“ေဇယ်.. မင်း ပြန်တော့
.. ’’
မိမိ၏ နှုတ်မှ ထုတ်ပြော
လိုက်သော အခါ အံ့သြသော အမူအယာဖြင့် တပ်မှူးကြီး ဇေယျသင်္ခ မော့ကြည့်လာသည်။
မိမိက သူ၏ မျက်နှာကို
ပြန်လည် စိုက်ကြည့်လိုက်သောအခါမှ ရိုကျိုးစွာ မျက်နှာလွှဲခေါင်းငုံ သွားသည်။ သို့သော်
အနားမှ တစ်ဖဝါးမှ မခွါသေး။
“စိတ်ချ ဇေယျ.. အခုလည်း
သာမာန်လူလို ဝတ်စားထားတာပဲ.. ဘာမှ မဖြစ်လာနိုင်ပါဘူး.. ဖြစ်လာရင်လည်း ငါ့လက်ရုံးကို
ငါယုံတယ်..” မိန့်ကြားပုံသည်ပင် ရာဇမာန် ပါနေသည်။
ဗာရာဏသီတွင် လေးနှစ်မှ
တစ်ကြိမ် ကျင်းပသော ပွဲတော်သည် စည်ကားလှသည်။ ထိုပွဲတော်တွင် ဖျော်ဖြေရေးအဖြစ် အငို၊
အဆို ကဇာတ်ပွဲများ၊ ထူးဆန်းသော ကကွက်များဖြင့် တိုင်ထိပ်ဖျားနှင့် ကြိုးတန်းများတွင်
မျောက်များသဖွယ် ကျွမ်းထိုး ဖျော်ဖြေကြသော ပွဲများ၊ လက်လှည့်၊ မျက်လှည့်ပွဲများ၊ အရုပ်များဖြင့်
ကပြသော ပွဲများ စသည်ဖြင့် စည်ကားလှသည်။ ထိုပွဲများကို လာရောက်ကြည့်ရှုကြသော ပွဲလာများကို
အမှီပြု၍ အကြော်ဆိုင်များ၊ သေရည်ဆိုင်များ၊ အသုံးအဆောင်မျိုးစုံ ရောင်းချသော ဆိုင်များ
သည်လည်း ဈေးတန်းထိုး၍ ရောင်းချကြသည်။ ဝါသနာပါသူများ အတွက်လည်း လောင်းကစားဝိုင်းများ
ရှိသဖြင့် အလွန် စည်ကားလှသော ပွဲလမ်းသဘင်ကြီး ဖြစ်ပေသည်။
အိမ်ရှေ့မင်း ဆိုသည်မှာ
နောင်တစ်ချိန် ရှင်ဘုရင်ဖြစ်ရန် ကြိုတင် တာဝန်ယူထားရသဖြင့် တိုင်းပြည် အုပ်ချုပ် မင်းလုပ်နိုင်စေရန်
အသိပညာ အတတ်ပညာများကို သာမန်လူတို့ထက် ကြိုးစားသင်ယူခဲ့ရသည်။ စစ်ရေးလေ့ကျင့်ဆောင်၊
စာဖတ်ခန်း၊ ပရဆေးဥယျာဉ် စသည့် နေရာများတွင်သာ ငယ်စဉ်အချိန်များကို အသုံးချခဲ့ရသည်။
ယခုလို တိုင်းပြည်တွင် လေးနှစ်တစ်ကြိမ် ကျင်းပသော ပွဲကို မဆိုထားနှင့် ဖခမည်းတော်၏
နှစ်စဉ်ကျင်းပမြဲဖြစ်သော မွေးနေ့ပွဲကိုပင် ခဏသာ တတ်ရောက်ဖြစ်သည်။ ခရုသင်းမှုတ်သည့်အခါ
ခမည်းတော်နှင့်အတူ ဗိုလ်ရှုဆောင်သို့ ဝင်၊ ခမည်းတော်၏ အမှတ်တရစကား ပြီးဆုံးသည်နှင့်
ဧည့်သည်တော်များ မူးမတ်များ၏ ရှည်လျားလှသော ဟိမဝန္တာချီးမွမ်းခန်းကို နားထောင်ရသည်မှာ
စိတ်မရှည်သဖြင့် အကအလှများ ဖျော်ဖြေသည်ကိုပင် မရှုစားတော့ပဲ ပြန်ခဲ့သည်က များသည်။
ယခုတော့ ခမည်းတော်
နတ်ရွာလားသည်မှာ တစ်နှစ်ပြည့်တော့မည်။ မိမိ ဘုရင်ဖြစ်သည်မှာလည်း တစ်နှစ်ပြည့်တော့ မည်။
မည်မျှပင် ပညာများ သင်ယူလေ့လာထားသည် ဆိုစေဦး တကယ်တမ်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသောအခါ
လက်တွေ့ အခက်အခဲများဖြင့် များစွာ ရင်ဆိုင်ရတော့သည်။ မင်းမြောက်တန်ဆာ ငါးပါးကို ဆင်ယင်လိုက်ခြင်းသည်ပင်
မိမိပခုံးပေါ်သို့ တိုင်းပြည်တစ်ပြည်လုံး ထမ်းတင်လိုက်ရသကဲ့သို့ လေးလံလှပေသည်။
“ဗာရာဏသီရဲ့ ဘုရင်မင်းမြတ်
ဗက ရာဇာ သက်တော်ထောင်ကျော် ရှည်ပါစေ”ဟု ရွတ်ဆိုကြသော ရာဇဘိသိတ် ခံယူပြီးသည့် နေ့မှစတင်၍
တိုင်းပြည်တာဝန်များ၊ နန်းတွင်းရေးရာများကို ဖခမည်းတော် လက်ထပ်ကထက် သာလွန်အောင်၊ အနည်းဆုံးတော့
မဆုတ်ယုတ်စေရအောင် စီစဉ်ခြင်း၊ မိမိနှင့် မိမိယူထားရသော တာဝန်များကို အသားကျအောင် ပြုလုပ်ရခြင်း
များဖြင့် မအားလပ်နိုင်အောင်ပင်။
လွန်ခဲ့သော တစ်ပါတ်ခန့်က
တစ်ဘက်နိုင်ငံမှ ရောက်ရှိလာသော သံတမန်များနှင့် တွေ့ဆုံအပြီးတွင် ပွဲတော်ဝန်မှ လေးနှစ်တစ်ကြိမ်
ကျင်းပမြဲဖြစ်သော ပွဲတော်ကို ကျင်းပခွင့် ပြုရန် လာရောက် လျောက်ထားသည့်အခါ စိတ်တွင်
ထွက်ပေါက် တစ်ခုကို တွေ့လိုက်ရသည်။ သို့သော် မိမိ အကြံကို မည်သူအားမျှ မပြောခဲ့။
ယနေ့ ညနေ တရားစီရင်ရေး
အဆောင်တော်မှ အပြန် နန်းတော်၏ လုံခြုံရေးကို တာဝန်ပေးထားသော တပ်မှူးကြီး ဇေယျသင်္ခကို
အခေါ်လွှတ်လိုက်သည်။
လေသာဆောင်ပြူတင်းမှ
အပြင်သို့ ငေးကြည့်ရင်း အဆောင်တော်အတွင်း ဝင်ရောက်လာသော ဇေယျသင်္ခကို လှည့်မကြည့်ပဲ ပြောလိုက်သည်။
“ပင်ပန်းလိုက်တာကွာ..
လူရယ်လို့ သိတတ်စအရွယ်ကတည်းက ဒီတိုင်းပြည်ကို အုပ်ချုပ်ဖို့ ပညာတွေသင်ရ၊ အခု ရှင်ဘုရင်ရယ်လို့
ဖြစ်လာပြန်တော့လည်း တိုင်းပြည်ရဲ့ မဏ္ဍိုင်တွေ မယိမ်းယိုင်ရအောင် စီစဉ်ရနဲ့ ငါ့ဘဝမှာ
ပျော်စရာရယ်လို့ ရှိပါဦးမလား ဇေယျရယ်”
မင်းသားငယ်ဘဝကတည်းက
နန်းတော်အတွင်းတွင် ကစားဖက်ဖြစ်သော စစ်သူကြီး နန္ဒသူရ၏ သား ဇေယျသင်္ခကို ရင်းနှီးစွာပင်
ပြောမိသည်။ မိမိ၏ စကားသည် အဘယ်ဆီသို့ ဦးတည်နေသည်ကို တပ်မှူးကြီး ဇေယျသင်္ခ နားလည်ပေမည်။
ဇေယျကို တစ်ချက် ဝေ့ကြည့်လိုက်တော့ မိမိဆိုလိုသည်ကို သဘောပေါက်သည့်အလား ခေါင်းငုံ့ထားလျက်မှ
လျောက်ထား လာသည်။
“အရှင်မင်းကြီးရဲ့
အလိုတော်ကို မိန့်ပါဘုရား”
“ဟိုးမှာ မြင်နေရတဲ့
ငါ့တိုင်းပြည်ကြီးဟာ ခမည်းတော် လက်ထပ်ကတည်းက သာယာလိုက်ပုံများ စာဆိုရှင်တွေ ရေးကြလို့
စာသိ သိရတာတော့ ကြာလှပေါ့ ဇေယျရယ်”
“မင်းကြီး တိုင်းခန်းလှည့်လည်ဖို့
အလိုတော်များ ရှိရင် ကျွန်တော်မျိုး စီစဉ်လိုက်ပါမယ်.. မနက်ဖြန် နေအထွက်မှာ စည်ခတ်လို့
ရွှေစကြာတော် ဖြန့် နိုင်ရပါစေမယ် ဘုရား”
“မနက်ဖြန် နေအထွက်
ဟုတ်လား” ဟုတ်လားဟု ဆိုသော်လည်း မေးခွန်းမဟုတ် နောက်ထပ်ပြောလိုသော စကား၏ အစဖြစ်သည်။
ထို့ကြောင့် တပ်မှူးကြီးဇေယျသင်္ခ ဆက်လက် နားစွင့် နေလိုက်သည်။
“ဟိုးမှာ မြင်နေရတဲ့
လှုပ်လှုပ်ရွရွတွေက နေအထွက်မှာ ရှိပါဦးမလား.. ဟင် ဇေယျ”
လေသာပြူတင်းမှ မြင်နေရသော
လေးနှစ်တစ်ကြိမ် ပွဲတော်စတင်ရန် နေမဝင်ခင် ပြင်ဆင်နေကြသည့် မြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။
ဇေယျ မော့ကြည့်သည်။
အရှင့်သဘောကို သိသည်။ သို့သော် မဖြစ်ပေ။ အရှင်သည် ပွဲတော်သွားချင်နေသည်။ ပွဲတော်တွင်
မိမိတိုင်းပြည်မှ လူများသာမက အခြားသောတိုင်းပြည်မှ လူများသည်လည်း လာရောက်လည်ပတ်ကြသည်။
ရှင်ဘုရင် ပွဲတော်သို့ လာသည်ဆိုပါက ဝိုင်းဝန်း တိုက်ခိုက်လုပ်ကြံလိုက်လျှင်.. အာ..
မဖြစ်ပါဘူး။ မသင့်တော်တာတော့ လျောက်မှ ဖြစ်မည်ပင်။ နန်းတော်၏ လုံခြုံရေးကို တာဝန်ယူထားရပါရက်
တာဝန်ယူထားသော တပ်မှူးကြောင့် ရှင်ဘုရင်ဘေးတွေ့ရမည်ဆိုလျင် အရုပ်ဆိုးတော့မည်။ အစိုးရိမ်လွန်သည်ဟု
ဆိုလျှင်လည်း ဆိုစေတော့။ လျောက်စရာရှိတာ လျောက်ရမည်ပင်။
“လျောက်ထားပါရစေဘုရား
လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ယခု ပွဲတော်ဟာ တိုင်းသူပြည်သားများ ပျော်ရွှင်စေဖို့ အတွက်သာ
ဖြစ်ပါတယ်ဘုရား။ အရှင်မင်းကြီးရဲ့ ခမည်းတော် အပါအဝင် ရှေးမင်းများဟာ နန်းတော်တွင်းမှာသာ
ပျော်ပွဲများကို ပြုလုပ်ကြပါတယ်ဘုရား။ ယခုပွဲတော်ကို မင်းကြီးအနေနဲ့ ကြွမြန်းရန် မသင့်ကြောင်းပါဘုရား”
ဘုရင့် အလိုတော်ကို ဆန့်ကျင်သော ဤစကားကို ငယ်သူငယ်ချင်းမို့ လျောက်ရဲသည်ပင်။
“ဟဲ့ ဇေယျရဲ့.. နန်းတွင်းပွဲတွေက
ဘုရင်ကို မြှောက်ပင့်တဲ့ ပွဲတွေပဲဟာ ဂုဏ်ပကာသနတွေနဲ့ ပျော်စရာမရှိ ငြီးငွေ့ဖို့ ကောင်းပါတယ်..
ငါအုပ်ချုပ်နေတဲ့ ငါ့တိုင်းသူပြည်သားတွေနဲ့ အတူ ငါလည်း ပျော်ချင်တာ ပလေ”
“သို့သော် မင်းကြီး
အနေနဲ့ ကြွမြန်းမည် ဆိုလျှင် ကိုယ်ရံတော် တပ်များ၊ မောင်းမများ၊ အဆောင်တော်ကိုင်များ
နဲ့ တကွ လွန်စွာကြီးမားသော လူအုပ်ကြီးဖြစ်လို့ ပွဲလန့်ပြီး ပွဲလာလူများ ကျဉ်းကြပ်ကြပါလိမ့်မယ်ဘုရား”
“သြော်.. ဇေယျရယ်
ငါက လူတွေ အများကြီး ခေါ်သွားမယ် လို့ ပြောနေလို့လား”
ဇေယျသင်္ခ ပါးစပ်အဟောင်းသားဖြင့်
တအံ့တသြ မော့ကြည့်လာသည်။ မိမိက အပြုံးဖြင့် တုန့်ပြန်ထားသဖြင့် ဇေယျသင်္ခ မျက်နှာ လွဲမသွားတော့ပေ။
သူ၏ အံ့သြလျှက်ရှိသော မျက်လုံးများသည် သူ၏ပခုံးကို ကိုင်လိုက်သော မိမိ၏ လက်များဆီလို့
လိုက်ကြည့်နေသည်။ ပခုံးကို လှုပ်ခါလိုက်သောကြောင့် သတိဝင်လာပြီး မိမိ မျက်နှာကို ပြန်လည်
မော့ကြည့်လာသော ဇေယျအား
“သွား သူငယ်ချင်း..
သာမာန်အရပ်သားတွေ ဝတ်တဲ့ ဝတ်စုံ ခပ်နွမ်းနွမ်း နှစ်စုံယူခဲ့ မင်းနဲ့ငါ ပွဲသွားကြမယ်”
ဇေယျ ခေါင်းကို ပြန်လည်
ငုံ့လျက် ခါရမ်းနေသည်။
“ဟေ့ လုပ်ပါကွ.. ဘယ်သူမှ
မသိပါဘူး.. ငါ ပျော်ချင်လို့ပါ”
မိမိ၏ ဆန္ဒဇောများ
ဇေယျထံသို့ စီးဝင်သွားသည် ထင်သည်။ ဇေယျ အတန်ကြာစဉ်းစားနေပြီးမှာ “ဘယ်သူမှ မသိနိုင်ပါဘူး၊
ဘယ်သူမှ မသိနိုင်ပါဘူး” ဟု တီးတိုးရေရွတ်ကာ “မှန်လှပါ အမိန့်တော်မြတ် အတိုင်းပါ”ဟု
လျောက်ကြားပြီး ထွက်သွားတော့သည်။
* * * * *
ပွဲမစတင်ခင် ပွဲဈေးတန်းတွင်
အတော်ကလေး လည်ပတ်ပြီး၊ အချိုမုန့်များကိုလည်း စားသောက်ပြီးသော အခါ ဇေယျအား နန်းတော်သို့
ပြန်ရန် ပြောလိုက်ခြင်း ဖြစ်သည်။
ပွဲတော်အတွင်း လည်ပတ်စဉ်က
သူဆင်းရဲ ကလေးငယ်သဖွယ် ပျော်ရွင်နေသော ဗာရာဏသီပြည့်ရှင် ဗကအရှင်မင်းမြတ်သည် ဆံပင်ဖွာရရာ၊
အဝတ်စုတ်ပြတ်ပြတ်ဖြင့် တစ်မျိုးပင် ကြည့်လို့ ကောင်းနေပြန်သည်။ မင်းကြီးကသာ ပျော်နေသည်
ဇေယျမှာတော့ ကျီးကန်းတောင်းမှောက် အန္တရာယ်ကို မပြတ်စောင့်ကြည့်နေရသည်။ သို့သော် မင်းကြီးမှန်း
မည်သူမှ မသိကြ ဇေယျ စိုးရိမ်လွန်နေခြင်းသာ။ ယခုအခါ အရှင်သည် ဇေယျကို ပြန်လွှတ်နေသည်။
သူ၏ ဘုန်းလက်ရုံးကို ယုံကြည်သော ရာဇမာန်ဖြင့် မိန့်ကြားလာသော စကားသည် မပြန်ပါက အရေးယူမည်
မဟုတ်သော်လည်း အရှင်၏ ပျော်ရွှင်မှုကို ပိတ်ပင်သဖြင့် အရှင်၏ စိတ်ကွပ်မည့် အဓိပါယ်ပင်။
မည်သို့မျှ ခွန်းတုန့်
မပြန်တော့သော ဇေယျ၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်များကို မြင်နေရသည်။ နန်းတော်သို့ ပြန်ခါနီး
မိမိအား အရိုအသေပေးရန် ပြင်နေသော ဇေယျ၏ လက်မောင်းအား လှမ်းကိုင် ထားလိုက်ရသည်။ အခြားသူများ
ရိပ်မိသွားနိုင်ပေသည်။ စိုးရိမ်မကင်း ခေါင်းငြိမ့်ကာ ထွက်ခွာသွားသော ဇေယျ၏ ရုပ်ပုံ
မြင်ကွင်းမှ ပျောက်ကွယ်သွားသော အခါမှ ပွဲခင်းဘက်သို့ ပြန်လှည့်လိုက်သည်။ သဘင်စင်များဘက်
လျောက်လာလိုက်သည်။ ကပွဲများ စတင်နေပေပြီ။ ပထမတွေ့ရသော စင်ပေါ်တွင် အဆို အငိုများဖြင့်
ကပြ ဖျော်ဖြေ နေသော ဇာတ်မင်းသား၊ ဇာတ်မင်းသမီးများ။ သိပ်စိတ်မဝင်စားသဖြင့် ခဏသာ ကြည့်ပြီး နောက်တစ်စင်သို့ လျောက်လာခဲ့သည်။
အထူးတစ်ဆန်းပင်။ မျောက်များကဲ့သို့ ကျွမ်းထိုး၊ ခုန်ပျံ နေကြသော်လည်း ကကြိုး ကကွက်များက
လှပသည်။ တိုင်ထိပ်ဖျားပေါ်မှ ပြုတ်ကျနိုးဖြင့် ရင်တလှပ်လှပ်။ ထိုကကွက်များ ပြီးသောအခါ
နောက်ထပ် စင်တစ်ခုသို့ ကူးခဲ့ပြန်သည်။
မျက်လှည့်၊ လက်လှည့်
ပွဲဖြစ်သည်။ မျက်လှည့်ဆရာသည် ဘာမှ မရှိသည့် သေတ္တာအတွင်းမှ တကယ်တမ်း ထည့်လျှင်ပင် သေတ္တာနှင့်
မဆန့်နိုင်လောက်သော ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူပြသနေသည်။ လက်ဗလာဖြင့်ပင် လေထဲသို့
ပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ပြစ်မြှောက်နေသည်မှာ ပန်းမိုးများ ရွာသကဲ့သို့ပင်။
မိမိသည် စူးစမ်းတတ်သော သဘာဝရှိသည့်အလျောက် ထိုမျက်လှည့်ဆရာကို လွန်စွာ စိတ်ဝင်စားနေမိသည်။
မျက်လှည့် စင်နှင့် နီးနိုင်သမျှ နီးအောင် တိုးကပ်သွားနေမိသည်။ မျက်လှည့်ဆရာသည် ခရားအိုး
တစ်လုံးကို ယူ၍ ထိုအိုးကို ပရိတ်သတ်ဘက်သို့ အဝဘက်မှ လှည့်ပြသည်။ အိုးထဲတွင် ဘာမှမရှိ။
ထို့နောက် အိုးကို ပြန်ထောင်ထားလိုက်ပြီး အိုးထဲသို့ လက်နှိုက်လိုက်သည်။ လက်ထဲထွင် ပါလာသည်က
ယုန်ကလေးတစ်ကောင်။ ဖြူဖွေး၍ ဝ ဝ ကစ်ကစ်ကလေး နှင့် အင်မတန် ချစ်စရာကောင်းသော ယုန်ကလေး။
ထို ယုန်ကလေးအား မျက်လှည့်ဆရာက ထွေးပွေ့ကာ နမ်းရှုတ်ပြနေသည်။ မျက်လှည့်ဆရာကိုယ်စား ယုန်ကလေးအား
ထွေးပွေ့ချင်စိတ်တို့ ပေါ်လာသည်။ သိပ်နူးညံ့မည့် ယုန်ကလေးပဲ။ ထိုယုံကလေးကိုသာ ထွေးပွေ့ထားရရင်
သိပ်နူးညံ့မှာပဲ။ ထိုစဉ် မျက်လှည့် ဆရာမှ ယုံကလေးကို ပရိတ်သတ်ထဲသို့ လှမ်း၍ ပြစ်ချလိုက်သည်။
သို့သော် ယုံကလေးသည် မျက်လှည့်ဆရာ၏ လက်မှ လွတ်လျင်လွတ်ချင်းပင် ပျောက်ကွယ် သွားသည်။
မျက်လှည့်ပြကွက် တစ်ခုပင်။ သို့သော် မိမိ၏ ခြေထောက်ကို ထိုယုံကလေးသည် နူးညံ့ သက်မွေ့သော
အထိအတွေ့နှင့်အတူ လာရောက် တိုက်မိသည်။ ‘အို ယုန်ကလေး ပျောက်သွားတာမှ မဟုတ်တာ ငါ့ ခြေထောက်ပေါ်
ရောက်နေတာပဲ။’ ခုနက ထိတွေ့ချင်နေသော ယုံကလေးက မိမိ၏ ခြေထောက်ကို တကယ်ပင် နူးညံ့သော
အထိအတွေ့ဖြင့် ထိတွေ့နေခြင်းကို ညွတ်နူးသောစိတ်တို့ဖြင့် ငုံကြည့်လိုက်သောအခါ။
အလို..
* * * * *
“အဖေနဲ့ အမေ သမီး ထမင်းပြင်ထားခဲ့ပြီးပြီ.. ရေဝတီ
တို့လည်း ရောက်နေပြီ သမီးသွားတော့မယ်နော်”
ထိုနေ့သည် ဗာရာဏသီတွင်
လေးနှစ်မှ တစ်ကြိမ် ကျင်းပသော ပွဲတော်ကြီးနေ့။ ယနေ့တွင် ပွဲဝင်နိုင်ရန်အတွက် သူမသည်
ဒေါ်ဥတ္တရာတို့ အိမ်တွင် အစေခံအဖြစ် သုံးလ တိတိ တောင်းပန်ပြီး အလုပ်လုပ်ခဲ့ရသည်။ ယခင်အချိန်များဆိုလျှင်
တောမှ ပန်းများ ခူးသီကာ ဈေးတွင် ရောင်းချခြင်း၊ မြစ်အတွင်းမှ ရေကို အိုးဖြင့်ခပ်ကာ
အရပ်ထဲ လည်ရောင်းခြင်း၊ ယက္ကန်းရုံများမှ ဝါဂွမ်းများကို ယူ၍ ဝါဖန်၊ ချည်ငင်ခြင်း လုပ်ငန်းများကို
တစ်ခုမဟုတ်တစ်ခု လုပ်ကိုင်၍ အသက်မွေးရသည်။ မိဘနှစ်ပါးကို စောင့်ရှောက်ရသည်။ လွန်ခဲ့သော
သုံးလကျော်ခန့်က မိမိနှင့် ပန်းခူးဖက် ရေဝတီက သတိပေးမှ ဗာရာဏသီတွင် လေးနှစ်တစ်ကြိမ်
ကျင်းပသော ပွဲတော်ကြီး ကျင်းပမည် ကပွဲများ၊ ဆိုင်တန်းများတွင် ကြည့်ချင်တာကြည့် စားချင်တာ
စားရတော့မည်ဟု သိလိုက်ရသည်။
ထိုပွဲကို ဝင်ချင်သည်။
ပွဲဝင်လျှင် အများနည်းတူ ဝတ်စားနိုင်ရန် အဝတ်အစား၊ နှင့် အသပြာတို့ လိုအပ်သည်။ ထိုအရာတို့သည်
မိမိထံတွင်မရှိ။ အလုပ်လုပ်ပြီး စုဆောင်းရန်မှာလည်း ယခုပြုလုပ်နေသော အသက်မွေးမှု လုပ်ငန်းများသည်
တစ်နေ့တာ စားလောက်ယုံသာ ရရှိသည်။ ထို့ကြောင့် သူဌေးကြီး ဦးစက္က၏ ဇနီးသည် ဒေါ်ဥတ္တရာထံတွင်
တောင်းပန်ကာ အစေခံအဖြစ် သုံးလ အလုပ်လုပ်ခဲ့သည်။ သူဌေးအိမ်တွင် အလုပ် လုပ်ရသည်ဖြစ်သောကြောင့်
မိမိအတွက် စားရေးသောက်ရေး မပူရ။ သို့သော် မိဘများ စားသောက်ရေးအတွက် မိမိရရှိသော စားစရာများကို
မိဘများအား ကျွေးသည်။ မိမိကမူ လုပ်ဖော်ကိုင်ဖက်များ ကျန်သော အကျန်များကို တောင်းယူ
စားသုံးရလေသည်။ ထိုသို့ အလုပ် လုပ်ခဲ့သဖြင့် ယခု သုံးလ ပြည့်သော နေ့တွင် လုပ်ခလစာ ထိုက်ထိုက်တန်တန်
ရရှိခဲ့သည်။ သူဌေးကတော် ဒေါ်ဥတ္တရာကလည်း ရိုးသားကြိုးစားသည့်အတွက် သူမငယ်ငယ်က သုံးခဲ့သော
ပန်းဖောက်ဇာ တစ်ထည်ကို ဆုချလိုက်သည်။
ထို့ကြောင့် အဖေနှင့်
အမေအား သူဌေးအိမ်မှ နောက်ဆုံးအကြိမ် မိမိရရှိလာသော စားသောက်ဖွယ်ရာများ ကို ပြင်ဆင်ပေးခဲ့ပြီး
ပွဲဝင်ရန် လာရောက်ခေါ်ဆိုသော ရေဝတီ တို့နှင့် လိုက်ပါတော့မည် ဖြစ်ပေသည်။
အဖေနှင့် အမေသည် သူမကို
ကြည့်လျှက် စိတ်မကောင်းဖြစ်နေကြသည်။ မိမိတို့၏ ကံအကျိုးပေးနည်းလှသောကြောင့် သမီးကလေး
လူတန်းစေ့ မနေနိုင်။ လူမှန်းသိတတ်စ အရွယ်မှစ၍ ယခုတိုင် အလုပ်လုပ်နေရသည်။
ထို့အပြင် သမီးကလေးသည်
..
ထိုစဉ် အရပ်ထဲမှ သေသောက်သမား
နှစ်ဦး အိမ်ရှေ့ရောက်လာသည်။ ပွဲသွားရန် ပြင်ဆင်ထားသော ရေဝတီတို့ သူငယ်ချင်းတစ်စုကို
ကြည့်ကာ ပြီတီတီ လုပ်နေကြသည်။
“ လှလိုက်တာ.. အလှကလေးတို့ရယ်..
ဘယ်ကို မြန်းကြမလို့လဲ.. မောင်ကြီးတို့ လိုက်ခဲ့ရဦးမလား”
“ဟေ့ကောင် .. မင်းကဘာလိုက်
လုပ်ချင်ရတာလဲ”
“ကိုယ့် နှမ အလှကလေးတွေကို
သူများ နှောက်ယှက်မှာစိုးလို့ .. လိုက်ပြီး.. စောင့်ရှောက် မလို့ပါကွာ.. မင်းကလဲ”
“အောင်မာ .. မင်းအကြောင်း
ငါမသိတာကျလို့ သူများမနှောက်ယှက်ခင် မင်းကအရင် နှောက်ယှက် မှာများ.. ဟား. ဟား..”
ထိုအခါ သူငယ်ချင်းများကို
စ နောက်နေသဖြင့် မခံချင်ပဲအိမ်အတွင်းမှ ထွက်ကာ အမူးသမား နှစ်ဦးရှေ့တွင် သူမ မက်တပ်ရပ်လိုက်သည်။
“အာ..” အမူးသမားနှစ်ဦး
ခေါင်းချင်းပူးကာ သူမထံသို့ ရီဝေသော အကြည့်များဖြင့် ကြည့်၍ ပျော့တော့သော လက်ညှိုးများဖြင့်
ထိုးကာ ပါးစပ် အဟောင်းသားဖြင့် ကြောင်အမ်းသွားကြသည်။
အမူးသမားတစ်ဦးမှ
“မျက်စိ စွေစွေ”
အခြားတစ်ဦးမှ
“နှာခေါင်းကောက်ကောက်”
“နှုတ်ခမ်းထော်ထော်”
“လက်တွေကလဲ”
“ခြေတွေကလဲ”
မှန်ပေသည်။
သူမ၏ လက်မောင်းများသည်
လွန်စွာကြီးမားကာ ပခုံးမှ တံတောင်ဆစ် ထိ လက်မောင်းပိုင်းမှာ ရှည်လျားပြီး တံတောင်ဆစ်မှ
လက်ကောက်ဝတ် အထိ လက်ဖျံပိုင်းမှာ လွန်စွာ တိုလှသည်။
ခြေထောက်မှာလည်း ထို့အတူ
ခါးမှ ဒူးဆစ် ထိ အပိုင်းမှာ ရှည်လျားပြီး သလုံးမြင်းခေါင်းမှာ တိုလွန်းသည့်အပြင် ခွင်၍ပါနေသည်။
“ဟုတ်ပါတယ် အမောင်တို့..
မျက်စိလည်းစွေ၊ နှာခေါင်းလည်းကောက်၊ နှုတ်ခမ်းလည်းထော်၊ ခြေလက်တွေကလည်း အချိုးမကျ မလှပကြလို့
နှမကို ငါးပါးသော မလှခြင်း ရှိသူ “ပဉ္စပါပီ” လို့ ခေါ်ပါသတဲ့ရှင်” ဟု ပြောလိုက်သောအခါ
အမူးသမားနှစ်ဦးတို့ တစ်ယောက်ပခုံးကို တစ်ယောက်က ဖက်ကာ သုတ်ခြေတင်သွားကြလေတော့သည်။
“သူငယ်ချင်းရယ် ညည်းရဲ့
အသားအရည် နူးညံ့သိမ်မွေ့တာတော့ ထည့်မပြောတော့ဘူးလားအေ”
ရေဝတီမှ စာနာသနားသဖြင့်
ပြောလာသော်လည်း မိမိစိတ်ထဲ မည်သို့မျှ မဖြစ်။ သမက်ကောင်းကို ယနေ့အထိ မရရှိသဖြင့် အလိုမကျသော
အဖေနှင့် အမေကို လှည့်ကြည့်မိသည်။ အဖေနှင့် အမေသည် ဆင်းရဲသည်ကတစ်ကြောင်း၊ သမီးကလေး အကျည်းတန်သည်က တစ်ကြောင်းတို့ကြောင့်
စိတ်မကောင်းဖြစ်မိသော်လည်း အချိန်တန် အရွယ်ရောက်သဖြင့် အိမ်ထောင်ချပေးကာ သမက်ကောင်းလေးလည်း
လိုချင်ကြသည်၊ မြေးချောလေးလည်း ချီချင်ကြသည်။ သူတို့ အလိုမပြည့်သဖြင့် တစ်ဘက်ကလည်း
အလိုမကျမှုလေးများဖြင့် ပဉ္စပါပီ အား လှမ်းကြည့်နေကြသည်။
“အေးလေ.. ဒီ အသားအရည်လေး
အားကိုးပြီး ခုလို ညဘက်လုပ်တဲ့ပွဲမှာ ကြင်ဖော်ရှာရင်တော့ ညည်း ယောက်ျားကောင်း ရမှာ
မလွဲပါဘူး.. ဟိ”
သူငယ်ချင်းတစ်ဦးမှ
စ နောက်သလို ပြောလိုက်သောစကားသည် ပဉ္စပါပီ၏ ရင်ထဲတွင် လှပ်ခနဲ ခံစားလိုက်ရသည်။ ရည်ရွယ်သည်တော့မဟုတ်
ညဘက်တွင် ကျင်းပသော ဤပွဲလမ်းသဘက်ကို သွားချင်နေခြင်းသည် တစ်ခုခုကို မျှော်လင့် နေမိသလို
ခံစားနေရသည်မှာ လွန်ခဲ့သော သုံးလခန့်ကပင်။
“ညည်းတို့ကလည်းအေ
.. လာသွားကြပါစို့” ဟုဆိုကာ ရေဝတီ၏ လက်ကို ဆွဲလျက် ပွဲခင်းဘက်သို့ ထွက်ခဲ့လေတော့သည်။
* * * * *
ပါလာသော ငွေစကလေးများဖြင့်
သူငယ်ချင်းမတစ်တွေ မုန့်ပဲသွားရေစာများ စားသောက်ကြပြီး ပွဲခင်းများဘက်သို့ ထွက်လာခဲ့သည်။
ပထမဆုံး ကြည့်မိသည်မှာ အရုပ်ကလေးများကို တုတ်များ ထိုး၍ ကပြသော ရုပ်သေးပွဲ။ အင်မတန်ရယ်စရာကောင်းသည်။
မိမိကဲ့သို့ အချိုးအစားမကျသော အရုပ်ကလေးများသည် နောက်က ပြောနေသော စကားသံများအတိုင်း
လှုပ်ရှားနေကြသည်မှာ မိမိကို သရော်နေသလို ရှိသော်လည်း သဘောကျနေမိသည်။ မည်မျှ ကြည့်နေမိသည်မသိ
စင်ပေါ်မှ ရုပ်သေးများ အတွင်းသို့ ဝင်သွားပြီး တစ်ခန်းရပ် ကန့်လန့်ကာ ချလိုက်မှပင် မိမိအကြည့်ကို
စင်ပေါ်မှ လွှဲဖယ်ဖြစ်ခဲ့သည်။ ဘေးနားမှ ရေဝတီတို့ကို ရှာဖွေရာ မတွေ့တော့။ မည်သည့်အချိန်က
သူတို့၏ မောင်ကြီးတွေနှင့် တွေ့သဖြင့် ထွက်သွားကြသည်မသိလိုက်ပေ။ ရေဝတီတို့ကို ရှာရင်း
ယောင်လည်လည်ဖြင့် နောက်ထပ်ပွဲတစ်ပွဲသို့ ကူးလာခဲ့သည်။
မျက်လှည့်ပွဲ
မျက်လှည့်ဆရာက အိုးအတွင်းမှ
ယုန်ကလေးတစ်ကောင်ကို ထုတ်ယူ ပြသ နေသည်။ ထို့နောက် ထိုယုန်ကလေးကို ပရိတ်သတ်ထံ လှန်းပြစ်လိုက်သည်။
မျက်လှည့်ဆရာ လှန်းပြစ်လိုက်သကဲ့သို့ လက် လှမ်းလိုက်သော နေရာသည် ပဉ္စပါပီရှိရာတည့်တည့်။
သူငယ်ချင်းများကို ရှာရင်း မျက်လှည့်စင်ပေါ်သို့ အကြည့်၊ မျက်လှည့်ဆရာက လှန်းအပြစ် မိမိထံ
ပြစ်သည်ထင်သဖြင့် ကိုယ်ကို ရို့လိုက်ရာ သူဌေးကတော် ပေးခဲ့သဖြင့် မတော်တရော် ရုံလာခဲ့သော
ဇာပုဝါကို နင်းမိပြီး လဲကျသွားလေတော့သည်။
လဲကျရာ နေရာသည် လူတစ်ဦး၏
ခြေဖမိုးပေါ်။ အမှတ်မထင်ဖြင့် ထိုသူ၏ ခြေသလုံးတို့ကို ဖက်တွယ်ထားလိုက်မိသည်။ မိမိ၏ နူးညံ့လွန်းသော
လက်ဖဝါးထို့ဖြင့် ဆုပ်ကိုင် ခံလိုက်ရသော ထိုသူ၏ ခြေသလုံးသည် ယောက်ျားပီသလေစွ။ မိမိ၏
သိမ်မွေ့သော လက်ဖဝါးတို့နှင့် ထိုသူ၏ တောင့်တင်း မာကြောသော ခြေသလုံး။ ပျော့ပြောင်းမှုနှင့်
တင်းမာမှု။ မိန်းမပီသမှုနှင့် ယောက်ျားပီသမှု။ မိန်းမနှင့် ယောက်ျား။ အဖိုနှင့် အမ။
“အို”
* * * * *
ပွဲခင်းထဲတွင် ဆီမီးတိုင်များ
ထွန်းညှိထားသော်လည်း အလင်းသည် အမှောင်ကို မဖောက်နိုင်။ ဇာတ်စင်ပေါ်မှ အလင်းရောင်ကို
ကြည့်ပြီးစဖြစ်၍ မှောင်နေသော မိမိခြေထောက်အောက်သို့ ငုံကြည့်လိုက်ခြင်း ဖြစ်သဖြင့်လည်း
ဗကဘုရင်၏ အမြင်အာရုံတို့ မထင်ရှား။ သို့သော် မိန်းကလေးတစ်ဦးပင် ဖြစ်ရမည်။ သို့သော်
ယုန်ကလေး ကဲ့သို့ပင် နူးညံ့လှသည်။ သို့သော်ပေါင်းများစွာဖြင့် မိမိခြေထောက်ကို လာရောက်
ဖက်တွယ်ထားသော ယုန်ကလေးကို ဗာရာဏသီဘုရင် မင်းကြီး ဗက စမ်း၍ ပွေ့ယူလိုက်သည်။ တကယ်ပင်
ယုန်ကလေး တစ်ကောင်ကို ထွေးပွေ့လိုက်ရသလိုမျိုး။ နူးနူးညံ့ညံ့ အိအိစက်စက်။ ရင်ထဲမှာ
နှစ်နှစ်သက်သက်။ မဖျစ်ရက် မညှစ်ရက်။ မလွှတ်ရက်။ မစွန့်ရက်။
ပဉ္စပါပီသည် မိမိကို
ထွေးပွေ့ကာ ဆွဲထူလိုက်သော သန်မာသည့် လက်အစုံတွင် ယုန်ကလေး တစ်ကောင်ကဲ့သို့ စွေ့ကနဲ
ပါသွားသည်။ ထိုလက်အစုံသည် သူမကို ကျယ်ပြန့်သော ရင်ခွင်ကြီးဆီသို့ ဆွဲယူသွားသည်။ သန့်ပြန့်သော
အသားအရည်နှင့် ရင်ခွင်ကျယ်ကြီးက တကယ်ပင် နားခို အိပ်စက်ချင်စရာ။ ပဉ္စပါပီသည် ထိုကဲ့သို့သော
အထိအတွေ့ကို မခံစားဖူး။
ပဉ္စပါပီနှင့် ဗကမင်းကြီးတို့
နှစ်ဦးသားသည် ယခုမှ အချစ်ကို တွေ့ရှိကြသည်ဖြစ်ရာ ပွဲခင်းအလယ်တွင် တစ်ဦးကို တစ်ဦး
ပွေ့ဖက်လျက် အတန်ကြာ စကားမပြောဖြစ် ပဉ္စပါပီသည်လည်း ဗကဘုရင်၏ ရင်ခွင်ကျယ်တွင် ခေါင်းကို
ဝှက်လျှက်၊ ဗကဘုရင်ကလည်း ပဉ္စပါပီ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လျှက်။
“နှမငယ်”
“ရှင် မောင်ကြီး”
“နှမငယ်မှာ ပိုင်ရှင်ရှိသလား”
“မရှိပါဘူး မောင်ကြီးရယ်”
“မိဘများကော”
“ဟုတ်ကဲ့ ရှိပါတယ်ရှင့်”
“ဒါဖြင့် မိဘများဆီ
သွားကြပါစို့ကွယ်”
ဗကဘုရင်ကလည်း ပဉ္စပါပီ၏
နူးညံ့သော အထိအတွေကို လွတ်သွားမည်စိုးသဖြင့် တင်းတင်းဖက်ထားရင်း ရင်တလှပ်လှပ်ဖြင့်
မိန်းမူးစွာ မေးသည်။ ပဉ္စပါပီကလည်း ဗကဘုရင်၏ ရင်ခွင်ထဲတွင် အရှက်မွန်ကာ ခေါင်းဝှက်ထားရင်း
မေးခွန်းများကို အတော်လေး စဉ်းစားကာ ဖြေနေရသည်။
နာမည်ကို မမေး။ မျိုးရိုးကို
မမေး။ နေရပ်ကိုမမေး။ မည်သည်ကို မေး၍ မည်သည်ကို ဖြေမိနေမှန်း နှစ်ဦးစလုံးပင် မသိတဝက်
သိတဝက်ဖြင့်။ ဘဝနှစ်ခု ပေါင်းစပ်ဖို့ ဆိုသည်ကို သာ နားလည်ကြသည်။ မိဘများဆီ ခွင့်တောင်း
လက်ထပ်ရန်။ ထိုအဓိပါယ်ကို သိရုံမှလွဲ၍ ဘာသာမဲ့ပြောခဲ့သော စကားများသာဖြစ်လေသည်။ ထို့ကြောင့်
စကားများ ပြောပြီး သော်လည်း တစ်ဦးကို တစ်ဦး မလွှတ်မိ ဆက်၍ တင်းကျပ်စွာ ဖက်ထားမိကြသည်။
* * * * *
မျက်လှည့်ပွဲ ပြီးသဖြင့်
ပရိတ်သတ်များ၏ လက်ခုတ်သံ တစ်ဖြောင်းဖြောင်းသည် သူတို့နှစ်ဦးကို သတိပေးလိုက်သကဲ့သို့။
ပွဲပြန်သော ပရိတ်သတ်များ နှင့် ရောနှောက ဗကဘုရင်သည် ပဉ္စပါပီ၏ နူးညံ့သော လက်ဖဝါးကိုလေးများကို
မလွှတ်တမ်းဆုပ်ကိုင်ရင်း ဗာရာဏသီ၏ အရှေ့ဘက်တံခါးအနီးမှ ပဉ္စပါပီတို့အိမ်ရှိရာသို့ အမှောင်ထဲတွင်
လှမ်းလျောက်လာခဲ့တော့သည်။
သူတို့နှစ်ဦးကို
တွဲလျက် တွေ့လိုက်သောအခါ မိဘများက အဓိပါယ်ပါသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို
မှိန်ဖျော့သော ဆီမီးတိုင်ငယ်ကလေး၏ အလင်းရောင်အောက်တွင် ဗကဘုရင် မြင်လိုက်ရသည်။
“ကျုပ် သူ့ကို လက်ထပ်ပေါင်းသင်းပါရစေ”
အချစ်စိတ်မွှန်နေသော
ဗကဘုရင်သည် မိဘများကို နှုတ်မှ ခွင့်တောင်းသည်ဟုပင် မထင်လိုက်။ ပြောပုံက လောလိုက်သည့်ဖြစ်ခြင်း။
ထိုသူနှစ်ဦးကို မိဘများ ဖြစ်သလား ဟုပင် သူမမေး။
မိဘနှစ်ဦး တစ်ဦးကို တစ်ဦး အဓိပါယ်ပါပါ ကြည့်လျက်။
သမက်ပေါ်ပြီ။ ထိုစကားကို စောင့်မျှော်နေသည်မှာ နှစ်နဲ့ ချီနေပြီ။ အပြင်မှာ မည်သို့မျှ
မပြုခဲ့ပဲ မိဘတို့ဆီ အရောက်ခေါ်ဆောင်လာကာ ခွင့်တောင်းနေသော သူငယ်၏ ရိုးသားမှုသည်ပင် လက်ခံဖို့ရန်
လုံလောက်နေပြီ။ သမီးဖြစ်သူကို ကြည့်လိုက်တော့ အမှောင်ထဲတွင် ခေါင်းကလေး ငုံ့လျှက် ရှက်စနိုး။
သူမပုံစံကလေး ကြည့်ရသည်မှာ ပြုံးချင်စရာ။
သူငယ်ကလေးကို ကြည့်လိုက်တော့
မှိန်တုတ်သော ဆီမီးတိုင်ငယ်၏ အလင်းရောင် မှုန်ပြပြအောက်မှာပင် တောက်ပသော မျက်ဝန်းများဖြင့်သူတို့ကို
ကြည့်နေသည်။ ဒီသူငယ်လေးနဲ့ သမီးနဲ့ လက်ထပ်ပြီး အတူတကွ စီးပွားရှာကြရင်ဖြင့် ငါတို့
ဆန်ကောင်း ဟင်းကောင်းလေး စားသောက်နိုင်လောက်ရဲ့ ဆိုသည့် အတွေးထက် သူတို့ ပိုမတွေးတတ်ပေ။
ငွေကြေးတင်မက ပညာပါ ဆင်းရဲကြသည်ကိုး။
“အေးပေါ့လေ ငါတို့သမီးက
ခေါ်လာတယ် ဆိုတော့လဲ ငါတို့သမက်ပေါ့”
အဖေကြီး၏ အသံမှာ တုန်ယင်နေသောကြောင့်
အဓိပ္ပါယ် ဖော်ရန် ခက်လှသည်။ သို့သော် ခွင့်ပြုချက်ရပေပြီ။ ပဉ္စပါပီကို လှည့်ကြည့်တော့
ခေါင်းငုံ့လျက်။ သူမ ပြုံးနေမှာ သေချာသည်။
“သမီး အခန်းမှာပဲ
နေကြပေါ့.. ညဥ့်နက်ပြီ. တို့လည်း အိပ်တော့မယ် မနက်ကျမှ မင်္ဂလာကိစ္စ ဆွေးနွေးတာပေါ့”
ဟုအမေကြီးကပြောပြီး
အဖေကြီးကို လှမ်းကြည့်သည်။ အဖေနှင့် အမေ အခန်းတွင်းဝင်သွားသောအခါ ဗကဘုရင်လည်း ပဉ္စပါပီကို
အခန်းတွင်း သို့ ဦးဆောင် ခေါ်ခဲ့တော့သည်။ အခန်းဟု ဆိုသော်လည်း တဲကုတ်ကလေးတွင် ကျဉ်းမြောင်းစွာ
ကာရံထားသော မြေညက်လိမ်းကြံသည့် ထရံသာဖြစ်လေသည်။ သို့သော် အ ကာလ ညအခါ ဖြစ်သဖြင့် ထိုအရာများကို
ဗကဘုရင် သတိမမူမိ။ သူသိသည်က နူးညံ့သော ပဉ္စပါပီ။
* * * * *
တစ်ရေးနိုးသောအခါ
ဗကဘုရင်သည် တဲအပြင်သို့ ထွက်လိုက်သည်။ ပဉ္စပါပီတို့ တဲကလေးသည် အနောက်အရပ်သို့ လှည့်၍
ဆောက်ထားသည်ဖြစ်ရာ ဂေါ်ရာကျွန်းသို့ သွားရာလမ်းတွင် ခရီး သုံးပုံ၂ပုံ ရောက်နေပြီဖြစ်သော
လမင်းကြီးကို ထွန်းလင်းစွာ တွေ့လိုက်ရသည်။ ပြန်လည်လန်းဆန်းလာသော စိတ်တို့ဖြင့် တဲအတွင်း
ကျန်ခဲ့သော မိမိ၏ မိဖုရား အသစ်စက်စက် ကလေးကို လည်ပြန်ကြည့်လိုက်ရာ တဲအတွင်းမှ ထွက်လာသော
မိမိ၏ မိဖုရား အသစ်စက်စက်ကလေး၏ ပုံသဏ္ဍာန်ကို အနောက်မှ ထိုးနေသော လရောင်ဖြင့် ကောင်းစွာမြင်လိုက်ရတော့သည်။
“ဟာ”
သို့သော် သိပ်ကြာကြာ
အံ့သြချိန်မရလိုက် မိဖုရားလေး၏ နူးညံ့သော လက်အစုံက မိမိ၏ ပခုံးများကို လာရောက်ထိတွေ့
ကိုင်တွယ်လိုက်သောအခါ..
“ဟင်”
ပညာရှိသော ဗကဘုရင်
များစွာ အံ့သြသွားရသည်။ ရင်ထဲတွင် ဆန့်ကျင်ဘက်တို့ တိုက်ခိုက်ကုန်ပြီ။ အတွေးတို့ တောင်စဉ်ရေမရ
ခရီးထွက်ကုန်သည်။ ဆိုးရွားလှသော ရုပ်ရည်၊ တင်မြှောက်ရမည်က မိဖုရား။ ပေးခဲ့သည့် ကတိ။
ကျွံခဲ့သည့်နှုတ်။ လွန်ခဲ့သည့်ခရီး။ အတ္တနှင့် ပရ။ နှလုံးသားနှင့် ဦးနှောက်တို့၏ စစ်ပွဲသည်
ပြင်းထန်လှသည်။
“ဒါကြောင့် နှမလေးရဲ့
နာမည်ကို ‘ပဉ္စပါပီ’ လို့ ခေါ်တာပေါ့ အမောင်”
ဗကဘုရင်၏ လက်မောင်းကို
မှီတွယ်ရင်း ပြောလာသော ယုန်မကလေး၏ စကားသည် ဗကဘုရင်၏ သဏ္ဍာန်တွင် တိုက်ခိုက်နေသော နှလုံးသားနှင့်
ဦးနှောက်တို့၏ စစ်ပွဲကို အဆုံးအဖြတ်ပေးလိုက်သည်။ ဦးနှောက်တို့ လက်နက်ချကာ နှလုံးသားထံ
ကျွန်ခံကြစေ။
ငါးဖြာအာရုံ ကာမဂုဏ်တွင်
အထိအတွေ့သည် အင်မတန်အားကြီးလှပေသည်။ အထိအတွေ့၏ အောက်တွင် ကျန်သော အာရုံလေးပါးတို့ ဝပ်စင်းရတော့သည်။
ထို့ကြောင့်ပင် ယခုအခါ မလိုက်ဖက်သော စုံတွဲများကို မြင်တွေ့နေကြရသည်။ ထိုသူတို့ကို
အပြစ် မဆိုသင့်။ အထိအတွေ့တွင် ကျရှုံးကြရသော သူများသာဖြစ်သည်။ တစ်ခါတစ်ရံတွင် ဤအရာသည်
ထိတွေ့လျှင် ကောင်းလိမ့်မည်၊ သာယာလိမ့်မည်ဟု မှန်းဆ၍ပင် မထိတွေ့ဖူးသော အရာကို တောင့်တ
တတ်လေသည်။
ဗကဘုရင်လည်း အထိအတွေ့ကို
လက်မလွှတ်ချင်တော့။ ဤမျှ အရုပ်ဆိုးလှသော မိန်းကလေးကို မိဖုရား မြှောက်ရန် ဦးနှောက်ကို
စေခိုင်းလေပြီ။ နှလုံးသား၏ ကျွန်ဖြစ်သော ဦးနှောက်သည် ကောင်းစွာ တာဝန်ထမ်းဆောင်တော့သည်။
“ဒီအနာရွတ်ကြီးက ဘာဖြစ်တာလဲ
ဟင် မောင်ကြီး”
ပဉ္စပါပီက ဗကဘုရင်၏
လက်မောင်းတွင် စစ်ရေးလေ့ကျင့်ရင်း မြင်းပေါ်မှ ပြုတ်ကျစဉ် ရရှိခဲ့သော အနာရွတ်ကို နူးညံ့သော
လက်ကလေးများဖြင့် ကိုင်တွယ်ကာ မေးမြန်းလာသည်။
“ဒါလား မောင်ကြီးက
ယောကျာ်းဆိုတော့ ဒါဏ်ရ အနာရွတ်နဲ့ ဘယ်ကင်းပါ့မလဲ နှမရယ်”
“သြော် မောင်ကြီးရယ်”
ဟုအစချီကာ တီတီတာတာ ပြောနေသော ပဉ္စပါပီကို စကားစဖြတ်လိုက်သည်။ လုပ်စရာရှိတာ လုပ်ရမည်။
အချိန်ဆွဲ၍မဖြစ်။
“နှမငယ် ဒီကနေပဲ ခဏ
စောင့်ပါ မောင်ကြီး မကြာခင် ပြန်လာခဲ့ပါမယ်”
မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့်
နှုတ်ဆက်လိုက်သော ပဉ္စပါပီ၏ အနမ်းသိမ်မွေ့မွေ့ကို သိမ်းပိုက်လျှက် နန်းတော်သို့ အမြန်ပြန်ခဲ့သည်။
နန်းတော်သို့ တိတ်တဆိတ်ဝင်ကာ မိမိအတွက် ပြင်ထားသော ပွဲတော်အုပ်ကို မိမိတစ်ဦးတည်းသာ
စားသော ရွှေပန်းကန်နှင့်အတူ ယူဆောင်လာခဲ့သည်။ သို့သော် ပွဲတော်စာအတွင်းတွင် ဘုရင်မင်းမြတ်
ကိုယ်စိတ်ပင်ပန်း၍ အိပ်မပျော်ပါက သုံးဆောင်၍ အိပ်စက်ရန် သမားတော်ကြီး ပေးထားသော အားဆေးကြီးကို
ရောစပ်လာခဲ့ပေသည်။
“နှမငယ် ညဦးပိုင်းကတည်းက
ဘာမှ မစားရသေးဘူး မဟုတ်လား ဒါလေး စားလိုက်နော် မနက်ကျရင် မင်္ဂလာကိစ္စတွေ လုပ်စရာရှိသေးတယ်”
“မောင်ကြီးလဲ စားလေ”
“နှမလေးသာ စားပါကွယ်
မောင်ကြီး မဆာပါဘူး”
ထူးခြားသော အရသာနှင့်
စားကောင်းသောက်ဖွယ်များကို စားသောက်ပြီးသောအခါ မျက်ခွံများ လေးလံလာသဖြင့် ပဉ္စပါပီ သည်
လင်တော်မောင် ဗကဘုရင်ပေါ်သို့ မှီချလိုက်သည်။ သူမှီထားသူသည် ဘုရင်မှန်း မသိလိုက်ပုံများ။
တကယ်တမ်းကြည့်တော့လဲ မဆိုးလှပါဘူး။ အင်မတန်သိမ်မွေ့ အင်မတန် ရိုးသားတဲ့ သူငယ်မကလေးပဲ။
ဗကဘုရင်သည် ပဉ္စပါပီကို
အခန်းတွင်းသို့ တွဲပို့ကာ နန်းတော်သို့ ပြန်ခဲ့သည်။
* * * * *
ခါးဝတ်တော်များကို
လဲလှယ်နေစဉ် တပ်မှူးကြီးဇေယျ အခစား ရောက်လာသည်။ ချပ်ဝတ်တန်းဆာ အပြည့်ဖြင့်ရောက်လာသော
တပ်မှူးကြီးဇေယျသင်္ခကို ထူးဆန်းသလိုကြည့်လိုက်တော့ ဇေယျက
“ကျွန်တော်မျိုး အရှင်မင်းကြီးကို
စိတ်ပူလို့ အရှာတော်ထွက်ရန် ကိုယ်ရံတော် တပ်များကို အသင့် ပြင်ခိုင်းထားပါတယ်ဘုရား”
ဟုလျှောက်ထားလာသောအခါ “စိတ်ပူတတ်ရန်ကော ဇေယျရယ် မင်းကသာ စိတ်ပူနေ ငါက တော့..” ဟုတွေးကာ ပြုံးမိသေးတော့သည်။
“တပ်ပြင်ထားပြီးပြီပေါ့”
“မှန်လှပါဘုရား..
သို့သော်. အရှင်မင်းကြီး ပြန်လည်ရောက်ရှိလာပြီမို့
ဖျက်လိုက်ပါတော့မယ် ဘုရား”
“မဖျက်နဲ့ဦးကွယ်
ငါ့စားတော်ပွဲ ပျောက်တယ် ဟေ့ သွားရှာကြချေ ပြီးရင် သူခိုးကိုပါ နန်းတော်ကို ခေါ်ခဲ့ကွယ်”
အံ့သြသလို ကြည့်နေသော
ဇေယျ ကို ဆက်ပြောလိုက်သည်။
“နေဦး ရှာရမည့် နေရာပြောမယ်”
တပ်မှူးကြီးဇေယျသင်္ခ
နားလည်လိုက်သည်။ တို့ဘုရင်မင်းမြတ်သည် အင်မတန် ပညာဉာဏ်ကြီးကျယ်လှသည်။ သူသည် လုံမပျိုတစ်ဦးကို
တော်ကောက်တော့မည် သို့သော် ထိုကိစ္စကို အခြားသူများ သိစေချင်ပုံ မရ။ ဇေယျ ဘာလုပ်ရမည်ကို
သေသေချာချာ သိလိုက်သည်။
ဇေယျနှင့် တပ်များသည်
ဘုရင်ပြောသော နေရာကို တိုက်ရိုက်မရှာ အခြား နေရာများကို ဦးစွာရှာသည်။ ဘုရင့်စားတော်ပွဲ
ပျောက်မှုသည် ဖြစ်နိုင်လျှင် တစ်တိုင်းပြည်လုံး ရှာသင့်သည် မဟုတ်ပါလား။ ထို့နောက်မှ
ပဉ္စပါပီတို့ အိမ်သို့ ရောက်သောအခါ ရွှေပန်းကန် နှင့်အတူ ပဉ္စပါပီကို ပါ နန်းတော်သို့
ဖမ်းခေါ်ခဲ့သည်။ ဖမ်းခေါ်သည် ဆိုသော်လည်း ဇေယျသည် ဘုရင်၏ အကြံကို သိပြီးဖြစ်၍ ပဉ္စပါပီကို
သက်တောင့်သက်သာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူဆွဲခေါ်စဉ်က ပဉ္စပါပီ၏ အသားအရည် နူးညံ့ပုံကို
သိလိုက်ရသည်။ ရုပ်ရည် မပြေပြစ်သည်ကိုလည်း သိလိုက်ရသည်။ ထိုအခါ သူသည် ဗကဘုရင်မင်းကြီး၏
အကြံအစည် အားလုံးကို နားလည် သဘောပေါက်လိုက်ပေပြီ။ အင်မတန်လေးစားစရာ ကောင်းလှသော အရှင်မင်းကြီး၏
အကြံအစည်များပါလား။
* * * * *
နန်းတော်သို့ ရောက်သောအခါ
ပဉ္စပါပီကို ခုံရုံးသို့ တန်းတင်လိုက်သည်။ ခုံသမာဓိမင်း၏ မေးခွန်းများသည် ပဉ္စပါပီကို
တုန်လှုပ်စေသည်။
“ဒီရွှေပန်းကန် ဘယ်ကရသလဲ”
“ကျွန်တော်မရဲ့ လင်သား
ညကပဲ ယူလာပါတယ် ဘုရား။”
“နင့် လင်သားက ဘယ်သူလဲ”
“ကျွန်တော်မ မသိပါဘုရား”
ဘယ်လောက်များ စိတ်တိုစရာ
ကောင်းလိုက်ပါသလဲ လင်တော်မောင်ရဲ့ နာမည်ကို ပင်မသိ ဘဝကို ပေးဆပ်ခဲ့ရပြီ။ ညကဖြစ်ခဲ့သမျှကို
ခုံသမာဓိအား လျှောက်ထားလိုက်သည်။
“တယ်ခက်တဲ့ သူငယ်မပဲ
နင့်လင်သားမှန်း ဘယ်လိုသိနိုင်မလဲ အမှတ်အသားတစ်ခုမှ မရှိဘူးလား”
“သူ့ လက်မောင်းမှာ
အမာရွတ်ကြီးတစ်ခု ရှိပါတယ်ဘုရား”
“ဟေ လက်မောင်းမှာ
အမာရွတ်ပါတိုင်း နင့်လင်ဖြစ်မလား ဟဲ့”
“ကျွန်တော်မ စမ်းသပ်ခွင့်ရရင်
သိနိုင်ပါတယ် ဘုရား”
စိတ်ထဲမှတော့ ‘ရှာခိုင်းပါစေ
တွေ့ရလျှင်တော့ သိစေမည်’ ဟု ညက လင်တော်မောင်ကို ကြိမ်းနေမိသည်။
“တယ်လဲ ရယ်စရာကောင်းပါလား
သူငယ်မ နင်ပြောသလိုဆို ဗာရာဏသီ တစ်ပြည်လုံးက ယောက်ျားတွေရဲ့ လက်မောင်းတွေ အစမ်းခိုင်းရမလို
ဖြစ်နေပြီ”
နားထောင်နေသော တပ်မှူးကြီးဇေယျသင်္ခ
ပြုံးလိုက်သည်။ ဒီနေရာမှာ သူဝင်ပါမှ ဖြစ်တော့မည်ပင်။
“အင်မတန်တော့ ရယ်စရာ
ကောင်းသားပဲ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ရွှေပန်းကန် ဆိုတော့ အရှင်မင်းကြီးကို တင်ပြရရင်
ကောင်းမယ် ခုံသမာဓိမင်း”
ဘုရင့် ကိုယ်ရံတော်
တပ်မှူးကြီးမှ ပြောလာသော စကားသည် သင့်လျော်နေသည်မို့ ခုံသမာဓိမင်း ငြင်းမနေတော့ပေ။
ငြင်းချိန်လည်း မရ တပ်မှူးကြီးဇေယျသင်္ခက မင်းကြီး၏ အဆောင်တော်ဘက် ထွက်သွားပြီဖြစ်လေသည်။
မကြာသော အချိန်အတွင်းမှာပင်
အဆောင်ကိုင်များ၊ ကိုယ်ရံတော်များ သမာဓိခုံရုံးသို့ ရောက်ရှိလာပြီး နောက်မှ ဗကဘုရင်မင်းကြီးလည်း
မင်းမြောက်တန်းဆာ ငါးပါး ဆင်မြန်းလျှက် လိုက်ပါလာချေသည်။ ခုံသမာဓိမင်းသည် နေရာမှ ဖယ်ရှားပေးလိုက်သောအခါ
အဆောင်ကိုင်များက ခုံသမာဓိမင်း၏ တရားစီရင်ရေး ပုလ္လင်ကို မင်း၏ အသုံးအဆောင်များဖြင့်
ပြင်ဆင်လိုက်ကြပြီး ဗကဘုရင်မင်းကြီးလည်း တတ်ရောက် စံနေတော်မူလေသည်။ သူဆင်းရဲမကား ခေါင်းမဖော်ဝံ့။
ခုံသမာဓိမင်း လျောက်ကြားသော
အဖြစ်အပျက်များကို ကြားနာပြီး မင်းကြီးမှ
“တယ်တော့လဲ ရယ်ရွင်ဖွယ်ပါလား
ခုံသမာဓိမင်းရယ် သို့သော်.. ”
ထို သို့သော်သည် စိတ်ဝင်စားဖွယ်။
မင်းကြီး မည်သို့ စီရင်မည်နည်း။
“သူငယ်မ ပြောသလို
လက်မောင်းတွေ စမ်းသပ်ခိုင်းကြရင် မကောင်းဘူးလား”
ရှင်ဘုရင်မှ ပြောလာသည်ဖြစ်သောကြောင့်
မည်သူမှ မငြင်းရဲကြ ဘုရင်၏ ငယ်သူငယ်ချင်း နန်းတော်စောင့် တပ်မှူကြီးဇေယျသင်္ခကို ဝိုင်းကြည့်ကြသည်။
ပြောပေးစေချင်သော မျက်လုံးများဖြင့်။ ဇေယျကတော့ မသိသလိုပင် နေလိုက်သည်။
“ငါကိုယ်တော်လည်း
တိုင်းရေးပြည်ရေး စီရင်ရတာ ပင်ပန်းလှတယ်။ အပျော်သဘောလေးဖြစ်အောင် ဒီလိုမျိုး အဆန်းကလေး
လုပ်ကြည့်ရရင် မကောင်းဘူးလား မင်းကြီးတို့” မည်သူမှ စကား မဆိုဝံ့ပါ။
“နန်းတွင်းက မူးကြီးမတ်ရာတွေ
အားလုံး စမ်းသပ်ခံကြမယ်ကွယ်.. သူငယ်မကို တင်းတိမ်ကာရံပြီး အတွင်းကထား တို့များက အပြင်ကနေ
လက်မောင်းကို ပြ သူငယ်မက အတွင်းက စမ်းစေမယ်ဟေ့”
ဘုရင်ကိုယ်တိုင် အစီအစဉ်များ
ချနေပေပြီ။
“ကဲ မောင်းမတို့ ပြင်ကြကွယ်”
ဤသို့ဖြင့် သူဆင်းရဲမ
မယ်ပဉ္စပါပီကို တင်းတိမ် အတွင်းသို့ သွင်းလိုက်ကြပြီး ပထမဆုံးအနေဖြင့် ခုံသမာဓိမင်းမှ
တင်းတိမ်ရှေ့တွင် ရပ်လျှက် လက်မောင်းကို ဆန့်တန်း ပေးလိုက်သည်။ ခံသမာဓိမင်း၏ လက်မောင်းတွင်
အနာရွတ်မရှိပေ သို့သော် ဘုရင့်အမိန့်၊ ဘုရင့်အလိုကျပေမို့ အစမ်းခံရမည်။ မငြင်းသာပေ။
သူငယ်မက အတွင်းမှနေ၍ တင်းတိမ်အပြင်သို့ လက်ထုတ်ကာ စမ်းသပ်လေတော့သည်။
“အလို”
* * * * *
ခုံသမာဓိမင်းထံမှ
အံ့သြဘနန်း ရေရွတ်သံ ထွက်လာသည်။ အထဲမှ သူငယ်မက စမ်းသပ်ပြီးသွား၍ “မဟုတ်ပါ အရှင်” ဟု
ဆိုသည့်တိုင် ခုံသမာဓိမင်းသည် တင်းတိမ်အရှေ့မှ မခွါဖြစ်သေး ဆက်၍ ရပ်နေသည်။ နောက်ထပ်
အစမ်းသပ်ခံမည့် မူးမတ်သည် ခုံသမာဓိမင်းကို တွဲ၍ သူ၏နေရာတွင် ပြန်ထိုင်စေပြီးမှ စမ်းသပ်ခံရန်
တင်းတိမ်ရှေ့တွင် ရပ်ရသည်။ ဒုတိယ မူးမတ်သည်လည်း ပဉ္စပါပီ၏ လက်နှင့် အထိအတွေ့တွင် မိန်းမူးလျက်။
တတိယ၊ စတုတ္ထ စသည်ဖြင့် မူးမတ်များ ကုန်သွားသောအခါ တရားရင်ပြင်တွင် အသံများ ဆူညံလာကြသည်။
“ထူးဆန်းလိုက်တာ”
“နူးညံ့လိုက်တာ”
“သာယာလိုက်တာ”
“ဒီမိန်းကလေး သူခိုးမဟုတ်ဘူး”
“အရှင်မင်းကြီး ဒီမိန်းကလေးကို
ကျွန်တော်မျိုးအား ပေးပါ ကျွန်တော်မျိုး ရွှေပန်းကန် ခိုးသည့်အပြစ်အတွက် ပေးလျော်ပါမယ်”
“ကျွန်တော့်အား ပေးပါမင်းကြီး
ကျွန်တော်မျိုး သူ့ကိုယ်စား အပြစ်ခံပါ့မယ်”
စသည်ဖြင့် အသံများသည်
တရား ရင်ပြင်တစ်ခုလုံး ဖုံးလွှမ်း၍ နေပေတော့သည်။
ထိုအချိန် ဗကဘုရင်မင်းမြတ်သည်
ပြုံးရွှင်သော မျက်နှာထားတော်ဖြင့် ပုလ္လင်ထက်မှ ထလိုက်သော အခါတွင်မှ မူးမတ်များ၏ အသံများ
တိတ်ဆိတ်သွားတော့သည်။
“ငါကိုယ်တော်လည်း
စမ်းသပ် ခံမယ်” ဟု မိန့်ကြားလိုက်သောအခါ အားလုံး ပြန်လည်၍ လှုပ်လှုပ်ရွရွဖြစ်သွား ကြသည်။
အားလုံးကို ဥပေက္ခာပြုလျှက် ဗကမင်းကြီးသည် တင်းတိမ်ရှေ့တွင် မျက်လုံးတော်ကို စုံမှိတ်လျှက်
ဝတ်ရုံတော်ကို ပင့်တင်ကာ လက်မောင်းတော်ကို ဆန့်တန်းပေးလိုက်သည်။ မူးမတ်များ အားလုံး
မြင်လိုက်ကြရသည်က လက်မောင်းတော်တွင် အမာရွတ်ကြီး။ အားလုံး၏ နှုတ်မှ
“အို”
“ဟင်”
ဇေယျသင်္ခ တစ်ဦးသာ
ပြုံးလျှက်ကြည့်နေသည်။ တင်းတိမ်အတွင်းမှ လက်တစ်စုံထွက်လာကာ မင်းကြီး၏ လက်မောင်းတော်ကို
သုံးသပ်လေတော့သည်။ မင်းကြီးလည်း မျက်လုံးတော်ကို မှိတ်လျက် နှုတ်ခမ်းတော်က ပြုံးလျှက်။
တစ်ခါ၊ နှစ်ခါ၊ သုံးလေးခါ အပြန်ပြန် အလှန်လှန် စမ်းသပ်ပြီးသောအခါ အတွင်းမှ ပဉ္စပါပီ၏
အသံ ထွက်လာသည်။
“မောင်ကြီး”
ပဉ္စပါပီ၏ အသံသည် တုန်ယင်လျှက်
သူ၏ လင်တော်မောင် သည် နန်းတွင်းသားတစ်ဦး ဖြစ်နေပါလား။ သူမ မနေနိုင်တော့ လက်တစ်ဘက်က
လင်တော်မောင်၏ လက်မောင်းကို တင်းတင်း ဆုပ်ကိုင်လျှက် လက်တစ်ဘက်ဖြင့် တင်းတိမ်တို့ကို
ဖယ်ရှားလိုက်သည်။ သူမ မြင်လိုက်ရသည်က မင်းမြောက်တန်းဆာ ငါးပါး ဆင်ယင်လျှက် ဗာရာဏသီပြည့်ရှင်
ဘုရင်မင်းမြတ်။ ဘုရင်မင်းမြတ်၏ လက်မောင်းတော်သည် သူ၏ လက်အတွင်းမှာ။ ခြေမကိုင်မိလက်မကိုင်မိ
ဆိုသည်မှာ ဗကဘုရင်မင်းမြတ်ကို မြင်လိုက်ရသော ပဉ္စပါပီကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပေမည်။
သူကြိမ်းဝါးခဲ့သောသူသည် ဗာရာဏသီပြည့်ရှင်။ ဒူးတို့ ညွတ်ခွေကာ ပွဲခင်းထဲတွင် ဖြစ်သကဲ့သို့
ဗာရာဏသီပြည့်ရှင်၏ ခြေအစုံတော်ပေါ်တွင် ယုန်မကလေးကဲ့သို့ ပုံကျသွားသည်။ သည်တစ်ကြိမ်
ဗကဘုရင်မင်းမြတ်က ယုယစွာ ပွေ့ထူသော်လည်း မင်းကြီး၏ ရင်ခွင်အတွင်း ခေါင်းဝှက်မထားနိုင်တော့ပေ။
မေ့မျောသွားရှာပြီ။
ဗကမင်းကြီးလည်း ပွဲခင်းထဲကလို
ဆက်လက် ပွေ့ပိုက်ထား၍ မဖြစ်။ မေ့မျောနေသော ပဉ္စပါပီကို မောင်းမတော်များထံ ပြုစုရန် လွှဲပြောင်းပေးလိုက်သည်။
သူ့တွင် မူးမတ်များနှင့် တိုင်ပင်ဆွေးနွေးစရာ ကိစ္စများ ရှိနေသေးသည်ကိုး။ သည်တစ်ကြိမ်
ဆွေးနွေးမည်က သူ၏ တစ်သက်တာတွင် တစ်ခါမှ ဆွေးနွေးဖူးခြင်း မရှိသည့် မိဖုရားခေါင်ကြီးတင်မြှောက်ရေး
ကိစ္စ အရေးတော်ပင် ဖြစ်တော့သည်။
“သူငယ်မရဲ့ ရုပ်ရည်ဟာ
မိဖုရား မြှောက်စရာ တစ်ကွက်မှ မရှိပေဘူး မဟုတ်လား မင်းကြီးများရဲ့။ သို့သော် သူမရဲ့
အသားအရည် နူးညံ့သိမ်မွေ့မှုဟာတော့ မင်းကြီးများလည်း ကိုယ်တွေ့ပေမို့ ဗာရာဏသီတင်မက ဇမ္ဗူတစ်ခွင်မှာတောင်
ရှိမယ်မထင်ဘူးလို့ ငါကိုယ်တော်ပြောရင် ငြင်းကြမယ်
မဟုတ်ပါဘူးနော်။ ဒီလို သူငယ်မကိုမှ ငါကိုယ်တော် မိဖုရား မမြှောက်ရင် ငါဘယ်သူ့ကို မြှောက်ရတော့မလဲ
မင်းကြီးများရဲ့။ နောက်တစ်ခုက ငါ့ရဲ့ နှစ်လုံးသားတွေဟာလည်း သူ့ရဲ့ နူးညံ့တဲ့ အထိအတွေ့မှာ
ပျော်ဝင်သွားပြီ လေ။”
ဗက ဘုရင်မင်းမြတ်၏
မိန့်ကြားနေပုံမှာ မည်သူ့ကို မျှ ပြောနေခြင်းမဟုတ် သူကိုယ်တိုင် တစ်ကိုယ်ထည်း ငြီးတွား
ရေရွတ်နေသကဲ့သို့ပင်။
မင်းကြီး၏ အစီအမံကြောင့်
ပဉ္စပါပီ၏ အထိအတွေ့ကို သိရှိကြပြီးဖြစ်သော မူးမတ်များသည်လည်း မည်သို့မျှ မငြင်းပယ်ကြတော့။
နောက်တစ်နေ့တွင် မိဖုရားခေါင်ကြီး တင်မြှောက်ပွဲ ကျင်းပနိုင်ရန်သာ ဆက်လက်ဆွေးနွေးနေကြ
လေတော့သည်။
* * * * *
တစ်ခုသော ဘဝက ပစ္စေကဗုဒ္ဓါ
တစ်ပါးအား မြေညက်လှူဒါန်းဖူးသော်လည်း ထိုပစ္စေကဗုဒ္ဓါကို ဒေါသဖြင့် ကြည့်ခဲ့ဖူးသည့် အကျိုးပေးကြောင့်
မျက်လုံးစွေသော၊ နှာခေါင်းကောက်သော၊ နှုတ်ခမ်းထော်သော၊ ခြေ၊ လက် ပုံပန်းမကျသော သို့သော်
အသားအရေ တို့သည် အဖန်တစ်ရာ ဖက်ထားသော ဝါဂွမ်းကဲ့သို့ နူးညံ့လှသော ပဉ္စပါပီ သတို့သမီးသည်
ဗာရာဏသီ တစ်တိုင်းပြည်လုံးအား ဖဿ တည်းဟူသော အထိအတွေ့ဖြင့် သိမ်းပိုက်လိုက်သော ဟူသတည်း။
သူမသည် နောက်မင်းဆက်ဖြစ်သည့် ဗာဝရိယ ဘုရင် လက်ထပ်တိုင်အောင် မိဖုရားခေါင်ကြီးအဖြစ်
စံစားနေလတော့သည်။
အရှင်ဝါယမ(မူဆယ်)