားပေးသော ဘာသာရပ်များ
တက္ကသိုလ်ဒိသာပါမောက္ခ ဆရာကြီး သင်ကြားပေးသော ဘာသာ ရပ်များကို အုပ်စုခွဲလျှင်
(၁) ဝိဇ္ဇာယတန
(၂) သိပ္ပါယတန
(၃) ကမ္မာယတနဟု သုံးမျိုးရှိနိုင်၏။
ဝိဇ္ဖာယတန အုပ်စုတွင် စာပေအတတ် ဆေးအတတ် နက္ခတ် ဗေဒင်အတတ် လက္ခဏာဟော အတတ်တို့ ပါဝင်၏။ စာပေအတတ်မှာလည်း ဝေဒကဲ့သို့သော ကဗျာများကို ဌာန်ကရိုဏ်း ပယတ် ဆန်ုးဂိုဏ်းနှင့် အညီ ဖွဲ့စီသီကုံးနိုင်သည်အထိ တတ်မြောက်သူများရှိကြ၏ ဆေးအတက်တွင်လည်း ဦးခေါင်းကို ခွဲစိတ်ကုသနိုင်သည် အထိတက်မြောက်ကြ၏ ။ နက္ခတ်ဗေဒင် အတတ်တွင်လည်း ကောင်းကင်နက္ခတ် ကြယ်တာရာတို့ကို ကြည့်ရှု့ရုံမျှဖြင့် တိုင်းပြည်၏ သာယာဝပြောမှု့ရှိမရှိ အခြေနေကို သိနိုင်၏ ။ ယနေ့ခေတ်သတ်မှတ်ချက်အရ ဝိဇ္ဇာယတန ဟူသည် ဝိဇ္ဇာ ပညာရပ်များပင် ဖြစ်၏ ။သိပ္ပါယတန ပညာရပ်တို့တွင် သင်္ချာပညာ မိုးလေပညာ ရေကြောင်းသွားလာမှု့ ပညာရပ်များသည် ထိုခေတ် အခါက ထင်ရှားဖြစ်ခဲ့၏ သင်္ချာပညာရပ်များသည် ယနေ့ခေတ်လို တိတိ ကျကျမျိုး မဟုတ်၊ ခန့်မှန်းခြေအားဖြင့် တွက်ချက် ဖော်ပြခြင်းမျိုးသာဖြစ်၏ ဥပမာ တစ်ဥသဘ နှစ်ဥသဘ စသည်ခေါ်ရာ၌ “ နွားတွန်သံ” ကိုခန့်မှန်း၍ ဖော်ပြခြင်းဖြစ်၏ ရေကြောင်း သွားလာမှု့ပညာရပ်နှင့် ပတ်သက်၍ ထိုခေတ်အခါက နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ရွက်လှေသင်္ဘောများဖြင့် ကုန်ရောင်းကုန်ဝယ် ကိစ္စ ကူးလူးဆက်ဆံ သွားလာသည်ကို တွေ့နိုင်၏ ။ ယနေ့ခေတ် သတ်မှတ်ချက်အရ သိပ္ပါယတန ဟူသည် သပ္ပံပညာရပ်များပင်ဖြစ်၏ ။ ကမ္မာယတန ဟူသည် လက်တွေ့လုပ်ငန်းဆိုင်ရာ ပညာရပ်များပင်ဖြစ်၏ ။ အိုးလုပ်ခြင်း ကျောက်ဆစ်ခြင်း ပန်းတိမ် ပန်းပု စသော ပန်းဆယ်မျိုး အတတ်များနှင့် အခြား အသက်မွေးဝမ်းကြောင်း အတတ်ပညာရပ်များဖြစ်၏။ ပန်းပု ပညာရပ်နှင့် စပ်လျဉ်း၍ ရွှေစင်ရုပ်ကို ပင် လူနှင့် မခြား တသားတည်း ပုံတူထုလုပ်နိုင်ကြောင်းကို တွေ့ရ၏ ။
လူတန်းစားအလွှာနှင့် အရွယ်သတ်မှတ်ချက်
ရှေးခေတ်ကပင် ခတ္တယ(မင်း)၊ ဗြာဟ္မဏ(ပုဏ္ဏား)၊ ဝေဿ(ကုန်သည်)၊ ဒလိဒ္ဒ/ သုဒ္ဓ (လူဆင်းရဲ) တို့ဟူ၍ လူတန်းစားအလွှာ (၄)မျိုး ခွဲခြားထားသည်ကို တွေ့ရ၏။ မင်းပုဏ္ဏား သူကြွယ် တို့သည် အထက်တန်းလွှာများဖြစ်ကြပြီး ဒလိဒ္ဒခေါ် အပယ်ခံနင်းပြား လူဆင်းရဲတို့သည် အောက်တန်းလွှာ လူတန်းစားများဖြစ်ကြ၏။ ယင်းအထက်တန်းလွှာ (၃) မျိုးထဲ၌ အရွယ်သတ်မှတ်ချက် ရှိပြန်သေး၏။ ယင်းအရွယ် သတ်မှတ်ချက်ကို ပါဠိလို “အဿမ”ဟု ခေါ်၏။ မြန်မာလို ကျောင်းသင်္ခမ်းကျောင်းဟူ၍ အဓိပ္ပါယ်ရ၏။ အရွယ်အလိုက် သတ်မှတ်ချက်သည် ကျောင်းသင်္ခမ်းဆိုင်ရာ ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်သော သတ်မှတ်ချက်များပင်ဖြစ်၏။ အရွယ်ကို လေးပိုင်းခွဲ၍ သတ်မှတ်ထား၏။ ပထမအရွယ်ကို “ဗြာဟ္မစရိယ” ဟုခေါ်၏။ ပထမအရွယ်တွင် ဝေဒကျမ်းဂန် သင်ကြားလျက် မြတ်သောအကျင့်ကို ကျင့်ရ၏။ ယင်းအရွယ်ကို ကျောင်းသားအရွယ်ဟုလည်း ဆိုကြ၏ ဆိုနိုင်၏။ ဒုတိယအရွယ်ကို (၁) ဂဟဌ ဟုခေါ်၏။ ယင်းဒုတိယ အရွယ်တွင် (၁) တရားဓမ္မနှင့်အညီ ကျင့်ကြံနေထိုင်ခြင်း (ဓမ္မ)၊ ၂) စီးပွားဥစ္စာနှင့် ပြည့်စုံအောင် အားထုတ်ခြင်း (အတ္ထ)၊ (၃) အိမ်ထောင်ရက်သား ပြု၍ အိမ်မှုကိစ္စ တာဝန်ထမ်းဆောင်ရင်း သားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း နေထိုင်ခြင်း (ကာမ)၊ ယင်းသုံးပါးတို့၌ တည်လျက် ယဇ်ပူဇော်ရ၏။ တတိယအရွယ်ကို ဝနပတ္ထ ဟုခေါ်၏။ တတိယအရွယ်တွင် မိမိ၏ အိမ်ထောင်တာဝန်ကို ဆက်ခံသူအား လွှဲအပ်၍ တောရပ်ခိုမှီးကာ တရားဘာဝနာ အားထုတ်ရ၏။ စတုတ္ထအရွယ်ကို သညာသ ဟုလည်းကောင်း ဘိက္ခုဟုလည်းကောင်း ခေါ်၏။ ၎င်းစတုတ္ထအရွယ်တွင်မူ လူမှုရေး စီးပွားရေးကိစ္စဟူသမျှကို စွန့်လွှတ်၍ ဝိမောက္ခကို မျှော်မှန်းလျက် ရသေ့ရဟန်းပြုကာ တရားဘာဝနာကိစ္စ သက်သက်ကိုသာ အားထုတ်ရ၏။
အဆိုပါ အရွယ်လေးပါးတို့တွင် ဝနပတ္ထ, သညာသဟု သတ်မှတ်ခြင်းသည် အထက်တန်းလွှာ လူတန်းစား (၃)မျိုးနှင့်သာ သက်ဆိုင်၏။ အကယ်၍ အောက်တန်းစား လူဆင်းရဲများ တရားအားထုတ်လျှင် ထိုနိုင်ငံသည် ဆင်းရဲဒုက္ခရောက်တတ်၏ဟု ယုံကြည်လက်ခံထားကြ၏။ ဆင်းရဲသား အောက်တန်းလွှာများ တရားအားမထုတ်နိုင်အောင် ဘုရင်မင်းမြတ်က အမိန့်အာဏာဖြင့် ကြည့်ရှု့ကွပ်ကဲသည်ဟူ၏။
စီးပွားရေးအသင်းအဖွဲ့များ
စီးပွားရေးနှင့်ပတ်သက်၍ လယ်သမားလူတန်းစား လုပ်ငန်းရှင်လူတန်းစား စသည် အလွှာအသီးသီးရှိကြ၏။ ယင်းအလွှာ အသီးသီးတို့သည် အသင်းအဖွဲ့များအဖြစ် စနစ်တကျ ရှိကြလေသည်။ ထိုအသင်းအဖွဲ့များကို သံဃ၊ ဂဏ၊ သေဏိ၊ ပူဂ၊ နိကာယ ဟု သင့်သလို ခေါ်ဝေါ်ကြောင်းတွေ့ရ၏။ ယင်းအဖွဲ့စည်းများတွင်လည်း အရည်အချင်းရှိသူကို ဥက္ကဌအဖြစ် တင်မြှောက်ကြ၏။ ယင်းဥက္ကဌကို ပမုခ၊ ဇေဌက၊ ဟုလည်းခေါ်နိုင်၏။ ထို့ကြောင့်ပင် ဗုဒ္ဓစာပေ၌ ကမ္မကာရဇေဌက- ပန်းဘဲအသင်းဥက္ကဌ၊ ဝဍ္ဍကီဇေဌက- လက်သမားအသင်း ဥက္ကဌ၊ သတ္ထဝါဟ-ဇေဌက- ကူးသန်းရောင်းဝယ်ရေး ဥက္ကဌ စသည်ဖြင့် တွေ့နိုင်၏။
ဘာသာအယူဝါဒ
ရှေးခေတ်လူသားတို့သည် ပင်ကိုယ်သဘောအားဖြင့် ကြောက်ရွ့ခြင်းသဘော ရှိကြ၏။ ယနေ့ခေတ်လူသားတို့လို အကြောင်းအကျိုး သိပ္ပံနည်းကျ ဆင်ခြင်တွေးတောနိုင်သော အရည်သွေးသိပ်မရှိကြသေး ။ ထိုသူတို့သည် မိမိတို့မသိ မမြင်နိုင်သော သဘာဝဓာတ် အရာဝတ္ထုတို့ကို မိမိတို့လုပ်နိုင်သော အင်အားထက် ပိုလွန်သည်ဟူ၍ လည်းကောင်း၊ တန်ခိုးရှိသည်ဟူ၍ လည်းကောင်း၊ မှန်းဆပြီး ယင်းတို့ကို အားကိုအားထားပြုလာကြ၏။ စားဝတ်နေရေး ကျန်းမာရေးအတွက် ရာသီဥတုသည် အလွန်အရေးပါသော ကဏ္ဍများဖြစ်ကြ၏။ ရာသီဥတုကောင်းမွန်ဖို့ ကောင်းကင် နေလ လျှပ်စစ်ပန်းနွယ် သဘာဝရေမြေ တောတောင်တို့ကို အားကိုးအားထားပြု၍ ကြောက်အားကြီးသဖြင့် ကိုးကွယ်ကြကုန်၏။ ရံဖန်ရံခါတွင် ထိုသစ်ပင် တောတောင် ရေမြေတို့ကို မိမိတို့အလိုသို့ လိုက်သော အရာများဟူ၍ အသိမှတ်ပြုပြီး ကျေးဇူးတုန့်ပြန်သောအားဖြင့် ကြည်ညိုလေးစား ပူဇော်အပ်သော အရာများ (ဝါ) စေတီနတ်ကွန်းများ ပြုလုပ်ကာ ကိုးကွယ်လာကြ၏။
ပြောင်းရွှေ့သွားလာနေထိုင်ကြခြင်း
ရှေးခေတ်အာရ်ယန် လူမျိုးတို့သည် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ အစာရေစာ ရှားပါးမှုကြောင့် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့ကြရ၏ နေရင်းဒေသ ကက်စပီယန်ပင်လယ် တစ်ဝိုက်မှ အနောက်ဘက်သို့ ပြောင်းရွှေ့သွားသော အာရ်ယန်လူမျိုးတို့သည် ဥရောပတိုက်သား ပြည်သူပြည်သားများဖြစ်လာကြသည်ဟူ၏။ အရှေ့ဘက်သို့ ပြောင်းရွှေ့သွားသောသူတို့သည် အာရှတိုက် အလယ်နှင့် အနောက်ပိုင်းသားဖြစ်သော ပါရှ(အိုင်ရေနီယံ) နှင့် အိန္ဒိယ (အာရ်ယန်) လူမျိုးများ ဖြစ်လာကြ၏။ အရှေ့ဘက်သို့ ပြောင်းရွှေ့လာကြသော အာရ်ယန်လူမျိုးတို့သည် ခရစ်မပေါ်မီ နှစ်(၂၀၀၀) လောက်တွင် တာကစ္စတန်နယ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာကြ၏။ ခရစ်မပေါ်မီ နှစ် (၁၄၀၀) လောက်တွင် နယ်စပ်၌ စတင်၍ အခြေစိုက်မိကြပြီဖြစ်၏ ဟု သမိုင်းသုတေသီ ပညာရှင်တို့က ဆိုကြကုန်၏။
အိန္ဒုမြစ်
ကက်စပီယန်ပင်လယ် ဒေသများမှ ပြောင်းရွှေ့လာကြသော အာရ်ယန်လူမျိုးတို့သည် ယခု အီရန် အီရတ် အာဖဂန်နစ္စတန်နယ်များ၌ ဆွေစဉ်မျိုးဆက် နှစ်ပေါင်းများစွာ ကြာအောင်နေထိုင်လာခဲ့ကြ၏။ ထိုဒေသ နယ်ပယ်များသည် ကျောက်တောင် သဲကန္တာရထူထပ် သဖြင့် ကြီးမားသောရေပြင်ဟူ၍ မမြင်ဘူးသလောက်ပင်။ ထိုနယ်သားများသည် အိန္ဒိယအနောက်မြောက်ဒေသကို ကျော်ဖြတ်၍ အာဖဂန်နစ္စတန် တောင်ပိုင်းရှိ ဟိန္ဒူကုသျှ တောင်ကြားလမ်းမှ ဝင်ပြီး ကဗူးမြစ်ဝှမ်းမှ တဆင့် အိန္ဒယဘက် ပန်ဂျပ်ပြည်ထဲသို့ ရောက်ရှိလာကြ၏။ ယင်းသို့စတင် ရောက်ရှိလာကြသော အာရ်ယန်လူမျိုးတို့သည် ကျယ်ပြန့်ကြီးမားသော ယခုအိန္ဒုမြစ်ကြီးကို တွေ့မြင်ကြရပေတော့၏။ ဆွေစဉ်မျိုးဆက် ဤမျှလောက်ကြီးမားသော မြစ်ရေပြင်ကြီးကို မမြင်ဘူး မတွေ့ဘူးသောကြောင့် အလွန်အံ့သြဘနန်း အံ့မခန်းဖြစ်ရကား “သိန္ဓု၊ သိန္ဓု၊ (ရေ၊ ရေ၊)” ဟု အာမေဍိတ်သံဖြင့် ဟစ်အော်ပြောဆိုကြကုန်၏။ ထိုကိုအစွဲပြု၍ ယင်းမြစ်ပြင်ကျယ်ကြီးကို သိန္ဓုမြစ်ဟု ခေါ်စမှတ်ပြုခဲ့ကြ၏။ ကာလရွေ့လျှောလာသဖြင့် သိန္ဓုမှ အိန္ဒု (Indus) ဟူသော အမည်ကို ပြောင်းလဲလာခဲ့၏။ (ဟိန္ဒူဘာသာဟူရာ၌လည်း သိန္ဓုမှ အိန္ဒု၊ အိန္ဒုမှ ဟိန္ဒူဟု ပြောင်းလဲလာနိုင်စရာရှိသည်။) ပါဠိ-မြန်မာ ပိဋကတ် စာပေတို့၌ ရံဖန်ရံခါ တွေ့ရသော “သိန္ဓောဆား၊ သိန္ဓောမြင်း” ဟူသော စကားတို့သည် သိန္ဓုပုဒ်မှ ဆင်းသက်လာသည့် ထိုဒေသ၌ဖြစ်သော ဆားနှင့် မြင်းတို့ကို ရည်ညွှန်းသော စကားများပင်တည်း။
ဒါသ (ဒါသျှ)- အစေခံ
အာရ်ယန်လူမျိုးတို့သည် ဘိုးစဉ်ဘောင်ဆက်ကပင် အမဲလိုက် မုဆိုးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုလာရကား ကိုယ်ကြမ်းစိတ်ကြမ်းကြကုန်၏။ တိုက်ရေးခိုက်ရေး၌ ဝါသနာပါကြ၏။ အာရ်ယန်လူမျိုးတို့ အိန္ဒိယပြည်ကြီးထဲသို့ ဝင်ရောက်မနေထိုင်ကြသေးမီ ခရစ်နှစ် မပေါ်မီ နှစ် ငါးထောင်ခန့်လောက်မှစ၍ အိန္ဒုမြစ်ဝှမ်း၌ မြို့ပြတည်ထောင်လျက် နေထိုင်ခဲ့ကြသော မိုဟင်ဂျိုဒရိုနှင့် ဟရပ္ပပြည်သူများသည် မြို့ကြီးသူများပီပီ လူ့ယဉ်ကျေးသူများ ဖြစ်ကြသဖြင့် ကိုယ်ရောစိတ်ပါ နုညံ့သိမ်မွေ့ကြကုန်၏။ တိုက်ရေးခိုက်ရေး၌ စိတ်အားမထက်သန်ကြ။ အာရ်ယန်လူမျိုးတို့နှင့် စစ်တိုက်သည့် အခါတိုင်း ရှုံးနိမ့်ခဲ့ကြ၏။ စစ်နိုင်သော အာရ်ယန်လူမျိုးတို့သည် စစ်ရှုံး တိုင်းရင်းသားများကို ကျေးကျွန်ပြုလျက် မိမိတို့အောက် အဆင့်အတန်းနိမ့်သော နေရာ၌ထားကာ ဒါသ (ဒါသျှ)- အစေခံ ကျေးကျွန် ဟူသောအမည်ကို နှိမ့်ချခေါ်ဝေါ်ခဲ့ကြ၏။
ဝေဒကျမ်းစာများ
ဝိဒန္တိ ဓမ္မံ ကမ္မံ ဝါ ဧတေဟီတိ ဝေဒါ ဟူသည်နှင့်အညီ ဓမ္မ သို့မဟုတ် ရှေးကံကို သိကြောင်း အတတ်ပညာ ဖြစ်သောကြောင့် ဣရု ယဇု သာမ အတတ်ပညာများကို ဝေဒ ဟုခေါ်၏။ သဒ္ဒါနည်းဖြင့် ဝ ကို ဗ ပြု၍ ဗေဒ ဟုလည်းခေါ်ကြ၏။ ကပ္ပေါ ဗျာကရဏံ ဇောတိ၊ သတ္ထံ သိက္ခာ နိရုတ္တိ စ၊ ဆန္ဒော ဝိစိတိ စေတာနိ၊ ဝေဒင်္ဂါနိ ဝဒန္တိ ဆ ။ (အဘိဓာန် ဂါထာ ၁၁၀) နှင့်အညီ ထိုဗေဒ ဝေဒ တို့၏ အင်္ဂါ အစိတ်အပိုင်းဖြစ်သော ကပ္ပ ဗျာကရဏ စသော (၆) ကျမ်းတို့ကို ဝေဒင်္ဂ (ဗေဒင်) ဟု ခေါ်၏။ ထိုဝေဒတို့သည် အာထဗ္ဗဏနှင့်တကွ လေးပုံရှိသော်လည်း ယင်းအာထဗ္ဗဏ ဝေဒ အတတ်ပညာသည် သူတစ်ပါးတို့ကို နှိပ်စက်ကြောင်းမန္တန်ဖြစ်သောကြောင့် သူတော်ကောင်းတို့ အသုံးမပြုရကား ဣရု ယဇု သာမ (၃) ပုံကိုသာ ယူ၍ ဝေဒသုံးပုံ (ဗေဒင်သုံးပုံ) ဟုခေါ်ကြ၏။ ယင်းဝေဒကျမ်းစာများသည် ရာစုနှစ်ပေါင်းများစွာ အာရ်ယန်လူမျိုးတို့သည် ဆွေစဉ်မျိုးဆက် စုဆောင်းခဲ့ကြသော ဘုရားရှိခိုးစာ ဓမ္မသီချင်း ဆိုရိုးစကား အဆုံးမစကားများဖြစ်ကြ၏။ ထိုအရာများသည် စစ်နိုင် အာရ်ယန်လူမျိုးတို့ထံမှချည်း ထွက်ပေါ်လာသော အရာများချည်းတော့ မဟုတ်ကြ။ ဒေသခံ စစ်ရှုံး ဒါသ ခေါ် ကျေးကျွန်တို့၏ အယူဝါဒများနှင့် ရောစပ်ပြီး တီထွင်ထားကြ၏။ ယင်းသည်ပင် အာရ်ယိုဒြာဗီဒီယန်ဟု ကိုးကွယ်မှုဘာသာ တစ်မျိုးဖြစ်ပေါ်လာ၏။ ထိုသို့ပေါင်းစပ်ထားသော အယူဝါဒ ကိုးကွယ်မှု အကြောင်းအရာ ဝေဒ တို့သည် အိန္ဒိယပြည်ကြီး၏ ရှေးအကျဆုံးသော စာပေများဖြစ်ကြ၏။
ဣရုဝေဒ
ဝေဒကျမ်းဂန်တို့ ပေါ်ပေါတ်လာသော သက္ကရာဇ်ကို အတိကျ မသတ်မှတ်နိုင်သေး သို့သော် ဣရုဝေဒကို ရှေးအကျဆုံးကျမ်းစာဟု ယူဆနိုင်၏ ။ ယင်းနောက် ယဇုနှင့်သာမဝေဒများ ပေါ်ပေါက်လာပြီး နောက်ဆုံး စတုတ္ထမြောက် အာထဗ္ဗဏဝေဒ ပေါ်ပေါက်လာ၏ ။ ဘာသာစကားအရလည်းကောင်း စပေအရ လည်းကောင်း ဣရုဝေဒသည် အိန္ဒိယ ပြည်ကြိး၏ ရှေးအကျဆုံးဟု ဆိုရမည်ဖြစ်သော်လည်း ခရစ်မပေါ်မီ နှစ်ပေါင်း (၁၀၀၀) လောက်ကစ၍ ပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့က ယူဆကြ၏။ ဣစ္စန္တေ ထောမီယန္တေ ဒေဝါ ဧတာယာတိ ဣရုဟူသည်နှင်အညီ နတ်တို့ကို ချီးမွမ်း ထောမနာကြောင်း ဖြစ်သောကြောင့် ဤဈေဒကို ဣရုဟုခေါ်၏။ ဆိုလိုသည်မှာ ဣရုဝေဒ၏ ဘာသာရေးအရ လုပ်ဆောင်မှုများသည် နတ်ပူဇော်ပသခြင်း၊ ယဇ်ပူဇော်ခြင်း၊ ယင်းတို့နှင့်ဆိုင်သော ဂါထာမန္တရားများကို ရွတ်ဆိုခြင်းများစွာဖြစ်၏။ ဤဣရုဝေဒကျမ်းသည် တစ်ခုတည်းသောခေတ်၌ ရေးသားထားသော ကျမ်းမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက်ကူးပြောင်းပြီး စုဆောင်းလာခဲ့သော ကျမ်းတည်း။ ယင်းဝေဒကျမ်းသည် သမိုင်းလည်းမဟုတ်၊ ကဗျာလည်းမဟုတ်၊ တစ်ပုဒ်နှင့်တစ်ပုဒ် အရွယ်အစားခြင်းမတူသော ဆုတောင်းဂါထာ (၁၀၁၇)ပုဒ်ကို စုစည်းထားသော ကျမ်းပင်ဖြစ်၏။ ဂါထာများကို အခန်းကဏ္ဍ စသည်ခွဲထား၍ လင်္ကာအပိုဒ်ပေါင်း (၁၀၆၀၀) ပါရှိသည်ဟူ၏။ ယင်းတို့သည် ပုဏ္ဏားတို့၏ ဓလေ့ထုံးစံအရ နတ်တို့၏ ကူညီမစ မှိုင်းမရန် ပြုလုပ်ဆောင်ရွက်ရမည့် အချက်အလက်တို့ကို သီကုံးထားသောကျမ်းစာများပင်ဖြစ်ပါသည်။
ယဇုဝေဒ
ယဇ္ဇန္တေ ပုဇ္ဇန္တေ ဒေဝါ အနေနာတိ ယဇု ဟူသည်နှင့်အညီ နတ်တို့ကို ပူဇော်ကြောင်းဖြစ်သောကြောင့် ယဇု ဟုခေါ်၏။ နတ်တို့ကို ပူဇော်ပသမှု၌ လုပ်ထုံးလုပ်နည်း ဥပဒေသစည်းကမ်းများကို ပိုမို တင်းကြပ်စေရုံမျှမက ပိုမိုကျယ်ပြန့်စေရန် ပညာရှိပုဏ္ဏားတို့ကပင် ယင်းယဇုဝေဒကျမ်းကို စီရင်ခဲ့ကြသည်။ နတ်ပူဇော်မှုနှင့် ပတ်သက်၍ ရှုပ်ထွေးပွေလီသော လုပ်ထုံးလုပ်နည်းများကို ဤကျမ်း၌ စီရင်ထား၏။ ဥပမာ- ယဇ်ပူဇော်ပုံအမျိုးမျိုး ယဇ်ပူဇော်မည့်နေရာရွေးနည်း ယဇ်တိုင်ရွေးနည်း ယဇ်တိုင်စိုက်နည်း ဂါထာမန္တန် ရွတ်ဖတ်နည်းတို့ ရှုပ်ထွေးပွေလီစွာ ပါဝင်နေ၏။ ယင်းယဇုဝေဒကျမ်းကို ပုဏ္ဏားတို့၏ ယဇ်ပူဇော်နည်း နိဿျည်းကျမ်းဟု လည်းကောင်း ယဇ်မျိုးစုံ အဖွင့်ကျမ်းဟုလည်းကောင်း ဆိုနိုင်၏။
သာမဝေဒ
သောယန္တိ အန္တံ ကရောန္တိ သာယန္တိ ဝါ တနုံ ကရောန္တိ ပါပမနေနာတိ သာမံ ဟူသော ဝိဂြဟ်ဝစနတ္ထနှင့် အညီ မကောင်းမှုကို အဆုံးပြုကြောင်း သို့မဟုတ် နည်းပါးသွားအောင် ပြုကြောင်းအတတ်ကို သာမ ဟုခေါ်သည်။ ပုဏ္ဏားတို့သည် ယဇုဝေဒ၌ပါသော လုပ်ထုံးလုပ်နည်းများနှင့်ပင် မရောင့်ရဲနိုင်ကြဘဲ မိမိတို့၏ တန်ခိုးအရှိန်အဝါ ကြီးမားလိုမှုအတွက် ဂါထာမန္တရားအတတ် စသည်များသည် မကောင်းမှုတွေကို ကုန်ဆုံးနည်းပါးစေသယောင်ယောင် ပြောဆိုကြပြီး ဤသာမဝေဒကို ထပ်ဆင့်ပြီး စီရင်ခဲ့ကြပြန်၏။ ယဇ်ပူဇော်ရာ၌ မှားယွင်းမှု တစ်စုံတစ်ခု မရှိစေဘဲ တိကျမှန်ကန်စွာ လုပ်နာပြုလုပ်ပါမှ အကျိုးအာနိသင်ရှိကြောင်းကို ဤကျမ်း၌ ဖော်ပြကြကုန်၏။ အမှန်တကယ်အားဖြင့် ဤယဇုနှင့် သာမဝေဒ ကျမ်းများသည် ကြီးကျယ်ခမ်းနားသော ယဇ်ပူဇော်ပွဲလမ်း သဘင်ကြီးတွေအတွက် ပုဏ္ဏားတို့၏ လုပ်ထုံးလုအနည်းအရ လမ်းညွှန်စီရင်ထားခြင်းပင်ဖြစ်၏။
အာထဗ္ဗဏဝေဒ
အာထဗ္ဗဏ ဝေဒေါ နာမ အာထဗ္ဗဏ ဝေဒိကေဟိ ဝိဟိတော ပရူပဃာတကာရော မန္တော ဟူသော စကားအရ အထရ်ဗန် (အထဗ္ဗန်) မည်သော ရသေ့သည် စီရင်အပ်သော သူတစ်ပါးတို့ကို ညှင်းပန်းနှိပ်စက်ကြောင်း ဖြစ်သော ဝေဒကျမ်းသည် အာထဗ္ဗဏဝေဒ မည်၏။ ဤကျမ်း၌ပါသော အကြောင်းအရာများသည် မှော်အတတ် စုန်းကဝေအတတ် မျက်လှည့်အတတ် ယနေ့ခေတ်အခေါ် ပယောဂအတတ် စသည်တို့ဖြစ်ကြ၏။ ဤအာထဗ္ဗဏဝေဒကို ဘာသာရေးအမြင်အရ အောက်တန်းကျသဖြင့် မြင့်မြတ်သော အယူဝါဒီ အထက်တန်းကျသူများက အသုံးမပြုကြပေ။ ယင်းဝေဒသည် သူတစ်ပါးတို့ကို ဆင်းရဲဒုက္ခပေးရာရောက်သော်လည်း ထိုခေတ်က ယင်းဝေဒကို လူအတော်များများ နှစ်သက်လိုက်စားဟန်တူ၏။ ဤဗုဒ္ဓခေတကြိုကို လေ့လာရာ၌ ဗုဒ္ဓခေတ်ကြိုက နတ်များအကြောင်း ဗြာဟ္မဏတို့၏ အာရညကကျမ်းများ ဥပနိသျှဒ်ကျမ်းများ စာရ်ဝကဝါဒနှင့် တိတ္ထိဆရာကြီး (၆) ယောက်တို့၏ အယူဝါဒ အကြောင်းများကို တစေ့တစောင်း တင်ပြသင့်သော်လည်း ကျယ်ဝန်းသွားမည်စိုးသောကြောင့် ချန်လှပ်၍ ထားခဲ့၏။ သို့ဖြစ်ပါ၍ မြတ်ဗုဒ္ဓ မပွင့်ပေါ်မီ ရာစုနှစ်ပေါင်းများစွာကပင် အိန္ဒိယပြည်ကြီး၌ ဘာသာအယူဝါဒ အမျိုးမျိုး ယုံကြည်မှုအမျိုးမျိုး တွေးခေါ်မှုအထွေထွေ ပေါ်ပေါက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ လူသားတို့သည်လည်း ခေတ်အဆက်ဆက်ကပင် မိမိတို့၏ ဘဝလွတ်မြောက်ရေး ဝိမောက္ခအတွက် ဘာသာအယူဝါဒအလိုက် ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရပေသည်။
မှတ်ချက်။ ၂၀၀၆ ခုနှစ် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်က ထုတ်ဝေခဲ့သည် ဓမ္မအသံ (THE VOICE OF DHAMMA) နှစ်ပတ်လည် မဂ္ဂဇင်းမှ မိမိ၏ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
အရှင်သုတာစာရာလင်္ကာရ(ဇလဂ္ဂ)
လင်္ကာဒီပကျောင်းဆောင်
သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်
ခေတ္တ
အရှင်သုတာစာရာလင်္ကာရ(ဇလဂ္ဂ)
Ashin sutacaralankara
သာမဏေကျော်၊
သာသနဓဇဓမ္မာစရိယ
Dip in English& Buddhadhamma (SIBA)
Dip in English through Buddhism (Sri Lanka)
Double M.A, (Sri Lanka) Ph.D (Thesis)
Nalanda University (India)
(21th 12- 2010)
No comments:
Post a Comment