လောကတွင်လူတစ်ယောက်နှင့်တစ်ယောက် စိတ်ဓာတ်ရင့်ကျက်ခြင်း ဥာဏ်ရည်ဥာဏ်သွေးကောင်းခြင်း
စဉ်းစားတွေးခေါ်မှု့ ကောင်းခြင်းတို့ မတူနိုင်ကြပေ။ လူတစ်ယောက်တည်းဖြစ်စေကာမူ
အသက်အရွယ်အလိုက် သူ့၏တွေ့ကြုံအလိုက် အတွေးအမြင်စသည်တို့ကွဲပြားကောင်းကွဲပြားနိုင်ပါသေးတယ်။
ဥပမာ နို့စို့ကလေးငယ်တစ်ယောက်ဟာ သူ့အလို သူ့ဆန္ဒအရ
သက်တောင့်သက်သာနေနိုင်မှု့လောက်ကိုသာ
သိမြင်တွေးခေါ်ပါလိမ့်မယ်။ သူနို့ဆာရင် အနှီးစိုရင်ငိုပါလိမ့်မယ်။ မိဘတို့က သူ့ငိုသံကြားရင်
သူ့ဆန္ဒကိုနားလည်းဖြည့်ဆည်းပေးရပါတယ်။ သုံးနှစ်လောက်အသက်ရွယ်ရောက်လာတော့
သူလိုလားတဲ့ကစားစရာလေးများကိုလိုလားတောင့်တပါလိမ့်မယ်။ မိမိအလိုမကျတဲ့အရာဆိုရင်
အရွယ်နှင့်မလိုက်အောင်စိတ်ကောက်စိတ်ဆိုးမှာပေါ့။ သူလိုလားတာကို
လူကြီးမိဘများကဖြည့်စွမ်းပေးတဲ့အခါမှာတော့ အတိုင်းမသိပျော်ရွှင်တတ်ပြီး
အရွယ်နဲ့မလိုက်အောင်လိမ္မာတယ်။ချစ်စရာကောင်းမှာပေါ့။ အဲ အသက်၂၀လောက်ရောက်ပြန်တော့
တချိန်က မိမိခဲတံကျိုးသွားခြင်းစတဲ့ အသေးအဖွဲကိစ္စလေးတွေကြောင့် စိတ်ကောက်စိတ်ဆိုး
အော်ဟစ်ငိုကြွေးပြီး အသက်သုံးနှစ်အရွယ် ကလေးပမာတော့ ပြုမူမှာမဟုတ်တော့ပါဘူး။ ဆိုလိုတာက
အသက်အလိုက် စိတ်ဓာတ်ရင့်ကျက်မှု့အလိုက်ကွဲပြားခြားနားလာနိုင်ပါတယ်။ အမြင်ကွဲပြားလာပါလိမ့်မယ်။
ဒီနေရာမှာသူ့အတွေးကိုယ့်အမြင်,ကိုယ့်အမြင်သူ့အတွေးဟာလည်းလုံးဝကွဲပြားခြားနားနိုင်ပါတယ်။
စဉ်းစားတွေးခေါ်တတ်တဲ့သူဟာ အကြောင်းရာကိစ္စတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ရှု့မြင်သုံးသပ်
ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ မိမိအတွေးအမြင်ကို မိမိရှူ့ဒေါင့်မှ အမှန်ချည်းဟု တရားသေဆုပ်ကိုင်မထားဘဲ
အခြားသူတွေရဲ့အတွေးအမြင်တွေကိုလည်း အခြားသူရဲ့ရှု့ဒေါင့်မှ ခံစားနားလည် ကြည့်တတ်ဖို့
အားပေးကူညီတတ်ဖို့လိုပါတယ်။ သဲကြီးမဲကြီးတဖက်သတ် တဖက်သားအတွေအမြင်တွေကို
တိုက်ခိုက်ဖို့မကောင်းပါ။ အခြားသူရဲ့ရှု့ဒေါင့်မှ ဝင်ကြည့်လိုက်ခြင်းဟာ အခြားသူရဲ့ ကြောင်းကျိုးဆက်စပ်
ပူးပေါင်းလိုက်မှု့ အပြုသဘောဆောင်ပါတယ်။ နှစ်ဦးနှစ်ဖက် အမြင်ကွဲပြား
သဘောထားကွဲလွဲမှု့မှသဘောတူညီမှု့အဖြစ်သို့ရောက်တဲ့အနေထားတွေ
သာဓကတွေရှိပါတယ်။ ဒါကြောင့်မိမိရဲ့အတွေးအမြင်တွေသာ မှန်တယ်။
သူ့အတွေသူ့အမြင်တွေကတော့လုံးဝလက်ခံနိုင်စရာမရှိဘူး မှားတယ်လို့ မိမိရဲ့အတ္တကိုရှေ့တန်းတင်ပြီး
မပြုလုပ်သင့်ပါဘူး။ မိမိရဲ့အတ္တမာနတွေကို အရောင်တင်ချင်လွန်းတဲ့အတွက်
အခြားသူတွေရဲ့အတွေးအမြင်တွေကို သဘောမတူလက်မခံနိုင်ကြတာပါ။
ခြားနာတဲ့အမြင်တမျိုးက ခြားနားတဲ့ အမြင်သဘောထားတစ်ရပ်ကို ပေးစွမ်းနိုင်ပါတယ်။ သို့ဖြစ်စေကာမူ
ရှုဒေါင့်တစ်ခုတည်းမှပင် ကြည့်ရမြင်ရသော်လည်း ကွဲပြားခြားနားတဲ့ သဘောထားအမြင်များ
ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာ စာသင်ကျောင်းများတွင် ကွန်ပျူတာများ အသုံးပြုခြင်းအားဖြင့်
သတင်းအချက်အလက်မျိုးစုံကို ကလေးတွေ ကြားသိလေ့လာခွင့်ရလာတယ်။ ဗဟုသုတပိုတိုးလာတယ်။
ဒါက မိဘတစ်ဦးရဲ့အမြင်။
အခြားမိဘတစ်ဦးရဲ့အမြင်မှာတော့ ဒီလိုမဟုတ်ပါ။ ကွန်ပျူတာတွေက ကလေးတွေ
ကွန်ပျူတာရှေ့မှာအမြဲနေတဲ့အတွက် အခြားသူတွေနှင့်အချင်းချင်း
ပေါင်းသင်းဆက်ဆံရေးနည်းပါးသွားစေတယ်။ ဒီလိုနည်းပါးလာမှုကြောင့် ကလေးများအခြင်းခြင်း
သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံနိုင်စွမ်းနည်းပါစေတယ်။ ဒီလို မတူကွဲပြားအယူအဆ အမြင်
အတွေးခေါ်များ ကျောင်းသားမိဘတွေထံမှ ပေါ်ထွက်လာတာချည်းပါ။ ယင်းထင်မြင်ချက်နှစ်မျိုးလုံး
အကျိုးသင့်အကြောင့်သင့် ရှိတာချည်း။သူ့အတွေးသူ့အမြင်သူ့ရှု့ဒေါင့်နှင့်သူ ခိုင်လုံနေသည်ချည်း
မှန်နေသည်ပင်။
ဒီနေရာမှာ မိမိဖတ်ဖူးသောအမြင်ကွဲပြားတဲ့အရာလေးတွေကို တင်ပြချင်ပါသေးတယ်။
“အကောင်းဆုံးလမ်း”ဆိုတာလေးနှင့်ပတ်သက်လို့ပါ။ ဖြစ်နိုင်ခြေရှိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ
တော်တော်များများ ထွက်လာနိုင်ပါတယ်။
(၁) အကောင်းဆုံး ဆိုသည်မှာ အမြန်ဆုံးရောက်တဲ့လမ်း
(၂) အကောင်းဆုံးဆိုသည်မှာ ရှု့ခင်းတွေနှင့်အလှပဆုံးလမ်း
(၃) အကောင်းဆုံးဆိုသည်မှာ သွားရေးလာရေးအလွယ်ကူဆုံးလမ်း
(၄) အကောင်းဆုံးဆိုသည်မှာ ယဉ်အသွားလာအရှင်းဆုံးလမ်း
(၅) အကောင်းဆုံးဆိုသည်မှာ အတိုဆုံးလမ်းကြာင်းဟု အဓိပ္ပါယ်ရပါတယ် စသည်ဖြင့် အမြင်အမျိုးမျိုးထွက်လာနိုင်ပါတယ်။
ဒီတော့ အကောင်းဆုံးဆိုတဲ့ စကားအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းတိတိကျကျ
အဓိပ္ပါယ်ဖွင့်မထားသေးသမျှ
အဓိပ္ပါယ်ဖွင့်မထားသေးသမျှ
ကွဲပြားခြားနားတဲ့ အတွေးအခေါ်ထင်မြင်ချက်အားလုံးဟာ သူ့အယူအဆနှင့်သူ
ကျိုးကြောင်းခုံလုံညီညွတ်နေမှာပါဘဲ။ လူတစ်ဦးအတွက် သွားရေးလာရေး အလွယ်ကူဆုံးလမ်းဟာ
အကောင်းဆုံးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခြားတစ်ဦးအဖို့တော့ အမြန်ဆုံးရောက်တဲ့လမ်းဟာ
အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ နောက်တစ်ဦးအတွက်မူ ရှု့ခင်းအလှပဆုံးလမ်းဟာ
သွားဖို့အကောင်းဆုံးလမ်းဖြစ်ပါလိမ့်မယ် စသည်ဖြင့် အကောင်းဆိုတဲ့အရာသည်ပင်အမြင်ကွဲပြားနိုင်ပါတယ်။
ဒီနေရာမှာ အမြင်ကွဲပြားတာနှင့်ပတ်သက်လို့ အင်္ဂလိပ်ဇာတ်လမ်းလေးတစ်ခုရှိပါတယ်။
တစ်ခါက တောင်ကုန်းခပ်မြင့်မြင့်လေးပေါ်မှာ စားသောက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ လမ်းမကြီးကတော့
တောင်မြောက်ဖောက်ထားတယ်တဲ့။ တောင်ရဲ့မြောက်ဖက်နှင့်တောင်ဖက်ကလူနှစ်ယောက်ဟာ မြင်းစီးပြီး
ဓားလွယ်ကိုယ်စီသိုင်းလျှက် ဒီတောင်ကုန်းလေးပေါ်က စားသောက်ဆိုင်လေးမှာခေတ္တရပ်နားကြတယ်။
အဲဒီစားသောက်ဆိုင်ထဲမှာ သူတို့နှစ်ယောက်ခြင်္သေ့အရုပ်ကလေးတစ်ခုကိုတွေ့မြင်ကြတယ်။ မြောက်ဖက်က
လာတဲ့သူက ရွှေခြင်္သေ့ရုပ်လေးထင်ပြီး ရွှေခြင်္သေစားသောက်ဆိုင်လို့ ပြောလိုက်တယ်။ တောက်ဖက်က
လာတဲ့သူကလည်း မော့ကြည့်ပြီး မိတ်ဆွေမဟုတ်ဘူး ခင်ဗျားမှားနေတယ်။ သူ့ဘက်ကကြည့်တော့
ငွေခြင်္သေ့ရုပ်ဖြစ်နေလို့ ငွေခြင်္သေ့စားသောက်ဆိုင်ပါဗျာ။ ခင်များရမ်းသမ်းမပြောပါနှင့်။ ဒီလိုနဲ့မကျေနပ်လို့
စကားများကြရင်း ဓားချင်းယှဉ်ခုတ်ကြတယ်ပေါ့။ ဒီအချိန်မှာ အသံရှင်နတ်သမီးလေးက ဖြုန်းကနဲ
ဘွားကနဲရုတ်တရက်ပေါ်လာတယ်။ ရှင်တို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲလို့မေးတော့
အမှန်တရားအတွက်ကျွန်တော်တို့ တိုက်ပွဲဝင်ကြတာလို့ပြန်ဖြေကြတယ်။ တကယ်တော့
သူတို့နှစ်ယောက်ရဲ့အမှန်တရားဆိုတာ ပြည့်စုံတဲ့အမှန်တရားတော့ မဟုတ်ဘူး။
ကိုယ့်အမြင်လောက်ကိုဘဲရှေ့တန်းတင်ပြီး အမှန်ယူဆပြီး အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတာပါ။
မတူကွဲပြားတဲ့အမြင်ကိုအခြေခံတာပါ။ ဒီတော့ နတ်သမီးလေးက ပြောတယ်။ မြောက်ဖက်က
လာတဲ့လူကြီးမင်း တောင်ဖက်ကိုသွားပါရှင်။ တောင်ဖက်က လူကြီးမင်းကလည်း မြောက်ဖက်ကို
သွားကြည့်ပါဦးတဲ့။ အမှန်တော့ ခြင်္သေ့ရုပ်ဟာ ရွှေတစ်ဖက်ငွေတစ်ဖက်လုပ်ထားတာပါ။
ဒါကြောင့်နှစ်ယောက်လုံးမှန်ကြသလို နှစ်ယောက်လုံးမှားတယ်ပေါ့။ ဆိုလိုတာက တခါတလေ လူတွေဟာ
တဖက်ဘဲသိမယ်။ ကျွမ်းကျင်မယ်။ အကုန်မသိနိုင်ကြပါဘူး။ တစ်ပိုင်းတစ်စအမြင်လေးနဲ့ကိုယ့်အတွေးမြင်တာ
မှန်တယ် ပြည့်စုံတယ်လို့တော့ မထင်သင့်ပါဘူး။
ထိုပုံပြင်မျိုးခပ်ဆင်ဆင်လေးတွေများစွာရှိပါတယ်။ လူတစ်ယောက်ဟာ ဘုရားရှိခိုးကျောင်းရဲ့ မြောက်ဘက်တွင်ရပ်နေတယ်။ သူက သူ့ရှု့ဒေါင့်သူ့မှမြင်ရတဲ့မြင်ကွင်းကို ဖွဲ့နွဲ့ပြောဆိုနေတယ်။
အခြားလူကလည်း ဘုရားရှိခိုးကျောင်း၏တောင်ဘက်တွင်ရပ်လျှက်
သူမြင်ရတဲ့မြင်ကွင်းကိုဘဲဖွဲ့နွဲ့ပြောဆိုပါတယ်။ ဘုရားရှိခိုးကျောင်းနှင့်ပတ်သက်ပြီး
သူတို့နှစ်ယောက်ရဲ့မတူညီတဲ့ အမြင်နှစ်မျိုးစလုံး ကျိုးကြောင်းဆီလျှော်တယ်။ သူ့အမြင်နဲ့သူ ခိုင်လုံနေပါတယ်။
နောက်တစ်ခုကတော့ မိမိရဲ့မော်တော်ကားကို အဖြူတစ်ခြမ်း အနက်တစ်ခြမ်းဆေးသုတ်ထားတဲ့
သူတစ်ယောက်ရဲ့ဇာတ်လမ်းလေးလည်းရှိပါသေးတယ်။ ဒီလိုကြောင်တောင်တောင် ထူးထူးခြားခြားအလုပ်ကို
ဘာကြောင့်လုပ်ရသလဲလို့ သူ့မိတ်ဆွေတွေက မေးတော့ သူပြန်ပြောတာကတော့
“ကျွန်တော်မတော်တဆ ကားတိုက်မှုဖြစ်တဲ့အခါ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကို ကြားရတာ
ရယ်စရာကောင်းလွန်းလို့ပါဗျာ။ သူတို့တစ်တွေ ကျမ်းကျိန်ဆိုပြီးထွက်ဆိုကြတာပါဘဲ။
တစ်ယောက်ကထွက်ဆိုတယ်။ မော်တော်ဆိုင်ကယ် စီးလာသူကို ဝင်တိုက်တာ ကားအဖြူလေးပါတဲ့။
နောက်တစ်ယောက်ကတော့ ဝင်တိုက်တဲ့ကားဟာ ကားအနက်ကလေးပါတဲ့။
ဒီတော့မျက်မြင်သက်သေနှစ်ဦးစလုံး သူ့ရှု့ဒေါင့်နဲ့သူ သူ့အမြင်နဲ့သူ မှန်ကြပါလိမ့်မယ်။
စီးပွားရေးလုပ်ငန်းမှာ အိမ်ဝယ်ဖို့အတွက် ငွေချေးသူများရဲ့ ရှု့ဒေါင့်မှကြည့်လျှင် အတိုးနှုံးနည်းခြင်းဟာ
ကောင်းသောလက္ခဏာဖြစ်ပါလိမ့်မယ်။ သို့သော် ငွေထုတ်ချေးသူများ(ဘဏ်စသည်)ရဲ့
ရှု့ဒေါင့်ဘက်ကကြည့်လျှင် အတိုးနှံးနည်းခြင်းဟာ ကြိုဆိုဝမ်းမြောက်စရာမဟုတ်နိုင်ပါဘူး။ အမြင်နှစ်မျိုး
ဆန်ကျင်ကွဲပြားပေမဲ့ အမြင်နှစ်မျိုလုံး မှန်နေကြတာချည်းပါ။
မြတ်ဗုဒ္ဓကတော့ နာနာတိတ္ထိယသုတ်ဒေသနာတော်ထဲမှာ “ ဝိဂ္ဂယှနံ ဝိဝဒန္တိ။ ဇနာ ဧကင်္ဂဒဿိနော”
လို့ဟောတော်မူခဲ့တယ်။ ဆိုလိုတာက လူတွေဟာ တစ်ပိုင်းတစ်စအမြင်ကလေးတွေနဲ့
ကိုယ့်တစ်ပိုင်းတစ်စအမြင်လေးတွေကို အတင်းဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်တဲ့။ အင်္ဂလိပ်စာအုပ်
ဟိန္ဒီစာအုပ်တွေထဲမှာရော ငယ်ငယ်က မူလတန်းကျောင်းသုံးစာအုပ်တွေထဲမှာရော
မျက်မမြင်ပုဏ္ဏားခြောက်ယောက်အကြောင်း တွေ့ဖူးဖတ်ဖူးသင်ယူလေ့လာဖူးပါတယ်။ ဥဒါန်းပါဠိ
နာနာတိတ္ထိယသုတ်မှာတော့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်မဟုတ်ဘဲ မျက်မမြင်ပုဏ္ဏား အုပ်စု ကိုးစုခွဲကာ
ဆင်တစ်ကောင်ကို စမ်းကြည့်ကြတဲ့အကြောင်းတွေ့ရပါတယ်။ ဒီသုတ်တော်ရဲ့အကျဉ်းချုပ်ကလေးကတော
့
သာဝတ္ထိပြည် ဘုရင်ကောသလဟာ မြို့တွင်းထဲမှာရှိတဲ့မျက်မမြင်တွေကို နန်းရင်ပြင်မှာ စုဝေးစေပြီး အုပ်စု
ကိုးအုပ်စု ခွဲပေးကာ ဆင်ကိုစမ်းခိုင်းလျှက် သူတို့ရဲ့ထင်မြင်ျက်တွေကို မေးစေပါသတဲ့။ ဆင်ရဲ့ကိုယ်ခန္ဓာကို
စမ်းတဲ့မျက်မမြင်တစ်စုကတော့ ဆင်ဆိုတာ အုတ်နံရံကြီးလိုပါဘဲတဲ့။ ဆင်အစွယ်ကို စမ်းမိသူတွေကတော့
ဆင်ဆိုဆာတုတ်ချောင်းကြီးလိုပါဘဲတဲ့။ မြီးဆံကိုစမ်းမိသူတွေကတော့ ဆင်ဆိုတာ တံမြက်စည်းလိုပါဘဲတဲ့။
ခြေထောက်ကိုစမ်းမိတဲ့အုပ်စုကတော့ ဆင်ဆိုတာ တိုင်ကြီးလိုပါဘဲတဲ့။ နားရွက်ကိုစမ်းမိသူတွေကတော့
ဆင်ဆိုတာ ယပ်တောင်ကြီးလိုပါဘဲတဲ့။ စသည်ဖြင့် အသီးသီး ကိုယ့်အထင်တိုင်း
ကိုယ့်အတွေ့အတိုင်းပြောကြပါတယ်။ ပြောရင်းပြောရင်း အုပ်စုအချင်းချင်း ငြင်းခုံခိုက်ရန်ဖြစ်ပါသတဲ့။
ကောသလမင်းကြီးဟာ သဘောကျလွန်းလို့ ဟားတိုက်တောင်ရယ်ပါသတဲ့။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့
မြတ်ဗုဒ္ဓက တဖက်သတ်အမြင်ကိုဘဲ အစွဲလမ်းကြီးပြီး ကိုယ့်အယူတာမှန်တယ် အခြားအယူအဆ
သဘောထားက မှားတယ်လို့ မပြောသင့်ပါဘူး။ ကိုယ့်အမြင်ကိုယ့်အတွေးကိုသာရှေ့တန်းတင်ပြီး
သူတစ်ပါးအတွေးအမြင်တွေကို ပယ်ချနေတာဟာ မှားယွင်းပါတယ်။ တစ်ပိုင်းတစ်စ
ကိုယ့်အမြင်လေးလောက်နဲ့ အခြားသူတွေရဲ့အမြင်တွေကို
မှားတယ်လို့မပြောသင့်ကြောင်းဟောတော်မူခဲ့ဘူးပါတယ်။
အကောင်းမြင်တတ်ဖို့လည်းအရေးကြီးပါတယ်။ ဖန်ခွက်တစ်လုံးရှိတယ်။ ၎င်းဖန်ခွက်ထဲမှာ
ရေတစ်ဝက်ထည့်ထားတယ်။ အဆိုးမြင်ဝါဒီကတော့ ဖန်ခွက်ထဲမှာ ရေအပြည့်မရှိဘူး။
တစ်ဝက်လျှော့နေတယ်လို့ရှု့မြင်တယ်။ အကောင်းမြင်သူကတော့ အော်ဖန်ခွက်ထဲမှာ
ရေတစ်ဝက်ကြီးများတောင်ရှိသေးတယ်။ ဖန်ခွက်တစ်ဝက်ပြည့်နေတယ်လို့ရှု့မြင်ပါတယ်။
အခြားသူတွေရဲ့ကောင်းကွက်ကိုရှာတာဟာ မေတ္တာပါဘဲ။ အမြင်မတူသော်လည်းကောင်းကွက်လေးတွေကို
ရှာကြံပြီးချီးမွမ်းနိုင်ပါတယ်။
အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးကလည်း ဒီအတိုင်းဟောခဲ့ဘူးပါတယ်။ နွေအခါရေဆာနေတဲ့
လူနှစ်ယောက်ဟာ သစ်ရွက်အမှိုက်သရိုက်တွေဖုံးလွမ်းနေတဲ့ ရေအိုင်ကိုတွေ့တော့
အဆိုးမြင်တဲ့လူတစ်ယောက်က ရေဟာမသန့်ရှင်းဘူး အမှိုက်တွေနဲ့ဆိုပြီး မသောက်ပါဘူး။
အခြားအကောင်းမြင်တဲ့သူကတော့ အော် ရေလေးဟာ သစ်ကိုင်းသစ်ခက်လေးတွေဖုံးနေတော့
အေးမြမှာဘဲ။ ဒီသစ်ကိုင်းသစ်ခက်လေးတွေ အမှိုက်သရိုက်လေးတွေဖယ်ပြီးတော့ သောက်ဦးမှာဘဲဆိုပြီး
သောက်သုံးပါတယ်။ ကောင်းကွက်လေးကို ရှာကြံပြီး တစ်ခါတစ်ရံကျေးဇူးတင်ရပါတယ်။
မိမိအတွေးအမြင်လေးတွေကို တစ်ဖက်သတ်ရှေ့တန်းမတင်ဘဲ အခြားသူတွေရဲ့
အတွေးအမြင်လေးတွေကိုလည်း နားလည်ပေးပြီး အကယ်၍ တစ်ဦးနှင့်တစ်ဦး အမြင်ကွဲပြားသောအခါ
ယင်းကွဲလွဲချက်၏ သဘောသဘာဝကို ကွဲလွဲရခြင်း၏အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး
ရှင်းလင်းနိုင်ပါစေ ညှိနှိုင်းအဖြေရှာကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်
မေ့သားလှ-ဇလဂ္ဂ
Sat, 11th Dec, 2010
No comments:
Post a Comment