" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, December 27, 2011

ကနေဒါပညာရေးစနစ် အတွေ့ကြုံ အကျဉ်းချုပ်

ဒေသတွင်း ပညာရေးစနစ်နှင့် အမျိုးသားပညာရေး စနစ်ဟု နှစ်မျိုးရှိသည်။ သူတို့သည် ဆရာတွေ၏လစာနှင့် သင်ရိုးညွှန်းတမ်းများကို ဆုံးဖြတ်သည်။ မူလတန်းပညာရေး စနစ်သည် ၁ တန်း မှ ၆ တန်းအထိဖြစ်၏။ အလယ်တန်းပညာရေးစနစ်မှာမူ ၇ တန်းမှ ၉ တန်းအထိဖြစ်၏။ ကနေဒါပညာရေးစနစ်ကို အများအားဖြင့် ပုဂ္ဂလိက အင်စတီကျူးရှင်းတွေမှ ဖွင့်လှစ်ကြ၏။ မူလတန်း ပညာရေးစနစ်၏ အဓိကသင်ကြားမှုသည် အရေး၊အဖတ်၊အခြေခံဂဏန်းသင်္ချာနှင့် လူမှုရေး သိပ္ပံတို့ဖြစ်သည်။ ထိုအရာများသည် ဝေဖန်ပိုင်းခြားမှုအတွက် မဟုတ်၊ မှတ်ဥာဏ်အတွက်သာ ဖြစ်သည်။ အလယ်တန်းအဆင့်မှာ အတော်လေး လွပ်လပ်မှု ရှိ၏။ တစ်သီးပုဂ္ဂလတွေ နှစ်သက်ရာ ဘာသာရပ်ကို လွပ်လပ်စွာရွေးချယ်ခွင့်ရှိ၏။ တကယ်စိတ်ဝင်စားသည့်အရာတို့နှင့် လက်တွေ့ကွင်းဆင်းလေ့လာဖို့ အချိန်လုံလောက်စွာရှိ၏။

အမေရိကန်နိုင်ငံ၏ အထက်တန်းပညာရေးစနစ်ကတော့ ကွဲပြားခြားနားသည့် နိုင်ငံရေးအတွေးခေါ်များကိုလည်း ဖော်ထုတ်ကြ၏။ ကနေဒါမှာ အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှ လုပ်ပိုင်ခွင့်ရှိ၏။ ကနေဒါနိုင်ငံ၏ နောက်ထပ်ပညာရေး ကောင်းကွက်တစ်ခုကတော့ ပတ်ဝန်ကျင်ဆိုင်ရာ သိမြင်သဘောပေါက်မှုပင်ဖြစ်၏။ ကနေဒါနိုင်ငံ တက္ကသိုလ်ပညာရေးကိုတော့ ပုဂ္ဂလိကနှင့် လူထုအင်စတီကျူးရှင်း ၂ ရပ်လုံးက ဖွင့်လှစ်ကြ၏။ တက္ကသိုလ်ဝင်ခွင့်စနစ်ကို အမှတ်စာရင်း၊ အပြိုင်အဆိုင်နှင့် အလွန်အမင်း ဈေးကြီးမြင့်မှုတို့အပေါ်မှာ အခြေခံ၏။

ကနေဒါမှာလည်း ဌာနေတိုင်းရင်းသားများနှင့် ပတ်သက်ပြီး ကြေကွဲစရာသမိုင်းကြောင်းတွေရှိ၏။ အခြားဒေသအများအပြားမှာ လူများနှင့် ဌာနေတိုင်းရင်းသားတွေအဖို့ မြို့ကြီးပြကြီးတွေမှာ စာသင်ဖို့ဆိုတာ အလွန်ပင် ခက်ခဲလှ၏။ သူတို့သည် သူတို့၏ စားဝတ်နေရေးနှင့် ကျောင်းလခတွေအတွက် ကိုယ့်ဘာသာကိုယ် ဖြေရှင်းရ၏။ သို့သော် တစ်ချို့သောသူတွေ၊ ဌာနေတိုင်းရင်းသားလူမျိုးတွေအတွက် သီးသန့်ထားခြင်း (Reservation) စနစ်မျိုးတော့ ရှိ၏။

အစိုးရထံမှ ပညာရေးချေးငွေမျိုးရနိုင်ပြီး၊ ဘွဲ့ရပြီး ၁၅နှစ်မှ အနှစ်၂၀ အတွင်း ပြန်ဆပ်ကြရ၏။ ဒါဟာ အချို့သောသူများအတွက် အလွန်ခက်ခဲပြီး များပြားလှသည့် ကြွေးမြီတင်ရှိမှုကို ဖြစ်ပေါ်စေ၏။ ကနေဒါနိုင်ငံ၏ ပညာရေးသည် လတ်တလော မျက်မှောက်အခြေအနေတွေကို ဦးစားပေး၏။ ကနေဒါနိုင်ငံ၏ အဝေးသင်ပညာရေးစနစ်ကိုတော့ သူမအနေဖြင့် ကောင်းကောင်းမသိပါ ဟုဆို၏။ ရုပ်မြင်သံကြားတွေမှ တဆင့် ထုတ်လွှင့်ပို့ချကြသည် ဟူ၏။

ကနေဒါနိုင်ငံ၏ စာမေးပွဲစနစ်သည် အစဉ်ဆက်မပြတ် အကဲဖြတ်မှုစနစ်ပင်ဖြစ်၏။ သူတို့သည် မတူကွဲပြားသည့် လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဒေသန္တရနောက်ခံတို့က လာသည့်သူတို့အတွက် သာတူညီမျှမှုကို အားပေးချီးမြှောက်၏။ ကနေဒါနိုင်ငံ၏ ကျောင်းသား သမဂ္ဂများသည် ကျောင်းဆောင်တည်ဆောက်ရေး၊ ပွဲသဘင်အခမ်းအနားနှင့် အချို့သော ဆန့်ကျင်ဆန္ဒပြပွဲတွေအတွက်ဖြစ်၏။

ဆရာနှင့်ကျောင်းသား အချိုးကတော့ ပုံမှန်အားဖြင့် အတန်းတတန်းလျှင် ၂၅ ယောက်ဖြစ်၏။ အတန်းတွင်းမှာ ရိုက်နှက်ဆုံးမခြင်းကို ဥပဒေဖြင့်တားမြစ်ပိတ်ပင်ထား၏။ ဆရာတွေများသည် စာမေးပွဲတွေကို ပြုလုပ်ပိုင်ခွင့်ရှိ၏။ တနိုင်ငံလုံးအတိုင်းတာနှင့် စံချိန်မီ စာမေးပွဲဆိုတာမရှိ။ ဘာသာရပ်ပေါ် အခြေခံပြီး စာမေးပွဲပုံစံ အမျိုးမျိုးရှိ၏။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာ စာမေးပွဲသည် စာစီစာကုံးနှင့် အမေးအဖြတို့ပင် ဖြစ်၏။ စိတ်ပညာဘာသာရပ်သည် အဖြေမှန်ကို ရွေးချယ်ရသည့် (Objective Choice) မေးခွန်းပုံစံမျိုးပင်ဖြစ်၏။

ကျောင်းသားများသည် သူတို့၏ အမှတ်များနှင့် ပတ်သက်ပြီး မကျေနပ်ပါက ကျောင်းအုပ်ကြီးထံသို့ တိုင်တန်းနိုင်၏။ ကနေဒါနိုင်ငံမှ ဆရာတို့၏ဘဝသည် အလွန်ခက်ခဲလှ၏။ သူတို့၏ စာသင်ကြားမှု အလုပ်ဆိုသည့် အသက်မွေးဝမ်းကျောင်းပေါ်မှာ နှစ်သက်ကြပြီး ဆရာတို့၏ မကျေနပ်မှုဆိုတာ ထူးထူးခြားခြားဖြစ်သည့် အရာပင်ဖြစ်၏။ ကနေဒါမှာ အမျိုးသားစာမေးပွဲဘုတ်အဖွဲ့ဆိုတာမျိုးမရှိ။ ဘွဲ့ရကျောင်းသားများတွေက အဖြေလွှာအမှတ်များကို စစ်ဆေးပေးကြ၏။ ပါမောက္ခများက မစစ်ဆေးကြပေ။ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့တွေအတွက် ကျမ်းပြုတင်ကြရသည် ဟူ၏ ။

မှတ်ချက်။ ။ မြန်မာနိုငံကျောင်းသားလူငယ်များကွန်ဂရက်မှ စီစဉ်ထုတ်ဝေသည့် ပညာရေးဆွေးနွေးပွဲ မှတ်တမ်းများ မှ ပြန်လည် ကောက်နှတ် မျှဝေပါသည်။

မစ္စ် ဘရန်ဒါ ဘီလက် ၏ ကနေဒါပညာရေးစနစ် အတွေ့ကြုံ အကျဉ်းချုပ် (၂-၁၂-၁၉၉၈)

မေ့သားလှ-ဇလဂ္ဂ

၂၈-၁၂-၂၀၁၁

Monday, December 26, 2011

ဂုဏ်သိက္ခာရှိစွာအသက်ရှင်ရပ်တည်နိုင်ရေး

နံနက်မိုးလင်း အင်တာနက်သီတင်းဖွင့်ဖတ်ကြည့်လိုက်တယ်ဆိုရင် ကမ္ဘာ့အသံ အာရှအသံ မြန်မာ့အသံ သီတင်းစုံ ဖတ်ရ၏။ သီတင်းစုံ ကြားနေရ၏။ ကမ္ဘာတစ်လွှားမှာ လူပေါင်း လေးသန်းလောက်သည် လူကုန်ကူးခံနေရသူများ ဖြစ်၏ ဟု လေ့လာသူ အချို့က သုံးသပ်ကြ၏။ အမေရိကန်အစိုးရ အစီရင်ခံစာ တစ်စောင်ကမူ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၇ သိန်းခန့်ဟာ လူကုန်ကူးမှူ လုပ်ငန်းမှာ ခံနေရပြီး သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ခိုင်းစေခံနေရသည်ဟု ဆို၏။ ရုရှားနိုင်ငံမှာပင် မိဘများ၏ စွန့်ပစ်မှုကြောင့် မိဘမဲ့ ကလေးများ စုစည်းရာ တပ်ကြီးထဲသို့ ဝင်ရောက်လာသူ ကလေးပေါင်းဟာ နှစ်စဉ် တစ်သိန်း သုံးသောင်းအထိ ရှိသည် ဟုဖတ်ရှု့ဖူး၏။ ထိုအချက်ကို ရုရှားလွှတ်တော်အမတ်တွေက မီးမောင်းထိုးပြကြ၏။

ကမ္ဘာမှာ ကလေး ရှစ်ဦးလျှင် တစ်ဦး အလုပ်လုပ်နေရပြီး ကလေးပေါင်း ၂၄၆ သန်းဟာ ကမ္ဘာတစ်လွှားမှာ အခိုင်းစေခံနေရသည်ဟု အိုင်အယ်အို အစီရင်ခံစာက ဆို၏။ အဆိုပါ အရေအတွက်အရ အာရှမှာ ကလေးသူငယ် ၁၂၇ သန်း အလုပ်လုပ်နေရပြီး အာဖရိကမှာ ကလေးပေါင်း ၄.၈ သန်း ခန့် အလုပ်လုပ်နေရသည်ဟူ၏။ မြန်မာနိုင်ငံမှာတော့ ကျောင်းနေချိန် ကျောင်းမနေနိုင်သည့် ပညာမသင်ကြားနိုင်သည့် ကလေးသူငယ်များသည် အလုပ်ခွင်တွင် ဝမ်းစာရေးအတွက် ဘယ်လောက်အရေအတွက် အလုပ်လုပ်နေကြသည်ကိုတော့ မိမိအနေနဲ့ မသိပါ။ ပြောနိုင်တာကတော့ ပညာသင်ကြားခွင့် မရကြသည့် ကလေးပေါင်း များစွာ ရှိပါသည်။

ယနေ့ကမ္ဘာမှာ ခေတ်မှီဖွင့်ဖြိုးတိုးတက်နေသည်ဟု ဆိုသော်လည်း ဆင်းရဲမွဲတေလှသည့် လူအများစု၏ အရေအတွက်သည်လည်း တရှိန်ထိုး တိုးတက်လာနေပါ၏။ အထူးသဖြင့် အာရှ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံတွေမှာ ပြည်သူအများစုသည် ဆင်းရဲတွင်းနက်နေကြဆဲပင် ဖြစ်၏။ ထို့ကြောင့်ပင် တိုင်းတပါး သွားရောက်အလုပ်လုပ်ကိုင်နေကြရ၏။ တစ်ချို့ဆိုလျှင် ဥပဒေချိုးဖောက် စော်ကားခံရမှု၊ တရားဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းတွေထံ ရောင်းစားခံရမှု၊ ကိုယ်ထိလက်ရောက် စော်ကားညှင်းပန်းနှိပ်စက် အသတ်ဖြတ်ခံရမှ၊ အလုပ်ရှင်၏ မတရား ဖိနှိပ်မှုကြောင့် ဒဏ်မခံနိုင်သည့်အဆုံး ကိုယ့်ကိုယ်ကို ပင် သတ်သေသည်အထိ ရှိ၏။ ယင်းကဲ့သို့ ပြည်ပနိုင်ငံတွေမှာ အန္တရာမျိုးစုံကြားက စွန့်စွန့်စားစား သွားရောက်အလုပ်လုပ်ကြခြင်းသည် မိမိတို့ သက်ဆိုင်ရာ နိုင်ငံတွေမှာ စာဝတ်နေရေး ကျပ်တည်းလို့သာ ဖြစ်၏။ ပြည်ပကို တရားမဝင် သွားရောက်လုပ်ကိုင်သူများမှာတော့ တချို့ဆိုလျှင် မိမိနိုင်ငံသို့ ပြန်မရောက်နိုင်ကြတော့ဘဲ ပြည်ပ တစ်နေရာရာမှာ လူမသိ သူမသိနဲ့ ဘဝဇာတ်သိမ်းသွားကြပေသည်။

ဖွံ့ဖြိုးတိုးတက်သော ခေတ်သစ်ကမ္ဘာမှာ မိမိတို့၏ ဘဝအသက်ရှင် ရပ်တည်ရေး၊ မိမိတို့၏ ဘဝကို မိမိတို့ကိုယ်တိုင်ဖန်တီးနိုင်ရေး၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့၏ ကိုယ်ပိုင်လုပ်အားခများကို ရောင်းချကာ တိုင်းတပါးမှာ ဖြစ်စေ မိမိနိင်ငံမှာဖြစ်စေ အသက်မွေးနေကြရသည့် အလုပ်သမားများတို့သည် ကမ္ဘာ့ဘယ်ဒေသမှာမဆို ဂုဏ်သိက္ခာရှိစွာ လုပ်ခွင့်ရဖို့လည်း အမှန်တကယ် လိုအပ်ပါသည်။ တဆက်တည်းမှာပင် နိုင်ငံ၏ ကမ္ဘာ၏ မျိုးဆက်သစ်ကလေးသူငယ်များကို ခိုင်းစေမှု၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ချိုးဖောက်မှုများလည်း ပပျောက်အောင် စုပေါင်း ဝိုင်းဝန်းကြိုးစားနိုင်ကြပါဖို့ အထူးလိုအပ်၏။

မြန်မာပြည်မှာ ကျောင်းနေချိန်အရွယ်မှာ ကျောင်းမနေနိုင်သည့် ဝမ်းစာရေးအတွက် ရုန်းကန်ရှာဖွေစားသောက်နေရသည့် ကျောင်းသားလေးတစ်ယောက်အကြောင်းကို "ခေတ်ပေါ်ရေသည် ပြဇာတ်" အဖြစ် မောင်မြင့်အောင်က ၂၀၀၄ စက်တင်ဘာလ ဥဒါန်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့ဘူး၏။ ၁၉၉၈ ခု ဧပြီလထုတ် မဟောသီ မဂ္ဂဇင်းမှာလည်း တစ်မျက်နှာ ဝတ္ထုတို အဖြစ် ဖော်ပြခဲ့ဘူး၏။ ဝတ္ထု ဟုပင်ဆိုသော်လည်း လက်တွေ့အဖြစ်ပျက်ကို အခြေခံ၍ ရေးသားထားသည်ဟု ယူဆမိပါသည်။ ထို တစ်မျက်နှာစာ ဝတ္ထုတိုလေးကို ဤနေရာမှာ မှတ်သားဖွယ် ကောင်းလို့ ထပ်မံတင်ပြချင်သည်။ အောက်ပါအတိုင်း မူရင်းလေးကို ဖြတ်ရှု့ရင်း ကျောင်းနေချိန်အရွယ် ကလေးများ ကျောင်းနေနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း ဖော်ပြလိုက်ပါသည်။

ကျွန်မမှာ လေးနှစ်သားအရွယ် သားလေး တစ်ယောက်ရှိတယ်။ ဆော့ကစားတာနဲ့ ပတ်သက်လို့ "အော်စကာ" ဆု ပေးမယ်ဆိုရင် ကျွန်မသားလေးက ရွှေကမ္ဘာလုံးဆု ရော အော်စကာဆု ပါ တစ်ပြိုင်တည်း ရမှာ သေချာတယ်။ သားလေးက အဆော့မက်သလို အစားလဲ မက်တယ်။ ဆော့လွန်းလို့ သူ့ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာဒဏ်ချက်တွေ မပြတ်ပေမယ့် ခြင်ကိုက်ရာတော့ လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သားလေးကိုယ်တိုင်က တနေ့လုံး အငြိမ်မနေအောင် ဆော့တော့ ကိုက်မယ့်ခြင်လဲ စိတ်ဓာတ်ကျသွားပြီး မစောင့်နိုင်တာနဲ့ သူ့ကို ရှောင်သွားတာပေါ့။

ဒီနေ့ ကျွန်မ ခွင့်ယူထားလို့ အိမ်မှာ သားလေးနဲ့အတူ ရှိနေတယ်။ နေ့လည် တနာရီဝန်းကျင်လောက်မှာ သားလေးကို အိမ်မှာရှိတဲ့ ဘီစကစ်ကျွေးပြီး ကျွန်မ အပျိုဘဝတည်းက ဝယ်ထားတဲ့ "ကော်နီ မရန့်စ်" (Connie Francis) ရဲ့ Never on Sunday အခွေလေးကို နားထောင်နေတုန်း ခပ်လှန်းလှန်းက ရေခဲထုပ် ဆိုတဲ့ အသံကိုကြားရတော့ သားလေးက ကျွန်မကို ပြောလိုက်တယ်။

"မေကြီး သားသား ရေခဲထုပ် စားချင်တယ်" ။

ဒါနဲ့ သားလေးကို တစ်ချက်ပြုံးပြပြီး အိမ်ရှေ့ရောက်လာတဲ့ ရေခဲထုပ်ရောင်းတဲ့ ကောင်လေးကို လှမ်းခေါ်လိုက်တယ်။ ကောင်လေးက အသက် ၁၀ နှစ်လောက် ရှိပြီ။ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ ဂျပန်ဖိနပ်အစုတ်လေး စီးလို့။ ကျွန်မ ဒီကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ တကယ်တော့ အခုလို နေအရမ်းပူတဲ့အချိန်မှာ ၁၀ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ စာသင်ခန်းရဲ့ အမိုးအကာအောက်မှာပဲ ရှိသင့်တယ်လို့ ကျွန်မစဉ်းစားနေတုန်း သူ့ရေခဲပုံးလေးကို ဖွင့်လိုက်တော့ ရေခဲထုပ် နှစ်ထုပ်ပဲ ရှိတော့တယ်။ အဲဒီ နှစ်ထုပ်လည်း အရည်ပျော်နေပြီ။ ဒါနဲ့ သားလေးကို တထုပ်ယူပေးလိုက်တယ်။

ဒီတော့ ကောင်လေးက ကျန်တဲ့ တထုပ်ကိုပါ ကျွန်မကို ယူခိုင်းတယ်။ ကျွန်မက ငြင်းလိုက်တော့ ကျန်တဲ့ ရေခဲထုပ်လေးကို ကိုင်ပြီး တစုံတခုကို စဉ်းစားနေပုံရတယ်။ ကျွန်မကလဲ သူပြန်သွားမှ တံခါးပိတ်ရမှာမို့ သူ့ကိုကြည့်နေမိတယ်။ ကောင်လေးကတော့ တွေဝေနေတုန်း ခဏကြာတော့ တခုခုကို ဆုံးဖြတ်ချက် ချလိုက်တဲ့ပုံနဲ့ သူကိုင်ထားတဲ့ ရေခဲထုပ်လေးကို ပုံးထဲ ပြန်ထည့်လိုက်ပြီး ကျွန်မကို စကားတခွန်း ပြောလိုက်တယ်။

"ဒေါ်လေး ကျွန်တော် ရေဆာလို့ ရေတခွက်လောက် တိုက်ပါ" ။ တဲ့။

အော် လွန်ခဲ့သော ၁၄ နှစ်ခန့်က ရေးသားခဲ့သည့် ဝတ္ထုတိုလေးပင် ဖြစ်သော်လည်း ယနေ့အချိန်နှင့်လည်း ဘယ်လောက် ကိုက်ညီမှုရှိသလဲ ယခုအချိန်မှာ ဘယ်လောက် တိုးတက်ပြောင်းလဲလာနေပြီ လဲဆိုတာကို စဉ်းစားမိရင်း။

မေတ္တာဖြင့်

(မေ့သားလှ-ဇလဂ္ဂ)

၂၆-၁၂-၂၀၁၁